၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် နည်းဥပဒေများ

From Wikisource
Jump to navigation Jump to search
၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် နည်းဥပဒေများ  (1974) 
၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေလည်းရှု
ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်

နိုင်ငံတော်ကောင်စီ
နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် နည်းဥပဒေများ
[၁၉၇၄ ခုနှစ်၊ ပြည်သူ့လွှတ်တော် နည်းဥပဒေများ အမှတ် ၂။]
ရန်ကုန်မြို့၊ ၁၃၃၅ ခုနှစ်၊ နှောင်းတန်းခူးလဆန်း ၈ ရက်။

(၁၉၇၄ ခုနှစ်၊ မတ်လ ၃၀ ရက်။)

အောက်ဖေါ်ပြပါနည်းဥပဒေကို ထုတ်ပြန်ကြေညာသည်။

နိဒါန်း

နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် ဥပဒေပုဒ်မ ၅ ဖြင့် အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်များကို သုံးစွဲလျက်၊ ပြည်သူ့လွှတ်တော်သည် နိုင်ငံတော် အထိမ်းအမှတ်တံဆိပ်ကို အသုံးပြုခြင်းနှင့် စပ်လျဉ်း၍ အောက်ပါ နည်းဥပဒေများကို ပြဋ္ဌာန်းလိုက်သည်။

အခန်း ၁
အမည်၊ အာဏာတည်သည့်နေ့ရက်

၁။ (က) ဤနည်းဥပဒေများကို နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်နည်းဥပဒေများဟု ခေါ်တွင်စေရမည်၊

(ခ) ဤနည်းဥပဒေများသည် နိုင်ငံတဝန်းလုံးတွင် ချက်ချင်းအာဏာတည်ရမည်။
အခန်း ၂
နိုင်ငံတော် အထိမ်းအမှတ်တံဆိပ်ပါ အမှတ်အသားများ

၂။ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ပါ အမှတ်အသားများမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) နိုင်ငံတော် အထိမ်းအမှတ်တံဆိပ်၏ အလယ်တွင် ပင်နီယံတခုရှိပြီး၊ ယင်းတွင်တူညီသော စက်သွားစိတ် ၁၄ စိတ်ပါရှိသည်။ ပင်နီယံပေါ်တွင် မြန်မာနိုင်ငံ မြေပုံပါရှိသည်။ ပင်နီယံကို စပါးနှံနှစ် ခက်က ဝန်းရံထားသည်၊
(ခ) စပါးနှံများ၏ တဘက်တချက်တွင် အနုပညာ မြောက် မြန်မာခြင်္သေ့ တစီးစီ ရှိသည်။ လက်ဝဲဖက်မှ ခြင်္သေ့သည် လက်ဝဲဖက်သို့လည်းကောင်း၊ လက်ျာဖက်မှခြင်္သေ့သည် လက်ျာဖက်သို့ လည်းကောင်း မျက်နှာမူလျက်ရှိသည်၊
(ဂ) ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် ဟူသော စာတန်းကို နိုင်ငံတော် အထိမ်းအမှတ် တံဆိပ်၏ အောက်ခြေဖဲပြားပေါ်တွင် ဖော်ပြထားသည်။ ပြည်ထောင်စု ဟူသော စာတန်းကို လက်ဝဲဖက်ရှိ ခြင်္သေ့အောက်တွင် လည်းကောင်း၊ မြန်မာနိုင်ငံတော် ဟူသောစာတန်းကို လက်ျာဖက်ရှိခြင်္သေ့ အောက်တွင်လည်းကောင်း၊ အလယ်အပေါ်ပိုင်းတွင် ဆိုရှယ်လစ်သမ္မတ ဟူသော စာတန်းကို လည်းကောင်းထားရှိသည်၊
(ဃ) နိုင်ငံတော် အထိမ်းအမှတ်တံဆိပ်၏ ထိပ်တွင် ဒေါင့်ငါးဒေါင့်ရှိ ကြယ်တလုံးရှိသည်၊
(င) စပါးနှံနှင့် ကြယ်၏တဘက်တချက်တွင် ကနုတ်ပန်းများရှိသည်။

