အရှင်သာဂတ မထေရ်အကြောင်း

From Wikisource
Jump to navigation Jump to search
မဟာဗုဒ္ဓဝင် by မင်းကွန်းဆရာတော်
(၃၉) အရှင်သာဂတ မထေရ်အကြောင်း

(၃၉) အရှင်သာဂတမထေရ်အကြောင်း

(က) မထေရ်၏ ရှေးဆုတောင်း

     ဤအရှင်သာဂတ မထေရ်အလောင်း သူတော်ကောင်းသည်လည်း ပဒုမုတ္တရမြတ်စွာ လက်ထက်တော် အခါဝယ် ဟံသာဝတီ မင်းနေပြည်၌ အမျိုးကောင်းသားဖြစ်၍ နောက်အဖို့ဝယ် မြတ်စွာဘုရား၏ တရားဒေသနာကို နာယူစဉ် မြတ်စွာဘုရားရှင်က ရဟန်းတော်တပါးကို “တေဇောကသိဏဈာန်ကို ၀င်စားရာ၌ ကျွမ်းကျင်လိမ္မာကြသော ရဟန်းတို့တွင် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး”၌ ထားတော်မူသည်ကို မြင်လတ်၍ အဓိကာရကောင်းမှု ကုသိုလ်ကို ပြုပြီးလျှင် ထိုတေဇောဓာတုကုသလ = တေဇောကသိဏဈာန်ကို ၀င်စားရာ၌ ကျွမ်းကျင်လိမ္မာမှုဝယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး ဌာနန္တရကို ဆုတောင်းပတ္ထနာမှု ပြုလေသည်။ ပဒုမုတ္တရ မြတ်စွာဘုရားရှင်ကလည်း ဗျာဒိတ်စကား မိန့်ကြားတော်မူခဲ့လေသည်။

(ခ) နောက်ဆုံးဘဝ ရဟန်းပြုခြင်း

     ထိုအမျိုးကောင်းသားသည် အသက်ထက်ဆုံး ကုသိုလ်ကောင်းမှုကို ပြု၍ နတ်ပြည်, လူ့ပြည်တို့၌ ကျင်လည်ကျက်စားခဲ့လျက် ဤဘုရားမြတ်စွာ ပွင့်ထွန်းရာကာလဝယ် သာဝတ္ထိပြည်၌ သာဂတမည်သော ပုဏ္ဏားလုလင်ဖြစ်၍ နောက်တချိန်ဝယ် မြတ်စွာဘုရား၏ တရားဒေသနာကို ကြားနာရသဖြင့် သဒ္ဓါတရား ဖြစ်ပွါးတိုးတက်ကာ သာသနာဝန်ထမ်း ရဟန်းပြု၍ လောကီဈာန် သမာပတ်ရှစ်ပါးတို့ကို ဖြစ်ပွါးစေပြီးလျှင် ထိုဈာန်သမာပတ်တို့၌



၅၆၉

အလွန်နိုင်နင်းခြင်းသို့ ရောက်ရှိလေ၏။ လောကီအဘိညာဏ် ၅-ပါးတို့၌ လေ့လာနိုင်နင်းခြင်းသို့ ရောက်တော်မူလေ၏။

အရှင်သာဂတ နဂါးကို ဆုံးမခြင်း

     (ဝိနည်း ပါစိတ်ပါဠိတော် သုရာပါနသိက္ခာပုဒ်မှ ထုတ်နုတ် ဖော်ပြပေအံ့)– တနေ့သ၌ မြတ်စွာဘုရားသည် စေတိယတိုင်း၌ ဒေသစာရီ ကြွချီတော်မူလတ်သော် ဘဒ္ဒဝတိက-မည်သော ရွာသို့ ရောက်တော်မူလေ၏၊ (ရွာစည်းရိုး အလွန်ကောင်းသောကြောင့် ထိုရွာ၏အမည်မှာ ဘဒ္ဒဝတိကရွာဟု တွင်မည်လေသည်)။ နွားကျောင်းသား, ဆိတ်ကျောင်းသား, လယ်ထွန်သမား, ခရီးသွားသော သူတို့သည် မြတ်စွာဘုရား ကြွလာတော်မူသည်ကို အဝေးကပင် မြင်ကြ၍ “မြတ်စွာဘုရား.. သရက်ပင်ဆိပ်သို့ ကြွတော်မမူပါလင့်၊ သရက်ပင်ဆိပ်ရသေ့၏ ကျောင်းသင်္ခမ်း၌ လျင်လည်းလျင် ကြမ်းလည်းကြမ်းသည့် အဆိပ်ရှိသော တန်ခိုးနှင့် ပြည့်စုံသော နဂါးသည် နေပါ၏ဘုရား၊ ထိုနဂါးသည် မြတ်စွာဘုရားကို မညှဉ်းဆဲပါစေလင့်”ဟု တောင်းပန် လျှောက်ထားကြကုန်၏။ ဤသို့ လျှောက်ဆိုအပ်သော် မြတ်စွာဘုရား သည် ဆိတ်ဆိတ်သာလျှင် နေတော်မူ၏။

