၁၉၇၃ ခုနှစ်၊ အာရှဖွံ့ဖြိုးရေးဘဏ်ဥပဒေ

From Wikisource
Jump to navigation Jump to search
 (1973) 
by ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ

ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ

၁၉၇၃ ခုနှစ်၊ အာရှဖွံ့ဖြိုးရေးဘဏ်ဥပဒေ

[၁၉၇၃ ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ ဥပဒေအမှတ် ၁။]

ရန်ကုန်မြို့၊ ၁၃၃၄ ခုနှစ်၊ နှောင်းတန်းခူးလဆန်း ၇ ရက်။

(၁၉၇၃ ခုနှစ်၊ ဧပြီလ ၉ ရက်။)


အောက်ဖေါ်ပြပါ ဥပဒေကို ထုတ်ပြန်ကျေညာသည်။

ပြည်ထောင်စုမြန်မာနိုင်ငံအား၊ အာရှဖွံ့ဖြိုးရေးဘဏ်တွင်၊ အဖွဲ့ဝင်နိုင်ငံ တနိုင်ငံဖြစ်လာနိုင်စေ ရန် ဥပဒေ။

ပြည်ထောင်စုမြန်မာနိုင်ငံအား၊ အာရှဖွံ့ဖြိုးရေးဘဏ်တွင်၊ အဖွဲ့ဝင်နိုင်ငံဖြစ်လာနိုင်စေရန်အတွက် ပြဋ္ဌာန်း ရန် လိုအပ်သည်ဖြစ်သောကြောင့်။

ပြည်ထောင်စု မြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌသည်၊ အောက်ပါဥပဒေကို ပြဋ္ဌာန်းလိုက်သည်။


အမည်

၁။ ။ ဤဥပဒေကို ၁၉၇၃ ခုနှစ်၊ အာရှဖွံ့ဖြိုးရေးဘဏ် ဥပဒေဟု ခေါ်တွင်စေရမည်။


အဓိပ္ပါယ်ဖေါ်ပြချက်များ

၂။ ။ ဤဥပဒေတွင်၊ အကြောင်းအရာနှင့်ဖြစ်စေ၊ ရှေ့နောက်စကားတို့၏ အဓိပ္ပါယ်နှင့်ဖြစ်စေ မဆန့်ကျင် လျှင်-

(က) “စာချုပ်ပါအပိုဒ်များ” ဆိုသည်မှာ၊ ဤဥပဒေပါ ဇယား ၁ တွင်ဖေါ်ပြထားသည့်၊ အာရှဖွံ့ဖြိုးရေး ဘဏ်ကို ဖွဲ့စည်းတည်ထောင်သည့် သဘောတူစာချုပ်ပါ အပိုဒ်များကို ဆိုလိုသည်။
(ခ) “ဘဏ်” ဆိုသည်မှာ၊ အာရှဖွံ့ဖြိုးရေးဘဏ်ကို ဆိုလိုသည်။
(ဂ) “ စည်းကမ်းချက်များ” ဆိုသည်မှာ၊ ဤဥပဒေပါ ဇယား ၂ တွင်ဖေါ်ပြထားသည့်၊ ပြည်ထောင်စု မြန်မာနိုင်ငံအား၊ အာရှဖွံ့ဖြိုးရေးဘဏ်တွင်၊ အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ခွင့်ပြုခြင်းနှင့်စပ်လျဉ်းသည့် စည်းကမ်း ချက်များကို ဆိုလိုသည်။


စာချုပ်ပါ အပိုဒ်များကို လက်ခံရန် အာဏာအပ်နှင်းခြင်း

၃။ ။ ပြည်ထောင်စုမြန်မာနိုင်ငံ အစိုးရသည်၊ အာရှဖွံ့ဖြိုးရေးဘဏ်တွင်၊ ပြည်ထောင်စုမြန်မာနိုင်ငံအား၊ အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ခွင့်ပြုရမည့် စည်းကမ်းချက်များအဖြစ်ဖြင့်၊ စာချုပ်ပါ အပိုဒ်များနှင့် စည်းကမ်း ချက်များကို ပြည်ထောင်စုမြန်မာနိုင်ငံက၊ မိမိ၏ တရားဥပဒေနှင့်အညီ လက်ခံကြောင်းကိုလည်းကောင်း၊ စာချုပ်ပါ အပိုဒ်များနှင့် စည်းကမ်းချက်များအရ၊ မိမိ၏ တာဝန်များကို ဆောင်ရွက်နိုင်ရန် လိုအပ်သည့် ကိစ္စအဝဝကို ပြည်ထောင်စု မြန်မာနိုင်ငံကဆောင်ရွက်ပြီးဖြစ်ကြောင်းကိုလည်းကောင်း ဖေါ်ပြသည့် စာ ချွန်တော်ကို ပြုလုပ်ချုပ်ဆို၍ အပ်နှံနိုင်ရာ အလို့ငှါ၊ မိမိက သင့်တော်သည်ဟု ထင်မြင်သူအား အာဏာ အပ်နှင်းနိုင်သည်။


ပြည်ထောင်စု မြန်မာနိုင်ငံဘဏ်သည်၊ ဘဏ် အတွက် လက်ခံထိန်းသိမ်းရာ ဘဏ်ဖြစ်ခြင်း

၄။ ။ ပြည်ထောင်စု မြန်မာနိုင်ငံဘဏ်သည်၊ ဘဏ်ကပိုင်သော၊ ပြည်ထောင်စု မြန်မာနိုင်ငံသုံးငွေများနှင့် အခြား ပစ္စည်းများအပ်နှံရာ ဘဏ်ဖြစ်ရမည်။


အဖွဲ့ဝင်နိုင်ငံဖြစ်ခြင်းမှ ဖြစ်ပေါ်လာသော ပြည်ထောင်စု မြန်မာနိုင်ငံ၏ငွေကြေးဆိုင်ရာတာဝန်များ

၅။ ။ စာချုပ်ပါအပိုဒ်များအရဖြစ်စေ၊ စည်းကမ်းချက်များအရဖြစ်စေ၊ ပြည်ထောင်စုမြန်မာနိုင်ငံက၊ ဘဏ် အား ပြည်ထောင်စုမြန်မာနိုင်ငံသုံး ငွေဖြင့်သော်လည်းကောင်း၊ ရွှေဖြင့်သော်လည်းကောင်း၊ အခြားလဲ လှယ်နိုင်သည့် နိုင်ငံသုံးငွေဖြင့်သော်လည်းကောင်း ပေးရမည့်၊ သို့မဟုတ် အခါအားလျော်စွာ ပေးရန် ဖြစ် ပေါ်လာမည့် ငွေများကို၊ ပြည်ထောင်စုမြန်မာနိုင်ငံ၏ တစုတပေါင်းတည်းသော ရန်ပုံငွေထဲမှ ပေးရမည်။


ပြည်ထောင်စုမြန်မာနိုင်ငံတွင် ဘဏ်သို့ သတ်မှတ်ပေးအပ်သော အဆင့်အတန်း လွတ်ငြိမ်းခွင့်များ၊ ကင်းလွတ်ခွင့်များနှင့် အထူးအခွင့်အရေးများ။

၆။ ။ ပြည်ထောင်စုမြန်မာနိုင်ငံသည်၊ ဘဏ်တွင် အဖွဲ့ဝင်နိုင်ငံဖြစ်လာသည့်နေ့မှစ၍ စာချုပ်ပါ အပိုဒ်များ ၏ အခန်း ၈ ပါပြဋ္ဌာန်းချက်များသည်၊ ပြည်ထောင်စုမြန်မာနိုင်ငံတွင် ဥပဒေကဲ့သို့ အာဏာတည်ရမည်။ ထိုသို့ အာဏာတည်သည်နှင့် လျော်ညီစွာ ဘဏ်သည် ပြည်ထောင်စုမြန်မာနိုင်ငံ၌၊ ယင်း အခန်း ၈ တွင် သီးခြားဖေါ်ပြထားသော အဆင့်အတန်း၊ လွတ်ငြိမ်းခွင့်များ၊ ကင်းလွတ်ခွင့်များနှင့် အထူးအခွင့်အရေး များကို ရရှိရမည်။


ပြည်ထောင်စု မြန်မာနိုင်ငံအစိုးရမှာ နည်းဥပဒေများပြုနိုင်သည့် အာဏာရှိခြင်း။

၇။ ။ ပြည်ထောင်စု မြန်မာနိုင်ငံအစိုးရသည်၊ စာချုပ်ပါ အပိုဒ်များရှိ ပြဋ္ဌာန်းချက်များ၊ သို့မဟုတ် စည်း ကမ်းချက်များ အကျိုးသက်ရောက်အောင် ဆောင်ရွက်နိုင်စေရန် အလို့ငှါ မိမိလိုအပ်သည်ထင်မြင်သည့် နည်းဥပဒေများကို ပြုနိုင်သည်။


ဦးနေဝင်း၊

ဥက္ကဋ္ဌ၊

ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ။


ရန်ကုန်မြို့၊ ၁၃၃၄ ခုနှစ်၊ နှောင်းတန်းခူးလဆန်း ၇ ရက်။

(၁၉၇၃ ခုနှစ်၊ ဧပြီလ ၉ ရက်။)


အမိန့်အရ၊

ဒုတိယဗိုလ်မှူးကြီး မြကျော်၊

အတွင်းရေးမှူး၊

ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ။