၁၉၇၄ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ စက်မှု၊ စိုက်ပျိုးနှင့် သက်မွေးပညာရေး ဥပဒေ

From Wikisource
Jump to navigation Jump to search
၁၉၇၄ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ စက်မှု၊ စိုက်ပျိုးနှင့် သက်မွေးပညာရေး ဥပဒေ  (1974) 
by ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ

ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ

၁၉၇၄ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ စက်မှု၊ စိုက်ပျိုးနှင့် သက်မွေးပညာရေး ဥပဒေ

[၁၉၇၄ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ ဥပဒေအမှတ် ၄။]

ရန်ကုန်မြို့၊ ၁၃၃၅ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၉ရက်။

(၁၉၇၄ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၅ရက်။)


အောက်ဖေါ်ပြပါ ဥပဒေကို ထုတ်ပြန်ကျေညာသည်။

နိဒါန်း[edit]

ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီသည်၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်အရ၊ ပြည်ထောင်စု မြန်မာနိုင်ငံတွင် ဆိုရှယ်လစ် လူ့ဘောင်ကို တည်ဆောက်လျက်ရှိပေသည်။ ယင်းသို့ တည်ဆောက်နိုင်ရန် အလို့ငှါ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် လိုအပ်သော စက်မှု၊ စိုက်ပျိုးနှင့် သက်မွေးဆိုင်ရာ အတတ် ပညာရှင်များ၊ ကျွမ်းကျင်သူများကို ပြုစုပျိုးထောင်နိုင်ရန်နှင့် စက်မှု၊ စိုက်ပျိုးနှင့်သက်မွေး ပညာရပ် ဆိုင်ရာလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရန် တော်လှန်ရေးကောင်စီသည်၊ အောက်ပါ ဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

အခန်း ၁[edit]

အမည်၊ အာဏာတည်သည့် နေ့ရက်နှင့် အဓိပ္ပါယ်ဖေါ်ပြချက်


၁။ ။ (က) ဤဥပဒေကို ၁၉၇၄ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ စက်မှု၊ စိုက်ပျိုးနှင့်သက်မွေးပညာရေး ဥပဒေဟု ခေါ်တွင်စေရမည်။

(ခ) ဤဥပဒေသည် ပြည်ထောင်စုမြန်မာနိုင်ငံ တဝန်းလုံးတွင် ချက်ခြင်းအာဏာတည်စေရမည်။


၂။ ။ ဤဥပဒေတွင် စကားရပ်များသည်၊ အောက်ပါအတိုင်း အဓိပ္ပါယ်သက်ဝင်စေရမည်-

(က) “ဤဥပဒေ” ဆိုသည်မှာ၊ ၁၉၇၄ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ စက်မှု၊ စိုက်ပျိုးနှင့်သက်မွေး ပညာရေး ဥပဒေကိုဆိုသည်။
(ခ) “စက်မှု၊ စိုက်ပျိုးနှင့်သက်မွေးပညာရပ်များ” ဆိုသည်မှာ၊ စက်မှု၊ စိုက်ပျိုးနှင့်သက်မွေးပညာရေး၏ အဓိကရည်မှန်းချက်များကို အကောင်အထည်ဖေါ်ရန်အတွက် စက်မှု၊ စိုက်ပျိုးနှင့်သက်မွေးပညာ ဦးစီး ဌာနက ကြီးကြပ်ကွပ်ကဲသည့် စက်မှု၊ စိုက်ပျိုးနှင့်သက်မွေးပညာသင်ကျောင်း/သိပ္ပံအသီးသီးမှ သင်ပြ လေ့ကျင့်ပေးသော မည်သည့်အသက်မွေးဝမ်းကျောင်း ပညာရပ်ကိုမဆို ဆိုသည်။
(ဂ) “စက်မှု၊ စိုက်ပျိုးနှင့်သက်မွေးပညာသင်ကျောင်း/သိပ္ပံ” ဆိုသည်မှာ၊ စက်မှု၊ စိုက်ပျိုးနှင့် သက်မွေး ပညာ ဦးစီးဌာနက ကြီးကြပ်ကွပ်ကဲသော အသက်မွေးဝမ်းကျောင်း ပညာရပ်များကို သင်ပြလေ့ကျင့် ပေးသည့်ကျောင်း၊ သို့မဟုတ် သိပ္ပံကို ဆိုသည်။
(ဃ) “ကောင်စီ” ဆိုသည်မှာ၊ ပုဒ်မ ၄ အရ ဖွဲ့စည်းသည့် စက်မှု၊ စိုက်ပျိုးနှင့်သက်မွေးပညာရေးကောင်စီ ကို ဆိုသည်။


အခန်း ၂[edit]

ရည်မှန်းချက်များ


၃။ ။ စက်မှု၊ စိုက်ပျိုးနှင့်အသက်မွေးပညာရေး၏ အဓိကရည်မှန်းချက်များမှာ အောက်ပါအတိုင်း ဖြစ်စေ ရမည်-

(က) စက်မှုလုပ်ငန်းများ တည်ထောင်ရာတွင် လိုအပ်မည့် အတတ်ပညာရှင်များနှင့် ကျွမ်းကျင်သူများ ကို ပြုစုပျိုးထောင်ပေးရန်၊
(ခ) စိုက်ပျိုး၊ မွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ယင်းလုပ်ငန်းများတွင် ခေတ်မီ နည်းစနစ်များကို ကျယ်ပြန့်စွာ အသုံးချလာစေရန် လိုအပ်မည့် အတတ်ပညာရှင်များနှင့် ကျွမ်းကျင်သူ များကို ပြုစုပျိုးထောင်ပေးရန်၊
(ဂ) ပြည်ထောင်စုမြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစနစ်များနှင့်ကိုက်ညီသည့် အသက်မွေး ဝမ်းကျောင်းပညာရပ်များကို လိုအပ်သလို တိုးချဲ့သင်ကြားပေးရန်၊
(ဃ) အတတ်ပညာရှင်များနှင့် ကျွမ်းကျင်သူများကို ပြုစုပျိုးထောင်ရာတွင် ဆိုရှယ်လစ်အသိစိတ်ဓါတ် နှင့်ခံယူချက်များပါ ပြည့်ဝစေရန် အစီအစဉ်များချမှတ်၍ ဆောင်ရွက်ပေးရန်။


အခန်း ၃[edit]

ဖွဲ့စည်းပုံ


၄။ ။ စက်မှု၊ စိုက်ပျိုးနှင့်သက်မွေးပညာရေး၏ အဓိကရည်မှန်းချက်များကို အကောင်အထည်ဖေါ်ရာတွင် တိကျစွာညွှန်ကြားပေးနိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနသည်၊ စက်မှု၊ စိုက်ပျိုးနှင့် သက်မွေး ပညာရေးကောင်စီတရပ်ကို အမိန့်ကြော်ငြာစာထုတ်ပြန်၍ ဖွဲ့စည်းပေးရမည်။


၅။ ။ စက်မှု၊ စိုက်ပျိုးနှင့် သက်မွေးပညာရေးကောင်စီတွင် အောက်ပါပုဂ္ဂိုလ်များ ပါဝင်စေရမည် -

(က) ပညာရေးဝန်ကြီး ဥက္ကဋ္ဌ
(ခ) ဒုတိယဝန်ကြီး၊ ပညာရေးဝန်ကြီးဌာန ဒုတိယဥက္ကဋ္ဌ
(ဂ) မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီက ဦးဆောင်သော
လူထုလူတန်းစား အဖွဲ့အစည်းများမှ ကိုယ်စားလှယ် သုံးဦး
အဖွဲ့ဝင်
(ဃ) ညွှန်ကြားရေးမှူးချုပ်၊ စက်မှု၊ စိုက်ပျိုးနှင့် သက်မွေးပညာဦးစီးဌာန အဖွဲ့ဝင်
(င) ညွှန်ကြားရေးမှူးချုပ်၊ အခြေခံပညာဦးစီးဌာန အဖွဲ့ဝင်
(စ) ညွှန်ကြားရေးမှူးချုပ်၊ အထက်တန်းပညာဦးစီးဌာန အဖွဲ့ဝင်
(ဆ) ဥက္ကဋ္ဌ၊ ပြည်ထောင်စုမြန်မာနိုင်ငံ စာစစ်အဖွဲ့ အဖွဲ့ဝင်
(ဇ) ပါမောက္ခချုပ်၊ ရန်ကုန်စက်မှုတက္ကသိုလ် အဖွဲ့ဝင်
(ဈ) ပါမောက္ခချုပ်၊ စိုက်ပျိုးရေးတက္ကသိုလ် အဖွဲ့ဝင်
(ည) လယ်ယာနှင့် သစ်တောဝန်ကြီးဌာနမှ ကိုယ်စားလှယ်တစ်ဦး အဖွဲ့ဝင်
(ဋ) သတ္တုတွင်းဝန်ကြီးဌာနမှ ကိုယ်စားလှယ်တစ်ဦး အဖွဲ့ဝင်
(ဌ) စက်မှု ဝန်ကြီးဌာနမှ ကိုယ်စားလှယ်တစ်ဦး အဖွဲ့ဝင်
(ဍ) အလုပ်သမားဝန်ကြီးဌာနမှ ကိုယ်စားလှယ်တစ်ဦး အဖွဲ့ဝင်
(ဎ) ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်တစ်ဦး အဖွဲ့ဝင်
(ဏ) ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာနမှ ကိုယ်စားလှယ်တစ်ဦး အဖွဲ့ဝင်
(တ) ပြည်ထဲရေးနှင့် သာသနာရေး ဝန်ကြီးဌာနမှ ကိုယ်စားလှယ်တစ်ဦး အဖွဲ့ဝင်
(ထ) အစိုးရခန့်ပုဂ္ဂိုလ်များ အဖွဲ့ဝင်
(ဒ) ညွှန်ကြားရေးမှူး၊ စက်မှု၊ စိုက်ပျိုးနှင့် သက်မွေးပညာဦးစီးဌာန အတွင်းရေးမှူး
(ဓ) ဒုတိယညွှန်ကြားရေးမှူး(စက်မှု၊လက်မှု)၊ စက်မှု၊ စိုက်ပျိုးနှင့်သက်မွေးပညာဦးစီးဌာန တွဲဖက်အတွင်းရေးမှူး
(န) ဒုတိယညွှန်ကြားရေးမှူး (စိုက်ပျိုး)၊ စက်မှု၊ စိုက်ပျိုးနှင့် သက်မွေးပညာဦးစီးဌာန တွဲဖက်အတွင်းရေးမှူး

၆။ ။ စက်မှု၊ စိုက်ပျိုးနှင့် သက်မွေးပညာရေးကောင်စီတွင် ပါဝင်ကြသော ရာထူးအရ မဟုတ်သည့် အဖွဲ့ဝင်များ၏ သက်တမ်းသည် သုံးနှစ်ဖြစ်စေရမည်။


အခန်း ၄[edit]

ကောင်စီ၏ လုပ်ငန်းတာဝန်များ


၇။ ။ စက်မှု၊ စိုက်ပျိုးနှင့် သက်မွေးပညာရေးကောင်စီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်း ဖြစ်စေရမည်-

(က) စက်မှု၊ စိုက်ပျိုးနှင့် သက်မွေးပညာသင်ကျောင်း/သိပ္ပံအသီးသီးရှိ သင်တန်းများသည်၊ ပြည်ထောင်စုမြန်မာနိုင်ငံ၏ စီးပွါးရေးစီမံကိန်းနှင့် စပ်ဟပ်မှုရှိစေရန်လည်းကောင်း၊ မြန်မာ့ဆိုရှယ်လစ် လူ့ဘောင်တည်ဆောက်ထိန်းသိမ်းမှုအတွက် သင့်တော်သည့် အသက်မွေးဝမ်းကျောင်း ပညာရပ်များကို လည်း လိုအပ်သလို တိုးချဲ့သင်ပြရန်လည်းကောင်း၊ စက်မှု၊ စိုက်ပျိုးနှင့် သက်မွေးပညာဦးစီးဌာနအား လမ်းညွှန်မှုများ ချမှတ်ပေးခြင်း။
(ခ) လိုအပ်သော စက်မှု၊ စိုက်ပျိုးနှင့် သက်မွေးပညာသင်ကျောင်း/သိပ္ပံများ တိုးချဲ့ဖွင့်လှစ်ရေးအတွက် ပညာရေးဝန်ကြီးဌာနသို့ ထောက်ခံတင်ပြခြင်း။
(ဂ) စက်မှု၊ စိုက်ပျိုးနှင့် သက်မွေးပညာသင်ကျောင်း/သိပ္ပံအသီးသီးရှိ သင်တန်းများ၊ ယင်းသင်တန်းများ အတွက် သင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာ၊ ကျောင်းသုံးစာအုပ်များနှင့် သင်ကြားရမည့်အချိန်ကာလ များကို လိုအပ်သည့် အဆင့်အတန်းရှိစေရန်နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေးစနစ်များနှင့် ကိုက်ညီအောင်စိစစ်၍ အတည်ပြုပေးခြင်း။
(ဃ) အကြောင်းအမျိုးမျိုးကြောင့် အခြေခံပညာကို ဆက်လက် မသင်ကြားနိုင်သူများအား သင့်တော် မည့်အဆင့်တွင်၊ သင့်တော်မည့် အသက်မွေးဝမ်းကျောင်း ပညာရပ်များကို သင်ပြရေးအတွက် ပညာရေး ဝန်ကြီးဌာနသို့ ထောက်ခံတင်ပြခြင်း။
(င) စက်မှု၊ စိုက်ပျိုးနှင့် သက်မွေးပညာသင်ကျောင်း/သိပ္ပံတို့အတွက် ဆရာများပြုစုပျိုးထောင်ရာတွင် လိုအပ်သော သင်တန်းများ ဖွင့်လှစ်ရေးအတွက် ပညာရေးဝန်ကြီးဌာနသို့ ထောက်ခံတင်ပြခြင်း။
(စ) စက်မှု၊ စိုက်ပျိုးနှင့် သက်မွေးပညာသင်ကျောင်း/သိပ္ပံတို့အတွက် ပညာရေးကော်မီတီများ၊ ကျောင်း၊ သို့မဟုတ် သိပ္ပံ စီမံခန့်ခွဲရေးအဖွဲ့များ၊ စာစစ်အဖွဲ့များ၊ သင်ရိုးညွှန်းတမ်းအဖွဲ့များ၊ ကျောင်းသုံးစာအုပ် ပြဋ္ဌာန်းရေးကော်မီတီနှင့် အခြားအဖွဲ့များကို လိုအပ်သလို ဖွဲ့စည်းပေးခြင်း။
(ဆ) အပိုဒ် (စ) အရ ဖွဲ့စည်းပေးသည့် ကော်မီတီနှင့် အဖွဲ့အသီးသီး၏ အဖွဲ့ဝင်ဦးရေနှင့် လုပ်ငန်း တာဝန်များကို သတ်မှတ်ပေးခြင်း။


