၁၉၅၅ ခုနှစ်၊ အစိုးရအိမ်ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေ

From Wikisource
Jump to navigation Jump to search
၁၉၅၅ခုနှစ်၊ အစိုးရအိမ်ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေ  (1955) 
၁၉၅၅ခုနှစ်၊ အစိုးရအိမ်ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေ


[ ၁၄.၁၀.၁၉၅၅ ] [ ၃၁.၀၈.၂၀၁၂ ] [ (၁၉၅၅ခုနှစ်၊ အက်ဥပဒေအမှတ် ၅၃) ]
အမည်
၁။ ။ ဤအက်ဥပဒေကို ၁၉၅၅ ခုနှစ်၊ အစိုးရအိမ်ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေဟုခေါ်ရမည်။
အဓိပ္ပာယ်ဖော်ပြချက်။
၂။ ။ ဤအက်ဥပဒေတွင် အကြောင်းအရာနှင့်ဖြစ်စေ၊ ရှေ့နောက်စကားတို့၏ အဓိပ္ပါယ်နှင့်ဖြစ်စေ၊ မဆန့်ကျင်လျှင် -
(က) “အခွင့်ရအာဏာပိုင်” ဆိုသည်မှာ၊ နိုင်ငံတော်သမတက၊ အမိန့်ကြော်ငြာစာထုတ်ပြန်၍၊ ထိုအမိန့်ကြော်ငြာစာတွင် သတ်မှတ်သည့်ဒေသအတွက်၊ ဤအက်ဥပဒေအရ၊ အာဏာပိုင်၏ တာဝန်ဝတ်တရားများကို ဆောင်ရွက်ရန်၊ အာဏာအပ်နှင်းထားသူကို ဆိုလိုသည်။
(ခ) “အစိုးရအိမ်ဥပစာ” ဆိုသည်မှာ၊ နိုင်ငံတော်အစိုးရကဖြစ်စေ၊ နိုင်ငံတော်ပြည်သူ့အိုးအိမ် ပြန်လည် ထူထောင်ရေးနှင့် မြို့ရွာစည်ပင်ရေးအဖွဲ့ကဖြစ်စေ၊ ပိုင်ဆိုင်သော၊ သို့တည်းမဟုတ် ငှါးရမ်းယူထားသော၊ သို့တည်းမဟုတ် ခေတ္တသိမ်းယူထားသော၊ အိမ်ဥပစာကို ဆိုလိုသည်။
(ဂ) “အိမ်ဥပစာ” ဆိုသည်မှာ၊ အဆောက်အဦကို၊ သို့တည်းမဟုတ် အဆောက်အဦတခု၏ အစိတ်အပိုင်းကို ဆိုလိုသည့်ပြင်၊ ထိုစကားရပ်တွင် အောက်ပါတို့လည်း ပါဝင်သည်။
(၁) အဆောက်အဦနှင့်၊ သို့တည်းမဟုတ် အဆောက်အဦတခု၏ အစိတ်အပိုင်းနှင့် စပ်ဆိုင်လျက်ရှိသော ပန်းခြံ၊ မြေရာ နှင့်အိမ်ရံ အဆောက်အဦများ။
(၂) ပိုမိုအကျိုးခံစားနိုင်ရန်၊ ထိုအဆောက်အဦတွင်သော်၎င်း၊ ထိုအဆောက်အဦတခု၏ အစိတ်အပိုင်းတွင်သော်၎င်း၊ တပ်ဆင်ထားသော အရာဝတ္ထုများ။
(ဃ) “ပြဋ္ဌာန်းသည်” ဆိုသည်မှာ၊ ဤအက်ဥပဒေအရ ပြုသည့် နည်းဥပဒေများဖြင့် ပြဋ္ဌာန်းသည်ကို ဆိုလိုသည်။