(ဤ၌။ ။သရက်ပင်ဆိပ်နဂါး၏ အကြောင်းအဋ္ဌုပ္ပတ္တိ အကျဉ်းချုပ်ကား- ထိုသရက်ပင်ဆိပ်ဝယ် ကူးတို့ပို့၍စားသော လှေသမားတဦး ရှိလေသည်။ တချိန်တွင် များစွာသော ခရီးသွား ဧည့်သည်တို့သည် ထိုလှေသမားနှင့် အဆင်မပြေ ပဋိပက္ခ ရန်သူများဖြစ်ကြ၍ ထိုလှေသမားကို ရိုက်ပုတ် သတ်ဖြတ်ကြလေသည်။ ထိုလှေသမားသည် ဆန့်ကျင်သောစိတ်ဖြင့် ဆုတောင်းပတ္ထနာမှု ပြုခဲ့သောကြောင့် ထိုသရက်ပင်ဆိပ်၌ပင် တန်ခိုးအာနုဘော် ကြီးမားသော နဂါးမင်း ဖြစ်လာလေသည်။

ထိုနဂါးမင်းသည် နယ်ပယ်နေသူ လူတို့အပေါ် အလွန် ဆန့်ကျင်သောစိတ် ရှိခြင်းကြောင့် မိမိတန်ခိုးဖြင့် မိုးမရွာသင့်သော အခါ၌သာ မိုးကို ရွာသွန်းစေ၏၊ ရွာသင့်သောအခါ၌ကား မိုးကို မရွာသွန်းစေ၊ သို့ရကား ထိုနယ်ပယ်၌ ကောက်စပါးတို့သည် မပြည့်မစုံ မအောင်မြင်ကြလေကုန်။ ထိုစေတိယတိုင်း၌နေသူ လူခပ်သိမ်းတို့သည်လည်း ထိုအန္တရာယ် ငြိမ်းစိမ့်သောငှါ နှစ်စဉ် နှစ်စဉ် ပူဇော်မှုကို ပြုကြကုန်၏၊



၅၇၀

ထိုနဂါးနေရန်အတွက်လည်း သင်္ခမ်းကျောင်းတခု ဆောက်လုပ်ပေးကြလေသည်၊ ဤကား သရက်ပင်ဆိပ်နဂါး၏ အဋ္ဌုပ္ပတ္တိအကြောင်း အကျဉ်းချုပ်တည်း။ ။အံ ဋ္ဌ ၁၊ မျက်နှာ ၂၅၁-မှ)။

     မြတ်စွာဘုရားရှင်သည်လည်း ထိုသရက်ပင်ဆိပ်ဖြင့်ပင် ကမ်းသို့တက်၍ ရဟန်းအပေါင်း ခြံရံတော်မူအပ်လျက် “ထိုအရပ်၌ပင် ညဉ့်သီတင်းသုံး နေတော်မူမည်”ဟူသော ရည်ရွယ်ချက်ဖြင့် ကြွတော်မူလေသည်။ အစိုးရိမ်ကြီးကြ၍ နွားကျောင်းသား, ဆိတ်ကျောင်းသား, လယ်ထွန်သမား, ခရီးသွားသော သူတို့က သုံးကြိမ်တိုင်တိုင်ပင် မကြွရောက်ရန် တောင်းပန် လျှောက်ထားအပ်သော်လည်း အကြောင်းကို သိတော်မူပြီးဖြစ်၍ ဆိတ်ဆိတ်သာလျှင် နေတော်မူ၏။

