၁၉၄၉ ခုနှစ်၊ အာဇာနည်ဗိမာန်အက်ဥပဒေ

From Wikisource
Jump to navigation Jump to search
၁၉၄၉ ခုနှစ်၊ အာဇာနည်ဗိမာန် အက်ဥပဒေ  (1949) 
၁၉၄၉ ခုနှစ်၊ အာဇာနည်ဗိမာန်နည်းဥပဒေများလည်းရှု

သမတအိမ်တော်၊ ရန်ကုန်မြို့။
၁၉၄၉ ခုနှစ်၊ အာဇာနည်ဗိမာန် အက်ဥပဒေ။
(၁၉၄၉ ခုနှစ်၊ အက်ဥပဒေအမှတ် ၇။)
၁၃၁၀ခု၊ နှောင်းတန်ခူးလဆန်း ၇ ရက်။
(၁၉၄၉ခု၊ ဧပြီလ ၄ ရက်။)

ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ၊ အောက်ဖေါ်ပြပါ အက်ဥပဒေကို ထုတ်ပြန်ကျေ ညာသည်။

ပြည်ထောင်စုသမတနိုင်ငံတော်အတွက်၊ အာဇာနည်ပီသစွာ ထမ်းရွက်သွားကြကုန်သော ပုဂ္ဂိုလ်များ၏ အထိမ်းအမှတ်အဖြစ်ဖြင့်၊ အာဇာနည်ဗိမာန်ကို တည်ဆောက်ရန်၎င်း၊ ထိုအာဇာနည် ဗိမာန်ကို ခံ့ညားထည်ဝါစွာမွမ်းမံ စေရန်၎င်း၊အဓွန့်ရှည်စွာတည်မြဲအောင် ပြုပြင်စောင့်ရှောက်ရန်၎င်း၊ လိုအပ်သည်ဖြစ်သောကြောင့်၊ အောက်ပါအတိုင်း၊ အက်ဥပဒေအဖြစ်ပြဋ္ဌာန်းလိုက်သည်။


၁။ ။ ဤအက်ဥပဒေကို ၁၉၄၉ ခုနှစ်၊ အာဇာနည်ဗိမာန် အက်ဥပဒေ ဟုခေါ်ရမည်။


၂။ ။ (၁) အဖွဲ့ပိုင်တံဆိပ်တခုနှင့်တကွ၊ အာဇာနည်ဗိမာန်ထိန်းသိမ်းရေးအဖွဲ့အမည်ဖြင့်၊ စဉ်ဆက်မပြတ် ဆက်ခံဆောင်ရွက်နိုင်စေရန် ဖွဲ့စည်းထားသော တရားဝင်အဖွဲ့တခု ရှိရမည်။ အဖွဲ့သည် ထိုအမည်ဖြင့် တရားစွဲဆိုနိုင်၍၊ တရားစွဲ ဆိုခြင်းကိုလည်းခံရမည့်အပြင်၊ ဤအက်ဥပဒေအလို့ငှါ၊ ထို့ပြင် ဤ အက်ဥပဒေနှင့်အညီ၊ ပစ္စည်းကိုရယူရန်၎င်း၊ ပစ္စည်းကိုလက်ရှိထားရန်၎င်း၊ ပဋိညာဉ်စာချုပ်များကို ချုပ်ဆိုရန်၎င်း၊ လိုအပ်သည့်အမှုကိစ္စများကို ဆောင်ရွက်ရန် ၎င်း အာဏာရှိရမည်။

(၂) အာဇာနည်ဗိမာန်ထိန်းသိမ်းရေးအဖွဲ့ဝင်များသည်၊ အောက်ပါအတိုင်းဖြစ်ရမည်။

(၁) ဝန်ကြီးချုပ် (ရာထူးအလိုက်)။

(၂) နိုင်ငံတော်တရားဝန်ကြီးချုပ် (ရာထူးအလိုက်)။

(၃) လွှတ်တော်တရားဝန်ကြီးချုပ် (ရာထူးအလိုက်)။

(၄) နိုင်ငံတော်ရှေ့နေချုပ် (ရာထူးအလိုက်)။

(၅) နိုင်ငံတော်စာရင်းစစ်ချုပ် (ရာထူးအလိုက်)။

(၆) ရန်ကုန်မြူနီစီပါယ်အဖွဲ့၏ မြို့တော်ဝန်။

(၇) ပြည်သူ့လွှတ်တော်မှ ရွေးကောက်သည့်ပုဂ္ဂိုလ် ၂ ဦး။

(၈) အစိုးရကရွေးကောက်သော ပုဂ္ဂိုလ် ၂ ဦး (၎င်းတို့အနက် တဦးမှာ၊ အဆောက်အဦ အတတ်ပညာ တွင်၊ သိကျွမ်းကျင်သောပုဂ္ဂိုလ်ဖြစ်စေရမည်)။

(၃) ဤအက်ဥပဒေအာဏာမတည်မီကဖြစ်စေ၊ တည်ပြီးမှဖြစ်စေ၊ အာဇာနည်ဗိမာန်အတွက်ရရှိသော၊ သို့တည်းမဟုတ် သူတပါးကပေးအပ်သော၊ သို့တည်းမဟုတ် မသေမီကမှာထား၍ပေးသော သို့တည်း မဟုတ် အခြားနည်းဖြင့် လွှဲပြောင်းပေးသော ရွှေ့ပြောင်းနိုင်သည့်ပစ္စည်း၊ မရွှေ့ပြောင်းနိုင်သည့် ပစ္စည်းအားလုံး၊ ထို့ပြင်ဤအက်ဥပဒေအတည် မဖြစ်မီက၊ ဖွဲ့စည်းထားသည့်၊ “အာဇာနည်ဗိမာန် တည်ဆောက်ရေးအဖွဲ့ကော်မီတီ”၏ လက်ရှိဖြစ်သော၊ သို့တည်းမဟုတ်၊ ပိုင်ဆိုင်သောငွေပစ္စည်း အခွင့်အရေး စသည်တို့သည်၊ အဆိုပါထိန်းသိမ်းရေးအဖွဲ့၌ တည်ရှိသက်ရောက် ရမည်။

(၄) အာဇာနည်ဗိမာန်ကို ထားရှိစီမံခန့်ခွဲရာတွင် သုံးစွဲဆောင်ရွက်ရသောအဖွဲ့ဝင်တို့၏အာဏာနှင့် အလုပ်ဝတ်တရားများ၏ ယေဘုယျသဘောကို မထိခိုက်စေဘဲ၊ အာဇာနည်ဗိမာန် ထိန်းသိမ်းရေးအဖွဲ့ဝင် တို့သည်၊ ဗိမာန်ဆိုင်ရာရွှေ့ ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို ကျနစွာပြင်ဆင် ထားရှိရန်၎င်း၊ ဗိမာန်ဥပစာ မပျက်မစီး စေရန်၎င်း၊ ဗိမာန်ဥပစာ၌ မဖွယ်မရာ မဖြစ်စေရန်၎င်း၊ ခွင့်မရသောသူများ ကျော်နင်းဝင်ရောက်ခြင်းမပြုစေရန်၎င်း၊ တိရစ္ဆာန်များဝင်ရောက်လာခြင်း မပြုစေ ရန်၎င်း၊ မိမိတို့၏အလုပ်ဝတ်တရားအဖြစ်ဖြင့် လိုအပ်သလိုအရေးယူဆောင် ရွက်ရမည်။

(၅) ထိန်းသိမ်းရေးအဖွဲ့၏ အစည်းအဝေးတက်ရောက်မဲပေးသော အဖွဲ့ဝင်များရာ၏ ဆောင်ရွက်ချက် များသည်၊ အဖွဲ့၏ဆောင်ရွက်ချက်များဖြစ်သည်ဟု မှတ်ယူရမည်။

