ဥပဒေကဲ့သို့ အာဏာတည်သောအမိန့် ၁/၂၀၂၁

From Wikisource
Jump to navigation Jump to search
ဥပဒေကဲ့သို့ အာဏာတည်သောအမိန့် ၁/၂၀၂၁  (2021) 
by မြင့်ဆွေ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်
အမိန့်အမှတ် (၁/၂၀၂၁)
၁၃၈၂ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက်
(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်)

၁။ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အခြေခံအသုံးပြုခဲ့သော မဲစာရင်းများမှာ ကြီးမားစွာကွာခြားမှုများရှိနေသဖြင့် ဖြေရှင်းဆောင်ရွက်ပေးရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပျက်ကွက်ခဲ့ပါသည်။

၂။ နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် ပြည်သူ့ထံမှ ဆင်းသက်ရမည်ဖြစ်သော်လည်း ကျင်းပပြုလုပ်ခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆိုးဝါးစွာလွဲမှားနေသည့် မဲစာရင်းများဖြစ်ခဲ့သဖြင့် ဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ပြည်သူ့ထံမှ အချုပ်အခြာအာဏာ ဆင်းသက်ရမည်ဆိုသည့်အချက်နှင့် ဆန့်ကျင်နေပါသည်။

၃။ မဲစာရင်းပြဿနာများကို ဖြေရှင်းရန်ငြင်းပယ်ခြင်း၊ အရေးယူဆောင်ရွက်မှုမပြုခြင်း၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် အစည်းအဝေးများကို ရွှေ့ဆိုင်းပေးရန် တောင်းဆိုမှုအပေါ် ရွှေ့ဆိုင်းပေးခြင်းမရှိသည့် အပြင် ပြည်သူ့လွှတ်တော် အစည်းအဝေးအစီအစဉ်များ ထုတ်ပြန်ကာ အစီအစဉ်အတိုင်း ဆက်လက်လုပ်ဆောင်ရန် ဆောင်ရွက်ခြင်းတို့သည် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၄၁၇ ပါ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို အဓမ္မနည်းဖြင့် ရယူရန်ဆောင်ရွက်ခြင်းဖြစ်ပြီး တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ပျက်ပြားစေပါသည်။ ၎င်းကဲ့သို့ဆောင်ရွက်မှုများကြောင့် မြန်မာနိုင်ငံ၏ မြို့/ဒေသအသီးသီးတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို မယုံကြည်သဖြင့် ဆန္ဒပြမှုများ များစွာဖြစ်ပေါ်လျက်ရှိပြီး အခြားပါတီအဖွဲ့အစည်း လူပုဂ္ဂိုလ်များကလည်း ထောက်ခံပွဲအလံ လွှင့်ထူခြင်းများအပါအဝင် လှုံ့ဆော်မှုမျိုးစုံ ပြုလုပ်နေကြောင်းတွေ့ရသဖြင့် နိုင်ငံတော်တည်ငြိမ်မှုကို များစွာထိခိုက်စေလျက်ရှိသည်။

၄။ အဆိုပါပြဿနာကို မှန်ကန်စွာဖြေရှင်းခြင်းမပြုပါက နိုင်ငံတော်၏ ဒီမိုကရေစီလျှောက်လှမ်းမှုတွင် အခက်အခဲများဖြစ်ပေါ်လာစေမည်ဖြစ်၍ ဥပဒေနှင့်အညီ ဖြေရှင်းရန်လိုအပ်ပါသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၄၁၇ အရ နိုင်ငံတော်အား အရေးပေါ်အခြေအနေကြေညာလိုက်သည်။

၅။ မဲစာရင်းများ စစ်ဆေးအတည်ပြုခြင်းအပါအဝင် လိုအပ်သည့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန် အတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၄၁၈ ပုဒ်မခွဲ(က) အရ နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာတို့အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံသို့ လွှဲအပ်တာဝန် ပေးလိုက်သည်။

၆။ အရေးပေါ်အခြေအနေ အကျိုးသက်ရောက်သည့်နယ်မြေသည် နိုင်ငံတစ်ဝှမ်းဖြစ်ကြောင်းနှင့် အရေးပေါ်အခြေအနေအား ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၇ အရ ဤအမိန့် ထုတ်ပြန်သည့်နေ့မှစ၍ တစ်နှစ်သတ်မှတ်လိုက်သည်။

(ပုံ) မြင့်ဆွေ
ယာယီသမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်