အရှင်ကောဏ္ဍညမထေရ်အကြောင်း

From Wikisource
Jump to navigation Jump to search
မဟာဗုဒ္ဓဝင် by မင်းကွန်းဆရာတော်
(၁) အရှင်ကောဏ္ဍညမထေရ်အကြောင်း

နိုင်ငံတော်ဗုဒ္ဓသာသန

မဟာဗုဒ္ဓဝင်

ဆဋ္ဌမတွဲ (ပဌမပိုင်း)

ဂေါတမဗုဒ္ဓဝင်

**********

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

သံဃရတနာ

အခဏ်း-၄၃

ထေရာပဒါနခဏ်း

     ယခုအခါ မြတ်စွာဘုရားရှင်၏ တပည့်သာဝက သုပ္ပဋိပန္နတာ-အစရှိသော ကျေးဇူးဂုဏ် ကိုးပါးတို့နှင့် ပြည့်စုံတော်မူကြသော အရိယသံဃာတော်တို့တွင် ဧတဒဂ်ဘွဲ့ထူးရ မဟာသာဝကကြီးများ၏ အကြောင်းအရာ ကျင့်စဉ် ဖြစ်စဉ် = ထေရာပဒါနကို အရှင်ကောဏ္ဍညမထေရ်၏ အကြောင်းအရာမှ အစပြု၍ အင်္ဂုတ္တရနိကာယ် အဋ္ဌကထာ ဧကကနိပါတ် ဧတဒဂ္ဂဝဂ်အဖွင့်ကို မူရင်းတည်၍ ထုတ်ဆောင်ရေးသား ဖော်ပြပေအံ့-



(၁) အရှင်ကောဏ္ဍညမထေရ်အကြောင်း

     ဤမထေရ်မြတ်ကြီးတို့၏ အကြောင်းအရာ = ထေရာပဒါနကို ရေးသားဖော်ပြရာ၌ အဋ္ဌကထာလာသောအတိုင်း (က) ရှေးဆုတောင်း, (ခ) နောက်ဆုံးဘဝ ရဟန်းပြုကြောင်း, (ဂ) တရားထူးရကြောင်း, (ဃ) ဧတဒဂ်ရာထူးဌာနန္တရ ထားရှိကြောင်း = ဤအချက်လေးချက်တို့ဖြင့် ရေးသားဖော်ပြပေအံ့-

(က) မထေရ်မြတ်၏ ရှေးဆုတောင်း

     ဤဘဒ္ဒကမ္ဘာမှ ပဋိလောမအဆန် ပြန်၍ရေတွက်လျှင် လွန်ခဲ့သော ကမ္ဘာတသိန်းထက်၌ ပဒုမုတ္တရမြတ်စွာဘုရား ပွင့်ထွန်းတော်မူခဲ့လေသည်။ (ထိုမြတ်စွာဘုရား၏ ပဒုမုတ္တရ-အမည်တော် ရကြောင်းကို အောက် မဟာဗုဒ္ဓဝင် ပဌမတွဲ ဒုတိယပိုင်း စာမျက်နှာ ၃၉၆-၌ ရေးသားဖော်ပြခဲ့ပြီ)။

     ပဒုမုတ္တရ မြတ်စွာဘုရားသည် လူသုံးပါး၌ ထင်ရှားပွင့်ထွန်းတော်မူပြီးနောက် ရဟန်းတော်ပေါင်း တသိန်းခြံရံလျက် လူအများအား သနားချေချွတ် ချီးမြှောက်တော်မူရန် ရွာ, နိဂုံး, မင်းနေပြည်တို့၌ အစဉ်သဖြင့် ဆွမ်းခံလှည့်လည် ခရီးဒေသစာရီ ကြွချီတော်မူခဲ့ရာ ဟံသာဝတီ (ဖွားတော်မူရာ) ရွှေမြို့တော်သို့ ရောက်ဆိုက်တော်မူလာလေ၏။ ခမည်းတော် အာနန္ဒမင်းကြီးသည် သားတော်ဘုရား ကြွလာတော်မူကြောင်း သတင်းကောင်းကြားသိ၍ တိုင်းသားပြည်သူ ဗိုလ်ပါပရိသတ်တို့နှင့် အတူတကွ ခရီးဦးကြိုဆိုမှု ပြုလေ၏။ ပဒုမုတ္တရမြတ်စွာဘုရားသည် ခမည်းတော် အာနန္ဒမင်းကြီးအား အမှူးထား၍ တရားဟောတော်မူလေလျှင် ဒေသနာနိဂုံး ဆုံးသောအခါ၌ အချို့ သောတာပန်, အချို့ သကဒါဂမ်, အချို့ အနာဂါမ် ဖြစ်ကြ၍ အချို့ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ကြလေ၏။

     ခမည်းတော်မင်းကြီးသည် နောက်တနေ့အတွက် မြတ်စွာဘုရားကို ဆွမ်းစားပင့်လျှောက်ပြီးလျှင် နောက်တနေ့၌ ဆွမ်းစားချိန်ကို လျှောက်ထား ပင့်ဆောင်စေ၍ ရဟန်းတော်ပေါင်းတသိန်း



အခြံအရံရှိသော ပဒုမုတ္တရ မြတ်စွာဘုရားအား မိမိ၏ ရွှေနန်းတော်၌ ကြီးစွာသော အလှူဒါနကို ပေးလှူလေသည်။ ပဒုမုတ္တရ မြတ်စွာဘုရားသည် ဆွမ်းအနုမောဒနာတရား ဟောကြားတော်မူပြီးနောက် ကျောင်းတိုက်သို့တဖန် ပြန်ကြွတော်မူလေ၏။ ထိုနည်းဖြင့်ပင် နောက်တနေ့၌ မြို့သူမြို့သားတို့က မဟာဒါန ပေးလှူကြလေသည်။ နောက်တနေ့၌ အာနန္ဒမင်းကြီးက မဟာဒါန ပေးလှူလေသည်။ ဤနည်းဖြင့်ပင် မင်းကြီးက တလှည့်, တိုင်းသူပြည်သားတို့က တလှည့် ဤသို့ အလှည့်အလည်အားဖြင့် ကာလရှည်လျားစွာ မဟာဒါန ပေးလှူကြလေသည်။

