အရှင်မဟာကဿပမထေရ် အကြောင်း

From Wikisource
Jump to navigation Jump to search
မဟာဗုဒ္ဓဝင် by မင်းကွန်းဆရာတော်
(၄) အရှင်မဟာကဿပမထေရ် အကြောင်း

(၄) အရှင်မဟာကဿပမထေရ်အကြောင်း

(က) မထေရ်မြတ်၏ ရှေးဆုတောင်း

     လွန်ခဲ့သော ကမ္ဘာတသိန်းထက်က ပဒုမုတ္တရမြတ်စွာဘုရား ပွင့်ထွန်းတော်မူ၍ ဟံသာဝတီ မင်းနေပြည်ကို အမှီဂေါစရဂါမ် ပြုတော်မူကာ ခေမ-မည်သော မိဂဒါဝုန်တော၌ သီတင်းသုံး နေတော်မူလေလျှင် ဝေဒေဟ-မည်သော ကုဋေရှစ်ဆယ်ကြွယ်ဝသူ သူဌေးတဦး (အရှင်မဟာကဿပ မထေရ်အလောင်း)သည် စောစောပင် မွန်မြတ်သော ဘောဇဉ်ကို စားသုံးပြီးလျှင်



၁၀၁

ဥပုသ်ဆောက်တည်၍ နံ့သာပန်း-စသည်ကို လက်စွဲလျက် ကျောင်းတိုက်သို့ သွားရောက် မြတ်စွာဘုရားကို ပူဇော်ရှိခိုးပြီးလျှင် အပြစ်လွတ်ရာအရပ်၌ ထိုင်နေလေ၏။

     ထိုအခါ ပဒုမုတ္တရ မြတ်စွာဘုရားသည် တတိယသာဝကဖြစ်သည့် မဟာနိသဘ အမည်တော်ရှိသော မထေရ်မြတ်ကို “ရဟန်းတို့.. ကိုယ်တိုင်ကလည်း ဓုတင်အကျင့်မြတ်ကို ကျင့်သုံး၍ သီတင်းသုံးဖော် သံဃာတော်တို့အားလည်း ဓုတင်အကျင့်မြတ်ကို ကျင့်သုံးကြရန် ဟောကြားပြသ ဆိုဆုံးမကြသည့် ငါဘုရား၏ တပည့်သာဝက ရဟန်းတို့အနက် နိသဘမထေရ်သည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေသည်”ဟု ဧတဒဂ်ရာထူး၌ ထားတော်မူလေ၏။

     ဝေဒေဟ ဥပါသကာသည် ထိုစကားကို ကြားရ၍ သဒ္ဓါရွှန်းစို ကြည်ညိုလျက် တရားစကား ဟောကြားအပြီးတွင် လူများအပေါင်း ထသွားလတ်သော် မြတ်စွာဘုရားကို ရိုသေစွာရှိခိုး၍ “မြတ်စွာဘုရား.. နက်ဖြန်ခါ တပည့်တော်၏ဆွမ်းကို လက်ခံ သာယာတော်မူပါဘုရား”ဟု လျှောက်ထားလေ၏။ ပဒုမုတ္တရ မြတ်စွာဘုရားရှင်က “ဒါယကာ.. ရဟန်းသံဃာကား များလှဘိ၏”ဟု မိန့်တော်မူလျှင် “မြတ်စွာဘုရား.. ရဟန်းသံဃာသည် အဘယ်မျှအတိုင်းအရှည် ရှိပါသနည်းဘုရား”ဟု လျှောက်ထား မေးမြန်းလေ၏။ ပဒုမုတ္တရ မြတ်စွာဘုရားက “ဒါယကာ.. ခြောက်သန်းရှစ်သိန်း အရေအတွက်ရှိ၏”ဟု မိန့်တော်မူလေလျှင် ဝေဒေဟဥပါသကာသည် “မြတ်စွာဘုရား.. သာမဏေတပါးကိုမျှလည်း ကျောင်းတိုက်တော်၌ ချန်မထားပဲ ရဟန်းအားလုံးနှင့်တကွ တပည့်တော်၏ဆွမ်းကို လက်ခံ သာယာတော်မူပါဘုရား”ဟု ရဲရဲတောက် လျှောက်ထားလေ၏။ ပဒုမုတ္တရ မြတ်စွာဘုရားသည် ဆိတ်ဆိတ်နေသဖြင့် ဝေဒေဟဥပါသကာ ပင့်လျှောက်ချက်ကို လက်ခံတော်မူလေ၏။

     ဝေဒေဟဥပါသကာသည် မြတ်စွာဘုရား လက်ခံတော်မူကြောင်း ကောင်းစွာသိပြီးလျှင် အိမ်သို့ပြန်သွား၍ ကြီးစွာသော



၁၀၂

အလှူဒါနကို စီမံပြီးသော် နောက်တနေ့နံနက်၌ မြတ်စွာဘုရားအား ဆွမ်းဘုဉ်းပေးကြွရန် အခါကို လျှောက်ကြားစေလေ၏။ မြတ်စွာဘုရားသည် သပိတ်သင်္ကန်းကို ယူဆောင်တော်မူကာ ရဟန်းအပေါင်း ခြံရံအပ်လျက် ဝေဒေဟဥပါသကာ၏အိမ်သို့ ကြွသွားတော်မူ၍ ခင်းအပ်သောနေရာ၌ ထိုင်နေတော်မူလျက် ရေစက်ချ အလှူပြီးဆုံးသောအခါ ယာဂုစသည်တို့ကို ခံတော်မူလျက် ဆွမ်းပို့မှု, ဆွမ်းဘုဉ်းပေးမှုကို ပြုတော်မူလေ၏။ ဝေဒေဟ ဥပါသကာသည်လည်း မြတ်စွာဘုရား၏ အနီး၌ ထိုင်နေလျက် သဒ္ဓါကြည်ညိုတရား ပွါးများဖြစ်ရှိ၍ နေလေ၏။

     ထိုအချိန်အတွင်းမှာပင် မဟာနိသဘ မထေရ်သည် ဆွမ်းခံ လှည့်လည်တော်မူလတ်သော် ထိုလမ်းခရီးသို့ ကြွချီဆိုက်ရောက်တော်မူလာလေ၏။ ဝေဒေဟ ဥပါသကာသည် မထေရ်ကို မြင်လတ်၍ နေရာမှ ထသွားပြီးသော် မထေရ်ကို ရှိခိုးလျက် “အရှင်ဘုရား.. သပိတ်ကို ပေးစွန့်တော်မူကြပါဘုရား”ဟု လျှောက်ထား တောင်းခံလေ၏။ မထေရ်မြတ်သည် သပိတ်ကို ဥပါသကာလက်သို့ အပ်လိုက်လေ၏။ ဥပါသကာက “အရှင်ဘုရား.. အိမ်တွင်းသို့ ကြွဝင်တော်မူပါကုန်၊ မြတ်စွာဘုရားသည်လည်း အိမ်တွင်းမှာ ထိုင်နေတော်မူဆဲ ရှိပါသည်ဘုရား”ဟု လျှောက်ထားလေလျှင် မထေရ်မြတ်သည် “ဒါယကာ.. အိမ်တွင်းသို့ဝင်၍ နေထိုင်ရန် အပ်စပ်လိမ့်မည်မဟုတ်”ဟု မိန့်တော်မူလေ၏။ ဝေဒေဟ ဥပါသကာသည် မထေရ်မြတ်၏ သပိတ်အပြည့် ဆွမ်းထည့်ပြီးလျှင် မထေရ်မြတ်အား ဆက်ကပ်လှူဒါန်းလေသည်။

     ထို့နောက် မထေရ်မြတ်ကို လိုက်ပို့ပြီး ပြန်လာသောအခါ မြတ်စွာဘုရား၏ အနီး၌ ထိုင်နေ၍ “မြတ်စွာဘုရား.. မဟာနိသဘမထေရ်သည် ‘မြတ်စွာဘုရား အိမ်တွင်းမှာ ထိုင်နေတော်မူလျက် ရှိပါသည်ဘုရား’ဟု လျှောက်ထားအပ်ပါသော်လည်း အိမ်တွင်းသို့ မဝင်လိုပါ၊ ထိုမထေရ်မြတ်မှာ အရှင်ဘုရားတို့၏ ဂုဏ်ကျေးဇူးထက် သာလွန်သော ဂုဏ်ကျေးဇူးများ ရှိပါသလော”ဟု မေးမြန်းလျှောက်ထားလေ၏။



၁၀၃

     ဘုရားရှင်တို့၏ သန္တာန်တော်မှာ ဂုဏ်ကျေးဇူးကို ဝန်တိုမှု = ဝဏ္ဏမစ္ဆရိယတရားဟူ၍ လုံးဝမရှိချေ။ သို့ရကား မြတ်စွာဘုရားသည် ဝေဒေဟဥပါသကာ မေးလျှောက်ပြီးသည်၏ အခြားမဲ့မှာပင်-

“ဒါယကာ.. ငါတို့သည် ဆွမ်းကိုငံ့၍ အိမ်၌ ထိုင်နေကြကုန်၏။ နိသဘမထေရ်ကား ဤသို့ ထိုင်၍ ဆွမ်းကို ငံ့မြှော်မှု အလျှင်းပင်မပြုချေ။ ငါတို့သည် ရွာနီးကျောင်း၌ နေထိုင်ကြကုန်၏။ နိသဘမထေရ်ကား တောကျောင်း၌သာ နေလေ့ရှိ၏။ ငါတို့သည် အမိုးရှိသောကျောင်း၌ နေထိုင်ကြကုန်၏၊ နိသဘမထေရ်ကား ဟင်းလင်းအပြင် လွင်တီးခေါင်၌သာလျှင် နေလေ့ရှိ၏။ ဤသို့လျှင် ဤသည် ဤသည်ကား နိသဘမထေရ်၏ ဂုဏ်ကျေးဇူးအထူးများ ဖြစ်လေသည်”-

ဟု မဟာသမုဒြာကို ထပ်၍ ရေဖြည့်သကဲ့သို့ မထေရ်၏ ဂုဏ်ကျေးဇူးများကို အကျယ်အားဖြင့် ဟောကြားတော်မူလေ၏။ ဝေဒေဟဥပါသကာသည် ပင်ကိုယ်ပကတိအားဖြင့်လည်း ဆီမီးတောက်နေသည်ကို ဆီထပ်၍ လောင်းလိုက်သည့်အလား အတိုင်းထက်အလွန် သဒ္ဓါကြည်ညိုဖြစ်ရှိကာ ငါ့အဖို့ရာ အခြားသော လူနတ်စည်းစိမ် စသည်ဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ အနာဂတ နောက်ကာလဝယ် တဆူဆူသော ဘုရားရှင်၏ အထံတော်၌ ကိုယ်တိုင်ကလည်း ဓုတင်အကျင့်မြတ်ကို ကျင့်သုံး၍ သီတင်းသုံးဖော် သံဃာတော် တို့အားလည်း ဓုတင်အကျင့်မြတ်ကို ကျင့်သုံးကြရန် ဟောကြားပြသ ဆိုဆုံးမကြသော = ဓုတဝါဒ ရဟန်းတို့အနက် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရပုဂ္ဂိုလ် ဖြစ်ဖို့ရန် ဆုပန်မှုကို ငါပြုပေအံ့”ဟု ကြံစည်ဆုံးဖြတ်ချက် ချမှတ်လေတော့၏။

     ဝေဒေဟ ဥပါသကာသည် တဖန်လည်း နောက်တနေ့အတွက် မြတ်စွာဘုရား အမှူးရှိသော ရဟန်းသံဃာကို ပင့်ဖိတ်ကာ ဆွမ်းဆက်ကပ် လှူဒါန်းလေသည်။ ဤနည်းဖြင့် ခုနစ်ရက်ကြာ



၁၀၄

မဟာဒါနကြီးကို ပေးလှူ၍ ခုနစ်ရက်မြောက် ရောက်သောနေ့၌ ဘုရားအမှူးရှိသော များစွာသော ရဟန်းအပေါင်းအား တိစီဝရိက် (သင်္ကန်းသုံးထည်စီ)တို့ကို ဆက်ကပ်လှူဒါန်းပြီးလျှင် မြတ်စွာဘုရား၏ ခြေတော်ရင်း၌ ဝပ်စင်း၍-

“မြတ်စွာဘုရား.. တပည့်တော်၏ ခုနစ်ရက်ကြာ မေတ္တာကာယကံ, မေတ္တာဝစီကံ, မေတ္တာမနောကံများကို ဖြစ်ပွါးစေလျက် မဟာဒါန လှူဒါန်းရသော အကြင်ကောင်းမှု ကုသိုလ်အစုသည် ရှိပါ၏၊ ထိုကောင်းမှု ကုသိုလ်အစုကြောင့် တပည့်တော်သည် အခြားတပါးသော နတ်စည်းစိမ်, သိကြားမင်းစည်းစိမ်, မာရ်မင်းစည်းစိမ်, ဗြဟ္မာမင်းစည်းစိမ် တခုခုကိုမျှ မတောင့်တပါ၊ စင်စစ်သော်ကား တပည့်တော်၏ ဤကောင်းမှု ကုသိုလ်ကံသည် အနာဂတ နောက်ကာလဝယ် တဆူဆူသော မြတ်စွာဘုရား၏ အထံတော်၌ မဟာနိသဘမထေရ်သူမြတ် ရောက်အပ်သော ရာထူးဌာနန္တရသို့ ရောက်ရန် = ဓုတင် တဆယ့်သုံးပါးကို ကျင့်ဆောင်ကြသော ပုဂ္ဂိုလ်တို့အနက် အသာဆုံး အမြတ်ဆုံးဖြစ်ရန် ဧကန်ရွက်ဆောင် ပြီးစေနိုင်သော ကောင်းမှုကုသိုလ် ဖြစ်ပါစေသတည်း”-

ဟု လျှောက်ဆို ဆုပန်လေ၏။ ပဒုမုတ္တရ မြတ်စွာဘုရားသည် “ဤဝေဒေဟ ဥပါသကာကား ကြီးစွာသောအရာကို ပတ္ထနာဆုသန်မှု ပြုအပ်လေပြီ၊ ပြည့်စုံလိမ့်မည်လော, မပြည့်စုံလိမ့်မည်လော”ဟု အနာဂတံသ ရွှေဉာဏ်တော်ဖြင့် ရှုမြော်တော်မူလေသော် ဧကန်မချွတ် ပြည့်စုံလိမ့်မည်ကို မြင်တော်မူ၍-

“ဒါယကာ.. သင်သည် နှစ်သက်ဖွယ်သော ရာထူးကို ပတ္ထနာဆုသန်အပ်ပြီ၊ နောက်အခါဝယ် ကမ္ဘာတသိန်း အဆုံး၌ ဂေါတမ အမည်တော်ရှိသော မြတ်စွာဘုရား ပွင့်ထွန်းတော်မူလိမ့်မည်။ သင်သည် ထိုဂေါတမ



၁၀၅

မြတ်စွာဘုရား၏ တတိယသာဝက မဟာကဿပမထေရ် အမည်ရှိသူ ဖြစ်လိမ့်မည်”-

ဟု ဗျာဒိတ်စကား မိန့်ကြားတော်မူလေ၏။

     ထိုဗျာဒိတ်စကားကို ကြားရ၍ ဝေဒေဟဥပါသကာသည် “ဘုရားရှင်တို့၏ အဖို့ရာ နှစ်မြွှာစကားမည်သည် မရှိ”ဟု သိရှိကာ ထိုတတိယသာဝက ရာထူးစည်းစိမ်ကို နောက်တနေ့ ရောက်ရမည့် စည်းစိမ်ကဲ့သို့ အောက်မေ့မှတ်ထင် ဝမ်းမြောက်လေ၏။ ဝေဒေဟဥပါသကာသည် အသက်ရှည်သမျှ ကာလပတ်လုံး အထူးထူးသော အလှူဒါနကို ပေးလှူ၍ သီလကို စောင့်သုံးလျက် အခြား ကောင်းမှုကုသိုလ်များကိုလည်း ပြုလုပ်ကာ ထိုဘဝမှ စုတေလတ်သော် နတ်ပြည်၌ ဖြစ်လေ၏။

မဟာဧကသာဋကပုဏ္ဏားဘ၀

     ထိုအခါမှစ၍ နတ်ပြည်, လူ့ပြည်တို့၌ စည်းစိမ်ကို ခံစံလျက် ဤကမ္ဘာမှ လွန်ခဲ့သော (၉၁)ကိုးဆယ့်တကမ္ဘာထက်ဝယ် ဝိပဿီမြတ်စွာဘုရားရှင် ပွင့်ထွန်းတော်မူ၍ ဗန္ဓုမတီ မင်းနေပြည်ကို အမှီဂေါစရဂါမ်ပြုတော်မူကာ ခေမ-မည်သော မိဂဒါဝုန်တော၌ သီတင်းသုံး နေထိုင်တော်မူသည်ရှိသော် ဤအရှင်မဟာကဿပအလောင်း သူတော်ကောင်းသည် နတ်ပြည်မှ စုတေ၍ မထင်မရှား ပစ္စည်းနွမ်းပါးသော ပုဏ္ဏား မျိုး၌ ဖြစ်လာလေ၏။

     အထူးအားဖြင့် ထိုအခါ၌ ဝိပဿီမြတ်စွာဘုရားသည် ခုနစ်နှစ်တကြိမ် ခုနစ်နှစ်တကြိမ် အထူးတရားပွဲသဘင် ဆင်ယင်ကျင်းပ၍ တရားဟောတော်မူလေသည်။ ထိုသို့ တရားပွဲသဘင် ဆင်ယင်ကျင်းပ တရားဟောတော်မူသော အခါမှာလည်း သတ္တဝါတိုင်း တရားနာယူနိုင်ရန် အချိန်ကို သတ်မှတ်၍ နေ့အဖို့ရာ ညနေချမ်း၌ ဟောတော်မူလေသည်။ ညဉ့်အဖို့ရာ တညဉ့်ပတ်လုံး ဟောတော်မူလေသည်။ တရားပွဲသဘင် နီးကပ်လာသောအခါ ကြီးစွာသော အုတ်အုတ်ကျက်ကျက် ဖြစ်ရှိလျက် နတ်များကလည်း



၁၀၆

“မြတ်စွာဘုရား တရားဟောတော်မူလိမ့်မည်”ဟု ဇမ္ဗူဒိပ်ကျွန်းလုံး၌ လှည့်လည်ကြွေးကြော် ပြောကြားကြလေ၏။

     အရှင်မဟာကဿပအလောင်း ပုဏ္ဏားသည် ထိုသတင်းစကားကို ကြားသိလေ၏။ အထူးအားဖြင့် ထိုပုဏ္ဏားမှာ ခါးဝတ်တထည်သာလျှင် ရှိ၏၊ အိမ့်ရှင် ပုဏ္ဏေးမမှာလည်း ထို့အတူပင် ခါးဝတ်တထည်သာလျှင် ရှိ၏၊ အပေါ်ရုံအဝတ်ကား နှစ်ဦးလုံးအတွက်မှ တထည်သာလျှင် ရှိချေ၏။ ထို့ကြောင့်ပင် ထိုပုဏ္ဏားသည် “ဧကသာဋကပုဏ္ဏား = အဝတ်တထည်သာရှိသော ပုဏ္ဏား”ဟူ၍ တမြို့လုံး၌ ထင်ရှားလေသည်။ ကိစ္စတခုခုဖြင့် ပုဏ္ဏားများ၏ အစည်းအဝေး ဖြစ်ခဲ့လျှင် အိမ့်ရှင် ပုဏ္ဏေးမကို အိမ်၌ထားခဲ့၍ ပုဏ္ဏားကြီးကိုယ်တိုင် အစည်းအဝေးသို့ သွားရောက်၏။ ပုဏ္ဏေးမများ၏ အစည်းအဝေး ဖြစ်ရှိခဲ့လျှင် ပုဏ္ဏားကြီးကိုယ်တိုင်က အိမ်၌ နေရစ်ခဲ့ရ၏။ ပုဏ္ဏေးမကြီးသည် ထိုအပေါ်ရုံအဝတ်ကို ရုံ၍ သွားရောက်၏။

     ဝိပဿီမြတ်စွာဘုရား တရားဟောမည့် ထိုနေ့၌ကား ဧကသာဋကပုဏ္ဏားကြီးသည် အိမ့်ရှင် ပုဏ္ဏေးမကြီးကို “အို ရှင်မ.. အသို့နည်း (ဘယ့်နှယ်လဲ) ရှင်မသည် ညဉ့်အခါ၌ တရားနာ သွားမည်လော၊ သို့မဟုတ် နေ့အခါ၌ တရားနာ သွားမည်လော”ဟု မေးလေ၏။ ပုဏ္ဏေးမကြီးသည် “ကျွန်တော်မတို့ မာတုဂါမများမည်သည် ညဉ့်အခါ၌ တရားနာယူခြင်းငှါ မစွမ်းနိုင်ကြပါ။ နေ့အခါ၌ တရားနာပါမည်”ဟု ပြော၍ ပုဏ္ဏားကြီးကို အိမ်၌ ထားခဲ့ပြီးလျှင် ထိုအပေါ်ရုံကို ခြံရုံလျက် အခြား ဥပါသိကာ ဒါယိကာမများနှင့် အတူတကွ နေ့အခါသွား၍ မြတ်စွာဘုရားကို ရှိခိုးကာ အပြစ်လွတ်ရာအရပ်၌ ထိုင်နေ၍ တရားနာပြီးသော် အဖော် ဥပါသိကာ ဒါယိကာမတို့နှင့် အတူတကွပင်လျှင် အိမ်သို့ ပြန်လာ၏။ ထိုအခါ ပုဏ္ဏားကြီးသည် မိမိအလှည့်ရ၍ ပုဏ္ဏေးမကြီးကို အိမ်၌ထားခဲ့ပြီးလျှင် ထိုအဝတ်ကို ခြုံရုံလျက် ညဉ့်အခါ တရားနာရန် ကျောင်းတိုက်သို့ သွားရောက်လေ၏။



