၁၉၅၁ ခုနှစ်၊ ပြည်ထောင်စုလူငယ့်ရေးရာဗဟိုကောင်စီ အက်ဥပဒေ

From Wikisource
Jump to navigation Jump to search
၁၉၅၁ ခုနှစ်၊ ပြည်ထောင်စုလူငယ့်ရေးရာဗဟိုကောင်စီ အက်ဥပဒေ  (1951) 
by Parliament of the Union of Burma
ရင်းမြစ်။ [1]

သမတအိမ်တော်၊ ရန်ကုန်မြို့။

၁၉၅၁ ခုနှစ်၊ ပြည်ထောင်စုလူငယ့်ရေးရာ ဗဟိုကောင်စီ အက်ဥပဒေ။

[၁၉၅၁ ခုနှစ်၊ အက်ဥပဒေအမှတ် ၂၂။]

၁၃၁၃ခု၊ တန်းခူးလဆုတ် ၅ ရက်။

(၁၉၅၁ ခု၊ ဧပြီလ ၂၆ ရက်။)


ယခုခေတ်လူငယ်များအား ကြီးပြင်းလာသောအခါတွင် အရည်အချင်းနှင့်ပြည့်စုံ၍ အဆင့်အတန်း မြင့်သော ပြည်သူပြည်သားကောင်း များဖြစ်မြောက်စေရန် လေ့ကျင့်မှု များဖန်တီးပေးရန် လိုအပ်သည် တကြောင်း၊

ထိုသို့ဖြစ်မြောက်ရန်အတွက် ပြည်သူ့ငြိမ်းချမ်းရေး ဗဟိုကောင်စီကြီးမှ ဦးစီးလျက် ပြည်ထောင်စုလူငယ် အဖွဲ့ဟူသော အမည်ဖြင့်၊ နိုင်ငံတော်အတွင်းတွင် လူငယ့်အဖွဲ့အစည်းများတည်ထောင်ပြီးဖြစ်သည်လည်း တကြောင်း၊

ထိုပြည်ထောင်စုလူငယ်အဖွဲ့များအား၊ အစိုးရနည်း၊ လူထုနည်းတို့ဖြင့် ကူညီစောင့်ရှောက်ရန် လိုအပ်သည်လည်းတကြောင်း၊

ထိုအကြောင်းများကြောင့် အောက်ပါအတိုင်းအက်ဥပဒေအဖြစ်ပြဋ္ဌာန်းလိုက်သည်။


ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ၊အောက်ဖေါ်ပြပါ အက်ဥပဒေကိုထုတ်ပြန်ကျေညာသည်။

၁။ ။ (၁) ဤအက်ဥပဒေကို၊ ၁၉၅၁ ခုနှစ်၊ ပြည်ထောင်စုလူငယ့်ရေးရာ ဗဟိုကောင်စီ အက်ဥပဒေဟု ခေါ်ရမည်။

(၂) ဤ အက်ဥပဒေသည်၊ အာဏာတည်ရန်ကိစ္စအလို့ငှါ၊ နိုင်ငံတော်သမတက အမိန့်ကြော်ငြာစာ ထုတ်ပြန်ကျေညာ၍ သတ်မှတ်သည့်နေ့ရက်တွင် အာဏာတည်ရမည်။ ထို့ပြင် ဤအက်ဥပဒေသည်၊ အာဏာတည်ခြင်းမှရပ်စဲရမည်ဟု နိုင်ငံတော်သမတကငါးနှစ်မပြည့်မီအမိန့်ကြော်ငြာစာဖြင့် မကျေညာလျှင်၊ငါးနှစ်တိုင်တိုင် အာဏာတည်နေရမည်။


၂။ ။ ဤအက်ဥပဒေတွင် ဗဟိုကောင်စီဆိုသည်မှာ၊ ပုဒ်မ ၃ အရဖွဲ့စည်းထားသော ပြည်ထောင်စုလူငယ့်ရေးရာဗဟိုကောင်စီကိုဆိုလိုသည်။


၃။ ။ (၁) ဤအက်ဥပဒေပါ ကိစ္စများကို ဆောင်ရွက်ရန်အလို့ငှါ၊ ပြည်ထောင်စုလူငယ့်ရေးရာဗဟိုကောင်စီဟုခေါ်သော ဗဟိုကောင်စီတခုကိုဖွဲ့စည်းတည်ထောင်ရမည်။ ထိုကောင်စီတွင် ဤအက်ဥပဒေ၏ဇယား၌ဖေါ်ပြထားသော ပုဂ္ဂိုလ်များပါဝင်ရမည်။

