Page:ပါရာဇိကပါဠိတော်.pdf/100

From Wikisource
Jump to navigation Jump to search
This page has not been proofread.

ဝိနီတဝတ္ထုခေါင်းစဉ်မာတိကာ

ချီးကျူးခြင်း၊ ဖိ၍ထိုင်မိခြင်း၊ ကျည်ပွေ့ထောင်ခြင်း၊ ဆုံလုပ်ရန် သစ်လုံးကို နင်းမိခြင်း၊ တောထွက်ရဟန်းကြီး သားအဖ၊ အမဲနင်သောရဟန်းများ၊ စားဦးလှူခြင်း၊ အဆိပ်ကို စမ်းသပ်ခြင်း၊ ကျောင်းရာစီရင်ခြင်း သုံးဝတ္ထု၊ အုတ်ပိခြင်းသုံးဝတ္ထု၊ ပဲခွပ်ကျခြင်း၊ အခြင်ရနယ်ပိခြင်း၊ ငြမ်းဖွဲ့ခြင်း၊ ဆင်းသက်ခြင်း၊ ကျောင်းမိုးပြီး၍ ဆင်းခြင်း၊ ကျခြင်း၊ ဂိဇ္ဈကုဋ်တောင်ပေါ်မှ ခုန်ချခြင်း၊ ကျောက်လှိမ့်ခြင်း၊ ချွေးထုတ်ခြင်း၊ နှာနှတ်ခြင်း၊ ဆုပ်နယ်ခြင်း၊ ရေချိုးခြင်း၊ ဆီလိမ်းခြင်း၊ ထစေခြင်း၊ လဲစေခြင်း၊ ထမင်းပေးခြင်း၊ အစာကျွေးခြင်း၊ အဖျော်တိုက်ခြင်း၊ လင်ငယ်နေသော မိန်းမ၏ ကိုယ်ဝန်၊ လင်တူမယား၊ အမိ မသေခြင်း၊ သားမသေခြင်း၊ သားအမိ နှစ်ယောက်လုံးသေခြင်း၊ သားအမိ နှစ်ယောက်လုံး မသေခြင်း၊ ဝမ်းပိုက်ကို နှိပ်ခြင်း'နှိပ်၍ သားဖျက်ခြင်း'၊ ဝမ်းပိုက်ကို အပူတိုက်ခြင်း၊ အမြုံမ၊ သားဖွားသူမ၊ ချိုင်းထိုးကစားခြင်း၊ နှိပ်၍ကံပြုခြင်း 'ဝိုင်းဖိ၍ ကံပြုခြင်း'၊ ဘီလူးကို သတ်ခြင်း၊ ကြမ်းသော ဘီလူးထံသို့စေလွှတ်ခြင်း၊ ထိုသူထင်မှတ်၍ သတ်ခြင်း စသည်၊ ရိုက်ခြင်း 'နတ်ပူး၍ရိုက်ခြင်း'၊ နတ်ပြည်နှင့်စပ်သော တရား၊ ငရဲနှင့်စပ်သော တရား၊ အာဠဝီမြို့၌ သစ်ပင်လှည်းခြင်း သုံးဝတ္ထု၊ တောမီးတိုက်ခြင်း သုံးဝတ္ထု၊ မပင်ပန်းစေလင့်၊ သင့် စကားကို နားမထောင်နိုင်၊ ရက်တက်ရည်တိုက်ခြင်း၊ သောဝီရကဆေးတိုက်ခြင်း၊ ဤကား ခေါင်းစဉ် မာတိကာတည်း။

ဝိနီတဝတ္ထု ဖြတ်ထုံးများ

၁၈၀။ တစ်ရံရောအခါ ရဟန်းတစ်ပါးသည် မကျန်းမမာဖြစ်နေ၏၊ ရဟန်းတို့သည် ထိုရဟန်းအားသနားသဖြင့် သေရခြင်း၏ ဂုဏ်ကျေးဇူးကို ချီးကျူးပြောဆိုကြကုန်၏၊ ထိုရဟန်းသည် သေလေ၏၊ ထို (ချီးကျူးသော) ရဟန်းတို့အား "ငါတို့သည် ပါရာဇိက ကျလေကုန်သလော"ဟု တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏၊ ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ထားကြရာရဟန်းတို့ သင်တို့သည် ပါရာဇိက ကျကုန်ပြီဟု (မိန့်တော်မူ၏)။ (၁)

တစ်ရံရောအခါ ဆွမ်းခံရဟန်းတစ်ပါးသည် အင်းပျဉ် 'ခုံရှည်' ၌ အဝတ်ပိုင်း ဖုံးနေသော ကလေးသူငယ်ကို ထိုင်လိုက်ရာတွင် ဖိမိ၍ သေစေ၏၊ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်း ပါရာဇိကအာပတ် မသင့်၊ သို့သော်လည်း ရဟန်းတို့ မဆင်ခြင် မစူးစမ်းဘဲ နေရာ၌ မထိုင်ရ၊ ထိုင်သော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏ဟု (မိန့်တော်မူ၏)။ (၂)

တစ်ရံရောအခါ ရဟန်းတစ်ပါးသည် ရွာအတွင်းရှိ ဆွမ်းစားဇရပ်၌ နေရာခင်းသည်ရှိသော် ထောင်ပြီးထားသော ကျည်ပွေ့တို့တွင် ကျည်ပွေ့တစ်ခုကို ယူရာ ဒုတိယကျည်ပွေ့သည် လဲ၍ ကလေး တစ်ယောက်၏ ဦးထိပ်၌ တည့်တည့်ကျသဖြင့်