၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ

From Wikisource
Jump to navigation Jump to search
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒ  (2023) 
by မင်းအောင်လှိုင်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
ပုဂ္ဂလိကပညာရေးဥပဒေ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၅၀ / ၂၀၂၃
၁၃၈၅ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက်
(၂ဝ၂၃ ခုနှစ်၊ မေလ ၁၂ ရက်)

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

အခန်း (၁)
အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်

၁။ ဤဥပဒေကို ပုဂ္ဂလိကပညာရေးဥပဒေဟု ခေါ်တွင်စေရမည်။

၂။ ဤဥပဒေတွင်ပါရှိသော စကားရပ်များသည် အမျိုးသားပညာရေးဥပဒေတွင်ပါရှိသည့် စကားရပ်များ အတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်။ ထို့ပြင် အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည် -

(က) ဝန်ကြီးဌာန ဆိုသည်မှာ ပြည်ထောင်စုအစိုးရပညာရေးဝန်ကြီးဌာနကို ဆိုသည်။

(ခ) ဦးစီးဌာန ဆိုသည်မှာ ဤဥပဒေပါ လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ဝန်ကြီးဌာနက တာဝန်ပေးအပ်ထားသော ဦးစီးဌာနကို ဆိုသည်။

(ဂ) ကြီးကြပ်ရေးအဖွဲ့ ဆိုသည်မှာ ဝန်ကြီးဌာနကဖွဲ့စည်းသော ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိက ကျောင်းကြီးကြပ်ရေးအဖွဲ့ကို ဆိုသည်။

(ဃ) ဒေသဆိုင်ရာကြီးကြပ်ရေးအဖွဲ့ ဆိုသည်မှာ ဤဥပဒေနှင့်အညီ ဖွဲ့စည်းထားသော သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် သို့မဟုတ် ပြည်ထောင်စုနယ်မြေကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း ကြီးကြပ်ရေးအဖွဲ့ကို ဆိုသည်။

(င) ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း ဆိုသည်မှာ ဤဥပဒေနှင့်အညီ မှတ်ပုံတင်တည်ထောင် ထားသည့် ကျောင်းကိုဆိုသည်။ ယင်းစကားရပ်တွင် ဤဥပဒေနှင့်အညီ မှတ်ပုံတင်ထားသည့် ကျောင်းခွဲ များလည်း ပါဝင်သည်။

(စ) ပုဂ္ဂလိကပညာရေး ဆိုသည်မှာ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းများက ဝန်ကြီးဌာန၏ ပညာရေး ဆိုင်ရာ မူဝါဒများနှင့်အညီ ဖော်ဆောင်သော ပညာရေးကို ဆိုသည်။

(ဆ) တည်ထောင်သူ ဆိုသည်မှာ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းကို အရင်းအနှီးထည့်ဝင်ပြီး တည်ထောင်ဖွင့်လှစ်သော ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းကို ဆိုသည်။

(ဇ) စီမံအုပ်ချုပ်သူ ဆိုသည်မှာ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း၏ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး၊ သင်ကြားရေးဆိုင်ရာကိစ္စများကို တာဝန်ခံဆောင်ရွက်သော ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းကိုဆိုသည်။

(ဈ) ပုဂ္ဂလိကကျောင်းဆရာ ဆိုသည်မှာ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းတစ်ခုခုတွင် သင်ကြားရေး တာဝန်ထမ်းဆောင်ရန် သက်ဆိုင်ရာဥပဒေပါ သတ်မှတ်အရည်အချင်းနှင့်ပြည့်စုံပြီး ဤဥပဒေအရ မှတ်ပုံတင်ထားသည့် သင်ကြားပို့ချသူကို ဆိုသည်။

(ည) ထပ်ဆောင်းဘာသာရပ် ဆိုသည်မှာ သတ်မှတ်ထားသော ကျောင်းသင်ဘာသာရပ်များအပြင် ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ထပ်ဆောင်းသင်ကြားပေးသော ဘာသာစကားနှင့် ဘာသာရပ်များကို ဆိုသည်။

(ဋ) ထပ်ဆောင်းသင်ခန်းစာများ ဆိုသည်မှာ ကျောင်းသင်ဘာသာရပ်ပါ သင်ခန်းစာများအပြင် ထပ်ဆောင်းသင်ကြားသည့် သင်ခန်းစာများ၊ ထပ်ဆောင်းဘာသာရပ်တွင် သင်ကြားသည့် သင်ခန်းစာ များကို ဆိုသည်။

(ဌ) ကြော်ငြာ ဆိုသည်မှာ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းနှင့်စပ်လျဉ်း၍ စာဖြင့်ဖြစ်စေ၊ နှုတ်ဖြင့် ဖြစ်စေ၊ အမူအရာဖြင့်ဖြစ်စေ၊ အသံဖြင့်ဖြစ်စေ၊ အခြားနည်းလမ်းများဖြင့်ဖြစ်စေ လူတစ်ဦး သို့မဟုတ် လူအများကိုသိစေရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်းကို ဆိုသည်။

အခန်း (၂)
ပုဂ္ဂလိကပညာရေး၏ ရည်မှန်းချက်များ

၃။ ပုဂ္ဂလိကပညာရေး၏ ရည်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ်သည် –

(က) ပညာရေးတွင် ပုဂ္ဂလိကကဏ္ဍကို မြှင့်တင်ခြင်းဖြင့် အသိပညာအတတ်ပညာများ တတ်မြောက်သော ပညာတတ်များ မွေးထုတ်၍ နိုင်ငံတော်၏ လူမှုစီးပွားမြင့်မားတိုးတက်လာစေရန်၊

(ခ) ပညာရေးကဏ္ဍအသီးသီးတွင် ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းများ စနစ်တကျဖွံ့ဖြိုးပြီး နိုင်ငံတကာအဆင့်မီပညာရေးကို အကောင်အထည်ဖော်ရန်၊

(ဂ) အမျိုးသားပညာရေးဆိုင်ရာ မူဝါဒနှင့်အညီ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးစေရန်၊

(ဃ) အလုပ်အကိုင်အခွင့်အလမ်းကို ဖော်ဆောင်သည့် စဉ်းစားတွေးခေါ်မှုကို အားပေးသောအသိပညာ အတတ်ပညာများ သင်ကြားတတ်မြောက်စေရေးအတွက် လေ့ကျင့်ပျိုးထောင်ပေးရန်၊

(င) ပညာရပ်အသီးသီးကိုအသက်မွေးဝမ်းကျောင်း အထောက်အကူပြုရေးအတွက် ဦးတည်သင်ကြား လေ့ကျင့်ပေးရန်။

အခန်း (၃)
ပုဂ္ဂလိကပညာရေးဆိုင်ရာ အခြေခံမူများ

၄။ ပုဂ္ဂလိကပညာရေးဆိုင်ရာ အခြေခံမူများမှာ အောက်ပါအတိုင်းဖြစ်သည် -

(က) နိုင်ငံတော်၏ပညာရေးမူဝါဒများနှင့်အညီ ပညာရေးဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများတွင် ပုဂ္ဂလိက ကဏ္ဍ ပူးပေါင်းပါဝင်ဆောင်ရွက်ရေး၊

(ခ) ပုဂ္ဂလိကကျောင်းဆရာ၊ သင်ယူသူနှင့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားရေးကို စဉ်ဆက်မပြတ် တိုးတက်အောင်ဆောင်ရွက်ရေး၊

(ဂ) ပညာရေးနယ်ပယ်အသီးသီးတွင် ပုဂ္ဂလိကကဏ္ဍနှင့် နိုင်ငံတကာပူးပေါင်းပါဝင်ဆောင်ရွက်မှု မြှင့်တင်ရေး၊

(ဃ) နိုင်ငံတကာအသိအမှတ်ပြုပြီး အရည်အသွေးအာမခံချက်ရှိသည့် ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိက ကျောင်းများ ပေါ်ထွက်လာရေး၊

(င) နိုင်ငံသားတိုင်း လွတ်လပ်စွာ ပညာသင်ယူခွင့်ရရှိပြီး တစ်သက်တာစဉ်ဆက်မပြတ် လေ့လာ သင်ယူနိုင်သော ပညာရေးအခွင့်အလမ်းများ ဖန်တီးပေးရေး၊

(စ) ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း၏တည်ထောင်သူများ၊ စီမံအုပ်ချုပ်သူများ၊ ပုဂ္ဂလိကကျောင်း ဆရာများ၊ ဝန်ထမ်းများ၏ အကျိုးစီးပွားကို ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်ရေး၊

(ဆ) ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းတွင် သင်ယူသူများ၏ အခွင့်အရေးမဆုံးရှုံးစေရန်နှင့် ကျောင်းသားမိဘများ၏ နစ်နာဆုံးရှုံးမှုများမရှိစေရန် ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်ရေး၊

(ဇ) ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းသည် တက္ကသိုလ်ဖြစ်ပါက သင်ယူသူ၏ဆန္ဒကို အခြေခံပြီး သတ်မှတ်ထားသော အရည်အချင်းပြည့်မီမှုအရ ရွေးချယ်နိုင်ခွင့်ရှိသော တက္ကသိုလ်ဝင်ခွင့်စနစ်ကို သက်ဆိုင်ရာတက္ကသိုလ် ပဋိညာဉ်စာတမ်းနှင့်အညီ ကျင့်သုံးစေရေး၊

(ဈ) ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းများတွင် ဘာသာရေး၊ နိုင်ငံရေးလွှမ်းမိုးမှုနှင့် ယင်းတို့၏ ဝင်ရောက်စွက်ဖက်မှုတို့မှ ကင်းလွတ်စေရေး။

အခန်း (၄)
ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းအမျိုးအစား

၅။ (က) ဤဥပဒေနှင့်အညီ မှတ်ပုံတင်ရမည့် ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း အမျိုးအစားများမှာ အောက်ပါအတိုင်း ဖြစ်သည်-

(၁) ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကအခြေခံပညာကျောင်း၊

(၂) ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိက နည်းပညာနှင့်သက်မွေးဆိုင်ရာ ပညာရေးနှင့် လေ့ကျင့်ရေးကျောင်း၊

(၃) ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကအဆင့်မြင့်ပညာကျောင်း၊

(၄) ဝန်ကြီးဌာနက အခါအားလျော်စွာ သတ်မှတ်သည့်ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း။

(ခ) ပုဒ်မခွဲ (က) ပါ မှတ်ပုံတင်ရမည့် ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းအမျိုးအစားများတွင် အကျိုးအမြတ်ယူသော ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း၊ ရရှိလာသော အကျိုးအမြတ်များကို တစ်စုံ တစ်ရာရယူခံစားခြင်းမရှိဘဲ ယင်းကျောင်း၏ ပညာရေးလုပ်ငန်းများအတွက်သာ သုံးစွဲသည့် အကျိုးအမြတ်မယူသော ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းနှင့် ယင်းကျောင်းများ၏ ကျောင်းခွဲ အသီးသီးလည်း ပါဝင်သည်။

အခန်း (၅)
ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း တည်ထောင်ခြင်း

၆။ ပုဒ်မ ၅ ပါ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းများကို တည်ဆဲမြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ၊ သက်ဆိုင်ရာဥပဒေများနှင့် ညီညွတ်ပါက ဤဥပဒေနှင့်အညီ မှတ်ပုံတင်၍ တည်ထောင်ရမည်။

၇။ တည်ထောင်လိုသူသည် ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း တည်ထောင်ရန်အတွက် သက်ဆိုင်ရာ ဒေသဆိုင်ရာကြီးကြပ်ရေးအဖွဲ့သို့ သတ်မှတ်ချက်နှင့်အညီ လျှောက်ထားရမည်။

၈။ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းသည် -

(က) အစိုးရကျောင်းနှင့် အကျိုးတူပူးပေါင်းလုပ်ဆောင်မှုကို ဝန်ကြီးဌာန၊ သက်ဆိုင်ရာဝန်ကြီးဌာန သို့မဟုတ် အစိုးရအဖွဲ့အစည်းများ၏ သတ်မှတ်ချက်နှင့်အညီ ဆောင်ရွက်နိုင်သည်။