၁၀၇

     ထိုအချိန်၌ ဝိပဿီ မြတ်စွာဘုရားသည် ပရိသတ်အလယ် တင့်တယ်စွာသော ဓမ္မာသနပလ္လင်၌ ထိုင်နေတော်မူလျက် ဆန်းကြယ်သောယပ်ဝန်းကို ကိုင်တော်မူကာ ကောင်းကင်မြစ်အတွင်း သက်ဆင်းကူးခပ်သူကဲ့သို့၎င်း, မြင်းမိုရ်တောင်ကို မွှေတံပြုကာ မဟာသမုဒြာကို တအားမွှေသော ယောက်ျားကဲ့သို့၎င်း တရား စကား ဟောကြားတော်မူလေ၏။ ပရိသတ်အစွန်အဖျား၌ ထိုင်နေလျက် တရားနာနေသော ဧကသာဋက ပုဏ္ဏားကြီး၏ သန္တာန်မှာ ညဉ့်ဦးယံ၌ပင်လျှင် တကိုယ်လုံး ပြည့်စေလျက် နှစ်သက်ခြင်း = ပီတိတရား ငါးမျိုးတို့ တဖြိုးဖြိုး ဖြစ်ရှိလေ၏။ ပုဏ္ဏားကြီးသည် ပါလာသော အပေါ်ရုံအဝတ်ကို ခေါက်ပြီးလျှင် “မြတ်စွာဘုရားအား ငါလှူတော့အံ့”ဟု အကြံပြုလေ၏။ ထိုသို့ အကြံပြုပြီးသော နောက်ပိုင်းမှာ အပြစ်အထာင်ကို ဖော်ပြလျက် မပေးလိုခြင်း = ဝန်တိုခြင်း = မစ္ဆရိယတရားများ တဖွားဖွား ဖြစ်၍လာပြန်လေသည်၊ မစ္ဆရိယတရား ဖြစ်ပွါးလာသောအခါ ပုဏ္ဏားကြီးသည် “ပုဏ္ဏေးမနှင့် ငါတို့ နှစ်ဦးပေါင်းမှ အပေါ်ရုံအဝတ် တထည်သာ ရှိကြ၏။ အခြား အလဲအလှယ် အပေါ်ရုံအဝတ်ဟူ၍ တထည်မျှမရှိချေ။ မရုံပဲလည်း အိမ်ပြင်ပသို့ လှည့်လည်သွားလာခြင်းငှါ မတတ် နိုင်”- ဤသို့စသည်ဖြင့် ကြံစည်ပူပန်ကာ လုံးဝ မလှူလိုသောသူ ဖြစ်သွားပြန်လေ၏။ ထို့နောက် ညဉ့်ဦးယံ လွန်မြောက်၍ သန်းခေါင်ယံသို့ ရောက်သောအခါမှာလည်း ထို့အတူပင် ပုဏ္ဏားကြီး၏ သန္တာန်ဝယ် နှစ်သက်ခြင်း = ပီတိငါးပါး ဖြစ်ပွါး၍ လာပြန်လေ၏။ ပုဏ္ဏားကြီးသည် ရှေးနည်းအတူပင် ကြံစည်၍ ရှေးနည်းအတူပင် မလှူလိုသောသူ ဖြစ်သွားပြန်လေ၏။ ထို့နောက် သန်းခေါင်ယံ လွန်မြောက်၍ မိုးသောက်ယံသို့ ရောက်သောအခါမှာလည်း ပုဏ္ဏားကြီး၏ သန္တာန်ဝယ် ထို့အတူပင် နှစ်သက်ခြင်း = ပီတိငါးပါး ဖြစ်ပွါး၍ လာပြန်လေ၏။ ဤအကြိမ်၌ကား ပုဏ္ဏားကြီးသည် မစ္ဆရိယ အကုသိုလ်တရား ဖြစ်ပွါးခွင့် မပြုတော့ပဲ “သေခြင်းမှ လွတ်မြောက်ခြင်း ဖြစ်လိုလျှင်လည်း ဖြစ်စေတော့၊ သေခြင်းတရားသည်မူလည်း ဖြစ်လိုလျှင် ဖြစ်စေတော့၊ နောက်အခါမှ အဝတ်အရေးကို တွေးတော စဉ်းစားတော့မည်”ဟု ကြံစည်ဆုံးဖြတ်ချက် ချမှတ်ကာ



၁၀၈

ထိုအပေါ်ရုံအဝတ်ကို ခေါက်၍ မြတ်စွာဘုရားရှင် ခြေတော်ရင်း၌ ချထားကာ ရက်ရက်ရောရော လှူဒါန်းလိုက်လေ၏။ ထို့နောင်မှ လက်ဝဲလက်ကို ခွေ၍ လက်ျာလက်ဖြင့် သုံးကြိမ်တိုင်တိုင် မလန်းပေါက် (=လက်ခမောင်း) ခတ်ပြီးလျှင် “ငါအောင်ပြီ, ငါအောင်ပြီ”ဟု သုံးကြိမ်တိုင်တိုင် ရဲရဲတောက် ကြွေးကြော်လိုက်လေ၏။

     ထိုအချိန်၌ ဗန္ဓုမမင်းကြီးသည် တရားဟော ဓမ္မာသနပလ္လင်၏ နောက်မှ တင်းထိမ်ကန့်လန့်ကာအတွင်း ထိုင်နေလျက် တရားနာနေဆဲရှိ၏၊ မင်း၏အဖို့ရာ မိမိကသာ အနိုင်ယူလိုသူဖြစ်၍ “ငါအောင်ပြီ”ဟူသော အသံသည် မနှစ်သက်အပ်သော အသံသာ ဖြစ်လေ၏။ သို့ရကား မင်းကြီးသည် မင်းချင်းယောက်ျား တယောက်ကို “အချင်း.. သွားတည့်ချေ။ အဘယ်ကို ပြောသနည်းဟု ထိုသူကို မေးလော့”ဟူ၍ ပြောဆို စေလွှတ်လိုက်လေ၏။ မင်းချင်းယောက်ျားသည် ဧကသာဋကပုဏ္ဏားထံသို့ သွားရောက်၍ အကြောင်းကို မေးလေလျှင် ပုဏ္ဏားကြီးသည်-

“အမောင်ယောက်ျား.. ငါမှကြွင်းငြား အခြား မင်းစသော သူများသည် ဆင်ယာဉ် မြင်းယာဉ်-စသည်တို့ကို တက်စီးကြ၍ သန်လျက်, လွှား, ကာ-စသည်တို့ကို ကိုင်ဆောင်ကြကာ ရန်သူစစ်တပ်ကို အောင်နိုင်ကြကုန်၏၊ ထိုအောင်ခြင်းကား မအံ့ဩလောက်ပေ။ ငါတမူကား မိမိနောက်မှ ဝှေ့သတ်ရန် ခုန်ပေါက်၍ လိုက်လာသော နွားဆိုး နွားကြမ်း၏ ဦးခေါင်းကို တင်းပုတ်ဖြင့် ထုနှက်၍ ထိုနွားဆိုး နွားကြမ်းကို ပြေးစေသော ယောက်ျားကဲ့သို့ မစ္ဆရိယစိတ်ကို နှိမ်နင်းပြီးလျှင် အပေါ်ရုံအဝတ်ကို မြတ်စွာဘုရားအား အောင်မြင်စွာ လှူဒါန်းရလေပြီ၊ ငါသည် အောင်နိုင်ခဲသော ထိုမစ္ဆရိယတရားကို အောင်နိုင်အပ်လေပြီ”-

ဟု ဖြေကြားပြောဆိုလေ၏။ မင်းချင်းယောက်ျားသည် တဖန် ပြန်လာ၍ မင်းကြီးအား ထိုအကြောင်းကို လျှောက်ထား ပြောကြားလေ၏။



၁၀၉

     ဗန္ဓုမမင်းကြီးသည် “အချင်း.. ငါတို့သည် မြတ်စွာဘုရားအား လျောက်ပတ်သည်ကို မသိကြကုန်၊ ပုဏ္ဏားကြီးသည် သိပေ၏”ဟု မိန့်ဆိုကာ ပုဏ္ဏားကြီးအား ဝတ်စုံတစုံကို ပို့သပေးကမ်းစေလေ၏။ ပုဏ္ဏားကြီးသည် “ဤမင်းကြီးကား ရှေးဦးစွာ စကားမဆို ဆိတ်ဆိတ်နေသော ငါ့အား တစုံတရာ မပေးကမ်းပဲ မြတ်စွာဘုရား၏ ဂုဏ်တော်တို့ကို ပြောကြားတော့မှ ပေးကမ်းပေ၏။ မြတ်စွာဘုရား၏ ဂုဏ်တော်တို့ကို စွဲ၍ဖြစ်သော ဤဝတ်စုံဖြင့် ငါ့အား အဘယ်အလိုရှိအံ့နည်း”ဟု ပြောဆိုကာ ထိုဝတ်စုံကိုလည်း မြတ်စွာဘုရားအားပင် လှူဒါန်းပြန်လေ၏။

     မင်းကြီးသည်လည်း “ ပုဏ္ဏားကြီးသည် ငါပေးလိုက်သော ဝတ်စုံဖြင့် အဘယ်အမှုကို ပြုအပ်သနည်း”ဟု မင်းချင်းတို့ကိုမေး၍ “ပုဏ္ဏားကြီးသည် ထိုဝတ်စုံကိုလည်း မြတ်စွာဘုရားအားပင် လှူဒါန်းအပ်လေ”ဟု ကြားသိရသဖြင့် တဖန်ထပ်၍ ဝတ်စုံနှစ်စုံတို့ကိုလည်း ပုဏ္ဏားကြီးထံ ပို့စေပြန်လေ၏။ ပုဏ္ဏားကြီးသည် ထိုဝတ်စုံ နှစ်စုံတို့ကိုလည်း မြတ်စွာဘုရားအားပင် လှူဒါန်းပြန်လေ၏။ မင်းကြီးသည် တဖန်ထပ်၍ ဝတ်စုံ လေးစုံတို့ကိုလည်း ပုဏ္ဏားကြီးထံ ပို့စေပြန်လေ၏။ ပုဏ္ဏားကြီးသည်လည်း ထိုဝတ်စုံ လေးစုံတို့ကို မြတ်စွာဘုရားအားပင် လှူဒါန်းပြန်လေ၏။ ဤနည်းဖြင့် မင်းကြီးသည် တဆ,တဆတိုး၍ သုံးဆယ့်နှစ်စုံတို့တိုင်အောင် ပို့စေပြန်လေ၏။ ထိုအခါ ဧကသာဋက ပုဏ္ဏားကြီးသည် “ဤသို့ ရတိုင်းရတိုင်း မိမိဖို့ မခြွင်းမချန်ပဲ လှူဒါန်းနေခြင်းသည် တိုး၍တိုး၍ ခံယူခြင်းကဲ့သို့ ဖြစ်နေ၏”ဟု ကြံစည်ပြီးလျှင် ထိုဝတ်စုံ သုံးဆယ့်နှစ်စုံတို့အနက်မှ မိမိအတွက်တစုံ, ပုဏ္ဏေးမကြီးအတွက် တစုံအားဖြင့် = ဝတ်စုံနှစ်စုံတို့ကို နုတ်ယူပြီးလျှင် ကျန်ရှိသောဝတ်စုံ သုံးဆယ်တို့ကို မြတ်စွာဘုရားအားပင် လှူဒါန်းလေ၏။ ထိုအချိန်မှစ၍ ထိုပုဏ္ဏားကြီးမှာ မြတ်စွာဘုရားရှင်နှင့် အကျွမ်းတဝင် ချစ်ခင်ရင်းနှီးသူတယောက် ဖြစ်လေတော့၏။

     ထို့နောက် တနေ့သ၌ မင်းကြီးသည် အလွန်အေးမြသောအခါ မြတ်စွာဘုရား အထံတော်၌ ပုဏ္ဏားကြီး တရားနာနေသည်ကို



၁၁၀

မြင်ရ၍ မိမိခြုံရုံသည့် အဖိုးတသိန်းတန် ကမ္ဗလာနီကြီးကို ပုဏ္ဏားကြီးအား ပေးပြီးလျှင် “ဤအချိန်မှစ၍ ဤကမ္ဗလာကိုခြုံလျက် တရားနာလော့”ဟု မိန့်ဆိုလေ၏။ ပုဏ္ဏားကြီးသည် “ငါ့အဖို့ရာ ဤကမ္ဗလာကို ခန္ဓာကိုယ်ရုပ်၏ အကောင်ပုပ်၌ ခြုံရုံသဖြင့် အဘယ်အကျိုးရှိအံ့နည်း”ဟု စဉ်းစားဆင်ခြင် ကြံစည်၍ ဂန္ဓကုဋီတိုက်တော်အတွင်း မြတ်စွာဘုရားရှင် သီတင်းသုံး နေထိုင်တော်မူရာ ညောင်စောင်း၏ အထက်၌ ဗိတာန်မျက်နှာကြက် ဖြန့်ကြက်လှူဒါန်း၍ အိမ်သို့ ပြန်သွားလေ၏။

     တနေ့သ၌ မင်းကြီးသည် စောစောပင်လျှင် ကျောင်းတော်သို့ သွားရောက်၍ ဂန္ဓကုဋီ တိုက်တော်အတွင်း မြတ်စွာဘုရား၏အနီး၌ ထိုင်နေလေ၏။ ထိုအချိန်၌ မြတ်စွာဘုရား၏ ရောင်ခြည်တော် ခြောက်သွယ်တို့သည် ဗိတာန်မျက်နှာကြက် ကြက်၍ထားသော ကမ္ဗလာနီ၌ ထိခိုက်ကုန်ရကား ကမ္ဗလာနီသည် အလွန်လျှင် တင့်တယ်လေ၏။ မင်းကြီးသည် ထိုကမ္ဗလာကို မြင်လတ်သော် မှတ်မိ၍ “မြတ်စွာဘုရား.. ဤကမ္ဗလာသည် တပည့်တော်တို့၏ ကမ္ဗလာဖြစ်ပါသည်၊ တပည့်တော်တို့သည် ဤကမ္ဗလာကို ဧကသာဋကပုဏ္ဏားအား တရားနာသောအခါ ခြုံရုံရန် ပေးအပ်ပါပြီ”ဟု လျှောက်ထားလေ၏။ မြတ်စွာဘုရားရှင်က “မြတ်သောမင်းကြီး.. သင်မင်းကြီးတို့သည် ပုဏ္ဏားကို ပူဇော်အပ်လေပြီ။ ပုဏ္ဏားသည် ငါဘုရားတို့ကို ပူဇော်အပ်ကုန်ပြီ”ဟု မိန့်တော်မူလေလျှင် မင်းကြီးသည် “ပုဏ္ဏားသည် သင့်လျော် လျောက်ပတ်သည်ကို သိပေ၏၊ ငါတို့ကား ထိုသို့မသိကုန်”ဟု အောက်မေ့ကာ လွန်စွာ သဒ္ဓါကြည်ညိုပြီးလျှင် လူတို့၏ အသုံးအဆောင် ပစ္စည်းဝတ္ထုမှန်သမျှ အလုံးစုံကို တမျိုးတမျိုးလျှင် ခြောက်ဆယ့်လေးခု ခြောက်ဆယ့်လေးခုစီ အညီအမျှပြု၍ သဗ္ဗဋ္ဌကမည်သော အလှူဒါနကို ပေးပြီးလျှင် ထိုဧကသာဋက ပုဏ္ဏားကြီးကို ပုရောဟိတ်ရာထူး၌ ခန့်ထားတော်မူလေ၏။

     ဧကသာဋက ပုရောဟိတ် ပုဏ္ဏားကြီးသည်လည်း “အဋ္ဌဋ္ဌက = ရှစ်ခုရှစ်လီဟူသည်မှာ ခြောက်ဆယ့်လေးခုဖြစ်သည်”ဟု



၁၁၁

ဆင်ခြင်စဉ်းစား၍ နေ့စဉ်နေ့စဉ် စာရေးတံဆွမ်း ခြောက်ဆယ့်လေးအုပ်တို့ကို ဒါနဝတ် တည်ထားကာ အသက်ထက်ဆုံး အလှူပေးလျက်, သီလသီတင်း ဆောက်တည်လျက် ထိုဘဝမှ စုတေလတ်သော် နတ်ပြည်၌ တဖန် ဖြစ်ပြန်လေ၏။

သူကြွယ်ဘဝ

     တဖန် နတ်ပြည်မှ စုတေလတ်၍ ဤဘဒ္ဒကပ်ကမ္ဘာဝယ် ကောဏာဂုံမြတ်စွာဘုရား, ကဿပမြတ်စွာဘုရား = ဤဘုရားရှင် နှစ်ဆူတို့၏ အကြားကာလ ဗုဒ္ဓန္တရခေတ်အချိန်၌ ဗာရာဏသီပြည်ဝယ် သူကြွယ်အိမ်၌ ဖြစ်ပြန်လေ၏။ ထိုသူကြွယ်သည် ကြီးပြင်း၍ အိမ်ရာတည်ထောင် လူ့ဘောင်၌နေစဉ် တနေ့သ၌ တောအရပ်သို့ အညောင်းပြေ ခြေလျင်ခရီးသွားလေ၏။ ထိုအချိန်၌ ပစ္စေကဗုဒ္ဓါ အရှင်မြတ်တပါးသည် မြစ်ကမ်းအနီး၌ သင်္ကန်းချုပ်နေစဉ် အနားပတ် မလောက်ရကား ထိုချုပ်လက်စ သင်္ကန်းကို ခေါက်၍ထားရန် စီမံအားထုတ်တော်မူလေ၏။

     သူကြွယ်သည် ပစ္စေကဗုဒ္ဓါ အရှင်မြတ်ကို မြင်လတ်၍ “အရှင်ဘုရား.. အဘယ့်ကြောင့် သင်္ကန်းကို ခေါက်၍ ထားတော်မူကြပါသနည်းဘုရား”ဟု မေးမြန်းလျှောက်ထားလေ၏။ ပစ္စေကဗုဒ္ဓါ အရှင်မြတ်က “ဒါယကာ.. အနားပတ်မလောက်၍ ခေါက်ထားကြ၏”ဟု မိန့်တော်မူလေလျှင် သူကြွယ်သည် “အရှင်ဘုရား.. ဤအဝတ်ဖြင့် အနားပတ် ချုပ်လုပ်တော်မူကြပါဘုရား”ဟု လျှောက်ထား၍ မိမိ၏အဝတ်ကို ဆက်ကပ် လှူဒါန်းပြီးလျှင် “ဖြစ်လေရာရာ သံသရာဘဝ၌ ငါ့အဖို့ရာ တစုံတခုသော အသုံးအဆောင်ဖြင့်မျှ ယုတ်လျော့ခြင်းမည်သည် မဖြစ်ပါစေသား”ဟု ဆုတောင်းပတ္ထနာမှု ပြုလေ၏။

     ထို့နောက် သူကြွယ်၏အိမ်မှာလည်း သူကြွယ်၏နှမနှင့် သူကြွယ်၏ မယားတို့ အချင်းချင်း ခိုက်ရန်ငြင်းခုံမှု ပြုနေကြစဉ် ပစ္စေကဗုဒ္ဓါ အရှင်မြတ်တပါးသည် ဆွမ်းခံ ကြွဝင်တော်မူလာလေ၏။



၁၁၂

ထိုအခါ သူကြွယ်၏နှမသည် ပစ္စေကဗုဒ္ဓါအရှင်မြတ်အား ဆွမ်းလှူပြီးလျှင် သူကြွယ်၏မယားကို ရည်ညွှန်း၍ “ဤသို့သဘောရှိသော အမိုက်မကို ယူဇနာတရာကပင် ရှောင်ကြဉ်နိုင်သည့်ကိုယ် ဖြစ်ရပါလို၏”ဟု ဆုတောင်းပတ္ထနာမှု ပြုလေ၏။ သူကြွယ်၏ မယားသည် အိမ်တံခါးဝ၌ ရပ်တည်ရင်းက ထိုအသံကို ကြား ရ၍ “ဤသူမ လှူဒါန်းအပ်သော ဆွမ်းကို ဤပစ္စေကဗုဒ္ဓါ အရှင်မြတ်သည် မဘုဉ်းပေးပါစေသတည်း”ဟု ကြံစည်အောက်မေ့ကာ သပိတ်ကိုယူ၍ ဆွမ်းကို စွန့်သွန်လိုက်ပြီးလျှင် ရွှံ့ညွန်အပြည့်ထည့်၍ ပေးလိုက်လေ၏။ သူကြွယ်၏ နှမသည် ထိုအခြင်းအရာကို မြင်လတ်၍ “ဟယ်အမိုက်မ.. သင်သည် ငါ့ကို ဆဲရေးလိုမူလည်း ဆံရေးပါတော့၊ ရိုက်ပုတ်လိုမှုလည်း ရိုက်ပုတ်ပါတော့၊ နှစ်သင်္ချေကြာ ပါရမီတို့ကို ဖြည့်ဆည်းပူးတော်မူပြီးသည့် ဤသို့သော ပစ္စေကဗုဒ္ဓါအရှင်မြတ်၏ သပိတ်မှ ဆွမ်းကို စွန့်သွန်၍ ရွှံ့ညွန်အပြည့်ထည့်၍ ပေးရန်ကား မသင့်လျော်ချေ”ဟု ဆုံးမစကား ပြောကြားလေ၏။

     ထိုအခါမှာမှ သူကြွယ်၏မယားသည် ဆင်ခြင်တုံတရားကို ရရှိကာ “အရှင်ဘုရား.. ရပ်တော်မူပါဦး”ဟု လျှောက်ထား တောင်းပန်၍ ရွှံ့ညွန်ကို စွန့်သွန်ပြီးလျှင် သပိတ်ကို စင်ကြယ်အောင် ဆေးကြောပြီးနောက် နံ့သာမှုန့်ဖြင့် ပွတ်တိုက်၍ စတုမဓု အပြည့်ထည့်ပြီးလျှင် ထို၏အထက်၌ ကြာတိုက်အဆင်း ဖြုဝင်းသော ထောပတ်ကို လောင်းထည့်လျက် အရောင်တလက်လက်ထွက်အောင်ပြု၍ အရှင်ပစ္စေကဗုဒ္ဓါ၏လက်၌ သပိတ်ကို ဆက်ကပ်ပြီးလျှင် “ဤဆွမ်းသည် အရောင်တလက်လက် ထွက်သကဲ့သို့ တပည့်တော်မ၏ ကိုယ်သည်လည်း အရောင်တလက်လက်ထွက်သည် ဖြစ်ပါစေသတည်း”ဟု ဆုတောင်းပတ္ထနာမှု ပြုလေသည်။ ပစ္စေကဗုဒ္ဓါ အရှင်မြတ်သည် အနုမောဒနာမှု ပြုတော်မူ၍ ကောင်းကင်သို့ ပျံတက်တော်မူလေ၏။ ထိုဇနီးမောင်နှံတို့သည်လည်း အသက်ရှည်သမျှ ကုသိုလ်ကောင်းမှု ပြုလုပ်ကြ၍ ထိုဘဝမှ စုတေလတ်သော် နတ်ပြည်၌ ဖြစ်ကြလေကုန်၏။



၁၁၃

ဗာရာဏသီသူဌေးဘဝ

     တဖန် နတ်ပြည်မှ စုတေကြပြန်လေသော် သူကြွယ် ဥပါသကာသည် ကဿပမြတ်စွာဘုရားရှင် လက်ထက်တော်အခါ၌ ဗာရာဏသီပြည်ဝယ် ကုဋေရှစ်ဆယ် ကြွယ်ဝသော သူဌေးသား ဖြစ်လာလေ၏။ သူကြွယ်မယားသည်လည်း ထိုညအတူပင် ကုဋေရှစ်ဆယ်ကြွယ်ဝသော အခြားသူဌေးတဦး၏သမီး ဖြစ်လာလေ၏။

     ထိုသူဌေးသား အရွယ်ရောက် ကြီးပြင်းလာသောအခါ သူဌေးကတော်ပြုရန်အတွက် ထိုသူဌေးသမီးကိုပင် သူဌေးသားအိမ်သို့ ဆောင်ယူခဲ့ကြလေကုန်၏။ ထိုသူဌေးသမီး၏ ရှေးကပြုခဲ့၍ အကျိုးမပေးခဲ့ရသေးသော ထိုအကုသိုလ်ကံ၏ အာနုဘော်ကြောင့် အရှင်သခင် လင်ယောက်ျား သူဌေးအိမ်သို့ ဝင်မိလျှင်ပင် တံခါးခုံ အတွင်း၌ ရပ်မိလျှင်ရပ်မိခြင်း ထိုသူဌေးသမီး၏ တကိုယ်လုံးသည် ဝစ္စကုဋီကို ဖွင့်အပ်ဘိသကဲ့သို့ မကောင်းသော အပုပ်နံ့ တထောင်းထောင်းထ၍ လာလေ၏။ သူဌေးသားသည် “ဤအနံ့ကား အဘယ်သူ၏ အနံ့နည်း”ဟု မေး၍ “ယခုရောက်လာ သူဌေးသမီးကညာ၏ အနံ့တည်း”ဟု ကြားသိလေလျှင် “အပြင်သို့ ထုတ်ကြလော့”ဟု ပြောဆိုကာ ဆောင်ယူခဲ့ရင်း အခမ်းအနား အဆောင်အယောင်ဖြင့်ပင် ထိုသူဌေးသမီးကို မိဖအိမ်သို့ တဖန်ပြန်၍စေလေ၏။ ထိုသူဌေးသမီးသည် ဤနည်း ဖြင့်ပင် ခုနစ်ဌာနတို့၌ အိမ်တံခါးဝ တံခါးခုံအတွင်းသို့ ရောက်မှပင် မကောင်းသော အနံ့လှောင်းမှုကြောင့် မိဖအိမ်သို့တဖန် ပြန်နစ်ခဲ့ရလေသည်။ အကုသိုလ်ကံများကား ကြောက်ဖွယ်ကောင်းလှလေစွာ့။

     ထိုစဉ်အခါ ကဿပမြတ်စွာဘုရားရှင် ပရိနိဗ္ဗာန် စံလွန်တော်မူသဖြင့် ထိုဘုရားရှင်အတွက် လူအပေါင်းတို့သည် ရွှေသားစတိ သွန်းခုတ်အပ်သည့် အဖိုးတသိန်းတန် ရွှေနီဖလံအုတ်ဖြင့် တယူဇနာ အမြင့်ရှိသော ဓာတုစေတီတော်ကြီးကို စတင်တည်ထားကြလေကုန်၏။ ထိုစေတီတော်ကြီး တည်ထားနေစဉ် ထိုသူဌေးသမီးသည် “ငါကား ခုနစ်ဌာနတို့မှ ပြန်နစ်ခဲ့ရသူဖြစ်၏၊ ငါ့အဖို့ရာ အသက်ရှည်သဖြင့် အဘယ်အကျိုးရှိအံ့နည်း”ဟု ကြံစည်မိကာ



၁၁၄

မိမိ၏ ကိုယ်အဆင်တန်း ဘဏ္ဍာအားလုံးကို ထုခွဲရောင်းချ၍ ရသောငွေဖြင့် အလျားတတောင်, အနံတထွာ အထုလက်လေးသစ်ရှိသော အုတ်တချပ်ကို သွန်းလုပ်စေလေ၏။ ထို့နောင်မှ သူဌေးသမီးသည် ထိုရွှေအုတ်နှင့်တကွ ဆေးဒန်း မြင်းသီလာခဲကို၎င်း, ကြာရှစ်လက်တို့ကို၎င်း ယူဆောင်ပြီးသော် စေတီတော် တည်ရာအရပ်သို့ သွားရောက်လေ၏။

     ထိုခဏ၌ စေတီတော်ကြီးကို ရွှေအုတ်တထပ်ပတ်၍ စီခဲ့ရာ ဆက်မိဖို့ရန် ရွှေအုတ်တချပ် လိုနေ၏။ သူဌေးသမီးသည် ပန်းရန်ဆရာကြီးကို “ဆရာကြီးတို့.. အုတ်တချပ်စာလိုနေသော နေရာ၌ ကျွန်တော်မ၏ ဤရွှေအုတ်ကို တည်ထားပေးကြပါလော့”ဟု ဆိုလေ၏။ ပန်းရန်ဆရာကြီးက “အိုအမိ.. သင်သည် အချိန်ကောင်း လာရောက်ပေ၏၊ အမိကိုယ်တိုင်ပင် ထိုရွှေအုတ်ကို တည်ထားပါလော့”ဟု အနူးညွှတ် ခွင့်ပြုလေသော် သူဌေးသမီးသည် ထိုနေရာသို့ တက်ရောက်၍ ဆီနှင့် ဆေးခန်း မြင်းသီလာမှုန့်တို့ကို ရောစပ်ပြီးလျှင် ထိုအဖွဲ့အစေးဖြင့် မိမိ၏ ရွှေအုတ်ကို တည်ထားပြီးနောက် “ထိုအုတ်၏အထက်၌ ကြာလက်တို့ဖြင့် ပူဇော်တင်လှူကာ ရိုသေစွာ ရှိခိုး၍ “ဖြစ်လေရာရာ သံသရာဘဝ၌ တပည့်တော်မ၏ကိုယ်မှ စန္ဒကူးနံ့, ခံတွင်းမှ ကြာညိုနံ့ သင်းပျံ့ ကြိုင်လှိုင်ပါစေသတည်း”ဟု ဆုတောင်းပတ္ထနာမှု ပြုပြီးလျှင် စေတီတော်ကို ရှိခိုး အရိုအသေပြုကာ မိမိအိမ်သို့ ပြန်သွားလေ၏။

     ထိုခဏမှာပင် (သူဌေးသမီးကို) ရှေးဦးစွာ အပို့အသခံရသော သူဌေးသား၏ စိတ်သန္တာန်ဝယ် သူဌေးသမီးကို တအောက်မေ့မေ့ သတိရ၍လာလေ၏၊ ဗာရာဏသီ ပြည်၌လည်း ပွဲလမ်းသဘင် ဆင်ယင်ကျင်းပဆဲ ဖြစ်၏။ သူဌေးသားသည် မိမိ၏ လူများကို “ထိုစဉ်အခါ ဟိုတုန်းက ဤငါ့အိမ်သို့ ပို့သ ခေါ်ဆောင်လာသော သူဌေးသမီးကလေးတယောက် ရှိပါသည်။ ထိုသူဌေးသမီးကလေးသည် ယခုအခါ အဘယ်အိမ်၌ ရောက်၍နေသနည်း”ဟု မေးလေ၏။ သူဌေးသား၏ လူများက “အရှင်သူဌေးမင်း.. ထိုသူဌေးသမီးကလေးသည် သူ၏ မိဖအိမ်မှာပင်



၁၁၅

ရှိနေပါသည်”ဟု ပြောကြလေလျှင် သူဌေးသားသည် “အမောင်တို့.. ထိုသူဌေးသမီးကလေးကို သွားရောက် ခေါ်ဆောင်ကြပါလော့၊ ထိုသူဌေးသမီးကလေးနှင့် အတူတကွ ပွဲလမ်းသဘင် ပျော်ရွှင်ကြကုန်အံ့”ဟု ပြောဆို၍ အခေါ်လွှတ်လိုက်လေ၏။

     သူဌေးသား၏ လူများသည် သူဌေးသမီးကလေးထံသို့ သွားရောက်ကြ၍ သူဌေးသမီးကလေးကို ရှိခိုး ရပ်တည်ကြလေလျှင် သူဌေးသမီးကလေးက “အမောင်တို့.. အဘယ်အကြောင်းကြောင့် လာရောက်ကြသနည်း”ဟု မေးအပ်ကုန်ရကား ထိုအကြောင်းကို ပြန်ကြားပြောဆိုကြလေ၏။ သူဌေးသမီးကလေးက “အမောင်တို့.. ငါသည် အဆင်တန်းဆာ ဘဏ္ဍာအားလုံးဖြင့် စေတီတော်ကို ပူဇော်အပ်လေပြီ၊ ငါ့မှာ ဆင်ယင်ဖွယ်ရာ အဆင်တန်ဆာ မရှိတော့ချေ”ဟု ပြောဆိုလေလျှင် သူဌေးသား၏ လူများသည် ပြန်သွား၍ သူဌေးသားအား ထိုအကြောင်းကို ပြောဆိုကြလေကုန်၏။ သူဌေးသားက “သူဌေးသမီးကလေးကို ခေါ်သာ ခေါ်ဆောင်ခဲ့ကြပါ။ အဆင်တန်းဆာကို ရကြပါလိမ့်မည်”ဟု ဝန်ခံစကား ပြောကြားလေလျှင် ထိုလူများသည် သူဌေးသမီးကလေးကို သူဌေးသားအိမ်သို့ ခေါ်ဆောင်ခဲ့ကြလေ၏။ ထိုသူဌေးသမီးကလေး အိမ်တွင်းသို့ ဝင်လိုက်သည်နှင့် တပြိုင်နက် တအိမ်လုံးသည် စန္ဒကူးနံ့သာနံ့, ကြာညိုနံ့ သင်းပျံ့ကြိုင်လှိုင်၍ နေလေ၏။

     သူဌေးသားသည် သူဌေးသမီးကလေးကို “ပဌမအကြိမ် ဤအိမ်သို့ လာရောက်စဉ်က သင်၏ကိုယ်မှ မကောင်းသောရနံ့ လှောင်းခဲ့ပေ၏။ ယခုအခါ၌မူ သင်၏ကိုယ်မှ စန္ဒကူးနံ့သနံ့, ခံတွင်းမှ ကြာညိုနံ့ သင်းပျံ့ကြိုင်လှိုင်၏။ ဤသို့ ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်း”ဟု မေးမြန်းလေ၏။ သူဌေးသမီးကလေးသည် အစမှစ၍ မိမိပြုအပ်သော ကောင်းမှုကံအကြောင်းကို ပြန်ကြားပြောဆိုလေသော် သူဌေးသားသည် “ဩ.. ဘုရားမြတ်စွာ သာသနာကား သံသရာဝဋ် ဒုက္ခညွတ်မှ စင်စစ် ထွက်မြောက်စေတတ်ပါပေစွာ့တကား”ဟု သဒ္ဓါကြည်ညို



၁၁၆

ပိုမိုဖြစ်ရှိကာ တယူဇနာရှိသော ရွှေစေတီတော်မြတ်ကို ကမ္ဗလာသင်တိုင်း (=ကတ္တီပါ၀တ်လုံ)ဖြင့် ဝန်းဝိုင်းခြုံရုံပြီးလျှင် ထိုထိုနေရာတို့၌ ရထားလှည်းဘီး ပမာဏရှိသော ရွှေပဒုမာကြာပန်းတို့ဖြင့် အဆန်းတကြယ် ကြည်ညိုဖွယ်ဖြစ်အောင် တန်းဆာဆင်လေ၏။ ထိုရွှေပဒုမာ ကြာပန်းတို့၏ တွဲလျားကျသော ရွှေကြာရိုး, ရွှေကြာလက်တို့မှာ တဆယ့်နှစ်တောင်ခန့် ပမာဏရှိကြကုန်၏။

နန္ဒရာဇ်မင်းဘဝ

     ထိုသူဌေးဇနီးမောင်နှံတို့သည် ထိုဘဝ၌ မမေ့မလျော့ ကောင်းမှုတို့ကို ပြုလုပ်ကြ၍ အသက်တမ်းအတိုင်း တည်နေကြပြီးလျှင် ထိုဘဝမှ စုတေ၍ နတ်ပြည်၌ ဖြစ်ကြလေ၏။ နတ်ပြည်မှ တဖန် စုတေကြပြန်သော် သူဌေးသားသည် ဗာရာဏသီပြည်မှ တယူဇနာဝေးကွာသော အရပ်ဌာန၀ယ် အမတ်မျိုး၌ဖြစ်၍ သူဌေးသမီးသည်လည်း ဗာရာဏသီမင်း နန်းတော်ဝယ် အကြီးဆုံးသော မင်းသမီး ဖြစ်လာလေသည်။

     ထိုသူနှစ်ယောက်တို့ အရွယ်သို့ရောက်ကြလေလျှင် အမတ်သား (နန္ဒ)၏နေရာ ရွာ၌ ပွဲလမ်းသဘင် ဆင်ယင်ကျင်းပရန် ကြွေးကြော်အပ်လေ၏။ အမတ်သား မောင်နန္ဒသည် မိခင် အမတ်ကတော်ကို “အိုမိခင်.. ကျွန်ုပ်အား အဝတ်ကို ပေးပါလော့၊ နက္ခတ်သဘင် ပျော်ရွှင်ကစားပါအံ့”ဟု အဝတ်အစား တောင်းရမ်း ပြောဆိုလေ၏။ မိခင် အမတ်ကတော်က သားအား ဖွပ်လျှော်ပြီး အစာကျပြီးသော အဝတ်စုံကို ပေးလေလျှင် သားမောင်နန္ဒသည် “အိုမိခင်.. ဤဝတ်စုံကား ကြမ်းတမ်း ထူထဲလှ၏၊ အခြားဝတ်စုံကို ပေးပါလော့”ဟု ပြောဆိုလေသော် မိခင်သည် အခြား ဝတ်စုံတစုံကို လဲလှယ်ပေးပြန်လေ၏။ ထိုဝတ်စုံကိုလည်း ကြမ်းတမ်းထူထဲလှ၏ဟု ပယ်ပြန်သဖြင့် မိခင်သည် အခြားဝတ်စုံတစုံကို လဲလှယ်ပေးပြန်လေ၏။ ဤနည်းဖြင့် လဲလှယ်ပေးရဖန်များသောအခါ မိခင်သည် “ချစ်သား.. ငါတို့သည် အကြင်သို့သော အမတ်မျိုးအိမ်၌ ဖြစ်ကြကုန်၏၊ ဤအမတ်မျိုးအိမ်၌ ငါတို့အဖို့ရာ ဤအ၀တ်ထက် အထူးသဖြင့် နူးညံ့သော အဝတ်ကို ရရှိဖို့ရန်



၁၁၇

ဘုန်းကံမရှိချေ”ဟု ပြောဆိုလေ၏။ ထိုအခါ သားဖြစ်သူ နန္ဒလုလင်သည် “အိုမိခင်.. ထိုသို့ဖြစ်လျှင် ဤအဝတ်ထက် နူးညံသောအဝတ်ကို ရရှိနိုင်ရာအရပ်သို့ ကျွန်ုပ်သွားပါတော့အံ့”ဟု ပြောဆိုလေသော် မိခင်သည် “အိုချစ်သား.. ငါမိခင်သည် ယနေ့ပင် သင်ချစ်သားအဖို့ရာ ဗာရာဏသီပြည်၌ မင်းအဖြစ်ကို ရခြင်းကို အလိုရှိပါသည်”ဟု ခွင့်ပြုသည့် မင်္ဂလာအတိတ်စကား ပြောကြားလေ၏။

     နန္ဒလုလင်သည် မိခင်ကို ရှိခိုးပြီးလျှင် “အိုမိခင်.. အကျွန်ုပ်သည် သွားပါတော့မည်”ဟု ခွင့်ပန်စကား ပြောကြားလေ၏။ မိခင်ဖြစ်သူကလည်း အသာတကြည် “ချစ်သား.. သွားလော့”ဟု ခွင့်ပြုစကား ပြောကြားလေ၏။ ထိုသို့ပြောကြားသော မိခင်၏စိတ်မှာ “ငါသားသည် အခြား အဘယ်အရပ်သို့ သွားလိမ့်မည်နည်း၊ = သွားစရာ အခြားအရပ် မရှိချေ၊ ဤငါ၏အိမ်မှာပင် ဤအရပ် ထိုအရပ်၌ နေပေလိမ့်မည်”ဟု ကြံစည် အောက်မေ့မိ၍ ထိုသို့ အသာတကြည် ခွင့်ပြုစကား ပြောကြားလိုက်ခြင်းဖြစ်သည်။ နန္ဒလုလင်သည်ကား ကုသိုလ်ကံ လှုံ့ဆော်ချက်ဖြင့် မိမိတို့ရွာမှ ထွက်ခဲ့၍ ဗာရာဏသီပြည်သို့ သွားရောက်ကာ ဥယျာဉ်တော် အတွင်း မင်္ဂလာကျောက်ဖျာထက်၌ ဦးခေါင်းကိုပါ လွှမ်းခြုံလျက် လျောင်းစက်ကာ နေလေ၏။ ထိုနေ့သည်ကား ဗာရာဏသီမင်း နတ်ရွာစံပြီးနောက် ခုနစ်ရက်မြောက်သောနေ့ ဖြစ်လေသည်။

     အမတ်တို့သည် မင်းကြီး၏ ဈာပနကိစ္စကို ရွက်ဆောင် ပြုလုပ်ကြပြီးလျှင် မင်းယင်ပြင် (=နန်းတော်မြေ ကွက်လပ်)၌ တညီတညွတ်တည်း စည်းဝေးကြ၍ “ပြည့်ရှင်မင်းကြီးမှာ သမီးတော်တပါးသာလျှင် ထွန်းကားဖြစ်ပေါ်ခဲ့၏။ သားတော်ဟူ၍ မဖြစ်ပေါ်ခဲ့ချေ၊ မင်းမဲ့သော တိုင်းပြည်မည်သည် မသင့်လျော်ချေ။ အဘယ် သူသည် မင်းဖြစ်မည်နည်း = မင်းပြုမည်နည်း”ဟု ဆွေးနွေးတိုင်ပင်ကြလေသော် “အသင်သည် မင်းဖြစ်ပါ = မင်းပြုပါ။ အသင်သည် မင်းဖြစ်ပါ = မင်းပြုပါ”ဟု တယောက်သည် တယောက်ကို လွှဲချစကား ပြောကြားကြကုန်၏။ ထိုအခါ ပုရောဟိတ် ပုဏ္ဏားကြီးက “ငါတို့သည် အများကို ကြည့်နေရန်



၁၁၈

မသင့်ချေ။ ဖုဿရထား = မင်းလောင်းရှာသော မင်္ဂလာရထားကို လွှတ်ကြကုန်အံ့”ဟု ဆုံးဖြတ်စကား ပြောကြားလေ၏။ အမတ်တို့သည် အားလုံး သဘောတူညီကြ၍ ကုမုဒြာကြာဖြူအဆင်းရှိသည့် သိန္ဓောမြင်းလေးကောင်တို့ကို က-၍ မင်းမြှောက်တန်းဆာ ငါးပါးကို ရထားထက်၌ပင် တင်ထားကြကာ မင်္ဂလာဖုဿရထားကို လွှတ်၍ ရထား၏နောက်မှ တူရိယာငါးမျိုးတို့ကို တီးမှုတ်စေကာ စစ်အင်္ဂါလေးပါးဖြင့် လိုက်ပါကြကုန်၏။

     မင်္ဂလာဖုဿရထားသည် မြို့တော် အရှေ့တံခါးမှ ထွက်၍ မင်္ဂလာဥယျာဉ်တော်ဖက်သို့ ရှေ့ရှုလျက် ရှိလေ၏။ အချို့လူများက “ရထားသည် သွားနေကျ အလေ့အကျင့်ရ၍ ဥယျာဉ်သို့ရှေးရှု သွားနေသည်။ ပြန်နစ်စေကြကုန်စို့လား”ဟု ပြောဆိုကြလေလျှင် ပုရောဟိတ်ပုဏ္ဏားကြီးက “မနစ်စေကြလင့်”ဟု တားမြစ်စကား ပြောကြားလေ၏။ ဖုဿရထားသည် မင်္ဂလာဥယျာဉ်တော်အတွင်းသို့ ဝင်ရောက်ကာ နန္ဒလုလင်ကို လက်ျာရစ်လှည့်၍ စီးနင်းဖို့ရန် အရံသင့် စီမံပြီးဖြစ်လျက် ရပ်တည်လေ၏။ ပုရောဟိတ် ပုဏ္ဏားကြီးသည် နန္ဒလုလင် ခြုံရုံထားသော အဝတ်အနားကိုလှပ်၍ ခြေဖဝါးအပြင်တို့ကို ကြည့်ရှုဆင်ခြင်လျက် “ဤဇမ္ဗူဒိပ်ကျွန်းသည် ရှိစေဦးတော့၊ ဤမင်းလောင်းကား ကျွန်းငယ်အရံ နှစ်ထောင်ရှိသော လေးကျွန်းလုံးတို့၌ပင် ဘုန်းမီးထိန်လျှပ် မင်းပြုရန် လျောက်ပတ်သူ ဖြစ်လေသည်”ဟု နှုတ်မြွက်ပြောဆို၍ “နောက်တကြိမ် တူရိယာများကို တီးမှုတ်ကြလော့၊ နောက်တကြိမ် တူရိယာများကို တီးမှုတ်ကြလော့”ဟု သုံးကြိမ်တိုင်တိုင် တူရိယာတို့ကို တီးမှုတ်စေလေ၏။

     ထိုအခါ နန္ဒလုလင်သည် မျက်နှာကိုဖွင့်၍ ကြည့်ရှုပြီးလျှင် မှူးမတ်တို့နှင့် အတုံ့အပြန်စကား ပြောဆိုသည်မှာ-

(နန္ဒ)

အဘယ်အမှုကိစ္စဖြင့် လာရောက်ကြသနည်း။

(မှူးမတ်များ)

အရှင်မင်းမြတ်.. အရှင်မင်းမြတ်တို့ထံသို့ ဗာရာဏသီမင်းအဖြစ်သည် ဆိုက်ရောက်လာပါ၏။



၁၁၉

(နန္ဒ)

ပြည့်ရှင်မင်းကြီးကား အဘယ်အရပ်၌နည်း။

(မှူးမတ်များ)

နတ်ရွာစံ လွန်တော်မူပါပြီ အရှင်..။

(နန္ဒ)

ပြည့်ရှင်မင်းကြီး နတ်ရွာစံပြီးနောက် ယခု ရက်ပေါင်း အဘယ်မျှတို့ လွန်ခဲ့ကုန်ပြီနည်း။

(မှူးမတ်များ)

ယနေ့ဆိုလျှင် ခုနှစ်ရက်မြောက် ဆိုက်ရောက်ခဲ့ပါပြီ။

(နန္ဒ)

နတ်ရွာစံမင်းကြီးမှာ သားသော်၎င်း, သမီးသော်၎င်း မရှိဘူးလော။

(မှူးမတ်များ)

အရှင်မင်းမြတ်.. သမီးတော်တပါးသာ ရှိပါ၏။ သားတော်မရှိပါ—

ဤသို့ မှူးမတ်တို့က လျှောက်ထားကြလေလျှင် နန္ဒလုလင်သည် “ထိုသို့ဖြစ်လျှင် ငါသည် ဗာရာဏသီမင်းအဖြစ်ကို ပြုလုပ်ပေအံ့”ဟု လက်ခံစကား ပြောကြားလေ၏။ အမတ်တို့သည် ထိုခဏမှာပင် အဘိသိက်မဏ္ဍပ် ဆောက်လုပ်၍ မင်းသမီးကို အဆင်တန်းဆာ အပြည့်အစုံ ဆင်ယင်ပြီးလျှင် ဥယျဉ်သို့ ခေါ်ဆောင် ခဲ့ကြပြီးနောက် နန္ဒသတို့သားအား ရာဇအဘိသိက်ရေချမ်း သွန်းဖျန်းကြကာ ဗာရာဏသီမင်းအဖြစ်သို့ တင်မြှောက်ကြလေကုန်၏။

     ထို့နောက် ရာဇအဘိသိက်ရေချမ်း သွန်းဖျန်းပြီးသော နန္ဒမင်းအား အဖိုးတထောင်တန်သော ဝတ်လဲတော်ကို ဆက်သကြကုန်၏။ နန္ဒမင်းက “အမောင်တို့.. ဤအဝတ်ကား အဘယ်အဝတ်နည်း”ဟု မေး၍ မှူးမတ်တို့က “အရှင်မင်းကြီး.. ဝတ်ဆင်တော်မူရန် ဝတ်လဲတော်အစုံ ဖြစ်ပါသည်ဘုရား”ဟု လျှောက်ထားကြလေလျှင် နန္ဒရာဇ်မင်းသည် “အမောင်တို့.. ဤဝတ်လဲတော်အစုံသည် ထူထဲ ကြမ်းတမ်းလှသည် မဟုတ်လော၊ ဤဝတ်လဲတော်မှတပါး အခြား နူးညံ့သော ဝတ်လဲတော်များ မရှိတော့ဘူးလော”ဟု မေးမြန်းလေ၏။ မှူးမတ်တို့က “အရှင်မင်းကြီး.. လူတို့ သုံးဆောင်ကြသော အဝတ်များ၌ ဤဝတ်လဲတော်ထက်



၁၂၀

အထူးသဖြင့် နူးညံ့သော အဝတ်ဟူ၍ မရှိတော့ပါဘုရား”ဟု လျှောက်ထားကြလေလျှင် နန္ဒရာဇ်မင်းသည် “အမောင်တို့၏ နတ်ရွာစံ ပြည့်ရှင်မင်းကြီးသည် ဤသို့သော ဝတ်လဲတော်များကို ဝတ်ဆင်ခဲ့ပါသလော”ဟု မေးမြန်းလေ၏။ မှူးမတ်တို့က “မှန်ပါသည် အရှင်မင်းကြီး..”ဟူ၍ ပြန်ကြား လျှောက်ထားကြလေလျှင် နန္ဒရာဇ်မင်းသည် “အမောင်တို့၏ နတ်ရွာစံ ပြည့်ရှင်မင်းကြီးသည် ဘုန်းကံကြီးမားသူ မဟုတ်ယောင်တကား၊ ရွှေကရားကို ယူဆောင်ခဲ့ကြလော့၊ အလွန်နူးညံ့သော အဝတ်ကို ငါတို့ ရကြပါလိမ့်မည်”ဟု မိန့်ဆိုလေ၏။ မှူးမတ်တို့သည် ရွှေကရားကို ယူဆောင် ဆက်သကြလေကုန်၏။

     နန္ဒရာဇ်မင်းသည် နေရာမှထ၍ လက်ဆေး, ပါးလုပ်ကျင်းပြီးလျှင် လက်ခုပ်ဖြင့် ရေကို ယူဆောင်၍ အရှေ့မျက်နှာအရပ်၌ မြှောက်ကြဲလိုက်လေ၏။ ထိုခဏမှာပင် တခဲနက်သော မဟာပထဝီ ဤမြေကြီးကို ဖောက်ခွဲ၍ ပဒေသာပင် ရှစ်ပင်တို့ ပေါ်တက်၍ လာလေကုန်၏။ တဖန် ရေကို ယူပြန်၍ တောင်အရပ်, အနောက်အရပ်, မြောက်အရပ်တို့၌ အစဉ်အတိုင်း မြှောက်ကြဲပြန်လေလျှင် ပဒေသာပင် ရှစ်ပင်စီ ရှစ်ပင်စီ ပေါ်တက်၍ လာလေကုန်၏။ ဤသို့လျှင် အရပ်လေးမျက်နှာတို့၌ ပဒေသာပင်ပေါင်း သုံးဆယ့်နှစ်ပင်တို့ ပေါ်တက်၍ လာလေကုန်၏။ နန္ဒရာဇ်မင်းသည် နတ်၌ဖြစ်သော အဝတ်တထည်ကိုဝတ်၍ တထည်ကို ရုံပြီးလျှင် “နန္ဒမင်း၏ နိုင်ငံတော်အတွင်း၌ ဗိုင်းငင်ချည်ဝင့်သော မိန်းမများသည် ဗိုင်းငင် ချည်ဝင့်မှုကို မပြုကြကုန်လင့်ဟု ဤကဲ့သို့ စည်လည်စေကြကုန်လော့”ဟု မိန့်ဆိုပြီးလျှင် ထီးဖြူတော် စိုက်ဆောက်၍ အဆင်တန်းဆာစုံ ဆင်ယင်လျက် ဆင်ကျောက်ကုန်းထက်၌ စီးနင်းလိုက်ပါကာ မြို့တော်သို့ဝင်၍ ပြာသာဒ်မသို့ တက်ရောက်ပြီးလျှင် ကြီးစွာသော မင်းစည်းစိမ်ကို ခံစားသုံးဆောင်တော်မူလေ၏။

     ဤကဲ့သို့ နန္ဒရာဇ်မင်း ကြီးစွာသော မင်းစည်းစိမ်ကို ခံစံ၍ ကာလအတန်ကြာလတ်သော် တနေ့သ၌ မိဖုရားကြီးသည်



၁၂၁

နန္ဒရာဇ်မင်း၏ ကြီးစွာသော မင်းစည်းစိမ်ကို ရှုကြည့်လျက် “ဩ.. ကုသိုလ်ကောင်းမှု အသစ်မပြုရငြား ခေါင်းပါးဘိတကား”ဟူသော သဘောဖြင့် သနားသော အခြင်းအရာကို ပြလေ၏။ မင်းကြီးက “အရှင်မိဖုရားကြီး.. ဤသို့ သနားသော အခြင်းအရာကို ပြခြင်းသည် အဘယ့်ကြောင့်နည်း”ဟု မေးလေလျှင် မိဖုရားကြီးသည် “အရှင်မင်းကြီး.. အရှင်မင်းကြီး၏ စည်းစိမ်ကား ကြီးကျယ်လှဘိ၏၊ ရှေးအခါက ဘုရားရှင်တို့အား သဒ္ဓါယုံကြည်၍ ကောင်းမှုကို ပြုခဲ့သည် ဧကန် မှန်ပေ၏၊ ယခုအခါ၌မူ အနာဂတ်ကာလ ချမ်းသာကြောင်း ကောင်းမှုကုသိုလ်ကို အရှင်မင်းကြီးတို့သည် မပြုကြကုန်”ဟု သတိပေးစကား ပြောကြားလေ၏။ “အဘယ်သူအား ငါတို့ လှူကြရမည်နည်း၊ သီလရှိသူ အလှူခံပုဂ္ဂိုလ်တို့သည် မရှိကုန်”ဟု မင်းကြီးက မိန့်ဆိုလေလျှင် မိဖုရားကြီးသည် “အရှင်မင်းကြီး.. ဇမ္ဗူဒိပ်ကျွန်းသည် ရဟန္တာတို့မှ မဆိတ်သုဉ်းပါ၊ အရှင်မင်းကြီးသည် လှူဘွယ်ဝတ္ထုကိုသာ စီမံတော်မူကြပါလော့၊ ဘုရားကျွန်တော်မသည် ပူဇော်အထူးခံထိုက်သူ အလှူခံပုဂ္ဂိုလ်တို့ကိုရအောင် ကြံဆောင် ပင့်ဖိတ်ပေးပါမည်”ဟု ရဲရဲတောက်စကား လျှောက်ထားလေ၏။

     မင်းကြီးသည် နောက်တနေ့၌ မြို့တော် အရှေ့တံခါးဝယ် အလှူဝတ္ထုများကို စီမံစေလေ၏။ မိဖုရားကြီးသည် စောစောစီးစီးပင် ဥပုသ်အင်္ဂါတို့ကို ဆောက်တည်၍ ပြာသာဒ်မ အထက်၌ အရှေ့မျက်နှာသို့ ရှေးရှု ရင်ဖြင့် ဝပ်တွားလျက် “ဤအရှေ့ဖက် အရပ်မျက်နှာ၌ ရဟန္တာသခင် အရှင်တို့ ရှိတော်မူကြပါလျှင် နက်ဖြန်ခါ ကြွရောက်လာကြ၍ တပည့်တော်တို့၏ဆွမ်းကို အလှူခံတော်မူကြပါကုန်ဘုရား”ဟူ၍ ပင့်ဖိတ်လျှောက်စကား ပြောကြားလေ၏။ အရှေ့အရပ်၌ ရဟန္တာပုဂ္ဂိုလ်များ မရှိသဖြင့် ကြွမလာကုန်၊ ထိုအလှူဝတ္ထုများကို အထီးကျန်ကပ္ပါး ဖုန်းတောင်းယာစကာများအား ပေးလှူကြရလေကုန်၏။ နောက်တနေ့၌ မြို့တော် တောင်တံခါးဝယ် အလှူဝတ္ထုများ စီရင်၍ ထို့အတူပင် ပြုပြန်လေသည်၊ နောက်တနေ့ အနောက်တံခါးဝယ် အလှူဝတ္ထုများ



၁၂၂

စီရင်၍ ထို့အတူပင် ပြုပြန်လေသည်။ ထိုတောင်အရပ်, အနောက်အရပ်တို့၌ ရဟန္တာပုဂ္ဂိုလ်များ မရှိကြသဖြင့် ကြွမလာကြကုန်။

     လေးရက်မြောက်နေ့ဝယ် မြို့တော် မြောက်တံခါး၌ လှူဖွယ်ဝတ္ထုများ စီမံပြီးလျှင် မိဖုရားကြီးက ရှေးနည်းအတူ ပင့်ဖိတ်အပ်သည်ရှိသော် ဟိမဝန္တာ၌ နေတော်မူကြသော ပဒုမ၀တီမိဖုရားကြီး၏ သားတော် ပစ္စေကဗုဒ္ဓါ ငါးရာတို့အနက် နောင်တော်ကြီးဖြစ်သော မဟာပဒုမ ပစ္စေကဗုဒ္ဓါ အရှင်မြတ်သည် ညီတော် ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့ကို “ငါသို့ရှုအပ် ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့.. နန္ဒရာဇ်မင်းကြီးသည် သင်တို့ကို ပင့်ဖိတ်လေသည်။ ထိုနန္ဒရာဇ်မင်းကြီး၏ ပင့်ဖိတ်ချက်ကို လက်ခံ သာယာကြပါ လော့”ဟု မိန့်ဆိုလေ၏။ ထိုပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့သည် လက်ခံသာယာ၍ နောက်တနေ့ဝယ် အနောတတ်အိုင်၌ မျက်နှာတော်သစ်ကြပြီးလျှင် ကောင်းကင်ခရီးဖြင့် ကြွလာ၍ မြို့တော် မြောက်တံခါး၌ မြေသို့ သက်ဆင်းတော်မူကြလေကုန်၏။

     မြို့သူမြို့သား လူအများတို့သည် မင်းကြီးထံ သွားကြ၍ “အရှင်မင်းမြတ်.. ပစ္စေကဗုဒ္ဓါ အရှင်မြတ် ငါးရာတို့ ကြွလာတော်မူကြပါပြီ”ဟု မင်းကြီးအား လျှောက်ထားကြလေကုန်၏။ မင်းကြီးသည် မိဖုရားကြီးနှင့် အတူတကွ သွားရောက်ကြိုဆို ရှိခိုးကာ သပိတ်ကို ကိုင်ယူ၍ ပစ္စေကဗုဒ္ဓါအရှင်မြတ် ငါးရာတို့ကို ရွှေနန်းတော် ပြာသာဒ်ထက်သို့ ပင့်ဆောင်ပြီးလျှင် ထိုနန်းမပြာသာဒ်၌ ပစ္စေကဗုဒ္ဓါအရှင်မြတ် ငါးရာတို့အား ကြီးစွာသော အလှူဒါနကို ပေးလှူကြပြီးလျှင် ဆွမ်းကိစ္စ ပြီးဆုံးသောအခါဝယ် မင်းကြီးက သံဃမထေရ်၏ ခြေတော်ရင်း၌ ဝပ်စင်း၍၎င်း, မိဖုရားကြီးက သံဃနော = အငယ်ဆုံးသံဃာ၏ ခြေတော်ရင်း၌ ဝပ်စင်း၍၎င်း “အရှင်မြတ်များ တပည့်တော်တို့ ဥယျာဉ်၌ သီတင်းသုံး နေတော်မူကြပါလျှင် အရှင်မြတ်တို့မှာ ပစ္စည်းလေးပါးဖြင့် မပင်မပန်း ချမ်းသာတော်မူကြပါလိမ့်မည်၊ တပည့်တော်များမှာလည်း ကုသိုလ်ကောင်းမှုဖြင့် မယုတ်မလျော့ ကြီးပွါးကြရပါလိမ့်မည်။ သို့ပါ၍ တပည့်တော်များ၏ ဤဗာရာဏသီပြည် ဥယျာဉ်အတွင်း၌



၁၂၃

သီတင်းသုံး နေထိုင်တော်မူကြရန် ပဋိညာဉ်ဝန်ခံချက်ကို ပေးသနားတော်မူကြပါဘုရား”ဟု လျှောက်ထားတောင်းပန်၍ ဝန်ခံချက် ပဋိညာဉ်ကို ရယူပြီးလျှင် မင်္ဂလာဥယျာဉ်တော်အတွင်း၌ သင်္ခမ်းကျောင်း ငါးရာ, စင်္ကြံငါးရာ-စသည် စုံအောင် နေရာထိုင်ခင်းကို အပြည့်အဝ စီမံကြ၍ ပစ္စေကဗုဒ္ဓါအရှင်မြတ် ငါးရာတို့ကို ထိုဥယျာဉ်အတွင်း၌ သီတင်းသုံး နေထိုင်တော်မူကြစေကာ ပစ္စည်းလေးပါးတို့ဖြင့် မငြိုမငြင် မပင်ပန်းအောင် ပြုစုကြလေကုန်၏။

     ဤသို့ ပြုစု၍ ကာလအတန်ကြာလတ်သော် မင်းကြီး၏ တိုင်းစွန် ပြည်နား နယ်ဖျားအရပ်သည် လှုပ်ရှားထကြွ သောင်းကျန်း၍ လာလေ၏။ မင်းကြီးသည် မိဖုရားကြီးကို “ရှင်မိဖုရား.. ငါသည် တိုင်းစွန်ပြည်နား နယ်ဖျားအရပ်ကို သူပုန်ရန်ဘေး ငြိမ်းအေးအောင် သွားပေအံ့၊ ရှင်မိဖုရားသည် ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့၌ ပြုစုရန် မမေ့မလျော့လင့်”ဟု မှာထား၍ သွား၏။

     မိဖုရားကြီးသည်လည်း မင်းကြီးမှာထားသည့်အတိုင်း ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့ကို မမေ့မလျော့ ပစ္စည်းလေးပါးတို့ဖြင့် ပြုစုလေ၏။ ထိုသို့ပြုစု၍ ရက်အတန်ကြာသော် မင်းကြီးပြန်မလာမီပင် ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့၏ အာယုသင်္ခါရ = ဇီဝိတသန္တာန် အစဉ်တို့သည် ကုန်ခဲ့လေကုန်ပြီ၊ သို့ရကား နောင်တော်အကြီးဖြစ်သော မဟာပဒုမ ပစ္စေကဗုဒ္ဓါ အရှင်မြတ်သည် ညဉ့်သုံးယံပတ်လုံး ဈာန်ဝင်စား၍ အရုဏ်တက်သော အချိန်၌ တံကဲပျဉ်ကို မှီတော်မူက ရပ်တော်မူလျက်သာလျှင် အနုပါဒိသေသပရိနိဗ္ဗာန် ဝင်စံတော်မူလေ၏။ ဤနည်းအားဖြင့် ကြွင်းကျန်သော ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့သည်လည်း ပရိနိဗ္ဗာန် ဝင်စံတော်မူကြလေကုန်၏။

     နောက်တနေ့၌ မိဖုရားကြီးသည် ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့အတွက် နေထိုင်ရာအရပ်ကို နွားချေးဖြင့် လိမ်းကျံစေခြင်း, ပန်းမာလ်တို့ကို ကြဲဖြန့်ခြင်း, အထုံအခိုး ပေးခြင်းများကို ပြုလုပ်၍ အရှင်ပစ္စေကဗုဒ္ဓါတို့ ကြွအလာကို စောင့်မျှော် ထိုင်နေပါသော်လည်း ကြွလာမည့်အရိပ်ကို မတွေ့မထင် မမြင်ရကား မင်းချင်း ယောက်ျားတယောက်ကို “ချစ်သား.. သွားရောက်၍ စုံစမ်းလော့၊



၁၂၄

အရှင်မြတ်တို့အဖို့ရာ တစုံတရာ မချမ်းသာမှု မကျန်းမာမှုများ ဖြစ်ရှိလေသလော”ဟု ပြောဆို စေလွှတ်လိုက်လေ၏။

     မင်းချင်းယောက်ျားသည် ဥယျာဉ်တော်သို့သွား၍ မဟာပဒုမ ပစ္စေကဗုဒ္ဓါ အရှင်မြတ်၏ သင်္ခမ်းကျောင်းတံခါးကို ဖွင့်၍ ကြည့်ရှုလေလျှင် သင်္ခမ်းကျောင်း၌ မတွေ့မမြင်ရကား စင်္ကြံသို့ သွားရောက်၍ မှီရာတံကဲပျဉ်ကို မှီလျက် ရပ်တည်နေသည်ကို တွေ့မြင်ကာ ရှိခိုးပြီးလျှင် “ဆွမ်းဘုဉ်းပေးချိန် တန်ပါပြီ အရှင်ဘုရား..”ဟု ပင့်လျှောက်လေ၏။ ပရိနိဗ္ဗာန်စံပြီးသော ဥတုဇရုပ်ကိုယ်ကား အဘယ်မှာလျှင် စကားတုံ့ ပြန်ပြောတော့မည်နည်း = မပြောတော့သည်သာ။ မင်းချင်းယောက်ျားသည် “ကျိန်းစက်တော်မူနေသည် ထင်ပါရဲ့”ဟု အောက်မေ့၍ အနီးသို့ သွားရောက်ကာ ခြေဖမိုးတော်၌ လက်ဖြင့် စမ်းသပ်ကြည့်ရှုလေသော် ခြေများ အေးနေခြင်း, တောင့်တင်းနေခြင်းကြောင့် ပရိနိဗ္ဗာန် စံပြီးဖြစ်ကြောင်းကို ကောင်းစွာရိပ်မိ သိရှိပြီးလျှင် ဒုတိယအရှင်မြတ်ထံသို့ သွားရောက်ပြန်လေ၏၊ ဤနည်းအတူပင် တတိယ အရှင်မြတ်ထံသို့ သွားရောက်ပြန်လေ၏။ ဤသို့ သွားရောက်စုံစမ်း၍ အလုံးစုံသော ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့ ပရိနိဗ္ဗာန်စံပြီး ဖြစ်တော်မူကြကြောင်းကို ကောင်းစွာရိပ်မိ သိရှိပြီးနောက် နန်းတော်သို့ ပြန်အရောက်တွင် မိဖုရားကြီးက “အမောင်.. ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့သည် အဘယ်မှာနည်း”ဟု မေးမြန်းသဖြင့် ထိုမင်းချင်းယောက်ျားသည် “အရှင်မိဖုရား.. ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့သည် ပရိနိဗ္ဗာန် ဝင်စံတော်မူကြပါပြီ”ဟု ပြန်ကြား လျှောက်ထားလေ၏။ မိဖုရားကြီးသည် “သည်းစွာ ငိုကြွေးမြည်တမ်းကာ မြို့မှထွက်၍ မြို့သူမြို့သားတို့နှင့် အတူတကွ ဥယျာဉ်သို့ သွားရောက်၍ သာဓုကီဠနသဘင် ဆင်ယင်ကျင်းပလျက် ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့၏ သရီရဈာပနကိစ္စ ပြုလုပ်ပြီးသော် ဓာတ်တော်တို့ကို ယူဆောင်၍ စေတီတော် တည်ထားစေလေ၏။

