အောင်ခြင်းရှစ်ပါး ဘုရားပင့်

From Wikisource
Jump to navigation Jump to search
အောင်ခြင်းရှစ်ပါး ဘုရားပင့်
by ဆရာတော်ဦးရာဇိန္ဒ (ပခုက္ကူ)

မာရံ ယက္ခံ ဂဇံ စောရံ၊ စိဉ္စမာနဉ္စ သစ္စကံ။

နာဂံ ဗကံ ဇိနော ဇယံ ဇိနော မေ ဌာတု သီသကေ။

မာရံ – ပရမေသခင် အသရေရှင်ကြီးကို ရွှေပလ္လင်က တွန်းချမယ်ဟဲ့လို့ အစွမ်းပြကာ လက်ရုံး တစ်ထောင်တို့နှင့် အသက်ဆုံးအောင် အကြံထုတ်သည့် မာရ်ယုတ်ဆိုတဲ့ မာရ်နတ်သားကို။ ဇိနော ဇယံ – ဟို-ဘဝါ ဘဝက အခါခါ ပါလာကြတဲ့ ဒါနပါရမီတည်းဟူသော တရားလက်နက်ဖြင့် ဘုရားက နိုင်ပြီ၊ ဘုရားကပိုင်ပြီ၊ ဪ... ဘုရားကပင် အောင်မြင်တော်မူခဲ့ပါပေသတည်း။

သံပြိုင်။ ။

ဗောဓိညောင်နန်း အောင်ခန်းရိပ်မြိုင်၊

တစ်ထောင်လက်ရုံး စက်ဘုန်းလှိုင်လှိုင်။

မာရ်နတ်မင်းနှင့် စစ်ခင်းယှဉ်ပြိုင်၊

တို့ဘုရား တရားတော်ဖြင့်နိုင်။

ယက္ခ - ငါ့ဗိမာန် ဖန်ရဝေတွင် နင်စံနေရမလားရယ်လို့ တို့ဘုရား ပရမေဘဂဝါ၏ ခြေနှစ်ဖြာ စက်ပန်း တို့ကို ဟိုသမုဒ္ဒရာ ရေဇလာတစ်ဘက်ကမ်းဆီသို့ သွေမကွာ ထွက်ရမ်း၍ ပစ်မည်ဟု ဆန်းသစ်တဲ့ မနောကံဖြင့် ဒေါသမာန်သွင်း, အာဠာဝကဆိုတဲ့ ဘီလူးမင်းကြီးကို။ ဇိနော ဇယံ – ဟိုဟိုဘဝ အတန်တန် အဖန်ဖန် အလီလီက မှီးခဲ့ရပါတဲ့ ခန္တီပါရမီတည်းဟူသော တရားဓမ္မဖြင့် ဘုရားကနိုင်ပြီ၊ ဘုရားကပိုင်ပြီ၊ ဪ... ဘုရားကပင် အောင်မြင်တော်မူခဲ့ပါပေသတည်း။

