အရှင်ပိလိန္ဒဝစ္ဆ မထရ်အကြောင်း

From Wikisource
Jump to navigation Jump to search
မဟာဗုဒ္ဓဝင် by မင်းကွန်းဆရာတော်
(၂၆) အရှင်ပိလိန္ဒဝစ္ဆ မထရ်အကြောင်း

(၂၆) အရှင်ပိလိန္ဒဝစ္ဆမထေရ်အကြောင်း

(က) မထေရ်၏ ရှေးဆုတောင်း

     ဤပိလိန္ဒဝစ္ဆမထေရ်အလောင်း သူတော်ကောင်းသည် ပဒုမုတ္တရ မြတ်စွာဘုရားရှင် လက်ထက်တော်အခါ ဟံသာဝတီ မင်းနေပြည်ဝယ် စည်းစိမ်ဥစ္စာ ပေါများသောအမျိုး၌ ဖြစ်ခဲ့လတ်၍ ရှေးမထေရ်အလောင်းများနည်းတူ မြတ်စွာဘုရားရှင်၏ တရားဒေသနာကို နာယူစဉ် ပဒုမုတ္တရ မြတ်စွာဘုရားက ရဟန်းတော်တပါးကို “နတ်တို့ ချစ်မြတ်နိုးအပ်သော အရာ”ဝယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူသည်ကို တွေ့မြင်ရ၍ အဓိကာရကောင်းမှု ကုသိုလ်ပြုပြီးလျှင် ထိုရာထူး = ဌာနန္တရကို ဆုတောင်းပတ္ထနာမှု ပြုလေသည်။ မြတ်စွာဘုရားသည် ထိုအမျိုးကောင်းသား၏ ဆုတောင်းပတ္ထနာချက် အန္တရာယ်မရှိ ပြည့်စုံမည်ကို မြင်တော်မူ၍ ရှေးနည်းအတူ ဗျာဒိတ်စကား မိန့်ကြားတော်မူခဲ့လေသည်။

စေတီတော်နှင့် သံဃာတော်အား ပူဇော်ခဲ့ခြင်း

     ထိုအမျိုးကောင်းသားသည် အသက်ထက်ဆုံး ကုသိုလ်ကောင်းမှုကိုပြု၍ နတ်ပြည် လူ့ပြည်တို့၌ ကျင်လည် ကျက်စားလျက် သုမေဓမြတ်စွာဘုရားရှင် လက်ထက်တော်အခါဝယ် လူ့ပြည်၌ လူဖြစ်ပြန်၍ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန် စံတော်မူလတ်သော် မြတ်စွာဘုရား၏ စေတီတော်အား ကြီးစွာသော ပူဇော်သက္ကာရမှု ပြု၍ သံဃာ၌လည်း ကြီးစွာသော အလှူဒါနကို ဖြစ်စေ= ပေးလှူခဲ့လေသည်။



၃၉၀

စကြဝတေးမင်းဘဝ

     ထိုအမျိုးကောင်းသားသည် ထိုဘဝမှ စုတေပြန်သော် နတ်ပြည် လူ့ပြည်တို့၌သာလျှင် ကျင်လည်ကျက်စားလျက် မြတ်စွာဘုရားရှင် မပွင့်ထွန်းမီ တခုသောဘဝဝယ် စကြဝတေးမင်းဖြစ်၍ လူများအပေါင်းကို ငါးပါးသီလ၌ တည်စေကာ နတ်ရွာသုဂတိသို့ ရောက်အောင် ကျင့်ဆောင်ခဲ့လေသည်။