နှင်ထုတ်နိုင်သည့်အာဏာ။
၃။ ။ (၁) ဤအက်ဥပဒေစတင်အာဏာ မတည်မီဖြစ်စေ၊ စတင်အာဏာတည်ပြီးသည့်နောက်ဖြစ်စေ၊ အစိုးရအိမ်ဥပစာတခုခုတွင် နေထိုင်ခွင့်ရသူသည်၊ နိုင်ငံတော်အစိုးရ၏၊ သို့တည်းမဟုတ် အခွင့်ရအာဏာပိုင်၏ ခွင့်ပြုချက်မရဘဲ၊ အဆိုပါအိမ်ဥပစာတခုလုံးကို၊ သို့တည်းမဟုတ် တစိတ်တပိုင်းကို တဆင့်ငှါးရမ်းသည်ဟုသော်၎င်း၊ ထိုအိမ်ဥပစာတွင်နေထိုင်ရာ၌ လိုက်နာရမည့် စည်းကမ်းချက်တခုခုကို အခြားနည်းဆန့်ကျင်သည်ဟုသော်၎င်း၊ အခွင့်ရအာဏာပိုင်က ယူဆကျေနပ်လျှင်၊ သို့တည်းမဟုတ် တဦးတယောက်သောသူသည် အစိုးရအိမ် ဥပစာတခုခုတွင် ခွင့်ပြုချက်မရဘဲ နေထိုင်လျက်ရှိသည်ဟု အခွင့်ရအာဏာပိုင်က ယူဆကျေနပ်လျှင်၊ အခွင့်ရအာဏာပိုင်သည်၊ ထိုအိမ်ဥပစာ တခုလုံးတွင်ဖြစ်စေ၊ တစိတ်တပိုင်းတွင်ဖြစ်စေ၊ နေထိုင်သည့် ထိုသူထံ၊ သို့တည်းမဟုတ် အခြားသူတဦးတယောက်ထံ၊ စာပို့တိုက်မှသော်၎င်း၊ အခြားနည်းဖြင့်သော်၎င်း၊ ချအပ်သောနို့တစ်စာဖြင့် ထိုနို့တစ်စာရသည့်နေ့ရက်မှ တဆယ့်ငါးရက်အတွင်း ထိုအိမ်ဥပစာတခုလုံးမှ၊ သို့တည်းမဟုတ် တစိတ်တပိုင်းမှ ထွက်ခွါသွားရမည်ဟု အမိန့်ထုတ်ဆင့်နိုင်သည်။
(၂) မည်သူမဆို၊ ပုဒ်မခွဲ(၁)အရ ထုတ်ဆင့်သော အမိန့်ကိုလိုက်နာရန် ပျက်ကွက်လျှင်၊ သို့တည်းမဟုတ် ငြင်းဆိုလျှင်၊ ထိုသူအား အခွင့်ရအာဏာပိုင်က အဆိုပါ အိမ်ဥပစာမှ ဖယ်ရှား၍ အိမ်ဥပစာကို သိမ်းယူနိုင် သည်။ ထိုသို့ဖယ်ရှားရာတွင် သင့်တော် လိုအပ်သည့် အနိုင်အထက်ပြုမှုဖြင့် ဖယ်ရှားနိုင်သည်။


လျော်ကြေးအရတောင်းခံနိုင်သည့် အာဏာ။
၄။ ။ (၁) မည်သူမဆို၊ အစိုးရအိမ်ဥပစာတွင် ခွင့်ပြုချက်မရဘဲ နေထိုင်လျှင်၊ အခွင့်ရအာဏာပိုင်သည်၊ ထိုသို့နေထိုင် အသုံးပြုခြင်းအတွက် ပြဋ္ဌာန်းထားသည့်နည်းလမ်းအတိုင်း၊ မိမိသင့်တော်သည်ဟုယူဆသော လျော်ကြေးကို ပြတ်ဆို၍စာပို့တိုက်မှသော်၎င်း၊ အခြားနည်းဖြင့်သော်၎င်း၊ ချအပ်သောနို့တစ်စာဖြင့် ထိုနို့တစ်စာတွင် သတ်မှတ်ထားသည့် ကာလအတွင်း ထိုလျော်ကြေးကိုပေးရန် ထိုသူထံ အမိန့်ထုတ်ဆင့်နိုင်သည်။
(၂) မည်သူမဆို၊ လျော်ကြေးကို၊ နို့တစ်စာတွင် သတ်မှတ် ထားသည့်ကာလအတွင်းပေးရန် ငြင်းဆိုလျှင် သော်၎င်း၊ ပျက်ကွက်လျှင်သော်၎င်း၊ အဆိုပါ လျော်ကြေးကို မြေခွန်တော်မပြေ ကျန်ငွေကဲ့သို့ အရတောင်းခံနိုင်သည်။