     ထိုအခါ မြတ်စွာဘုရားသည် အစဉ်အတိုင်း ဒေသစာရီ ကြွချီတော်မူ၍ ဘဒ္ဒဝတိကရွာသို့ ဆိုက်ရောက်တော်မူကာ ထိုရွာ၌ သီတင်းသုံး နေတော်မူ၏။ ထိုအခါ အရှင်သာဂတသည် သရက်ပင်ဆိပ် ရသေ့ကျောင်းသင်္ခမ်းသို့ သွားရောက်၍ နဂါးနေရာ မီးတင်းကုပ်သို့ ဝင်လျက် မြက်ဖျာကို ခင်းပြီးလျှင် ထက်ဝယ်ဖွဲ့ခွေ (=တင်ပလ္လင်ခွေ)နေကာ ကိုယ်ကို ဖြောင့်မတ်စွာထားလျက် ကမ္မဋ္ဌာန်းသို့ရှေးရှူ သတိကိုဖြစ်စေ၍ ထိုင်နေတော်မူလေ၏။

     နဂါးသည် အရှင်သာဂတ ဝင်လာသည်ကို မြင်လျှင်ပင် နှလုံးမသာယာသဖြင့် အခိုးလွှတ်လေ၏။ အရှင်သာဂတကလည်း ဣဒ္ဓိဝိဓတန်ခိုးဖြင့် ထို့ထက်လွန်ကဲသော အခိုးကို လွှတ်တော်မူ၏။ ထိုအခါ နဂါးသည် မိမိ၏ အမျက်ဒေါသကို မချုပ်တည်းနိုင် သည်းမခံနိုင်ရကား မီးအလျှံတွေ တဖွားဖွား လွှတ်လေတော့၏။ အရှင်သာဂတကလည်း တေဇောကသိဏဈာန်ကို ၀င်စား၍ နဂါးလွှတ်သည့်အလျှံထက် ကဲလွန်သော မီးအလျှံများကို လွှတ်တော်မူလေ၏။

     ထိုအခါ နဂါးသည်“ဤရဟန်းကား တန်ခိုးကြီးလှ၏တကား”ဟု အရှင်သာဂတမထေရ်၏ ခြေရင်း၌ ဝပ်စင်း၍ “အရှင်ဘုရား..



၅၇၁

အကျွန်ုပ်သည် အရှင်ဘုရားတို့အား ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏”ဟု လျှောက်ထားလေ၏။ အရှင်သာဂတမထေရ်က “ငါအား ကိုးကွယ်ရာဟု ဆည်းကပ်ရန် ကိစ္စမရှိ၊ မြတ်စွာဘုရား အားသာ ကိုးကွယ်ရာဟု ဆည်းကပ်လေ”ဟူ၍ မိန့်တော်မူလေလျှင် နဂါးမင်းသည် “ကောင်းပါပြီ”ဟု ၀န်ခံပြီးနောက် သရဏဂုံ တည်သူဖြစ်ကာ ထိုအချိန်မှစ၍ တစုံတယောက်ကိုမျှ ညှဉ်းဆဲမှု မပြုတော့ချေ။ မိုးကိုလည်း အချိန်မှန်မှန် ရွာသွန်းစေ၏။ သို့ရကား ကောက်စပါးတို့သည်လည်း ကောင်းစွာ ပြည့်စုံကြလေကုန်၏။ ။(ဤစကားပိုဒ်ကား အံ ဋ္ဌ ၁၊ မျက်နှာ ၂၅၂-မှ ဖြစ်သည်)။

     ထို့နောက် အရှင်သာဂတမထေရ်သည် နဂါးကို နိုင်နင်းစွာ ဆုံးမတော်မူပြီးလျှင် မြတ်စွာဘုရားရှင်ရှိရာ ဘဒ္ဒဝတိကရွာသို့ ရောက်တော်မူလေ၏။