(၂) နိုင်ငံတော်တရားဝန်ကြီးချုပ်သည်၊ ဗဟိုကောင်စီ၏ ဥက္ကဋ္ဌ ဖြစ်ရမည်။ ပြည်ထောင်စုနိုင်ငံတော်အစိုးရ ပညာရေးဌာနဝန်ကြီးသည်၊ ဗဟိုကောင်စီ၏ ဒုတိယဥက္ကဋ္ဌဖြစ်ရမည်။
(၃) ဗဟိုကောင်စီအဖွဲ့ဝင်များ၏ရာထူးသက်တမ်းသည်၊ နိုင်ငံတော်သမတကသတ်မှတ်သည့်အတိုင်းဖြစ်ရမည်။
(၄) ဗဟိုကောင်စီ၏အစည်းအဝေးများကို၊သာမန်အားဖြင့် အနည်ဆုံးတနှစ်လျှင်နှစ်ကြိမ်ကျင်းပရမည်။
(၅) ဗဟိုကောင်စီအဖွဲ့ဝင်လူကြီးနေရာ လစ်လပ်နေသည့်အကြောင်းကြောင့်ဖြစ်စေ၊ အဖွဲ့ဝင်တဦးတယောက်ခန့်ထားရာ၌ ချို့ယွင်းချက်ရှိသည် အကြောင်းကြောင့်ဖြစ်စေ၊ ထိုဗဟိုကောင်စီ၏ ဆောင်ရွက်မှုများသည်ပျက်ပြယ်ခြင်းမရှိစေရ။
(၆) ဗဟိုကောင်စီသည်၊ ဗဟိုကောင်စီအစည်းအဝေးအားလုံး၏၊ သို့တည်းမဟုတ် ဗဟိုကောင်စီဆိုင်ရာကော်မီတီအစည်းအဝေးအားလုံး၏ လုပ်ငန်းအစီအစဉ်များနှင့် မှတ်တမ်းများကို၎င်း၊ ဗဟိုကောင်စီ၏ ဆောင်ရွက်မှုနှင့် စပ်လျဉ်းသောနှစ်ပတ်လည်အစီရင်ခံစာများကို၎င်း နိုင်ငံတော်သမတထံတင်သွင်းရမည်။


၄။ ။ (၁) ဗဟိုကောင်စီသည်၊ မိမိတို့အထဲမှ အဖွဲ့ဝင်တဆယ့်ငါးဦးပါဝင်သောအမှုဆောင်အဖွဲ့ကို ဖွဲ့စည်းရမည်။ ထိုအမှုဆောင်အဖွဲ့တွင်နိုင်ငံတော်တရားဝန်ကြီးချုပ်၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ ပညာရေးဌာနဝန်ကြီး၊ ပြည်ထောင်စုနိုင်ငံတော်အစိုးရ ဘဏ္ဍာရေးဌာနဝန်ကြီး၊ ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ ပညာရေးဌာန ညွှန်ကြားရေးဝန်၊ ဆေးဝါးကုသမှုဌာန ညွှန်ကြားရေးဝန်၊ လူထုပညာသင်ကြားရေးကောင်စီကိုယ်စားလှယ်၊ ပြန်လည်ထူထောင်ရေးအဖွဲ့ ကိုယ်စားလှယ်၊ ထို့အပြင် ကျန်အဖွဲ့ဝင်များအနက်မှ ဗဟိုကောင်စီကရွေးကောက်တင်မြှောက်သောအဖွဲ့ဝင်ခုနစ်ဦးပါဝင်စေရမည်။ ထိုအမှုဆောင်အဖွဲ့တွင်၊နိုင်ငံဝောာ်တရားဝန်ကြီးချုပ်သည်၊ ရာထူးအလျောက် ဥက္ကဋ္ဌဖြစ်ရမည်။ ပြည်ထောင်စုနိုင်ငံတော်အစိုးရ ပညာရေးဌာနဝန်ကြီးသည်၊ ရာထူးအလျောက် ဒုတိယဥက္ကဋ္ဌဖြစ်ရမည်။