(ခ) အစိုးရကျောင်းမဟုတ်သော အခြားကျောင်းအမျိုးအစားများနှင့် ပူးပေါင်း၍ဖြစ်စေ၊ တွဲဖက်၍ဖြစ်စေ၊ အခြား တစ်နည်းနည်းဖြင့်ဖြစ်စေ ပူးပေါင်းလုပ်ဆောင်မှုကို ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာန၏ သတ်မှတ်ချက်နှင့်အညီ ဆောင်ရွက်နိုင်သည်။

အခန်း (၆)
ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့် ယင်းအဖွဲ့၏တာဝန်နှင့် လုပ်ပိုင်ခွင့်များ

၉။ ဝန်ကြီးဌာနသည် -

(က) ကြီးကြပ်ရေးအဖွဲ့ကို အောက်ပါအတိုင်း ဖွဲ့စည်းရမည်-

(၁)

ပြည်ထောင်စုဝန်ကြီး၊

ဥက္ကဋ္ဌ


ပညာရေးဝန်ကြီးဌာန


(၂)

ဒုတိယဝန်ကြီး၊

ဒုတိယဥက္ကဋ္ဌ (၁)


ပညာရေးဝန်ကြီးဌာန


(၃)

ဒုတိယဝန်ကြီး၊

ဒုတိယဥက္ကဋ္ဌ (၂)


ပညာရေးဝန်ကြီးဌာန


(၄)

ညွှန်ကြားရေးမှူးချုပ်၊

အဖွဲ့ဝင်


ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန


(၅)

ညွှန်ကြားရေးမှူးချုပ်၊

အဖွဲ့ဝင်


မြန်မာနိုင်ငံစာစစ်ဦးစီးဌာန


(၆)

ညွှန်ကြားရေးမှူးချုပ်၊

အဖွဲ့ဝင်


မြန်မာနိုင်ငံတိုင်းရင်းသားဘာသာစကားဦးစီးဌာန


(၇)

ညွှန်ကြားရေးမှူးချုပ်၊

အဖွဲ့ဝင်


လေ့လာဆန်းစစ်အကဲဖြတ်ရေးဦးစီးဌာန


(၈)

သက်ဆိုင်ရာဝန်ကြီးဌာနများမှကိုယ်စားလှယ်များ

အဖွဲ့ဝင်

(၉)

အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီအဖွဲ့ဝင်သုံးဦး

အဖွဲ့ဝင်

(၁၀)

အမျိုးသားပညာရေးအဆင့်အတန်းနှင့် အရည်အသွေး အာမခံမှုအကဲဖြတ်ကော်မတီအဖွဲ့ဝင်သုံးဦး

အဖွဲ့ဝင်

(၁၁)

ညွှန်ကြားရေးမှူးချုပ်/အမြဲတမ်းအတွင်းဝန်၊

အတွင်းရေးမှူး


ပညာရေးဝန်ကြီးဌာန


(၁၂)

ညွှန်ကြားရေးမှူးချုပ်၊

တွဲဖက်အတွင်းရေးမှူး (၁)


အဆင့်မြင့်ပညာဦးစီးဌာန


(၁၃)

ညွှန်ကြားရေးမှူးချုပ်၊

တွဲဖက်အတွင်းရေးမှူး (၂)


အခြေခံပညာဦးစီးဌာန


(၁၄)

ညွှန်ကြားရေးမှူးချုပ်၊

တွဲဖက်အတွင်းရေးမှူး (၃)


ဆရာအတတ်ပညာဦးစီးဌာန


(ခ) ကြီးကြပ်ရေးအဖွဲ့ကို လိုအပ်ပါက ပုဒ်မခွဲ (က) ပါ သတ်မှတ်ချက်နှင့်အညီ ပြင်ဆင်ဖွဲ့စည်းနိုင်သည်။

၁၀။ ကြီးကြပ်ရေးအဖွဲ့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည် -

(က) ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းအမျိုးအစားအလိုက် ထားရှိရမည့်စံချိန်စံညွှန်းများ သတ်မှတ် ပေးခြင်း၊

(ခ) ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းနှင့် ပုဂ္ဂလိကကျောင်းဆရာ မှတ်ပုံတင်လျှောက်ထားရာတွင် တင်ပြရမည့် လိုအပ်ချက်များကို သတ်မှတ်ပေးခြင်း၊

(ဂ) ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကအဆင့်မြင့်ပညာကျောင်း၊ နိုင်ငံတကာသင်ရိုးညွှန်းတမ်းနှင့် သင်ကြား သော ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းနှင့် နိုင်ငံခြားသားပုဂ္ဂလိကကျောင်းဆရာ ပါဝင်သင်ကြားသော ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းများကို မှတ်ပုံတင်လက်မှတ်ထုတ်ပေးခြင်း၊ သက်တမ်းတိုးမြှင့်ခြင်း၊ ပေါင်းစည်းခြင်း၊ အပြီးပိတ်သိမ်းခြင်း၊ သင်တန်းရပ်နားခြင်းတို့နှင့်စပ်လျဉ်း၍ ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်း၊

(ဃ) ပုဒ်မခွဲ (ဂ) ပါ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းများက မှတ်ပုံတင်သက်တမ်းအတွင်း သင်တန်း ရပ်နားရန် လျှောက်ထားခြင်းနှင့်စပ်လျဉ်း၍ သင်ယူသူများ၏ အခွင့်အရေးမဆုံးရှုံးစေရန်နှင့် ကျောင်းသား မိဘများ၏ နစ်နာဆုံးရှုံးမှုများမရှိစေရန် စည်းကမ်းချက်များသတ်မှတ်၍ ခွင့်ပြုပေးခြင်း၊

(င) ဤဥပဒေအရ ပေးသွင်းရမည့် မှတ်ပုံတင်ကြေး၊ နှစ်စဉ်ကြေးနှင့် အခြားအခကြေးငွေတို့ကို သတ်မှတ် ခြင်းနှင့် ယင်းကိစ္စရပ်များအတွက် ကင်းလွတ်ခွင့်နှင့် သက်သာခွင့်ပေးခြင်းတို့ကို ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနတို့၏ သတ်မှတ်ချက်နှင့်အညီ ဆောင်ရွက်ခြင်း၊

(စ) ပုဒ်မခွဲ (ဂ) ပါ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း တည်ထောင်သူ သို့မဟုတ် စီမံအုပ်ချုပ်သူ ပြောင်းလဲခြင်း၊ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း၏အမည်ပြောင်းလဲခြင်း သို့မဟုတ် တည်နေရာ ပြောင်းရွှေ့ဖွင့်လှစ်ခြင်းတို့ကို ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်း၊

(ဆ) နိုင်ငံခြားသားပုဂ္ဂလိကကျောင်းဆရာ မှတ်ပုံတင်လက်မှတ်ထုတ်ပေးခြင်း၊ သက်တမ်းတိုးမြှင့်ခြင်း၊ ပယ်ဖျက်ခြင်းတို့ကို ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်း၊

(ဇ) ဒေသဆိုင်ရာကြီးကြပ်ရေးအဖွဲ့၊ မှတ်ပုံတင်အရာရှိချုပ်နှင့် မှတ်ပုံတင်အရာရှိတို့အား ကြီးကြပ်ခြင်းနှင့် လမ်းညွှန်ခြင်း၊

(ဈ) လိုအပ်သော လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းခြင်းနှင့် ယင်းအဖွဲ့များ၏ လုပ်ငန်းတာဝန်များကို သတ်မှတ်ခြင်း၊

(ည) ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းနှင့်စပ်လျဉ်း၍ ဝန်ကြီးဌာနက အခါအားလျော်စွာပေးအပ်သော လုပ်ငန်းတာဝန်များကို ဆောင်ရွက်ခြင်း။

၁၁။ ကြီးကြပ်ရေးအဖွဲ့သည် -

(က) ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကအဆင့်မြင့်ပညာကျောင်း၊ နိုင်ငံတကာသင်ရိုးညွှန်းတမ်းနှင့် သင်ကြား သော ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းနှင့် နိုင်ငံခြားသားပုဂ္ဂလိကကျောင်းဆရာ ပါဝင်သင်ကြားသော ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းများကို မှတ်ပုံတင်လက်မှတ်ထုတ်ပေးခြင်း၊ သက်တမ်းတိုးမြှင့်ခြင်း၊ ပေါင်းစည်းခြင်း၊ အပြီးပိတ်သိမ်းခြင်း၊ သင်တန်းရပ်နားခြင်းတို့နှင့်စပ်လျဉ်း၍ ဒေသဆိုင်ရာ ကြီးကြပ်ရေး အဖွဲ့၏ စိစစ်တင်ပြချက်ကို သတ်မှတ်ချိန်အတွင်း စိစစ်ဆုံးဖြတ်ရမည်။

(ခ) နိုင်ငံခြားသားပုဂ္ဂလိကကျောင်းဆရာ မှတ်ပုံတင်လက်မှတ်နှင့်စပ်လျဉ်း၍ ဒေသဆိုင်ရာ ကြီးကြပ်ရေး အဖွဲ့၏ စိစစ်တင်ပြချက်ကို သတ်မှတ်ချိန်အတွင်း စိစစ်ဆုံးဖြတ်ရမည်။

(ဂ) ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းများ၏ သင်ရိုးညွှန်းတမ်းနှင့် သင်ရိုးမာတိကာများသည် အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီ၏ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိစေရန် ကြီးကြပ်ဆောင်ရွက် ရမည်။

(ဃ) အမျိုးသားပညာရေးအဆင့်အတန်းနှင့် အရည်အသွေးအာမခံမှုအကဲဖြတ်ကော်မတီက ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းများ၏ပညာရေးဆိုင်ရာအဆင့်အတန်းနှင့် အရည်အသွေးအကဲဖြတ်ရာတွင် ကူညီပံ့ပိုးရမည်။

(င) ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းများ၏ ပညာရေးဆိုင်ရာအဆင့်အတန်းနှင့် အရည်အသွေးသည် အမျိုးသားပညာရေးအဆင့်အတန်းနှင့် အရည်အသွေးအာမခံမှုအကဲဖြတ်ကော်မတီ၏ သတ်မှတ်ချက်များ နှင့်အညီ ဖြစ်စေရန် ကြီးကြပ်ဆောင်ရွက်ရမည်။

(စ) ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းအမျိုးအစားအလိုက် အပ်နှင်းသော သင်တန်းပြီးဆုံးကြောင်း လက်မှတ်၊ အောင်လက်မှတ်၊ ဒီပလိုမာ၊ ဘွဲ့၊ ဂုဏ်ထူးဆောင်ဘွဲ့များသည် သတ်မှတ်ချက်များနှင့် ပြည့်စုံမှု ရှိ မရှိ စိစစ်ကြီးကြပ်ရမည်။

(ဆ) ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းများ တည်ထောင်ရာတွင် ကျောင်းအမျိုးအစားအလိုက် ရင်းနှီးမြှုပ်နှံနိုင်မှုပမာဏ၏ စစ်မှန်မှုကို စစ်ဆေးရမည်။

(ဇ) နိုင်ငံခြားသားပုဂ္ဂလိကကျောင်းဆရာများ၏ အရည်အသွေးအဆင့်အတန်းသည် ဝန်ကြီးဌာနက ချမှတ်သော မူဝါဒနှင့်အညီဖြစ်စေရန် စိစစ်ဆောင်ရွက်ရမည်။

(ဈ) နိုင်ငံခြားသား ပုဂ္ဂလိကကျောင်းဆရာရရှိထားသော ဘွဲ့ဘာသာရပ်ဖြင့်ဖြစ်စေ၊ ကျွမ်းကျင်သော အခြားဘာသာရပ်ဖြင့်ဖြစ်စေ သင်ကြားခွင့်ရရှိစေရန် စိစစ် ခွင့်ပြုရမည်။

၁၂။ ကြီးကြပ်ရေးအဖွဲ့နှင့် ယင်းက ဖွဲ့စည်းထားသည့် လုပ်ငန်းအဖွဲ့များသည် မည်သည့်ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းကိုမဆို အခါအားလျော်စွာ သွားရောက်စစ်ဆေးခြင်း၊ လိုအပ်ပါက ဓာတ်ပုံဗီဒီယို မှတ်တမ်းများရယူခြင်း၊ စုံစမ်းမေးမြန်းခြင်း၊ သက်ဆိုင်ရာစာရွက်စာတမ်းအထောက်အထားများကို ကြည့်ရှုခြင်းနှင့် မိတ္တူကူးယူခြင်းများ ပြုလုပ်နိုင်သည်။