     ထိုအခါ အရှင်ကောဏ္ဍည မထေရ်အလောင်း သူတော်ကောင်း အမျိုးသားသည် ဟံသာဝတီ မင်းနေပြည်ဝယ် စီးပွါးဥစ္စာကြွယ်ဝသော ဂဟပတိမဟာသာလအမျိုး၌ဖြစ်၍ တနေ့သ၌ မြတ်စွာဘုရား တရားဟောချိန်တွင် ဟံသာဝတီပြည်သား လူအများတို့ ပန်း,နံ့သာစသည် လက်စွဲကြကုန်လျက် ဘုရား, တရား, သံဃာ = ရတနာသုံးပါးရှိရာအရပ်သို့ တရားနာသွားကြသည်တို့ကို မြင်လတ်၍ ထိုလူများနှင့် အတူတကွ တရားဟောရာအရပ်သို့ လိုက်ပါသွားလေ၏။

     ထိုအခါ၌ ပဒုမုတ္တရ မြတ်စွာဘုရားသည် ကိုယ်တော်မြတ်၏ သာသနာဝယ် ရှေးဦးစွာ သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်းဝင်သော ရဟန်းတော်တပါးကို ရတ္တညူအရာ (=ရဟန်းဝါ အကြီးဆုံးအရာ)၌ အသာဆုံး အမြင့်ဆုံး တည်းဟူသော ဧတဒဂ်ရာထူး၌ ထားတော်မူလေသည်။ အရှင်ကောဏ္ဍညအလောင်း အမျိုးကောင်းသားသည် ထိုအကြောင်းကို ကြားသိ၍ “ဤရဟန်းသည် ကြီးကျယ်မြင့်မြတ်ဘိတကား၊ မြတ်စွာဘုရားကို အလွတ်ထား၍ အခြားတပါး ဤရဟန်းထက် အလျင်လက်ဦး သစ္စာလေးပါး တရားထူးကို သိမြင်သော ရဟန်းဟူ၍ မရှိဘူးတဲ့။ ငါသည်လည်း နောက်အခါ တဆူဆူသော ဘုရားရှင်၏ သာသနာဝယ် ဤရဟန်းနည်းတူ အလျင်လက်ဦး သစ္စာလေးပါး တရားထူးကို သိမြင်နိုင်စွမ်းသော ရဟန်းသူမြတ် ဖြစ်ရပါမူ



ကောင်းလေစွာ့”ဟု ဆင်ခြင် အကြံကောင်းဝင်၍ တရားပွဲ ပြီးဆုံးသောအခါ မြတ်စွာဘုရားအထံတော်သို့ ဆည်းကပ်၍ “နက်ဖြန် တပည့်တော်၏ဆွမ်းကို အလှူခံတော်မူပါကုန်ဘုရား”ဟု လျှောက်ထား ပင့်ဖိတ်လေသည်။ ပဒုမုတ္တရ မြတ်စွာဘုရားသည် ဆိတ်ဆိတ်နေသဖြင့် သည်းခံတော်မူလေ၏။

     အမျိုးကောင်းသားသည် မြတ်စွာဘုရားရှင် လက်ခံတော်မူကြောင်း ကောင်းစွာသိရ၍ မြတ်စွာဘုရားကို ရိုသေမြတ်နိုး ရှိခိုး အရိုအသေပြုပြီးလျှင် မိမိအိမ်သို့ပြန်ခဲ့၍ တညဉ့်လုံးလုံး မြတ်စွာဘုရားနှင့်တကွ သံဃာတော်များ ထိုင်နေမည့်နေရာကို နံ့သာပန်းဆိုင်း စသည်တို့ဖြင့် တန်းဆာဆင်၍ မွန်မြတ်သော ခဲဖွယ်ဘောဇဉ်တို့ကို စီမံပြီးလျှင် ထိုညဉ့်လွန်မြောက် နောက်တနေ့ ရောက်သောအခါ မိမိအိမ်၌ ရဟန်းတော်ပေါင်းတသိန်း အခြံအရံရှိသော ပဒုမုတ္တရ မြတ်စွာဘုရားအား ထူးခြားဆန်းကြယ်သော ယာဂုခဲဖွယ် အခြံအရံ အလှူဒါနနှင့်တကွ ရသာကြိုင်ရွှမ်း နံ့သာသလေးဆွမ်းကို လှူဒါန်းဆက်ကပ်၍ ဆွမ်းကိစ္စပြီးသောအခါ သင်္ကန်းသုံးထည်ချုပ်လောက်သည့် ဝင်္ဂတိုင်းဖြစ် အသစ်စက်စက် မွေ့ညက်ထူထဲသော အဝတ်တို့ကို မြတ်စွာဘုရား၏ ခြေတော်ရင်း၌ ခင်းကျင်း တည်ထားပြီးလျှင် တဖန်ဆက်၍ “ငါသည် အနည်းငယ်မျှသော သာသနရာထူးအတွက် လှည့်လည်ကျက်စားသူမဟုတ်၊ ကြီးစွာသော သာသနာဖက်ဆိုင်ရာ ရာထူးကို တောင့်တလျက် ကျက်စားလှည့်လည်သူ ဖြစ်ချေသည်။ ယခုကဲ့သို့ တရက်တည်းသာ မဟာဒါနပြု၍ ထိုရာထူးဌာနန္တရကို တောင့်တခြင်းငှါ မစွမ်းနိုင်ချေ။ သို့ရကား အစဉ်အတိုင်း ခုနစ်ရက်ဆက်ကာ မဟာဒါနကြီးကို ပေးလှူပြီးလျှင် တောင့်တပေအံ့”ဟု ကြံစည်ဆင်ခြင်မိလေ၏။

     ထိုအမျိုးကောင်းသားသည် ဤနည်းနှင်နှင် ခုနစ်ရက်ပတ်လုံး မဟာဒါနကို ပေးလှူ၍ ဆွမ်းကိစ္စပြီးဆုံးသောအခါ အဝတ်သိုလှောင်သော ကျီကြကို ဖွင့်စေပြီးနောက် နူးညံ့မွန်မြတ်သော အဝတ်များကို မြတ်စွာဘုရား၏ ခြေတော်ရင်း၌ ထားရှိကာ



ရဟန်းတော်တသိန်းအား တိစီဝရိက်သင်္ကန်းများကို လှူဒါန်းဆက်ကပ်ပြီးလျှင် မြတ်စွာဘုရားထံတော်သို့ ဆည်းကပ်၍ “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ဤယနေ့မှအထက် ခုနစ်ရက်မြောက်သောနေ့က အရှင်ဘုရားတို့ ဧတဒဂ်ရာထူး၌ ချီးကျူးမြှောက်စား တင်ထားအပ်သော ရဟန်းတော်ပမာ တပည့်တော်သည်လည်း အနာဂတ နောက်ကာလဝယ် ပွင့်တော်မူမည့် မြတ်စွာဘုရားရှင်၏ သာသနာတော်၌ ရှင်ရဟန်းပြုကာ ရှေးဦးစွာ သစ္စာလေးပါး တရားထူးကို ထိုးထွင်းသိမြင်ခြင်းငှါ စွမ်းနိုင်သူ ဖြစ်ရပါလို၏”ဟု လျှောက်ထား၍ ဘုရားခြေတော်ရင်း၌ ဝပ်စင်းဦးခိုက် အလျားလိုက် အရိုအသေပြု၍ နေလေ၏။

     ပဒုမုတ္တရမြတ်စွာဘုရားသည် ထိုအမျိုးကောင်းသား ဆုပန်လျှောက်ထားသော စကားကို ကြားသိတော်မူ၍ “ဤအမျိုးကောင်းသားသည် ကြီးစွာသော အဓိကာရ (=အထိကရ) ကောင်းမှုကုသိုလ်ကို ပြုအပ်ခဲ့လေပြီ၊ ဤအမျိုးကောင်းသား၏ ယခု တောင့်တချက်သည် ပြည့်စုံလိမ့်မည်လော၊ မပြည့်စုံမည်လော”ဟု အနာဂတံသ ရွှေဉာဏ်တော်ဖြင့် ဆင်ခြင်ကြည့်ရှုတော်မူလတ်သော် “ဧကန်ပင် ပြည့်စုံလိမ့်မည်”ဟု လင်းလင်းထင်ထင် သိမြင်တော်မူလေ၏။

     မှန်၏- မြတ်စွာဘုရားတို့၏အဖို့ရာ အတိတ်ကိုဖြစ်စေ, အနာဂတ်ကိုဖြစ်စေ, ပစ္စုပ္ပန်ကိုဖြစ်စေ အာရုံပြု၍ ဆင်ခြင်တော်မူကြလျှင် အပိတ်အပင် အဆီးအတားဟူ၍ မရှိ၊ ကမ္ဘာကုဋေ သိန်းပေါင်းများစွာ ခြားကွာသည့် အတိတ်အကြောင်းများ, အနာဂတ်အကြောင်းများသည်၎င်း စကြဝဠာအထောင် ကွာခြားလျက်ရှိသည့် ပစ္စုပ္ပန်အကြောင်းများသည်၎င်း ဆင်ခြင်မှု နှလုံးသွင်းမှုနှင့်သာ ဆက်စပ်၏၊ (=ဆင်ခြင် နှလုံးသွင်း တော်မူလိုက်သည်နှင့် တပြိုင်နက် ထင်လင်းသိသာ၍ လာ၏။) ဤသို့လျှင် အပိတ်အပင် အဆီးအတား မရှိသော ဉာဏ်တော်ဖြင့် ပဒုမုတ္တရ မြတ်စွာဘုရားသည် “နောက်အခါ ကမ္ဘာတသိန်းထက်၌ ဂေါတမမြတ်စွာဘုရား လူသုံးပါး၌ ထင်ရှားပွင့်တော်မူလိမ့်မည်။ ထိုအခါ



ဤအမျိုးကောင်းသား၏ ဆုတောင်းချက် ပြည့်ဝလိမ့်မည်”ဟု ဤအကြောင်းကို သိမြင်တော်မူကာ ပဒုမုတ္တရ မြတ်စွာဘုရားသည် အရှင်ကောဏ္ဍညအလောင်း အမျိုးကောင်းသားကို “အမောင် အမျိုးကောင်းသား.. နောက်အခါ ကမ္ဘာတသိန်းထက်၌ ဂေါတမအမည်ရှိတော်မူသော မြတ်စွာဘုရား လူသုံးပါး၌ ထင်ရှားပွင့်ထွန်းတော်မူလိမ့်မည်၊ အမောင်သည် ထိုဂေါတမမြတ်စွာဘုရား ဓမ္မစကြာတရားဦးကို ဟောကြားသောအခါ တေပရိဝဋ္ဋဓမ္မစက္ကပဝတ္တနသုတ္တန်အဆုံးဝယ် ဗြဟ္မာတဆယ့်ရှစ်ကုဋေတို့နှင့်တကွ နည်းတထောင်နှင့်ပြည့်စုံသော သောတာပတ္တိဖိုလ်၌ တည်လိမ့်မည်”ဟု ဗျာဒိတ်စကား မိန့်ကြားတော်မူလေ၏။

     ထို့နောက် ပဒုမုတ္တရမြတ်စွာဘုရား ပရိနိဗ္ဗာန် စံတော်မူပြီးနောက် (အောက် စတုဝီသတိဗုဒ္ဓဝင်ခဏ်း = ပဌမတွဲ ဒုတိယပိုင်း မျက်နှာ ၄၀၃-၌ ဖော်ပြအပ်ပြီးသောအတိုင်း) လူအပေါင်းတို့ ခုနစ်ယူဇနာ အမြင့်ရှိသော သရီရစေတီတော်မြတ်ကြီး တည်ထားကြသောအခါမှာလည်း ဤအရှင်ကောဏ္ဍညအလောင်း သူတော်ကောင်း သူဌေးသည် စေတီတော်အတွင်း ရတနာတိုက်အိမ်ကို ဆောက်လုပ်လှူဒါန်းသည့်ပြင် သရီရစေတီတော်ကို ဝန်းရံ၍ ရတနာတုရိုဏ်တိုင်ပေါင်းအထောင် စိုက်ထူ လှူဒါန်းလေသည်။

မဟာကာလ, စူဠကာလ ညီနောင်ဝတ္ထု

     အရှင်ကောဏ္ဍညအလောင်း ထိုအမျိုးကောင်းသား သူဌေးသည် အနှစ်တသိန်းကြာ ကာလပတ်လုံး ဒါနစသော ကောင်းမှုကိုပြု၍ ထိုဘဝမှ စုတေလတ်သော် နတ်ပြည်၌ ဖြစ်လေ၏။ ထိုအရှင်ကောဏ္ဍညအလောင်း သူတော်ကောင်း၏ အဖို့ရာ နတ်ပြည်,လူ့ပြည်တို့၌ အလှည့်အလည် ကျင်လည်ရစဉ်ပင် မဟာကမ္ဘာပေါင်း (၉၉၉၀၉) ကိုးသောင်းကိုးထောင်ကိုးရာ့ကိုးကမ္ဘာကို လွန်ခဲ့လေကုန်၏။ (=မဟာကမ္ဘာပေါင်း ၉၉၉၀၉-ကမ္ဘာကြာအောင် အပါယ်သို့ မလားရပဲ နတ်ပြည်, လူ့ပြည်၌သာ စုန်ဆန်လူးလာ ကျင်လည်ရလေသည်ဟု ဆိုလို၏)။ ဤမျှ ရှည်လျားသောအခါကို လွန်မြောက်သဖြင့် ဤဘဒ္ဒကမ္ဘာမှ



ပဋိလောမအဆန် ပြန်၍ရေတွက်လျှင် လွန်ခဲ့သော ကိုးဆယ့်တကမ္ဘာ့ထက်၌ ဤအရှင်ကောဏ္ဍညအလောင်း အမျိုးကောင်းသားသည် ဗန္ဓုမတီ မင်းနေပြည်၏ တံခါးအနီးရွာဝယ် သူကြွယ်မျိုး၌ဖြစ်၍ အမည်အားဖြင့် မဟာကာလဟူ၍ တွင်မည်လေသည်။ ထိုအမျိုးကောင်းသား၏ ညီငယ်ကား စူဠကာလဟူ၍ အမည်တွင်လေသည်။

     ထိုအချိန်ဝယ် ဝိပဿီမြတ်စွာဘုရား အလောင်းတော်သည် တုသိတာနတ်ပြည်မှ စုတေ၍ ဗန္ဓုမတီ မင်းနေပြည်ဝယ် ဗန္ဓုမမင်းကြီး၏ အဂ္ဂမဟေသီ ဗန္ဓုမတီမိဖုရားကြီးဝမ်း၌ ဖြစ်တော်မူ၍ (အောက် စတုဝီသတိဗုဒ္ဓဝင်ခဏ်း၌ ဖော်ပြအပ်သည့်အတိုင်း) အစဉ်သဖြင့် သဗ္ဗညူဘုရားအဖြစ်သို့ ရောက်တော်မူကာ တရားဟောရန် မဟာဗြဟ္မာကြီး တောင်းပန်အပ်ရကား “အဘယ်သူအား ရှေးဦးစွာ တရားကို ဟောရမည်နည်း”ဟု ကြံစည်ဆင်ခြင်တော်မူ၍ မိမိ၏ညီ ခဏ္ဍမင်းသားကို၎င်း, ပုရောဟိတ်၏သား တိဿလုလင်ကို၎င်း “ထိုသူနှစ်ယောက်တို့သည် ရှေးဦးစွာ သစ္စာလေးပါးတရားကို ထိုးထွင်း၍သိခြင်းငှါ စွမ်းနိုင်သူများ ဖြစ်ကြသည်”ဟု ပိုင်းခြား သိမြင်တော်မူပြီးလျှင် “ထိုသူတို့အားလည်း တရားဟောပေအံ့၊ ခမည်းတော်မင်းကြီးအားလည်း ချီးမြှောက်မှုကို ပြုပေအံ့”ဟု ကြံစည်ဆင်ခြင် ဆုံးဖြတ်တော်မူကာ မဟာဗောဓိမဏ္ဍိုင်မှ ကောင်းကင်ခရီးဖြင့်ပင် ကြွတော်မူ၍ ခေမမည်သော မိဂဒါဝုန်တော၌ သက်ကြွတော်မူပြီးလျှင် ထိုခဏ္ဍမင်းသားနှင့် တိဿလုလင်တို့ကို ကိုယ်တော်မြတ်အထံသို့ လာရောက်ရန် ခေါ်စေ၍ တရားဟောတော်မူလေ၏။ ဒေသနာနိဂုံး ဆုံးသောအခါ၌ ထိုသူနှစ်ဦးလုံးတို့သည်ပင် သတ္တဝါပေါင်း ရှစ်သောင်းလေးထောင်တို့နှင့် အတူတကွ အရဟတ္တဖိုလ်၌ တည်ကြလေကုန်၏။

     ထို့နောက် ဝိပဿီမြတ်စွာဘုရား အလောင်းတော် တောထွက်မူစဉ်အခါ အတူလိုက်ပါ ရဟန်းပြုခဲ့ကြသည့် အမျိုးကောင်းသား ရှစ်သောင်းလေးထောင်တို့သည် ထိုအကြောင်းကို ကြားသိကြ၍



မြတ်စွာဘုရားထံတော်သို့ လာရောက်ကြကာ တရားဒေသနာကို ကြားနာကြသဖြင့် အရဟတ္တဖိုလ်၌ တည်ကြလေပြန်သည်။ ဝိပဿီမြတ်စွာဘုရားသည် ထိုခေမမိဂဒါဝုန်တော အရပ်၌ပင် ခဏ္ဍမထေရ်ကို လက်ျာရံ အဂ္ဂသာဝက, တိဿမထေရ်ကို လက်ဝဲရံ အဂ္ဂသာဝကအရာ၌ အသီးသီး ထားတော်မူလေ၏။

     ဗန္ဓုမမင်းကြီးသည်လည်း ထိုအကြောင်းကို ကြားသိ၍ “သားတော်ဘုရားကို ဖူးမြော်အံ့”ဟု ဥယျာဉ်သို့ သွားရောက်ကာ တရားတော်ကို ကြားနာ၍ သရဏဂုံသုံးပါးတို့၌ တည်ပြီးလျှင် ဝိပဿီမြတ်စွာဘုရားရှင်ကို နက်ဖြန်ဆွမ်းအတွက် ပင့်လျှောက်ပြီးနောက် ရှိခိုး အရိုအသေပြုပြီး ဖဲသွားလေ၏။ မင်းကြီးသည် ရွှေနန်းတော်သို့ ရောက်သောအခါ မြတ်သောပြာသာဒ်၌ ထိုင်နေလျက် “ငါ၏သားကြီးသည် တောထွက်၍ ဘုရားဖြစ်ခဲ့လေပြီ။ ဒုတိယသားသည်လည်း လက်ျာရံ အဂ္ဂသာဝက ဖြစ်ခဲ့လေပြီ။ ပုရောဟိတ်၏သား တိဿလုလင်သည် လက်ဝဲရံ အဂ္ဂသာဝက ဖြစ်ခဲ့လေပြီ၊ ဤကြွင်းကျန်သည့် နောက်လိုက်ရဟန်းပေါင်း ရှစ်သောင်းလေးထောင်တို့သည် လူဖြစ်စဉ်အခါကလည်း ငါ့သားကိုသာ ဝန်းရံ၍ လှည့်လည် ကျက်စားခဲ့ကြလေပြီ၊ သို့ရကား၏ ဤဘုရားအမှူးပြုသော သံဃာတော်တို့သည် ရှေးကရော ယခုပါ ငါ၏တာဝန်သာ ဖြစ်ကုန်၏၊ ငါသာလျှင် ထိုဘုရားနှင့်တကွသော ရဟန်းတော်တို့ကို ပစ္စည်းလေးပါးတို့ဖြင့် ပြုစုလုပ်ကျွေးပေတော့အံ့၊ အခြားသူတို့အား ပြုစုလုပ်ကျွေးခွင့်ကို ငါမပေးတော့အံ့”ဟု ကြံစည်စဉ်းစား၍ ကျောင်းတော်တံခါးမုခ်မှသည် ရွှေနန်းတော် တံခါးဝတိုင်အောင် ဝဲယာနံပါး နှစ်ဖက်တို့၌ ရှားသားတံတိုင်း ကာရံပြီးနောက် အဝတ်တို့ဖြင့် ဖုံးလွှမ်းစေပြီးလျှင် အပေါ်က ရွှေကြယ်တို့ဖြင့် စီချယ်အပ်သည့် ထန်းလုံးခန့်မျှ ပမာဏရှိသည့် ပန်းဆိုင်းများ တွဲလျားချကာ ဗိတာန်မျက်နှာကြက်ကို ကြက်လျက် အောက်မြေအပြင်ကိုလည်း ဆန်းကြယ်သော အခင်းတို့ဖြင့် ခင်းစေ၍ အတွင်းဝဲ,ယာနံပါးနှစ်ဖက်တို့၌ ပန်းချုံများဝယ် ရေပြည့်အိုးတို့ကို၎င်း, တလမ်းလုံး ထုံကြိုင်လှိုင်စေရန် နံ့သာတို့အကြား၌



ပန်းများကို၎င်း, ပန်းတို့အကြား၌ နံ့သာများကို၎င်း အလှည့်အလည် ထားရှိစေကာ မြတ်စွာဘုရားအား ဆွမ်းစားကြွရန် အချိန်တန်ပြီဖြစ်ကြောင်း ကြားလျှောက်စေလေ၏။ ဝိပဿီမြတ်စွာဘုရားသည် ရဟန်းအပေါင်း ခြံရံလျက် တင်းထိမ်ကန့်လန့်ကာ အတွင်းမှပင် ရွှေနန်းတော်သို့ကြွ၍ ဆွမ်းဘုဉ်းပေးပြီးလတ်သော် ထိုလမ်းအတိုင်းပင် ကျောင်းတော်သို့တဖန် ပြန်ကြွတော်မူလေ၏။ အခြားသူ တဦးတယောက်မျှ ဖူးမြော်ခွင့်ကိုပင် မရချေ။ ဆွမ်းလှူရန် ပူဇော်မှုပြုရန် အခွင့်ကိုကား အဘယ်မှာ ရချေတော့အံ့နည်း၊ တဦးတယောက်မျှ မရတော့သည်သာတည်း။

     ထိုအခါ မြို့သူမြို့သားတို့ စဉ်းစားဆင်ခြင် ကြံစည်တိုင်ပင်ကြသည်မှာ-

“ယခုအခါ လောက၌ မြတ်စွာဘုရား ပွင့်ထွန်းတော်မူလာသည်မှာ ခုနစ်နှစ် ခုနစ်လတို့ ရှိခဲ့လေပြီ၊ သို့သော်လည်း ငါတို့သည် မြတ်စွာဘုရားကို ဖူးမြော်ခွင့်ကိုမျှ မရကြကုန်၊ ဆွမ်းလှူရန်, ပူဇော်မှုပြုရန်, တရားနာရန်ကား အဘယ်ဆိုဖွယ်ရှိအံ့နည်း (=အခွင့်မရသည် ဧကန်တည်း)။ မင်းကြီးသည် ဘုရားကား ငါ့ဘုရားသာတည်း, တရားလည်း ငါ့တရားသာတည်း, သံဃာလည်း ငါ့သံဃာသာတည်းဟု မြတ်နိုးတနာ ကိုယ်တိုင်သာ ရတနာသုံးပါးကို ပြုစုလုပ်ကျွေးလေသည်။ မြတ်စွာဘုရား ပွင့်ထွန်းတော်မူလာခြင်းကား နတ်ဗြဟ္မာနှင့်တကွသော သတ္တလောက၏အကျိုးငှါ ပွင့်တော်မူလာခြင်းဖြစ်လေသည်။ မင်းကြီးတဦးတည်းအကျိုးငှါသာ ပွင့်ထွန်းတော်မူလာသည်မဟုတ်။ မှန်၏- ငရဲမီးသည် မင်းကြီးအဖို့ရာသာ ပူလျက် အခြားသူတို့ အဖို့ရာ ကြာညိုပန်းနှင့် တူသည်မဟုတ်၊ သို့ရကား ငါတို့ သည် မင်းကြီးကို ‘အကျွန်ုပ်တို့အား မြတ်စွာဘုရားကို (မြတ်စွာဘုရားအား ပြုစုခွင့်ကို) အကယ်၍ ပေးလျှင် ကောင်းပါသည်။ အကယ်၍ မပေးလျှင်ကား မင်းကြီးနှင့် စစ်ပြိုင်၍ သံဃာတော်ကို အရယူကြပြီးလျှင်



၁၀

ဒါနအစရှိသော ကောင်းမှုတို့ကို ပြုကြရပါလိမ့်မည်’ဟု အရေးဆိုကြကုန်စို့။ အထူးအကြောင်းရှိသည်မှာ- မြို့သူမြို့သားများ သက်သက်သာဆိုလျှင် ဤသို့ ပြုနိုင်ကြမည်မဟုတ်၊ သို့ရကား ရှေ့သွားခေါင်းမှူး ဦးစီးပုဂ္ဂိုလ်တယောက်ကို ရယူကြကုန်စို့”-

ဟု ကြံစည်တိုင်ပင်ကြပြီးလျှင် စစ်သေနာပတိထံသို့ သွားရောက်ကြ၍ ထိုအကြောင်းကို ပွင့်ပွင့်လင်းလင်း ပြောကြကြပြီးလျှင် “အို အရှင်စစ်သေနာပတိမင်း.. အရှင်စစ်သူကြီးသည် အကျွန်ုပ်တို့၏ အပင်းအသင်း ဖြစ်မည်လော၊ သို့မဟုတ် မင်းကြီး၏ အပင်းအသင်း ဖြစ်မည်လော”ဟု တိုက်ရိုက်မေးမြန်းကြလေ၏။ ထိုအခါ စစ်သူကြီးက “သင်တို့၏ အပင်းအသင်း ဖြစ်ပါမည်၊ သို့သော် အထူးပြောဆို တင်ပြလိုသည်မှာ ပဌမရက်ကို ငါ့အား ပြုစုလုပ်ကျွေးခွင့် ပေးရမည်”ဟု အခွင့်တောင်း အရေးဆိုလေလျှင် မြို့သူမြို့သားတို့သည် ထိုအချက်ကို သဘောတူ လက်ခံကြလေ၏။

     စစ်သူကြီးသည် မင်းကြီးထံ သွားရောက်၍ “အရှင်မင်းကြီး.. မြို့သူမြို့သား လူအများတို့သည် အရှင်မင်းကြီးတို့အား အမျက်ထွက်ကြပါကုန်ပြီ”ဟု လျှောက်ထား၍ မင်းကြီးက “အမောင်စစ်သူကြီး.. အဘယ့်ကြောင့် မြို့သူမြို့သားတို့က ငါ့အား အမျက်ထွက်ကြသနည်း”ဟု မေးလေလျှင် “မြတ်စွာဘုရားကို အရှင် မင်းကြီးတို့ကသာလျှင် ပြုစုလုပ်ကျွေးကြကုန်၏၊ ငါတို့သည် ပြုစုလုပ်ကျွေးခွင့် မရကုန်လို့တဲ့၊ အရှင်မင်းကြီး.. အချိန်မလွန်သေးပါ။ ယခုအခါလည်း အကယ်၍ ပြုစုလုပ်ကျွေးခွင့် ရကြမည်ဆိုပါလျှင် အမျက်ထွက်ကြမည် မဟုတ်ပါ၊ မရကြလျှင်ကား အရှင်မင်းကြီးတို့နှင့် စစ်ပြိုင်လိုကြပါကုန်သတဲ့”ဟူ၍ စစ်သူကြီးက ပွင့်လင်းစွာ လျှောက်ထားလေ၏။ ထိုအခါ မင်းကြီးက“အမောင်စစ်သူကြီး.. စစ်ကိုသာ ငါထိုးမည်၊ ရဟန်းသံဃာကိုကား ဘယ်နည်းနှင့်မှ ငါမပေး”ဟု ဆိုလေလျှင် စစ်သူကြီးသည် “အရှင်မင်းကြီး.. အရှင်မင်းကြီး၏ ကျေးကျွန်တို့သည် အရှင်မင်းကြီးတို့နှင့် ပြိုင်၍ စစ်ထိုးကြမည်ဟု ပြောဆိုနေကြပါကုန်၏။ အရှင်မင်းကြီးတို့သည်



၁၁

အဘယ်သူကို ခေါ်ယူ၍ စစ်ထိုးကြမည်နည်း”ဟု အကြပ်ကိုင်စကား လျှောက်ထားလေသော် မင်းကြီးက “အမောင်သည် ကျွန်ုပ်၏ စစ်သေနာပတိ မဟုတ်ပါလော”ဟု သိမ်းသွင်းစကား ပြောကြားလေလျှင် စစ်သူကြီးက “အရှင်မင်းကြီး.. မြို့သူမြို့သားများနှင့် ကင်းကွာ၍ အကျွန်ုပ် စစ်မထိုးနိုင်ပါ”ဟု လျှောက်ထားလေ၏။

     ထိုအခါ မင်းကြီးသည် “မြို့သူမြို့သားတို့ကား အားကြီးလှကုန်၏၊ စစ်သေနာပတိသည်လည်း ထိုသူတို့၏ အပင်းအသင်းသာ ဖြစ်ချေ၏”ဟု သိမြင်ကာ “အမောင်တို့.. ထိုသို့ဖြစ်လျှင် နောက်ထပ် ခုနစ်နှစ် ခုနစ်လတို့ပတ်လုံး ပြုစုလုပ်ကျွေးရန် ငါ့အား ရဟန်းသံဃာကို ပေးကြကုန်လော့”ဟု ခွင့်တောင်းစကား ပြောကြားလေ၏။ မြို့သူမြို့သားတို့သည် လက်မခံ သဘောမတူကြကုန်။ မင်းကြီးသည် ခြောက်နှစ်, ငါးနှစ်-စသည်ဖြင့် အစဉ်အတိုင်း လျှော့၍ လျှော့၍ နောက်ဆုံး၌ ခုနစ်ရက်မျှ ပြုစုလုပ်ကျွေးရန် ခွင့်တောင်းစကား ပြောကြားလေ၏။ ထိုအခါ မြို့သူမြို့သားတို့သည် “ယခု နောက်ဆုံး ခုနစ်ရက်မျှ ပြုစုလုပ်ကျွေးရန် တောင်းခံသောအခါ၌ မင်းကြီးနှင့် အန္တုဗလပြု၍ တင်းမာခြင်းငှါ မသင့်လျော်”ဟု တိုင်ပင်ညီညွတ်ကြကာ မင်းကြီးတောင်းဆိုချက် ခုနစ်ရက်ကို ခွင့်ပြုကြလေကုန်၏။

     ဗန္ဓုမမင်းကြီးသည် ခုနစ်နှစ် ခုနစ်လစာ စီရင်ရမည့် အလှူဝတ်ကို ခုနှစ်ရက်အတွက်နှင့်ကုန်အောင် စီရင်ပြီးလျှင် ရှေ့ခြောက်ရက်၌ တိုင်းသူပြည်သား တဦးတယောက်မျှ မမြင်စဉ် ပေးလှူ၍ ခုနစ်ရက်မြောက် ရောက်သောနေ့၌ မြို့သူမြို့သားတို့ကို ဖိတ်ခေါ်ပြီးလျှင် ကြီးကျယ်စွာသော အလှူဝတ်တို့ကို ပြ၍ “အမောင်တို့.. ဤကဲ့သို့ ကြီးကျယ်ခမ်းနားသော အလှူကို လှူနိုင်ကြပါမည်လော”ဟု အကဲစမ်းစကား ပြောကြားလေ၏။ မြို့သူမြို့သားတို့သည်လည်း “အရှင်မင်းကြီး.. အရှင်မင်းကြီး၏ ဤအလှူဝတ်များသည် အကျွန်ုပ်တို့ကို အမှီပြု၍သာ ဖြစ်သည်မဟုတ်လော”ဟု ချေပကြ၍ “စွမ်းနိုင်ပါကုန်၏”ဟု ပြောကြားကြကုန်၏။