     မင်းကြီးသည် တိုင်းစွန်ပြည်နား နယ်ဖျားဒေသ ပစ္စန္တအရပ်ကို ငြိမ်းအေးစေပြီး၍ တိုင်းပြည်သို့တဖန် ပြန်လာလတ်သော်



၁၂၅

ခရီးဦး အကြိုအဆို လာရောက်သော မိဖုရားကြီးကို တွေ့မြင်လျှင် တွေ့မြင်ခြင်း “ရှင်မိဖုရား.. ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့၌ မမေ့မလျော့ ပြုစုပါ၏လော၊ အရှင်မြတ်တို့သည် ရောဂါဘယ ကင်းကြပါ၏လော”ဟု မေးသဖြင့် မိဖုရားကြီးက “အရှင်မင်းမြတ်.. ပရိနိဗ္ဗာန် ဝင်စံတော်မူကြပါပြီ”ဟု ပြန်ပြီး လျှောက်ထားလေလျှင် မင်းကြီးသည် “ဤသို့သဘောရှိသော ပညာရှိတို့၏ ခန္ဓာအစဉ်မှာသော်လည်း သေခြင်းတရား ဖြစ်ပွါးတုံသေး၏၊ ငါတို့၏အဖို့ရာ အဘယ်မှာလျှင် သေခြင်းတရားမှ လွတ်မြောက်မှု ရှိနိုင်အံ့နည်း”ဟု သံဝေဂဉာဏ်၀င်ကာ ဆင်ခြင် စဉ်းစားတော်မူမိလေ၏။

     မင်းကြီးသည် မြို့တော်သို့ မသွားတော့ပဲ ဥယျာဉ်တော်အတွင်းသို့သာ ဝင်တော်မူ၍ သားတော်ကြီးကို ခေါ်စေပြီးလျှင် ထီးနန်းစည်းစိမ်ကို လွှဲအပ်၍ ကိုယ်တိုင်ကမူ (သာသနာတွင်း ရဟန်းတော်ကဲ့သို့) ရှင်ရဟန်းပြုလေ၏။ မိဖုရားကြီးသည်လည်း “မင်းကြီး ရဟန်းပြုလျှင် ငါသည် အဘယ်အမှု ပြုရန်ရှိတော့အံ့နည်း၊ = မရှိတော့သည်သာ”ဟု ဆင်ခြင်စဉ်းစား၍ ထိုဥယျာဉ်တော်၌ပင် ရဟန်းမ-ပြုလေတော့၏။ နှစ်ဦးလုံးတို့ပင် ဈာန်သမာပတ်တရားကို ဖြစ်ပွါးစေကြ၍ ထိုဘဝမှ စုတေကြသည်ရှိသော် ဗြဟ္မာ့ပြည်၌ ဖြစ်ကြလေကုန်၏။

(ခ) နောက်ဆုံးဘဝ ရဟန်းပြုကြောင်း

     ထိုသူနှစ်ဦးတို့ ဗြဟ္မာ့ပြည်၌ တည်ရှိနေကြစဉ် အကျွန်ုတို့၏ မြတ်စွာဘုရားရှင် ပွင့်ထွန်းတော်မူရာအချိန်သို့ ရောက်ရှိခဲ့လေသည်။ ထိုအချိန်တွင် အရှင်မဟာကဿပ မထေရ်ဖြစ်မည့် ပိပ္ပလိလုလင်သည် မဂဓတိုင်း အဝင်အပါ မဟာတိတ္ထပုဏ္ဏားရွာဝယ် ကပိလ-အမည်ရှိသော ပုဏ္ဏားသူဌေးကြီး၏ သူဌေးကတော်ကြီးဝမ်း၌ ပဋိသန္ဓေ တည်နေဖြစ်ပွား၍ ရှင်မဘဒ္ဒါကာပိလာနီ၏ အလောင်းဖြစ်သော အမျိုးသမီးသည်ကား မဒ္ဒတိုင်းအဝင်အပါ သာဂလမြို့ဝယ် ကောသိယနွယ်ဖြစ်သော ပုဏ္ဏားသူဌေးကြီး၏ သူဌေးကတော်ကြီးဝမ်း၌ ပဋိသန္ဓေ တည်နေဖြစ်ပွါးလေ၏။



၁၂၆

     ထိုသူနှစ်ဦးတို့ အစဉ်သဖြင့် ကြီးပြင်းကြ၍ ပိပ္ပလိလုလင် အသက်နှစ်ဆယ်အရွယ်, ဘဒ္ဒါကာပိလာနီ အမျိုးသမီး အသက် ဆယ့်ခြောက်နှစ်အရွယ်သို့ ရောက်ရှိလတ်သော် ပိပ္ပလိလုလင်၏ မယ်တော်, ခမည်းတော်တို့သည် သားဖြစ်သူကို ကြည့်ရှုကြပြီးလျှင် အရွယ်ရောက်နေပြီ ဖြစ်သည်ကို ဆင်ခြင်စဉ်းစားမိကြ၍ “ချစ်သား.. သင်ချစ်သားသည် အိမ်ထောင်ပြုရန် အရွယ်ရောက်ခဲ့လေပြီ၊ မျိုးဆက်မည်သည်ကို အရှည်တည်စေရသည်”ဟု အတင်းအကြပ် အိမ်ထောင်ပြုရန် တိုက်တွန်းနားချ ပြောကြလေ၏။ ပိပ္ပလိလုလင်သည် ဗြဟ္မာ့ပြည်မှလာသူ ဖြစ်ရကား “ကျွန်ုပ်၏ နားဥပစာအတွင်းမှာ ဤသို့သောစကားကို မပြောကြားကြပါလင့်၊ ကျွန်ုပ်သည် မယ်တော်, ခမည်းတော်တို့ အသက်ထင်ရှား ရှိနေကြစဉ် ပြုစုလုပ်ကျွေးပြီးလျှင် မယ်တော်, ခမည်းတော်ကို ကွယ်လွန်သောအခါ၌ အိမ်ရာတည်ထောင် လူ့ဘောင်မှထွက်၍ ရှင်ရဟန်း ပြုလုပ်မည် ဖြစ်ပါသည်”ဟု ငြင်းပယ်စကား ပြောကြားလေ၏။ မိဖနှစ်ပါးတို့သည် နှစ်ရက် သုံးရက် လွန်သောအခါ တဖန် နားချ ပြောကြပြန်လေ၏။ ပိပ္ပလိလုလင်သည်လည်း ရှေးနည်းအတူပင် ငြင်းပယ်ပြန်လေ၏။ နောက်တဖန် ထပ်၍ နားချ ပြောကြားသော အခါမှာလည်း ထိုနည်းအတူပင် ငြင်းပယ်မြဲ ငြင်းပယ်လေ၏။ ထိုအချိန်မှစ၍ မိခင် သူဌေးကတော်ကြီးသည် အမြဲမပြတ် နားချ ပြောကြားလေ၏။

     ပြောကြားဖန် များလတ်သော် ပိပ္ပလိလုလင်သည် “ငါ့မယ်တော်ကို ရှင်ရဟန်းပြုလိုကြောင်း ကောင်းစွာသိစေမည်”ဟု ကြံစည် အောက်မေ့ကာ ရွှေစင်နိက္ခ အချိန်တထောင်ပေး၍ ရွှေပန်းထိမ်သည်များကို အမျိုးသမီး ရွှေစင်ရုပ်တုတခု သွန်းထု ပြုလုပ်စေပြီးလျှင် ထိုရွှေစင်ရုပ်တုကို အချောသတ် ပွတ်တိုက်ပြီးသောအခါ နီမြန်းသောအဝတ်ကို ဝတ်စေပြီးနောက် အဆင်းအရောင် တောက်ပြောင်သော ပန်းများ, အဆင်တန်းဆာများတို့ဖြင့် တန်းဆာဆင်စေလျက် မိခင် သူဌေးကတော်ကြီးကို ခေါ်စေ၍ “အိုမိခင်.. အကျွန်ုပ်သည် ဤရွှေစင်ရုပ်တုကဲ့သို့သော မိန်းမလှကို



၁၂၇

ရရှိပါလျှင် အိမ်၌နေပါမည်။ မရလျှင် အိမ်ရာတည်ထောင် လူ့ဘောင်၌ နေလိမ့်မည်မဟုတ်ပါ”ဟု ပြောကြားလေ၏။

     မိခင်ပုဏ္ဏေး သူဌေးကတော်ကြီးသည် ပညာရှိသူဖြစ်ရကား “ငါ့သားသည် ဘုန်းရှိသူ, အလှူဒါနပေးခဲ့သူ, ရှေးဆုတောင်း ကောင်းမြတ်သူ ဖြစ်လေသည်၊ ကုသိုလ်ကောင်းမှု ပြုလုပ်ခဲ့စဉ် တဦးတည်း ပြုလုပ်ခဲ့လိမ့်မည်မဟုတ်၊ မချွတ်ဧကန် အမှန်ပင် ငါ့သားနှင့် အတူတကွ ကုသိုလ်ကောင်းမှု အားသစ်ပြုခဲ့သည့် ရွှေစင်ရုပ်တုပမာ အလွန်လှပသော မိန်းမမြတ်သည် ရှိလိမ့်မည်သာ”ဟု ကြံစည်အောက်မေ့၍ ပုဏ္ဏားတော်ကြီး ရှစ်ယောက်တို့ကို ရှေ့မှောက်သို့ ခေါ်စေကာ များစွာသော ပူဇော်သက္ကာရမှု ပြုလုပ်စေပြီးနောက် ရွှေစင်ရုပ်တုကို ရထားထက်သို့ တင်စေပြီးလျှင် “အမောင်တို့.. သွားကြကုန်၊ ငါတို့နှင့် ဇာတ်, အနွယ်, စည်းစိမ်ဂုဏ်သိရ်တို့ဖြင့် တူမျှသောအမျိုးဝယ် ရွှေစင်ရုပ်တုနှင့်တူသော သူငယ်မကို တွေ့မြင်ကြရလျှင် ဤရွှေစင်ရုပ်တုကိုပင် လက်ဆောင်ပဏ္ဏာ = အာမခံပစ္စည်းပြု၍ ပေးခဲ့ကြလော့”ဟု ပြောဆိုမှာကြားကာ စေလွှတ်လိုက်လေ၏။

     ပုဏ္ဏားတော် ရှစ်ယောက်တို့သည် “ဤအလုပ်သည်ကား ကျွန်ုပ်တို့ ပညာရှိများ၏ ပြုလုပ်ရမည့် အလုပ်ဖြစ်လေသည်”ဟု ဝန်ခံပြောဆိုကာ ရွာမှထွက်ခဲ့ကြ၍ “ငါတို့သည် အဘယ်အရပ်သို့ သွားကြလျှင် သင့်တော်မည်နည်း”ဟု အချင်းချင်း တိုင်ပင် ဆွေးနွေးကြလေသော် “မဒ္ဒတိုင်းမည်သည် ဤလောကဝယ် မိန်းမလှ ထွန်းကားသော တိုင်းဖြစ်လေသည်။ သို့ရကား ငါတို့သည် မဒ္ဒတိုင်းသို့ သွားကြကုန်အံ့”ဟု တညီတညွတ်တည်း ဆုံးဖြတ် သဘောတူညီကြ၍ မဒ္ဒတိုင်းအဝင်အပါ သာဂလမြို့သို့ သွားရောက်ကြ၍ ထိုမြို့ဝယ် ရွှေစင်ရုပ်တုကို ရေချိုးဆိပ်၌ ထားပြီးလျှင် သင့်လျောက်ပတ်ရာအရပ်က အကဲခပ်ကာ ထိုင်နေကြလေ၏။

     ထိုအခါ ဘဒ္ဒါကာပိလာနီပုဏ္ဏေး သူဌေးသမီး၏ အထိန်းတော်ကြီးသည် ဘဒ္ဒါကာပိလာနီကို ရေချိုး, အဆင်တန်ဆာများ



၁၂၈

ဆင်ပေးပြီးနောက် ကြက်သရေတိုက်ခန်း၌ ထားခဲ့ပြီးလျှင် ရေချိုးရန် ရေဆိပ်သို့ လာရောက်သည်ရှိသော် ထိုရွှေစင်ရုပ်တုကို တွေ့မြင်ရ၍ “ငါ၏ အရှင့်သမီးတော်သည် ဤရေဆိပ်သို့ လာရောက်နေနှင့်သည်”ဟု မှတ်ထင်ကာ အမျိုးမျိုး ခြိမ်းခြောက်လျက် “ဟယ် အဆုံးမခက်သော သမီး.. အဘယ့်ကြောင့် သင်တယောက်တည်း ဤရေဆိပ်သို့ လာရောက်သနည်း”ဟု မြည်တွန်ပြောဆိုကာ လက်ဝါးပြက်ကိုမိုး၍ “အိမ်သို့ မြန်မြန်ပြန်သွား”ဟု ပြောပြောဆိုဆို ကျောပြင်ကို ရိုက်နှက်လေ၏။ အထိန်းတော်၏ လက်ဝါးပြင် တပြင်လုံး ကျောက်ဖျာ၌ ရိုက်နှက်ရသည့်ပမာ လွန်စွာ နာကျင်တုန်လှုပ်၍ သွားလေ၏။ အထိန်းတော်သည် နောက်သို့ဆုတ်ကာ “ဩ.. ငါသည် ဤသို့စင် အတွေ့ကြမ်းလှသည့် လည်ပင်းကြီးမကို မြင်ရပါလျက် ‘ငါ့အရှင့်သမီး’ဟု အထင်မှားမိလေခြင်း၊ ဤသူမကား ငါ့အရှင့်သမီးတော်၏အဖို့ရာ အဝတ်ထမီကိုင်သူမပင် မဖြစ်သင့်စွာ့တကား”ဟု ရန်တွေ့စကား ပြောကြားလေ၏။

     ထိုအခါ ပုဏ္ဏားတော် ရှစ်ယောက်တို့သည် အထိန်းတော်ကို ဝန်းရံကြ၍ “သင်၏ အရှင့်သမီးသည် ဤမျှပင် တင့်တယ်လှပသလော”ဟု မေးကြကုန်၏။ အထိန်းတော်ကား “ဤသူမကား အဘယ်မူစအံ့နည်း၊ ဤသူမထက် ငါ့အရှင့် သမီးတော်သည် အပြန်အရာ, အပြန်အထောင်မက လှပတင့်တယ်ပေ၏၊ တဆယ့်နှစ်တောင်ရှိသော တိုက်ခန်းဝယ် ငါ့အရှင့်သမီးတော် ထိုင်နေလိုက်လျှင် ဆီမီးညှိထွန်းရန်ကိစ္စ မရှိ၊ ပကတိ ကိုယ်ရောင်ဖြင့်ပင် အမိုက်မှောင်ကို ပယ်ဖျောက်နိုင်၏”ဟု ပြောဆိုလေသော် ပုဏ္ဏားတော် ရှစ်ယောက်တို့သည် “ထိုသို့ဖြစ်လျှင် လာ,သွားကြစို့”ဟု အထိန်းတော်ကို ခေါ်ခဲ့ကြ၍ ရွှေစင်ရုပ်တုကို ရထားထက်သို့ တင်ပြီးလျှင် ကောသိယဂေါတ္တ ပုဏ္ဏားသူဌေး၏ အိမ်တံခါးဝ၌ ရပ်တည်ကြ၍ မိမိတို့ လာရောက်ကြကြောင်းကို ပြောကြား သိစေကြလေကုန်၏။

     ကောသိယဂေါတ္တ ပုဏ္ဏားသူဌေးကြီးသည် ဧည့်သည်တော် ပုဏ္ဏားတို့အား ဧည့်ဝတ်ပြုစုပြီးလျှင် “ဘယ်အရပ်မှ



၁၂၉

လာကြသနည်း”ဟု မေး၍ ပုဏ္ဏားတော်တို့က “မဂဓတိုင်း မဟာတိတ္ထရွာ ကပိလပုဏ္ဏားသူဌေးအိမ်မှ လာကြပါသည်”ဟု ဖြေကြားကြလေလျှင် “ အဘယ်အကြောင်းကြောင့် လာရောက်ကြသနည်း”ဟု မေးမြန်း ပြန်၍ ပုဏ္ဏားတို့သည် မိမိတို့လာရောက်သော အကြောင်းကို ပြန်ကြား ပြောဆိုကြလေ၏။ ကောသိယဂေါတ္တ ပုဏ္ဏားသူဌေးသည် “အမောင်တို့.. ကောင်းသောအမှု ဖြစ်ပေသည်၊ ကပိလပုဏ္ဏားသူဌေးသည် ငါတို့နှင့် ဇာတ်, အနွယ်, စည်းစိမ်တူသူ ဖြစ်ပေသည်၊ သတို့သမီးကို ပေးပါမည်”ဟု ဝန်ခံ၍ ထိုလက်ဆောင်ပဏ္ဏာ = အာမခံ ရွှေစင်ရုပ်တုကို လက်ခံသိမ်းယူလေ၏။ ပုဏ္ဏားတော်တို့သည် ကပိလပုဏ္ဏားသူဌေးထံသို့ “သတို့သမီးကို ရအပ်ပါပြီ၊ ပြုဖွယ်ကိစ္စ အဝဝကိုသာ ပြုလုပ်စီမံပါလော့”ဟု သတင်းစကား ပြန်ကြား ပို့သစေကုန်၏။

သဝဏ်လွှာ နှစ်စောင်

     ထိုသတင်းစကားကို ကြားသိကြ၍ ပိပ္ပလိလုလင်၏ ကျေးကျွန်များက ပိပ္ပလိလုလင်အား “အရှင်သား.. အရှင့်သားအဖို့ရာ ရွှေစင်ရုပ်တု နှိုင်းပုံပြုရသော သတို့သမီးကို ရအပ်ပြီတဲ့”ဟု ဝမ်းမြောက်ဝမ်းသာ အားပါးတရ ပြောကြားကြလေလျှင် ပိပ္ပလိလုလင်သည် “ငါကား ရကြလိမ့်မည် မဟုတ်ဟု ကြံစည်စဉ်းစားမိလေသည်၊ ဤသူတို့ကား ‘သတို့သမီးကို ရအပ်ပြီတဲ့’ဟု ပြောကြားကြ၏၊ ငါသည် အလိုမရှိသူဖြစ်၍ ဘဒ္ဒါ၏ထံသို့ သဝဏ်လွှာကို ပို့စေတော့အံ့”ဟု ကြံစည်ဆင်ခြင်ကာ ဆိတ်ငြိမ်ရာသို့ ကပ်ရောက်လျက်-

“နှမဘဒ္ဒါသည် မိမိနှင့် ဇာတ်, အနွယ်, စည်းစိမ်အား လျော်လျောက်ပတ်သည့် အခြား အိမ်ထောင်ရှင်တဦးကို ရယူစေချင်ပါသည်။ ကျွန်ုပ်သည်ကား တောထွက်၍ ရဟန်းပြုမည့်သူ ဖြစ်ပါသည်၊ နောက်အခါကျမှ နှလုံးမသာမယာ မဖြစ်စေချင်ပါ”-

ဟု သဝဏ်လွှာရေးသား၍ ဘဒ္ဒါထံသို့ လျှို့ဝှက်စွာ သဝဏ်လွှာကို ပို့စေလေ၏။



၁၃၀

     ဘဒ္ဒါပုဏ္ဏေး သူဌေးသမီးသည်လည်း “ငါ့ကို မိဖနှစ်ပါးတို့က မဂဓတိုင်း မဟာတိတ္ထရွာ ကပိလပုဏ္ဏားသူဌေးကြီး၏သား ပိပ္ပလိလုလင်အား ပေးလိုကြသတဲ့”ဟူသော သတင်းစကားကို ကြားသိရ၍ ထို့အတူပင် ဆိတ်ငြိမ်ရာသို့ ကပ်ရောက်လျက်-

“မောင်ကြီးပိပ္ပလိ.. အရှင့်သားသည် မိမိနှင့် ဇာတ်, အနွယ်, စည်းစိမ်အား လျော်လျောက်ပတ်သည့် အခြား အိမ်ရှင်မတဦးဦးကို ရယူစေချင်ပါသည်၊ နှမသည်ကား တောထွက်၍ ရဟန်းမ-ပြုလုပ်မည့်သူ ဖြစ်ပါသည်။ နောက်အခါကျမှ နှလုံးမသာမယာ မဖြစ်စေချင်ပါ”-

ဟု သဝဏ်လွှာရေးသား၍ ပိပ္ပလိလုလင်ထံသို့ လျှို့ဝှက်စွာ သဝဏ်လွှာကို ပို့စေလေ၏။

     သဝဏ်လွှာပို့ကြသူ နှစ်ဖက်သားတို့ လမ်းအကြားဝယ် တွေ့ဆုံကြလေသော် ဘဒ္ဒါ၏လူများက “သူငယ်ချင်းတို့.. မင်းတို့ ယခု ယူဆောင်လာသော သဝဏ်လွှာသည် အဘယ်သူက အဘယ်သူ့ထံ ပို့စေအပ်သော သဝဏ်လွှာဖြစ်သနည်း”ဟု မေးမြန်းကြ၍ ပိပ္ပလိလုလင်၏ လူများကလည်း “ငါတို့အရှင် ပိပ္ပလိလုလင် သူဌေးသားက ဘဒ္ဒါသူဌေးသမီးထံသို့ ပို့စေအပ်သော သဝဏ်လွှာဖြစ်သည်”ဟု ရိုးသားစွာ ပြောဆိုကြလေ၏။ တဖန် ပိပ္ပလိလုလင်၏ လူများက “သူငယ်ချင်းတို့.. မင်းတို့ ယခု ယူဆောင်လာသော သဝဏ်လွှာသည်လည်း အဘယ်သူက ဘယ်သူ့ထံ ပို့စေအပ်သော သဝဏ်လွှာဖြစ်သနည်း”ဟု မေးမြန်းကြ၍ ဘဒ္ဒါ၏ လူများကလည်း “ငါတို့အရှင်မ ဘဒ္ဒါ သူဌေးသမီးကလေးက ပိပ္ပလိသူဌေးသားထံသို့ ပို့စေအပ်သော သဝဏ်လွှာဖြစ်သည်”ဟု အဖြောင့်ပင် ဝန်ခံပြောဆိုကြလေ၏။

     ထိုသဝဏ်လွှာ နှစ်စောင်တို့ကို နှစ်ဖက်သော လူများတို့ သဘောတူ ဖောက်၍ ဖတ်ရှုကြလေသော် အံ့ဩဖွယ်ရာ သံဝေဂရင့်သန်သည့် စာပါအနက်အဓိပ္ပါယ်ကို သိကြရ၍ “သတို့သား, သတို့သမီးတို့၏ အလုပ် (လုပ်ပုံ)ကို ကြည့်ကြကုန်လော့”ဟု



၁၃၁

ပြောဆိုကြ၍ သဝဏ်လွှာနှစ်စောင်လုံးကို ဆုတ်၍ တောအရပ်၌ စွန့်ပစ်ကြပြီးလျှင် နှစ်ဖက် သဘောတူညီ ဝမ်းမြောက်သည့် အဓိပ္ပါယ်ပါရှိသော သဝဏ်လွှာအသစ်နှစ်စောင် ရေးသားကြ၍ သတို့သား, သတို့သမီးတို့ထံ ပို့သကြလေကုန်၏။ ဤနည်းဖြင့် ပိပ္ပလိသူဌေးသားနှင့် ဘဒ္ဒါသူဌေးသမီးတို့မှာ လူ့ဘောင်ကို အလိုမရှိကြပဲလျက် မိဖနှစ်ပါးနှင့် ကြားလူများ၏ ဆောင်ရွက်ချက်အရ ထိမ်းမြားမင်္ဂလာပြုပြီးသော အချိန်သို့ ရောက်ခဲ့ကြရလေ၏။

ပန်းကုံးများ မညှိုးခြင်း

     ထိမ်းမြားမင်္ဂလာ ပြုပြီးသော နေ့မှာပင် သူဌေးသား, သူဌေးသမီးတို့သည် ပန်းကုံး တကုံးစီ အသင့်ယူဆောင်ခဲ့ကြ၍ အိပ်ရာအလယ်၌ မိမိတို့ဖက်မှ အသီးအသီး ထားရှိကြလေ၏။ ညဉ့်စာစားပြီးနောက် နှစ်ဦးလုံးပင် အိပ်ရာသို့ တက်ရောက်ကြကုန်စို့ဟု အိပ်ရာခွင်သို့ တညီတညွတ်တည်း လာရောက်ကြကာ ပိပ္ပလိသူဌေးသားက လက်ျာဖက်နံပါးဖြင့် အိပ်ရာသို့ တက်ရောက်လေ၏၊ ဘဒ္ဒါသူဌေးသမီးကလေးသည် လက်ဝဲဖက်နံပါးဖြင့် အိပ်ရာသို့ တက်ရောက်ပြီးလျှင် “အကြင်သူ၏ဖက်မှ ပန်းများသည် ညှိုးကြကုန်၏၊ ထိုသူ၏သန္တာန်၌ ရာဂစိတ်ဖြစ်ပွါးသည်ဟု အသိအမှတ်ပြုကြစတမ်း၊ ဤပန်းကုံးများကို မည်သူမျှ မထိကြစတမ်း”ဟု ကတိကဝတ်စကား ပြောကြားလေ၏။ ထိုသူနှစ်ဦးလုံးတို့ပင် တယောက်သည် တယောက်၏ကိုယ်ကို တွေ့ထိမည်မှ ကြောက်လန့်ကြသဖြင့် ညဉ့်သုံးယံပတ်လုံး မအိပ်စက်နိုင်ကြဘဲ အချိန်ကို ကုန်စေခဲ့ကြကုန်၏၊ ပန်းများလည်း မညှိုးကြကုန်။ နေ့အခါ၌ကား လောဘစိတ်ဖြင့် ပြုံးရွှင်မှုကိုမျှ မပြုကြပဲ မောင်,နှမကဲ့သို့ နေထိုင်ကြလေ၏။

ကြီးစွာသော သူဌေးစည်းစိမ်

     ထိုသူဌေးသား, သူဌေးသမီး နှစ်ဦးလုံးတို့သည် လောကာမိသခေါ် ကာမဂုဏ်၌ ခုံမင်တပ်မက်မှုဖြင့် ရောယှက်ခြင်း အလျှင်းမပြုကြပဲ အိမ်၏စီးပွါးရေးကိုလည်း လုံးဝ မဆင်ခြင်ကြပဲ မိခင်,ဖခင်တို့



၁၃၂

ကွယ်လွန်ကြသောအခါမှသာ အိမ်၏စီးပွါးရေးကို ကြပ်မစီမံကြလေ၏။ ပိပ္ပလိသူဌေးသား လုလင်၏ စည်းစိမ်ကား ကြီးကျယ် မြားမြောင်လှ၏၊ ရွှေငွေဥစ္စာသည် ရှစ်ဆယ့်ခုနှစ်ကုဋေ ရှိ၏။ တနေ့တနေ့လျှင် ကိုယ်ကိုပွတ်တိုက်၍ စွန့်ပစ်အပ်သော ရွှေမှုန့်သည်ပင် မဂဓကွမ်းစား (မဂဓခွက်)အားဖြင့် ဆယ့်နှစ်ကွမ်းစား (=ဆယ့်နှစ်ခွက် = ခြောက်ပြည်သား)ခန့် စု၍ထားလျှင် ရနိုင်လောက်၏။ စက်ယန္တရား အသင့်တပ်ဆင်ပြီးသော တဖက်ဆည်ကန်ကြီးပေါင်း အလုံးခြောက်ဆယ်တို့ ရှိကုန်၏၊ လယ်ယာ လုပ်ခင်း မြေအဝန်းမှာ ဆယ့်နှစ်ယူဇနာ ကျယ်ပြန့်လေသည်။ ကျေးကျွန်အလုပ်သမားတို့နေရာ (သီဟိုဠ်ကျွန်း အနုရာဓမြို့ ပမာဏရှိသော) ရွာကြီးဆယ့်လေးရွာ, ဆင်တပ်ပေါင်း တဆယ့်လေးတပ်, မြင်းတပ်ပေါင်း တဆယ့်လေးတပ်, ရထားတပ်ပေါင်း တဆယ့်လေးတပ်တို့ ရှိကုန်၏။

သူဌေးနှင့် သူဌေးကတော်တို့၏ သတိသံဝေဂ

     ပိပ္ပလိသူဌေးကြီးသည် တနေ့သ၌ တန်းဆာစုံလင် ဆင်ယင်ပြီးသော မြင်းတော်ကို စီး၍ လုပ်ခင်းလယ်သို့ သွားရောက်၍ လယ်၏အစွန်း၌ ရပ်တည်နေစဉ် ထွန်သွားတို့ဖြင့် ထွန်ယက်ရာ မြေအရပ်မှ တီကောင်, ပိုးကောင်များကို ကျီးငှက်စသည်တို့က ထုတ်ဖော် ထိုးဆိတ်၍ စားသောက်ကြသည်ကို မြင်လတ်၍ “အမောင်တို့.. ဤကျီးငှက်စသည်တို့သည် အဘယ်ကို စားကြကုန်သနည်း”ဟု မေးလေ၏။ ကျေးကျွန်များက “အရှင်သူဌေးမင်း.. တီကောင်, ပိုးကောင်တို့ကို စားကြပါကုန်၏”ဟု ပြောဆိုကြလေလျှင် ပိပ္ပလိသူဌေးကြီးသည် “အမောင်တို့.. ဤကျီးငှက်စသည်တို့ ပြုအပ်သော မကောင်းမှု အကုသိုလ်ကံသည် အဘယ်သူ၏ အကုသိုလ်ကံ ဖြစ်နိုင်သနည်း”ဟု မေးမြန်းလေ၏။ ကျေးကျွန်တို့က “အရှင်သူဌေးမင်း.. အရှင်သူဌေးမင်းတို့အတွက် လယ်ထွန်ကြခြင်းဖြစ်၍ ထိုမကောင်းမှု အကုသိုလ်ကံသည် အရှင်သူဌေးမင်းတို့၏ အကုသိုလ်ကံ ဖြစ်ပါ၏”ဟု ပြန်လည်ဖြေကြားကြလေလျှင် ပိပ္ပလိသူဌေးကြီးသည် သတိသံဝေဂ ကြီးစွာရရှိကာ



၁၃၃

“ဤကျီးငှက်စသည်တို့ ပြုအပ်သော မကောင်းမှု အကုသိုလ်ကံသည် အကယ်၍ ငါ၏ မကောင်းမှု အကုသိုလ်ကံ ဖြစ်ခဲ့လျှင် ငါ့အဖို့ရာ ရှစ်ဆယ့်ခုနစ်ကုဋေသော ရွှေငွေဥစ္စာသည် အဘယ်အကျိုးရှိအံ့နည်း = အကျိုးမရှိသည်သာ၊ ဆယ့်နှစ်ယူဇနာ ကျယ်ဝန်းသော လုပ်ခင်း, စက်ယန္တရား တပ်ဆင်အပ်သည့် တဖက်ဆည် ကန်ကြီး အလုံးပေါင်း ခြောက်ဆယ်, အလုပ်သမားရွာပေါင်း တဆယ့်လေးရွာ-စသော စည်းစိမ်စုသည် အဘယ်အကျိုးရှိအံ့နည်း၊ အကျိုးမရှိသည်သာ။ သို့ရကား ငါသည် အလုံးစုံသော စည်းစိမ်အစုကို ဘဒ္ဒါကာပိလာနီ သူဌေးကတော်အား အပ်နှင်း၍ တောထွက်ကာ ရဟန်းပြုပေတော့အံ့”ဟု လေးနက်စွာ ဆင်ခြင် စဉ်းစားမိလေ၏။

     ဘဒ္ဒါကာပိလာနီ သူဌေးကတော်သည်လည်း ထိုခဏ၌ အိမ်ဝိုင်းအတွင်းဝယ် နှမ်းအိုးကြီးသုံးလုံးတို့ကို ဖျာတို့ဖြင့် ဖြန့်ခင်း နေလှန်းစေလျက် အထိန်းတော်များ ဝန်းရံအပ်ကာ ထိုင်နေစဉ် ကျီးငှက်တို့က နှမ်းပိုးတို့ကို ထိုးဆွ စားသောက်ကြသည်ကို မြင်လတ်၍ အထိန်းတော်တို့ကို “အမိတို့.. ဤကျီးငှက်တို့သည် အဘယ်ကို စားကြသနည်း”ဟု မေးလေ၏။ အထိန်းတော်များက “အိုအရှင်မ.. နှမ်းပိုးတို့ကို စားကြပါသည်”ဟု ဖြေကြားကြလေလျှင် ဘဒ္ဒါသူဌေးကတော်သည် “အမိတို့.. ထိုသို့ ကျီးငှက်များ နှမ်းပိုးတို့ကို ထိုးဆွစားသောက်ကြသဖြင့်ဖြစ်သော မကောင်းမှု အကုသိုလ်ကံသည် အဘယ်သူ၏ မကောင်းမှု အကုသိုလ်ကံ ဖြစ်နိုင်သနည်း”ဟု မေးမြန်းပြန်လေ၏။ အထိန်းတော်တို့က “အို အရှင်မ.. အရှင်မတို့အတွက် လုပ်ဆောင်ရခြင်း ဖြစ်သောကြောင့် ထိုမကောင်းမှု အကုသိုလ်ကံသည် အရှင်မတို့၏ မကောင်းမှု အကုသိုလ်ကံ ဖြစ်ပါ၏”ဟု ပြန်လည် ဖြေကြားကြလေလျှင် ဘဒ္ဒါကာပိလာနီ သူဌေးကတော်သည် “ဩ.. ငါ့အဖို့ရာ ဝတ်ရေးအတွက် လေးတောင်မျှရှိသောအဝတ်, စားရေးအတွက် တကွမ်းစားချက် (=တခွက်ချက်)မျှသော ထမင်းကို ရလျှင်ပင် သင့်လျော်လှပေ၏ (=လေးတောင်ရှိသော အဝတ်ထက်



၁၃၄

ပို၍လည်း မ၀တ်နိုင်၊ တကွမ်းစားချက် ထမင်းထက် ပို၍လည်း မစားနိုင်-ဟု ဆိုလိုသည်)၊ အကယ်၍များ ဤမျှသောသူတို့ ပြုလုပ်အပ်သည့် မကောင်းမှု အကုသိုလ်ကံသည် ငါ၏ မကောင်းမှု အကုသိုလ်ကံ ဖြစ်မည်ဆိုပါက ငါသည် ဧကန်ပင် ဘဝပေါင်း အထောင်ဖြင့်လည်း သံသရာဝဋ်ဒုက္ခမှ ဦးခေါင်းထောင်နိုင်တော့မည် မဟုတ်ချေ၊ ငါသည် အရှင့်သားရောက်လာလျှင်ပင် အလုံးစုံသော စည်းစိမ်ဥစ္စာကို အရှင့်သားအား အပ်နှင်း၍ တောထွက်ကာ ရဟန်းမ-ပြုတော့မည်”ဟု လေးနက်စွာ ဆင်ခြင်စဉ်းစားမိလေ၏။

နှစ်ဦးလုံး ရဟန်းပြုကြခြင်း

     ပိပ္ပလိသူဌေးသည် အိမ်သို့ပြန်လာပြီးလျှင် ရေမိုးချိုးပြီးနောက် ပြာသာဒ်ထက်သို့ တက်ရောက်၍ သူမြတ်တို့နှင့်သာ ထိုက်တန်သော သူဌေးပလ္လင်ဝယ် ထိုင်၍နေလေ၏၊ ထိုအခါ သူဌေးအတွက် စကြာမင်းတို့အား သင့်လျော် လျောက်ပတ်သည့် ထမင်းစားပွဲကြီးကို ပြင်ဆင် ဆက်သ ကျွေးမွေးကြလေကုန်၏။ ပိပ္ပလိသူဌေးနှင့် ဘဒ္ဒါကာပိလာနီ သူဌေးကတော် = နှစ်ဦးသားတို့သည် အတူတကွ ထမင်းစားကြ၍ အခြံအရံလူများ ထွက်ခွါ၍ သွားကြသော် ဆိတ်ငြိမ်ရာသို့ ကပ်ရောက်ကြကာ ချမ်းသာရာဌာန၌ ငြိမ်သက်စွာ ထိုင်နေကြလေကုန်၏။

     ထို့နောက် ပိပ္ပလိသူဌေးနှင့် ဘဒ္ဒါကာပိလာနီ သူဌေးကတော်တို့ တိုင်ပင်ပြောဆိုကြသည်မှာ-

(ပိပ္ပလိ)

ရှင်မဘဒ္ဒါ.. သင် ဤအိမ်သို့ လာရောက်စဉ်က အဘယ်မျှသော ဥစ္စာကို ယူဆောင်ခဲ့သနည်း။

(ဘဒ္ဒါ)

လှည်းအစီးပေါင်း ငါးသောင်းငါးထောင်တိုက်ရှိသော ဥစ္စာတို့ကို ယူဆောင်ခဲ့ပါသည်အရှင်..။

(ပိပ္ပလိ)

ဤသင်ယူဆောင်ခဲ့သော ဥစ္စာအားလုံးကို၎င်း, ဤအိမ်မှာ ရှိရင်းစွဲဖြစ်သည့် ရှစ်ဆယ့်ခုနစ်ကုဋေသော ဥစ္စာ, စက်ယန္တရားတပ်ဆင်ပြီးသည့် တဖက်ဆည်ကန်ကြီး



၁၃၅

အလုံးခြောက်ဆယ်- အစရှိသော စည်းစိမ်ဥစ္စာ အားလုံးကို၎င်း သင့်အားသာလျှင် ငါ အပ်နှင်းပါ၏။

(ဘဒ္ဒါ)

အိုအရှင်.. အရှင်ကမူ အဘယ်အရပ်သို့ သွားရောက်ကြပါမည်နည်း။

(ပိပ္ပလိ)

ရှင်မဘဒ္ဒါ.. ငါတမူကား ရဟန်းပြုပေတော့အံ့။

(ဘဒ္ဒါ)

အို အရှင်.. အကျွန်ုပ်သည်လည်း အရှင်တို့ ပြန်လာချိန်ကိုသာ စောင့်မျှော်လျက် အသင့်နေထိုင်ပါသည်။ အကျွန်ုပ်သည်လည်း ရှင်ရဟန်းမ-ပြုပါတော့အံ့။

ဤကဲ့သို့ တိုင်ပင် ပြောဆိုကြလေသည်။ ထိုပါရမီရှင် နှစ်ဦးတို့၏အဖို့ရာ ကာ,မ ရူပ, အရူပ တည်းဟူသော ဘဝသုံးပါးတို့သည် မီးတဟုန်းဟုန်း တောက်လောင်နေသော သစ်ရွက်မိုး တဲကုပ်သုံးလုံးတို့ကဲ့သို့ ထင်ရကုန်၏။ သို့ရကား ပါရမီရှင်ကြီး နှစ်ဦးတို့သည် ဈေးအတွင်းမှ သင်္ကန်း, သပိတ်တို့ကို ဝယ်ဆောင်စေကြ၍ တယောက်က တယောက်၏ ဆံများကို ပယ်ချပေးကြကာ “လောက၌ ပူဇော်အထူးကို ခံတော်မူထိုက်ကြသော ရဟန္တာသခင် အရှင်မြတ်တို့ကို ရည်စူး၍ အကျွန်ုပ်တို့၏ ရဟန်းပြုခြင်းသည် ဖြစ်ပါ၏”ဟု နှုတ်မြွက်ရွတ်ဆိုကြ၍ ရဟန်းအသွင် ဝတ်ဆင်ကြပြီးလျှင် သပိတ်များကို သပိတ်အိတ်၌ အသီးအသီး ထည့်ကြပြီးလျှင် လက်ဝဲပခုံး၌ လွယ်ကြလျက် ပြာသာဒ်မမှ ဆင်းသက်လာကြလေကုန်၏။ အိမ်မှာရှိကြသော ကျွန်မိန်းမ, ကျွန်ယောက်ျား, အလုပ်သမားတို့အနက် တဦးတယောက်မျှ ပါရမီရှင်နှစ်ဦးတို့ကို မမှတ်မိ မသိရှိကြကုန်။

     ထို့နောက် မဟာတိတ္ထပုဏ္ဏားရွာမှ ထွက်၍ ကျေးကျွန် အလုပ်သမားတို့၏ ရွာတံခါးဖြင့် သွားကြသော အရှင်နှစ်ပါးတို့ကို အသွင်အပြင် အမူအရာကိုကြည့်၍ အလုပ်သမား ရွာသားတို့သည် ငါတို့၏ အရှင်နှစ်ပါးတို့တည်းဟု သိရှိကြကာ သည်းစွာ ငိုကြွေးကြ၍ ခြေရင်း၌ ဝပ်စင်းကြပြီးလျှင် “အရှင်တို့.. အဘယ့်ကြောင့်



၁၃၆

အကျွန်ုပ်တို့ကို ကိုးကွယ်ရာမဲ့အောင် ပြုတော်မူကြသနည်း”ဟု ဝမ်းနည်းစကား ပြောကြားကြလေကုန်၏။ အရှင်နှစ်ပါးတို့သည်လည်း “အချင်းတို့.. ငါတို့သည် ‘ဘဝသုံးပါးတို့ကား မီးတဟုန်းဟုန်း တောက်လောင်နေသော သစ်ရွက်မိုး တဲကုပ်နှင့် တူကုန်၏’ဟု သတိသံဝေဂ ကြီးစွာရကြကာ ရှင်ရဟန်းပြုခဲ့ကြလေပြီ၊ သင်တို့တွင် တယောက်စီ တယောက်စီ တော်လှန်မင်းစစ် ကျွန်အဖြစ်မှ လွတ်မြောက်အောင် ငါတို့ ပြုနေကြလျှင် နှစ်ပေါင်း တရာသော်မှလည်း လောက်နိုင်မည် မဟုတ်ချေ။ သင်တို့သည်ပင် သင်တို့ဦးခေါင်းများကို ဆေးလျော်ကြ၍ တော်လှန်မင်းစစ် ကျွန်အဖြစ်မှ လွတ်မြောက်ကြကာ အသက်ရှင်ရစ်ကြလော့”ဟု ပြောဆိုကြ၍ ကျေးကျွန်များ ငိုကြွေးမြည်တမ်းနေကြစဉ်ပင် စွန့်ခွါဖဲသွားတော်မူကြလေကုန်၏။

အရှင်နှစ်ပါး လမ်းခွဲတော်မူကြခြင်း

     ပိပ္ပလိမထေရ်မြတ်သည် ရှေ့မှ ကြွသွားတော်မူရင်း ပြန်လည်ကြည့်ရှုကာ ဤသို့ စဉ်းစား ဆင်ခြင်တော်မူမိလေသည်၊ ဆင်ခြင်တော်မူမိပုံမှာ-

“ဇမ္ဗူဒိပ်ကျွန်းလုံး တန်ဖိုးနှုန်းထိုက်တန်သူ ဤဘဒ္ဒါကာပိလာနီ ထေရီမိန်းမလှသည် နောက်မှ လိုက်ပါလျက်ရှိ၏။ တဦးတယောက်သောသူက ‘ဤသူနှစ်ဦးတို့သည်လည်း တဦးနှင့်တဦး မခွဲခွါနိုင်ကြကုန်၊ ရဟန်းတို့အရေနှင့် မလျော်သည်ကို ပြုလုပ်ကြကုန်၏’ဟု အကြံမှားမည်ဆိုက အကြံမှားနိုင်ရန် အကြောင်းရှိချေ၏။ ထို့ပြင်လည်း တဦးတယောက်သောသူသည် ငါတို့အပေါ်၌ စိတ်ပြစ်မှား၍ အပါယ်သို့ ရောက်မည်ဆိုက လားရောက်နိုင်လေရာ၏။ သို့ရကား ငါသည် ဤဘဒ္ဒါကာပိလာနီ ထေရီမိန်းမလှကို စွန့်ခွါသွားမှ သင့်လျော် လျောက်ပတ်တော့မည်”-

ဟု ကြံစည်ဆင်ခြင်တော်မူမိလေသည်။



၁၃၇

     မထေရ်မြတ်သည် ရှေ့မှ အစဉ်သဖြင့် ကြွသွားတော်မူလတ်သော် လမ်းနှစ်မြွာကို တွေ့လတ်၍ ထိုလမ်းနှစ်မြွာ၏ နှစ်ဖြာကွဲ၍ ခွဲရာအရပ်၌ တန့်ရပ်တော်မူလေ၏။ ဘဒ္ဒါထေရီမသည်လည်း နောက်မှလာလတ်၍ မထေရ်မြတ်ကို ရှိခိုးရပ်တည်လေ၏။ ထို့နောက် မထေရ်မြတ်သည် ဘဒ္ဒါထေရီမကို “အို ဘဒ္ဒါထေရီ.. သင်ကဲ့သို့သော မိန်းမလှတယောက် နောက်မှ လိုက်ပါနေသည်ကို မြင်ရလျှင် ‘ဤသူနှစ်ဦးတို့သည် ရဟန်းပြုပြီး၍လည်း တဦးနှင့်တဦး မခွဲခွါနိုင်ကြကုန်’ဟု ကြံမှား၍ ငါတို့အပေါ်၌ စိတ်နေဖောက်ပြား ပြစ်မှားမိကြသော လူအပေါင်းသည် အပါယ်လေးပါး လားရောက်သည် ဖြစ်လေရာ၏၊ သို့ရကား ဤလမ်းနှစ်မြွာတွင် သင်နှစ်သက်ရာ လမ်းတခုကို ယူလော့၊ ငါသည် သင်မလိုချင်သော အခြားလမ်းတခုဖြင့် သွားပါတော့အံ့”ဟု မိန့်တော်မူလေ၏။

     ဘဒ္ဒါထေရီမသည်လည်း “အိမ်း.. ဟုတ်ပါသည် အရှင်.. ရဟန်းတို့အဖို့ရာ မာတုဂါမမည်သည် အညစ်အကြေးဖြစ်ပါသည်။ ‘ရဟန်းပြုပြီး၍လည်း မခွဲခွာနိုင်ကြကုန်’ဟု အကျွန်ုပ်တို့အပေါ်၌ လူအများ အပြစ်တင်ကြလိမ့်မည်၊ အရှင်တို့သည် လမ်းတခုကို ယူတော်မူကြပါ၊ အကျွန်ုပ်သည် အခြားလမ်းတခုကိုယူ၍ အကျွန်ုပ်တို့နှစ်ဦး ခွဲခွာကြပါကုန်စို့”ဟု ပြောဆို၍ သုံးကြိမ်သုံးပတ်တိုင်တိုင် လက်ျာရစ် လှည့်ပြီးလျှင် ရှေ့,နောက်,၀ဲ,ယာ = လေးဌာနတို့၌ ငါးပါးသောတည်ခြင်းဖြင့် ရိုသေမြတ်နိုး ရှိခိုးပြီးနောက် လက်အုပ်ကို ချီးမြှောက်လျက် “ကမ္ဘာတသိန်းထက်က ပြုခဲ့ကြသော အဆွေခင်ပွန်း ချစ်ကျွမ်းဝင်မှုသည် ယနေ့ ပြတ်စဲလေပြီ”ဟု ပြောဆိုကာ “အရှင်မြတ်တို့သည် လက်ျာဇာတ် သူမြတ်တို့ ဖြစ်ကြပါသည်၊ သို့ရကား အရှင်တို့အား လက်ျာလမ်းခရီးသည် သင့်လျော် လျောက်ပတ်ပါ၏။ အကျွန်ုပ်တို့ မာတုဂါမများကား လက်ဝဲဇာတ်ရှိသူများ ဖြစ်ကြပါသည်၊ သို့ရကား အကျွန်ုပ်တို့အား လက်ဝဲလမ်းခရီးသည် သင့်လျော် လျောက်ပတ်ပါ၏”ဟု ပြောဆို ရှိခိုးပြီးလျှင် လက်ဝဲလမ်းသို့ သွားရှာလေ၏။



၁၃၈

ထိုအရှင်နှစ်ဦးတို့ လမ်းနှစ်ဖြာခွဲ၍ သွားကြသောအခါ၌ ဤမဟာပထဝီမြေကြီးသည် “ငါကား စကြဝဠာတောင်, မြင်းမိုရ်တောင်တို့ကို ဆောင်၍ထားနိုင်သော်လည်း သင် အရှင်မြတ်နှစ်ဦးတို့၏ ဂုဏ်ကျေးဇူးတို့ကို ဆောင်ထားခြင်းငှါ မစွမ်းနိုင်တော့ပါ”ဟု နှုတ်မြွတ်၍ ပြောဆိုသကဲ့သို့ ပဲ့တင်သံကြီး မြည်ဟည်းလျက် သည်းစွာ တုန်လှုပ်လေ၏။ ကောင်းကင်၌လည်း မိုးကြိုးထစ်သော အသံကဲ့သို့ ဖြစ်လေ၏။ စကြဝဠာ တောင်, မြင်းမိုရ်တောင်များသည် (မြေငလျင်လှုပ်သဖြင့်) အထက်သို့ မြင့်၍မြင့်၍ တက်ကြလေ၏။

မြတ်စွာဘုရားနှင့် မထေရ်မြတ် တွေ့ဆုံခြင်း

     ထိုအချိန်၌ မြတ်စွာဘုရားသည် ပဌမဝါကျွတ်ပြီးနောက် ရာဇဂြိုဟ်ပြည်သို့ ရောက်တော်မူပြီး၍ (ထိုဘုရားဖြစ်သော နှစ်မှာပင်) ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတိုက်တော်၌ ကိန်းအောင်းမွေ့လျော် နေတော်မူဆဲဖြစ်၏။ (ကပိလ၀တ်ပြည်သို့ ကြွတော်မမူသေးမီ အချိန်ကာလဖြစ်သည်)။ ထိုအခါ မြတ်စွာဘုရားသည် ဝေဠုဝန် ကျောင်းတိုက်တော်ကြီးအတွင်း ဂန္ဓကုဋီ ကျောင်းဆောင်တော်၌ သီတင်းသုံး နေထိုင်တော်မူစဉ် မဟာပထဝီမြေလှုပ်သံကို ကြားတော်မူ၍ “အဘယ်သူ့အတွက် မဟာပထဝီ ဤမြေကြီး တုန်လှုပ်သနည်း”ဟု ဆင်ခြင်တော်မူသည်ရှိသော် “ပိပ္ပလိလုလင်နှင့် ဘဒ္ဒါကာပိလာနီ အမျိုးသမီးတို့သည် ငါဘုရားကို ရည်ညွှန်း၍ မနှိုင်းရှည်နိုင်သော စည်းစိမ်ကို ရက်ရက်စွန့်ခွာကာ ရဟန်းပြုခဲ့ကြကုန်ပြီ၊ ထိုသူနှစ်ဦးတို့၏ ခွဲခွါရာအရပ်၌ နှစ်ဦးလုံးတို့၏ ဂုဏ်ကျေးဇူးအစွမ်းကြောင့် ဤမြေလှုပ်ခြင်း ဖြစ်လေသည်။ ငါဘုရားသည်လည်း ထိုသူနှစ်ဦးတို့ကို သင်္ဂြိုဟ်ချီးမြှောက်မှုပြုမှ သင့်လျော် လျောက်ပတ်တော့မည်”ဟု ဆင်ခြင်တော်မူ၍ ဂန္ဓကုဋီကျောင်းဆောင်တော်မှ ထွက်ကြွတော်မူကာ ကိုယ်တော်တိုင်သာ သပိတ်သင်္ကန်းကို ယူဆောင်တော်မူ၍ အသီတိသာဝကဝင် မထေရ်ကြီးတို့တွင် တပါးပါးကိုမျှ နောက်ပါအဖြစ် ခေါ်တော်မမူပဲ ကိုယ်တော်တပါးတည်းသာ သုံးဂါဝုတ်ခရီးတိုင်အောင်



၁၃၉

ကြိုဆိုမှု ပြုတော်မူ၍ ရာဇဂြိုဟ်ပြည်နှင့် နာလန္ဒာမြို့၏ အကြား ဗဟုပုတ္တက-မည်သော ပညောင်ပင်ရင်း၌ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေတော်မူလေ၏။

     အထူးအားဖြင့် ထိုသို့ ထိုင်နေတော်မူသော မြတ်စွာဘုရားသည် မထင်မရှား = အညတရ ပံသုကူဓုတင်ဆောင် ရဟန်းတပါးကဲ့သို့ ထိုင်နေတော်မမူပဲ ဘုရားရှင်ကို ရှေးက မဖူးမြင်ဘူးသော အရှင်မဟာကဿပမထေရ်၏ သဒ္ဓါတရား တိုးတက် ဖြစ်ပွါးစေခြင်းငှါ လက္ခဏာတော် ကြီးငယ်တို့ဖြင့် တင့်တယ်တောက်ပသည့် ပကတိ ဘုရားအသရေတို့ကို မဖုံးမကွယ်ပဲ အတောင်ရှစ်ဆယ် အရပ်တိုင်အောင် ထွန်းပြောင်တောက်ပသည့် တခဲနက်သော ဘုရားရောင်ခြည်တော်တို့ကို လွှတ်တော်မူကာ ထိုင်နေတော်မူလေသည်။ ဤသို့လျှင် ထိုခဏ၌ သစ်ရွက်ထီးခန့်, လှည်းဘီးခန့်, အထွတ်တပ်သော ပြာသာဒ်ခန့်-စသည် ပမာဏရှိကြသော ဘုရားရောင်ခြည်တော်တို့သည် ဤမှထိုမှ တလျှပ်လျှပ် ပြေးသွားတော်မူကြလျက် လအထောင် နေအထောင် တပြောင်ပြောင်တက်ထွန်း သော အခါမှာကဲ့သို့ ပြုကြကာ ထိုတောအုပ်အလုံးကို တပြိုင်နက် ထွန်းပြောင်အောင် ပြုဆောင်တော်မူကြလေကုန်၏။ သို့ရကား တောအလုံးသည် သုံးဆယ့်နှစ်ပါးသော မဟာပုရိသ လက္ခဏာတော်တို့၏ အသရေတော်ဖြင့် ကြယ်တာရာတို့ဖြင့် တောက်ပြောင်သော မိုးကောင်းကင်ကဲ့သို့၎င်း, ကြာမျိုးငါးဖုံ အစုစုအရုံရုံ ပွင့်၍နေသော ရေအပြင်ကဲ့သို့၎င်း အလွန်ပင် တင့်တယ်လေတော့၏။ ပညောင်ပင်၏ ပင်စည်မည်သည် ပကတိအားဖြင့် ဖြူရမည်, အရွက်တို့မည်သည် ပကတိအားဖြင့် စိမ်းညိုရမည်, အရွက်ရင့်တို့မည်သည် ပကတိအားဖြင့် နီမြန်းကြရမည် ဖြစ်သော်လည်း ထိုနေ့မှာမူ အကြားမလပ် ဘုရားရောင်ခြည်တော်တို့ဖြင့် ထက်ဝန်းကျင် ရောပြွမ်း၍ နေရကား အခက်များစွာရှိသော ဗဟုပုတ္တက ပညောင်ပင်ကြီး တပင်လုံးသည် ရွှေရောင်အဆင်း ဝါဝင်းထိန်ဝေ၍သာ နေလေတော့၏။



၁၄၀

     အရှင်မဟာကဿပ မထေရ်သည် “အရှင်မြတ်သည်ပင် ငါ၏ဆရာ ဘုရားမြတ်စွာ ဖြစ်ပေလိမ့်မည်။ ဤဘုရားမြတ်စွာကိုပင် ရည်ညွှန်း၍ ငါသည် ရဟန်းပြုခဲ့လေပြီ”ဟု ကြံစည်အောက်မေ့ကာ မြတ်စွာဘုရားရှင်ကို မြင်ရာအရပ်မှစ၍ မိမိကိုယ်ကို ညွတ်လျက် ညွတ်လျက် သွားရောက်ကာ အဝေးအရပ်မှ တကြိမ်, မနီးမဝေးအရပ်မှ တကြိမ်, အနီးအရပ်သို့ ရောက်သောအခါ တကြိမ် = ဤသို့ သုံးဌာန (အဝေး, မနီးမဝေး, အနီးအရပ်)တို့၌ မြတ်စွာဘုရားရှင်ကို ရိုသေမြတ်နိုး ရှိခိုးပြီးလျှင် “သတ္ထာ မေ ဘန္တေ ဘဂဝါ၊ သာဝကောဟမသ္မိ = မြတ်စွာဘုရား.. ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် အကျွန်ုပ်၏ဆရာ ဖြစ်တော်မူပါပေ၏၊ အကျွန်ုပ်သည် တပည့်သာဝကဖြစ်ပါ၏, သတ္ထာ မေ ဘန္တေ ဘဂဝါ၊ သာဝကောဟမသ္မိ = မြတ်စွာဘုရား.. ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် အကျွန်ုပ်၏ဆရာ ဖြစ်တော်မူပါပေ၏၊ အကျွန်ုပ်သည် တပည့်သာဝကဖြစ်ပါ၏”ဟု သုံးကြိမ်တိုင် နှုတ်မြွက်၍ တပည့်အဖြစ်ကို ခံယူလေ၏။

     ထိုအခါ မြတ်စွာဘုရားသည် အရှင်မဟာကဿပမထေရ်ကို “ချစ်သားကဿပ.. သင်ချစ်သားသည် ဤယခု အလွန်အမင်း ရိုသေခြင်းအမှုကို အကယ်၍ မဟာပထဝီမြေကြီးအား ပြုလုပ်လျှင် ထိုမဟာပထဝီမြေကြီးသည် သင်ချစ်သား၏ ဤအလွန်အမင်း ရိုသေခြင်းကို ဆောင်ထားနိုင်မည်မဟုတ်ချေ၊ ရှေးဘုရားတို့အတူ လာခြင်းကောင်းတော်မူသော မြတ်စွာဘုရားအား ဤသို့ ဂုဏ်ကျေးဇူး ကြီးမြတ်သည်ကို သိရှိသော သင်ချစ်သားက ပြုအပ်သော အလွန်အမင်း ရိုသေခြင်းအမှုသည် ငါဘုရား၏ မွေးညှင်းတပင်ကိုမျှလည်း လှုပ်စေခြင်းငှါ မစွမ်းနိုင်ချေ၊ ချစ်သားကဿပ.. ထိုင်လော့၊ သင်ချစ်သားအား ငါဘုရားသည် အမွေကို ပေးပေတော့အံ့”ဟု မိန့်တော်မူ၏။ (ဤကား အင်္ဂုတ္တိုရ်အဋ္ဌကထာ



၁၄၁

ဧကကနိပါတ် ဧတဒဂ္ဂဝဂ်အဖွင့် အံ-ဋ္ဌ ၁၊ ၁၄၂-နှင့် ထေရဂါထာအဋ္ဌကထာ စတ္တာလီသနိပါတ် မဟာကဿပတ္ထေရဂါထာအဖွင့် ထေရဂါထာ-ဋ္ဌ ၂၊ ၄၄၃-တို့၌ ဖွင့်ပြပုံတည်း)။

     နိဒါနဝဂ္ဂ ၅-ကဿပသံယုတ်၊ ၁၁-စီဝရသုတ် (ပိဋကတ်မြန်မာပြန် စာမျက်နှာ ၄၀၉)၌ကား ထိုသို့ အရှင်မဟာကဿပမထေရ်က တပည့်ခံစကား သုံးကြိမ်တိုင် လေးနက်စွာ လျှောက်ထားသောအခါ မြတ်စွာဘုရားရှင်သည် အရှင်မဟာကဿပ မထေရ်ကို “ကဿပ.. အကြင်သူသည် ဤကဲ့သို့ အလုံးစုံသော စိတ်နှင့် ပြည့်စုံသော တပည့်ကို မသိပါပဲလျက်လျှင် ‘ငါသိ၏’ဟူ၍ မမြင်ပါပဲလျက်လျှင် ‘ငါမြင်၏’ဟူ၍ ဆိုငြားအံ့၊ ထိုသူ၏ ဦးခေါင်းသည် ပြတ်ကြွေကျရာ၏။ ကဿပ.. ငါဘုရားသည်ကား သိတော်မူသောကြောင့်သာလျှင် ‘ငါသိ၏’ဟူ၍ မြင်တော်မူသောကြောင့်သာလျှင် ‘ငါမြင်၏’ဟူ၍ ဆို၏”ဟု မြတ်စွာဘုရား မိန့်ကြားတော်မူကြောင်း လာရှိသည်။

(ဤအရာ၌ ဆိုလိုရင်းမှာ– မြတ်စွာဘုရားမှတပါး အခြား “မသိမမြင်ပါပဲလျက် သိ၏ မြင်၏”ဟု ဝန်ခံသော သာသနာပြင်ပ ဗာဟိရက ဆရာတဦးဦးအား ဤသို့ အလုံးစုံသောစိတ်နှင့် ပြည့်စုံလျက် သဒ္ဓါရွှန်းစို ကြည်ညိုသောစိတ်ရှိသူ တပည့်သာဝကသည် ဤယခု အရှင်မဟာကဿပမထေရ်ပြုသော အလွန်အမင်း ရိုသေခြင်းကဲ့သို့သော အရိုအသေမှုကို ပြုလုပ်လျှင် ထိုသာသနာပြင်ပ ဗာဟိရဆရာ၏ ဦးခေါင်းသည် အညှာမှ ပြတ်ကြွေကျသော ထန်းသီးမှည့်ကဲ့သို့ လည်ပင်းမှ ဦးခေါင်းသည်လည်း ပြတ်ကြွေကျလေရာ၏၊ ခုနစ်စိတ် ခုနစ်မြွာ ကွဲလေရာ၏ဟု ဆိုလိုသည်။

ဤ၌ မြတ်စွာဘုရားရှင်၏ မိန့်ဆိုတော်မူလိုရင်းကို ရှင်းလင်းဖော်ပြရလျှင်- အရှင်မဟာကဿပ မထေရ်သည် ဤယခု စိတ်၏ ကြည်ညိုခြင်းဖြင့် ဤအလွန်အမင်း ရိုသေခြင်းကို အကယ်၍များ မဟာသမုဒြာကြီးအား ပြုမည်ဆိုလျှင် မဟာသမုဒြာရေသည် လောလောပူသော သံအိုးကင်း၌ ထည့်အပ်သော ရေပေါက်ကဲ့သို့ ကျေပျောက်ခြင်းသို့ ရောက်လေရာ၏၊ အကယ်၍ စကြ၀ဠာတောင်ကြီးအား ပြုမည် ဆိုလျှင် စကြဝဠာတောင်ကြီးသည် ဖွဲဆုပ်ပမာ ဖရိုဖရဲ ပြိုကွဲပျက်စီး၍ သွားလေရာ၏၊ အကယ်၍

၁၄၂

မြင်းမိုရ်တောင်အား ပြုမည်ဆိုလျှင် မြင်းမိုရ်တောင်သည် ကျီးနှုတ်သီးဖြင့် ထိုးဆွအပ်သော မုန့်ညက်စိုင်ဆုပ်ကဲ့သို့ ဖရိုဖရဲ ပျက်စီးလေရာ၏၊ အကယ်၍ မဟာပထဝီမြေကြီးအား ပြုလုပ်မည်ဆိုလျှင် မဟာပထဝီမြေကြီးသည် လေတိုက်ခတ်သော ပြာပုံကြီးပမာ ကြဲပြန့်၍ သွားလေရာ၏။ သို့စဉ်ကလောက် တန်ခိုးရောက်သော မထေရ်မြတ်၏ အရိုအသေပြုမှုသည် မြတ်စွာဘုရား၏ ခြေတော်ဖမိုးဝယ် မွေးညှင်းတော်မျှကိုလည်း မတုန်လှုပ်စေနိုင်။ အရှင်မဟာကဿပ မထေရ်တပါးကို ထားဘိဦးလော့၊ မထေရ်မြတ်နှင့် အလားတူသည့် ရဟန်းအထောင် ရဟန်းအသိန်းပင်သော်လည်း ရိုသေမှုကို ထင်ရှားပြုခြင်းဖြင့် မြတ်စွာဘုရား၏ ခြေတော်ဖမိုးဝယ် မွေးညှင်းတော်မျှကိုလည်း ဖောက်ပြန် တုန်လှုပ်စေခြင်းငှါ မစွမ်းနိုင်၊ ကိုယ်တော်မြတ် ဝတ်ရုံအပ်သည့် ပံသုကူသင်္ကန်းဝယ် ချည်မျှင်ကလေး တမျှင်ကိုမျှလည်း မတုန်လှုပ်စေနိုင်၊ ဤသို့လျှင် မြတ်စွာဘုရားရှင်ကား အာနုဘော် ကြီးမားတော်မူလှပါပေ၏)။

ဩဝါဒပဋိဂ္ဂဟဏရဟန်းအဖြစ်ကို ပေးတော်မူခြင်း

     မြတ်စွာဘုရားသည် ရှေးဆိုအပ်ပြီးသောအတိုင်း အရှင်မဟာကဿပ မထေရ်ကို “ချစ်သားကဿပ.. ထိုင်လော့၊ သင်ချစ်သားအား ငါဘုရားသည် အမွေကို ပေးတော့အံ့ဟု”ဟု မိန့်တော်မူပြီးလျှင် (နိဒါနဝဂ္ဂ ၅-ကဿပသံယုတ်၊ ၁၁-စီဝရသုတ် ပိဋကတ်မြန်မာပြန် စာမျက်နှာ ၄၀၉-၌ လာရှိသောအတိုင်း)—

“ကဿပ.. ထို့ကြောင့် ဤသာသနာတော်၌ သင်သည် သီတင်းကြီး, သီတင်းငယ်, သီတင်းလတ် ပုဂ္ဂိုလ်တို့၌ ငါ့အား ထက်စွာ ဟိရီ, ဩတ္တပ္ပကို ရှေးရှူထင်သည် ဖြစ်လတ္တံ့ဟု ဤသို့ ကျင့်ရမည် (၁)၊

ကဿပ.. ထို့ကြောင့် ဤသာသနာတော်၌ သင်သည် ကုသိုလ်နှင့်စပ်သော တရားအားလုံးကို နာအံ့၊ ထိုတရားအားလုံးကို အရိုအသေပြုကာ နှလုံးသွင်း၍ အလုံးစုံသော စိတ်ဖြင့် ကောင်းစွာဆောင်၍ နားစိုက်လျက် တရားကို နာအံ့ဟူ၍ ဤသို့ကျင့်ရမည် (၂)၊



၁၄၃

ကဿပ.. ထို့ကြောင့် ဤသာသနာတော်၌ သင်သည် သုခနှင့်တကွဖြစ်သော ကာယဂတာသတိသည် ငါ့အား မစွန့်လတ္တံ့ဟု ဤသို့ ကျင့်ရမည်” (၃)-

ဤအဆုံးအမ ဩဝါဒသုံးပါးကို ပေးတော်မူလေသည်။ ထိုဩဝါဒသုံးပါးကို အရှင်မဟာကဿပ မထေရ်သည်လည်း ရိုသေစွာ ခံယူလေသည်။ ဤအဆုံးအမ ဩဝါဒသုံးပါးသည်ပင် အရှင်မဟာကဿပ၏အတွက် ရှင်ပြုခြင်းလည်း ဖြစ်၏၊ ရဟန်းခံခြင်းလည်း ဖြစ်၏။ ဤရဟန်းခံခြင်းမျိုးကို ဤသာသနာတော်၌ အရှင်မဟာကဿပမထေရ်တပါးသာ ရတော်မူ၏၊ ဤရဟန်းခံခြင်းမျိုးကို ဩဝါဒပဋိဂ္ဂဟဏ ဥပသမ္ပဒါဟု ခေါ်၏။

(ဤ၌။ ။မြတ်စွာဘုရားရှင်သည် အရှင်မဟာကဿပမထေရ်အား ဤဩဝါဒသုံးရပ်ဖြင့် ရဟန်းပဉ္စင်းအဖြစ်ကို ပေးတော်မူ၏။ ထိုဩဝါဒသုံးရပ်တို့တွင် (၁)အမှတ်ပြ ဩဝါဒ၌ ဆိုလိုရင်းမှာ- “ချစ်သားကဿပ.. သင်ချစ်သားသည် သီတင်းကြီးပုဂ္ဂိုလ် = မိမိထက် အသက်သိက္ခာ ကြီးသောပုဂ္ဂိုလ်, သီတင်းငယ်ပုဂ္ဂိုလ် = မိမိအောက် အသက်သိက္ခာ ငယ်သောပုဂ္ဂိုလ်, သီတင်းလတ်ပုဂ္ဂိုလ် = မိမိနှင့် အသက်သိက္ခာ တူညီသောပုဂ္ဂိုလ် = ဤသီတင်းသုံးဖော် သုံးမျိုးလုံး၌ပင် အလွန်ထက်သန်သော ဟိရီ,ဩတ္တပ္ပတရား နှစ်ပါးကို အလျင်လက်ဦး ဖြစ်ပွါးစေရမည် ထားရှိရမည်”ဟု ဆိုလိုရင်းဖြစ်၏။ ဤပဌမဩဝါဒကို အရှင်မဟာကဿပမထေရ်မှာ ဗြာဟ္မဏဇာတ်ရှိသူ ဖြစ်သောကြောင့် ဇာတိမာန်ကို ပယ်ဖို့ရန် ဟောကြားတော်မူသည်။

(၂)အမှတ်ပြ ဩဝါဒ၌ ဆိုလိုရင်းမှာ- “ချစ်သားကဿပ.. သင်ချစ်သားသည် အပြစ်ကင်းသောတရားများကို တရားနာစဉ် ပြင်လွင်တခြား စိတ်မသွားစေဘဲ အစ, အလယ်, အဆုံး သုံးဌာနမှာပင် ပညာနား ပသာဒနား နှစ်ပါးစိုက်ထောင်၍ ရိုသေစွာ နာယူရမည်”ဟု ဆိုလိုရင်းဖြစ်သည်။ ဤဒုတိယဩဝါဒကို အရှင်မဟာကဿပမထေရ်မှာ ဗဟုသုတ = အကြားအမြင်များသူဖြစ်၍ ယင်း အကြားအမြင်များမှုကို အမှီပြု၍ ဖြစ်တတ်သော ငါတလူလူ မာန်မူမှုကို ပယ်ဖို့ရန် ဟောကြားတော်မူသည်။

(၃)အမှတ်ပြ ဩဝါဒ၌ ဆိုလိုရင်းမှာ- “ချစ်သားကဿပ.. သင်ချစ်သားသည် ကာယဂတာသတိ, အာနာပါနအာရုံတို့၌ဖြစ်သည့် သုခဝေဒနာ ယှဉ်ဖက်ပါသော ပဌမဈာန် မိမိသန္တာန်၌ စွန့်ခွါ၍ မသွားအောင်

၁၄၄

ကျင့်ဆောင်ကြိုးကုတ် အားထုတ်ရမည်”ဟု ဆိုလိုရင်း ဖြစ်၏။ ဤတတိယဩဝါဒကို အရှင်မဟာကဿပမထေရ်မှာ ဥပဓိနှင့် ပြည့်စုံတင့်တယ်သူဖြစ်၍ ယင်း ဥပဓိနှင့်ပြည့်စုံမှုကို အမှီပြုကာ ဖြစ်ပေါ်လာမည့် မိမိကိုယ်ကို ချစ်ခင်တွယ်တာမှု တဏှာလောဘကို ပယ်ဖို့ရန် ဟောကြားတော်မူသည်။)

     မြတ်စွာဘုရားသည် ဆိုအပ်ခဲ့သည့်အတိုင်း ဗဟုပုတ္တက ပညောင်ပင်ရင်း၌ အရှင်မဟာကဿပမထေရ်အား ဩဝါဒပဋိဂ္ဂဟဏ ရဟန်းအဖြစ်ကို ပေးတော်မူပြီးလျှင် ထိုညောင်ပင်ရင်းမှ ထွက်ကြွတော်မူခဲ့၍ မထေရ်မြတ်ကို နောက်ပါရဟန်း ပြုတော်မူကာ ခရီးကြွတော်မူလေ၏။ မြတ်စွာဘုရားကိုယ်တော်မှာ မဟာပုရိသ လက္ခဏာတော်ကြီး သုံးဆယ့်နှစ်ပါးတို့ဖြင့် ဆန်းကြယ် တင့်တယ်တော်မူ၍ အရှင်မဟာကဿပ မထေရ်၏ ကိုယ်တော်မှာ မဟာပုရိသလက္ခဏာတော် ခုနစ်ပါးတို့ဖြင့် တန်ဆာဆင်အပ် လျောက်ပတ် တင့်တယ်တော်မူလေသည်။ မထေရ်မြတ်သည် ရွှေလှေကြီး၏ နောက်တွဲ ရွှေလှေငယ်ပမာ မြတ်စွာဘုရားရှင်၏နောက်သို့ ဖဝါးခြေထပ် ထက်ကြပ်မကွာ လိုက်ပါခဲ့လေ၏။ မြတ်စွာဘုရားရှင် ခရီးအတန်ငယ် သွားပြီးသော် ခရီးမ (သွားမြဲခရီး)မှ ဖဲသက်၍ သစ်ပင်ရင်းတခု၌ ထိုင်တော်မူမည့် အခြင်းအရာကို ပြတော်မူလေ၏၊ မထေရ်မြတ်သည် “မြတ်စွာဘုရားရှင် ထိုင်တော်မူလိုသည်”ဟု သိရှိကာ အပေါ်ရုံ (အလွန်နူးညံ့သော) ဒုကုဋ်သင်္ကန်းကြီးကို လေးခေါက်ပြုကာ ခင်းပြီးလျှင် မြတ်စွာဘုရားရှင်ကို “မြတ်စွာဘုရား.. ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဤနေရာ၌ ထိုင်တော်မူပါလော့၊ ယင်းသို့ မြတ်စွာဘုရား ထိုင်တော်မူခြင်းသည် အကျွန်ုပ်၏အဖို့ရာ ရှည်မြင့်စွာသော ကာလပတ်လုံး စီးပွါး,ချမ်းသာအလို့ငှါ ဖြစ်လေရာပါ၏”ဟု လျှောက်ထားလေ၏။

သင်္ကန်းချင်း လဲတော်မူခြင်း

     မြတ်စွာဘုရားသည် ထိုလေးခေါက်သင်္ကန်းကြီး အခင်း၌ ထိုင်နေတော်မူပြီးလျှင် ထိုလေးခေါက်သင်္ကန်းကြီးကို



၁၄၅

ပဒုမာကြာပွင့် အဆင်းရှိသော ရွှေလက်တော်ဖြင့် အစွန်အဖျားမှ သုံးသပ်ကိုင်တော်မူကာ “ချစ်သားကဿပ.. သင်ချစ်သား၏ ဤပုဆိုးဟောင်း ဒုကုဋ်သင်္ကန်းကြီးသည် နူးညံ့လှစွာ့တကား”ဟု ချီးမွမ်းစကား မိန့်ကြားတော်မူလေ၏။

(ဤ၌။ ။“အဘယ့်ကြောင့် ဤသို့ ချီးမွမ်းစကား မိန့်ကြားတော်မူသနည်း”ဟူမူ- “မထေရ်မြတ်နှင့် သင်္ကန်းချင်း လဲလှယ်တော်မူလိုသောကြောင့် ဤသို့ ချီးမွမ်းစကား မိန့်ကြားတော်မူ၏”ဟု ဖြေဆိုရာ၏။

“အဘယ့်ကြောင့် သင်္ကန်းချင်း လဲလှယ်တော်မူလိုရသနည်း”ဟူမူ- “မထေရ်မြတ်ကို ကိုယ်တော့်အရာ၌ ထားတော်မူလိုသောကြောင့် လဲလှယ်တော်မူလိုသည်”ဟု ဖြေဆိုရာ၏။

“ကိုယ်တော့်အရာ၌ ထားတော်မူရန် အရှင်သာရိပုတ္တရာ, အရှင်မဟာမောဂ္ဂလာန်တို့ မရှိကြဘူးလော”ဟု မေးဖွယ်ရှိပြန်။ အဖြေကား- မရှိမဟုတ် ရှိကြပါ၏။ သို့သော် မြတ်စွာဘုရား၏ စိတ်တော်အစဉ်ဝယ် ဤသို့ အကြံဖြစ်လေသည်။ ဖြစ်ပုံမှာ- “ဤသာရိပုတ္တရာ, မောဂ္ဂလာန်တို့သည် ကြာမြင့်စွာ တည်ကြလိမ့်မည် မဟုတ်ကုန်၊ ငါဘုရား၏အလျင် ပရိနိဗ္ဗာန် စံကြလိမ့်မည်၊ ကဿပသည်ကား အသက် နှစ်ပေါင်း တရာ့နှစ်ဆယ် ရှည်ပေလိမ့်မည်။ သူသည် ငါဘုရား ပရိနိဗ္ဗာန် ဝင်စံပြီးနောက် လေးလမြောက်ဝယ် စရည်းပင်ပေါက်ရောက်ရာ လိုဏ်ဂူ၌နေ၍ ဓမ္မ,ဝိနယ နှစ်ပါးကို သံဂါယနာတင်ပြီးလျှင် ငါဘုရား၏ သာသနာတော်ကို နှစ်ပေါင်းငါးထောင် ကာလကြာ လည်နိုင် ဖြစ်နိုင်အောင် ပြုစုပေလိမ့်မည်ဟု သိမြင်တော်မူသောကြောင့် မထေရ်မြတ်ကို ကိုယ်တော့်အရာ၌ ထားတော်မူလျှင် ရဟန်းတို့သည် မထေရ်မြတ်အပေါ်၌ ရိုသေကျိုးနွံမှုပြုကြပေလိမ့်မည်”ဟု ဆင်ခြင်တော်မူမိသဖြင့် မထေရ်မြတ်ကို ကိုယ်တော့်အရာ၌ ထားတော်မူလိုရင်း ဖြစ်သည်။ ယင်းသို့ မထေရ်မြတ်ကို ကိုယ်တော့်အရာ၌ ထားတော်မူလိုသောကြောင့် သင်္ကန်းချင်း လဲလှယ်တော်မူလိုသည်။ ထိုသို့ သင်္ကန်းချင်း လဲလှယ်တော်မူလိုသောကြောင့် ချီးမွမ်းစကား မိန့်ကြားတော်မူလေသည်)။

     သပိတ်၏ ဂုဏ်ကျေးဇူးကိုဖြစ်စေ, သင်္ကန်း၏ ဂုဏ်ကျေးဇူးကိုဖြစ်စေ တဦးဦးက ပြောဆိုအပ်လျှင် “ဤသပိတ်, ဤသင်္ကန်းကို အရှင်ဘုရားတို့အတွက် ခံယူတော်မူကြပါဘုရား”ဟု လျှောက်ထားခြင်းသည်ကား မထေရ်မြတ်၏ ပကတိစာရိတ္တ ဖြစ်သည်။



၁၄၆

သို့ရကား မထေရ်မြတ်သည် “မြတ်စွာဘုရားကား ငါ၏ ဒုကုဋ်သင်္ကန်းကြီး = နှစ်ထပ်သင်္ကန်းကြီး၏ နူးညံ့ကြောင်းကို ချီးမွမ်းစကား မိန့်ကြားတော်မူသည်၊ ဝတ်ရုံတော်မူလိုသည် ဖြစ်ပေလိမ့်မည်”ဟု အရိပ်အခြည်ကို သိရှိတော်မူကာ “မြတ်စွာဘုရား.. ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဤဒုကုဋ်သင်္ကန်းကြီးကို ဝတ်ရုံတော်မူပါဘုရား”ဟု လျှောက်ထားလေ၏။ “ချစ်သားကဿပ.. သင်ချစ်သားသည် အဘယ်သင်္ကန်းကို ဝတ်ရုံမည်နည်း”ဟု မြတ်စွာဘုရားရှင်က မေးမြန်း၍ “မြတ်စွာဘုရား.. အရှင်ဘုရားတို့ ဝတ်ရုံသော သင်္ကန်းကို ရပါမူ တပည့်တော် ဝတ်ရုံပါမည်ဘုရား”ဟု အရှင်မဟာကဿပ မထေရ်က လျှောက်ထားလေလျှင် မြတ်စွာဘုရားရှင်သည် “ချစ်သားကဿပ.. သင်ချစ်သားသည် ငါဘုရား ဝတ်ရုံ၍ ဟောင်းနွမ်းလေပြီးသော ဤပံသုကူသင်္ကန်းကို ဝတ်ရုံနိုင်ပါမည်လော၊ မှန်၏- ငါဘုရား ဤပံသုကူသင်္ကန်းကို ကောက်ယူသောနေ့၌ မဟာပထဝီ ဤမြေကြီးသည် ရေအဆုံးအပိုင်းအခြားရှိသည်ကို ပြုလျက် တုန်လှုပ်ခဲ့၏။ မြတ်စွာဘုရားရှင်တို့၏ ဤယခု သုံးဆောင်ပြီး၍ ဟောင်းနွမ်းလေသော သင်္ကန်းမည်သည်ကို ကျေးဇူးဂုဏ် နည်းပါးသော ပုဂ္ဂိုလ်သည် ဝတ်ရုံခြင်းငှါ မစွမ်းနိုင်၊ ပဋိပတ်အကျင့်ကို ဖြည့်ကျင့်နိုင်စွမ်းရှိသည့် ဇာတိပံသုကူဆောင် ပုဂ္ဂိုလ်မှသာ ခံယူထိုက်ပေသည်”ဟု မိန့်တော်မူကာ အရှင်မဟာကဿပ မထေရ်မြတ်နှင့် သင်္ကန်းချင်း လဲလှယ်တော်မူလေ၏။ ဤကဲ့သို့ သင်္ကန်းချင်း လဲလှယ်၍ မထေရ်မြတ်ဝတ်ရုံသော သင်္ကန်းကို မြတ်စွာဘုရားရှင် ဝတ်ရုံတော်မူလေ၏။ မြတ်စွာဘုရား၏ သင်္ကန်းကို မထေရ်မြတ် ဝတ်ရုံတော်မူလေ၏။ ထိုအခါ ဤမဟာပထဝီမြေကြီးသည် စိတ်စေတနာ မရှိပါပဲလျက် “မြတ်စွာဘုရား.. အရှင်ဘုရားတို့သည် ပြုနိုင်ခဲသည်ကို ပြုတော်မူကြပါပြီ၊ မိမိဝတ်ရုံပြီးသော သင်္ကန်းကို တပည့်သာဝကအား ရှေးက ပေးအပ်ဘူးသောမည်သည် မရှိဖြစ်ပါသည်၊ အကျွန်ုပ်သည် အရှင်ဘုရားတို့၏ ဂုဏ်ကျေးဇူးကို ဆောင်ထားခြင်းငှါ မစွမ်းနိုင်ပါ”ဟု လျှောက်ထား ပြောဆိုသည့်အလား ရေအဆုံးအပိုင်းအခြားရှိသည်ကို ပြု၍ ပြင်းစွာ တုန်လှုပ်လေ၏။



၁၄၇

(ဂ) မထေရ်မြတ်တရားထူးရ၍

ဧတဒဂ်ဘွဲ့ထူးကို ရတော်မူခြင်းအကြောင်း

     အရှင်မဟာကဿပ မထေရ်မြတ်သည်လည်း “ငါသည် ယခုအခါ၌ မြတ်စွာဘုရားရှင်တို့ သုံးဆောင်အပ်ပြီးသော သင်္ကန်းကို ရအပ်လေပြီ၊ ယခုအခါ ငါ့အဖို့ရာ အထက်ဖြစ်သော မဂ်ဖိုလ်အတွက် အဘယ်ပြုဖွယ် ရှိတော့အံ့နည်း = မရှိတော့ပြီ”ဟု သင်္ကန်းကို ရရုံမျှဖြင့် စိတ်တက်ကြွမှုကို ပြုတော်မမူပဲ မြတ်စွာဘုရားရှင်၏ အထံတော်မှာပင် ဓုတင်အကျင့် တဆယ့်သုံးပါးတို့ကို ကောင်းစွာကြည်ဖြူ ခံယူဆောက်တည်ပြီးလျှင် ရဟန်းတရား ပွါးများကြိုးကုတ် အားထုတ်တော်မူလေရာ ခုနစ်ရက်မျှသာ ပုထုဇန်အဖြစ်၌ တည်နေ၍ ရှစ်ရက်မြောက် အရုဏ်တက်သောအခါ၌ ပဋိသမ္ဘိဒါဉာဏ် လေးပါးတို့နှင့်တကွ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူလေ၏။

     ဤအရှင်မဟာကဿပ မထေရ်မြတ်ကို စံနမူထားတော်မူကာ မြတ်စွာဘုရားသည် နိဒါနဝဂ္ဂ ကဿပသံယုတ်လာ များစွာသော တရားဒေသနာတို့ကို ဟောကြားတော်မူအပ်လေသည်။ (နိဒါနဝဂ္ဂ၊ ကဿပသံယုတ် မြန်မာပြန်မှ ကြည့်ရှုကြပါကုန်)။

     မြတ်စွာဘုရားသည်လည်း “ကဿပေါ ဘိက္ခဝေ စန္ဒူပမော ကုလာနိ ဥပသင်္ကမတိ = ရဟန်းတို့.. ကဿပမထေရ်သည် လနှင့်တူစွာ ကိုယ်,စိတ်ကို ထိန်းချုပ်၍သာလျှင် အချင်းခပ်သိမ်း ဧည့်သည်ပမာဖြစ်၍ အမျိုးလေးပါး ဒကာများ၌ ကိုယ်,နှုတ်,စိတ် = သုံးပါး ကြမ်းကြုတ်မှု အလျှင်းမရှိပဲ ဒါယကာတို့သို့ ချဉ်းကပ်၏” ဤသို့ စန္ဒူပမသုတ္တန် အစရှိသော များစွာသော သုတ္တန်တို့ဖြင့် မထေရ်မြတ်ကို ချီးမွမ်းတော်မူ၍ နောက်အဖို့ကာလဝယ် ဤကဿပသံယုတ်လာ မထေရ်မြတ်၏ ဓုတင်ပဋိပတ် စသည်တို့ကို အကြောင်းအဋ္ဌုပ္ပတ် ပြုပြီးလျှင် မထေရ်မြတ်ကို-

“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ ဓုတဝါဒနံ ယဒိဒံ မဟာကဿပေါ = ရဟန်းတို့..



၁၄၈

ကိလေသာကို ခါတွက်ကြောင်း ကောင်းမြတ်သော ဓုတင်ပဋိပတ် အကျင့်မြတ်ကို ကိုယ်တိုင်လည်း ကျင့်သုံး၍ သူတပါးတို့ကိုလည်း ဟောကြားပြသ ဆိုဆုံးမကြသော ငါဘုရား၏ တပည့်သားရဟန်းတို့တွင် မဟာကဿပမထေရ်သည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏”-

ဟု ဧတဒဂ်ရာထူး၌ ထားတော်မူလေသတည်း။

ဤကား အရှင်မဟာကဿပမထေရ် အကြောင်းတည်း။

**********