၁၉၆၂ ခုနှစ်၊ သမိုင်းဝင်ပုဂ္ဂိုလ်များ၏ အထိမ်းအမှတ် မော်ကွန်းဥပဒေ

From Wikisource
Jump to navigation Jump to search
၁၉၆၂ ခုနှစ်၊ သမိုင်းဝင်ပုဂ္ဂိုလ်များ၏ အထိမ်းအမှတ် မော်ကွန်းဥပဒေ  (1962) 
by ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ

ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ၊ ရန်ကုန်မြို့

၁၉၆၂ ခုနှစ်၊ သမိုင်းဝင်ပုဂ္ဂိုလ်များ၏ အထိမ်းအမှတ် မော်ကွန်းဥပဒေ။

[၁၉၆၂ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ ဥပဒေအမှတ် ၄၆။]

၁၃၂၄ ခုနှစ်၊ ပြာသိုလဆန်း ၂ ရက်။

(၁၉၆၂ ခုနှစ်၊ ဒီဇင်္ဘာလ ၂၇ ရက်။)


အောက်ဖေါ်ပြပါ ဥပဒေကို ထုတ်ပြန်ကျေညာသည်။

ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌသည်၊ အောက်ပါဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

၁။ ။ (၁) ဤဥပဒေကို၊ ၁၉၆၂ ခုနှစ်၊ သမိုင်းဝင်ပုဂ္ဂိုလ်များ၏ အထိမ်းအမှတ်မော်ကွန်းဥပဒေ ဟုခေါ်တွင်စေရမည်။

(၂) ဤဥပဒေသည်၊ ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးအစိုးရက အမိန့်ကြော်ငြာစာဖြင့် သတ်မှတ်သည့် နေ့ရက်တွင် စတင်အာဏာတည်ရမည်။


၂။ ။ ဤဥပဒေတွင် အကြောင်းအရာနှင့်ဖြစ်စေ၊ ရှေ့နောက်စကားတို့၏ အဓိပ္ပါယ်နှင့်ဖြစ်စေ မဆန့်ကျင်လျှင်-

(က) “သမိုင်းဝင်ပုဂ္ဂိုလ်” ဆိုသည်မှာ၊ မြန်မာနိုင်ငံသမိုင်းတွင် ထင်ရှားကျော်စော၍ နိုင်ငံအတွက်သော်၎င်း၊ အမျိုး၊ ဘာသာ၊ သာသနာ၊ စာပေအတွက်သော်၎င်း အကျိုးပြုဆောင်ရွက်ခဲ့သော မျိုးချစ်ပုဂ္ဂိုလ်ကိုဆိုလိုသည်။
(ခ) “အထိမ်းအမှတ်မော်ကွန်း” ဆိုသည်မှာ၊ အများပြည်သူတို့နှင့် သက်ဆိုင်သည့် နေရာဌာနများတွင် သမိုင်းဝင် ပုဂ္ဂိုလ်၏ အထိမ်းအမှတ်အဖြစ် တည်ဆောက်ထားသော အဆောက်အဦ၊ ကြေးရုပ်၊ ကျောက်ရုပ်၊ ကျောက်တိုင်၊ သို့တည်းမဟုတ် ဥယျာဉ်ပန်းခြံကို ဆိုလိုသည်။
(ဂ) “ယဉ်ကျေးမှု ကောင်စီ” ဆိုသည်မှာ၊ ၁၉၅၅ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ ယဉ်ကျေးမှုကောင်စီ အက်ဥပဒေပုဒ်မ ၃ အရ ဖွဲ့စည်းထားသော ပြည်ထောင်စုမြန်မာနိုင်ငံ ယဉ်ကျေးမှုကောင်စီကို ဆိုလိုသည်။
(ဃ) “ဒေသန္တရအာဏာပိုင်” ဆိုသည့် စကားရပ်တွင်၊ ရန်ကုန်မြူနီစီပါယ် ကော်ပိုရေးရှင်းအဖွဲ့၊ မြူနီစီပါယ်အဖွဲ့ နှင့် အခြားဒေသန္တရ အဖွဲ့များပါဝင်သည်။
(င) “ထိန်းသိမ်းရေးအဖွဲ့” ဆိုသည်မှာ၊ ဤဥပဒေအရ၊ သမိုင်းဝင်ပုဂ္ဂိုလ်များ၏ အထိမ်းအမှတ်မော်ကွန်းကို စောင့်ရှောက် ထိန်းသိမ်းရန်အတွက် အမိန့်ကြော်ငြာစာဖြင့် တာဝန်လွှဲအပ်ခြင်းခံရသော ဒေသန္တရအာဏာပိုင်ကို ဆိုလိုသည်။ ထိုစကားရပ် တွင် ယဉ်ကျေးမှုကောင်စီပါဝင်သည်။


