အရှင်သောဏကုဋိကဏ္ဏ မထေရ်အကြောင်း

From Wikisource
Jump to navigation Jump to search
မဟာဗုဒ္ဓဝင် by မင်းကွန်းဆရာတော်
(၁၇) အရှင်သောဏကုဋိကဏ္ဏ မထေရ်အကြောင်း

၂၈၅

(၁၇) အရှင်သောဏ-ကုဋိကဏ္ဏမထေရ်အကြောင်း

(ဤအရှင်မှာ မိဖတို့မှည့်ခေါ်သော အမည်အားဖြင့် သောဏ-ဟု အမည်တွင်၍ လူဖြစ်စဉ်အခါ တကုဋေတန် နားတန်ဆာကို ပန်ဆင်လေ့ရှိသောကြောင့် ကုဋိကဏ္ဏ = ဤအမည်နှစ်ရပ် စပ်ကာ “သောဏ-ကုဋိကဏ္ဏ မထေရ်”ဟု မည်တွင်တော်မူလေသည်)

(က) မထေရ်၏ ရှေးဆုတောင်း

     ဤအရှင်သောဏ-ကုဋိကဏ္ဏ မထေရ်အလောင်း သူတော်ကောင်းသည်လည်း ပဒုမုတ္တရ မြတ်စွာဘုရားရှင် လက်ထက်တော်အခါဝယ် ရှေးနည်းအတိုင်း လူများအပေါင်းနှင့် အတူတကွ ကျောင်းတော်သို့ သွားရောက်၍ ပရိသတ်အစွန်အနား၌ ရပ်တည်ကာ မြတ်စွာဘုရား၏ တရားတော်ကို ကြားနာနေစဉ် မြတ်စွာဘုရားရှင်က ရဟန်းတော်တပါးကို ချိုသာသော တရားစကား ဟောကြား ပြောဆိုတတ်ကြသော ရဟန်းတို့တွင် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူသည်ကို မြင်ရ၍ “ငါသည်လည်း နောက်အခါ တဆူဆူသော ဘုရားရှင်၏ သာသနာ၌ ချိုသာသော တရားစကား ဟောကြား ပြောဆိုတတ်ကြသော ရဟန်းတို့တွင် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ဘွဲ့ထူးရပုဂ္ဂိုလ် ဖြစ်မှ သင့်တော်တော့မည်”ဟု ကြံစည်ဆင်ခြင်ပြီးလျှင် မြတ်စွာဘုရားရှင်ကို ပင့်ဖိတ်၍ ခုနစ်ရက်ကြာ မဟာဒါနကြီး ပေးလှူပြီးနောက် “မြတ်စွာဘုရား.. အရှင်ဘုရားတို့သည် ယနေ့မှအထက် လွန်ခဲ့သော ခုနစ်ရက်က အကြင်ရဟန်းကို ကလျာဏဝါက္ကရဏ = ချိုသာသော တရားစကား ဟောကြား ပြောဆိုတတ်ကြသော ရဟန်းတို့တွင် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူခဲ့ကြပါပြီ၊ တပည့်တော်သည်လည်း ဤအဓိကာရကောင်းမှု ကုသိုလ်၏ အကျိုးအားကြောင့် နောက်အခါဝယ် တဆူဆူသော မြတ်စွာဘုရား၏ သာသနာတော်၌ ထိုရဟန်းကဲ့သို့ပင် ကလျာဏဝါက္ကရဏ = ချိုသာသော တရားစကား ဟောကြား ပြောဆိုသောအရာဝယ် ဧတဒဂ်ဘွဲ့ထူးရပုဂ္ဂိုလ်



၂၈၆

ဖြစ်ရပါလို၏”ဟု ဆုတောင်းပတ္ထနာမှု ပြုလေ၏။ မြတ်စွာဘုရားသည် ထိုအမျိုးကောင်းသား၏ ဆုတောင်းချက် အန္တရာယ်မရှိ ပြည့်စုံမည်ကို မြင်တော်မူ၍ “သင်သည် နောက်အခါ ဂေါတမမြတ်စွာ သာသနာ၌ ကလျာဏဝါက္ကရဏ = ချိုသာသော တရားစကား ဟောကြား ပြောဆိုတတ်ကြသော ရဟန်းတို့တွင် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရပုဂ္ဂိုလ် ဖြစ်လိမ့်မည်”ဟု ဗျာဒိတ်ကြား၍ ဖဲသွားတော်မူလေ၏။

(ခ) နောက်ဆုံးဘဝ ရဟန်းပြုခြင်း

     ထိုအမျိုးကောင်းသားသည်လည်း အသက်ထက်ဆုံး ကုသိုလ်ကောင်းမှုကို ပြု၍ ကမ္ဘာတသိန်းကြာ (အပါယ်လေးပါး မလား မရောက်ပဲ) နတ်ပြည် လူ့ပြည်တို့၌ ကျင်လည် ကျက်စားလျက် အကျွန်ုပ်တို့၏ မြတ်စွာဘုရားရှင် ပွင့်ထွန်းတော်မမူမီပင် အဝန္တိတိုင်း ကုရရဃရမြို့နေ ကာဠီမည်သော သူဌေးကတော် ဥပါသိကာ၏ဝမ်း၌ ပဋိသန္ဓေ တည်ယူနေလေသည်။ ထိုသူဌေးကတော်သည် ကိုယ်ဝန်ရင့်လတ်သော် ရာဇဂြိုဟ်ပြည် မိမိ၏ မိဖနေအိမ်သို့ ပြန်လာလေသည်။

     ထိုအချိန်၌ အကျွန်ုပ်တို့၏ မြတ်စွာဘုရားသည် သဗ္ဗညုဘုရားအဖြစ်သို့ ရောက်တော်မူပြီး၍ ဣသိပတန မိဂဒါဝုန်တောဝယ် ဓမ္မစကြာတရား ဟောကြားတော်မူနေ၏၊ (မဟာသက္ကရာဇ် ၁၀၃-ခုနှစ် ဝါဆိုလပြည့်နေ့တည်း)။ ဓမ္မစကြာတရား ဟောကြားတော်မူရာ ဣသိပတန မိဂဒါဝုန်တော၌ စကြဝဠာပေါင်း တိုက်တသောင်းမှ နတ်ဗြဟ္မာတို့ ညီညာစည်းဝေးကြလေသည်။ ထိုအစည်းအဝေး၌ ယက္ခစစ်သေနာပတိ နှစ်ကျိပ်ရှစ်ဦးတွင် တဦးအပါအဝင်ဖြစ်သော သာတာဂိရဘီလူး နတ်စစ်မှူးသည် မြတ်စွာဘုရား၏ တရားစကားကို ကြားနာလေသည်။

(ဤ၌။ ။ယက္ခစစ်သေနာပတိကြီး နှစ်ဦးတို့၏ အကြောင်းအရာ အကျယ်ကို အောက် မဟာဗုဒ္ဓဝင် ဒုတိယတွဲ အခဏ်း-၁၀၊ စာမျက်နှာ ၄၃ဝ-မှစ၍ ပြန်လည် ကြည့်ရှု သုံးသပ် မှတ်ယူရာ၏။



၂၈၇

အထူးအားဖြင့် အောက် မဟာဗုဒ္ဓဝင် ဒုတိယတွဲ အခဏ်း-၁၀၊ မျက်နှာ ၄၃ဝ-မှစ၍ စကားရပ်များမှာ သုတ္တနိပါတ်အဋ္ဌကထာ ဟေမဝတသုတ်အဖွင့်ကို မှီ၍ ရေးသားအပ်သော စကားရပ်များဖြစ်သည်။ ထိုဟေမဝတသုတ်အဖွင့် အဋ္ဌကထာအလို သာတာဂိရနတ်မင်းသည် ဓမ္မစကြာတရား နာယူစဉ် မိမိ၏သူငယ်ချင်း ဟေမဝတနတ်မင်းကို အမှတ်ရ စိတ်လွင့်နေသောကြောင့် မဂ်ဖိုလ်မရသေးပဲ သူယ်ချင်းကို အခေါ်သွားပြီး တဖန်ပြန်လာသော အခါမှ နတ်စစ်မှူး နှစ်ဦးလုံးပင် သောတာပန်အရိယာ ဖြစ်ကြကြောင်း လာရှိသည်။