၃။ နိုင်ငံတော် အထိမ်းအမှတ်တံဆိပ်ကို ကြီးငယ်မဟူ နည်းဥပဒေ ၂ ပါ အမှတ်အသားများပါရှိသည့် အခြေခံ ဥပဒေပုဒ်မ ၁၉၁ တွင်ဖော်ပြသော ပုံသဏ္ဌာန်အတိုင်း ကိုက်ညီနိုင်သမျှ ကိုက်ညီအောင် ပြုလုပ်ရမည်။

အခန်း ၃
နိုင်ငံတော် အထိမ်းအမှတ်တံဆိပ်ကို အသုံးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များ

၄။ နိုင်ငံတော် အထိမ်းအမှတ်တံဆိပ်ကို အသုံးပြုခြင်းနှင့် စပ်လျဉ်းသည့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) နိုင်ငံတော်ကောင်စီဥက္ကဋ္ဌ၏ ရုံးအဆောက်အဦတွင် နိုင်ငံတော် အထိမ်းအမှတ် တံဆိပ်ကို အသုံးပြု နိုင်သည်။ နိုင်ငံတော်ကောင်စီဥက္ကဋ္ဌ စီးနင်းလိုက်ပါသောယာဉ်များတွင် နိုင်ငံတော် အထိမ်းအမှတ် တံဆိပ်ကို တပ်ဆင်အသုံးပြုနိုင်သည်။ ပြည်သူ့လွှတ်တော်၊ ဗဟိုအာဏာပိုင်အဖွဲ့အစည်းများ၊ ဒေသဆိုင် ရာအာဏာပိုင် အဖွဲ့အစည်းများနှင့် တရားရုံးများတွင် နိုင်ငံတော်အထိမ်းအမှတ် တံဆိပ်ကို အသုံးပြုနိုင် သည်၊
(ခ) မြန်မာနိုင်ငံ၏ သံရုံးများ၊ အဆင့်ဆင့်သော ကောင်စစ်ဝန်ရုံးများတွင် နိုင်ငံတော်အထိမ်းအမှတ် တံဆိပ်ကို အသုံးပြုနိုင်သည်၊
(ဂ) နိုင်ငံတော်ဧည့်ခံ အခမ်းအနားများနှင့် နိုင်ငံတော်ကို ကိုယ်စားပြုသော ပုဂ္ဂိုလ်များက ပြုလုပ်သည့် အခမ်းအနားများ၌ အသုံးပြုသော အသုံးအဆောင်ပစ္စည်းများတွင် နိုင်ငံတော် အထိမ်းအမှတ်တံဆိပ်ကို ရိုက်နှိပ်၍ အသုံးပြုနိုင်သည်၊
(ဃ) မြန်မာနိုင်ငံထုတ် ငွေစက္ကူနှင့် တံဆိပ်ခေါင်းများတွင် နိုင်ငံတော် အထိမ်းအမှတ်တံဆိပ်ကို ရိုက်နှိပ် ၍ အသုံးပြုနိုင်သည်၊
(င) တပ်မတော် (ကြည်း၊ ရေ၊ လေ) နှင့် နိုင်ငံတော် ကောင်စီဥက္ကဋ္ဌက ခွင့်ပြုထားသော အခြား အဖွဲ့အ စည်းများ၏ ဝန်ထမ်းအဆင့်အတန်းနှင့် စပ်လျဉ်း၍လည်းကောင်း၊ ယင်းဝန်ထမ်းများ၏ ဝတ်စားဆင် ယင်မှုနှင့် စပ်လျဉ်း၍လည်းကောင်း နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ကို အသုံးပြုနိုင်သည်၊
(စ) ပြည်သူ့လွှတ်တော်၊ နိုင်ငံတော်ကောင်စီ၊ ဗဟိုအာဏာပိုင် အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများနှင့် နိုင်ငံတော်ကောင်စီက ခွင့်ပြုထားသော အခြားဌာနများ၏ ရုံးသုံးစာရွက်စာတမ်းများတွင် နိုင်ငံတော် အထိမ်းအမှတ်တံဆိပ်ကို ရိုက်နှိပ်အသုံးပြုနိုင်သည်၊
(ဆ) နိုင်ငံတော် အစည်းအဝေးများနှင့် အခမ်းအနားများတွင် နိုင်ငံတော် အထိမ်းအမှတ် တံဆိပ်ကို တပ်ဆင်အသုံးပြုနိုင်သည်။
အခန်း ၄
တားမြစ်ချက်နှင့် ပြစ်ဒဏ်

၅။ နိုင်ငံတော် အထိမ်းအမှတ် တံဆိပ်အသုံးပြုခြင်းနှင့် စပ်လျဉ်းသည့်တားမြစ်ချက်များမှာ အောက်ပါအ တိုင်းဖြစ်သည်-

(က) နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ကို အလှအပအဖြစ် တန်ဆာဆင်ခြင်းမပြုလုပ်ရ၊
(ခ) နည်းဥပဒေ ၄၊ နည်းဥပဒေခွဲ (င) အရ ပြဋ္ဌာန်းချက်မှအပ နိုင်ငံတော် အထိမ်းအမှတ် တံဆိပ်ကို ဝတ်စားဆင်ယင်ရာတွင် အသုံးမပြုရ၊
(ဂ) နိုင်ငံတော် အထိမ်းအမှတ်တံဆိပ်ကို မည်သည့်အခါမျှ စွန့်ပစ်ခြင်းမပြုရ၊ ဟောင်းနွမ်း၍ အသုံးမပြု နိုင်လျှင် ဖျက်ဆီးပစ်ရမည်၊
(ဃ) နိုင်ငံတော် အထိမ်းအမှတ် တံဆိပ်ကို မလေးမစား ပြုခြင်းနှင့် ကိုယ်အမူအရာ၊ နှုတ်အမူအရာဖြင့် မထီမဲ့မြင် ပြုခြင်းမပြုလုပ်ရ။

၆။ မည်သူမဆို ဤနည်းဥပဒေများပါ ပြဋ္ဌာန်းချက်တခုခုကို ဆန့်ကျင်လျှင် ခြောက်လထက်မများသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တထောင်ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ အပြစ်ပေး ခြင်းခံရမည်။

အခန်း ၅
အထွေထွေ

၇။ နိုင်ငံတော် အထိမ်းအမှတ်တံဆိပ်ဥပဒေနှင့် ဤနည်းဥပဒေများပါ ပြဋ္ဌာန်းချက်များကို ထမြောက် အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် အလို့ငှာ ပြည်သူ့လွှတ်တော်က လုပ်ပိုင်ခွင့် လွှဲအပ်ထားသော အဖွဲ့ အစည်း သည် ယင်းဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်သော အမိန့်၊ သို့မဟုတ် ညွှန်ကြားချက်များကို ထုတ်ပြန် နိုင်သည်။

(ပုံ) နေဝင်း၊
ဥက္ကဋ္ဌ၊
နိုင်ငံတော်ကောင်စီ၊
ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော်။

ရန်ကုန်မြို့၊ ၁၃၃၅ ခုနှစ်၊ နှောင်းတန်းခူးလဆန်း ၈ ရက်။
(၁၉၇၄ ခုနှစ်၊ မတ်လ ၃၀ ရက်။)

အမိန့်အရ၊
ဒုတိယဗိုလ်မှူးကြီး မြကျော်၊
ညွှန်ကြားရေးမှူးချုပ်၊
ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်၊
နိုင်ငံတော်ကောင်စီရုံး။