(ခ) နောက်ဆုံးဘဝ ရဟန်းပြုခြင်း

     ထိုအမျိုးကောင်းသားသည် အကျွန်ုပ်တို့၏ မြတ်စွာဘုရားရှင် ပွင့်တော်မမူမီပင် သာဝတ္ထိပြည်ဝယ် ပုဏ္ဏားမျိုး၌ လူဖြစ်လာ၍ အမည်အားဖြင့် အမည်ရင်းအားဖြင် “ပိလိန္ဒ”, အနွယ်အားဖြင့် “ဝစ္ဆ” = ၂-ရပ်ပေါင်း၍ “ပိလိန္ဒဝစ္ဆ”ဟု မည်တွင်ထင်ရှား ကျော်ကြားလေသည်။ ပိလိန္ဒဝစ္ဆလုလင်သည် သံသရာ၌ ငြီးငွေ့ခြင်း ပြောများသူ ဖြစ်ခြင်းကြောင့် ပရိဗိုဇ်ရဟန်း ပြုပြီးလျှင် စူဠဂန္ဓာရ-မည်သော မန္တန်အတတ်ကို သင်ကြား တတ်မြောက်ပြီးစေ၍ ထိုအတတ်ပညာဖြင့် ကောင်းကင်၌ ပျံသွားနိုင်သူ, သူတပါး၏ စိတ်အကြံကို သိသူ (=ဝိဇ္ဇာဓိုရ်တဦး)ဖြစ်လျက် ရာဇဂြိုဟ်ပြည်၌ အထွတ်အထိပ်ရောက် လာဘ်ပေါ များသူ, အခြံအရံပေါများသူ ဖြစ်ကာ စိုးအုပ်နေထိုင်လေ၏။

     ထိုအခါ အကျွန်ုပ်တို့၏ မြတ်စွာဘုရားရှင် ပွင့်ထွန်းတော်မူလာ၍ ခရီးဒေသစာရီ အစဉ်သဖြင့် ကြွချီလေသော် ရာဇဂြိုဟ်ပြည်သို့ ရောက်တော်မူလေ၏၊ မြတ်စွာဘုရား ရာဇဂြိုဟ်ပြည်သို့ ရောက်တော်မူသည့် အချိန်မှစ၍ ပိလိန္ဒဝစ္ဆပရိဗိုဇ် (ဝိဇ္ဇာဓိုရ်)၏ ထိုစူဠဂန္ဓာရီအတတ်သည် မပြည့်စုံတော့ပဲ မိမိကိစ္စကို မပြီးစေနိုင်တော့ချေ။ (မန္တန်စုပ်သော်လည်း ရှေးကလို ကောင်းကင်သို့လည်း မပျံနိုင်, သူတပါး၏ စိတ်အကြံကိုလည်း မသိနိုင်တော့ချေ)။ ထိုအခါ ပိလိန္ဒဝစ္ဆပရိဗိုဇ် (ဝိဇ္ဇာဓိုရ်)သည် “မဟာဂန္ဓာရဝိဇ္ဇာ ထင်ရှားရှိသောအရပ်ဝယ် စူဠဂန္ဓာရဝိဇ္ဇာသည် မပြည့်စုံနိုင်-ဟု ဆရာ, ဆရာ့ဆရာတို့ မိန့်ကြားကြသည်ကို



၃၉၁

ငါ ကြားအပ်ဘူးလေသည်၊ ရဟန်းမြတ်ဂေါတမ ဤရာဇဂြိုဟ်ပြည်သို့ ကြွရောက်လာသည့် အချိန်မှစ၍ ငါ၏ ဤစူဠဂန္ဓာရဝိဇ္ဇာသည် မပြည့်စုံတော့ချေ။ ယုံမှားဘွယ်မရှိ ရဟန်းမြတ် ဂေါတမသည် မဟာဂန္ဓာရဝိဇ္ဇာ အတတ်ကို တတ်သိသူဖြစ်၏၊ ငါသည် ထိုရဟန်းမြတ် ဂေါတမကို ဆည်းကပ်၍ သူ၏အထံ၌ ထိုမဟာဂန္ဓာရဝိဇ္ဇာအတတ်ကို သင်ယူရပါမူ ကောင်းလေစွာ့”ဟု ကြံစည်စဉ်းစားမိကာ မြတ်စွာဘုရားထံတော်သို့ ဆည်းကပ်၍ “ရဟန်းမြတ်.. အကျွန်ုပ်သည် ရဟန်းမြတ်၏ အထံ၌ တခုသော ဝိဇ္ဇာအတတ်ကို သင်ကြားလိုပါသည်။ အကျွန်ုပ်အား အခွင့်ပြုတော်မူပါ”ဟု တောင်းပန် လျှောက်ထားလေ၏။