၁၃။ ဦးစီးဌာနသည် ကြီးကြပ်ရေးအဖွဲ့၏ ရုံးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်၍ ယင်းအဖွဲ့၏ ကုန်ကျစရိတ်များကိုလည်း ကျခံရမည်။


အခန်း (၇)
ဒေသဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့် ယင်းအဖွဲ့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ

၁၄။ ကြီးကြပ်ရေးအဖွဲ့သည် -

(က) ပြည်ထောင်စုနယ်မြေကိုယ်ပိုင်သို့မဟုတ်ပုဂ္ဂလိကကျောင်း ကြီးကြပ်ရေးအဖွဲ့ကို အောက်ပါအတိုင်း ဖွဲ့စည်းရမည်-

(၁)

နေပြည်တော်ကောင်စီကတာဝန်ပေးအပ်သောကောင်စီဝင်

ဥက္ကဋ္ဌ

(၂)

ပြည်ထောင်စုနယ်မြေရှိ တက္ကသိုလ်မှ ပါမောက္ခချုပ်တစ်ဦး

အဖွဲ့ဝင်

(၃)

သက်ဆိုင်ရာဝန်ကြီးဌာနမှ ကိုယ်စားလှယ်နှစ်ဦး

အဖွဲ့ဝင်

(၄)

ပြည်ထောင်စုနယ်မြေ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကိုယ်စားလှယ်တစ်ဦး

အဖွဲ့ဝင်

(၅)

ကုသရေးဦးစီးဌာနမှ ကိုယ်စားလှယ်တစ်ဦး

အဖွဲ့ဝင်

(၆)

အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှ ကိုယ်စားလှယ်တစ်ဦး

အဖွဲ့ဝင်

(၇)

ပြည်ထောင်စုနယ်မြေရှိ နည်းပညာ၊ သက်မွေးပညာရေးနှင့် လေ့ကျင့်ရေးဆိုင်ရာကျောင်းမှ ကျောင်းအုပ်ကြီးတစ်ဦး

အဖွဲ့ဝင်

(၈)

ပြည်ထောင်စုနယ်မြေပညာရေးမှူး

အတွင်းရေးမှူး

(ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းကြီးကြပ်ရေးအဖွဲ့ကို အောက်ပါအတိုင်း ဖွဲ့စည်းရမည် -

(၁)

သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့က တာဝန်ပေးအပ်သော ဝန်ကြီး

ဥက္ကဋ္ဌ

(၂)

သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရှိတက္ကသိုလ်မှ ပါမောက္ခချုပ်တစ်ဦး

အဖွဲ့ဝင်

(၃)

သက်ဆိုင်ရာ ဝန်ကြီးဌာနမှ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် ကိုယ်စားလှယ် နှစ်ဦး

အဖွဲ့ဝင်

(၄)

သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် ကိုယ်စားလှယ်တစ်ဦး

အဖွဲ့ဝင်

(၅)

ကုသရေးဦးစီးဌာနမှ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် ကိုယ်စားလှယ်တစ်ဦး

အဖွဲ့ဝင်

(၆)

အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်ကိုယ်စားလှယ်တစ်ဦး

အဖွဲ့ဝင်

(၇)

သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရှိ နည်းပညာ၊ သက်မွေး ပညာရေးနှင့် လေ့ကျင့်ရေးဆိုင်ရာကျောင်းမှ ကျောင်းအုပ်ကြီးတစ်ဦး

အဖွဲ့ဝင်

(၈)

သက်ဆိုင်ရာ တိုင်းဒေသကြီးအတွင်း သို့မဟုတ် ပြည်နယ်ပညာရေးမှူး

အတွင်းရေးမှူး

(ဂ) ဒေသဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ကို လိုအပ်ပါက ပုဒ်မခွဲ (က) နှင့် ပုဒ်မခွဲ (ခ) တို့ပါ သတ်မှတ်ချက် နှင့်အညီ ပြင်ဆင်ဖွဲ့စည်းနိုင်သည်။

၁၅။ ဒေသဆိုင်ရာကြီးကြပ်ရေးအဖွဲ့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည် -

(က) ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကအဆင့်မြင့်ပညာကျောင်း၊ နိုင်ငံတကာသင်ရိုးညွှန်းတမ်းနှင့် သင်ကြား သော ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းနှင့် နိုင်ငံခြားသား ပုဂ္ဂလိကကျောင်းဆရာ ပါဝင်သင်ကြား သော ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းများကို မှတ်ပုံတင်လက်မှတ်ထုတ်ပေးခြင်း၊ သက်တမ်း တိုးမြှင့်ခြင်း၊ ပေါင်းစည်းခြင်း၊ အပြီးပိတ်သိမ်းခြင်း၊ သင်တန်းရပ်နားခြင်းတို့ကို ကြီးကြပ်ရေးအဖွဲ့သို့ စိစစ်တင်ပြ၍ ယင်း၏ဆုံးဖြတ်ချက်နှင့်အညီ ဆောင်ရွက်ခြင်း၊

(ခ) ပုဒ်မခွဲ (က) ပါ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းများမှအပ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် သို့မဟုတ် ပြည်ထောင်စုနယ်မြေအတွင်းရှိ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းများ၏ မှတ်ပုံတင်လက်မှတ်ထုတ်ပေးခြင်း၊ သက်တမ်းတိုးမြှင့်ခြင်း၊ ပေါင်းစည်းခြင်း၊ အပြီးပိတ်သိမ်းခြင်း၊ သင်တန်းရပ်နားခြင်းတို့နှင့်စပ်လျဉ်း၍ ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်း၊

(ဂ) သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် သို့မဟုတ် ပြည်ထောင်စုနယ်မြေအတွင်းရှိ မြန်မာနိုင်ငံသား ပုဂ္ဂလိကကျောင်းဆရာများ၏ မှတ်ပုံတင်လက်မှတ်ထုတ်ပေးခြင်း၊ သက်တမ်းတိုးမြှင့်ခြင်း၊ ပယ်ဖျက်ခြင်း တို့နှင့်စပ်လျဉ်း၍ စိစစ်ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်း၊

(ဃ) နိုင်ငံခြားသား ပုဂ္ဂလိကကျောင်းဆရာ၏ မှတ်ပုံတင်လက်မှတ်ထုတ်ပေးခြင်း၊ ထုတ်ပေးရန်ငြင်းပယ် ခြင်း၊ သက်တမ်းတိုးမြှင့်ခြင်း၊ သက်တမ်းတိုးမြှင့်ရန် ငြင်းပယ်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းတို့ကို ကြီးကြပ်ရေးအဖွဲ့သို့ စိစစ်တင်ပြ၍ ယင်း၏ဆုံးဖြတ်ချက်နှင့်အညီ ဆောင်ရွက်ခြင်း၊

(င) ပုဂ္ဂလိကကျောင်းဆရာများ၏ အရည်အသွေးအဆင့်အတန်းသည် ဝန်ကြီးဌာနကချမှတ်သော မူဝါဒနှင့်အညီ ဖြစ်စေရန် ကြီးကြပ်စစ်ဆေးဆောင်ရွက်ခြင်း၊

(စ) မြန်မာနိုင်ငံသား ပုဂ္ဂလိကကျောင်းဆရာရရှိထားသော ဘွဲ့ဘာသာရပ်ဖြင့်ဖြစ်စေ၊ ကျွမ်းကျင်သော အခြားဘာသာရပ်ဖြင့်ဖြစ်စေ သင်ကြားခွင့်ရရှိစေရန် စိစစ်ခွင့်ပြုခြင်း၊

(ဆ) သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် သို့မဟုတ် ပြည်ထောင်စုနယ်မြေအတွင်းရှိ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းများ၏ ပညာရေးဆိုင်ရာအဆင့်အတန်းနှင့် အရည်အသွေးသည် အမျိုးသား ပညာရေးအဆင့်အတန်းနှင့် အရည်အသွေးအာမခံမှု အကဲဖြတ်ကော်မတီ၏ သတ်မှတ်ချက်များနှင့်အညီ ဖြစ်စေရန် ကြီးကြပ်ဆောင်ရွက်ခြင်း၊

(ဇ) ပုဒ်မခွဲ (က) ပါ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းများမှအပ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် သို့မဟုတ် ပြည်ထောင်စုနယ်မြေအတွင်းရှိ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းများ၏ တည်ထောင်သူ သို့မဟုတ် စီမံအုပ်ချုပ်သူပြောင်းလဲခြင်း၊ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း၏ အမည်ပြောင်းလဲခြင်း သို့မဟုတ် တည်နေရာပြောင်းရွှေ့ဖွင့်လှစ်ခြင်းတို့နှင့်စပ်လျဉ်း၍ ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်း၊

(ဈ) ပုဒ်မခွဲ (က) ပါ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း၏ အမည်ပြောင်းလဲခြင်း သို့မဟုတ် တည်ထောင်သူ သို့မဟုတ် စီမံအုပ်ချုပ်သူပြောင်းလဲခြင်း၊ တည်နေရာပြောင်းရွှေ့ဖွင့်လှစ်ခြင်းတို့နှင့် စပ်လျဉ်း၍ ကြီးကြပ်ရေးအဖွဲ့သို့ စိစစ်တင်ပြ၍ ယင်း၏ဆုံးဖြတ်ချက်နှင့်အညီ ဆောင်ရွက်ခြင်း၊

(ည) ပုဒ်မခွဲ (က) ပါ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းများမှအပ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် သို့မဟုတ် ပြည်ထောင်စုနယ်မြေအတွင်းရှိ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းများသည် မှတ်ပုံတင်သက်တမ်းအတွင်း သင်တန်းရပ်နားရန် လျှောက်ထားခြင်းနှင့်စပ်လျဉ်း၍ သင်ယူသူများ၏ အခွင့်အရေး မဆုံးရှုံးစေရန်နှင့် ကျောင်းသားမိဘများ၏ နစ်နာဆုံးရှုံးမှုများမရှိစေရန် စည်းကမ်းချက်များ သတ်မှတ်၍ ခွင့်ပြုပေးခြင်း၊

(ဋ) သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် သို့မဟုတ် ပြည်ထောင်စုနယ်မြေအတွင်းရှိ မှတ်ပုံတင် ထားသော ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းသည် သတ်မှတ်ချက်များနှင့်အညီ လုပ်ငန်းစတင်နိုင်ခြင်း ရှိ မရှိ ကြီးကြပ်ခြင်း၊

(ဌ) ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းနှင့် သက်ဆိုင်သည့် စာရင်းအင်း၊ သတင်းအချက်အလက်များ ပြုစုခြင်း၊ ထိန်းသိမ်းခြင်း၊ ထုတ်ပြန်ခြင်းနှင့် ကြီးကြပ်ရေးအဖွဲ့ထံ သတ်မှတ်ချက်နှင့်အညီ တင်ပြခြင်း၊

(ဍ) စည်းကမ်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်သော တည်ထောင်သူ၊ စီမံအုပ်ချုပ်သူ၊ ပုဂ္ဂလိက ကျောင်းဆရာများနှင့် စပ်လျဉ်း၍ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူနိုင်ရန် ကြီးကြပ်ရေးအဖွဲ့သို့ စိစစ်တင်ပြခြင်း၊

(ဎ) ကဏ္ဍအလိုက် လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းခြင်းနှင့် ယင်းအဖွဲ့များ၏ လုပ်ငန်းတာဝန်များကို သတ်မှတ် ခြင်း၊

(ဏ) ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းနှင့်စပ်လျဉ်း၍ ကြီးကြပ်ရေးအဖွဲ့က အခါအားလျော်စွာ ပေးအပ်သော လုပ်ငန်းတာဝန်များကို ဆောင်ရွက်ခြင်း။