(၂) ဗဟိုကောင်စီ၏ သဘောတူညီချက်ကိုရယူ၍၊ အမှုဆောင်အဖွဲ့သည်၊ မိမိ၏လုပ်ငန်းစဉ်နည်းဥပဒေများကိုပြဋ္ဌာန်းရမည်။
(၃) အမှုဆောင်အဖွဲ့သည်၊ဗဟိုကောင်စီ၏ ကြီးကြပ်အုပ်ချုပ်ခြင်းကို လိုက်နာလျက်၊ ပုဒ်မ ၁၆ အရပြုလုပ်သည့်စည်းကမ်းဥပဒေများဖြင့် မိမိအားလွှဲအပ်သည့် တာဝန်ဝတ်တရားများနှင့် အလုပ်ဝတ်တရားများကို ဆောင်ရွက်ရမည်။
(၄) သာမန်အားဖြင့်ဖြစ်စေ၊အထူးကိစ္စအတွက်ဖြစ်စေ၊ဗဟိုကောင်စီအဖွဲ့ဝင်များပါဝင်သော ကော်မီတီများကိုလည်းဗဟိုကောင်စီကခန့်ထားနိုင်သည်။
(၅) ထိုသို့ခန့်ထားသော ကော်မီတီသည်လည်း ဗဟိုကောင်စီ၏ကြီးကြပ်အုပ်ချုပ်ခြင်းကို လိုက်နာလျက်၊ ပုဒ်မ ၁၆ အရပြုလုပ်သည့်စည်းကမ်းဥပဒေများဖြင့် မိမိအားလွှဲအပ်သည့် တာဝန်ဝတ်တရားများနှင့် အလုပ်ဝတ်တရားများကို ဆောင်ရွက်ရမည်။

၅။ ။(၁) ဗဟိုကောင်စီ ဥက္ကဋ္ဌသည် မိမိသင့်တော်သည် ထင်မြင်သည့်အချိန်နှင့် နေရာတွင် ဗဟိုကောင်စီအစည်းအဝေးကျင်းပရန်ဆင့်ခေါ်နိုင်သည်။

(၂) ဗဟိုကောင်စီ၏ အစည်းအဝေးတိုင်း၌ အဖွဲ့ဝင်တဆယ့်ငါးဦးတက်ရောက်လျှင် အစည်းအဝေးအထမြောက်ရမည်။
(၃) ဗဟိုကောင်စီ၏ ဥက္ကဋ္ဌ အစည်းအဝေးသို့ မတက်ရောက်သောအခါ၊ ဒုတိယဥက္ကဋ္ဌက အစည်းအဝေးသဘာပတိအဖြစ်ဖြင့် ဆောင်ရွက်ရမည်။ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှစ်ဦးလုံး၊ အစည်းအဝေးသို့မတက်ရောက်လျှင်၊ တက်ရောက်သော အဖွဲ့ဝင်များသည်၊ မိမိတို့အထဲမှတဦးကို အစည်းအဝေးသဘာအတိအဖြစ်ဖြင့် ဆောင်ရွက်ရန်ရွေးကောက်တင်မြှောက်ရမည်။
(၄) ဗဟိုကောင်စီ၏ အစည်းအဝေး၌ ပေါ်ပေါက်သော ပြဿနာအားလုံးကို အစည်းအဝေးတက်ရောက်မဲပေးသောအဖွဲ့ဝင်များ၏များရာမဲဖြင့်၎င်း၊ မဲအရေအတွက်တူညီနေသောအခါ၊ ဥက္ကဋ္ဌ (သို့တည်းမဟုတ် အစည်းအဝေး သဘာပတိ)က အနိုင်မဲပေးခြင်းဖြင့်သော်၎င်း၊ ဆုံးဖြတ်ရမည်။


၆။ ။ (၁) ဗဟိုကောင်စီသည်၊မိမိ၏ တာဝန်ဝတ်တရားများနှင့် အလုပ်ဝတ်တရားများကို ကျေပြွန်စွာဆောင်ရွက်နိုင်ရန်အတွက်၊ လိုအပ်သည့်အရာရှိများနှင့် အမှုထမ်းများကို ခန့်ထားနိုင်သည်။

(၂) ဗဟိုကောင်စီအရာရှိများနှင့်အမှုထမ်းများ၏ လစာများ၊စရိတ်များနှင့်အမှုထမ်းစည်းကမ်းများသည်၊ ဗဟိုကောင်စီက နိုင်ငံတော်သမတ၏ ကြီးကြပ်အုပ်ချုပ်ခြင်းကို လိုက်နာလျက်၊ ပုဒ်မ ၁၆ အရ ပြုလုပ်သည့် စည်းကမ်း ဥပဒေများဖြင့် ပြဋ္ဌာန်းသည့်အတိုင်း ဖြစ်ရမည်။
(၃) ဗဟိုကောင်စီသည်၊ ဗဟိုကောင်စီအရာရှိများနှင့် အမှုထမ်းများ၏ တာဝန်ဝတ်တရားများနှင့် အလုပ်ဝတ်တရားများကို၊ ပုဒ်မ ၁၆ အရ ပြုလုပ်သည့် စည်းကမ်းဥပဒေများဖြင့် ပြဋ္ဌာန်းရမည်။


၇။ ။ ဗဟိုကောင်စီဿည်၊ မိမိအားအကြံဉာဏ် ပေးရန်အတွက် မည်သူ့ကိုမဆို ခန့်ထားနိုင်သည့်အပြင်၊ ထိုသူအား အခကြေးငွေများ၊ သို့တည်းမဟုတ် စရိတ်များ ပေးနိုင်သည်။


၈။ ။ ဗဟိုကောင်စီက အောက်ပါကိစ္စရပ်များကို ဆောင်ရွက်ရမည်။

(က) လူငယ်များအား အရည်အချင်းနှင့် ပြည့်စုံ၍ အဆင့်အတန်းမြင့်သော ပြည်သူပြည်သားကောင်းများ ဖြစ်မြောက်စေရန်အတွက် လေ့ကျင့်မှုများပြဋ္ဌာန်းခြင်းကိစ္စနှင့်စီမံကိန်းများပြုလုပ်ခြင်းကိစ္စ၊
(ခ) လူငယ့်ဝန်ထမ်းလုပ်ငန်းများအလို့ငှါ စည်းရုံးရေးမှူးများနှင့် ဝန်ထမ်းများအတွက် လေ့ကျင့်ရေး ဌာနများနှင့် လေ့ကျင့်ရေးစခန်းများတည်ထောင်ခြင်းကိစ္စ၊
(ဂ) လူငယ့်ဝန်ထမ်း လုပ်ငန်းများအတွက် စည်းရုံးရေးမှူးများနှင့် ဝန်ထမ်းများပါဝင်သော အဖွဲ့တခုဖွဲ့စည်းခြင်းကိစ္စ၊
(ဃ) လူငယ့်ဝန်ထမ်း လုပ်ငန်းများ တွင်ကျယ်ထမြောက်ရန်အတွက် ပြည်ထောင်စုမြန်မာနိုင်ငံတဝှန်းလုံးတွင် ဒေသန္တရ လူငယ့်ရေးရာ ကောင်စီများ ဖွဲ့စည်းတည်ထောင်ခြင်းကိစ္စ၊ ထို့ပြင်
(င) လူငယ့်ဝန်ထမ်းလုပ်ငန်းများအတွက် ပြုလုပ်ထားသည့် စီမံကိန်းများကို သာမန်အားဖြင့်ဆောင်ရွက်ခြင်းကိစ္စ။


၉။ ။ (၁) ဗဟိုကောင်စီ၏တာဝန်ဝတ်တရားများနှင့် အလုပ်ဝတ်တရားများ ဆောင်ရွက်နိုင်ရန်အတွက်၊ ဗဟိုကောင်စီအားနိုင်ငံတော်အစိုးရသည်၊ မိမိသင့်တော်သည်ထင်မြင်သည့် ငွေပေါင်းကို ထုတ်ပေးနိုင်သည်။

(၂) ဗဟိုကောင်စီသည်၊ နိုင်ငံတော်သမတ၏ တင်ကြိုခွင့်ပြုချက်ဖြင့် သာမန်အားဖြင့်ဖြစ်စေ၊ အထူးကိစ္စအတွက်ဖြစ်စေ၊ အလှူငွေ ကောက်ခံနိုင်သည်။


၁၀။ ။ ဗဟိုကောင်စီသည်၊ ပြည်ထောင်စု လူငယ့်ဝန်ထမ်း ရံပုံငွဟုခေါ်တွင်သည့် ရံပုံငွေတရပ်ကိုထားရှိရမည်။ ထိုရံပုံငွေသို့ နိုင်ငံတော်အစိုးရထံမှ ရရှိသော ငွေအားလုံးကို ထည့်သွင်းရမည်။ ဗဟိုကောင်စီမှ ကောက်ခံရရှိသော အလှူငွေများအားလုံးကိုလည်း ထိုရံပုံငွေတွင်ထည့်သွင်းရမည်။


၁၁။ ။ ဗဟိုကောင်စီသည်၊ ပြည်ထောင်စုလူငယ့်ဝန်ထမ်းရံပုံငွေကို အောက်ပါကိစ္စများအတွက် သုံးစွဲရမည်။

(က) လေ့ကျင့်ရေး ဌာနများ၏ အသုံးစရိတ်များနှင့် လေ့ကျင့်ရေးစခန်းများ၏ အသုံးစရိတ်များ ပါဝင်သော ဗဟိုကောင်စီရုံးစရိတ်များကိုပေးခြင်း၊
(ခ) သင်တန်းတက်သူများအားသင့်တော်သော ထောက်ပံ့ငွေများပေးသည့်အတွက် ကုန်ကျစရိတ်များကိုကျခံခြင်း၊ ထို့ပြင်
(ဂ) လိုအပ်သည်ဟုယူဆသော အခြားအသုံးစရိတ်များကို နိုင်ငံတော်သမတ၏ တင်ကြိုခွင့်ပြုချက်အရ ကျခံခြင်း။


၁၂။ ။ ဗဟိုကောင်စီသည်၊ လောလောဆယ်အသုံးမလိုသေးသည့် မိမိ၏ငွေများကို ပြည်ထောင်စုမြန်မာနိုင်ငံတော် ဘဏ်၌ဖြစ်စေ၊ နိုင်ငံတော်သမတက သဘောတူညီသည့် အခြားဘဏ်တခုခု၌ဖြစ်စေ အပ်နှံထားရမည်။


၁၃။ ။ (၁) ဗဟိုကောင်စီသည်၊ ဘဏ္ဍာတော်နှစ်၊ အသီးသီးမကုန်ဆုံးမီ၊ နောက်လာမည့် ဘဏ္ဍာတော်နှစ်အတွက် မိမိ၏ရသုံးခန့်မှန်းခြေ ငွေစာရင်းကို၊ နိုင်ငံတော်သမတ၏အခွင့်အမိန့်ရယူရန်တင်သွင်းရမည်။ ထို့ပြင် ဗဟိုကောင်စီသည်၊ အဆိုပါ ခန့်မှန်းခြေ ငွေစာရင်းများကို ပြင်ဆင်သည့် နောက်ထပ်ပြုလုပ်သော ခန့်မှန်းခြေ ငွေစာရင်းများကို အခါအားလျော်စွာ ဆိုခဲ့သည့်နည်းလမ်းအတိုင်း တင်သွင်းနိုင်သည်။

သို့သော် ဗဟိုကောင်စီသည်၊ မိမိအလုပ်စတင်လုပ်ကိုင်သည့် ပဌမနှစ်နှင့် ပတ်သက်၍၊ အလုပ်စတင်လုပ်ကိုင်သည့်နေ့ရက် မှထိုဘဏ္ဍာတော်နှစ်ကုန်ဆုံးသည်အထိ ကာလအပိုင်းအခြားအတွက် ခန့်မှန်းခြေငွေစာရင်းကို၊နိုင်ငံတော်သမတထံ လျင်မြန်နိုင်သမျှ လျင်မြန်စွာ တင်သွင်းရမည်။

(၂) ဗဟိုကောင်စီသည်၊ ဤပုဒ်မအရ ခန့်မှန်းခြေငွေစာရင်းတွင် ခွင့်ပြုသည့်ငွေထက်ပို၍အကုန်အကျမခံရ။


၁၄။ ။(၁) ဗဟိုကောင်စီသည်၊ နိုင်ငံတော်သမတကဆင့်ဆိုသည့်ကာလအပိုင်းအခြားအတွက် ငွေစာရင်းများကို နိုင်ငံတော်သမတထံပေးပို့ရမည်။