(၆) ထိန်းသိမ်းရေးအဖွဲ့ကိုဖွဲ့စည်းရာ၌ နေရာလစ်လပ်သောကြောင့်သော်၎င်း၊ ချွတ်ယွင်းချက်ရှိသော ကြောင့်သော်၎င်း၊ အဖွဲ့၏ဆောင်ရွက်ချက်သည် တရားမဝင်ဟု မှတ်ယူခြင်းမပြုရ။

(၇) ထိန်းသိမ်းရေးအဖွဲ့ဝင်သည်၊ ရာထူးအလျောက်ခန့်ထားသော အဖွဲ့ဝင်ဖြစ်လျှင်၊ ပုဒ်မခွဲ (၂)၌ ပါရှိသော ရာထူးတခုခု၌ ဝတ်တရားဆောင်ရွက်နေဆဲအခါ၌သာလျှင် အဖွဲ့ဝင်အဖြစ်ဖြင့် ဆောင်ရွက် ရမည်။

(၈) ထိန်းသိမ်းရေးအဖွဲ့သည်၊ မည်သူကိုမဆို အတွင်းရေးမှူးအဖြစ်ဖြင့် ခန့်ထားနိုင်သည်။

(၉) ထိန်းသိမ်းရေးအဖွဲ့၏ ကိုယ်စားငွေထုတ်ပေးရန် အမိန့်၌အဖွဲ့ဝင်များနှစ်ဦးက လက်မှတ်ထိုး၍၊ အတွင်းရေးမှူး ကလည်းထပ်မံလက်မှတ်ရေးထိုးခဲ့သော် ထိုအမိန့်များသည် လုံလောက်တည်မြဲသည်ဟု မှတ်ယူရမည်။


၃။ ။ ထိန်းသိမ်းရေးအဖွဲ့က ခန့်ထားသောရာထမ်းမှုထမ်းများသည်၊ ရာဇသတ်ကြီး၏ အဓိပ္ပါယ် ရှင်းလင်းချက်တွင် အကျုံးဝင်သော ပြည်သူ့ဝန်ထမ်းများဖြစ်သည်ဟု မှတ်ယူရမည်။


၄။ ။ (၁) နိုင်ငံတော်သမတသည်၊ ဤအက်ဥပဒေအလို့ငှါ နည်းဥပဒေများကိုပြုနိုင်သည်။

(၂) အထူးအားဖြင့်၊ ထို့ပြင်ရှေ့ကဖေါ်ပြခဲ့သော အာဏာများ၏ယေဘုယျသဘောကို မထိခိုက်စေဘဲ၊ အောက်ပါကိစ္စ များအတွက် နည်းဥပဒေများပြဋ္ဌာန်းနိုင်သည်။

(က) ရာထူးအလျောက် ပါဝင်ဆောင်ရွက်သော ထိန်းသိမ်းရေးအဖွဲ့ဝင်မဟုတ်သည့် အဖွဲ့ဝင်များကို ခန့်အပ်သောနည်းနာကိစ္စနှင့် အဖွဲ့ဝင်အဖြစ် ထမ်းရွက်သောကာလအပိုင်းအခြားကိစ္စ၊

(ခ) ထိန်းသိမ်းရေးအဖွဲ့၏အစည်းအဝေးများ ဘိတ်ခေါ်သောနည်းနာကိစ္စ၊ အစည်းအဝေးအထမြောက် မှုကိစ္စ၊ အစည်းအဝေး၏ကျင့်စဉ်ကိစ္စ၊

(ဂ) ထိန်းသိမ်းရေးအဖွဲ့က ကော်မီတီများခန့်ထားခြင်းကိစ္စ၊ ငွေသုံးစွဲသော အာဏာနှင့်ကြီးကြပ် အုပ်ချုပ်မှုကို ထိုကော်မီတီများသို့ လွှဲအပ်ခြင်းကိစ္စ၊