ဧကနိပါတ် အင်္ဂုတ္တိုရ်အဋ္ဌကထာ စာမျက်နှာ ၁၈၆-မှစ၍ ဖွင့်ပြပုံမှာကား သာတာဂိရနတ်မင်းသည် ဓမ္မစကြာတရားကို နာယူရ၍ သောတာပန်ဖြစ်ပြီးမှ မိမိ၏သူငယ်ချင်း ဟေမဝတနတ်မင်းကို သွားရောက်ခေါ်ယူရာ ရာဇဂြိုဟ်ပြည် (ကုရရဃရမြို့သူ) ကာဠီသူဌေးသမီးအိမ်အပေါ်ကောင်းကင်၌ တွေဆုံကြ၍ ဟေမဝတနတ်မင်းက သာတာဂိရနတ်မင်းကို မြတ်စွာဘုရား၏ ကာယသမာစာရ, အာဇီဝ, မနောသမာစာရတို့ကို မေးလေသည်၊ သာတာဂိရ နတ်မင်းကလည်း မေးတိုင်း မေးတိုင်း ဖြေကြားလေသည်။ ဤသို့လျှင် မြတ်စွာဘုရား၏ ကိုယ်တော်ကျေးဇူး, ဂုဏ်တော်ကျေးဇူးကို မေးဖြေသည်၏ အစွမ်းအားဖြင့် ဟေမဝတသုတ္တန် ပြီးဆုံးလတ်သော် ဟေမဝတနတ်မင်းသည် သူငယ်ချင်း သာတာဂိရနတ်မင်း၏ တရားဒေသနာကို အစဉ်လျှောက်သောအားဖြင့် ဉာဏ်ကိုစေလွှတ်၍ သောတာပတ္တိဖိုလ်၌ တည်လေသည်-ဟု ဖွင့်ပြလေသည်။ ထိုသို့ အဆိုကွဲပြားခြင်းမှာ ဘာဏကမထေရ်တို့၏ အလိုအတိုင်း ကွဲပြားလေသည်ဟုသာ မှတ်ယူ ရာ၏)။

     သာတာဂိရ နတ်စစ်မှူးသည် ဓမ္မစကြာတရားပွဲ၌ မိမိ၏သူငယ်ချင်း ဟေမဝတနတ်စစ်မှူး မလာရောက်သဖြင့် သွားရောက်ခေါ်ငင်ရာ ရာဇဂြိုဟ်ပြည် (ကုရရဃရမြို့သူ) သူဌေးကတော် ကာဠီတို့၏ အိမ်အပေါ် ကောင်းကင်၌ နတ်စစ်မှူးကြီးနှစ်ဦး တွေ့ဆုံကြ၍ ထိုကောင်းကင်မှာပင် ဟေမဝတနတ်မင်းက မြတ်စွာဘုရား၏ ကာယသမာစာရ စသည်ကို မေး၍ သာတာဂိရ နတ်စစ်မှူးကလည်း မေးတိုင်း မေးတိုင်း ဖြေကြားလေသည်။

     ထိုအခါ ဤကာဠီသူဌေးကတော်သည် သူတပါးအား တရားဟောစဉ် မြတ်စွာဘုရားရှင်ကို မဖူးမြင်ရပဲပင် အဆင့်ကြား



၂၈၈

ကြည်ညိုမှု = သဒ္ဓါတရားကို ဖြစ်ပွါးစေ၍ သူတပါးအတွက် ခူးအပ်သော ထမင်းကို စားသုံးသော သူကဲ့သို့ သောတာပတ္တိဖိုလ်၌ တည်လေသည်။ ထိုသူဌေးကတော်သည် မာတုဂါမများ အားလုံးတွင် ရှေးဦးစွာသော သောတာပန် အရိယသာဝိကာဖြစ်၍ အားလုံးတို့၏ အစ်မကြီးအရိယာ ဖြစ်လေသည်။

     ကာဠီသူဌေးကတော်၏ အဖို့ရာ သောတာပန်ဖြစ်ပြီးသည်နှင့် တပြိုင်နက် ထိုညဉ့်၌ပင် ကိုယ်ဝန်သား ဖွားသန့်လေသည်၊ ရရှိသော သူငယ်အား အမည်မှည့်သောနေ့၌ “သောဏ”ဟူ၍ အမည်မှည့်လေသည်။ ကာဠီသူဌေးကတော်သည် မိမိအလိုရှိသလောက် မိဖတို့အိမ်၌ နေပြီးလျှင် ကုရရဃရမြို့သို့ပင် တဖန် ပြန်၍ သွားလေ၏။ သောဏသူဌေးသားကလေးမှာ တကုဋေတန် နားတန်ဆာကို ပန်ဆင်ရသူဖြစ်၍ “သောဏ-ကုဋိကဏ္ဏ” သူဌေးသားဟု အမည်တွင်ပြန်လေသည်။

သောဏ-ကုဋိကဏ္ဏသူဌေးသား သံဝေဂရ၍

ရှင်ရဟန်းပြုခြင်း

     ထိုအချိန်၌ အရှင်မဟာကစ္စည်း မထေရ်သည် ကုရရဃရမြို့ကို အမှီဂေါစရဂါမ်ပြု၍ ပပတ-မည်သော (တနည်း- ပဝတ္တမည်သော, တနည်း- ဥပဝတ္တမည်သော) တောင်၌ သီတင်းသုံး နေထိုင်တော်မူ၏။ ကာဠီသူဌေးကတော် ဥပါသိကာသည် အရှင်မဟာကစ္စည်း မထေရ်ကို ပြုစုလုပ်ကျွေး၏။ မထေရ်သည် ကာဠီသူဌေးကတော် ဥပါသိကာ၏အိမ်သို့ အမြဲမပြတ် ကြွတော်မူ၏။ သောဏ သူငယ်သည်လည်း အမြဲမပြတ် မထေရ်မြတ်၏အထံ၌ လှည့်လည်ကျက်စားလျက် မထေရ်မြတ်နှင့် အကျွမ်းတဝင် ခင်မင်ရင်းနှီးသူ ဖြစ်လေ၏။

     သောဏသူဌေးသားသည် အခါအခွင့်ရရှိတိုင်း မထေရ်မြတ်ထံ ဆည်းကပ်ရန် သွားရောက်လေ၏။ မထေရ်မြတ်ကလည်း သောဏသူဌေးသားအား တရားဓမ္မ မပြတ် ဟောပြတော်မူလေ၏။ ထို့ကြောင့် သောဏသူဌေးသားသည် သံဝေဂပြောများသူ ဖြစ်လျက်



၂၈၉

တရားကျင့်ရန် ထက်သန်သောလုံ့လ ဖြစ်ရှိလျက်သာ နေထိုင်လေ၏။ အခါတပါး၌ သောဏသူဌေးသားသည် လှည်းကုန်သည် (=လှည်းတပ်ကြီး)နှင့် အတူတကွ ကုန်ရောင်းဝယ်ရန် ဥဇ္ဇေနီပြည်သို့ သွားလတ်သော် လမ်းခရီးအကြား တခုသော တောအုပ်ဝယ် လှည်းတပ်ကြီး စခန်းချ၍ နားနေသည်တွင် ညဉ့်အခါ၌ လူအများနှင့် ကျပ်တည်း ကျဉ်းမြောင်းစွာ နေထိုင်ရမှုမှ ကြောက်သဖြင့် သင့်လျော်ရာ တနေရာ၌ ရှောင်ဖဲ၍ အိပ်စက်လေ၏။ လှည်းတပ်ကြီးသည် မိုးသောက်အချိန်၌ ထ၍ သွားလေ၏။ တယောက်ကမျှလည်း သောဏသူဌေးသားကို မနှိုးမိကြပဲ အားလုံးကပင် မေ့၍ သွားကြလေကုန်၏။

     သောဏသူဌေးသားသည် နံနက်မိုးသောက် အိပ်ရာမှထ၍ တဦးတယောက်ကိုမျှ မတွေ့မမြင်ရပဲ လှည်းကုန်သည် = လှည်းတပ်ကြီး သွားသောလမ်းအတိုင်း မြန်မြန်လိုက်ပါ သွားလတ်သည်ရှိသော် ပညောင်ပင် တပင်သို့ ဆိုက်ရောက်လေ၏။ ထိုပညောင်ပင်၌ အကြည့်ရလည်းတန်, ခန္ဓာကိုယ်လည်းကြီးလျက် စက်ဆုပ်ဖွယ်လည်းကောင်းသည့် ပြိတ္တာယောက်ျားတယောက် မိမိ၏အရိုးတို့မှ ကြွေ၍ ကြွေ၍ (ပြုတ်၍ ပြုတ်၍)ကျသော အသားများကို မိမိကိုယ်တိုင်ပင် ကောက်ယူစားသောက်နေသည်ကို မြင်လတ်၍ “သင်သည် အဘယ်သူနည်း”ဟု မေးလေ၏။ ပြိတ္တာက “အို အရှင်.. အကျွန်ုပ်ကား ပြိတ္တာဖြစ်ပါသည်”ဟု ဖြေကြားလေလျှင် သောဏသူဌေးသားသည် “အမောင်.. အဘယ့်ကြောင့် ဤကဲ့သို့ ပြုလုပ်နေသနည်း”ဟု မေးပြန်လေ၏။ ပြိတ္တာက “မိမိ၏ ရှေးကံကြောင့် ဤကဲ့သို့ ပြုလုပ်နေရပါသည်”ဟု ဖြေကြားလေလျှင် သောဏသူဌေးသားသည် “ထိုသင်ပြုခဲ့သည့် ရှေးကံဟူသည် အဘယ်သို့သောကံ ဖြစ်သနည်း”ဟု မေးပြန်လေ၏။ ထိုအခါ ပြိတ္တာသည် “အိုအရှင်.. အကျွန်ုပ်ကား ရှေးအခါက ဘာရုကစ္ဆမြို့သား ကောက်ကျစ်စဉ်းလဲသော ကုန်သည်တဦး ဖြစ်ခဲ့၍ သူတပါးတို့၏ ဥစ္စာများကို လိမ်လည်လှည့်ဖြားကာ စားသောက်ခဲ့ပါပြီ၊ ဤတွင်မျှမကသေး ရဟန်းသံဃာတော်များ