ကောသမ္ဗီပြည်ဖက်သို့ ခရီးဆက်ခြင်း

     ထို့နောက် မြတ်စွာဘုရားသည် ဘဒ္ဒဝတိကရွာ၌ ချေချွတ်ဆုံးမသင့်သူ ရှိသလောက် သီတင်းသုံး နေတော်မူပြီးလျှင် ကောသမ္ဗီပြည်သို့ ဒေသစာရီ ကြွချီတော်မူလေ၏။ ကောသမ္ဗီပြည်သား ဥပါသကာများသည် “သရက်ပင်ဆိပ်၌နေသော နဂါးနှင့်အတူ အရှင်သာဂတသည် နိုင်အောင် စစ်ထိုးတော်မူသတဲ့”ဟူသော သတင်းစကားကို ကြားသိပြီးသား ဖြစ်ကြကုန်၏။ မြတ်စွာဘုရားသည် အစဉ်အတိုင်း ဒေသစာရီ ကြွချီတော်မူလေသော် ကောသမ္ဗီပြည် သို့ ရောက်တော်မူ၏။ ထိုအခါ ကောသမ္ဗီပြည်သား ဥပါသကာများသည် မြတ်စွာဘုရားအား ခရီးဦး ကြိုဆိုကြပြီးလျှင် အရှင်သာဂတမထေရ်ထံသို့ ချဉ်းကပ်ပြီးနောက် မထေရ်ကို ရှိခိုးကြပြီးလျှင် အပြစ်လွတ်ရာအရပ်၌ ရပ်တည်ကြလျက် “အရှင်ဘုရား.. အရှင်ဘုရားတို့အဖို့ရာ အဘယ်ဝတ္ထုပစ္စည်းသည် ရခဲပါသနည်း၊ နှစ်ခြိုက်ဖွယ်လည်း ဖြစ်ပါသနည်း၊ တပည့်တော်များသည် အဘယ်ဝတ္ထု ပစ္စည်းကို စီရင်ကြရပါမည်နည်း”ဟု လျှောက်ထားကြကုန်၏။



၅၇၂

     ဤသို့ လျှောက်ထားအပ်သည်ရှိသော် ဆဗ္ဗဂ္ဂီရဟန်းတို့သည် ကြားကဝင်ရောက်၍ ကောသမ္ဗီပြည်သား ဥပါသကာများကို “ ဒါယကာတို့.. ကာပေါတိက အမည်ရှိသော = ခိုခြေအသွေး နီတွေးသော အဆင်းရှိသော ကြည်လင်သော သေအရက်သည် ရဟန်းတို့အဖို့ရာ ရလည်းရခဲ၏။ နှစ်ခြိုက်ဖွယ်လည်း ဖြစ်၏။ ထိုသေအရက်ကို စီရင်ကုန်လော့”ဟု ပြောဆိုကြလေကုန်၏။

(ဤ၌။ ။ဆဗ္ဗဂ္ဂီရဟန်းတို့၏ အကြောင်းအရာ အကျဉ်းချုပ်ကား- သာဝတ္ထိပြည်သား (၁-၂) ပဏ္ဍုကနှင့် လောဟိတက (၃-၄) မေတ္တိယနှင့် ဘူမဇက (၅-၆) အဿဇိနှင့် ပုနဗ္ဗသုက-ဟူသော သူငယ်ချင်း ၆-ယောက်တို့သည် “သူငယ်ချင်းတို့.. လူ့ပြည်လောကဝယ် လယ်ထွန်မှု စသည်တို့သည် ခဲယဉ်းလှကုန်၏၊ ကိုင်း.. သူငယ်ချင်းတို့.. ငါတို့သည် ရဟန်းပြုကြကုန်စို့၊ ရဟန်းပြုကြလျှင်လည်း ကိစ္စကြီးငယ် ဖြစ်ပေါ်လာလျှင် စိုးရပိုင်ပိုင် ဆုံးဖြတ်နိုင်ရာဌာန (=မျက်နှာကြီးပုဂ္ဂိုလ် အထံ)၌ ရဟန်းပြုမှ သင့်တော်မည်”ဟု တိုင်ပင်ညီညွတ်ကြ၍ အဂ္ဂသာဝက နှစ်ပါးတို့အထံ၌ ရဟန်းပြုကြလေကုန်၏။

ထိုရဟန်းတို့သည် ရဟန်းသိက္ခာ ၅-ဝါစီ ရရှိပြီးကြသော် မာတိကာကို လေ့လာနိုင်နင်း အောင် ပြုကြ၍ “ငါ့ရှင်တို့.. ဇနပုဒ် = တိုက်နယ် ဟူသည်မှာ ရံခါ အစာပေါများ၍ ရံခါ အစာရှားတတ်သည်။ သို့ရကား ငါတို့ ၆-ဦး တနေရာတည်း၌ စု၍ မနေကြပဲ သုံးဌာနတို့၌ ခွဲ၍ နေကြကုန်စို့”ဟု တိုင်ပင်ကြလေကုန်၏။

ထို့နောင်မှ (၁) ပဏ္ဍုကရဟန်းနှင့် (၂) လောဟိတက ရဟန်းတို့ကို “ငါ့ရှင်တို့.. သာဝတ္ထိပြည်ဆိုသည်မှာ အမျိုးအိမ်ခြေပေါင်း (၅၇၀ဝဝဝဝ) ငါးသန်း ခုနစ်သိန်းတို့ နေထိုင်ရာ မြို့ကြီးဖြစ်သည်။ ကျေးလက်ရွာပေါင်း (၈၀၀၀၀) ရှစ်သောင်းတို့ဖြင့် တန်းဆာဆင်အပ်သည့် ကာသိတိုင်း, ကောသလတိုင်း = ဤနှစ်တိုင်းတို့က အခွန်အတုတ် ဆက်သရာ မင်းနေပြည်ကြီးလည်း ဖြစ်သည်။ ငါ့ရှင်တို့သည် ထိုသာဝတ္တိပြည်ပယ် အဦးကျရာဌာန၌ ကျောင်းဝိုင်းပရိဝုဏ်တို့ကို ဆောက်လုပ်ပြီးလျှင် သရက်ပင် ပိန္နဲပင် အုန်းပင် စသည်တို့ကို စိုက်ပျိုးကြ၍ ပန်းမာလ် သစ်သီးဝလံတို့ဖြင့် အမျိုးဒါယကာတို့ကို ချီးမြှောက် ဆွဲဆောင်ကြကုန်လျက် အမျိုးသား သူငယ်တို့ကို ရှင်ရဟန်းပြုပေးကြကာ ပရိသတ်တိုးပွါးအောင် အားထုတ်ကြကုန်လော့”ဟု စီမံစကား ပြောကြားကြကုန်၏။

၅၇၃

(၃) မေတ္တိယရဟန်းနှင့် (၄) ဘူမဇက ရဟန်းတို့ကို “ငါ့ရှင်တို့ ရာဇဂြိုဟ်ပြည်ဆိုသည်မှာ လူဦးရေပေါင်း (၁၈ဝဝဝဝဝဝဝ) တဆယ့်ရှစ်ကုဋေတို့ နေထိုင်ရာမြို့ကြီးဖြစ်သည်၊ ကျေးလက်ရွာပေါင်း (၈ဝဝဝဝ) ရှစ်သောင်းတို့ဖြင့် တန်ဆာဆင်အပ်သည့် ယူဇနာ (၃၀၀) သုံးရာကျယ်ပြန့်သော အင်္ဂတိုင်း, မဂဓတိုင်း = ဤနှစ်တိုင်းတို့၏ အခွန်ဆက်သရာ မင်းနေပြည်ကြီးလည်း ဖြစ်သည်။ ငါ့ရှင်တို့သည် ရာဇဂြိုဟ်ပြည်ဝယ် အဦးကျရာဌာန = အကွက်ကောင်း နေရာကောင်း၌ ကျောင်းဝိုင်းပရိဝုဏ်တို့ကို ဆောက်လုပ်ပြီးလျှင် သရက်ပင် ပိန္နဲပင် အုန်းပင်- စသည်တို့ကို စိုက်ပျိုးကြ၍ ပန်းမာလ် သစ်သီးဝလံတို့ဖြင့် အမျိုးဒါယကာတို့ကို ချီးမြှောက် ဆွဲဆောင်ကြကုန်လျက် အမျိုးကောင်းသား သူငယ်တို့ကို ရှင်ရဟန်းပြုပေးကြကာ ပရိသတ်တိုးပွါးအောင် အားထုတ်ကြကုန်လော့”ဟု စီမံစကား ပြောကြားကြကုန်၏။