     မြတ်စွာဘုရားရှင်က “ထိုသို့ ဝိဇ္ဇာအတတ်ကို သင်ကြားလိုလျှင် သင်သည် ရှင်ရဟန်းပြုလော့”ဟု မိန့်တော်မူလေလျှင် ပိလိန္ဒဝစ္ဆပရိဗိုဇ်သည် “ရှင်ရဟန်းပြုခြင်းသည် ဝိဇ္ဇာအတတ်၏ ပရိကံ = ရှေ့ပိုင်းအလုပ်”ဟု အောက်မေ့ကာ ရှင်ရဟန်းပြုလေ၏။ ထိုပိလိန္ဒဝစ္ဆ ရဟန်းတော်အား မြတ်စွာဘုရားသည် တရားဟော၍ စရိုက်နှင့်လျော်သော ကမ္မဋ္ဌာန်းကို ပေးတော်မူလေ၏။ ပိလိန္ဒဝစ္ဆ ရဟန်းတော်သည် အရဟတ္တဖိုလ်ရကြောင်း ရှေးကောင်းမှု = ဥပနိဿယနှင့် ပြည့်စုံသူဖြစ်ရကား မကြာမြင့်မီပင် ဝိပဿနာတရား ပွါးများ၍ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူလေ၏ =. ရဟန္တာဖြစ်လေ၏။ (ဥဒါန ဋ္ဌ၊ ၆၃-မှ)။

နှုတ်ထွက်ကြမ်းမှု အထုံဝါသနာပါရှိခြင်း

     အရှင်ပိလိန္ဒဝစ္ဆ ရဟန္တာမထေရ်သည် လူတို့နှင့်ဖြစ်စေ, ရဟန်းတို့နှင့်ဖြစ်စေ အတူတကွ စကားပြောဆိုလျှင် “ဧဟိ ဝသလ = လာလော့ သူယုတ်..၊ ဂစ္ဆ ၀သလ = သွားလော့ သူယုတ်..၊ အာဟရ ဝသလ = ဆောင်ခဲ့လော့ သူယုတ်..၊ ဂဏှ ဝသလ = ယူသွားလော့ သူယုတ်..” ဤသို့ စသည်ဖြင့် စကားဝါကျ ခွန်းတိုင်းမှာပင် ဝသလသမုဒါစာရ ( သူယုတ်ဟု ပြောဆိုခြင်း)ဖြင့် ပြောဆိုလေ့ရှိတော်မူ၏။



၃၉၂

     ထိုစကားကို ယူဆောင်ကြ၍ ရဟန်းတို့သည် မြတ်စွာဘုရားရှင်ကို “မြတ်စွာဘုရား.. အရိယာတို့မည်သည် ရုန့်ရင်းကြမ်းတမ်းသော စကားကို မပြောကြားကြဘူးလော”ဟု မေးလျှောက်ကြကုန်၏။ မြတ်စွာဘုရားရှင်က “ရဟန်းတို့.. အရိယာပုဂ္ဂိုလ်တို့၏ သန္တာန်မှာ သူဘပါးတို့ကို ရှုတ်ချသောအားဖြင့် (=ရှုတ်ချသော ဒေါသဖြင့်) ရုန့်ရင်းကြမ်းတမ်းသော စကားဟူ၍ မရှိချေ၊ စင်စစ်သော်ကား ဘဝတပါး (=အတိတ်ဘဝအဆက်ဆက်)က လေ့ကျက်ပွါးထုံခဲ့သော ကိလေသာ၏ အငွေ့သတ္တိ တည်းဟူသော ဝါသနာ၏ အစွမ်းအားဖြင့်မူ ရုန့်ရင်းကြမ်းတမ်းစွာ ပြောဆိုမှုသည် ဖြစ်လေရာ၏”ဟု မိန့်တော်မူလေလျှင် ရဟန်းတို့သည် “မြတ်စွာဘုရား.. အရှင်ပိလိန္ဒဝစ္ဆ မထေရ်သည် ထ၍ ထ၍ လူတို့နှင့်ဖြစ်စေ, ရဟန်းတို့နှင့်ဖြစ်စေ အတူတကွ စကားပြောဆိုလျှင် ‘ဝသလ ၀သလ = သူယုတ် သူယုတ်’ဟု ပြောဆိုပါသည်။ မြတ်စွာဘုရား.. ဤသို့ ပြောဆိုခြင်း အကြောင်းကား အဘယ်ပါနည်း = အဘယ့်ကြောင့် ဤသို့ ပြောဆိုပါသနည်း”ဟု မေးလျှောက်ကြလေ၏။

     ထိုအခါ မြတ်စွာဘုရားရှင်သည် ရဟန်းတို့ကို “ငါ့သား ပိလိန္ဒဝစ္ဆေ၏ ဤကဲ့သို့ နှုတ်ထွက်ကြမ်းမှုသည် ယခုအခါ၌သာဖြစ်သည့် အလေ့အကျက် မဟုတ်ချေ၊ စင်စစ်သော်ကား လွန်လေပြီးသောအခါဝယ် ဤပိလိန္ဒ၀စ္ဆသည် ဘဝ(၅၀၀)ငါးရာဆက်လျက် သူတဖက်သားကို ဝသလ = သူယုတ်မာဟု ပြောဆိုလေ့ရှိသော ပုဏ္ဏားမျိုး၌ ဖြစ်ခဲ့လေပြီ၊ ဤသို့လျှင် ဤငါ့သား ပိလိန္ဒဝစ္ဆသည် ဘဝအလေ့အကျက် အထုံဝါသနာကြောင့်သာလျှင် ဤကဲ့သို့ နှုတ်ထွက်ကြမ်းသော စကားကို ပြောကြားလေသည်။ ဖရုသဝါစာ အကုသိုလ် စေတနာဖြင့် ပြောကြားသည်မဟုတ်။ မှန်၏- အရိယာတို့ပြောကြားသော စကားသည် နှုတ်ထွက်ပင် ကြမ်းသော်လည်း စေတနာက မကြမ်းသောကြောင့် စင်ကြယ်သည်သာ ဖြစ်၏၊ ဤသို့ အရိယာပုဂ္ဂိုလ်တို့ နှုတ်ထွက်ကြမ်းမှု၌



၃၉၃

အနည်းငယ်မျှသော မကောင်းမှုကိုမျှ မရအပ်”ဟု မိန့်တော်မူပြီးလျှင် ဓမ္မပဒ၌-

အကက္ကသံ ဝိညာပနိံ၊

ဂိရံ သစ္စမုဒီရယေ။

ယာယ နာဘိသဇေ ကဉ္စိ၊

တမဟံ ဗြူမိ ဗြာဟ္မဏံ။

ဘိက္ခဝေ = ရဟန်းတော်များ အို ချစ်သားတို့..။ ယာယ ဂိရာယ = အကြင်စကားဖြင့်။ ကဉ္စိ = အခြားသောလူ တစုံတယောက်သောသူကိုမျှ။ နာဘိသဇေ = မျက်ကောဓဖိ ဆူးဖြင့်ထိသို့ မငြိမစွန်းစေလေရာ။ (ခီဏာသဝေါ နာမ = အာသဝေါကုန်ခန်း ရဟန္တာမည်သည်)။ အကက္ကသံ = နှုတ်ထွက်မကြမ်းသော။ ဝိညာပနိံ = အနက်အဓိပ္ပါယ်ကို သိလွယ်စေတတ်သော။ သစ္စံ = မဖောက်မပြန် မှန်လည်းမှန်ကန်သော။ တာဒိသံ ဂိရံ = ထိုသို့ရှုအပ် ကောင်းမြတ်သော စကားကို။ ဥဒီရယေ = နှုတ်ဟမြွက်ကာ ပြောဆိုရာ၏။ တံ = ထိုသို့ နှုတ်ထွက်မကြမ်း ရဟန္တာပုဂ္ဂိုလ်ကို။ အဟံ = လူသုံးပါးတို့ဆရာ ဘုရားငါသည်။ ဗြာဟ္မဏံ = ဗာဟိတပါပ အနွတ္ထကြောင့် ဗြာဟ္မဏခေါ်ဆို ပုဂ္ဂိုလ်သူမြတ်ဟူ၍။ ဗြူမိ = လူနတ်တို့အား သိထင်ရှားအောင် ဟောကြားမိန့်ဆိုပေ၏။

ဤဂါထာကို ဟောကြားတော်မူလေ၏။ ဒေသနာနိဂုံး ဆုံးသောအခါ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ဆိုက်ကြလေကုန်၏။ ။(ဤ၌- အရှင်ပိလိန္ဒဝစ္ဆ ရဟန္တာမထေရ်၏ ဝသလ = သူယုတ်ဟူ၍ ခေါ်ဆို မိန့်ကြားအပ်သည့် စကားသည် နှုတ်ထွက်ပင် ကြမ်းသော်လည်း စေတနာက မကြမ်းသဖြင့် ဖရုသဝါစာ = ကြမ်းတမ်းသောစကားဟု မဆိုရ = ဖရုသဝါစာဒုစရိုက် မဟုတ်ဟု မှတ်ယူရာ၏။)