၁၂

ဗန္ဓုမမင်းကြီးသည် လက်ဖမိုးဖြင့် မျက်ရည်များကိုသုတ်လျက် မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် “ဘုန်းတော်ကြီးသော သားတော်မြတ်ဘုရား.. ခမည်းတော်သည် သားတော်ဘုရားနှင့်တကွ ရဟန်းတော်ပေါင်း တသိန်း ခြောက်သောင်း ရှစ်ထောင်ကို အခြားသူ၏ တာဝန်မပြုပဲ အသက်ထက်ဆုံး ပစ္စည်းလေးပါးတိုဖြင့် ပြုစုလုပ်ကျွေးမည်ဟု ကြံစည်ဆုံးဖြတ်ခဲ့ပါသည်၊ သို့သော် ယခုအခါ မနေသာသည့်အတွက် မြို့သူမြို့သားများအား ပြုစုလုပ်ကျွေးကြရန် အခွင့်ပြုလိုက်ရပါပြီ၊ မှန်ပါသည် ‘ငါတို့သည် အလှူဒါန ပြုခွင့်မရကြ’ဟု ပြောဆိုကြကာ မြို့သူမြို့သားတို့က အကျွန်ုပ် (ခမည်းတော်)အား အမျက်ထွက်ကြပါသည်ဘုရား..၊ ဘုန်းတော်ကြီးသော သားတော်မြတ်ဘုရား.. နက်ဖြန်မှပင် အစပြုကာ ထိုမြို့သူမြို့သား လူအများတို့အား သနားချီးမြှောက်မှု ပြုတော်မူကြပါကုန်ဘုရား”ဟု လက်လျှော့ ခွင့်ပြုစကား ဝမ်းနည်းဖွယ်ရာ လျှောက်ထားရှာလေ၏။

     ထို့နောက် ဒုတိယနေ့၌ စစ်သေနာပတိကြီးသည် မူလ ကတိက စကားအတိုင်း ဘုရားအမှူးရှိသော သံဃာတော်အား ကြီးစွာသော အလှူဒါနကို ပေးလှူလေသည်။ (ဤ၌ အံ့-ဋ္ဌ ၃၊ စာမျက်နှာ ၁၃-လာ သဒ္ဓါသုမနဝတ္ထုကို အကျဉ်းချုပ် ပြဆိုဦးအံ့)-

သဒ္ဓါသုမနဝတ္ထု

     စစ်သေနာပတိကြီး၏ အလှည့်ဖြစ်သော ထိုပဌမနေ့၌ စစ်သေနာပတိကြီးသည် ကြီးစွာသော အလှူဒါနကို စီမံခန့်ခွဲလျက် “ယနေ့အဖို့ရာ အခြားသူ တဦးတယောက်သည် ဆွမ်းတဇွန်း တယောက်မမျှ လှူနိုင်ခွင့်မရအောင် စောင့်ကြပ်ကြရမည်”ဟု အမိန့်ထုတ်ကာ ထက်ဝန်းကျင်မှ မင်းချင်းယောက်ျား စစ်သားတို့ကို အစောင့်အနေ ချထားလေ၏။ ထိုနေ့၌ ဗန္ဓုမတီပြည် (အရှင်သခင် လင်သူဌေးကြီး ကွယ်လွန်ပြီးဖြစ်သည့်) သူဌေးကတော်ကြီးသည် (မိမိတို့ ပဌမနေ့ ဆွမ်းလှူခွင့်မရသည့်အတွက်) ဝမ်းနည်းခြင်း ပြင်းစွာဖြစ်လျက် ငိုကြွေးမြည်တမ်းကာ



၁၃

သတို့သမီး အဖော်ငါးရာတို့နှင့် အတူတကွ ကစားရာမှ ပြန်လာသော မိမိသမီးကို “ချစ်သမီး.. သမီး၏ဖခင် အကယ်၍ အသက်ရှင်နေလျှင် ဤယခုနေ့ ငါသည် ရှေးဦးစွာ မြတ်စွာဘုရားကို ဆွမ်းကျွေးရလေရဲ့”ဟု အားနွဲ့စကား တိုင်တမ်း ပြောဆိုလေ၏။ သူဌေးသမီးသည် မိခင်သူဌေးကတော်ကြီးကို “အိုမိခင်.. ထွေရာလေးပါး အကြံမများ စိတ်မများပါလင့်၊ ဘုရားအမှူးရှိသော သံဃာတော်များ သမီး၏ဆွမ်းကို ရှေးဦးစွာ ခံယူသုံးဆောင်အောင် သမီး ကြံဆောင်ပြုလုပ်ပါမည်”ဟု အားပေးစကား ပြောကြားလေ၏။

     ထို့နောက် သူဌေးသမီးသည် အဖိုးတသိန်းတန် ရွှေခွက်၌ ရေမရောသော နို့ဃနာဆွမ်းကို အပြည့်ထည့်ပြီးလျှင် ထောပတ်, ပျား, သကာ- စသည်တို့ဖြင့် သွန်းလောင်း မွမ်းမံ ပြင်ဆင်၍ အခြားရွှေခွက်တခုဖြင့် မှောက်၍အုပ်ကာ ထိုရွှေခွက်နှစ်လုံးကို မုလေး(မြတ်လေး)ပန်းကုံးတို့ဖြင့် လွှမ်းဖုံးရစ်ပတ်၍ မုလေးပန်းလုံးကြီး နှင့်တူအောင် ပြုလုပ်ပြီးလျှင် မြတ်စွာဘုရား မြို့တွင်းသို့ ကြွဝင်တော်မူသောအခါ၌ ကိုယ်တိုင်ချီရွက်၍ အထိန်းအယပေါင်းများစွာ ခြံရံလျက် အိမ်မှထွက်ခဲ့လေ၏။

     လမ်းခရီးသို့ရောက်၍ သူဌေးသမီးနှင့် အစောင့်လူများ အချီအချစကား ပြောဆိုကြသည်မှာ-

အစောင့်များ

သမီး.. ဤအရပ်သို့ မလာခဲ့လင့်၊

သူဌေးသမီး

ဘကြီး..ဘထွေး..ဦးလေး.. ဘကြီးတို့က ဘထွေးတို့က ဦးလေးတို့က ဘာ့ကြောင့် သွားခွင့် မပေးကြပါသလဲရှင်..၊ (ဘုန်းရှင်ကံရှင်များသည် ချစ်နှစ်သက်ဖွယ်စကားကို ပြောကြားတတ်ကြကုန်၏။ ထိုသူတို့ အဖန်ဖန် ပြောကြားသောစကားကို အခြားသူများ ပယ်ရှားဖို့ရန် မစွမ်းနိုင်ကြကုန်)။