၂၉၀

ဆွမ်းခံကြွရောက်လာသည်ကို ‘သင်တို့၏အသားကို သင်တို့ စားကြပါတော့လား’ဟု ဆဲရေးစကား ပြောကြားခဲ့ပါပြီ၊ ထိုအကုသိုလ်ကံကြောင့် ယခုအခါ၌ ဤအရှင့်သား တွေ့မြင်နေရသည့် ဆင်းရဲဒုက္ခကို ခံစား၍ နေရပါသည်”ဟု ဖြေကြားလေ၏။ ထိုအကြောင်းကို ကြားသိရလျှင် သောဏသူဌေးသားသည် အလွန်လျှင် ထိတ်လန့်ခြင်း = သံဝေဂကို ရရှိလေ၏။

     ထိုမှတဖန် ခရီးဆက်ခဲ့ပြန်သော် ခံတွင်းမှ သွေးနက်များ တတွေတွေ ယိုစီးကျနေကြသည့် ပြိတ္တာသူငယ် နှစ်ယောက်တို့ကို တွေ့မြင်ရ၍ ရှေးနည်းအတူပင် မေးလေ၏။ ထိုပြိတ္တာငယ်တို့သည်လည်း သောဏသူဌေးသားအား မိမိတို့၏ ရှေးကပြုခဲ့သော အကုသိုလ်ကံကို ပြောဆိုကြလေသည်၊ ပြောဆိုကြသည့် အကြောင်းမှာ- ထိုသူငယ်တို့သည် ရှေးဘဝ လူဖြစ်စဉ် ဘာရုကစ္ဆမြို့၌ အသက်အရွယ် ငယ်စဉ်အခါဝယ် နံ့သာရောင်းဝယ်မှုဖြင့် အသက်မွေးမှု ပြုလုပ်နေကြစဉ် မိမိတို့၏ မိခင်က ရဟန္တာအရှင်မြတ်တို့ကို ပင့်ဖိတ်၍ ဆွမ်းဆက်ကပ် လှူဒါန်းသည်ရှိသော် အိမ်သို့ ပြန်လာကြ၍ “အိုမိခင်.. ကျွန်ုပ်တို့၏ ဥစ္စာကို အဘယ့်ကြောင့် ရဟန်းများအား ပေးလှူဘိသနည်း၊ မိခင်ပေးလှူအပ်သည့် ဘောဇဉ်ကို စားသုံးကြသည့် ရဟန်းတို့၏ ခံတွင်းမှ သွေးနက်များ တပွက်ပွက် ယိုထွက်ပါစေသတည်း”ဟု ဆဲရေးကြ ကျိန်ဆဲကြလေသည်။ ထိုသူငယ်တို့သည် ထိုအကုသိုလ်ကံကြောင့် ငရဲ၌ ကျက်ခဲ့ရပြီးလျှင် ထိုအကုသိုလ်ကံ၏ အကျိုးဝိပါက်ကြွင်း အနေဖြင့် ပြိတ္တာဘုံ၌ ဖြစ်ကြ၍ ထိုသို့ သောဏသူဌေးသားနှင့် တွေ့သောအခါမှာ ဆင်းရဲဒုက္ခကို ခံစားနေကြရလေသည်။ ထိုအကြောင်းကို ကြားရ၍လည်း သောဏသူဌေးသားသည် ရှေးကထက်တိုး ဆထမ်းပိုး ထိတ်လန့်ခြင်းပြင်းစွာ ဖြစ်လေတော့၏။ (ဤသံဝေဂဖြစ်ကြောင်း ဝတ္ထုတို့သည် ဥဒါန်းအဋ္ဌကထာ စာမျက်နှာ ၂၇၉(နှင့်) သာရတ္ထဒီပနီဋီကာ တကိယအုပ် စာမျက်နှာ ၂၉၆-၂၉၇-တို့၌ လာရှိ၏။)



၂၉၁

     သောဏသူဌေးသားသည် ဥဇ္ဇေနီပြည်သို့ရောက်၍ ထိုကုန်ရောင်းဝယ်မှုကိစ္စကို ပြီးဆုံးစေပြီးလျှင် ကုရရဃရမြို့သို့ တဖန် ပြန်ရောက်သည်ရှိသော် အရှင်မဟာကစ္စည်း မထေရ်မြတ်ထံသို့ ဆည်းကပ်၍ ထိုအကြောင်းကို လျှောက်ထားလေ၏။ မထေရ်မြတ်သည်လည်း သောဏသူဌေးသားအား သံသရာဝဋ်လည်ခြင်း = ဖြစ်ခြင်း၌ အပြစ်ဒေါသကို၎င်း, သံသရာဝဋ်နစ်ခြင်း = ပြတ်ခြင်း၌ အကျိုးအာနိသင်ကို၎င်း ထင်စွာ ဖော်ပြလျက် တရားစကား ဟောကြားတော်မူလေ၏။ သောဏသူဌေးသားသည် မထေရ်မြတ်ကို ရှိခိုး၍ အိမ်သို့ ပြန်လာပြီးလျှင် ညနေစာ စားပြီးနောက် အိပ်ရာသို့ ကပ်ရောက်ပြီးသော် အနည်းငယ်သာ အိပ်ပျော်၍ နိုးပြီးလျှင် မိမိ၏ အိပ်ရာအပြင်၌ ထိုင်နေလျက် မိမိ အရှင်မဟာကစ္စည်း မထေရ်အထံမှ ကြားသိခဲ့ရသော တရားကို စ-တင် ဆင်ခြင်လေတော့၏။ ထိုသို့ တရားကိုလည်းဆင်ခြင်, ထိုပြိတ္တာတို့၏ ထိုအဖြစ်ကိုလည်း အောက်မေ့သော သောဏသူဌေးသား၏ ဉာဏ်၌ သံသရာဝဋ်ဆင်းရဲသည် အလွန့်အလွန် ကြောက်မက်ဖွယ်ဖြစ်၍ ထင်လာလေ၏၊ ရဟန်းပြုရန် စိတ်ညွတ်အားသန်၍ လာလေ၏။

     သောဏသူဌေးသားသည် နံနက်မိုးသောက် ရောက်သောအခါ ကိုယ်လက်သုတ်သင်၍ အရှင်မဟာကစ္စည်း မထေရ်အထံသို့ သွားရောက် ဆည်းကပ်ပြီးလျှင် မိမိစဉ်းစားမိပုံကို “အရှင်ဘုရား.. အကျွန်ုပ်သည် အရှင်ဘုရား ဟောကြားတော်မူအပ်သော တရားကို အနည်းနည်းဖြင့် စဉ်းစားဆင်ခြင်ကြည့်သောအခါ လူ့ဘောင်၌ နေသောသူသည် စင်စစ် ပြည့်စုံစင်ကြယ်စွာ ခရုသင်းပွတ်သစ်နှင့်အတူ ဤမြတ်သောအကျင့် (သိက္ခာသုံးပါး)ကို ကျင့်ဖို့ရန် မလွယ်ကူသည်ကို တွေရပါသည်”ဟု လျှောက်ထား၍ “အရှင်ဘုရား.. အကျွန်ုပ်သည် ဆံမုတ်ဆိတ်ကို ပယ်ရိတ်ပြီးလျှင် ဖန်ရည်ဆိုး အဝတ်တို့ကို ဝတ်ရုံ၍ လူ့ဘောင်မှထွက်ကာ ရဟန်းဘောင်သို့ ဝင်ရောက်လိုပါသည်”ဟု မိမိ ရဟန်းပြုလိုကြောင်း လျှောက်ထားပြီးလျှင် “အရှင်ဘုရား.. သို့ဖြစ်ရကား အရှင်မြတ်



၂၉၂

မဟာကစ္စည်းသည် အကျွန်ုပ်ကို ရှင်ပြုပေးတော်မူစေချင်ပါသည်”ဟု ရှင်ပြုပေးရန် တောင်းပန်စကား လျှောက်ထားလေ၏။