၃၉၄

ပိတ်ချင်းသီးများ ကြွက်ချေးဖြစ်ကုန်ခြင်း

     တနေ့သ၌ ပိလိန္ဒဝစ္ဆမထေရ်သည် ရာဇဂြိုဟ်ပြည်တွင်းသို့ ဆွမ်းခံကြွဝင်လေသော် ယောက်ျားတယောက် ပိတ်ချင်းသီးများ ခွက်အပြည့် ထည့်ယူ၍ မြို့တွင်းဝင်လာသည်ကို မြင်တော်မူလေလျှင် “သူယုတ်.. သင့်ခွက်ထဲ၌ ဘာတွေနည်း”ဟု မေးတော်မူလေ၏။ ထိုယောက်ျားသည် “ဤရဟန်းကား ငါနှင့်အတူ စောစော စီးစီးပင် နိမိတ်မကောင်း မင်္ဂလာမရှိသည့် သူယုတ်ဟူသော ကြမ်းတမ်းသောစကား ရိုင်းပြသောစကားကို ပြောကြားဘိ၏။ ဤရဟန်း၏ စကားနှင့် လိုက်လျောသည့် ကြမ်းတမ်းရိုင်းပြသော စကားကိုသာလျှင် ပြန်ကြားပြောဆိုမှ သင့်တော့မည်”ဟု ကြံစည်စဉ်းစား စိတ်ထဲမှ ပြစ်မှားကာ “အရှင်ဘုရား.. တပည့်တော်၏ ခွက်ထဲမှာ ကြွက်ချေးတွေပါဘုရား”ဟု ကြမ်းတမ်းရိုင်းပြစွာ ပြန်ကြားပြောဆိုလေ၏။ (ဤ၌- သူယုတ်ဟူ၍ ခေါ်ဆိုလိုက်သော မထေရ်၏စကားမှာ နှုတ်ထွက်ကပင် ကြမ်းသော်လည်း စေတနာကား မကြမ်း = အလွန်နူးညံ့၏၊ အထုံဝါသနာကြောင့်သာ ထိုသို့ ခေါ်ဆိုခြင်း ဖြစ်သည်။ ထိုယောက်ျား ပြောကြားလိုက်သည့် “ကြွက်ချေးတွေပါဘုရား”ဟူသော စကားမှာ ဒေါသထွက် ပြစ်မှား၍ ပြောကြားခြင်း ဖြစ်သောကြောင့် ဖရုသဝါစာ အကုသိုလ်ကံ ဖြစ်လေသည်၊ ရဟန္တာမထေရ်အပေါ်၌ ပြစ်မှားပြောဆိုလိုက်ခြင်း ဖြစ်လေသည်။ ထို့ကြောင့် သူ၏ ဖရုသဝါစာ အကုသိုလ်သည် လတ်တလောခြင်းပင် မကောင်းကျိုးပေးလေ၏)။

     ထိုအခါ မထေရ်မြတ်သည် “ဧဝံ ဘဝိဿတိ ဝသလ = ဟယ်သူယုတ်.. သင်ပြောသည့်အတိုင်း ကြွက်ချေးတွေပင် ဖြစ်ပေလိမ့်မည်”ဟု မိန့်တော်မူလေ၏။ ထိုယောက်ျားမှာ မထေရ်မြတ်၏ မြင်လောက်သော အရပ်ကို စွန့်လေ လွန်လေလျှင်ပင် ခွက်ထဲ၌ ပါသမျှသော ပိတ်ချင်းသီးတွေ အားလုံးသည် ကြွက်ချေးတွေချည်း ဖြစ်၍ကုန်တော့၏။ ထိုယောက်ျားသည် “ဤပိတ်ချင်းသီးများကား ကြွက်ချေးအတူ ထင်ရမြင်ရလေ ကုန်သည်။ တကယ်ပင် ကြွက်ချေးသဘော ဟုတ်သလော, မဟုတ်သလော”ဟု ကြံစည်ကာ



၃၉၅

စုံစမ်းလိုသည်ဖြစ်၍ လက်ဖြင့် နှိပ်ချေ၍ ကြည့်လေ၏။ ထိုအခါ ပိတ်ချင်းသီးများ တကယ်ပင် ကြွက်ချေးတွေ ဖြစ်နေသည်ကို သိရ၍ ထိုယောက်ျား၏ စိတ်သန္တာန်ဝယ် အားကြီးသော နှလုံးမချမ်းသာမှု = ဗလဝဒေါမနဿတရား တရိပ်ရိပ် ဖြစ်ပွါးလာလေ၏။

     ထိုယောက်ျားသည် “ဤခွက်ထဲမှ ပိတ်ချင်းသီးများသာ ကြွက်ချေးတွေ ဖြစ်ကုန်သလော၊ သို့မဟုတ် လှည်းပေါ်၌ ပါရှိလာသော ပိတ်ချင်းသီးများသည်လည်း ကြွက်ချေးတွေများ ဖြစ်ကုန်ရော့သလား”ဟု စိုးရိမ်ကြီးစွာ ပိတ်ချင်းသီးများ တင်ဆောင်လာသည့် မိမိလှည်းရှိရာသို့ သွားရောက်ကြည့်ရှုလေလျှင် လှည်းပေါ်၌ ပါရှိသည့် အားလုံးသော ပိတ်ချင်းသီးများလည်း ကြွက်ချေးတွေချည်း ဖြစ်၍နေကြသည်ကို တွေ့မြင်ရ၍ အလွန့်ထက်အလွန် နှလုံးပူပန်ကာ ရင်ပတ်ကို လက်ဖြင့်မ-၍ “ဤအမှုကား အခြားသူ၏ အမှုမဟုတ်ချေ။ ဤအမှုသည် ငါစောစောက မြင်ရသော ရဟန်း၏အမှုသာ ဖြစ်၏။ မချွတ်ပင် ပြေလည်ရာ ပြေလည်ကြောင်း ဥပါယ်ကောင်းတခုတော့ ရှိပေလိမ့်မည်၊ (သီဟိုဠ်မူအလို) မချွတ်ပင် ထိုရဟန်းသည် မျက်လှည့်အတတ်တမျိုးကို တတ်သိသူ ဖြစ်ပေလိမ့်မည်၊ ထိုရဟန်း သွားရာအရပ်ကို နောက်မှလိုက်ကာ စုံစမ်းပြီးလျှင် ဤအကြောင်းကို ငါသိအောင်ပြုပေအံ့”ဟု ဆင်ခြင်စဉ်းစား၍ မထေရ်မြတ် ကြွသွားရာလမ်းကို မေးမြန်းကာ လိုက်လေ၏။

     ထိုအခါ အခြားတယောက်သည် ထိုပိတ်ချင်းသီးရှင် (ကြွက်ချေးရှင်)ယောက်ျား အလွန်လျှင် စိတ်နှလုံးကြမ်းတမ်းလျက် သွားနေသည်ကို မြင်လတ်၍ “အို ယောက်ျား.. သင်သည် အလွန်လျှင် စိတ်နှလုံးကြမ်းတမ်းလျက် သွားဘိ၏။ အဘယ်အမှုကြောင့် ဤသို့ သွားဘိသနည်း”ဟု မေးမြန်းလေသော် ပိတ်ချင်းသီးရှင် ယောက်ျားသည် ထိုဖြစ်ရပ် အကြောင်းအရာ အားလုံးကို ထိုယောက်ျားအား ပြန်ကြားပြောဆိုလေ၏။ ထိုယောက်ျားသည် ပိတ်ချင်းသီးရှင် ယောက်ျား၏ စကားကို ကြားရလေလျှင် “အို အမောင်.. ထွေရာလေးပါး စိတ်အကြံများမနေပါလင့်၊ ကျွန်ုပ်၏ ဆရာသခင် ပိလိန္ဒဝစ္ဆ အရှင်မြတ်ပင် ဖြစ်ပါလိမ့်မည်၊



၃၉၆

အမောင်သည် ဤခွက်ကိုပင် ရှိရင်းစွဲ ကြွက်ချေးများ အပြည့်ထည့်၍ ယူဆောင်သွားရောက်ကာ မထေရ်မြတ်၏ ရှေ့တော်၌ ရပ်တည်ပါ။ ထိုအခါ မထေရ်မြတ်က ‘ဟယ်သူယုတ်.. သင့်ခွက်ထဲမှာပါသည့် ထိုအရာတွေကား ဘာတွေနည်း’ဟု မေးတော်မူလိမ့်မည်၊ ထိုသို့ မေးသောအခါ ‘ပိတ်ချင်းသီးတွေပါ အရှင်ဘုရား..’ဟု သင် လျှောက်ထားပါလေ။ ထိုအခါ မထေရ်မြတ်သည် ‘ဧဝံ ဘဝိဿတိ ဝသလ = ဟယ်သူယုတ်.. သင်ပြောသည့်အတိုင်း ပိတ်ချင်းသီးတွေပင် ဖြစ်ပေလိမ့်မည်’ဟု မိန့်ဆိုတော်မူလိမ့်မည်။ ထိုအခါ ခွက်မှာပါသည့် ကြွက်ချေးများရော လှည်းမှာရှိသည့် ကြွက်ချေးများပါ အားလုံးပင် တဖန် မူလဇာတိရုပ်သို့ပြန်၍ ပိတ်ချင်းသီးချည်း ဖြစ်ကြပါလိမ့်မည်”ဟု အကြံပေးစကား ပြောကြားလေ၏။ ပိတ်ချင်းသီးရှင် ယောက်ျားသည် ထိုယောက်ျား ပြောပြအကြံပေးသည့်အတိုင်း လိုက်နာပြုကျင့်လေ၏၊ အလုံးစုံသော ပိတ်ချင်းသီးများသည် မူလပကတိအတိုင်း ပိတ်ချင်းသီးချည်း တဖန်ပြန်၍ ဖြစ်လေကုန်၏။

(ဂ) ဧတဒဂ်ဘွဲ့ထူး ရတော်မူခြင်း

     အရှင်ပိလိန္ဒဝစ္ဆ မထေရ်မြတ်သည် မြတ်စွာဘုရား ပွင့်ထွန်းတော်မမူမီ တခုသောဘဝဝယ် စကြဝတေးမင်းဖြစ်၍ လူများအပေါင်းကို ငါးပါးသီလ၌ တည်စေကာ နတ်ရွာသုဂတိရောက်အောင် ကျင့်ဆောင်ခဲ့လေသည်။ များသောအားဖြင့် ကာမာဝစရ နတ်ပြည်ခြောက်ထပ်၌ ဖြစ်ကြသော နတ်များသည် ထိုအရှင်ပိလိန္ဒဝစ္ဆမထေရ်အလောင်း စကြဝတေးမင်း၏ အဆုံးအမကို ရယူလိုက်နာကျင့်သုံး၍ မိမိတို့ ဖြစ်လေရာရာ နတ်ပြည်ဘုံဌာန နတ်စည်းစိမ်ကို ကြည့်ရှုကြပြီးလျှင် “ငါတို့သည် အဘယ်သူကို အမှီပြု၍ ဤနတ်ပြည်စည်းစိမ်ကို ရရှိကြသည်”ဟု ဆင်ခြင်ကြလေလျှင် ဤအရှင်ပိလိန္ဒဝစ္ဆမထေရ်ကို မြင်ကြ၍ “မထေရ်ကိုမှီ၍ ငါတို့သည် ဤနတ်ပြည်စည်းစိမ်ကို ရအပ်လေပြီ”ဟု ကျေးဇူးတင် ဝမ်းမြောက်ကြကာ ညဉ့်နံနက်ပင် အစဉ်မပြတ် မထေရ်ကို လာရောက်၍ ရှိခိုးကြလေသည်။ ထို့ကြောင့် မြတ်စွာဘုရားသည်



၃၉၇

နောက်အချိန်ဝယ် အရိယာ သံဃာအလယ်၌ ထိုင်နေတော်မူလျက် အရှင်ပိလိန္ဒဝစ္ဆမထေရ်ကို-

“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ ဒေ၀တာနံ ပိယမနာပါနံ ယဒိဒံ ပိလိန္ဒဝစ္ဆော = ရဟန်းတို့.. နတ်တို့ ချစ်မြတ်နိုးအပ်သော ငါဘုရား၏ တပည့်သာဝက ရဟန်းတို့တွင် ပိလိန္ဒဝစ္ဆ ရဟန်းသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏”-

ဟု ချီးကျူး မြွက်ဆိုတော်မူကာ “ဒေဝတာနံ ပိယမနာပ = နတ်တို့ ချစ်မြတ်နိုးအပ်သော အရာ”ဝယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူလေ၏။

ဤကား အရှင်ပိလိန္ဒဝစ္ဆမထေရ် အကြောင်းတည်း။

**********