(ဃ) ထိန်းသိမ်းရေးအဖွဲ့၌ တည်ရှိသက်ရောက်သောဗိမာန်ဥပစာအတွင်းတွင် အနေအထား ခင်းကျင်း သတ်မှတ်ခြင်း၊ မွမ်းမံခြင်း၊ ကြည့်ရှုစောင့်ရှောက်စီမံခြင်းကိစ္စနှင့်၊ မည်သည့်ပုဂ္ဂိုလ်မျိုး၏ အထိန်း အမှတ် ရုပ်ကလပ်၊ အရိုးပြာ စသည်တို့ကို မည်သို့မြှုပ်နှံသဂြိုလ်ထားရှိခြင်းကိစ္စ၊

(င) ထိန်းသိမ်းရေးအဖွဲ့က ထားရှိရမည့် ငွေစာရင်းများကိစ္စ၊ ထိုငွေစာရင်းများကို စစ်ဆေးခြင်း၊ ဖြန့်ချီခြင်းကိစ္စ၊

(စ) ထိန်းသိမ်းရေးအဖွဲ့၌တည်ရှိသက်ရောက်သော ဗိမာန်ဥပစာအတွင်း အများပြည်သူတို့ လာရောက် ကြည့်ရှုနိုင်သော စည်းကမ်းများနှင့်ဗိမာန်ဥပစာအတွင်း စုရုံးစည်းဝေးပွဲများကျင်းပနိုင်သော စည်းကမ်း များကိစ္စ၊

(ဆ) ထိန်းသိမ်းရေးအဖွဲ့၌တည်ရှိသက်ရောက်သောပစ္စည်းများကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ပျက်စီး စေမှု၊ နှောင့်ယှက်မှုတို့ကိုတားဆီးခြင်း၊ ဗိမာန်ဥပစာအတွင်းသို့ ကျူးကျော်ဝင်ရောက်လာမှုကို၊ သို့တည်း မဟုတ် တိရစ္ဆာန်များခေါ်ဆောင်လာမှုကိုတားဆီးခြင်းကိစ္စ၊

(ဇ) အာဇာနည်ဗိမာန် ဥပစာအတွင်းညစ်ညမ်းအောင်အောင်ပြုမှု၊ မဖွယ်မရာပြုမှု၊ မရိုမသေပြုမှု၊ ထို့ပြင် ဥပစာအတွင်းရှိ ပစ္စည်းအစရှိသည်တို့ကို မတရားသဖြင့် အသုံးပြုမှုတို့ကိုတားဆီးခြင်းကိစ္စ။

(၃) ပုဒ်မခွဲ (၂) ရှိ၊ အပိုဒ် (ဆ) နှင့် (ဇ) အရ၊ ပြုလုပ်သော နည်းဥပဒေကိုဖေါက်ဖျက်လျှင်၊ ထိုဖေါက်ဖျက် မှုအတွက်၊ ခြောက်လ ထက်မပိုသော ထောင်ဒဏ်ကိုဖြစ်စေ၊ ငါးရာအထိ ငွေဒဏ်ကိုဖြစ်စေ၊ ဒဏ်နှစ်ရပ် လုံးကိုဖြစ်စေ၊ စီရင်နိုင်စေရန် နိုင်ငံတော်သမတသည်၊ နည်းဥပဒေများ ပြဋ္ဌာန်းနိုင်သည်။

ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ၊ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

စဝ်ရွှေသိုက်၊
နိုင်ငံတော်ယာယီသမတ၊
ပြည်ထောင်စုမြန်မာနိုင်ငံတော်။

ရန်ကုန်မြို့၊ ၁၃၁၀ ခု၊ နှောင်းတန်ခူးလဆန်း ၇ ရက်။
(၁၉၄၉ ခု၊ ဧပြီလ ၄ ရက်။)

အမိန့်အရ၊
ရွှေဘော်၊
နိုင်ငံတော်သမတအတွင်းဝန်။
[အမှတ် ၄၄]