     ထိုအခါ အရှင်မဟာကစ္စည်း မထေရ်မြတ်သည် သောဏသူဌေးသား၏ ဉာဏ်ရင့်ကျက်ပြီဖြစ်သည်, မရင့်ကျက်သေးသည်ကို စူးစမ်း ဆင်ခြင်တော်မူလတ်သော် “သောဏသူဌေးသား၏ ဉာဏ်ကား ရင့်ကျက်ခြင်းသို့ မရောက်သေး”ဟု သိမြင်တော်မူ၍ ဉာဏ်ပညာ ရင့်ကျက်ချိန်ကို စောင့်ဆိုင်း ငံ့လင့်တော်မူလိုသည့် အတွက် သောဏသူဌေးသားကို “သောဏ.. တယောက်တည်းသာ အိပ်ရ, တယောက်တည်းသာ စားရသည့် မြတ်သောအကျင့်ကို အသက်ထက်ဆုံး ကျင့်ရန် ခဲယဉ်းလှ၏။ သို့ဖြစ်၍ သောဏ.. တိုက်တွန်းလိုသည်မှာ သင်သည် ထိုလူ့ဘောင်၌သာလျှင် လူဖြစ်လျက် (ဥပုသ်နေ့စသော) အခါကာလအားလျော်စွာ တယောက်တည်းသာ အိပ်ရ, တယောက်တည်းသာ စားရသည့် မြတ်စွာဘုရား၏ အဆုံးအမဟု ဆိုအပ်သော မြတ်သောအကျင့်ကို ကျင့်ဦးလော့”ဟု မိန့်တော်မူလေ၏။

     ထိုအခါ သောဏသူဌေးသား၏ ဣန္ဒြေများကလည်း မရင့်ကျက်သေး, သံဝေဂဉာဏ်ကလည်း အလွန်ကြီး မထက်သေးသောကြောင့် ရဟန်းပြုရန် အားသစ်မှုသည် ငြိမ်းစဲ၍ သွားလေ၏။ ငြိမ်းစဲ၍ သွားသော်လည်း ပေါ့ပေါ့တန်တန်မနေပဲ မထေရ်မြတ် မိန့်ကြားဆုံးမအပ်သော အစီအရင်၌ ကောင်းစွာတည်လျက် မထေရ်မြတ်ထံ အခါမပြတ် ဆည်းကပ်လျက် တရားတော်ကို နာယူလေ၏။ ကာလ အတန်ကြာလတ်သော် သောဏသူဌေးသား၏ စိတ်သန္တာန်ဝယ် ဆိုအပ်ခဲ့သောအတိုင်း ရှင်ရဟန်းပြုရန် ဒုတိယအကြိမ် စိတ်ညွတ်ပြန်သဖြင့် မထေရ်မြတ်အား လျှောက်ထား တောင်းပန်ပြန်လေသည်။ ထိုအကြိမ်မှာလည်း မထေရ်မြတ်သည် ရှေးနည်းအတူပင် မိန့်တော်မူလေ၏။

     တတိယအကြိမ်မြောက် တောင်းပန် လျှောက်ထားသော အခါ၌ကား သောဏသူဌေးသား၏ ဉာဏ်ပညာ ရင့်ကျက်ပြီဖြစ်သောကြောင့်



၂၉၃

အရှင်မဟာကစ္စည်း မထေရ်မြတ်သည် “ယခုအခါ သောဏကို ရှင်ပြုပေးရန် အချိန်တန်ပြီ”ဟု ဆင်ခြင်တော်မူ၍ ရှင်ပြုပေးလေသည်။ ရှင်ပြုပေးပြီးနောက် ဆက်၍ပင် ရဟန်းပြုပေးရန် ဖြစ်သော်လည်း ထိုအချိန်၌ ရဟန်းတို့သည် များသောအားဖြင့် မဇ္ဈိမတိုက်၌သာလျှင် နေတော်မူကြသောကြောင့် ထိုကုရရဃရမြို့မှာ ရဟန်း နှစ်ပါး သုံးပါးလောက်သာလျှင် သီတင်းသုံး နေထိုင်တော်မူကြကုန်၏။ ထိုရဟန်းတို့သည်လည်း တရွာလျှင် တပါး, တနိဂုံးလျှင် နှစ်ပါး-စသည် အသီးအသီး တခြားစီ နေတော်မူကြကုန်၏။ ဥပဇ္ဈာယ် ဖြစ်တော်မူသည့် အရှင်မဟာကစ္စည်း မထေရ်မြတ်သည် သဒ္ဓိဝိဟာရိကတပည့် သောဏ-ကုဋိကဏ္ဏသာမဏေကို ရဟန်းပြုပေးရန်အတွက် ထိုထိုရွာနိဂုံး စသည်တို့မှ ရနိုင်သမျှ ရဟန်းတော် နှစ်ပါး သုံးပါးတို့ကို ပင့်ဆောင်ခဲ့၍ အခြားရဟန်းတော်များကို လိုက်လံရှာဖွေ ပင့်ဆောင်လာပြန်သော် ရှေးက ပင့်ဆောင်ခဲ့ပြီး ရဟန်းတော်တို့က တစုံတခု ပြုဖွယ်ကိစ္စကြောင့် အရပ်တပါးသို့ ဖဲသွားနှင့်ကြလေသည်။ တဖန် အချိန်အနည်းငယ် ဆိုင်းငံ့၍ ထိုသွားသော ရဟန်းတော်တို့ကို လိုက်လံရှာဖွေ ပင့်ဆောင်လာပြန်သော် ရှိရင်းစွဲ ရဟန်းများက တစုံတခု ပြုဖွယ်ကိစ္စကြောင့် အရပ်တပါးသို့ ဖဲသွားနှင့်ကြပြန်လေ၏။

     ဤသို့လျှင် အဖန်ဖန် အထပ်ထပ် ပင့်ဆောင်ရသဖြင့် ရဟန်းသံဃာတကျိပ် စည်းဝေးမိရန်မှာ သုံးနှစ်လွန်မှ စည်းဝေးမိလေသည်၊ ထိုအချိန်မှာလည်း ရဟန်းသံဃာတကျိပ် စည်းဝေးမိမှ ရဟန်းခံပေးခြင်း = ဥပသမ္ပဒကံကို ဆောင်ရွက်နိုင်ခွင့် ရှိလေသည်။ အရှင်မဟာကစ္စည်း မထေရ်မြတ်သည်လည်း ထိုအချိန်မှာ တပါးတည်း = ဧကစာရီ နေတော်မူဆဲ ဖြစ်လေသည်။ သို့ရကား အလွန်ပင်ပန်းဆင်းရဲစွာ သုံးနှစ်ကျော်လွန်မှ ဂိုဏ်းသံဃာတကျိပ် စည်းဝေးမိကာ ဥပဇ္ဈာယ်ဆရာ အရှင်မဟာကစ္စည်း မထေရ်မြတ်သည် သဒ္ဓိဝိဟာရိက တပည့်ဖြစ်သူ သောဏ-ကုဋိကဏ္ဏ သာမဏေကို ခဲခဲယဉ်းယဉ်း ငြိငြိုငြင်ငြင် ရဟန်းခံ၍ ပေးရလေသည်။



၂၉၄

(ဤအကြောင်းအရာများကို သာရတ္ထဋီ ၃၊ ၂၉၈-၂၉၉-တို့မှ ထုတ်နုတ် ဖော်ပြအပ်သည်)။

     သောဏ-ကုဋိကဏ္ဏ သာမဏေသည် ရဟန်းခံယူပြီးနောက် ဥပဇ္ဈာယ်ဆရာ အရှင်မဟာကစ္စည်း မထေရ်အထံ၌ ကမ္မဋ္ဌာန်းကို သင်ကြားနာယူ၍ ဝိပဿနာတရား ပွါးများကြိုးကုတ် အားထုတ်သည်ရှိသော် ထိုဝါတွင်းမှာပင် အရဟတ္တဖိုလ်သို့ ရောက်၍ (ရဟန္တာဖြစ်ပြီး၍) မထေရ်မြတ်၏ အထံမှာပင် သုတ္တနိပါတ် တရားတော်ကို သင်ကြား တတ်မြောက်လေသည်။ သောဏ-ကုဋိကဏ္ဏ မထေရ်သည် ဝါကျွတ်၍ ပဝါရဏာ ပြုပြီးလတ်သော် မြတ်စွာဘုရားရှင်ကို ဖူးမြော်လိုလှ၍ ဥပဇ္ဈာယ်ဆရာ အရှင်မဟာကစ္စည်း မထေရ်မြတ်ထံ ခွင့်ပန် လျှောက်ထားလေသည်။ (ခွင့်ပန်လျှောက်ထားပုံ အကျယ်ကို ပိဋကတ်မြန်မာပြန် ဝိနယ မဟာဝဂ်ပါဠိတော် စာမျက်နှာ ၂၈၄-၂၈၅-တို့၌ ကြည့်ရှုရာ၏)။

     ထိုအခါ ဥပဇ္ဈာယ်ဆရာ အရှင်မဟာကစ္စည်း မထေရ်မြတ်သည် “သောဏ.. သင်ရောက်သွားလျှင် မြတ်စွာဘုရားသည် သင့်ကို ဂန္ဓကုဋီ တတိုက်တည်း၌ နေစေပြီးလျှင် တရားဟောဆိုရန် တိုက်တွန်းတော်မူလိမ့်မည်၊ ယင်းသို့ တိုက်တွန်းတော်မူချက်အရ သင်သည် တရားကို ရွတ်ဆို ဟောကြားရလိမ့်မည်။ မြတ်စွာဘုရားသည် သင်၏ တရားစကား၌ သဒ္ဓါကြည်ညိုတော်မူလှ၍ သင့်အား ဆုပေးတော်မူလိမ့်မည်။ သင်သည် ဆုကို ယူသောအခါ ဤမည် ဤမည်သော ဆုများကို ယူလေလော့ (ဆုများ နောက်၌ ထင်ရှားလတ္တံ့)။ ငါမှာလိုက်သော စကားဖြင့် မြတ်စွာဘုရား၏ ခြေတို့ကို ငါ၏ကိုယ်စား သင် ရှိခိုးပါလေ”ဟု မိန့်တော်မူကာ အနူးအညွတ် ခွင့်လွှတ်တော်မူလေ၏။

     အရှင်သောဏ-ကုဋိကဏ္ဏ မထေရ်မြတ်သည် ဥပဇ္ဈာယ်ဆရာက ခွင့်ပြုအပ်ပြီးနောက် မယ်တော် ကာဠီသူဌေးကတော် ဥပါသိကာ၏အိမ်သို့ ကြွရောက်၍ ထိုအကြောင်းကို ပြောကြားလေသည်။ မယ်တော် ကာဠီသူဌေးကတော် ဥပါသိကာသည်လည်း



၂၉၅

“ကောင်းပါပြီ ချစ်သား.. သင်ချစ်သားသည် မြတ်စွာဘုရားကို ဖူးမြော်ရန် သွားရောက်လျှင် ဤကမ္ဗလာကိုလည်း ယူဆောင်သွား၍ မြတ်စွာဘုရားရှင် သီတင်းသုံးတော်မူရာ ဂန္ဓကုဋီတိုက်တော်၌ မြေအခင်းပြု၍ ခင်းလှူခဲ့ပါလော့”ဟု ပြောဆို မှာထား၍ ကမ္ဗလာအဝတ်ထည်ကို ပေးအပ်လိုက်လေသည်။

     အရှင်သောဏ-ကုဋိကဏ္ဏမထေရ်သည် ထိုမိခင် ပေးအပ်လိုက်သည့် ကမ္ဗလာအဝတ်ထည်ကို ယူဆောင်ခဲ့၍ မိမိ၏ ကျောင်းအိပ်ရာနေရာများကို သိုမှီးသိမ်းဆည်းပြီးလျှင် အစဉ်သဖြင့် ခရီးထွက်ခဲ့ရာ သာဝတ္ထိပြည်မွန် ဇေတဝန် ကျောင်းတိုက်တော်သို့ ရောက်၍ မြတ်စွာဘုရားရှင် ဗုဒ္ဓါသန ဓမ္မပလ္လင်၌ ထိုင်နေတော်မူစဉ်အချိန်မှာပင် ဆည်းကပ်ရိုကျိုး ရှိခိုးလျက် အပြစ်လွတ်ရာအရပ်၌ ရပ်တည်နေလေ၏။ မြတ်စွာဘုရားသည် သောဏ-ကုဋိကဏ္ဏ မထေရ်နှင့် အစေ့အစပ် = ပဋိသန္ထာရစကား မိန့်ကြားတော်မူပြီးနောက် အရှင်အာနန္ဒာမထေရ်ကို “ချစ်သားအာနန္ဒာ.. ဤရဟန်း၏အတွက် ကျောင်းအိပ်ရာနေရာကို သိလော့”ဟု အထူး မိန့်ကြားတော်မူလေ၏။

(ဤ၌။ ။မြတ်စွာဘုရားသည် အကြင် အာဂန္တုရဟန်းနှင့် ဂန္ဓကုဋီ တတိုက်တည်း တကျောင်းတည်း၌ နေတော်မူလိုလျှင် ထိုရဟန်းအတွက် နေရာခင်းပေးဖို့ရန် အထူး မိန့်တော်မူလေသည်။ ဂန္ဓကုဋီ တတိုက်တည်း တကျောင်းတည်း၌ အတူတကွ နေတော်မမူလိုသော အာဂန္တုရဟန်းအတွက်ကား နေရာခင်းပေးရန် အထူး မိန့်တော်မချေ။ ထိုရဟန်းအတွက် နေရာကို အရှင်အာနန္ဒာ အစရှိသော တာဝန်ကျ ရဟန်းတော်မထေရ်တို့ကသာ သင့်လျော်ရာကျောင်း၌ နေရာခင်းပေးကြရလေသည်။)

     အရှင်အာနန္ဒာမထေရ်သည် မြတ်စွာဘုရား၏ အလိုတော်ကို ရိပ်မိသိရှိကာ ဂန္ဓကုဋီ တိုက်တော်အတွင်း၌ပင် အရှင်သောဏ-ကုဋိကဏ္ဏ မထေရ်အတွက် နေရာခင်းလေသည်။

     ထိုအခါ မြတ်စွာဘုရားရှင်သည် များစွာသော ညဉ့်ပတ်လုံး သမာပတ်ကို ၀င်စားတော်မူကာ ထိုင်နေတော်မူလျက်



၂၉၆

အချိန်ကို ကုန်လွန်စေပြီးလျှင် ဂန္ဓကုဋီ ကျောင်းတော်အတွင်းသို့ ဝင်တော်မူလေ၏။ အရှင်သောဏ-ကုဋိကဏ္ဏသည်လည်း များစွာသော ညဉ့်ပတ်လုံး သမာပတ်ကို ၀င်စားကာ ထိုင်နေလျက် အချိန်ကို ကုန်လွန်စေပြီးလျှင် ဂန္ဓကုဋီ ကျောင်းတော်အတွင်းသို့ ဝင်လေ၏။ မြတ်စွာဘုရားသည် အရှင်သောဏအား သမာပတ်ကို ၀င်စားခြင်းဖြင့် ပဋိသန္ထာရမှု ပြုတော်မူလိုသည့်အတွက် သာဝကတို့နှင့် ဆက်ဆံသော ခပ်သိမ်းသော သမာပတ်တို့ကို အနုလုံ ပဋိလုံ ဝင်စားတော်မူလျက် ဟင်းလင်းအပြင် လွင်တီးခေါင်၌ များစွာသော ညဉ့်ပတ်လုံး ထိုင်နေခြင်းဖြင့် အချိန်ကို ကုန်လွန်စေတော်မူ၍ ခြေတော်တို့ကို ဆေးကြောပြီးလျှင် ကျောင်းတော်တွင်းသို့ ဝင်တော်မူလေ၏။ အရှင်သောဏ-ကုဋိကဏ္ဏသည်လည်း မြတ်စွာဘုရားရှင်၏ အလိုတော်ကို သိရှိကာ ထိုအခါအား လျော်လျောက်ပတ်စွာ ခပ်သိမ်းသော ထိုသမာပတ်တို့ကို ဝင်စားလျက် များစွာသော ညဉ့်ပတ်လုံး ဟင်းလင်းအပြင် လွင်တီးခေါင်၌ ထိုင်နေခြင်းဖြင့် အချိန်ကို ကုန်လွန်စေ၍ ခြေတို့ကို ဆေးကြောပြီးလျှင် ကျောင်းတော်တွင်းသို့ ဝင်လေ၏။

     ယင်းသို့ ဝင်ပြီးလျှင် မြတ်စွာဘုရားရှင်က ခွင့်ပြုတော်မူချက်အရ သင်္ကန်းကန့်လန့်ကာကို ပြုလုပ်၍ မြတ်စွာဘုရား၏ ခြေတော်ရင်း၌ ထိုင်နေခြင်းဖြင့် အချိန်ကို ကုန်လွန်စေလေ၏။ မြတ်စွာဘုရားရှင်သည် ပစ္ဆိမယံ၌ သီဟသေယျ လျောင်းစက်ခြင်း = သတိသမ္ပဇဉ် လက်မလွတ်ပဲ လက်ျာနံတောင်း လျောင်းစက်ခြင်းအမှုကို ပြုတော်မူ၍ မိုးသောက်ခါနီး၀ယ် ထတော်မူ၍ ထိုင်နေတော်မူကာ “ဤမျှလောက်သော အချိန် အခါဖြင့် သောဏ၏ ကိုယ်ပင်ပန်း နွမ်းနယ်မှု ငြိမ်းအေးလောက်ပြီ”ဟု သိမြင် ဆင်ခြင်တော်မူ၍ အရှင်သောဏ-ကုဋိကဏ္ဍကို “ချစ်သားရဟန်း.. ရွတ်ဆိုရန် တရားသည် သင်ချစ်သား၏ဉာဏ်၌ ထင်စေလော့”ဟု တိုက်တွန်းတော်မူလေ၏။ အရှင်သောဏ-ကုဋိကဏ္ဏ မထေရ်သည် အလွန် ချိုမြိန်သာယာသော အသံဖြင့် အက္ခရာတလုံးကိုမျှလည်း မချွတ်ယွင်း မပျက်စီးစေပဲ သုတ္တနိပါတ် ပါဠိတော်လာ အဋ္ဌကဝဂ်ဟုခေါ်သော



၂၉၇

ကာမသုတ္တန်- အစရှိသော သုတ္တန်ပေါင်း တဆယ့်ခြောက်သုတ်တို့ကို ရွတ်ဆိုလေ၏။

     သုတ္တန်များ ပြီးဆုံးသောအခါ မြတ်စွာဘုရားသည် အရှင်သောဏ-ကုဋိကဏ္ဏအား သာဓုကောင်းကြီး ပေးတော်မူ၍ “ချစ်သားရဟန်း.. သင်ချစ်သားသည် အဋ္ဌကဝဂ် = သုတ်ပေါင်း တဆယ့်ခြောက်သုတ် အားလုံးတို့ကို ကောင်းစွာ သင်ထားပေ၏။ ကောင်းစွာ ဆောင်ထားပေ၏။ (ဌာန်ကရိုဏ်းစသည် ပြည့်စုံသဖြင့်) ကောင်းသော စကားသံနှင့်လည်း ပြည့်စုံပေ၏။ သန့်လည်း သန့်ရှင်း, အပြစ်လည်းကင်း, လိပ်လည်းခြင်းလည်းမရှိသော အနက်ကို သိစေတတ်သော စကားနှင့်လည်း ပြည့်စုံပေ၏။ ချစ်သားရဟန်း.. သင်ချစ်သားသည် ဝါအဘယ်မျှ ရှိပြီနည်း”ဟု မေးတော်မူလေသော် အရှင်သောဏ-ကုဋိကဏ္ဏသည် “မြတ်စွာဘုရား.. တပည့်တော်သည် တဝါသာ ရရှိပါသေးသည်”ဟု လျှောက်ထားလေ၏။

     တဖန် မြတ်စွာဘုရားရှင်က “ချစ်သားရဟန်း.. သင်သည် အဘယ့်ကြောင့် ဤသို့ ကြာမြင့်မှ ရဟန်းပြုသနည်း”ဟု မေးတော်မူလေလျှင် အရှင်သောဏ-ကုဋိကဏ္ဏ မထေရ်သည် “မြတ်စွာဘုရား.. တပည့်တော်သည် ကာမဂုဏ်တို့၌ အပြစ်ကို မြင်နေသည်မှာ ကြာမြင့်ပါပြီ။ သို့သော်လည်း လူ့ဘောင်၌နေသော သူတို့သည် ကျဉ်းမြောင်းလှပါကုန်၏၊ များသောကိစ္စ, များသောပြုဖွယ် ရှိကြပါကုန်၏ဘုရား”ဟု လျှောက်ထားလေ၏။ ထိုအခါ မြတ်စွာဘုရားရှင်သည် ဤအကြောင်း = ကာမဂုဏ်တို့၌ အမှန်အတိုင်း အပြစ်ကိုမြင်သောသူ၏ စိတ်သည် အချိန်ကြာမြင့်၍လည်း အိမ်ရာတည်ထောင် လူ့ဘောင်၌ မသက်ဝင်ပဲ ပဒုမာကြာဖက်၌ ရေပေါက်ကဲ့သို့ ဆုတ်နစ် လျှောကျသည်သာ ဖြစ်၏ဟူသော အကြောင်းကို သိတော်မူ၍—

“ဒိသွာ အာဒီနဝံ လောကေ၊ ဉတွာ ဓမ္မံ နိရူပဓိံ။

အရိယာ န ရမတီ ပါပေ၊ ပါပေ န ရမတီ သုစိ။



၂၉၈

လောကေ = ခပ်သိမ်းဥဿုံ အလုံးစုံသော သင်္ခါရလောက၌။ အာဒီနဝံ = မမြဲ, ဆင်းရဲ, ဖောက်လွဲတတ်ငြား အပြစ်များကို။ ဒိသွာ = ဝိပဿနာ ဉာဏ်မျက်စိဖြင့် တိတိထင်ထင် လင်းလင်းမြင်သောကြောင့်၎င်း။ နိရူပဓိံ = ဥပဓိလေးတန် ဆိတ်ရာမှန်သော။ ဓမ္မံ = နိဗ္ဗာန်တရားကို။ ဉတွာ = လေးပါးသောမဂ်ဉာဏ်ဖြင့် ဝေဘန်ထိုးထွင်း သိမြင်ခြင်းကြောင့်၎င်း။ အရိယော = ကိလေသာတို့မှဝေးကွာ အရိယာ သူတော်ကောင်းသည်။ ပါပေ = ဒုစရိုက်စု မကောင်းမှု၌။ န ရမတိ = မမွေ့လျော် မနှစ်ခြိုက် မပျော်ပိုက်ချေ။ (ကသ္မာ = အဘယ့်ကြောင့်နည်း ဟူမူကား)။ သုစိ = ဟင်္သာမင်းနှယ် စင်ကြယ်သော ကာယကံမှု- စသည် ရှိသောပုဂ္ဂိုလ်သည်။ ပါပေ = မစင်ထူထပ် အရပ်နှိုင်းတု ညစ်နွမ်းသော အကုသိုလ် တရားအစု၌။ န ရမတိ = မွေ့လျော်နှစ်ခြိုက် ပျော်ပိုက်ရိုးထုံးတမ်း မရှိချေ။ (တသ္မာ = ထို့ကြောင့်တည်း)” -

ဟူသော ဤဥဒါန်းဂါထာကို ကျူးရင့်တော်မူလေ၏။

     ထိုအခါ အရှင်သောဏ-ကုဋိကဏ္ဏ မထေရ်သည် “မြတ်စွာဘုရားသည် ငါ့ကို ဝမ်းမြောက်စကား မိန့်ကြားတော်မူ၏၊ ငါ၏ ဥပဇ္ဈာယ်ဆရာ မှာတော်မူလိုက်သော သတင်းစကားကို လျှောက်ထားရန် အချိန်တန်ပြီ”ဟု နေရာမှထ၍ လက်ဝဲပခုံးထက်၌ ဧကစ္စီသင်္ကန်းကို စံပယ်တင်ကာ မြတ်စွာဘုရားရှင်၏ ခြေတော်တို့၌ ဦးခိုက်၍ မြတ်စွာဘုရားရှင်ကို-

“မြတ်စွာဘုရား.. တပည့်တော်၏ ဥပဇ္ဈာယ်ဆရာ အရှင်မဟာကစ္စည်းသည် မြတ်စွာဘုရား၏ ခြေတော်တို့ကို ဦးခေါင်းဖြင့် ရှိခိုးလိုက်ပါသည်။ ဤသို့လည်း လျှောက်ထားလိုက်ပါသည်-

‘မြတ်စွာဘုရား.. အဝန္တိတိုင်း တောင်ပိုင်းနယ်သည် ရဟန်းနည်းပါးပါ၏၊ တပည့်တော်သည် သုံးနှစ်ကျော် လွန်အောင်



၂၉၉

ငြိုငြင်ပင်ပန်းစွာ ထိုထိုအရပ်မှ တကျိပ်အစုရှိသော ရဟန်းအပေါင်းကို စည်းဝေးစေပြီးမှ ရဟန်းအဖြစ်ကို ရခဲ့ပါ၏။ မြတ်စွာဘုရားသည် အဝန္တိတိုင်း တောင်ပိုင်းနယ်၌ တကျိပ်အောက်နည်းသော ဂိုဏ်းဖြင့် ဥပသမ္ပဒကံကို ခွင့်ပြုတော်မူမည်လည်း မသိ (ဝါ) ခွင့်ပြုကောင်း ခွင့်ပြုတော်မူလေရာ၏၊ (၁)

မြတ်စွာဘုရား.. အဝန္တိတိုင်း တောင်ပိုင်းနယ်၌ အထက်သို့ စုန့်စုန့်တက်၍ မည်းနက်သည့် နွားခွါရာ ခရောင်းမြေသည် ကြမ်းတမ်းပါ၏၊ မြတ်စွာဘုရားသည် အဝန္တိတိုင်း တောင်ပိုင်းနယ်၌ အထပ်အလွှာများသော ဘိနပ်ကို ခွင့်ပြုတော်မူမည်လည်းမသိ (ဝါ) ခွင့်ပြုကောင်း ခွင့်ပြုတော်မူလေရာ၏။ (ထိုအချိန်မှာ တလွှာတထပ် ဘိနပ်ကိုသာ စီးခွင့်ပြုထားသောကြောင့် ထိုသို့လျှောက်ထားခြင်း ဖြစ်သည်။ (၂)

မြတ်စွာဘုရား.. အဝန္တိတိုင်း တောင်ပိုင်းနယ်၌ လူတို့သည် ရေချိုးခြင်းကို အလေးပြုကြပါကုန်၏၊ ရေဖြင့် စင်ကြယ်၏-ဟု အယူရှိကြပါကုန်၏။ မြတ်စွာဘုရားသည် အဝန္တိတိုင်း တောင်ပိုင်းနယ်၌ မပြတ်ရက်ဆက် ရေချိုးခြင်းကို ခွင့်ပြုတော်မူမည်လည်း မသိ (ဝါ) ခွင့်ပြုကောင်း ခွင့်ပြုတော်မူလေရာ၏။ (ထိုအချိန်မှာ ၁၅-ရက်မှ တကြိမ်သာ ရဟန်းတို့အား ရေချိုးရန် ခွင့်ပြုထားသောကြောင့် ထိုသို့ လျှောက်ထားခြင်း ဖြစ်သည်။) (၃)

မြတ်စွာဘုရား.. အဝန္တိတိုင်း တောင်ပိုင်းနယ်၌ သိုးရေ, ဆိတ်ရေ, သမင်ရေဟူသော သားရေတို့ကို ခင်းကြပါကုန်၏။ မြတ်စွာဘုရား.. ဥပမာအားဖြင့် မဇ္ဈိမတိုင်း ဇနပုဒ် = တိုက်နယ်တို့၌ ဗြိတ်မြက်ဖျာ, မြားမြက်ဖျာ, သင်မြက်ဖျာ, ပိတ်ထည်မြက်ဖျာတို့ကို ခင်းကုန်သကဲ့သို့ မြတ်စွာဘုရား.. ဤအတူပင် အဝန္တိတိုင်း တောင်ပိုင်းနယ်၌

၃၀၀

သိုးရေ, ဆိတ်ရေ, သမင်ရေဟူသော သားရေတို့ကို ခင်းကြပါကုန်၏။ မြတ်စွာဘုရားသည် အဝန္တိတိုင်း တောင်ပိုင်း၌ သိုးရေ, ဆိတ်ရေ, သမင်ရေဟူသော သားရေအခင်းတို့ကို ခွင့်ပြုတော်မူမည်လည်း မသိ (ဝါ) ခွင့်ပြုကောင်း ခွင့်ပြုတော်မူလေရာ၏၊ (ထိုအချိန်မှာ ရဟန်းတို့အား သားရေကို သုံးဆောင်ခွင့် မပြုသောကြောင့် ထိုသို့ လျှောက်ထားခြင်း ဖြစ်သည်)၊ (၄)

မြတ်စွာဘုရား.. ယခုအခါ၌ လူတို့သည် သိမ်ပသို့ သွား(ရောက်)နေသော ရဟန်းတို့အား ‘ဤမည်သော ရဟန်းအား ဤသင်္ကန်းကို လှူပါကုန်၏’ဟု ပြောဆိုကြကာ သင်္ကန်းလှူပါကုန်၏၊ ထိုသို့ အပြောခံရသော သီတင်းသုံးဖော် ရဟန်းတို့သည် သင်္ကန်းအလှူခံကြရမည့် ရဟန်းတို့ထံ လာ၍ ‘ငါ့ရှင်.. ဤမည်သော လူတို့သည် သင့်အား သင်္ကန်းလှူကုန်၏’ဟု ပြောကြပါကုန်၏။ ထိုအခါ သင်္ကန်းအလှူ ခံကြရမည့် ထို ရဟန်းတို့သည် ‘ငါတို့၏ အဖို့ရာ စွန့်ခြင်းဝိနည်းကံ မဖြစ်ပါစေလင့်’ဟု အောက်မေ့ကြ၍ မအပ်ဟု တွေးတောမှု = သံသယကုက္ကုစ္စ ရှိကြသည်ဖြစ်၍ မခံယူကြပါကုန်၊ မြတ်စွာဘုရားသည် သင်္ကန်း၌အပ်သော ပရိယာယ်ကို ဟောကြားတော်မူမည်လည်း မသိ (ဝါ) ဟောကြားကောင်း ဟောကြားတော်မူလေရာ၏၊ (၅)’ ဟူ၍ လျှောက်ထားလိုက်ပါသည်”-

ဟု လျှောက်ထားလေ၏။

     ထိုအခါ မြတ်စွာဘုရားသည် ဤအရှင်သောဏ-ကုဋိကဏ္ဏမထေရ် လျှောက်ထားသော အကြောင်းအရာကြောင့် တရားစကား ဟောကြားတော်မူပြီးလျှင် ရဟန်းတို့ကို ဤဆိုလတ္တံ့သောအတိုင်း မိန့်တော်မူ၏-

     “ရဟန်းတို့.. အဝန္တိတိုင်း တောင်ပိုင်းနယ်သည် ရဟန်းနည်းပါး၏၊ ရဟန်းတို့.. အလုံးစုံသော ပစ္စန္တရစ် ဇနပုဒ်တို့၌



၃၀၁

ဝိနည်းဓိုရ်ရဟန်းလျှင် ငါးယောက်မြောက်ရှိသော ဂိုဏ်းသံဃာဖြင့် ပဉ္စင်းခံခြင်းကို ငါဘုရား ခွင့်ပြု၏။

ထိုစကားရပ်၌ ပစ္စန္တရစ် ဇနပုဒ်တို့ ဟူသည်မှာ = အရှေ့မျက်နှာအရပ်၌ ဂဇင်္ဂလမည်သော နိဂုံးရှိ၏၊ ထိုနိဂုံး၏ အပြင်ဘက်မှာ အင်ကြင်းပင်ကြီးရှိ၏၊ ထိုအင်ကြင်းပင်ကြီးမှ အပြင်ဘက်ကား ပစ္စန္တရစ် ဇနပုဒ်တည်း၊ အတွင်းကား မဇ္ဈိမတိုက်တည်း။

အရှေ့တောင်အရပ်၌ သလလဝတီမည်သော မြစ်ရှိ၏။ ထိုသလလဝတီမြစ်မှ အပြင်ဘက်ကား ပစ္စန္တရစ် ဇနပုဒ်တို့တည်း၊ အတွင်းကား မဇ္ဈိမတိုက်တည်း။

တောင်မျက်နှာအရပ်၌ သေတကဏ္ဏိကမည်သော နိဂုံးရှိ၏၊ ထိုနိဂုံးမှ အပြင်ဘက်ကား ပစ္စန္တရစ် ဇနပုဒ်တို့တည်း၊ အတွင်းကား မဇ္ဈိမတိုက်တည်း။

အနောက်မျက်နှာအရပ်၌ ထူန-မည်သော ပုဏ္ဏားရွာရှိ၏၊ ထိုရွာမှ အပြင်ဘက်ကား ပစ္စန္တရစ် ဇနပုဒ်တို့တည်း၊ အတွင်းကား မဇ္ဈိမတိုက်တည်း။

မြောက်မျက်နှာအရပ်၌ ဥသီရဒ္ဓဇ-မည်သော တောင်ရှိ၏၊ ထိုတောင်မှ အပြင်ဘက်ကား ပစ္စန္တရစ် ဇနပုဒ်တို့တည်း၊ အတွင်းကား မဇ္ဈိမတိုက်တည်း။

     ရဟန်းတို့.. ဤသို့ သဘောရှိသော ပစ္စန္တရစ် ဇနပုဒ်တို့၌ ဝိနည်းဓိုရ်ရဟန်းလျှင် ငါးယောက်မြောက်ရှိသော ဂိုဏ်းသံဃာဖြင့် ပဉ္စင်းခံခြင်းကို (=ပဉ္စင်းခံပေးရန်) ငါဘုရား ခွင့်ပြု၏။ (၁)

     ရဟန်းတို့.. အဝန္တိတိုင်း တောင်းပိုင်းနယ်၌ အထက်သို့ စုန့်စုန့်တက်၍ မည်းနက်သည့် နွားခွါရာ ခရောင်းမြေသည် ကြမ်းတမ်းလှ၏၊ ရဟန်းတို့.. အလုံးစုံသော ပစ္စန္တရစ် ဇနပုဒ်တို့၌ အထပ်အလွှာများသော ဘိနပ်ကို (စီးရန်) ငါဘုရား ခွင့်ပြု၏။ (၂)



၃၀၂

     ရဟန်းတို့.. အဝန္တိတိုင်း တောင်ပိုင်းနယ်၌ လူတို့သည် ရေချိုးခြင်းကို အလေးပြုကြကုန်၏၊ ရေဖြင့် စင်ကြယ်၏-ဟု အယူရှိကုန်၏၊ ရဟန်းတို့.. အလုံးစုံသော ပစ္စန္တရစ် ဇနပုဒ်တို့၌ မပြတ်ရက်ဆက် ရေချိုးခြင်းကို (=ရေချိုးရန်) ငါဘုရား ခွင့်ပြု၏။ (၃)

     ရဟန်းတို့.. အဝန္တိတိုင်း တောင်ပိုင်းနယ်၌ သိုးရေ, ဆိတ်ရေ, သမင်ရေဟူသော သားရေတို့ကို ခင်းကုန်၏၊ ရဟန်းတို့.. မဇ္ဈိမတိုင်း ဇနပုဒ် = တိုက်နယ်တို့၌ ဗြိတ်မြက်ဖျာ, မြားမြက်ဖျာ, သင်မြက်ဖျာ, ပိတ်ထည်မြက်ဖျာတို့ကို ခင်းကုန်သကဲ့သို့ ရဟန်းတို့.. ဤအတူလျှင် အဝန္တိတိုင်း တောင်ပိုင်းနယ်၌ သိုးရေ, ဆိတ်ရေ, သမင်ရေဟူသာ သားရေတို့ကို ခင်းကုန်၏၊ ရဟန်းတို့.. အလုံးစုံသော ပစ္စန္တရစ် ဇနပုဒ်တို့၌ သိုးရေ, ဆိတ်ရေ, သမင်ရေဟူသော သားရေအခင်းတို့ကို (သုံးစွဲရန်) ငါဘုရား ခွင့်ပြု၏။ (၄)

     ရဟန်းတို့.. လူတို့သည် ဥပစာရသိမ်ပသို့ သွား(ရောက်နေ)သော ရဟန်းတို့အား ‘ဤမည်သော ရဟန်းအား ဤသင်္ကန်းကို လှူပါကုန်၏’ဟု ပြောဆို၍ သင်္ကန်းလှူကုန်ငြားအံ့၊ ရဟန်းတို့.. လက်သို့ မရောက်သေးသမျှ အဓိဋ္ဌာန်တင်ရမည့် အရေအတွက်သို့ မရောက်နိုင်ပေ။ ရဟန်းတို့.. ထိုသင်္ကန်းကို ခံယူစိမ့်သောငှါ ငါဘုရား ခွင့်ပြု၏” (၅)—ဟု မိန့်တော်မူ၏။

     တဖန် အရှင်သောဏ-ကုဋိကဏ္ဏ မထေရ်သည် မိခင် ဒါယိကာမကြီး၏ မှာကြား လျှောက်ထားလိုက်သော စကားဖြင့် မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် “မြတ်စွာဘုရား.. ဤကမ္ဗလာ အဝတ်ထည်ကို ကာဠီဥပါသိကာ ဒါယိကာမကြီးက အရှင်ဘုရားတို့ နေတော်မူရာ ဂန္ဓကုဋီတိုက်၌ မြေအခင်းပြုလုပ်ရန် ဆက်ကပ် လှူဒါန်းအပ်ပါသည်ဘုရား”ဟု လျှောက်ထားကာ ကမ္ဗလာ အဝတ်အထည်ကို မြတ်စွာဘုရားအား ဆက်ကပ်၍ နေရာမှ ထပြီးသော် မြတ်စွာဘုရားကို ရှိခိုးအရိုအသေပြုလျက် မိမိနေရာ



၃၀၃

အဝန္တိတိုင်း ကုရရဃရမြို့ ပပတတောင်ကျောင်းသို့ ပြန်ကြွတော်မူလေ၏။

     သောဏ-ကုဋိကဏ္ဏ မထေရ်သည် ဥပဇ္ဈာယ်ဆရာထံမှောက် ရောက်လတ်သောအခါ ထိုအကြောင်းအရာ အလုံးစုံကို ပြန်ကြား လျှောက်ထားလေ၏။ နောက်တနေ့၌ မယ်တော် ကာဠီသူဌေးကတော် ဥပါသိကာ၏ အိမ်တံခါးဝသို့ ကြွရောက်၍ ဆွမ်းရပ်တော်မူလေ၏။ မယ်တော် ဒါယိကာမကြီးသည် “ငါ့သားသည် တံခါးဝမှာ ရပ်နေသတဲ့”ဟူသော သတင်းစကားကို ကြားသိရ၍ လျင်မြန်စွာ လာရောက်ရှိခိုးပြီးလျှင် မထေရ်၏လက်မှ သပိတ်ကို လှမ်းယူ၍ အိမ်တွင်း၌ နေရာထိုင်ခင်းပေးကာ ဆွမ်းဆက်ကပ် လှူဒါန်းလေ၏။

     ထို့နောက် ဆွမ်းဘုဉ်းပေးပြီးသောအခါ မယ်တော် ဒါယိကာမကြီးနှင့် မထေရ်တို့ အပြန်အလှန် မေးကြ ဖြေကြသည်မှာ-

(မယ်တော်)

ချစ်သား.. သင်ချစ်သားသည် မြတ်စွာဘုရားကို ဖူးခဲ့ရပါ၏လော။

(မထေရ်)

အိမ်း.. ဖူးခဲ့ရသည် ဒါယိကာမကြီး..။

(မယ်တော်)

ချစ်သားသည် မယ်တော်မှာကြား လျှောက်ထားလိုက်သော စကားဖြင့်ကော မြတ်စွာဘုရားကို မယ်တော့်ကိုယ်စား ရှိခိုးအပ်ခဲ့၏လော။

(မထေရ်)

အိမ်း.. ရှိခိုးအပ်ခဲ့သည် ဒါယိကာမကြီး..။ ဒါယိကာမကြီး လှူဒါန်းလိုက်သည့် ထိုကမ္ဗလာအဝတ်ထည်ကိုလည်း သားတော်ကိုယ်တိုင်ပင် မြတ်စွာဘုရား သီတင်းသုံး နေထိုင်တော်မူရာ ဂန္ဓကုဋီကျောင်းတော်၌ မယ်တော်ကြီး မှာတမ်းလိုက်သည့်အတိုင်း မြေအခင်းပြုလုပ်ကာ ခင်းထားအပ်ခဲ့လေပြီ။

(မယ်တော်)

ချစ်သား.. အသို့နည်း = ဘယ့်နှယ်လဲ သင်ချစ်သားသည် မြတ်စွာဘုရားရှင်အား တရားစကား



၃၀၄

ရွတ်ဆို လျှောက်ထားအပ်ခဲ့သတဲ့ဆို၊ မြတ်စွာဘုရားကလည်း သင်ချစ်သားအား သာဓုကောင်းကြီး ပေးတော်မူအပ်သတဲ့ဆို။

(မထေရ်)

ဒါယိကာမကြီး.. ဤအကြောင်းအရာများကို ဒါယိကာမကြီးသည် ဘယ်နည်းဖြင့် သိအပ်ပါသနည်း။

(မယ်တော်)

ချစ်သား.. မယ်တော်အိမ်မှာ စောင့်ကြပ် စိုးအုပ်နေသော (အိမ်စောင့်)နတ်က “ချစ်သားအား ဘုရားရှင်က သာဓုကောင်းကြီး ပေးသောနေ့၌ စကြဝဠာပေါင်း တိုက်တသောင်းနေ နတ်ဗြဟ္မာတို့သည် သာဓုကောင်းကြီး ပေးကြပါသည်”ဟု မယ်တော်ကို ပြောကြားပါသည်။ ချစ်သား.. သင်ချစ်သား ဟောကြားအပ်ခဲ့သည့် တရားစကားကို မြတ်စွာဘုရားရှင်တို့အား ရွတ်ဆိုလျှောက်ထား ဟောကြားအပ်ခဲ့သည့် နည်းအတိုင်းပင် မယ်တော်အားလည်း တဖန်ပြန်၍ ဟောကြားပါရန် တောင့်တလင့်ဆို မယ်တော်အလိုရှိပါ၏ ချစ်သား..။

     မထေရ်မြတ်သည် မယ်တော်၏ လျှောက်ထား တောင်းပန်ချက်ကို ဆိတ်ဆိတ်နေသဖြင့် လက်ခံတော်မူလေ၏။ မယ်တော် ဒါယိကာမကြီးသည် မထေရ်မြတ်က လက်ခံသည်ကို သိရှိကာ မိမိအိမ်တံခါးဝ၌ မဏ္ဍပ်ကြီးစွာ ဆောက်လုပ်စေ၍ မြတ်စွာဘုရားအား ရွတ်ဆို လျှောက်ထား ပြောကြားအပ်ခဲ့သည့် နည်းအတိုင်းပင် တရားစကားကို ဟောကြားစေလေသည် = တရားပွဲသဘင် ကြီးစွာယင်လေသတည်း။

(ဂ) ဧတဒဂ်ဘွဲ့ထူး ရတော်မူခြင်း

     မြတ်စွာဘုရားသည် နောက်အခါဝယ် အရိယာသံဃာတို့အလယ်၌ ထိုင်နေတော်မူလျက် အရှင်သောဏ-ကုဋိကဏ္ဏမထေရ်ကို-

“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ ကလျာဏဝါက္ကရဏာနံ ယဒိဒံ သောဏော ကုဋိကဏ္ဏော =



၃၀၅

ရဟန်းတို့.. ချိုမြိန်သာယာစွာသော အသံဖြင့် တရားစကား ဟောကြားကြသော ငါဘုရား၏ တပည့်သာဝက ရဟန်းတို့တွင် ကုဋိကဏ္ဏ သောဏရဟန်းသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏”-

ဟု ချီးကျူးမြွက်ဆိုတော်မူကာ “ကလျာဏဝါက္ကရဏ = သာယာချိုမြိန်သော အသံဖြင့် တရားဟောသော အရာ”ဝယ် ဧတဒဂ် ထားတော်မူလေသည်။

ဤကား အရှင်သောဏ-ကုဋိကဏ္ဏမထေရ် အကြောင်းတည်း။

**********