(၅) အဿဇိရဟန်းနှင့် (၆) ပုနဗ္ဗသုကရဟန်းတို့ကို “ငါ့ရှင်တို့.. ကီဋာဂိရိဇနပုဒ် = တိုက်နယ်ကြီးသည် မိုးတွင်းမိုး, ဆောင်းရာသီမိုး- ဤမိုးနှစ်မျိုးတို့ ဖြိုးဖြိုးရွာသွန်းအပ်သောကြောင့် ကောက်စပါးသုံးသီးတို့ ပွါးစီးပြည့်စုံရာ တိုက်နယ်ကြီးဖြစ်သည်။ ငါ့ရှင်တို့သည် ထိုကီဋာဂိရိဇနပုဒ် = တိုက်နယ်ကြီးဝယ် အဦးကျရာဌာန = အကွက်ကောင်း နေရာကောင်း၌ ကျောင်းဝိုင်း ပရိဝုဏ်တို့ကို ဆောက်လုပ်ပြီးလျှင် သရက်ပင် ပိန္နဲပင် အုန်းပင်- စသည်တို့ကို စိုက်ပျိုးကြ၍ ပန်းမာလ် သစ်သီးဝလံတို့ဖြင့် အမျိုးဒါယကာတို့ကို ချီးမြှောက် ဆွဲဆောင်ကြကုန်လျက် အမျိုးကောင်းသား သူငယ်တို့ကို ရှင်ရဟန်းပြုပေးကြကာ ပရိသတ်တိုးပွါးအောင် အားထုတ်ကြကုန်လော့” ဟု စီမံစကား ပြောကြားကြကုန်၏။

ထိုရဟန်းခေါင်းဆောင် ၆-ဦးတို့သည် စီမံတိုင်ပင် ပြောဆိုကြသည့်အတိုင်းပင် ရွက်ဆောင်ကြကုန်၏။ ထိုရဟန်း ၃-စုတို့အနက် တစု တစု တပက္ခ တပက္ခလျှင် ပရိသတ်အခြံအရံ ရဟန်းတို့ ငါးရာစီ ငါးရာစီ ရှိကြကုန်၏။ ဤသို့လျှင် ခေါင်းဆောင်ရဟန်း ၆-ဦးတို့နှင့်တကွ ဆဗ္ဗဂ္ဂီဂိုဏ်းဝင် ရဟန်းတို့သည် (၁၅ဝဝ) တထောင့်ငါးရာကျော် ရှိကြလေသည်။ (ခေါင်းဆောင်ရဟန်း ၆-ဦးကို အစွဲပြု၍ ထိုရဟန်း အပင်းအသင်းကို ဆဗ္ဗဂ္ဂီ = ၆-ဦးအစုရှိသော ရဟန်းဟူ၍ ခေါ်ဆိုအပ်လေသည်)။

ထိုဆဗ္ဗဂ္ဂီရဟန်းတို့အနက် ပဏ္ဍုကရဟန်းနှင့် လောဟိတကရဟန်းတို့သည် ပရိသတ် ရဟန်းငါးရာတို့နှင့်တကွ သီလရှိကြသည့် သီလဝန္တပုဂ္ဂိုလ်တို့သာ ဖြစ်ကုန်၏၊ မြတ်စွာဘုရားနှင့် အတူတကွ ဒေသစာရီ

၅၇၄

လှည့်လည်ရာသို့လည်း လိုက်ပါကြကုန်၏၊ ထိုရဟန်းတို့သည် ရှေးကပြုအပ်ဘူးသည့် လွန်ကျူးမှုဝတ္ထုကို ပြုကြကုန်သော်လည်း ပညတ်အပ်ပြီးသော သိက္ခာပုဒ်ကိုကား မကျူးလွန်ကြကုန်။ ကျန်သည့် နှစ်ပက္ခဝင်ရဟန်းတို့ကား အားလုံးပင် အလဇ္ဇီရဟန်းတို့ချည်း ဖြစ်ကုန်၏၊ ရှေးက မပြုအပ်ဘူးသည့် လွန်ကျူးမှုဝတ္ထု ကိုလည်း ပြုကြကုန်၏၊ ပညတ်အပ်ပြီးသော သိက္ခာပုဒ်ကိုလည်း လွန်ကျူးကြကုန်၏။ ဤကား ဆဗ္ဗဂ္ဂီရဟန်းတို့၏ အကြောင်းအရာ အကျဉ်းတည်း။ ဝိ ဋ္ဌ ၂၊ စာမျက်နှာ ၁၉၉-မှ)။

     ဆဗ္ဗဂ္ဂီရဟန်းတို့ တိုက်တွန်းပြောဆိုချက်အရ ရိုးသားရှာကြသော ကောသမ္ဗီပြည်သား ဥပါသကာများသည် အိမ်တိုင်း အိမ်တိုင်း၌ ကာပေါတိကမည်သော ကြည်လင်သော သေအရက်ကို စီမံကြပြီးလျှင် ဆွမ်းခံဝင်လာသော အရှင်သာဂတကို မြင်ကြ၍ “အရှင်ဘုရား.. အရှင်သာဂတသည် ကာပေါတိကမည်သော ကြည်လင်သော သေအရက်ကို သောက်သုံးတော်မူပါလော့၊ အရှင်ဘုရား.. အရှင်သာဂတသည် ကာပေါတိကမည်သော ကြည်လင်သော သေအရက်ကို သောက်သုံးတော်မူပါလော့”ဟု အရှင်သာဂတကို လျှောက်ထားကြလေကုန်၏။ ထိုအခါ အရှင်သာဂတသည် (သိက္ခာပုဒ် မပညတ်အပ်သေးမီဖြစ်၍ အပြစ်ရှိ၏ဟု မယူဆမိပဲ ဒါယကာတို့ တောင်းပန်အပ်သောကြောင့် အိမ်တိုင်း အိမ်တိုင်း အနည်းငယ် အနည်းငယ်သော ကာပေါတိကမည်သော ကြည်လင်သော သေအရက်ကို သောက်၍ မြို့မှ ထွက်လာသည်ရှိသော် မြို့တံခါးဝ၌ လဲကျလေတော့၏။

     ထိုအခါ မြတ်စွာဘုရားသည် ရဟန်းများစွာတို့နှင့် အတူတကွ မြို့မှ ထွက်ကြွလာသည်ရှိသော် မြို့တံခါးဝ၌ လဲကျနေသော အရှင်သာဂတကို မြင်တော်မူ၍ ရဟန်းတို့ကို “ရဟန်းတို့.. သာဂတကို ယူဆောင်ခဲ့ကုန်လော့”ဟု မိန့်တော်မူ၏။ ရဟန်းတို့သည် “ကောင်းပြီ မြတ်စွာဘုရား..”ဟု မြတ်စွာဘုရား၏ စကားတော်ကို ဝန်ခံကြ၍ အရှင်သာဂတကို ကျောင်းတိုက်အရာမ်သို့ ဆောင်ယူခဲ့ကြပြီးလျှင် မြတ်စွာဘုရားရှင် ရှိတော်မူရာဖက်သို့ ဦးခေါင်းပြုလျက် အိပ်စေကုန် (=သိပ်ကြကုန်)၏။ ထိုအခါ အရှင်သာဂတသည် အမူးလွန်ကာ သတိလုံးဝမရပဲ ပြန်လှည့်၍



၅၇၅

မြတ်စွာဘုရားရှင် ရှိတော်မူရာဖက်သို့ ခြေပြုလျက် အိပ်လေ၏။ ထိုအခါ မြတ်စွာဘုရားရှင်နှင့် ရဟန်းတို့ အပြန်အလှန် မေး, ဖြေကြသည်မှာ-

(ဘုရား)

ရဟန်းတို့.. ရှေးအခါက သာဂတသည် ငါဘုရား၌ ရိုသေခြင်း, တုပ်ဝပ်ခြင်း ရှိသည်မဟုတ်လော။

(ရဟန်းများ)

ရှိပါသည် မြတ်စွာဘုရား..။

(ဘုရား)

ရဟန်းတို့.. သာဂတသည် ယခုအခါ ငါဘုရား၌ ရိုသေခြင်း, တုပ်ဝပ်ခြင်း ရှိသေး၏လော။

(ရဟန်းများ)

မရှိတော့ပါ မြတ်စွာဘုရား..။

(ဘုရား)

ရဟန်းတို့.. သာဂတသည် သရက်ပင်ဆိပ်၌နေသော နဂါးနှင့်အတူ အနိုင် စစ်ထိုးခဲ့သည်မဟုတ်လော။

(ရဟန်းများ)

အနိုင် စစ်ထိုးခဲ့ပါသည် မြတ်စွာဘုရား..။

(ဘုရား)