(၂) ဗဟိုကောင်စီသည်၊ ရံပုံငွေစာရင်းများကိုနိုင်ငံတော်သမတ၏ သဘောတူညီချက်ဖြင့်၊နိုင်ငံတော်စာရင်းစစ်ချုပ်ကပြဋ္ဌာန်းသည့်ပုံစံအတိုင်းထားရှိရမည်။
(၃) ဗဟိုကောင်စီ၏ငွေစာရင်းများကို နိုင်ငံတော်စာရင်းစစ်ချုပ်က စစ်ဆေးရမည်။ထိုငွေစာရင်းများနှင့်ပတ်သက်သည့် နိုင်ငံတော်စာရင်းစစ်ချုပ်၏အစီရင်ခံစာကိုနိုင်ငံတော်သမတထံတင်သွင်းရမည်။


၁၅။ ။နိုင်ငံတော်သမတသည် ဤအက်ဥပဒေပါကိစ္စများကိုဆောင်ရွက်ရန်အတွက် နည်းဥပဒေများပြုလုပ်နိုင်သည်။


၁၆။ ။ နိုင်ငံတော်သမတ၏ ကြီးကြပ်အုပ်ချုပ်ခြင်းကို လိုက်နာလျက်၊ ဗဟိုကောင်စီသည် အောက်ပါကိစ္စအားလုံးအတွက်ဖြစ်စေ၊ ကိစ္စတခုခုအတွက်ဖြစ်စေ၊ ဤအက်ဥပဒေနှင့်အညီဖြစ်သောစည်းကမ်းဥပဒေများပြုလုပ်နိုင်သည်။

(က) ဗဟိုကောင်စီ၏ မှုခင်းကိစ္စဆောင်ရွက်ခြင်းနှင့် ဗဟိုကောင်စီ အစည်းအဝေးများတွင်လိုက်နာဆောင်ရွက်ရန်နည်းလမ်း။
(ခ) ဗဟိုကောင်စီအရာရှိများနှင့် အမှုထမ်းများ ခန့်ထားခြင်း၊ အလုပ်မှထုတ်ပယ်ခြင်း၊ ထိုသူတို့၏လစာနှင့် အမှုထမ်းစည်းကမ်းများကို သတ်မှတ်ခြငင်ဂ၊
(ဂ) ပုဒ်မ ၄ အရ၊ ဗဟိုကောင်စီက အမှုဆောင်အဖွဲ့နှင့် ကော်မီတီများသို့ အာဏာများလွှဲအပ်ခြင်း၊ ထို့ပြင်
(ဃ) ဗဟိုကောင်စီ အရာရှိများနှင့် အမှုထမ်းများ၏ တာဝန်ဝတ်တရားများ၊ အလုပ်ဝတ်တရာများကို ခွဲဝေချထားခြင်း။


၁၇။ ။ ဤအက်ဥပဒေနှင့်အညီ သဘောရိုးဖြင့်ပြုလုပ်သည့်၊ သို့တည်းမဟုတ် ပြုလုပ်ရန်ကြံရွယ်သည့် အမှုတခုခုနှင့် ပတ်သက်၍ ဗဟိုကောင်စီအား၊ သို့တည်းမဟုတ် ဗဟိုကောင်စီဝင်အဖွဲ့ဝင်တဦးဦးအား၊ သို့တည်းမဟုတ် ဗဟိုကောင်စီအရာရှိတဦးဦးအား၊ သို့တည်းမဟုတ် ဗဟိုကောင်စီ အမှုထမ်းတဦးဦးအား၊ မည်သည့်တရားမမှု၊ ရာဇဝတ်မှု၊ သို့တည်းမဟုတ် အခြားအမှုအခင်းကိုမျှတရားစွဲဆိုခြင်းမပြုရ။


၁၈။ ။ ဤအက်ဥပဒေဖြင့် ဗဟိုကောင်စီအား ပေးအပ်ထားသည့်တာဝန် ဝတ်တရားတခုခုကိုဖြစ်စေ၊ အလုပ်ဝတ်တရားတခုခုကိုဖြစ်စေ၊ ဗဟိုကောင်စီကဆောင်ရွက်ရန် ပျက်ကွက်သည်ဟု နိုင်ငံတော်သမတက မည်သည့်အချိန်၌မဆို ထင်မြင်သဘောရရှိလျှင်၊ နိုင်ငံတော်သမတသည်၊ ဗဟိုကောင်စီကို ဖျက်သိမ်းနိုင်သည်။ ယင်းသို့ ဖျက်သိမ်းသောအခါ၊ ပြည်ထောင်စုလူငယ့်ဝန်ထမ်းရံပုံငွေမှ လက်ကျန်ငွေများနှင့် ဗဟိုကောင်စီပိုင်ပစ္စည်းအားလုံးသည်၊ နိုင်ငံတော်အစိုးရ၌တည်ရှိရမည်။


ဇယား။
ပြည်ထောင်စုလူငယ့်ရေးရာဗဟိုကောင်စီတွင်ပါဝင်ရမည့်ပုဂ္ဂိုလ်များ။


[ပုဒ်မ ၃(၁)။]


ဦးရေ
(၁) နိုင်ငံတော် တရားဝန်ကြီးချုပ်
(၂) ပြည်ထောင်စုနိုင်ငံဝောာ်အစိုးရ ပညာရေးဌာနဝန်ကြီး
(၃) ပြည်ထောင်စုနိုင်ငံတော်အစိုးရ ဘဏ္ဍာရေးဌာနဝန်ကြီး
(၄) ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ … … … …
(၅) ရှမ်းပြည်နယ်အစိုးရကိုယ်စားလှယ် … …
(၆) ကချင်ပြည်နယ်အစိုးရကိုယ်စားလှယ် … …
(၇) ကရင်နီပြည်နယ်အစိုးရကိုယ်စားလှယ် … …
(၈) ကရင်ရေးရာဌာနကိုယ်စားလှယ် … …
(၉) ချင်းရေးရာဌာနကိုယ်စားလှယ် … …
(၁၀) ပြည်ထောင်စုမြန်မာနိုင်ငံတော်
ယူနက်စကိုကော်မရှင်ကိုယ်စားလှယ်
(၁၁) အမျိုးသားကိုယ်လက်ကြံ့ခိုင်ရေးကောင်စီကိုယ်စားလှယ်
(၁၂) အမျိုးသားကျန်းမာရေးကောင်စီကိုယ်စားလှယ် …
(၁၃) ပြန်လည်ထူထောင်ရေးအဖွဲ့ကိုယ်စားလှယ် …
(၁၄) ဘာသာပြန်စာပေအသင်းကိုယ်စားလှယ် …
(၁၅) လူထုပညာရေးကောင်စီကိုယ်စားလှယ် …
(၁၆) ဒီမိုကရေစီပညာပြန့်ပွါးရေးအသင်းကိုယ်စားလှယ် …
(၁၇) ပညာရေးဌာနညွှန်ကြားရေးဝန် … …
(၁၈) ဆေးဝါးကုသမှုဌာနညွှန်ကြားရေးဝန် … …
(၁၉) ပြည်သူ့ငြိမ်းချမ်းရေး ဗဟိုကောင်စီကြီးမှ ဦးစီးလျက်
ဖွဲ့စည်းတည်ထောင်ထားသည့် ပြည်ထောင်စုလူငယ် အဖွဲ့များ၏
ကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်းထားသော
“ပြည်ထောင်စုလူငယ်အဖွဲ့၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့”က
မိမိတို့အထဲမှ ရွေးချယ်တင်မြှောက်သော ကိုယ်စားလှယ်
၁၈
(၂၀) အထက်ဖေါ်ပြပါ အဖွဲ့ဝင်များ စည်းဝေး၍
ဆုံးဖြတ်သည့်အတိုင်း၊ လူငယ်များကြီးပွါးရေး
လုပ်ငန်းများနှင့်သက်ဆိုင်သည်ဟု အသိအမှတ်ပြုခြင်းခံရသော
အဖွဲ့အစည်းများမှ ကိုယ်စားလှယ်တဦးစီ၊သို့ရာတွင်
ကိုယ်စားလှယ်စုစုပေါင်းဦးရေမှာ ကိုးဦးထက်မပိုစေရ
အဖွဲ့ဝင်စုစုပေါင်း ၄၅


ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ ကျွန်ုပ် လက်မှတ်ရေးထိုးသည်။

စဝ်ရွှေသိုက်၊
နိုင်ငံတော်ယာယီသမတ၊
ပြည်ထောင်စုမြန်မာနိုင်ငံတော်။


မေမြို့၊ ၁၃၁၃ ခု ၊တန်းခူးလဆုတ် ၅ ရက်။
(၁၉၅၁ ခု၊ ဧပြီလ ၂၆ ရက်။)


အမိန့်အရ၊
ခင်မောင်ဖြူ၊
နိုင်ငံတော်သမတအတွင်းဝန်။
[အမှတ် ၄၅]