၃။ ။ (၁) ပြည်ထောင်စုမြန်မာနိုင်ငံ တစ်ဝှန်းလုံးတွင် အများပြည်သူတို့နှင့် သက်ဆိုင်သော သမိုင်းဝင်ပုဂ္ဂိုလ်များ၏ အထိမ်း အမှတ်မော်ကွန်းကို တည်ဆောက်ရန်၎င်း၊ ထိုအထိမ်းအမှတ်မော်ကွန်းကို ခံ့ညားထည်ဝါစွာမွမ်းမံစေရန် ၎င်း၊ ထိန်းသိမ်းစောင့်ရှောက်ရန်၎င်း၊ ကြီးကြပ်ရန်၎င်း တာဝန်ပေးနိုင်သည့် အာဏာသည်၊ ပြည်ထောင်စုမြန်မာ နိုင်ငံ တော်လှန်ရေးအစိုးရ၌သာလျှင် တည်ရှိရမည်။

(၂) ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးအစိုးရသည်၊ အများပြည်သူတို့အကျိုးငှါ၊ သမိုင်းဝင်ပုဂ္ဂိုလ်များ၏ အထိမ်းအမှတ်မော်ကွန်းကို အခါအားလျော်စွာ တည်ဆောက်နိုင်သည်။
(၃) သမိုင်းဝင်ပုဂ္ဂိုလ်များ၏ အထိမ်းအမှတ်မော်ကွန်း တည်ဆောက်ရန်စရိတ်ငွေကို ယဉ်ကျေးမှုကောင်စီ ရံပုံငွေ ထဲမှ ကျခံသုံးစွဲနိုင်သည်။
(၄) ပြည်ထောင်စု မြန်မာနိုင်ငံ တော်လှန်ရေးအစိုးရသည်၊ တည်ဆောက်သည့် သမိုင်းဝင်ပုဂ္ဂိုလ်၏ အထိမ်းအမှတ် မော်ကွန်းကို ထိန်းသိမ်းစောင့်ရှောက်ရန်၊ ခံ့ညားထည်ဝါစွာ မွမ်းမံရန်အလို့ငှါ၊ ထိုအထိမ်းအမှတ်မော်ကွန်း တည်ရာဒေသနှင့် သက်ဆိုင်သည့် ဒေသန္တရအာဏာပိုင်အား၊ ထိန်းသိမ်းရေးအဖွဲ့အဖြစ် ဌာနဆိုင်ရာသဘော တူညီချက်ဖြင့် အမိန့်ကြော်ငြာစာထုတ်ပြန်၍ တာဝန်လွှဲအပ်နိုင်သည်။
(၅) ဤပုဒ်မပါ ပြဋ္ဌာန်းချက်များတွင် မည်သို့ပင်ပါရှိစေကာမူ၊ နောက်ဆက်တွဲဇယားတွင် ဖေါ်ပြထားသည့် သမိုင်းဝင် ပုဂ္ဂိုလ်အသီးသီး၏ အထိမ်းအမှတ်မော်ကွန်းများကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက်၊ ရန်ကုန် မြူနီစီပါယ် ကော်ပိုရေးရှင်းအဖွဲ့အား၊ ထိန်းသိမ်းရေးအဖွဲ့အဖြစ် ကျေညာပြီးဖြစ်သည်ဟု မှတ်ယူရမည်။
(၆) ဤပုဒ်မအရ ထုတ်ပြန်သော အမိန့်ကြော်ငြာစာကို-
(က) ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးအစိုးရက၊ မည်သည့်အခါမဆို ပယ်ဖျက်နိုင်သည်၊ ထို့ပြင်
(ခ) မပယ်ဖျက်သေးလျှင်၊ ယင်းသို့ မပယ်ဖျက်သေးသမျှ ကာလပတ်လုံး၊ အဆိုပါအမိန့်ကြော်ငြာစာမှာ၊ ၎င်းတွင် သီးခြားဖေါ်ပြထားသော သမိုင်းဝင်ပုဂ္ဂိုလ်များ၏ အထိမ်းအမှတ်မော်ကွန်းဖြစ်ကြောင်း၊ သို့တည်းမဟုတ် ဒေသန္တရအာဏာပိုင်သည် ထိန်းသိမ်းရေးအဖွဲ့ဖြစ်ကြောင်း ခိုင်လုံသောသက်သေခံ အထောက်အထားဖြစ်ရမည်။


