၁၉၄၈ ခုနှစ်၊ နိုင်ငံတော်သမ္မတတံဆိပ်တော် အက်ဥပဒေ

From Wikisource
Jump to navigation Jump to search
၁၉၄၈ခုနှစ်၊ နိုင်ငံတော်သမတတံဆိပ်တော် အက်ဥပဒေ  (1948) 
ဥပဒေများရုပ်သိမ်းသည့် ဥပဒေဖြင့် ရုပ်သိမ်းထားသည်။

၁၉၄၈ခုနှစ်၊ နိုင်ငံတော်သမတတံဆိပ်တော်အက်ဥပဒေ။
၁၉၄၈ ခု၊ အက်ဥပဒေအမှတ် ၂။

ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ အောက်ဖေါ်ပြပါအက်ဥပဒေကို ထုတ်ပြန်ကျေညာသည်။

ပြည်ထောင်စုမြန်မာနိုင်ငံတော်သမတ တံဆိပ်တော်နှင့်တကွ ထိုတံဆိပ်တော်နှင့်သက်ဆိုင် သောကိစ္စများအလို့ငှါ ပြဋ္ဌာန်းချက်များပြုလုပ်ရန် လိုအပ်သည်ဖြစ်သောကြောင့် အောက်ပါအတိုင်း အက်ဥပဒေအဖြစ် ပြဋ္ဌာန်းလိုက်သည်။

အမည်တိုနှင့်အက်ဥပဒေစတင်အတည်ဖြစ်ခြင်း

၁။ ။ (က) ဤအက်ဥပဒေကို “ ၁၉၄၈ခုနှစ်၊ နိုင်ငံတော်သမတတံဆိပ်တော်အက်ဥပဒေ” ဟုခေါ်ရမည်။

(ခ) ဤအက်ဥပဒေသည် ဖွဲ့စည်းအုပ်ချူပ်ပုံအခြေခံဥပဒေ စတင်အတည်ဖြစ်သည့်နေ့မှစ၍ အာဏာတည်သည်ဟုမှတ်ယူရမည်။

နိုင်ငံတော်သမတတံဆိပ်တော်

၂။ ။ နိုင်ငံတော်သမတအတွက် ရာထူးတံဆိပ်တော်တခုရှိရမည်။ ဤအက်ဥပဒေတွင် “နိုင်ငံတော်သမတ တံဆိပ်တော်”ဟု ခေါ်ရမည်။

နိုင်ငံတော်သမတတံဆိပ်တော်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့်အသုံးပြုခြင်း

၃။ ။ နိုင်ငံတော်သမတ (နိုင်ငံတော်ယာယီသမတလည်းပါဝင်သည်) သည်ရာထူး၌ ရှိသောအခါတိုင်း၌၎င်း၊ ရှိနေသမျှကာလအတွင်း၌၎င်း၊ အောက်ပါပြဋ္ဌာန်းချက်များသည် အကျိုးသက်ရောက်ရမည်။ ဆိုလို ရင်းမှာ-

(က) နိုင်ငံတော်သမတသည် နိုင်ငံတော်သမတတံဆိပ်တော်ကို ထိန်းသိမ်းကြီးကြပ်ရမည်။
(ခ) နိုင်ငံတော်သမတတံဆိပ်တော် ခပ်နှိပ်ရန်လိုအပ်သော အမိန့်စာလွှာမျိုးတွင် နိုင်ငံတော်သမတတံဆိပ်တော် ခပ်နှိပ်ရမည်။ ထိုစာလွှာမျိုးမှအပ အခြားစာလွှာများတွင် မခပ်မနှိပ်ရ။
(ဂ) နိုင်ငံတော်သမတတံဆိပ်တော်ကို၊ ဤပုဒ်မအရစာလွှာတခုတွင်ခပ်နှိပ်သောအခါ၊ ခိုင်လုံကြောင်း ထောက်ခံသည့်အနေနှင့် ထိုစာလွှာတွင် နိုင်ငံတော်သမတ၏ လက်မှတ်ရေးထိုးပါရှိရမည်။

နိုင်ငံတော်ဦးသျှောင်အဖွဲ့က နိုင်ငံတော်သမတတံဆိပ်တော်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် အသုံးပြုခြင်း

၄။ ။ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပုဒ်မ ၆၄ အရ၊ ဖွဲ့စည်းထားသော နိုင်ငံတော်ဦးသျှောင်အဖွဲ့သည်၊ နိုင်ငံတော်သမတ၏ အာဏာများနှင့် အလုပ်ဝတ်တရားများကို သုံးစွဲဆောင်ရွက်သောအခါတိုင်း၌၎င်း၊ သုံးစွဲဆောင်ရွက်နေသမျှ ကာလအတွင်း၌၎င်း၊ အောက်ပါပြဋ္ဌာန်းချက်များသည် အကျိုးသက်ရောက်ရမည်။ ဆိုလိုရင်းမှာ-

(က) အဆိုပါနိုင်ငံတော်ဦးသျှောင်အဖွဲ့သည်၊ နိုင်ငံတော်သမတတံဆိပ်တော်ကို ထိန်းသိမ်းကြီးကြပ်ရမည်။
(ခ) နိုင်ငံတော်သမတတံဆိပ်တော်ကို အဆိုပါနိုင်ငံတော်ဦး​သျှောင်အဖွဲ့ကပြုလုပ်သော အမိန့်စာလွှာများ တွင်ခပ်နှိပ်ရမည်။ အခြားစာလွှာများတွင် မခပ်မနှိပ်ရ။
(ဂ) နိုင်ငံတော်သမတတံဆိပ်တော်ကို ဤပုဒ်မအရ၊ စာလွှာတခုတွင် ခပ်နှိပ်သောအခါ၊ ဟုတ်မှန်ကြောင်း သက်သေဖြစ်စေရန် ထိုစာလွှာတွင် အဆိုပါနိုင်ငံတော်ဦးသျှောင်အဖွဲ့က အနည်းဆုံးအဖွဲ့ဝင်နှစ်ဦး၏ လက်မှတ်များနှင့် အဆိုပါနိုင်ငံတော်ဦးသျှောင်အဖွဲ့မှ ထိုကိစ္စအလို့ငှါ အခွင့်အာဏာလွှဲအပ်ထားခြင်းခံရ သောအဆိုပါ နိုင်ငံတော်ဦးသျှောင်အဖွဲ့၏ အတွင်းဝန်၏ ၊ သို့တည်းမဟုတ် အခြားအရာရှိတဦး၏ လက်မှတ်များရေးထိုးပါရှိရမည်။

နိုင်ငံတော်သမတတံဆိပ်တော်ကို အစိုးရရုံးတော်များနှင့် တရားရုံးတော်များက အသိအမှတ်ပြုရန်။

၅။ ။ နိုင်ငံတော်သမတတံဆိပ်တော်ကို အစိုးရရုံးတော်များနှင့် တရားရုံးတော်များက အသိအမှတ်ပြုရမည်။ ထို့ပြင်နိုင်ငံတော်သမတ တံဆိပ်တော်ခပ်နှိပ်ထားသော အမိန့်တိုင်းသည်၊ သို့တည်းမဟုတ် ခန့်အပ် လွှာတိုင်းသည်၊ သို့တည်းမဟုတ် စာချွန်သည်၊ သို့တည်းမဟုတ် အခြားစာလွှာတိုင်းသည်၊ ထိုသို့ခပ်နှိပ် သောတံဆိပ်တော်၌ ဤအက်ဥပဒေနှင့်အညီ ဟုတ်မှန်ကြောင်းသက်သေပါရှိလျှင် ထိုအမိန့်တိုင်းကို၊ သို့တည်းမဟုတ် ခန့်အပ်လွှာတိုင်းကို၊ သို့တည်းမဟုတ်စာချွန်တိုင်းကို၊ သို့တည်းမဟုတ်အခြားစာလွှာတိုင်းကို အတည်ယူရမည်။ နောက်ထပ်သက်သေပြရန်မလို။


ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ၊ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

စဝ်ရွှေသိုက်။
နိုင်ငံတော်ယာယီသမတ။

၁၃၀၉ ခုနှစ်၊ တပို့တွဲလဆန်း ၁၁ ရက်။
(၁၉၄၈ ခုနှစ်၊ ဇန္နာဝါရီလ ၂၁ ရက်။)
[အမှတ် ၅၃။]