သံပြိုင်။ ။

အာဠဝက နာမယက္ခံ၊

ညဉ့်သုံးယံလုံး အုန်းအုန်းဆူညံ။

လက်နက်မိုးဖြင့် ထစ်ကြိုးတိုက်သံ၊

ခန္တီထုံး... ကျင့်ထုံး တို့ဘုန်းလျှံ။

ဂဇံ – တောင်ငါးလုံး ကာခိုတဲ့ ရာဇဂြိုဟ် လမ်းမသို့ ဆွမ်းရဖို့ မြန်းကြွတော်မူစဉ် သုံးလူ့ရှင်ကို အသေသတ်မယ်လို့ ဒေဝဒတ်ဆရာနှင့် အဇာတသတ်ဒကာတို့က မာရ်နတ်ပမာ အဆိုးစရိုက်ဖြင့် ထိုးလိုက်ဟေ့ ထိုးလိုက်၊ ထိုးလိုက်ဟု ဒုန်းရိုက်ကာသွင်း နာဠာဂီရိဆိုတဲ့ ဆင်မင်းကို။ ဇိနော ဇယံ – ခေတ်ကမ္ဘာအလီလီက အစစ်မကွာမှီးခဲ့ပါတဲ့ မေတ္တာပါရမီတည်းဟူသော တရားဓမ္မဖြင့် ဘုရားကနိုင်ပြီ၊ ဘုရားကပိုင်ပြီ၊ ဪ.... ဘုရားကပင် အောင်မြင်တော်မူခဲ့ပါပေသတည်း။

သံပြိုင်။ ။

ကြမ်းကြုတ်ရုန့်ရင်း မုန်ဆင်းဆင်မှာ၊

နာဠာဂီရိ မည်ရှိခေါ်တာ၊

အဟုန်ထန်ပြင်း အတင်းပြေးလာ၊

မေတ္တာမိုး... စွေဖြိုး တို့မြတ်စွာ။

စောရံ – သုံးဆယ့်ကိုးမိုင်အဝေးခရီးကို အပြေးကြီး မနားတမ်းလှမ်းနိုင်၍ အားအစွမ်းနဲ့ မသနားတမ်း လက်ညှိုးကို ဖြတ်မည်ဟု ရမ္မက်ဆိုးကပ်ကာ မြတ်မာတာ တစ်ပါးသော်မှ ဓမ္မတရားနော် အမှန်မဖက်နိုင်ဘဲ သန်လျက်ကို ထမ်းပိုက်လျက် တရကြမ်းလိုက်နေတဲ့ အမိုက်ရဲ့ ထိပ်သီး အင်္ဂုလိမာလဆိုတဲ့ လူမိုက်ကြီးကို။ ဇိနော ဇယံ – အဲဒီအမှားနည်းတွေကို တားဆီးကာ တစ်မျိုးနော် ကြံဆပြီး တန်ခိုးတော် အနန္တတည်းဟူသော တရားဓမ္မဖြင့် ဘုရားကနိုင်ပြီ၊ ဘုရားကပိုင်ပြီ၊ ဪ.... ဘုရားကပင် အောင်မြင်တော်မူခဲ့ပါပေသတည်း။

သံပြိုင်။ ။

အင်္ဂုလိမာလ နာမထင်စွာ၊

တစ်ထောင်လက်ညှိုး ကြိုးဖြင့်သီကာ။

ငါဟဲ့ယောက်ျား တအားလိုက်လာ၊

မြတ်တန်ခိုး... ကာမိုးတို့မြတ်စွာ။

စိဉ္စမာနဉ္စ - သန္ဓေသူ ကိုယ်ဝန်ဆောင် လူမိန်းမကဲ့သို့ အမူကိန်းပြကာ လူပြိန်း၊ လူအတွေ အထင်မှားရတဲ့ ဘုရားရဲ့အနားမှာ သစ်သားကိုပုံပြု သူ့ဗိုက်တွင် သန္ဓေခသလို အမှန်မသွေပြကာ ဝင်နွှဲ၊ ဟောဒီ ဂေါတမဟာ ငါ့လင်ပဲရယ်လို့ အထင်လွဲစရာ ဇွတ်ကဲပြီး စွပ်စွဲသမုတ် စိဉ္စမာနဆိုတဲ့ မိန်းမယုတ်ကို၊ ဇိနော ဇယံ - ရွှေနှုတ်တော်မှ အထူးမမြွက်ကြားဘဲ ငြိမ်သက်တော်မူတဲ့ တရားဓမ္မဖြင့် ဘုရားကနိုင်ပြီ၊ ဘုရားကပိုင်ပြီ၊ ဪ... ဘုရားကပင် အောင်မြင်တော်မူခဲ့ပါပေသတည်း။

သံပြိုင်။ ။

စိဉ္စမာန မိန်းမယုတ်မာ၊

ကိုယ်ဝန်ရှိသော ဆိုပြောလေတာ။

သံတော်ညင်းညင်း မိန့်ခွန်းခြွေကာ၊

တို့ဘုရား.. အောင်ငြား ပဉ္စမာ။

သစ္စကံ – အနိစ္စကိုတော့ အမြဲ အလွဲကျတော့အမှန် နိဗ္ဗာန်ဆိုပြန်တော့ ငရဲတဲ့ ငါ့စကားကိုသာ အမှန်ပဲရယ်လို့ စကားရည်စစ်ပွဲမှာ တစ်စွဲအောင် အနိုင်ငြင်းလျက် စတိုင်တင်းကာ ဝါဒတစ်ထောင်နှင့် မာနထောင်၍ တစ်မျိုးမိုက်ပြီး အဆိုးစရိုက်မှာ ထိပ်သီးဖြစ်တဲ့ ကူဋဒန္တဆိုတဲ့ သစ္စကပရိဗိုဇ်ကြီးကို။ ဇိနော ဇယံ - အဝိဇ္ဇာအမှောင်တွေ ယှဉ်ကာမသီနိုင်တဲ့ ပညာပါရမီတည်းဟူသော တရားဓမ္မဖြင့် ဘုရားကနိုင်ပြီး ဘုရားကပိုင်ပြီ၊ ဪ... ဘုရားကပင် အောင်မြင်တော်မူခဲ့ပါပေသတည်း။

သံပြိုင်။ ။

သစ္စကပရိဗိုဇ် အမိုက်လူစွာ၊

အမှန်ပယ်ရှား အမှားကိုသာ၊

ဝါဒထောင်လွှား တရားပြကာ၊

ဉာဏ်ရောင်လင်း... ဖြေရှင်း တို့မြတ်စွာ။

နာဂံ – ရှင်မဟာမောဂ္ဂလာန် ကိုယ်တော်မြတ်ကြီးကလည်း တန်ခိုးဈာန်၊ မိုးနဘံတအားရှင်းတဲ့ နဂါးမင်းကလည်း အခိုးအလျှံ၊ အမျိုးမျိုး အဖန်ဖန် သုဝဏ္ဏ ရွှေတောင်တစ်ဝိုက်မှာ တိုက်ခိုက်ကာ ရင်ဆိုင်၍ ယှဉ်ပြိုင်ရန် မာန်ဇော အတန်တန်ကြွနေတဲ့ နန္ဒောပနန္ဒခေါ်တဲ့ နဂါးမင်းကြီးကို။ ဇိနော ဇယံ -ဩကာသ ရောင်လျှံကို အောင်လံတော် တံခွန်စိုက်စေတဲ့လို့ သွန်လိုက်တဲ့တရားဓမ္မဖြင့် ဘုရားကနိုင်ပြီ၊ ဘုရားက ပိုင်ပြီ၊ ဪ... ဘုရားကပင် အောင်မြင်တော်မူခဲ့ပါပေသတည်း။

သံပြိုင်။ ။

နန္ဒောပနန္ဒ နာမထင်စွာ၊

နဂါးရန်ကြီး ဖျက်ဆီးဖို့ရာ၊

မောဂ္ဂလာန်အား မိန့်ကြားလေတာ။

မြတ်တန်ခိုး စိုးမိုးအောင်မြင်ရှာ။

ဗကံ - အဝိဇ္ဇာပိတ်ကာမိ၍ မိစ္ဆာဒိဋ္ဌိအယူဝါဒနှင့် သူလာကာ တကယ်စ၊ စပြီးတော့ ဓမ္မနည်း မဟုတ်တာတွေကို ပုစ္ဆာထုတ်ကာ ငြင်းလျက် အတွင်းစက်အဆိုးဉာဏ်ဖြင့် မိုးနဘံဝဠာအတွင်းမှာ သမ္ဘာလင်း နေတဲ့ ဗကဗြဟ္မာမင်းကြီးကို။ ဇိနော ဇယံ - လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားစွာ အဖြေမှန်ပေါ်တဲ့ ရွှေဉာဏ်တော်တည်းဟူသော တရားဓမ္မဖြင့် ဘုရားကနိုင်ပြီ၊ ဘုရားကပိုင်ပြီ၊ ဪ.... ဘုရားကပင် အောင်မြင်တော်မူခဲ့ပါပေသတည်း။

သံပြိုင်။ ။

အယူဖောက်ပြား တရားလမ်းချော်၊

ဗြဟ္မာဗက ခေါ်ကြသနော်၊

တန်ခိုးကြီးမား ထောင်လွှားလေသော်၊

ဉာဏ်တော်ဆေး...တိုက်ကျွေး တို့ဘုန်းမော်။

သော ဇိနော – ရှစ်ယောက်သော အမိုက်ကောင်တစ်သင်းကို စရိုက်အမှောင်ခွင်းကာ အောင်ခြင်းသို့ ရောက်တော်မူသော ထိုဘုရားရှင် ကိုယ်တော်မြတ်ကြီးသည်။ ဝါ၊ ရန်ဘယာကိုလည်း အောင်၊ မာန်တဏှာ ကိုလည်း အောင်၊ သံသရာကိုလည်း အောင်၊ အောင်စရာအထွေထွေ အလင်းပြသကဲ့သို့ အမှောင့်အမှောင် တွေခွင်းကာ အောင်ခြင်းဆိုတဲ့ မင်္ဂလာလာဘ်ကြီးကို မပြတ်အပြီး အမှန်ပင် ပေးသနားတော်မူနိုင်သော ထိုအောင်တော်မူဘုရားရှင် ကိုယ်တော်မြတ်ကြီးသည်။ မေ-မမ – ခန္ဓာငါးခု ငါဟုသမုတ် အကျွန်ုပ်၏။

ဝါ၊ ရုပ်နှင့်နာမ်သာ ထိုနှစ်ဖြာကို သက္ကာယစွဲ အထင်လွဲ၍ ငါပဲသမုတ် အကျွန်ုပ်၏။ ဝါ၊ ရုပ်နာမ်နှစ်ခု ပေါင်းစပ်မှုကြောင့် ငါဟုခေါ်ဝေါ် တပည့်တော်၏။ သီသကေ -ဦးခေါင်းရတနာ မြတ်အင်္ဂါ၌။ ဝါ၊ ကိုယ်ဒြပ်တွင် အမြတ်ပင်ဟု ခေါ်တွင်စေငြား ဦးထိပ်ဖျား၌။ ဝါ၊ ကိုယ်ဒြပ်လုံး အမြတ်ဆုံးဟု ခေါ်သုံးမည်တွင် ဦးထိပ်ပြင်၌။ ဌာတု - မယိမ်းမယိုင် ကျောက်စာတိုင်ကဲ့သို့ ခိုင်ခိုင်မတ်မတ် ရပ်တန့်တည်နေတော်မူလှဲ့ပါ့ အောင်သူတကာတို့၏ ထိပ်ဖူး အောင်ပွဲမှူးသခင် အရှင်မြတ်ကြီးဘုရား။ ဝါ၊ သားကြီးရာဟု ပမာပြုကာ ကရုဏာဖုံး အောင်သံချုန်းလျက် ရွှင်ပြုံးကြည်သာ တည်လာ ရပ်တန့်တော်မူလှဲ့ပါ အောင်သူတကာတို့၏ ထိပ်ဖူး အောင်ပွဲမှူးသခင် ဘုရားရှင်ကိုယ်တော်မြတ်ကြီးဘုရား။

ဆရာတော်ဦးရာဇိန္ဒ (ပခုက္ကူ)


This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse