၁၉၅၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း သဘောတူစာချုပ် အက်ဥပဒေ

From Wikisource
Jump to navigation Jump to search
၁၉၅၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း သဘောတူစာချုပ် အက်ဥပဒေ  (1956) 
ရင်းမြစ်။ မြန်မာနိုင်ငံပြန်တမ်း၊ အပိုင်း - ၁၊ ၁၉၅၆ ခုနှစ်၊ အောက်တိုဘာလ (၆) ရက်၊ စာမျက်နှာ - ၁၆၃၂

၁၉၅၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာဘဏ္ဍာရေးကော်ပိုရေးရှင်းသဘောတူစာချုပ်အက်ဥပဒေ။

[၁၉၅၆ ခုနှစ်၊အက်ဥပဒေအမှတ် ၂၃။]

(၁၉၅၆ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်)

ပြည်ထောင်စုမြန်မာနိုင်ငံအား၊ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေး ကော်ပိုရေးရှင်းတွင် အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံ အဖြစ် ဝင်ရောက်နိုင်စေရန် အက်ဥပဒေ။

အပြည်ပြည်ဆိုင်ရာ ပြန်လည်ထူထောင်ရေးနှင့် ကြီးပွားရေးဘဏ်၏ အမှုဆောင်ဒါရိုက်တာ များက၊ ၁၉၅၅ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း၏ သဘောတူ စာချုပ်ပါ အပိုဒ်များကို သဘောတူညီပြီးနောက်၊ ထိုသဘောတူစာချုပ်ပါ အပိုဒ်များကို အစိုးရများ၏ ကိုယ်စားလက်မှတ် ရေးထိုးရန်နှင့် လက်ခံရန်အတွက် ဘဏ်တွင် အပ်နှံထား ပြီးဖြစ်သောကြောင့်၊ ထို့ပြင် အထက်ဆိုခဲ့သည့် သဘောတူ စာချုပ်နှင့်အညီ ပြည်ထောင်စု မြန်မာနိုင်ငံအား၊ အဆိုပါ ကော်ပိုရေးရှင်းတွင် ပါဝင်ရေးအတွက် ပြဋ္ဌာန်းရန် သင့်လျော်သည်ဖြစ်သောကြောင့်၊ အောက်ပါအတိုင်း အက်ဥပဒေအဖြစ် ပြဋ္ဌာန်းလိုက်သည်။

အမည်တို။
၁။ ။ဤအက်ဥပဒေကို၊ ၁၉၅၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း သဘောတူစာချုပ် အက်ဥပဒေ ဟုခေါ်ရမည်။
၂။ ။ ဤအက်ဥပဒေတွင် အကြောင်းအရာနှင့်ဖြစ်စေ၊ ရှေ့နောက် စကားတို့၏ အဓိပ္ပါယ်နှင့် ဖြစ်စေ၊ မဆန့်ကျင်လျှင်-
အဓိပ္ပါယ် ဖော်ပြချက်။
(က) “စာချုပ်ပါအပိုဒ်များ” ဆိုသည်မှာ၊ ဤအက်ဥပဒေ၏ ဇယားတွင် ဖော်ပြထားသည့်၊ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေး ကော်ပိုရေးရှင်း၏ သဘောတူစာချုပ်ပါ အပိုဒ်များကို ဆိုလိုသည်။
(ခ) “ဘဏ်” ဆိုသည်မှာ၊ အပြည်ပြည်ဆိုင်ရာ ပြန်လည်ထူထောင်ရေးနှင့် ကြီးပွားရေးဘဏ်ကို ဆိုလို သည်။
(ဂ) “ကော်ပိုရေးရှင်း” ဆိုသည်မှာ၊ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်းကို ဆိုလိုသည်။
စာချုပ်ပါအပိုဒ်များကို လက်မှတ်ရေးထိုးရန်အာဏာ အပ်နှင်းခြင်း။
၃။ ။ စာချုပ်ပါ အပိုဒ်များ၏ အပိုဒ် ၂၊ အပိုင်း ၁၊ စာပိုဒ် (က) နှင့် ဇယား က အရ၊ ကော်ပိုရေးရှင်း၏ ကနဦးအဖွဲ့ဝင် တစ်နိုင်ငံ ဖြစ်ထိုက်ခွင့်ရှိသည့် ပြည်ထောင်စုမြန်မာနိုင်ငံက စာချုပ်ပါ အပိုဒ်များ၏ အပိုဒ် ၉၊ အပိုင်း ၂၊ စာပိုဒ် (ဂ) ၌ သတ်မှတ် ထားသောနေ့ရက်တွင်ဖြစ်စေ၊ ထိုနေ့ရက်မတိုင်မီဖြစ်စေ၊ ကော်ပိုရေးရှင်း၏ အဖွဲ့ဝင်နိုင်ငံအဖြစ်ကို လက်ခံနိုင်ရန် အလို့ငှါ၊ နိုင်ငံတော်သမ္မတသည်-
(က) မိမိ၏ ကိုယ်စား စာချုပ်ပါအပိုဒ်များကို လက်မှတ်ရေးထိုးရန်အတွက်လည်းကောင်း၊
(ခ) ပြည်ထောင်စုမြန်မာနိုင်ငံ၏ တရားဥပဒေများနှင့်အညီ စာချုပ်ပါ အပိုဒ်များကို၊ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရက ခြွင်းချက်မရှိ လက်ခံပြီးဖြစ်ကြောင်း။ ထို့ပြင် ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရက စာချုပ်ပါ အပိုဒ်များအရ၊ ၎င်း၏ တာဝန်အားလုံးကို ထမ်းဆောင်နိုင်ရန်အတွက် လိုအပ်သည့် အတိုင်း စီမံပြီးဖြစ်ကြောင်း ဖော်ပြသည့် စာချွန်တော်ကို နိုင်ငံတော်သမ္မတ၏ ကိုယ်စားဘဏ်၌ အပ်နှံထားရန်အတွက် လည်းကောင်း၊ အာဏာအပ်နှင်းနိုင်သည်။
ကော်ပိုရေးရှင်းသို့ ထည့်ဝင်သည့်ကြေးငွေ။
၄။ ။ စာချုပ်ပါအပိုဒ်များ၏ အပိုဒ်၂၊ အပိုင်း ၃၊ စာပိုဒ် (က) နှင့် ဇယား က အရ၊ ပြည်ထောင်စုမြန်မာနိုင်ငံက ယူနိုင်ခွင့်ရှိသည့် အစုရှယ်ယာ အရေအတွက်ဖြစ်သော အစုရှယ်ယာပေါင်း ၁၆၆ ပါဝင်သည့် ကော်ပိုရေးရှင်း၏ အစုစတော့(ခ်) အတွက် ထည့်ဝင်သည့် ကြေးငွေအဖြစ် အမေရိကန် ဒေါ်လာ ၁၆၆,၀၀၀ ကို၊ ကော်ပိုရေးရှင်းသို့ ပြည်ထောင်စု မြန်မာနိုင်ငံ၏ အခွန်တော်ငွေများထဲမှ ပေးရမည်။
ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း ကော်ပိုရေးရှင်းအား ပေးရန် သဘောတူသည့် အဆင့်အတန်း ကင်းလွတ်ခွင့်များနှင့် အထူးအခွင့်အရေးများ။
၅။ ။ စာချုပ်ပါ အပိုဒ်များ၏ အပိုဒ် ၆၊ အပိုင်း ၂ မှ ၉ အထိနှင့် အပိုင်း ၁၁ ပါ ပြဋ္ဌာန်းချက်များသည်၊ ပြည်ထောင်စု မြန်မာနိုင်ငံ၌ တရားဥပဒေကဲ့သို့ အာဏာရှိရမည်ဖြစ်သောကြောင့် ကော်ပိုရေးရှင်းသည်-
(က) ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း အဆိုပါအပိုဒ်၆၏ အပိုင်း ၂ တွင် သတ်မှတ်ထားသော အဆင့်အတန်းနှင့် တရားအတိုင်း ပြုနိုင်ခွင့်များကို ရရှိစေရမည်။ ထို့ပြင်
(ခ) အဆိုပါ အပိုဒ် ၆ ၏ အပိုင်း ၁၁ ပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း အဆိုပါ အပိုဒ် ၆ ၏ အပိုင်း ၃ မှ ၉ အထိတို့တွင် သတ်မှတ်ထားသော ကင်းလွတ်ခွင့် များနှင့် အထူးအခွင့်အရေးများကို ရရှိစေရမည်။
စာချုပ်ပါ အပိုဒ်များကို ထိရောက်စွာ ဆောင်ရွက်ရေးအတွက် နည်းဥပဒေများ။
၆။ ။ နိုင်ငံတော်သမ္မတသည်၊ စာချုပ်ပါ အပိုဒ်များ၏ မည်သည့်ပြဋ္ဌာန်းချက်ကိုမဆို ထိရောက်စွာ ဆောင်ရွက်ရန်အတွက် အကြောင်းအားလျော်စွာ လိုအပ်သည်ဟု ယူဆသည့် နည်းဥပဒေများကို ပြုနိုင်သည်။