ရဟန်းတို့.. ယခုအခါ သာဂတသည် နဂါးနှင့်အတူ အနိုင် စစ်ထိုးခြင်းငှါ စွမ်းနိုင်ပါဦးမည်လော။

(ရဟန်းများ)

မစွမ်းနိုင်တော့ပါ မြတ်စွာဘုရား..။

(ဘုရား)

ရဟန်းတို့.. အကြင် သေအရက်ကို သောက်သည်ရှိသော် မူးယစ်သောကြောင့် အမှတ်သညာ ကင်းရာ၏ = မိန်းမောတွေဝေရာ၏၊ ထိုသေအရက်ကို သောက်သုံးသင့်ပါ၏လော။

(ရဟန်းများ)

မသောက်သုံးသင့်ပါ မြတ်စွာဘုရား..။

     မြတ်စွာဘုရားသည် ဆက်လက်၍ “ရဟန်းတို့.. အဘိညာဏ်၅-ပါး ရရှိပါလျက် သာဂတရဟန်း၏ ယခုကဲ့သို့ သေအရက်ကို သောက်သုံးခြင်းသည် မလျောက်ပတ်, မလျော်ကန်, မသင့်တင့်, ရဟန်းတို့၏ အပြုအမူမဟုတ်, မအပ်စပ်, မပြုသင့်၊ ရဟန်းတို့.. အဘယ့်ကြောင့်လျှင် သာဂတသည် သေအရက်ကို သောက်ဘိသနည်း၊ ရဟန်းတို့.. သာဂတပြုသော ဤအမှုသည် မကြည်ညိုသေးသော သူတို့၏ ကြည်ညိုခြင်းငှါလည်း မဖြစ်” ဤသို့ စသည်ဖြင့်



၅၇၆

ကဲ့ရဲ့ရှုတ်ချတော်မူပြီးလျှင် ရဟန်းတို့အား “သုရာမေရယပါနေ ပါစိတ္တိယံ = သေအရက်ကို သောက်ခြင်းကြောင့် ပါစိတ်အာပတ် သင့်၏”ဟူသော ဤသိက္ခာပုဒ်ကို ပညတ်တော်မူလေ၏။ (ဝိနည်း ပါစိတ်ပါဠိတော် သုရာပါနသိက္ခာပုဒ်မှ ထုတ်နုတ် ဖော်ပြသည်)။

အရှင်သာဂတ ရဟန္တာဖြစ်ခြင်း

     အရှင်သာဂတသည် နောက်တနေ့၌ အမူးပြေကာ သတိရ၍ မိမိပြုမှားမိသော အကြောင်းကို ကြားသိရလေလျှင် အလွန်ပင် အကုသိုလ်တရားမှ ရှက်ကြောက်လျက် မိမိအပြစ်ကို ဝန်ခံလျှောက်ကြား မြတ်စွာဘုရားရှင်ကို ကန်တော့ပြီးနောက် ထိတ်လန့်သံဝေဂ ကြီးစွာရလျက် ဝိပဿနာတရား ပွါးများ အားထုတ်လေသော် မကြာမီပင် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်လေ၏။

(ဂ) တဒဂ်ဘွဲ့ထူး ရတော်မူခြင်း

     နောက်တချိန်၌ မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတိုက်တော်ဝယ် နေတော်မူ၍ အစဉ်အတိုင်း မထေရ်မြတ်တို့ကို ဆိုင်ရာ ဆိုင်ရာ ဧတဒဂ်ရာထူး ဌာနန္တရ၌ ထားတော်မူသည်ရှိသော် အရှင်သာဂတမထေရ်ကို-

“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ တေဇောဓာတုကုသလာနံ ယဒိဒံ သာဂတော = ရဟန်းတို့.. တေဇောကသိဏဈာန်ကို ဝင်စားရာ၌ ကျွမ်းကျင်လိမ္မာကြသော ငါဘုရား၏ တပည့်သာဝက ရဟန်းတို့တွင် သာဂတရဟန်းသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏”-

ဟု ချီးကျူးမိန့်မြွက်တော်မူကာ “တေဇောဓာတုကုသလ = တေဇောကသိဏဈာန်ကို ၀င်စားမှု၌ ကျွမ်းကျင်လိမ္မာသော အရာ”ဝယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူလေ၏။

ဤကား အရှင်သာဂတမထေရ် အကြောင်းတည်း။



၅၇၇