အာဇာနည်ဗိမာန် လေးချိုးကြီး

From Wikisource
Jump to navigation Jump to search
အာဇာနည်ဗိမာန် လေးချိုးကြီး
by သခင်ကိုယ်တော်မှိုင်း

ဪ ....... အဆောင်ဆောင် နန်းတွေ ကြငှန်းတွေနှင့်နှော၊
အခေါင်မမြန်းခင်က၊ အောင်စာတမ်း ချို့စေဘို့ အောင်ပန်းညှို့ရရှာတဲ့၊
တောင်တမန်းတို့ဗမာမှာ အဟောင်းသံသရာ အငုတ်တွေနှင့်၊
အောင်ဆန်းတို့ မသာမယာဟာ ၎င်းကံကြမ္မာ အလုပ်ပေထင့်၊
သောင်းမြန် မရဏာစမုတ်မှာတော့ ချုပ်သနဲ့ ယင်းအလိုတွင်၊
ဒေါင်းလံပုဝါအုပ်ပါလို့ ကျုပ်ဖြင့် သင်္ဂြိုဟ်ချင်။ ။

ဪ ........... တပည့်အရင်းတွေမို့ ကဝိမတင်းနိုင်ဘုကွဲ့၊
သတိကင်းကာ မျက်ရည်ကျကျပြီး၊
ခက်ကပြီ လက်ဆည်မရနိုင်ဘု၊
သောက ဘလောင်ဆူတော့၊
တောင်ဇမ္ဗူ ပုဂံခေတ်ဆီက၊
ယခေါင်မူ ယမန်သနစ်တွေပေါ့၊
ရန်အဖြစ်မကွဲ့ မနှေးသနော် တသောင်း ဒီဇမ္ဗူရမ်းနေကြ၊
ကျန်ရစ်တဲ့ မြေးတော် အလောင်းစည်သူရဲ့ နန်းကိုဖြင့်၊
လူကြမ်းဓမြတွေ ကြမ်းလာရမ်းလာတဲ့ အရေးတွင်မှ၊
ဘေးအပေါင်းကြီးစွာ ဝေဒနာအစုံနဲ့၊
သွေးချောင်းစီးကာ သေရှာပုံရဲ့ပြင်၊
ရွှေမြန်မာဘုံမှာ အမင်းမင်း သမတတွေနဲ့၊
သတင်းလှတဲ့ အင်းဝရာဇာအမွန် သာလွန်မင်းကိုမှ၊
သားရင်း ရှင်တရုပ်ကယ်က၊
ရှင်ဘုရင်လုပ်မယ်လို့ အကျယ်ဇယားတွင်ဖြင့်၊
ဒဝယ်သားတွေ ဗိုလ်ဝင်ခံလို့မို့၊
ဟိုအရင်ယမန် နန်းတော်စီးစဉ်က၊
အပျက်ကြီးပျက်ကာ အသက်ခန္ဓာတွေဆုံးပုံနဲ့၊
တထုံးနောက်တနဲမှာတော့၊
မင်းရဲရန္တမိတ်ခမြာမှာ ညီသနင်းပေပေါ့၊
ပြည်မင်း ဂုဏ်ခံလို့၊
မှုန်မှုန်ဆန်ဆန် ပုန်ကန်တဲ့ အတိုင်းရဲ့ပြင်၊
တလိုင်းနယ် ရွှေပြည်တခွင်မတော့၊
ဓမ္မစေတီဘုရင် လက်ထက်တုန်းဆီက၊
လက်ရုံးရည် တသိန်လျှမ်းပေတဲ့၊
သမိန်ဘရမ်းဆိုသူ စစ်ဗိုလ်ချုပ်ကိုဖြင့်၊
မဟုတ်တရုတ်အကောင် တေလေတစ္ဆေကိုက်တာနဲ့၊
ဪ ...... ဖွေဖွေရှာရှာ မကျေစရာပေပေါ့နှော၊
မရေမရာ သေရွာဆိုက်သလိုပါ့၊
အခိုက်အခါ တူလို့မို့၊
ဆရာတမူ မကြာမကြာလွမ်းရပါတဲ့၊
ဘမရာအဆူဆူ ကြာ ကြငှန်းတွေနှင့်၊
မြန်မာဇမ္ဗူ အညာမန်းတွင်ဖြင့်၊
ငါတလူ ငါသရမ်းရော့မဟဲ့ လို့၊
သာခန်း ပလ္လင်ညွှန်းပြီး၊
မြင်ကွန်းပိုင် သူပုန်ထစဉ်က၊
ကြုံရသူ မသာတော်နှင့်၊
ပမာသော် တူတယ်လို့ နှိုင်းမိတယ်၊
ရိုင်းသနဲ့ အတိတ်ယခင်လိုနော်ကွယ်၊
စကိုင်းတပဲ့ ဂိုဏ်းအဖွဲ့တွေနဲ့၊
မှိုင်းရဲ့ စိတ်ထင်။ ။

မင်းစိတ်မင်းမာန် အကြံအဖန်တင်းလိုက်ပုံက၊
အင်္ဂလိပ် ယင်းဂျပန် နှစ်တန်ရှင်းပါလို့၊
ရန်ခပင်းကိုတဲ့ မောင်းကာနှင်၊
ဒေါင်းမြန်မာတခွင်မှာဖြင့် ယခင်သဘော၊
တကောင်းရာဇဝင်ကိုတဲ့ ဆက်ချင်သကော။ ။

နန်းမြို့တည်ရန်၊
မှန်းလို့ရည်ကာသန်တဲ့၊
ညီလာခံ ဗိုလ်ရှုပွဲတွင်မှ၊
ထိုထို လူခပဲကို မကြည်ညိုတဲ့၊
ဝသီအလို တဖြေးဖြေးရူးမဟဲ့လို့၊
တနွေးနွေး မူးမူးပြီး ခွေးဘီလူးလို အကောင်မိုက်တွေက၊
ဪ .......... အမှောင်စရိုက်ကယ်နှင့်၊
ပြောင်ပြောင်ဘဲ မိုက်မပေါ့လို့၊
ပြောင်ကိုက်သဟာမှာ ယာယီယတြာအချိန်နဲ့ ဇာတာမှိန်လို့မို့၊
ဂဏှာမငြိမ် တာဝတိန်ယွန်းကြပေါ့၊
ဖြေမကြည် နေရီတော့ လွမ်းစေဘို့၊
မြန်မာ့ပြည်ပေါ်ကို ဓမ္မစည်တော်ရွမ်းချိန်မို့၊
အစွမ်းကုန် သည်တခါဖြင့်၊
ပြည်ရွာ ညီညာဘို့ အလုပ်ပေပါ့၊
သုဿန်တံခွန်စောင်းရရှာတဲ့၊
ရုပ်အကျန် ခုနစ်လောင်းရယ်နှင့်၊
အလွန်ကောင်းစွာ ကမ္ဘာတည်မည့်၊
အာဇာနည် ဗိမာန်ပုထိုးကိုဖြင့်၊
ပါရမီ အဓိဋ္ဌာန်တမျိုးရယ်နှင့်၊
ရှိခိုးကာ ဆရာကန်တော့ချင်ရဲ့၊
မြန်မာမတော့ ပူစရာဘို့၊
တဗျူဟာ အောင်ခမန်းတွင်မှ၊
လူမသမာ အမှောင်သန်းချိန်မို့၊
သောင်ကမ်းမို့မို့ ဆီက၊
ဖေါင်နန်းကူးတို့နှင့် အကြေဒဂုန်တည်းဟူသော ရေစုန်မျောလေရဲ့၊
ဪ ........ တောင်နန်း မြောက်နန်း အဆောင်ဆောင် ကြငှန်းနဲ့၊
အခေါင်မမြန်းရခင်က အောင်ပန်း ညို့ရရှာတဲ့၊
အောင်ဆန်းတို့ သေပုံနှမြော။ ။

PD-icon.svg This work was published before January 1, 1925, and is in the public domain worldwide because the author died at least 100 years ago.