၁၆။ ဒေသဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့သည် -

(က) ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကအဆင့်မြင့်ပညာကျောင်း၊ နိုင်ငံတကာသင်ရိုးညွှန်းတမ်းနှင့် သင်ကြား သော ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းနှင့် နိုင်ငံခြားသားပုဂ္ဂလိကကျောင်းဆရာ ပါဝင်သင်ကြားသော ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း မှတ်ပုံတင်လက်မှတ်လျှောက်ထားခြင်း သို့မဟုတ် မှတ်ပုံတင် သက်တမ်းတိုးလျှောက်ထားခြင်း၊ ပေါင်းစည်းခြင်း၊ အပြီးပိတ်သိမ်းခြင်း သို့မဟုတ် သင်တန်းရပ်နားခြင်း တို့နှင့်စပ်လျဉ်း၍ လျှောက်ထားခြင်းကို သတ်မှတ်ချက်နှင့်အညီ ကြီးကြပ်ရေးအဖွဲ့သို့ စိစစ်တင်ပြရမည်။

(ခ) နိုင်ငံခြားသား ပုဂ္ဂလိကကျောင်းဆရာ/ မှတ်ပုံတင်လက်မှတ်လျှောက်ထားခြင်း သို့မဟုတ် မှတ်ပုံတင် သက်တမ်းတိုး လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ သတ်မှတ်ချက်နှင့်အညီ ကြီးကြပ်ရေးအဖွဲ့သို့ စိစစ်တင်ပြ ရမည်။

(ဂ) ပုဒ်မခွဲ (က)နှင့် ပုဒ်မခွဲ (ခ) ပါ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ကြီးကြပ်ရေးအဖွဲ့၏ ဆုံးဖြတ်ချက်ကို သတ်မှတ်ချိန် အတွင်း မှတ်ပုံတင်အရာရှိထံသို့ ပေးပို့ရမည်။

(ဃ) ပုဒ်မခွဲ (က) ပါ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းများမှအပ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိက ကျောင်းမှတ်ပုံတင်လက်မှတ်လျှောက်ထားခြင်း သို့မဟုတ် မှတ်ပုံတင်သက်တမ်းတိုး လျှောက်ထား ခြင်းနှင့်စပ်လျဉ်း၍ သတ်မှတ်ချက်နှင့်အညီ ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်းပြုရမည်။

(င) မြန်မာနိုင်ငံသား ပုဂ္ဂလိကကျောင်းဆရာ မှတ်ပုံတင်လက်မှတ်လျှောက်ထားခြင်း သို့မဟုတ် မှတ်ပုံတင်သက်တမ်းတိုး လျှောက်ထားခြင်းနှင့်စပ်လျဉ်း၍ သတ်မှတ်ချက်နှင့်အညီ ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်း ပြုရမည်။

(စ) ပုဒ်မခွဲ (ဃ) နှင့် ပုဒ်မခွဲ (င) တို့ပါ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆုံးဖြတ်ချက်ကို သတ်မှတ်ချိန်အတွင်း မှတ်ပုံတင်အရာရှိထံသို့ ပေးပို့ရမည်။

၁၇။ ဒေသဆိုင်ရာကြီးကြပ်ရေးအဖွဲ့နှင့် ယင်းကဖွဲ့စည်းထားသည့် လုပ်ငန်းအဖွဲ့များသည် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် သို့မဟုတ် ပြည်ထောင်စုနယ်မြေအတွင်းရှိ မည်သည့်ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းကိုမဆို အခါအားလျော်စွာ သွားရောက်စစ်ဆေးခြင်း၊ လိုအပ်ပါက ဓာတ်ပုံဗီဒီယို မှတ်တမ်းများရယူခြင်း၊ စုံစမ်းမေးမြန်းခြင်း၊ သက်ဆိုင်ရာစာရွက်စာတမ်းအထောက်အထားများကို ကြည့်ရှုခြင်းနှင့် မိတ္တူကူးယူခြင်းများ ပြုလုပ်နိုင်သည်။

၁၈။ ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ပညာရေးမှူးရုံးသည် သက်ဆိုင်ရာ ဒေသဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့၏ ရုံးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်၍ ယင်းအဖွဲ့၏ ကုန်ကျစရိတ် များကိုလည်း ကျခံရမည်။

အခန်း (၈)
မှတ်ပုံတင်အရာရှိချုပ်၊ ဒုတိယမှတ်ပုံတင်အရာရှိချုပ်နှင့် မှတ်ပုံတင်အရာရှိ

၁၉။ ဝန်ကြီးဌာနသည် -

(က) ညွှန်ကြားရေးမှူးချုပ်/ အမြဲတမ်းအတွင်းဝန်၊ ပညာရေးဝန်ကြီးဌာနကို မှတ်ပုံတင်အရာရှိချုပ်အဖြစ် ခန့်အပ်ရမည်။

(ခ) အခြေခံပညာဦးစီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနနှင့် ဆရာအတတ်ပညာဦးစီးဌာနတို့၏ ညွှန်ကြားရေးမှူးချုပ်များကို ဒုတိယမှတ်ပုံတင်အရာရှိချုပ်များအဖြစ် ခန့်အပ်ရမည်။

(ဂ) မှတ်ပုံတင်အရာရှိချုပ်နှင့် ဒုတိယမှတ်ပုံတင်အရာရှိချုပ်များ၏ လုပ်ငန်းတာဝန်များကို သတ်မှတ် ပေးရမည်။

၂၀။ မှတ်ပုံတင်အရာရှိချုပ်သည် -

(က) ဤဥပဒေအရ မှတ်ပုံတင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ပညာရေးမှူးများကို သက်ဆိုင်ရာ ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် မှတ်ပုံတင်အရာရှိအဖြစ် ခန့်အပ်ရမည်။

(ခ) မှတ်ပုံတင်ခြင်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ မှတ်ပုံတင်အရာရှိများအား ကြီးကြပ်လမ်းညွှန်ရမည်။

၂၁။ ဒုတိယမှတ်ပုံတင်အရာရှိချုပ်များသည် မှတ်ပုံတင်ခြင်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ ဝန်ကြီးဌာန၏ သတ်မှတ်ချက်နှင့်အညီ ကြီးကြပ်ဆောင်ရွက်ရမည်။

၂၂။ ဦးစီးဌာနသည် မှတ်ပုံတင်အရာရှိချုပ်၏ ရုံးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်၍ မှတ်ပုံတင် အရာရှိချုပ်၏ ရုံးလုပ်ငန်းဆိုင်ရာ ကုန်ကျစရိတ်များကိုလည်း ကျခံရမည်။

၂၃။ မှတ်ပုံတင်အရာရှိ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည် -

(က) သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် သို့မဟုတ် ပြည်ထောင်စုနယ်မြေအတွင်းရှိ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းများ၏ မှတ်ပုံတင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခြင်း၊

(ခ) ကြီးကြပ်ရေးအဖွဲ့နှင့် ဒေသဆိုင်ရာကြီးကြပ်ရေးအဖွဲ့တို့၏ ဆုံးဖြတ်ချက်နှင့်အညီ ဤဥပဒေအရ ပေးသွင်းရမည့် မှတ်ပုံတင်ကြေး၊ နှစ်စဉ်ကြေး၊ အခြားအခကြေးငွေနှင့် ဒဏ်ကြေးငွေများကို ကောက်ခံ ခြင်း၊

(ဂ) ကြီးကြပ်ရေးအဖွဲ့၊ မှတ်ပုံတင်အရာရှိချုပ်နှင့် ဒုတိယမှတ်ပုံတင်အရာရှိချုပ်များက အခါအားလျော်စွာ ပေးအပ်သော တာဝန်များကို ဆောင်ရွက်ခြင်း။

၂၄။ မှတ်ပုံတင်အရာရှိသည် ပုဒ်မ ၁၆ ပုဒ်မခွဲ (ဂ) နှင့် ပုဒ်မခွဲ (စ) တို့အရ ပေးပို့သည့် ဆုံးဖြတ်ချက်ကို လက်ခံရရှိသည့်နေ့မှ ရက်ပေါင်း ၃ဝ အတွင်း မှတ်ပုံတင်ကြေးနှင့် နှစ်စဉ်ကြေးပေးသွင်းစေပြီး မှတ်ပုံတင် လက်မှတ်ကို ထုတ်ပေးရမည်။

၂၅။ သက်ဆိုင်ရာ ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ပညာရေးမှူးရုံးသည် မှတ်ပုံတင်အရာရှိ၏ ရုံးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်၍ မှတ်ပုံတင်အရာရှိ၏ ရုံးလုပ်ငန်းဆိုင်ရာ ကုန်ကျစရိတ်များကိုလည်း ကျခံရမည်။

အခန်း (၉)
ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း တည်ထောင်ခြင်းအတွက် သတ်မှတ်ချက်များ

၂၆။ တည်ထောင်လိုသူသည် ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းတည်ထောင်ဖွင့်လှစ်ရန် မှတ်ပုံတင် လက်မှတ်လျှောက်ထားရာတွင် ဝန်ကြီးဌာန သို့မဟုတ် သက်ဆိုင်ရာဝန်ကြီးဌာနက သတ်မှတ်ထားသော အခြေခံလိုအပ်ချက်များ၊ ကြီးကြပ်ရေးအဖွဲ့၏သတ်မှတ်ချက်များနှင့်အညီ သက်ဆိုင်ရာဒေသဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့သို့ လျှောက်ထားရမည်။

၂၇။ တည်ထောင်လိုသူသည် ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း မှတ်ပုံတင်လက်မှတ် လျှောက်ထား ရာတွင် အောက်ပါအထောက်အထား၊ စာရွက်စာတမ်းများကို ပူးတွဲတင်ပြရမည် -

(က) မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ၊ သက်ဆိုင်ရာဥပဒေများနှင့်အညီ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိက ကျောင်းတည်ထောင်ရန် ခွင့်ပြုထားသော အထောက်အထားများ၊

(ခ) ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းအဖြစ်အသုံးပြုမည့် မြေနှင့် အဆောက်အဦ သို့မဟုတ် အဆောက်အဦ ပိုင်ဆိုင်ခွင့် သို့မဟုတ် ငှားရမ်းအသုံးပြုခွင့်ဆိုင်ရာ အထောက်အထားများ၊

(ဂ) သတ်မှတ်သင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာအတိုင်း သင်ကြားရန် သင်ကြားမှုအစီအစဉ်၊

(ဃ) ကျောင်းသား၊ ကျောင်းသူ အဆောင်များထားရှိပါက ကြီးကြပ်ရေးအဖွဲ့၏ သတ်မှတ်ချက်နှင့်အညီ ဆောင်ရွက်ထားကြောင်း အထောက်အထားများ၊

(င) ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း၏ ပရိဝုဏ်၊ ပတ်ဝန်းကျင်နှင့် စာသင်ခန်းများသည် ဥပဓိရုပ် ကောင်းမွန်ကာ ကျန်းမာရေးနှင့်ညီညွတ်၍ သန့်ရှင်းစင်ကြယ်မှုရှိစေရန် ဆောင်ရွက်ထားကြောင်း အထောက်အထားများ၊

(စ) အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်များ၊

(ဆ) ကျောင်းလုံခြုံရေးနှင့် မီးဘေးကာကွယ်ရေးအစီအစဉ်များ။

၂၈။ တည်ထောင်သူသည် ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း၏ သင်တန်းများကို ဤဥပဒေနှင့်အညီ မှတ်ပုံတင်လက်မှတ်ရရှိသည့်နေ့မှစ၍ တစ်နှစ်အတွင်းဖွင့်လှစ်ရမည်။

၂၉။ (က) ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း၏ မှတ်ပုံတင်သက်တမ်းသည် စတင်ထုတ်ပေးသည့် နေ့မှစ၍ ငါးနှစ်ဖြစ်သည်။

(ခ) ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းသည် မှတ်ပုံတင်လက်မှတ်သက်တမ်းတိုးမြှင့်ခြင်းကို ခွင့်ပြုသက်တမ်းကာလအတွက် အစီရင်ခံစာနှင့်အတူ မှတ်ပုံတင်လက်မှတ်သက်တမ်းမကုန်ဆုံးမီ ခြောက်လကြိုတင်၍ သက်ဆိုင်ရာ ဒေသဆိုင်ရာကြီးကြပ်ရေးအဖွဲ့သို့ လျှောက်ထားရမည်။

(ဂ) တည်ထောင်သူသည် ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းတည်ထောင်ဖွင့်လှစ်ရန် မှတ်ပုံတင်ခွင့် ရရှိလျှင် မှတ်ပုံတင်ကြေးနှင့် နှစ်စဉ်ကြေးကို သတ်မှတ်ချက်နှင့်အညီ သက်ဆိုင်ရာဌာန ငွေစာရင်းသို့ ပေးသွင်းရမည်။

၃၀။ တည်ထောင်သူ သို့မဟုတ် စီမံအုပ်ချုပ်သူသည် -

(က) ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း မှတ်ပုံတင်လက်မှတ်ကို အများပြည်သူမြင်သာသည့် နေရာတွင် ချိတ်ဆွဲထားရမည်။

(ခ) ပုဂ္ဂလိကကျောင်းဆရာ မှတ်ပုံတင်လက်မှတ်ရရှိသူအား သင်ကြားခွင့်ရရှိသည့် ဘာသာရပ်ကိုသာ သင်ကြားခွင့်ပြုရမည်။

(ဂ) ပုဂ္ဂလိကကျောင်းဆရာနှင့် ဝန်ထမ်းများကို အလုပ်ခန့်ထားရာတွင် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုခန့်ထားရမည်။

(ဃ) ဘာသာရပ်အလိုက် ပုဂ္ဂလိကကျောင်းဆရာ ခန့်အပ်ရာတွင် သက်ဆိုင်ရာကျောင်း၏ ဖွဲ့စည်းပုံ ပြည့်မီရမည်ဖြစ်ပြီး အမြဲတမ်းခန့်အပ်သည့် ပုဂ္ဂလိကကျောင်းဆရာ အရေအတွက်သည် အနည်းဆုံး ၅၀ ရာခိုင်နှုန်းရှိရမည်။

(င) ဘာသာရပ်အလိုက် လိုအပ်သည့် သင်ကြားသင်ယူမှုအထောက်အကူပစ္စည်းများ လုံလောက်စွာ စီမံထားရှိရမည်။

(စ) ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းတွင် ဘာသာရပ်သင်ခန်းစာ၊ ထပ်ဆောင်းဘာသာရပ်နှင့် ထပ်ဆောင်း သင်ခန်းစာကို သက်ဆိုင်ရာအတန်းအတွက် သတ်မှတ်ထားသော သင်ရိုးမာတိကာအောက် လျော့နည်းမှုမရှိဘဲ သင်ကြားရမည်။

(ဆ) သတ်မှတ်သင်ရိုးညွှန်းတမ်းနှင့် သက်ဆိုင်ခြင်းမရှိသည့် ပါတီနိုင်ငံရေးဆိုင်ရာ အကြောင်းအရာများ၊ ဘာသာရေး အကြောင်းအရာများနှင့် မြန်မာ့ယဉ်ကျေးမှုနှင့် မလျော်ညီသော အကြောင်းအရာများကို သင်ကြားပို့ချခြင်းမပြုရန် ကြပ်မတ်ရမည်။

(ဇ) တည်ထောင်သူ သို့မဟုတ် စီမံအုပ်ချုပ်သူ ပြောင်းလဲခြင်း၊ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း၏ အမည်ပြောင်းလဲခြင်း သို့မဟုတ် တည်နေရာပြောင်းရွှေ့ ဖွင့်လှစ်ခြင်းကို ကြီးကြပ်ရေးအဖွဲ့ သို့မဟုတ် သက်ဆိုင်ရာ ဒေသဆိုင်ရာကြီးကြပ်ရေးအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်ရမည်။

(ဈ) ပညာသင်နှစ်အလိုက် ကျောင်းပိတ်ရက်နှင့် အများပြည်သူ အလုပ်ပိတ်ရက်များမှတစ်ပါး တစ်ဆက်တည်း ခုနစ်ရက်ထက်ပို၍ သင်ကြားမှုရပ်နားလိုပါက သက်ဆိုင်ရာ ဒေသဆိုင်ရာ ကြီးကြပ်ရေး အဖွဲ့၏ ခွင့်ပြုချက်ရယူရမည်။

(ည) ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း၏ ဖွင့်လှစ်ဆဲ သင်တန်းတစ်ခုခု ရပ်နားလိုပါက သင်တန်း တက်ရောက်ဆဲ သင်ယူသူများ၏ အခွင့်အရေး မဆုံးရှုံးစေရန်နှင့် ကျောင်းသားမိဘများ၏ နစ်နာဆုံးရှုံးမှုများ မရှိစေရန် ကြီးကြပ်ရေးအဖွဲ့ သို့မဟုတ် သက်ဆိုင်ရာ ဒေသဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့၏ ခွင့်ပြုချက်ရယူ ရမည်။

(ဋ) ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း၏ အဆောက်အဦများ၊ ပရိဝုဏ်များ ဖျက်ဆီးခံရခြင်း၊ ပျက်စီးခြင်း သို့မဟုတ် အခြားအကြောင်းတစ်ခုခုကြောင့် အသုံးပြု၍ မရတော့ခြင်းဖြစ်ပေါ်လာပါက နှောင့်နှေးကြန့်ကြာမှု မရှိဘဲ ပြုပြင်၍ ကျောင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ရမည်။

(ဌ) ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း၏ ကြော်ငြာများတွင် မှန်ကန်သောအချက်အလက်များကို ဖော်ပြရမည်။

(ဍ) သင်ယူသူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်၊ သင်ယူတတ်မြောက်မှုအရည်အချင်း၊ ကျောင်းဝင်၊ ကျောင်းထွက်၊ ကျောင်းပြောင်း မှတ်တမ်းများကို သတ်မှတ်ချက်နှင့်အညီ ထားရှိရမည်။

(ဎ) သက်ဆိုင်ရာသင်တန်း သတ်မှတ်ချက်နှင့်အညီ သင်ယူသူ၏ အရည်အချင်းနှင့် ကျွမ်းကျင်မှုကို စစ်ဆေး၍ သင်တန်းပြီးဆုံးကြောင်းလက်မှတ်၊ အောင်လက်မှတ်၊ ဒီပလိုမာနှင့် ဘွဲ့လက်မှတ်တို့ကို သတ်မှတ်ချက်နှင့် အညီ စိစစ်ထုတ်ပေးရမည်။

(ဏ) သင်ယူသူအတွက် အတန်းတင်ခြင်း၊ တန်းခွဲသတ်မှတ်ခြင်း၊ ကျောင်းပြောင်းလက်မှတ် သို့မဟုတ် ကျောင်းထွက်လက်မှတ် ထုတ်ပေးခြင်းတို့ကို သတ်မှတ်ချက်နှင့်အညီ ဆောင်ရွက်ရမည်။

(တ) ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း မှတ်ပုံတင်စဉ်က တင်ပြသောအချက်အလက်များနှင့်အညီ လုပ်ငန်းများ ဆောင်ရွက်ရမည်။

(ထ) ကြီးကြပ်ရေးအဖွဲ့နှင့် သက်ဆိုင်ရာ ဒေသဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့က အခါအားလျော်စွာ ထုတ်ပြန်သည့် ညွှန်ကြားချက်များကို လိုက်နာရမည်။

၃၁။ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းသည် အောက်ပါတို့ကို လိုက်နာဆောင်ရွက်ရမည်-

(က) သင်ကြားနည်းနှင့် စစ်ဆေးအကဲဖြတ်နည်းများကို သင်ရိုးညွှန်းတမ်းအညွှန်းဘောင်နှင့်အညီ ဆောင်ရွက်ခြင်း၊

(ခ) ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းအမျိုးအစားအလိုက်ထားရှိရမည့် ကြီးကြပ်ရေးအဖွဲ့က သတ်မှတ်သည့် စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ခြင်း၊

(ဂ) ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း၏ သင်တန်းများတွင် ဘာသာရပ်အလိုက် သင်ကြားမည့် ပုဂ္ဂလိက ကျောင်းဆရာ၏ အရည်အသွေးသည် ဝန်ကြီးဌာနက ချမှတ်ထားသော အရည်အသွေးပိုင်းဆိုင်ရာ မူဝါဒနှင့်ညီညွတ်ရမည့်အပြင် သက်ဆိုင်ရာဥပဒေအရ သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံခြင်း၊

(ဃ) ပုဂ္ဂလိကကျောင်းဆရာဦးရေ လုံလောက်မှုရှိခြင်း၊

(င) ပုဂ္ဂလိကကျောင်းဆရာ၏ သင်ကြားမှုအရည်အသွေး တိုးတက်စေရေးအတွက် ဆောင်ရွက်ခြင်း၊

(စ) သင်ယူသူများ စည်းကမ်းလိုက်နာစေရေး၊ အကျင့်စာရိတ္တကောင်းမွန်စေရေးနှင့် ကျန်းမာကြံ့ခိုင် စေရေးတို့ကို ဆောင်ရွက်ခြင်း၊

(ဆ) သင်တန်းပြီးဆုံးကြောင်းလက်မှတ်၊ အောင်လက်မှတ်၊ ဒီပလိုမာ၊ ဘွဲ့ သို့မဟုတ် ဂုဏ်ထူးဆောင်ဘွဲ့ ပေးအပ်ရာတွင် သတ်မှတ်အရည်အချင်း ပြည့်မီကိုက်ညီရေး ဆောင်ရွက်ခြင်း၊

(ဇ) သင်တန်းပြီးဆုံးကြောင်းလက်မှတ်၊ အောင်လက်မှတ်၊ဒီပလိုမာ သို့မဟုတ် ဘွဲ့ကို သတ်မှတ်ထားသော အချိန်အတွင်း ပေးအပ်ခြင်း၊

(ဈ) ကျောင်းတက်ချိန်၊ ကျောင်းဆင်းချိန်များကို ကြိုတင်သတ်မှတ်၍ ဆောင်ရွက်ခြင်း၊

(ည) နှစ်ပတ်လည်အစီရင်ခံစာကို သက်ဆိုင်ရာ ဒေသဆိုင်ရာကြီးကြပ်ရေးအဖွဲ့သို့ သတ်မှတ်ချက်နှင့် အညီ နှစ်စဉ်တင်သွင်းခြင်း၊

(ဋ) ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းနှင့် သက်ဆိုင်သည့် စာရင်းအင်းအချက်အလက်များကို စနစ်တကျပြုစုထိန်းသိမ်းထားရှိရမည်ဖြစ်ပြီး သက်ဆိုင်ရာ ဒေသဆိုင်ရာကြီးကြပ်ရေးအဖွဲ့က လိုအပ်၍ တောင်းခံလျှင် တင်ပြခြင်း၊

(ဌ) နိုင်ငံခြားသားပုဂ္ဂလိကကျောင်းဆရာ သို့မဟုတ် နိုင်ငံခြားသားစီမံအုပ်ချုပ်သူ သို့မဟုတ် နိုင်ငံခြားသားဝန်ထမ်းများကို ခန့်အပ်ခြင်း၊ တာဝန်မှရပ်ဆိုင်းခြင်း၊ ထုတ်ပယ်ခြင်း သို့မဟုတ် အလုပ်ခန့်ထားမှုဆိုင်ရာ စာချုပ်ရပ်စဲခြင်း ပြုလုပ်လျှင် ထိုသို့ပြုလုပ်သည့်နေ့မှ ၁၄ ရက်အတွင်း သက်ဆိုင်ရာ ဒေသဆိုင်ရာကြီးကြပ်ရေးအဖွဲ့မှတစ်ဆင့် ကြီးကြပ်ရေးအဖွဲ့သို့ တင်ပြခြင်း၊

(ဍ) ကြီးကြပ်ရေးအဖွဲ့နှင့် သက်ဆိုင်ရာ ဒေသဆိုင်ရာကြီးကြပ်ရေးအဖွဲ့တို့က အခါအားလျော်စွာ ထုတ်ပြန်သည့် ညွှန်ကြားချက်များကို လိုက်နာခြင်း၊

(ဎ) ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း ပညာရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ကြီးကြပ်ရေးအဖွဲ့နှင့် သက်ဆိုင်ရာ ဒေသဆိုင်ရာကြီးကြပ်ရေးအဖွဲ့တို့က အခါအားလျော်စွာ ပေးအပ်သည့် လုပ်ငန်းတာဝန် များကို ဆောင်ရွက်ခြင်း။

၃၂။ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကအခြေခံပညာကျောင်းများသည် အောက်ပါအချက်များကို လိုက်နာ ဆောင်ရွက်ရမည် -

(က) နိုင်ငံတကာသင်ရိုးညွှန်းတမ်းနှင့် သင်ကြားသောကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိက အခြေခံပညာကျောင်း များမှအပ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကအခြေခံပညာကျောင်းများတွင် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်စေရန်၊ မြန်မာ့ယဉ်ကျေးမှုမပျောက်ပျက်စေရန် မြန်မာစာ၊ မြန်မာ့သမိုင်းနှင့် မြန်မာ့ပထဝီဝင် အပါအဝင် အမျိုးသားသင်ရိုး ညွှန်းတမ်းကော်မတီက သတ်မှတ်ထားသည့် သင်ရိုးညွှန်းတမ်းအပြည့်အစုံကို သင်ကြားခြင်း၊

(ခ) နိုင်ငံတကာသင်ရိုးညွှန်းတမ်းနှင့် သင်ကြားသောကိုယ်ပိုင်သို့မဟုတ် ပုဂ္ဂလိကအခြေခံပညာကျောင်း များတွင် မြန်မာနိုင်ငံသား သင်ယူသူများအား ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်စေရန်၊ မြန်မာ့ယဉ်ကျေးမှု မပျောက်ပျက်စေရန် အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီကသတ်မှတ်ထားသည့် မြန်မာစာ၊ မြန်မာ့သမိုင်းနှင့် မြန်မာ့ပထဝီဝင် သင်ရိုးညွှန်းတမ်းအပြည့်အစုံကို သင်ကြားခြင်း၊

(ဂ) နိုင်ငံတကာသင်ရိုးညွှန်းတမ်းနှင့် သင်ကြားသောကိုယ်ပိုင်သို့မဟုတ် ပုဂ္ဂလိကအခြေခံပညာကျောင်း များတွင် မြန်မာစာသင်ကြားလိုသော နိုင်ငံခြားသားသင်ယူသူများအား သက်ဆိုင်ရာအတန်းနှင့် လိုက်လျောညီထွေသည့် အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီက သတ်မှတ်ထားသော မြန်မာစာ သင်ရိုးညွှန်းတမ်းဖြင့် သင်ကြားခြင်း။

၃၃။ ကိုယ်ပိုင်သို့မဟုတ် ပုဂ္ဂလိကနည်းပညာနှင့် သက်မွေးဆိုင်ရာပညာရေးနှင့် လေ့ကျင့်ရေးကျောင်းများ သည် အောက်ပါအချက်များကိုလိုက်နာဆောင်ရွက်ရမည် -

(က) သက်ဆိုင်ရာဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း၊

(ခ) သက်ဆိုင်ရာဝန်ကြီးဌာန၏သတ်မှတ်ချက်များကိုလိုက်နာဆောင်ရွက်ခြင်း၊

(ဂ) သတ်မှတ်သင်တန်းများ တက်ရောက်နေဆဲဖြစ်စေ၊ ပြီးဆုံးအောင်မြင်ပြီးနောက်ဖြစ်စေ ဆက်လက်ပညာသင်ယူလိုသော သင်ယူသူအတွက် ကူးပြောင်းချိတ်ဆက် သင်ယူခွင့်အစီအစဉ်များ စနစ်တကျ ရေးဆွဲချမှတ်ထားခြင်း၊

(ဃ) သင်တန်းပြီးဆုံးကြောင်းလက်မှတ်၊ အောင်လက်မှတ်၊ ဒီပလိုမာ၊ ဘွဲ့၊ ဂုဏ်ထူးဆောင်ဘွဲ့များ ပေးအပ်ခြင်းကိုအမျိုးသားပညာရေးအဆင့်အတန်းနှင့် အရည်အသွေးအာမခံမှု အကဲဖြတ်ကော်မတီ၏ သတ်မှတ်ချက်နှင့်အညီ ဆောင်ရွက်ခြင်း၊

(င) နည်းပညာနှင့် သက်မွေးပညာရေးအဆင့် ခွဲခြားသတ်မှတ်ခြင်းကို အမျိုးသားပညာရေးဥပဒေနှင့်အညီ ဆောင်ရွက်ခြင်း၊

၃၄။ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကအဆင့်မြင့်ပညာကျောင်းများသည် အောက်ပါအချက်များကို လိုက်နာ ဆောင်ရွက်ရမည် -

(က) ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းသည် တက္ကသိုလ်ဖြစ်ပါက သက်ဆိုင်ရာ တက္ကသိုလ်အလိုက် ပဋိညာဉ် စာတမ်းရေးဆွဲပြီး ဝန်ကြီးဌာန၏ အတည်ပြုချက်ရယူခြင်း၊

(ခ) တက္ကသိုလ်၏ စီမံခန့်ခွဲရေးကို သက်ဆိုင်ရာ တက္ကသိုလ် ပဋိညာဉ်စာတမ်းနှင့်အညီ ဆောင်ရွက်ခြင်း၊

(ဂ) အသုံးချသုတေသနလုပ်ငန်းများကို စနစ်တကျဆောင်ရွက်ခြင်း၊

(ဃ) ဝန်ကြီးဌာန၏ခွင့်ပြုချက်ဖြင့် ဂုဏ်ထူးဆောင်ဘွဲ့များကို အပ်နှင်းချီးမြှင့်ခြင်း၊

(င) ဘာသာရပ်ဆိုင်ရာ အသင်းအဖွဲ့များ၊ လူမှုရေးနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များကို သက်ဆိုင်ရာ တက္ကသိုလ်ပဋိညာဉ်စာတမ်းနှင့်အညီ ဖွဲ့စည်းဆောင်ရွက်ခြင်း၊

(စ) သတ်မှတ်သင်တန်းများ တက်ရောက်နေဆဲဖြစ်စေ၊ ပြီးဆုံးအောင်မြင်ပြီးနောက်ဖြစ်စေ ဆက်လက်ပညာ သင်ယူလိုသော သင်ယူသူအတွက် ကူးပြောင်းချိတ်ဆက် သင်ယူခွင့် အစီအစဉ်များ စနစ်တကျ ရေးဆွဲချမှတ်ထားခြင်း။

၃၅။ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း၏ သင်ယူသူများသည်-

(က) အစိုးရကျောင်း၏ သင်ယူသူများနည်းတူ သက်ဆိုင်ရာ အရည်အသွေးသတ်မှတ်ချက်များနှင့်အညီ သင်ကြားသင်ယူမှုနှင့် ပညာရည်ဖွံ့ဖြိုးမှုအခွင့်အလမ်းများ ရရှိရမည်။

(ခ) ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းများနှင့် အစိုးရကျောင်းများအကြား အရည်အသွေး သတ်မှတ်ချက်များနှင့်အညီ ဆက်သွယ်ကူးပြောင်းသင်ယူနိုင်သည်။

(ဂ) နိုင်ငံတော်က သတ်မှတ်ထားသည့် ပညာရေးအဆင့် ပြီးမြောက်ကြောင်းစာမေးပွဲကို သတ်မှတ်ချက် နှင့် ကိုက်ညီပါက ဝင်ရောက်ဖြေဆိုနိုင်သည်။

အခန်း (၁၀)
ပုဂ္ဂလိကကျောင်းဆရာ

၃၆။ (က) ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းတွင် ပုဂ္ဂလိက ကျောင်းဆရာအဖြစ် ဆောင်ရွက်လိုသူ သည် မှတ်ပုံတင်လက်မှတ်ရရှိရန် -

(၁) မြန်မာနိုင်ငံသားဖြစ်ပါက သက်ဆိုင်ရာ ဒေသဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့သို့ သတ်မှတ်ချက်နှင့်အညီ လျှောက်ထားရမည်။

(၂) နိုင်ငံခြားသားဖြစ်ပါက သက်ဆိုင်ရာ ကိုယ်ပိုင်သို့မဟုတ် ပုဂ္ဂလိကကျောင်း၏ ထောက်ခံချက်ဖြင့် သက်ဆိုင်ရာ ဒေသဆိုင်ရာကြီးကြပ်ရေးအဖွဲ့သို့ သတ်မှတ်ချက်နှင့်အညီ လျှောက်ထားရမည်။

(ခ) ပုဂ္ဂလိကကျောင်းဆရာ မှတ်ပုံတင်လက်မှတ်သက်တမ်းသည် စတင်ထုတ်ပေးသည့်နေ့မှစ၍ သုံးနှစ် ဖြစ်သည်။ ပုဂ္ဂလိကကျောင်းဆရာ မှတ်ပုံတင်လက်မှတ် သက်တမ်း တိုးမြှင့်လိုပါက ခွင့်ပြုသက်တမ်း မကုန်ဆုံးမီ သုံးလကြိုတင်၍ လျှောက်ထားရမည်။

၃၇။ ပုဂ္ဂလိကကျောင်းဆရာအဖြစ် မှတ်ပုံတင်ခွင့်ရရှိသူသည် သက်ဆိုင်ရာဌာနငွေစာရင်းသို့ သတ်မှတ်ထားသော မှတ်ပုံတင်ကြေးနှင့် နှစ်စဉ်ကြေးပေးသွင်းပြီး မှတ်ပုံတင်လက်မှတ် ရယူရမည်။

၃၈။ ပုဂ္ဂလိကအခြေခံပညာကျောင်းဆရာသည် အနည်းဆုံး အောက်ပါအရည်အချင်း သတ်မှတ်ချက် တစ်ရပ်ရပ်နှင့် ကိုက်ညီသူ ဖြစ်ရမည် -

(က) ပြည်တွင်း သို့မဟုတ် ပြည်ပတက္ကသိုလ်တစ်ခုခုမှ သက်ဆိုင်ရာ ဘာသာရပ်နယ်ပယ်အလိုက် မဟာဘွဲ့၊ ပါရဂူဘွဲ့ သို့မဟုတ် ပညာရေးဘွဲ့ရရှိသူ၊

(ခ) ပြည်တွင်း သို့မဟုတ် ပြည်ပ တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီး ဆရာအတတ်ပညာဆိုင်ရာဒီပလိုမာ သို့မဟုတ် လက်မှတ်ရရှိသူ၊

(ဂ) ပြည်တွင်း သို့မဟုတ် ပြည်ပတက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီး ဝန်ကြီးဌာနက ဖွင့်လှစ်သော ဆရာအတတ် ပညာရက်တိုသင်တန်းဆင်းလက်မှတ်ရရှိသူ၊

(ဃ) ပုဒ်မခွဲ(က)မှ(ဂ) အထိ သတ်မှတ်အရည်အချင်းများနှင့် ပြည့်စုံမှုမရှိသော်လည်း ပြည်တွင်း သို့မဟုတ် ပြည်ပ တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီး တက္ကသိုလ်၊ ကောလိပ် သို့မဟုတ် အခြေခံပညာ ကျောင်းဆရာဖြစ်စေ၊ နိုင်ငံတော်မှ ခွင့်ပြုထားသည့် ဘာသာရပ်ဆရာဖြစ်စေ ဆောင်ရွက်ခဲ့ပြီး ဘာသာရပ် ဆိုင်ရာ သင်ကြားမှုအတွေ့အကြုံ အနည်းဆုံး ငါးနှစ်ရှိသူ။

၃၉။ ပုဂ္ဂလိကနည်းပညာနှင့် သက်မွေးဆိုင်ရာ ပညာရေးနှင့် လေ့ကျင့်ရေးကျောင်းဆရာသည် သက်ဆိုင်ရာ ဥပဒေများနှင့်အညီ သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံသူဖြစ်ရမည်။

၄၀။ ပုဂ္ဂလိကအဆင့်မြင့်ပညာကျောင်းဆရာသည် ပြည်တွင်း သို့မဟုတ် ပြည်ပတက္ကသိုလ်တစ်ခုခုမှ သက်ဆိုင်ရာ ဘာသာရပ်နယ်ပယ်အလိုက် မဟာဘွဲ့ သို့မဟုတ် ပါရဂူဘွဲ့ရရှိထားသူဖြစ်ရမည်။

၄၁။ ပုဂ္ဂလိကကျောင်းဆရာသည် -

(က) နိုင်ငံတော်အပေါ်သစ္စာစောင့်သိရိုသေရမည်။

(ခ) ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲဥပဒေများကိုလိုက်နာရမည်။

(ဂ) မိမိအားပေးအပ်ထားသော တာဝန်နှင့် ဝတ္တရားများကိုကျေပွန်စွာ ထမ်းဆောင်ရမည်။

(ဃ) အကျင့်စာရိတ္တပျက်ပြားခြင်းနှင့် သိက္ခာမဲ့စွာ ပြုမူနေထိုင် ခြင်းတို့မှ ရှောင်ကြဉ်ရမည်။

(င) တာဝန်အရအပ်နှင်းထားသည့်လုပ်ပိုင်ခွင့်ကိုအလွဲသုံးစားပြုခြင်းမှ ရှောင်ကြဉ်ရမည်။

(စ) လာဘ်ပေးလာဘ်ယူပြုလုပ်ခြင်းမှ ရှောင်ကြဉ်ရမည်။

အခန်း (၁၁)
အရည်အသွေးအကဲဖြတ်မှုနှင့် အရည်အသွေးအာမခံမှု

၄၂။ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းသည်အမျိုးသားပညာရေး အဆင့်မူဘောင်ကို ကိုးကား၍ အမျိုးသား ပညာရေးအဆင့်အတန်းနှင့် အရည်အသွေးအာမခံမှုအကဲဖြတ်ကော်မတီကချမှတ်သည့် ပညာအရည် အသွေးဆိုင်ရာ စံနှုန်းများအတိုင်း ပညာအရည်အသွေးတိုးတက်မှုအတွက် ဆောင်ရွက်ရမည်။

၄၃။ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းအသီးသီးသည် -

(က) အသိအမှတ်ပြုမှုရရှိရေး၊ အရည်အသွေးအာမခံမှုရှိရေး ကိစ္စများနှင့်စပ်လျဉ်း၍ အမျိုးသားပညာရေး အဆင့်အတန်းနှင့် အရည်အသွေးအာမခံမှု အကဲဖြတ်ကော်မတီ၏ သတ်မှတ်ချက်နှင့်အညီ ဆောင်ရွက် ရမည်။

(ခ) အမျိုးသားပညာရေးအဆင့်အတန်းနှင့် အရည်အသွေး အာမခံမှု အကဲဖြတ်ကော်မတီက သတ်မှတ်သော အဆင့်အလိုက် အရည်အသွေးအာမခံမှုဆိုင်ရာ စစ်ဆေးခြင်းများကို ခံယူရမည်။

၄၄။ အောက်ဖော်ပြပါကိုယ်ပိုင်သို့မဟုတ်ပုဂ္ဂလိကကျောင်းများသည် သက်ဆိုင်ရာဥပဒေနှင့်အညီ သတ်မှတ်ထားသော အမျိုးသားပညာရေးအဆင့်မူဘောင်နှင့်လည်းကောင်း၊ စံချိန်စံညွှန်းများနှင့် လည်းကောင်း ကိုက်ညီရမည်-

(က) ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကနည်းပညာနှင့် သက်မွေးဆိုင်ရာ ပညာရေးနှင့်လေ့ကျင့်ရေးကျောင်း၊

(ခ) ဝန်ကြီးဌာနက အခါအားလျော်စွာသတ်မှတ်သည့် ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း။

အခန်း (၁၂)
ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း အပြီးပိတ်သိမ်းခြင်းနှင့်စာရင်းရှင်းလင်းခြင်း

၄၅။ တည်ထောင်သူသည် ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းကို အပြီးပိတ်သိမ်းလိုပါက ရက်ပေါင်း ၁၂၀ ကြိုတင်၍ အကြောင်းပြချက်ခိုင်လုံစွာ ဖော်ပြထားသည့် ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း အပြီးပိတ်သိမ်းခွင့်လျှောက်လွှာကို သက်ဆိုင်ရာဒေသဆိုင်ရာကြီးကြပ် ရေးအဖွဲ့သို့ လျှောက်ထားရမည်။

၄၆။ တည်ထောင်သူသည် ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း အပြီးပိတ်သိမ်းခြင်းနှင့်စပ်လျဉ်း၍ စာရင်းရှင်းလင်းရေးအတွက် သက်ဆိုင်ရာ ဥပဒေများနှင့်အညီ ဆောင်ရွက်ရမည်။

၄၇။ တည်ထောင်သူသည် ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းကို အပြီးပိတ်သိမ်းပါက ပုဂ္ဂလိက ကျောင်းဆရာနှင့် ဝန်ထမ်းများကို အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်နှင့်အညီ ဆောင်ရွက်ရမည်။

၄၈။ တည်ထောင်သူသည် ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းကို အပြီးပိတ်သိမ်းပါက သင်ကြားပြီးဆုံး သော ပညာသင်နှစ်အတွက်မှအပ ကျန်ရှိသော ပညာသင်နှစ်အတွက် သင်ယူသူများ ကြိုတင် ပေးသွင်းထားသော ကျောင်းလခ၊ သင်တန်းကြေးနှင့် အခြားအခကြေးငွေများရှိပါက ယင်းတို့ကို အပြည့်အဝ ပြန်လည်ပေးအပ်ရမည်။

၄၉။ တည်ထောင်သူသည် ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းကို အပြီးပိတ်သိမ်းလိုပါက ပုဒ်မ ၄၈ ပါ ကိစ္စရပ်များကို ပြီးစီးအောင်ဆောင်ရွက်၍ စည်းကမ်းချက်များနှင့်အညီ စာရင်းရှင်းလင်းပြီးမှသာ သက်ဆိုင်ရာ ဒေသဆိုင်ရာကြီးကြပ်ရေးအဖွဲ့ထံသို့ လျှောက်ထား ရမည်။

၅၀။ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း အပြီးပိတ်သိမ်းခွင့်ပြုသည့်အခါ ပညာရေးဆိုင်ရာ လက်မှတ် သို့မဟုတ် အထောက်အထားကို သင်ယူသူအတွက် ထုတ်ပေးရန်လိုအပ်လျှင် ဝန်ကြီးဌာန သို့မဟုတ် သက်ဆိုင်ရာဝန်ကြီးဌာနက တာဝန်ပေးအပ်သောဌာနသည် ယင်းကျောင်းကိုယ်စား ပညာရေးဆိုင်ရာ လက်မှတ် သို့မဟုတ် အထောက်အထားကို သင်ယူသူအား သတ်မှတ်ချက်နှင့်ညီညွတ်ပါက ထုတ်ပေး ရမည်။

အခန်း (၁၃)
စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်းနှင့် အယူခံခြင်း

၅၁။ ကြီးကြပ်ရေးအဖွဲ့သည် ပုဒ်မ ၂၈၊ ပုဒ်မ ၃၀၊ ပုဒ်မ ၃၁၊ ပုဒ်မ ၃၂၊ ပုဒ်မ ၃၃ နှင့် ပုဒ်မ ၃၄ ပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်နှင့် ဤဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်း၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများပါ သတ်မှတ်ချက် တစ်ရပ်ရပ်ကို လိုက်နာရန် ပျက်ကွက်ပါက တည်ထောင်သူ၊ စီမံအုပ်ချုပ်သူ သို့မဟုတ် ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းအား အောက်ဖော်ပြပါ စီမံခန့်ခွဲရေးဆိုင်ရာ ပြစ်ဒဏ်တစ်ရပ်ရပ်ဖြစ်စေ၊ တစ်ရပ်ထက်ပို၍ ဖြစ်စေချမှတ်နိုင် သည်-

(က) စာဖြင့်သတိပေးခြင်း၊

(ခ) ဒဏ်ကြေးငွေတပ်ရိုက်ခြင်း၊

(ဂ) ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း မှတ်ပုံတင်လက်မှတ်ကို ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်း ခြင်း၊

(ဃ) ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း မှတ်ပုံတင် လက်မှတ်ကို ပယ်ဖျက်ခြင်း၊

(င) ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း မှတ်ပုံတင်လက်မှတ်ကို ပယ်ဖျက်၍ အမည်ပျက်စာရင်း ထည့်သွင်းခြင်း။

၅၂။ ကြီးကြပ်ရေးအဖွဲ့သည် မှတ်ပုံတင်လက်မှတ်ပါ စည်းကမ်းချက်တစ်ရပ်ရပ်ကို လိုက်နာရန် ပျက်ကွက်သော ပုဂ္ဂလိကကျောင်းဆရာအား စာဖြင့်သတိပေးခြင်း သို့မဟုတ် မှတ်ပုံတင်လက်မှတ်ကို ကာလ အကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်း သို့မဟုတ် မှတ်ပုံတင်လက်မှတ်ကို ပယ်ဖျက်ခြင်း ပြုရမည်။

၅၃။ ကြီးကြပ်ရေးအဖွဲ့က ချမှတ်သော စီမံခန့်ခွဲရေးဆိုင်ရာ အမိန့် တစ်ရပ်ရပ်ကို မကျေနပ်သူသည် ဝန်ကြီးဌာနကဖွဲ့စည်းသော အယူခံအဖွဲ့သို့ အမိန့်ချမှတ်သည့်နေ့မှ ရက်ပေါင်း ၆၀ အတွင်း အယူခံ ဝင်ရောက်နိုင်သည်။

၅၄။ ဝန်ကြီးဌာနသည် သင့်လျော်သောပုဂ္ဂိုလ် အနည်းဆုံး သုံးဦး ပါဝင်သော အယူခံအဖွဲ့ကို ဖွဲ့စည်းရမည်။

၅၅။ အယူခံအဖွဲ့သည် ကြီးကြပ်ရေးအဖွဲ့၏ ဆုံးဖြတ်ချက်ကိုအတည်ပြုခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းကို ပြုလုပ် နိုင်သည်။

၅၆။ အယူခံအဖွဲ့၏ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်သည်။

အခန်း (၁၄)
တားမြစ်ချက်များ

၅၇။ မည်သူမျှ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း မှတ်ပုံတင် လက်မှတ်မရှိဘဲ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိက ကျောင်းကိုတည်ထောင် ဖွင့်လှစ်ခြင်းမပြုရ။

၅၈။ မည်သူမျှ စီမံခန့်ခွဲရေးနည်းလမ်းအရ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း မှတ်ပုံတင်လက်မှတ်ကို ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းပြုသည့်ကာလအတွင်း အဆိုပါ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းကို ဖွင့်လှစ်ခြင်းမပြုရ။

၅၉။ မည်သူမျှ-

(က) ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း မှတ်ပုံတင်လျှောက်လွှာတွင် အချက်အလက်များကို မမှန်မကန်ဖော်ပြခြင်းမပြုရ၊

(ခ) ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း၏ မှတ်ပုံတင်လက်မှတ်ပါ အချက်အလက်တစ်ခုခုကို ကြီးကြပ်ရေးအဖွဲ့ သို့မဟုတ် သက်ဆိုင်ရာ ဒေသဆိုင်ရာကြီးကြပ်ရေးအဖွဲ့၏ ခွင့်ပြုချက်မရှိဘဲ ပြင်ဆင် ပြောင်းလဲခြင်း မပြုရ၊

(ဂ) ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းနှင့်စပ်လျဉ်း၍ မမှန်မကန်ကြော်ငြာခြင်း မပြုရ၊

(ဃ) ဤဥပဒေနှင့်အညီ မှတ်ပုံတင်ထားခြင်းမရှိဘဲ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိက ကျောင်းအဖြစ် ကြော်ငြာခြင်း မပြုရ၊

(င) ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း မှတ်ပုံတင်လက်မှတ်ကို အခြားသူ သို့မဟုတ် အဖွဲ့အစည်း တစ်ခုခုအား လွှဲပြောင်းသုံးစွဲခွင့် မပြုရ၊

(စ) ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းကို ကြီးကြပ်ရေးအဖွဲ့ သို့မဟုတ် သက်ဆိုင်ရာ ဒေသဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့၏ ခွင့်ပြုချက်မရရှိဘဲ အပြီးပိတ်သိမ်းခြင်း သို့မဟုတ် အချင်းချင်းပေါင်းစည်းခြင်း မပြုရ။

၆၀။ မည်သူမျှ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း၏အမည်နှင့်စပ်လျဉ်း၍ ပြည်တွင်း သို့မဟုတ် ပြည်ပရှိကျောင်း သို့မဟုတ် ပညာရေးအဖွဲ့အစည်းတစ်ခုခုနှင့် တရားဝင်ပေါင်းစပ်မှုရှိသည်ဟု အများပြည်သူ ထင်ယောင်ထင်မှားဖြစ်စေသော အမည်နှင့် အသုံးအနှုန်းများကို သုံးစွဲခြင်းမပြုရ။

၆၁။ မည်သူမျှ ပုဂ္ဂလိကကျောင်းဆရာ မှတ်ပုံတင်လက်မှတ်မရှိသောသူကို ပုဂ္ဂလိကကျောင်းဆရာအဖြစ် ခန့်အပ်ခြင်း သို့မဟုတ် သင်ကြားစေခြင်း မပြုရ။

၆၂။ မည်သူမျှ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း၏ ပရိဝုဏ် သို့မဟုတ် အဆောက်အဦတွင် ဥပဒေနှင့် ဆန့်ကျင်သော လုပ်ဆောင်မှုများ၊ အများပြည်သူကို ထိခိုက်နစ်နာစေသော လုပ်ဆောင်မှုများ၊ ကျောင်းလုပ်ငန်းနှင့် လျော်ကန်မှုမရှိသော လုပ်ဆောင်မှုများ မပြုလုပ်ရ။

၆၃။ မည်သူမျှ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းတွင် နိုင်ငံတော်တည်ငြိမ်ရေး၊ လုံခြုံရေး၊ သို့မဟုတ် အမျိုးသားယဉ်ကျေးမှုကို ထိခိုက်စေနိုင်သော လုပ်ရပ်များ မပြုလုပ်ရ။

၆၄။ မည်သူမျှ ပုဂ္ဂလိကကျောင်းဆရာ မှတ်ပုံတင်လက်မှတ်မရှိဘဲပုဂ္ဂလိကကျောင်းဆရာအဖြစ် ဆောင်ရွက်ခြင်း မပြုရ။

၆၅။ မည်သူမျှ စီမံခန့်ခွဲရေးနည်းလမ်းအရ ပုဂ္ဂလိကကျောင်းဆရာ မှတ်ပုံတင်လက်မှတ်ကို ကာလ အကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းပြုသည့် ကာလအတွင်း ပုဂ္ဂလိကကျောင်း ဆရာအဖြစ် ဆောင်ရွက်ခြင်းမပြုရ။

၆၆။ မည်သူမျှ-

(က) ပုဂ္ဂလိကကျောင်းဆရာ မှတ်ပုံတင်လျှောက်လွှာတွင် အချက်အလက်များကို မမှန်မကန်ဖော်ပြခြင်း မပြုရ၊

(ခ) ပုဂ္ဂလိကကျောင်းဆရာ မှတ်ပုံတင်လက်မှတ်ပါ အချက်အလက်တစ်ခုခုကို ခွင့်ပြုချက်မရဘဲ ပြင်ဆင် ပြောင်းလဲခြင်းမပြုရ၊

(ဂ) ပုဂ္ဂလိကကျောင်းဆရာမှတ်ပုံတင်လက်မှတ်ကိုအခြားသူအား လွှဲပြောင်းခြင်းမပြုရ။

၆၇။ မည်သူမျှ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းများတွင် ဘာသာရေးကို ထိခိုက်စေမည့် အကြောင်းအရာများ၊ မြန်မာ့ယဉ်ကျေးမှုနှင့် မလျော်ညီသော အကြောင်းအရာများကို ဟောပြောခြင်း၊ ပို့ချခြင်း၊ ထည့်သွင်း ပြောကြားခြင်း၊ သင်ကြားခြင်း၊ ဆွေးနွေးခြင်း သို့မဟုတ် ထိုသို့ဆောင်ရွက်ရန် စီစဉ်ဆောင်ရွက်ခြင်းမပြုရ။

၆၈။ မည်သူမျှ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းများတွင် နိုင်ငံတော်မူဝါဒနှင့် ဆန့်ကျင်သော ပါတီနိုင်ငံရေးဆိုင်ရာ အကြောင်းအရာများနှင့် နိုင်ငံရေးအကြောင်းအရာများကို ဟောပြောခြင်း၊ ပို့ချခြင်း၊ ထည့်သွင်းပြောကြားခြင်း၊ သင်ကြားခြင်း၊ ဆွေးနွေးခြင်း သို့မဟုတ် ထိုသို့ဆောင်ရွက်ရန် စီစဉ်ဆောင်ရွက် ခြင်း မပြုရ။

၆၉။ ကိုယ်ပိုင်သို့မဟုတ် ပုဂ္ဂလိကကျောင်း မှတ်ပုံတင်လက်မှတ်တွင် ဖော်ပြထားသူမှအပ မည်သူမျှ တည်ထောင်သူနှင့် စီမံအုပ်ချုပ်သူအဖြစ် ဆောင်ရွက်ခြင်းမပြုရ။

အခန်း (၁၅)
ပြစ်မှုနှင့် ပြစ်ဒဏ်များ

၇၀။ မည်သူမဆို ပုဒ်မ ၅၇ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန် ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကိုထောင်ဒဏ်အနည်းဆုံးတစ်နှစ်မှ အများဆုံးနှစ်နှစ်ထိဖြစ်စေ၊ ငွေဒဏ်အနည်း ဆုံး ကျပ်သိန်း ၃ဝ၀ မှ အများဆုံး ကျပ်သိန်း ၅၀၀ ထိ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

၇၁။ မည်သူမဆို ပုဒ်မ ၅၈ ၊ ပုဒ်မ ၅၉ နှင့် ပုဒ်မ ၆၀ ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ထောင်ဒဏ်အနည်းဆုံး ခြောက်လမှ အများဆုံးတစ်နှစ်ထိဖြစ်စေ၊ ငွေဒဏ်အနည်းဆုံး ကျပ်သိန်း ၂၀၀ မှ အများဆုံး ကျပ်သိန်း ၃၀၀ ထိ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

၇၂။ မည်သူမဆို ပုဒ်မ ၆၁၊ ပုဒ်မ ၆၂ နှင့် ပုဒ်မ ၆၃ ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ထောင်ဒဏ်အနည်းဆုံးတစ်နှစ်မှ အများဆုံး နှစ်နှစ်ထိဖြစ်စေ၊ ငွေဒဏ်အနည်းဆုံး ကျပ်သိန်း ၃ဝဝ မှ အများဆုံး ကျပ်သိန်း ၅၀၀ ထိ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်။

၇၃။ မည်သူမဆို ပုဒ်မ ၆၄ နှင့် ပုဒ်မ ၆၅ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ငွေဒဏ်အနည်းဆုံး ကျပ်သိန်း ၃၀မှ အများဆုံး ကျပ်သိန်း ၅၀ ထိချမှတ်ရမည်။

၇၄။ မည်သူမဆို ပုဒ်မ ၆၆၊ ပုဒ်မ ၆၇ နှင့် ပုဒ်မ ၆၈ ပါတားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန် ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ထောင်ဒဏ်အနည်းဆုံးခြောက်လမှ အများဆုံး တစ်နှစ်ထိဖြစ်စေ၊ ငွေဒဏ် အနည်းဆုံး ကျပ်သိန်း ၃၀ မှ အများဆုံး ကျပ်သိန်း ၅၀ ထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

၇၅။ မည်သူမဆို ပုဒ်မ ၆၉ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကိုထောင်ဒဏ်အနည်းဆုံးခြောက်လမှ အများဆုံး တစ်နှစ်ထိဖြစ်စေ၊ ငွေဒဏ် အနည်းဆုံး ကျပ်သိန်း ၅၀ မှ အများဆုံး ကျပ်သိန်း ၁၀၀ ထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

အခန်း (၁၆)
အထွေထွေ

၇၆။ တည်ထောင်သူ သို့မဟုတ် စီမံအုပ်ချုပ်သူသည် ငွေကြေး၊ စက်ပစ္စည်း၊ ကျောင်းသုံးပစ္စည်း၊ နည်းပညာ၊ မူပိုင်ခွင့်အခွင့်အရေး၊ မြေ၊ အဆောက်အအုံ၊ စာသင်ခန်း၊ ပရိဘောဂတို့ကို လှူဒါန်းရရှိခြင်းဖြစ်လျှင် လှူဒါန်းခြင်းသဘောတူညီမှု အထောက်အထား၊ လှူဒါန်းသူအမည်၊ လှူဒါန်းပစ္စည်းအမျိုးအစားနှင့် အရေအတွက်၊ လိုအပ်သော အထောက်အထားများနှင့် ၎င်းတို့ကို အသုံးပြုမှုနှင့် စီမံခန့်ခွဲမှုတို့ကို တိကျစွာ ဖော်ပြထားသော မှတ်တမ်းထားရှိရမည်။

၇၇။ ဤဥပဒေအရ ချမှတ်သည့် စီမံခန့်ခွဲရေးဆိုင်ရာပြစ်ဒဏ်သည် ပြစ်မှုကြောင်းအရဖြစ်စေ၊ တရားမကြောင်း အရဖြစ်စေ အရေးယူခြင်းကို ပိတ်ပင်ခြင်းမရှိစေရ။

၇၈။ ဤဥပဒေအရ -

(က) အရေးယူသောပြစ်မှုများကို ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများအဖြစ် သတ်မှတ်သည်။

(ခ) တရားစွဲဆိုရာတွင် ဝန်ကြီးဌာန၏ ကြိုတင်ခွင့်ပြုမိန့် ရယူရမည်။

(ဂ) ပြစ်မှုထင်ရှားစီရင်ခြင်းခံရသူတစ်ဦးကို နစ်နာသူက မိမိ၏နစ်နာမှုအတွက် တရားမကြောင်းအရ လည်း တရားစွဲဆိုနိုင်သည်။

၇၉။ ကိုယ်ပိုင်သို့မဟုတ်ပုဂ္ဂလိကကျောင်းသည်မှတ်ပုံတင်လက်မှတ် ရရှိသည့်နေ့မှစ၍ ၎င်း၏အမည်၊ အမှတ်တံဆိပ်တို့ဖြင့် ဆောင်ရွက်ပိုင်ခွင့်၊ စဉ်ဆက်မပြတ် ဆက်ခံဆောင်ရွက်ပိုင်ခွင့်၊ တရားစွဲဆိုခွင့်နှင့် တရားစွဲဆိုခံပိုင်ခွင့် ရှိစေရမည်။

၈၀။ ဤဥပဒေအာဏာမတည်မီ တည်ထောင်ထားသော ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းများ အားလုံးသည် ဤဥပဒေအာဏာ တည်သည့်နေ့မှစ၍ တစ်နှစ်အတွင်း ဤဥပဒေနှင့်အညီ မှတ်ပုံတင်၍ ဆောင်ရွက်ရမည်။

၈၁။ (က) ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်ဥပဒေ (၂၀၁၁ ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၄) ကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။

(ခ) ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည့် ကိုယ်ပိုင်ကျောင်း မှတ်ပုံတင်ဥပဒေအရ ထုတ်ပြန်ခဲ့သော နည်းဥပဒေများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းများနှင့် စည်းကမ်းများကို ဤဥပဒေနှင့် မဆန့်ကျင်ပါက ဆက်လက်ကျင့်သုံးနိုင်သည်။

၈၂။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် -

(က) ဝန်ကြီးဌာနသည် နည်းဥပဒေများ၊ စည်းမျဉ်းနှင့် စည်းကမ်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။

(ခ) ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနသည် အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။

(ဂ) ကြီးကြပ်ရေးအဖွဲ့နှင့် ဒေသဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့တို့သည် အမိန့်ကြော်ငြာစာနှင့် ညွှန်ကြားချက်များကို ထုတ်ပြန်နိုင်သည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ကျွန်ုပ် လက်မှတ်ရေးထိုး သည်။

(ပုံ) မင်းအောင်လှိုင်
ဗိုလ်ချုပ်မှူးကြီး
ဥက္ကဋ္ဌ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