၄။ ။ (၁) မည်သူမဆို၊ ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးအစိုးရ၏ ခွင့်ပြုချက်မရရှိဘဲ၊ သမိုင်းဝင်ပုဂ္ဂိုလ်၏ အထိမ်းအမှတ်မော်ကွန်း တည်ဆောက်ခြင်းမပြုရ၊ သို့တည်းမဟုတ် တည်ဆောက်ခြင်း မပြုစေရ။

(၂) မည်သူမဆို၊ ဤပုဒ်မပါ ပြဋ္ဌာန်းချက်ကို ကျူးလွန်လျှင်၊ သုံးနှစ်ထိ ထောင်ဒဏ်ဖြစ်စေ၊ ကျပ်ငါးထောင်ထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ စီရင်ခြင်းခံရမည်။
(၃) ပြည်ထောင်စုမြန်မာနိုင်ငံတော်လှန်ရေးအစိုးရသည်၊ ပုဒ်မခွဲ (၁)ပါ ပြဋ္ဌာန်းချက်ကို ဆန့်ကျင်၍ သူတဦးဦး တည်ဆောက်ထားသော မည်သည့်သမိုင်းဝင်ပုဂ္ဂိုလ်၏အထိမ်းအမှတ်မော်ကွန်းကိုမဆို၊ သီးခြားဖေါ်ပြထားသည့် ကာလအပိုင်းအခြားအတွင်း ရွှေ့ပြောင်းရန်၊ အမိန့်ဖြင့် ညွှန်ကြားနိုင်သည်။ ထိုသူက အဆိုပါအမိန့်ကို လိုက်နာရန် ငြင်းဆိုလျှင်၊ သို့တည်းမဟုတ် ပျက်ကွက်လျှင်၊ ကော်လိတ်တော်အရာရှိသည် အဆိုပါ သမိုင်းဝင်ပုဂ္ဂိုလ်၏ အထိမ်းအမှတ်မော်ကွန်းကို ရွှေ့ပြောင်းစေနိုင်သည်။ ထိုသို့ ရွှေ့ပြောင်းရာတွင် ကုန်ကျသည့်စရိတ်ကို၊ ထိုသူက ပေးဆောင်ရမည်။


၅။ ။ သမိုင်းဝင်ပုဂ္ဂိုလ်၏ အထိမ်းအမှတ်မော်ကွန်းနှင့် စပ်လျဉ်းသည့် ထိန်းသိမ်းရေးအဖွဲ့၏ အာဏာနှင့် တာဝန်ဝတ္တရားများ၏ ယေဘုယျသဘောကို မထိခိုက်စေဘဲ၊ ထိန်းသိမ်းရေးအဖွဲ့သည်၊ ထိုအထိမ်းအမှတ် မော်ကွန်းဆိုင်ရာ ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို ကျနစွာ ပြင်ဆင်ထားရှိရန်၎င်း၊ အထိမ်းအမှတ်မော်ကွန်းဥပစာ မပျက်မစီးစေရန်၎င်း၊ အထိမ်းအမှတ်မော်ကွန်းဥပစာ၌ မဖွယ်မရာမဖြစ်စေရန် ၎င်း၊ ခွင့်မရသောသူများ ကျော်နင်းဝင်ရောက်ခြင်းမပြုစေရန်၎င်း၊ တိရစ္ဆာန်များ ဝင်ရောက်လာခြင်းမပြုစေရန် ၎င်း လိုအပ်သလို အရေးယူဆောင်ရွက်နိုင်သည်။


၆။ ။ (၁) ပြည်ထောင်စု မြန်မာနိုင်ငံ တော်လှန်ရေးအစိုးရသည်၊ ဤဥပဒေပါ ကိစ္စများအလို့ငှါ၊ နည်းဥပဒေများကို ပြုနိုင်သည်။

(၂) အထူးအားဖြင့်၊ ပုဒ်မခွဲ (၁) ပါ အာဏာများ၏ယေဘုယျသဘောကို မထိခိုက်စေဘဲ၊ အဆိုပါနည်းဥပဒေများ သည် အောက်ပါကိစ္စများအတွက် ပြဋ္ဌာန်းနိုင်သည်။
(က) ထိန်းသိမ်းရေးအဖွဲ့သို့ ပုဒ်မ ၃ အရ တာဝန်လွှဲအပ်သော သမိုင်းဝင်ပုဂ္ဂိုလ်များ၏ အထိမ်းအမှတ်မော်ကွန်း နှင့် ၎င်း၏ဥပစာအတွင်းတွင် အနေအထားခင်းကျင်းသတ်မှတ်ခြင်း၊ မွမ်းမံခြင်း၊ ကြည့်ရှုစောင့်ရှောက်စီမံခြင်း ကိစ္စ။
(ခ) ထိန်းသိမ်းရေးအဖွဲ့သို့ ပုဒ်မ ၃ အရ တာဝန်လွှဲအပ်သော သမိုင်းဝင်ပုဂ္ဂိုလ်၏ အထိမ်းအမှတ်မော်ကွန်း ဥပစာ အတွင်း အများပြည်သူတို့ လာရောက်ကြည့်ရှုနိုင်သော စည်းကမ်းများနှင့် ဥပစာအတွင်း စုရုံးစည်းဝေးပွဲများ ကျင်းပနိုင်သော စည်းကမ်းချက်များသတ်မှတ်ရေးကိစ္စ။
(ဂ) ထိန်းသိမ်းရေးအဖွဲ့သို့ ပုဒ်မ ၃ အရ တာဝန်လွှဲအပ်သော ပစ္စည်းများကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ပျက်စီးစေမှု၊ နှောင့်ရှက်မှုတို့ကို တားဆီးခြင်း၊ ဥပစာအတွင်းသို့ ကျူးကျော်ဝင်ရောက်လာမှုကို၊ သို့တည်းမဟုတ် တိရစ္ဆာန်များ ခေါ်ဆောင်လာမှုကို တားဆီးခြင်းကိစ္စ။
(ဃ) သမိုင်းဝင်ပုဂ္ဂိုလ်၏ အထိမ်းအမှတ်မော်ကွန်း ဥပစာအတွင်းတွင် ညစ်ညမ်းအောင်ပြုမှု၊ မဖွယ်မရာပြုမှု၊ မရိုမသေပြုမှု၊ ထို့ပြင် ဥပစာအတွင်းရှိ ပစ္စည်းအစရှိသည်တို့ကို မတရားသဖြင့် အသုံးပြုမှုတို့ကို တားဆီးခြင်း ကိစ္စ။
(၃) ပြည်ထောင်စုမြန်မာနိုင်ငံတော်လှန်ရေးအစိုးရသည်၊ ဤပုဒ်မအရ နည်းဥပဒေများပြုရာတွင်၊ နည်းဥပဒေ တခုခုကို ဖေါက်ဖျက်သည့်အတွက် သုံးနှစ်ထိ ထောင်ဒဏ်ဖြစ်စေ၊ ကျပ်ငါးထောင်ထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ စီရင်ခြင်းခံရမည်ဟု ပြဋ္ဌာန်းနိုင်သည်။


ဗိုလ်နေဝင်း၊

ဥက္ကဋ္ဌ၊

ပြည်ထောင်စု မြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ။


ရန်ကုန်မြို့၊ ၁၃၂၄ ခုနှစ်၊ ပြာသိုလဆန်း ၂ ရက်။

(၁၉၆၂ ခုနှစ်၊ ဒီဇင်္ဘာလ ၂၇ ရက်။)


အမိန့်အရ၊

ဒု-ဗိုလ်မှူးကြီး ကိုကို၊

အတွင်းဝန်၊ ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးအစိုးရအဖွဲ့။