အရှင်သောဘိတ မထေရ်အကြောင်း

From Wikisource
Jump to navigation Jump to search
မဟာဗုဒ္ဓဝင် by မင်းကွန်းဆရာတော်
(၃၄) အရှင်သောဘိတ မထေရ်အကြောင်း

(၃၄) အရှင်သောဘိတမထေရ်အကြောင်း

(က) မထေရ်၏ ရှေးဆုတောင်း

     ဤအရှင်သောဘိတ မထေရ်အလောင်း အမျိုးကောင်းသားသည်လည်း ပဒုမုတ္တရ မြတ်စွာဘုရားရှင် လက်ထက်တော်အခါ ဟံသာဝတီ မင်းနေပြည်ဝယ် အမျိုးကောင်းသားဖြစ်၍ အရွယ်သို့ ရောက်လတ်သော် မြတ်စွာဘုရားရှင်၏ တရားတော်ကို ကြားနာစဉ် မြတ်စွာဘုရားရှင်က ရဟန်းတပါးကို ပုဗ္ဗေနိဝါသဉာဏ် (=ရှေးကဖြစ်ဘူးသည့် ခန္ဓာအစဉ်ကို အောက်မေ့သိမြင်သော အဘိညာဏ်)ကို ရကြသော ရဟန်းတို့အနက် အသာဆုံး အမြတ်ဆုံး ဧတဒဂ်ရာထူး၌ ထားတော်မူသည်ကို တွေ့မြင်ရ၍ အဓိကာရ ကောင်းမှုကုသိုလ်ကို ပြုပြီးလျှင် ထိုရာထူး = ဌာနန္တရကို ဆုတောင်းပတ္ထနာမှု ပြုလေ၏။ ပဒုမုတ္တရ မြတ်စွာဘုရားရှင်သည်လည်း ဗျာဒိတ်စကား မိန့်ကြားတော်မူလေ၏။



၅၂၀

(ခ) နောက်ဆုံးဘဝ ရဟန်းပြုခြင်း

     ထိုအမျိုးကောင်းသားသည် အသက်ထက်ဆုံး ကောင်းမှုကုသိုလ်ကိုပြု၍ အပါယ်လေးပါး မလားမရောက်ပဲ နတ်ပြည် လူ့ပြည်တို့၌ ကျင်လည်ကျက်စားလျက် ဤအကျွန်ုပ်တို့ မြတ်စွာဘုရားရှင် ပွင့်ထွန်းတော်မူရာ ကာလဝယ် သာဝတ္ထိပြည်ဝယ် ပုဏ္ဏားမျိုး၌ ဖြစ်၍လာလေ၏။ ထိုသူငယ်၏ အမည်ကို “သောဘိတလုလင်”ဟု အမည်မှည့်ကြကုန်၏။

     သောဘိတလုလင်သည် နောက်တချိန်၌ မြတ်စွာဘုရား၏ တရားတော်ကို ကြားနာရ၍ သဒ္ဓါတရား ဖြစ်ပွါးကာ သာသနာဝန်ထမ်း ရှင်,ရဟန်းပြုပြီးလျှင် ဝိပဿနာတရား ပွါးများအားထုတ်သဖြင့် အရဟတ္တဖိုလ်သို့ ရောက်ရှိကာ (=ရဟန္တာဖြစ်ကာ) ပုဗ္ဗေနိဝါသဉာဏ်၌ အထူး လေ့လာနိုင်နင်းတော်မူလေသည်။

(ဂ) ဧတဒဂ်ဘွဲ့ထူး ရတော်မူခြင်း

     ဤအရှင်သောဘိတ မထေရ်မြတ်သည် လွန်ခဲ့သော မဟာကပ် ၅၀၀-အထက်က တိတ္ထိတို့သာသနာဝယ် ရဟန်းပြု၍ သညာဝိရာဂ ရူပါဝစရစတုတ္ထဈာန် သမာပတ်ကို ဖြစ်စေ၍ ဈာန်မလျှောကျပဲ ထိုဘဝမှ စုတေလတ်သော် အသညသတ်ဘုံ၌ ဖြစ်လေ၏။ ထိုအသညသတ်ဘုံ၌ အသက်တမ်းပြည့် မဟာကပ်-၅၀၀ တည်နေ၍ ထိုမဟာကပ်-၅ဝ၀ ကုန်ဆုံးသောအခါ ဤလူ့ပြည်ဝယ် သောဘိတလုလင်ဖြစ်၍ နိယျာနိက ဤဘုရားသာသနာ၌ ရဟန်းပြုပြီးလျှင် ဝိပဿနာတရား ပွါးများအားထုတ်သဖြင့် ပု,ဒိ,အာ = ဝိဇ္ဇာသုံးပါးနှင့် ပြည့်စုံသော တေဝိဇ္ဇရဟန္တာ ဖြစ်တော်မူလေသည်။

     ထိုအရှင်သောဘိတ မထေရ်သူမြတ်သည် တနေ့သ၌ မိမိ၏ ရှေး၌ဖြစ်ဘူးသော ခန္ဓာအစဉ်ကို အောက်မေ့ဆင်ခြင်တော်မူလတ်သော် ဤယခု နောက်ဆုံး ပစ္ဆိမဘဝ ပဋိသန္ဓေကို မြင်တော်မူ၍ ထို့နောက် တတိယဘဝ စုတိကိုသာ မြင်တော်မူလေသည်။ (လွန်ခဲ့သည့် ဒုတိယ အသညသတ်ဘဝကို မြင်တော်မမူ)။



၅၂၁

(ပုဗ္ဗေနိဝါသဉာဏ်သည် စုတိ, ပဋိသန္ဓေကို အာရုံပြု၍ ယူသော်လည်း အနန္တရပစ္စည်းအစဉ်ရှိသည့် နာမ်တရားတို့နှင့်စပ်၍သာ ယူနိုင်လေသည်။ ထို့ကြောင့် ရုပ်တရားချည်း သက်သက်ဖြစ်သော လွန်ခဲ့သည့် ဒုတိယ အသညသတ်ဘဝကို မမြင်ပဲ ရှိလေသည်။ ။သာရတ္ထဋီ-၂၊၂၉၇-မှ)

     ထိုအခါ ယခုနောက်ဆုံး ပစ္ဆိမဘဝနှင့် လွန်ခဲ့သည့် တတိယဘဝ = ဤနှစ်ဘဝတို့၏ အကြားဝယ် စိတ်မရှိသည့် အသညသတ် အတ္တဘောကို ပုဗ္ဗေနိဝါသဉာဏ်ဖြင့် အောက်မေ့ခြင်းငှာ မတတ်နိုင်ရကား “သံသရာ၌ ကျင်လည်ကြသော သတ္တဝါတို့အဖို့ရာ ခန္ဓာမဖြစ်သော ကာလဟူ၍ မရှိချေ၊ အသညသတ်ဘုံ၌ ဖြစ်ကြသော သတ္တဝါတို့သည်သာ စိတ်မရှိကြပဲ မဟာကပ်-၅၀၀ ကာလကြာအောင် ဖြစ်ကြလေသည်။ သို့ရကား ငါသည် ဧကန်ပင် ဤဘဝ, တတိယဘ၀ နှစ်ဘဝတို့၏ အကြားကာလ မဟာကပ်-၅၀၀ ကာလကြာအောင် အသညသတ်ဘုံ၌ ဖြစ်ခဲ့လေပြီ”ဟု နည်းအားဖြင့် ထိုအသညသတ်ဘဝကို မှတ်ယူတော်မူလေသည်။

     ထိုသို့ နာမ်ခန္ဓာမရှိသည့် အသညသတ်ဘဝကို အောက်မေ့မှုကို မြတ်စွာဘုရားများမှသာ ပိုင်နိုင်စွာ ပြုနိုင်သည်။ သို့ဖြစ်၍ ယခု အရှင်သောဘိတမထေရ်၏ နည်းအားဖြင့် အသညသတ်ဘဝကို အောက်မေ့မှုကို ပြုခြင်းသည် ခဲယဉ်းသောအမှုကို ပြုခြင်း ဖြစ်လေသည်၊ သားမြီးဖျားတခုဖြင့် သားမြီးဖျားတခုကို မှန်အောင် ပစ်ရသည်နှင့် တူလှဘိ၏။ ခြေရာမထင်နိုင်သော ကောင်းကင်၌ ခြေရာကို ပြအပ်သကဲ့သို့ ဖြစ်လေသည်။ ထို့ကြောင့် မြတ်စွာဘုရားရှင်သည် ဤအဋ္ဌုပ္ပတ်ကို အကြောင်းပြု၍ ဧတဒဂ်ဘွဲ့နှင်းသဘင် ယင်တော်မူသောအခါ အရှင်သောဘိတမထေရ်ကို-

“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ ပုဗ္ဗေနိဝါသံ အနုဿရန္တာနံ ယဒိဒံ သောဘိတော = ရဟန်းတို့.. ရှေး၌ဖြစ်ဘူးသည့် ခန္ဓာအစဉ်ကို အောက်မေ့နိုင်ကြသည့် ငါဘုရား၏ တပည့်သာဝက ရဟန်းတို့တွင် သောဘိတရဟန်းသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏”-



၅၂၂

ဟု ချီးကျူး မိန့်မြွက်တော်မူကာ “ပုဗ္ဗေနိဝါသလာဘီ = ပုဗ္ဗေနိဝါသအဘိညာဏ်ကို ရသောအရာ”ဝယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူလေ၏။

(ဤအရှင်သောဘိတမထေရ်၏ ပုဗ္ဗေနိဝါသဉာဏ် အကြောင်းအရာတို့ကို ဝိနယ ပါရာဇိက စတုတ္ထပါရာဇိက- ဝိနီတဝတ္ထုအဆုံး ပါဠိ, အဋ္ဌကထာ, ဋီကာတို့မှ မှတ်ယူကုန်ရာ၏)။

ဤကား အရှင်သောဘိတမထေရ် အကြောင်းတည်း။

**********