အယူခံဝင်ခွင့်။
၅။ (၁) ပုဒ်မ ၃၊ သို့တည်းမဟုတ် ပုဒ်မ ၄ အရ ထုတ်ဆင့်သော အခွင့်ရအာဏာပိုင်၏ အမိန့်ကြောင့် နစ်နာသူ မည်သူမဆို၊ ပုဒ်မ ၃၊ သို့တည်းမဟုတ် ပုဒ်မ ၄ အရချအပ်သော နို့တစ်စာရသည့်နေ့ရက်မှ ဆယ်ရက်အတွင်း နိုင်ငံတော်အစိုးရထံ အယူခံဝင်နိုင်သည်။
သို့ရာတွင် အယူခံဝင်သူသည်၊ လုံလောက်သော အကြောင်းကြောင့် အယူခံလွှာကို အချိန်မီ မတင်သွင်းနိုင်ခဲ့ကြောင်း နိုင်ငံတော်အစိုးရက ကျေနပ်လျှင်၊ နိုင်ငံတော်အစိုးရသည်၊ အဆိုပါ ဆယ်ရက်ကျော်လွန်သော်လည်း အယူခံလွှာကို လက်ခံနိုင်သည်။
(၂) ပုဒ်မခွဲ (၁) အရ အယူခံလွှာရလျှင်၊ နိုင်ငံတော်အစိုးရသည်၊ အခွင့်ရအာဏာပိုင်ထံမှ အစီရင်ခံစာ တရပ်ကိုတောင်းယူ၍ မိမိလိုအပ်သည်ဟု ယူဆလျှင်၊ နောက်ထပ်စုံစမ်းပြီး၊ မိမိသင့်တော်သည်ဟု ယူဆသော အမိန့်ကိုချမှတ်နိုင်သည်။ နိုင်ငံတော်အစိုးရ၏ အမိန့်သည်အပြီးအပြတ်ဖြစ်ရမည်။
(၃) ပုဒ်မခွဲ(၁)အရ အယူခံဝင်လျှင်၊ နိုင်ငံတော်အစိုးရသည်၊ အခွင့်ရအာဏာပိုင်၏ အမိန့်အတည်ပြုခြင်း ကိုမိမိသင့်တော်သည်ဟု ယူဆသောကာလအတွက်၊ သင့်တော်သည်ဟု ယူဆသော စည်းကမ်းချက်များဖြင့်၊ ဆိုင်းငံ့ထားနိုင်သည်။


တရားမရုံးများက စစ်ဆေးစီရင်ပိုင်ခွင့်မရှိခြင်း။
၆။ ။ ဤအက်ဥပဒေဖြင့် အပ်နှင်းထားသည့် အာဏာများကိုသုံးစွဲလျက် နိုင်ငံတော်အစိုးရက ချမှတ်သော၊ သို့တည်းမဟုတ် အခွင့်ရအာဏာပိုင်က ထုတ်ဆင့်သော အမိန့်သည်မခိုင်လုံဟု၊ မည်သည့်တရားရုံးတွင်မျှ ငြင်းဆိုပိုင်ခွင့် မရှိစေရ။ ဤအက်ဥပဒေဖြင့် အပ်နှင်းထားသည့် အာဏာများနှင့်အညီ ဆောင်ရွက်သည့်၊ သို့တည်းမဟုတ် ဆောင်ရွက်မည့်ကိစ္စနှင့် စပ်လျဉ်း၍၊ မည်သည့်တရားရုံးကမျှ၊ သို့တည်းမဟုတ် အခြားမည်သည့်အာဏာပိုင်ကမျှ တားဝရမ်းမထုတ်ပေးရ။


တရားစွဲဆိုခြင်းမှ ကာကွယ်ပေးခြင်း
၇။ ။ ဤအက်ဥပဒေအရဖြစ်စေ၊ ဤအက်ဥပဒေအရပြုသည့် နည်းဥပဒေများအရဖြစ်စေ၊ ဤအက်ဥပဒေအရ ထုတ်ဆင့်ချမှတ်သော အမိန့်အရဖြစ်စေ၊ သဘောရိုးဖြင့်ပြုသည့်၊ သို့တည်းမဟုတ် ပြုသည့်သဘော သက်ရောက်သော ပြုမှုတခုခုနှင့်စပ်လျဉ်း၍ နိုင်ငံတော်အစိုးရကိုဖြစ်စေ၊ အခွင့်ရအာဏာပိုင်ကိုဖြစ်စေ၊ တရားမမှုသော်၎င်း၊ ရာဇဝတ်မှုသော်၎င်း၊ အခြားတရားမှုခင်းသော်၎င်း မစွဲဆိုရ။


တာဝန်ဝတ်တရား လွှဲအပ်ခြင်း။
၈။ ။ နိုင်ငံတော်အစိုးရသည်၊ အမိန့်ကြော်ငြာစာထုတ်ပြန်၍၊ စည်းကမ်းချက်များထားလိုက၊ ထိုအမိန့်ကြော်ငြာစာတွင် စည်းကမ်းချက်များ သတ်မှတ်လျက်၊ ဤအက်ဥပဒေအရ၊ မိမိသုံးစွဲနိုင်သည့် အာဏာ တရပ်ရပ်ကို၊ ဤကိစ္စအလို့ငှါ မိမိက အထူးအာဏာလွှဲအပ်ထားသည့် အရာရှိတဦးက၊ အဆိုပါ စည်းကမ်းချက်များနှင့် မဆန့်ကျင်စေဘဲ၊ သုံးစွဲနိုင်ရမည်ဟု ဆင့်ဆိုနိုင်သည်။


ပြစ်ဒဏ်။
၉။ ။ မည်သူမဆို၊ ဤအက်ဥပဒေပါ ပြဋ္ဌာန်းချက်တခုခုကိုဖြစ်စေ၊ ဤအက်ဥပဒေအရပြုသည့် နည်းဥပဒေတခုခုကိုဖြစ်စေ၊ ဤအက်ဥပဒေအရ ထုတ်ဆင့်ချမှတ်သော အမိန့်ကိုဖြစ်စေ၊ ဆန့်ကျင်လျှင်၊ သို့တည်းမဟုတ် ဤအက်ဥပဒေဖြင့် အပ်နှင်းထားသည့် အာဏာတရပ်ရပ်ကို၊ တရားဥပဒေနှင့်အညီ သုံးစွဲခြင်းကိုတားဆီးလျှင်၊ ထိုသူသည်၊ ခြောက်လအထိ ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တထောင်ထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ စီရင်ခြင်းခံရမည်။


နည်းဥပဒေပြုနိုင်သည့်အာဏာ။
၁၀။ ။ (၁) နိုင်ငံတော်သမတသည်၊ အမိန့်ကြော်ငြာစာထုတ်ပြန်၍၊ ဤအက်ဥပဒေပါ ကိစ္စများဆောင်ရွက်ရန် အလို့ငှါ၊ နည်းဥပဒေများ ပြုနိုင်သည်။
(၂) အထက်ပါ အာဏာ၏ ယေဘုယျသဘောကို မထိခိုက်စေဘဲ၊ အထူးသဖြင့် အောက်ပါကိစ္စအားလုံး အတွက် ဖြစ်စေ၊ ကိစ္စတခုခုအတွက် ဖြစ်စေ နည်းဥပဒေများ ပြုနိုင်သည်။
(က) နို့တစ်စာပုံစံနှင့် နို့တစ်စာချအပ်သည့်နည်းလမ်း။
(ခ) အစိုးရအိမ်ဥပစာကို သိမ်းယူရာတွင် လိုက်နာရမည့်နည်းလမ်း။
(ဂ) ခွင့်ပြုချက်မရဘဲ နေထိုင်ခြင်းအတွက် လျော်ကြေး ပြတ်ဆိုရန်နည်းလမ်း။
(ဃ) အယူခံဝင်ရာတွင် လိုက်နာရမည့်နည်းလမ်းနှင့် အယူခံမှု များတွင်လိုက်နာရမည့်ကျင့်ထုံး။
(င) ပြဋ္ဌာန်းရမည့်၊ သို့တည်းမဟုတ် ပြဋ္ဌာန်းနိုင်သည့် အခြားကိစ္စများ။