အောင်ခြင်းရှစ်ပါး ဘုရားရှိခိုး

From Wikisource
Jump to navigation Jump to search
အောင်ခြင်းရှစ်ပါး ဘုရားရှိခိုး
by သထုံဆရာတော်ဦးကုဏ္ဍလ

မာရံ ယက္ခံ ဂဇံ စောရံ၊

စိဥ္စမာနဥ္စ သစ္စကံ။

နာဂံ ဗကံ ဇိနိ ဇိနော၊

ဟောတု မေ ဇယမင်္ဂလံ။

ယောဇိနော =အကြင်ငါးမာရ်ပယ်ဘိ ဂုဏ်သတ္တိကြောင့် ဇိနအမည် ရွှေဘွဲ့တော်ချီအပ်သော မြတ်စွာဘုရားသည်။

၁။ မာရံ =ယူဇနာတရာ့ငါးဆယ် အံ့ဖွယ်ကြီးဘိ ဂိရိမေခလာ မည်သာတွင်ခြင်း နတ်ဆင်မင်းထက် စီးနင်းတက်၍ ကြောက်မက်ဖွယ်သာ စစ်ဗိုလ်ပါနဲ့ ဝဲယာစီယှက် လက်ရုံးတထောင် ဖန်ဆင်းဆောင်၍ နိုင်ယောင်စစ်ထိုး ကျော်လွ့ံဟိုးသား တန်ခိုးတောက်ပ တေဇထန်ပြင်း မာရ်နတ်မင်းကိုလည်းကောင်း။

၂။ ယက္ခံ =စွယ်ရှည်ငေါငေါ မြင်သူမောမျှ နက်ကျောနီကျင် မွေးမျှင်မုတ်ဆိတ် ဖွားလျားမြိတ်သား လန့်ထိတ်ဖွယ်သာ ကြီးဧရာနှင့် သင်္ချာမြားမြောင် လေးထောင်သုံးရာ နှစ်ဆယ်သာအောင် များစွာလူသား နေ့တိုင်းစားသည့် စွမ်းအားကြီးလှ အာဠာဝကတွင်ခြင်း ဘီလူးမင်းကိုလည်းကောင်း။

၃။ ဂဇံ =ဆယ့်ခြောက်မောင်းအိုး ဖြိုးဖြိုးပြည့်နှက် သေအရက်ကို တိုက်လျက်ထန်ပြင်း နင်းစိမ့်ရည်မှတ် ဒေဝဒတ်တို့ တိုက်လွှတ်သောအား ဘုရားမြတ်စွာ ဆွမ်းခံရာ၌ ပက်ပါဦးတည် စူးစူးရည်၍ သတ်မည်ဧကန် အမြန်ပြေးလာ သံဆိုးစွာဖြင့် နာဠာဂီရိ မည်ရှိခေါ်တွင် မင်းစီးဆင်ကိုလည်းကောင်း။

၄။ စောရံ =သုံးယူဇနာ ရှည်စွာချင့်မှန်း ခရီးလမ်းကို မပန်းမဟိုက် မရှိုက်လျင်ပြင်း တဟုန်ခြင်းဖြင့် ပြေးနင်းစွမ်းနိုင် ပြိုင်သူဘက်ရှား လူအများကို ဓားလှံစွဲကာ ဖမ်းသတ်ကာလျှင် ယူခါလက်ညှိုး ကြိုးဖြင့်သီရုံး ပန်းကုံးအသွင် လည်ဝယ်ဆင်သောကြောင့် အင်္ဂုလိမာလ မည်ရတွင်ပြီး သူခိုးကြီးကိုလည်းကောင်း။

၅။ စိဥ္စမာနဥ္စ =ပရိသတ်အား မြတ်ဘုရားလျှင် တရားဟောကာ နေစဉ်ခါ၌ သေချာပြေပြစ် ပတ်ရစ်ဖွဲ့နှောင် ကိုယ်ဝန်ဆောင်၍ ဘုန်းခေါင်လူ့ဖျား ကျွန်မအားကို ပြစ်မှားပြီးခါ ဘယ့်ကြောင့်သာလျှင် အိပ်ရာမပြင် သူတော်စင်သို့ မမြင်သော့ထွေ ဣန္ဒြေနှင့် နေသနည်းဟု အမှုဖွေရှာ စွပ်စွဲလာသော စိဥ္စမာမည်ထုတ် မိန်းမယုတ်ကိုလည်းကောင်း။

၆။ သစ္စကံ =၀ါဒတထောင် အာဂုံဆောင်၍ ဂုဏ်ရောင်လွှားပ မိုက်မာနကြောင့် အနိစ္စအနတ္တ သင်္ခါရကို နိစ္စအတ္တာ ထပ်၍သာလျှင် မြတ်စွာရှင်စော တရားဟောလည်း သဘောမကျ မှားလေစွဟု ရှုတ်ချခါခါ ပြစ်တင်လာသော မိစ္ဆာယူကြိုက် ပရိဗိုဇ်သစ္စက ကူဋဒန္တကိုလည်းကောင်း။

၇။ နာဂံ =လေးလျံရောင်စို တောင်မြင်းမိုရ်ကို ကိုယ်ဖြင့်ခုနစ်ထပ် ရစ်ပတ်ကာလွှမ်း တတ်နိုင်စွမ်းသော ကြမ်းထန်းခက်ထန် မျက်စောင်းမာန်နှင့် ပဌမံအာလိန္ဒ နေသမျှတလွှား နတ်နဂါးကို ပိုင်ကာစိုးရ တန်ခိုးပြသည့် နန္ဒောပနန္ဒတွင်ခြင်း နဂါးမင်းကိုလည်းကောင်း။

၈။ ဗကံ =သဿတဒိဋ္ဌိ မှားဘိအယူ မိစ္ဆာဟူသား ဘူဇဂမြွေ ကိုက်လေတုံလတ် အာဘဿရာ ဗြဟ္မာခပင်း တုံ့ဝပ်ခြင်းနှင့် ကြီးမင်းတေဇ တန်ခိုးပသား ဗကမည်သာ ထိုဗြဟ္မာကိုလည်းကောင်း။

အဇိနိ =တန်ခိုးဉာဏ်ရှိန် ဝရဇိန်စက်မြတ် အတုလွှတ်ဖြင့် မချွတ်အောင်တော်မူလေပြီ။

တံ တေဇသာ =ထိုသို့အောင်ခြင်း တရားမင်း၏ ထွန်းဝင်းတေဇော် အာနုဘော်ဖြင့်။

မေ =အကျွန်ုပ်အား။

ဇယျမင်္ဂလံ =ရောဂါဘေးဒဏ် ရန်မာန်ခပင်း စိုးရိမ်ခြင်းကို နှိမ်နင်းအောင်တတ် ကောင်းမြတ်လှစွာ မင်္ဂလာသည်။

ဟောတု =စင်စစ်မသွေ ဖြစ်ပါစေသတည်း။

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse