၁၉၅၇ ခုနှစ်၊ ကချင်ပြည်နယ်၏ ရုတ်တရက်အသုံးစရိတ်ရံပုံငွေ အက်ဥပဒေ

From Wikisource
Jump to navigation Jump to search
၁၉၅၇ ခုနှစ်၊ ကချင်ပြည်နယ်၏ ရုတ်တရက်အသုံးစရိတ်ရံပုံငွေ အက်ဥပဒေေ  (1957) 

သမတအိမ်တော်၊ ရန်ကုန်မြို့

၁၉၅၇ ခုနှစ်၊ ကချင်ပြည်နယ်၏ရုတ်တရက်အသုံးစရိတ်ရံပုံငွေအက်ဥပဒေ။

[၁၉၅၇ ခုနှစ်၊ ကချင်ပြည်နယ်အက်ဥပဒေ အမှတ် ၆။]

၁၃၁၉ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၄ ရက်။

(၁၉၅၇ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်။)

ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ၊ အောက်ဖေါ်ပြပါ အက်ဥပဒေကို ထုတ်ပြန် ကျေညာသည်။


၁။ ။ (၁) ဤအက်ဥပဒေကို၊ ၁၉၅၇ ခုနှစ်၊ ကချင်ပြည်နယ်၏ရုတ်တရက်အသုံးစရိတ်ရံပုံငွေအက်ဥပဒေ ဟုခေါ်ရမည်။

(၂) ဤအက်ဥပဒေသည်၊ ၁၉၅၇ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် စတင်အာဏာတည်ရမည်။


၂။ ။ ရုတ်တရက်ပေါ်ပေါက်သည့်ကိစ္စများအတွက် ခေတ္တထုတ်သုံးငွေသဘောမျိုးဖြင့်၊ အသုံးပြုရန်ရံပုံငွေ တရပ်ထားရှိရမည်။ ထိုရံပုံငွေကိုကချင်ပြည်နယ်၏ ရုတ်တရက် အသုံးစရိတ်ရံပုံငွေဟုခေါ်ရမည်။ ထိုရံပုံငွေသို့ ကချင်ပြည်နယ်၏ အခွန်တော်ငွေများမှငွေနှစ်သိန်းပေးသွင်းရမည်။


၃။ ။ ကချင်ပြည်နယ်၏ ရုတ်တရက်အသုံးစရိတ်ရံပုံငွေကို ကချင်ပြည်နယ်ဥက္ကဋ္ဌ၏ကိုယ်စား၊ ကချင်ပြည်နယ် ဘဏ္ဍာရေးနှင့် အခွန်တော်ဝန်ကြီးဌာနက ထိန်းသိမ်းထားရမည်။ ကြိုတင်မသိမမြင်နိုင်သော အသုံးစရိတ်များကို ကချင်ပြည်နယ်ကောင်စီက ခွင့်မပြုသေးမီ ထိုအသုံးစရိတ်များကိုကျခံရန် အဆိုပါ ရံပုံငွေမှ ငွေများကြိုတင်ထုတ်ပေးနိုင်သည်။ အခြားမည်သည့် ကိစ္စအတွက်မျှ ထိုရံပုံငွေမှ ငွေများ ထုတ်ပေးခြင်းမပြုရ။


၄။ ။ ဤအက်ဥပဒေပါ ရည်ရွယ်ချက်များကိုဆောင်ရွက်ရန်အလို့ငှါ ကချင်ပြည်နယ်၏ ရုတ်တရက် အသုံးစရိတ်ရံပုံငွေကိုထိန်းသိမ်းခြင်း၊ ထိုရံပုံငွေသို့ငွေများပေးသွင်းခြင်း၊ ထိုရံပုံငွေမှငွေများထုတ်ယူခြင်း နှင့် စပ်လျဉ်းသည့် ကိစ္စအားလုံးအတွက်၊ သို့တည်းမဟုတ် ထိုကိစ္စများနှင့် ဆက်သွယ်၍ ဖြစ်ပေါ်လာ သောကိစ္စအားလုံးအတွက် ကချင်ပြည်နယ်ဥက္ကဋ္ဌသည်၊ နည်းဥပဒေများပြဋ္ဌာန်းနိုင်သည်။

ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ၊ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

ဦးဝင်းမောင်၊
နိုင်ငံတော်သမတ၊
ပြည်ထောင်စုမြန်မာနိုင်ငံတော်။


ရန်ကုန်မြို့၊ ၁၃၁၉ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၄ ရက်။
(၁၉၅၇ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်။)


အမိန့်အရ၊
ပါစိန်၊
နိုင်ငံတော်သမတကြီး၏အတွင်းဝန်။
[အမှတ် ၈၄]