အခန်း ၅[edit]

စက်မှု၊ စိုက်ပျိုးနှင့် သက်မွေးပညာရေး စီမံခန့်ခွဲမှု


၈။ ။ စက်မှု၊ စိုက်ပျိုးနှင့် သက်မွေးပညာရေးကို ပညာရေးဝန်ကြီးဌာနက ကြီးကြပ် ကွပ်ကဲရမည်။


၉။ ။ စက်မှု၊ စိုက်ပျိုးနှင့် သက်မွေးပညာဦးစီးဌာနသည်၊ စက်မှု၊ စိုက်ပျိုးနှင့် သက်မွေးပညာရေး၏ အဓိကရည်မှန်းချက်များ အောင်မြင်ထမြောက်စေရန်၊ စက်မှု၊ စိုက်ပျိုးနှင့် သက်မွေးပညာရေးကောင်စီနှင့် ယင်းကောင်စီက ဖွဲ့စည်းထားသော ကော်မီတီများ၊ အဖွဲ့များနှင့် ညှိနှိုင်း၍ လိုအပ်သလို ဆောင်ရွက်သွား ရမည်။


၁၀။ ။ စက်မှု၊ စိုက်ပျိုးနှင့် သက်မွေးပညာသင်ကျောင်းနှင့် သိပ္ပံအသီးသီးမှ အောင်လက်မှတ် ထုတ်ပေး ရေးအတွက် စာမေးပွဲများကို စက်မှု၊ စိုက်ပျိုးနှင့် သက်မွေးပညာဦးစီးဌာနက ကြီးကြပ်ကွပ်ကဲ၍ ဆောင်ရွက်သွားရမည်။


အခန်း ၆[edit]

ဘဏ္ဍာရေး


၁၁။ ။ (က) စက်မှု၊ စိုက်ပျိုးနှင့် သက်မွေးပညာဦးစီးဌာနသည်၊ ယင်း၏ဝင်ငွေ ထွက်ငွေများနှင့် စပ်လျဉ်း၍ အခြားအစိုးရဌာနများနည်းတူ၊ ရ-သုံးခန့်မှန်းခြေ ငွေစာရင်းကို အစိုးရထံ တင်သွင်းရမည်။

(ခ) စက်မှု၊ စိုက်ပျိုးနှင့် သက်မွေးပညာဦးစီးဌာနသည်၊ ယင်း၏ ဝင်ငွေအားလုံးကို အစိုးရငွေစာရင်းသို့ ရငွေအဖြစ် ထည့်သွင်းရမည်။
(ဂ) စက်မှု၊ စိုက်ပျိုးနှင့် သက်မွေးပညာဦးစီးဌာနသည်၊ ယင်း၏ အသုံးစရိတ်များကို အစိုးရက ပြဋ္ဌာန်းထားသည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ သုံးစွဲရမည်။


(ပုံ) နေဝင်း၊

ဥက္ကဋ္ဌ၊

ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ။


ရန်ကုန်မြို့၊ ၁၃၃၅ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၉ ရက်။

(၁၉၇၄ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၅ ရက်။)


အမိန့်အရ၊

(ပုံ) ဒုတိယ ဗိုလ်မှူးကြီး မြကျော်၊

အတွင်းရေးမှူး၊

ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ။