ဦးထင်ကျော်၏ ပထမဆုံး မိန့်ခွန်း

From Wikisource
Jump to navigation Jump to search
ဦးထင်ကျော်၏ ပထမဆုံး မိန့်ခွန်း  (2016) 
by ထင်ကျော်
၂၀၁၆ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် သမ္မတအဖြစ် ရွေးကောက်ခံရပြီးနောက် ပြည်ထောင်စုလွှတ်တော်တွင် ပြောကြားခဲ့သော ပထမဆုံး မိန့်ခွန်းဖြစ်သည်။


လွှတ်တော်နာယကကြီး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တက်ရောက်လာကြသော ဂုဏ်သရေရှိဧည့်သည်တော်များ နဲ့ နိုင်ငံသူ၊ နိုင်ငံသားများခင်ဗျား့

ဒီပြည်ထောင်စုလွှတ်တော်ကြီးက ကျွန်တော့်ကို နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရတာဟာ အထင်ကရ သမိုင်းဝင်ဖြစ်ရပ်ကြီးတစ်ခုဖြစ်တဲ့အတွက် ကျွန်တော် များစွာဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြား လိုပါတယ်။ နိုင်ငံတော်သမ္မတဖြစ်လာတဲ့အညီ ကျွန်တော်က ပြည်ထောင်စုလွှတ်တော်ကို တာဝန်ခံရမယ့် ပုဂ္ဂိလ်ဖြစ်လာပါတယ်။

(၂၀၁၅) ခုနှစ်၊ နိုဝင်ဘာလ ရွေးကောက်ပွဲရလဒ်ကြောင့် ဖြစ်ထွန်းလာတဲ့ ဒုတိယအကြိမ်လွှတ်တော်နဲ့ အစိုးရ အဖွဲ့များဟာ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မူဝါဒများနဲ့ကိုက်ညီစွာ ဖွဲ့စည်းထားခြင်းဖြစ်ပါတယ်။

ယခုအစိုးရသစ်အနေဖြင့် အောက်မူဝါဒများဖြစ်တဲ့ အမျိုးသားရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်ရေးကို ရှေးရှုတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခု ပေါ်ပေါက်ရေးနဲ့ ပြည်သူလူထု အများစုရဲ့လူနေမှုဘဝအဆင့်အတန်း တိုးတက်မြင့်မားရေးတို့ကို အကောင်အထည်ဖော်ဆောင်သွားမှာဖြစ် ပါတယ်။

လွှတ်တော်နာယကြီး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တက်ရောက်လာကြသော ဂုဏ်သရေရှိဧည့်သည်တော် များနဲ့ နိုင်ငံသူနိုင်ငံသားများခင်ဗျား

ဒီနေ့ဒီအချိန်မှာ လေးနက်စွာတင်ပြလိုတဲ့ အချက်တစ်ခုရှိပါတယ်။ ဒီအချက်ကတော့ မကြာမီကပဲ ကျွန်တော် ဟာ နိုင်ငံတော်သမ္မတအဖြစ် ကတိသစ္စာပြုခဲ့ပြီးဖြစ်ပါတယ်။ အဲဒီကတိသစ္စာကို ထိန်းသိမ်းစောင့်ရှောက်ရမယ့် တာဝန်ရှိကြောင်းကိုလည်း အစဉ်သတိချပ်နေမှာဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံတော်နဲ့သင့်တော်မယ့် ဒီမိုကရေစီ စံချိန်စံညွှန်းများနဲ့ ကိုက်ညီတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ဖြစ်ပေါ်လာရေးအတွက်လည်း ဆောင်ရွက်ရမယ့် တာဝန်ရှိပါတယ်။ နှစ်ရှည်လများ ပြည်သူလူထုလိုလားတောင့်တနေတဲ့ ဒီနိုင်ငံရေးရည်မှန်းချက် အကောင် အထည်ပေါ်လာရေးအတွက် စိတ်ရှည်သည်းခံပြီးဆောင်ရွက်သွားရမှာကိုလည်း သိနားလည်ထားပါတယ်။

နိဂုံးချုပ်အားဖြင့် တင်ပြချင်တာကတော့ ယခုပေါ်ပေါက်လာတဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ဟာ ပြည်သူလူထု ရဲ့မျှော်လင့်ချက်များ၊ ဆန္ဒများ ပြည့်ဝစေရန် မမှိတ်မသုန် ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ကြောင်း အလေး အနက် ပြောကြားလိုခြင်းဖြစ်ပါတယ်။ နိုင်ငံသူနိုင်ငံသားအားလုံး ချမ်းမြေ့သာယာစွာနဲ့ မိမိတို့ဘဝလမ်းကြောင်း ကို ဖြောင့်တန်းစွာ လျှောက်လှမ်းနိုင်ကြပါစေ။ ။