အစောင့်များ

စစ်သေနာပတိကြီးက အခြားသူ တဦးတယောက်အား ခဲဖွယ်ဘောဇဉ်ကို လှူဒါန်းခွင့်



၁၄

မပေးရ-ဟု အတင်းအကြပ် အမိန့်ထုတ်ကာ ဘကြီးတို့ကို အစောင့်အနေ ချထားအပ်ပါကုန်သည် သမီး..။

သူဌေးသမီး

ဘကြီးတို့.. ဘကြီးတို့က ယခုလိုတားမြစ်ရအောင် သမီး၏လက်ထဲမှာ ခဲဖွယ်,ဘောဇဉ် တစုံတရာကို မြင်ကြပါသလော။

အစောင့်များ

ပန်းလုံးကြီးကိုပင် မြင်ကြရပါသည် သမီး..။

သူဌေးသမီး

ဘယ့်နှယ်လဲ ဘကြီးတို့၏ စစ်သူကြီးက ပန်းပူဇော်မှုကိုမျှ မပြုရတော့ဘူးတဲ့လား။

အစောင့်များ

ပန်းပူဇော်မှုပြုရန်ကိုတော့ အခွင့်ပေးပါတယ် သမီး..။

     ထိုအခါ သူဌေးသမီးသည် အစောင့်များကို “ထိုသို့ဖြစ်လျှင် ဖယ်ရှားကြပါ၊ မတားကြပါနှင့် ဘကြီးတို့..”ဟု ပြောဆိုကာ မြတ်စွာဘုရားထံတော်သို့ သွားရောက်ချဉ်းကပ်၍ “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ပန်းလုံးအပူဇော်ကို အလှူခံတော်မူပါကုန်ဘုရား”ဟု လျှောက်ထား ဆက်ကပ်လေ၏။ မြတ်စွာဘုရားသည် အစောင့်လူတယောက်ကို ကြည့်တော်မူ၍ ပန်းလုံးကို ဆောင်ယူခဲ့စေလေ၏။ သူဌေးသမီးသည် မြတ်စွာဘုရားကို ရှိခိုးပြီးလျှင်-

“ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. တပည့်တော်မ၏ အဖို့ရာ ဘဝသံသရာ ဖြစ်လေရာရာ၌ တောင့်တောင့်တတ ကြောင့်ကြောင့်ကြကြ အသက်ရှင်ရခြင်းဟူ၍ မဖြစ်ပါရစေသား၊ ဤမုလေး(မြလေး)ပန်းကဲ့သို့ ဖြစ်လေရာရာ သံသရာဘဝ၌ လူအများ ချစ်ခင်အပ်သူ အမည်အားဖြင့်လည်း သုမနာ (=မယ်မြလေး)ဟူ၍သာ အမည်တွင်သူ ဖြစ်ရပါလို၏ဘုရား”-

ဟု ဆုတောင်းပတ္ထနာမှုပြု၍ မြတ်စွာဘုရားက “ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်းရှိသူ ဖြစ်ပါစေ”ဟု တုံ့ပြန် မိန့်ကြားတော်မူအပ်ရကား



၁၅

သူဌေးသမီးသည် ဝမ်းမြောက်ဝမ်းသာ မြတ်စွာဘုရားကို ရှိခိုး အရိုအသေပြု၍ ဖဲသွားလေ၏။

     မြတ်စွာဘုရားသည်လည်း စစ်သေနာပတိအိမ်သို့ရောက်၍ ခင်းအပ်သောနေရာ၌ ထိုင်နေတော်မူ၏။ စစ်သေနာပတိသည် ယာဂုကို ယူဆောင်၍ မြတ်စွာဘုရားထံတော်သို့ ကပ်လာ၏။ မြတ်စွာဘုရားသည် လက်တော်ဖြင့် သပိတ်ကိုပိတ်၍ ထားတော်မူလိုက်၏။ စစ်သေနာပတိက “ရဟန်းအားလုံး မစုံညီသေး၍ အလှူမခံသည် ဖြစ်လိမ့်မည်”ဟု အောက်မေ့ကာ “မြတ်စွာဘုရား.. ရဟန်းသံဃာအားလုံး စုံညီစည်းဝေး ထိုင်နေမိပါပြီ”ဟု လျှောက်ထားလေလျှင် မြတ်စွာဘုရားသည် “ငါတို့အဖို့ရာ လမ်းခရီအကြား၌ ရခဲ့သော ဆွမ်းတအုပ် ရှိပြီးသားဖြစ်လေပြီ”ဟု မိန့်တော်မူလေ၏။ အပေါ်ကအုပ်လွှမ်းသည့် မုလေးပန်းကို ဖယ်ရှားလိုက်သော် အငွေ့တချောင်းခြောင်းနှင့် နို့ဃနာဆွမ်းကို တွေ့မြင်လေ၏။ ထိုအခါ ထိုရွှေခွက်ကို ယူဆောင်လာသူ စစ်သေနာပတိ၏တပည့် လူငယ်သည် “အရှင်စစ်သေနာပတိကြီး.. အကျွန်ုပ်ကို ‘ပန်းလုံး’ဟု ပြောဆိုကာ မာတုဂါမ မင်းမိန်းမသည် လှည့်စားလိမ်လည်လိုက်ပါပြီ”ဟု ပြောဆိုလေ၏။ နို့ဃနာဆွမ်းသည် မြတ်စွာဘုရားကို အစဦးပြုကာ ခပ်သိမ်းသော ရဟန်းတို့အတွက် ဘုဉ်းပေး သုံးဆောင်လောက်လေသည်။ ယာဂု နို့ဃနာဆွမ်း ကပ်လှူပြီးနောက်မှ စစ်သေနာပတိသည် မိမိစီမံထားသော လှူဖွယ်ဝတ္ထုများကို လှူဒါန်းလေသည်။ မြတ်စွာဘုရားသည် ဆွမ်းဘုဉ်းပေးခြင်းကိစ္စကို ပြုပြီးသော် မင်္ဂလာတရားစကား ဟောကြား၍ ဖဲကြွသွားတော်မူလေ၏။

     မြတ်စွာဘုရား ဖဲကြွသွားပြီးနောက် စစ်သူကြီးသည် မိမိတပည့်များကို “ဆွမ်းလှူလိုက်သော ထိုမိန်းမသည် အဘယ်အမည်ရှိသနည်း”ဟု မေး၍ တပည့်များက “အရှင်စစ်သူကြီးမင်း.. သူဌေးသမီး ဖြစ်ပါသည်”ဟု ပြန်ကြား ဖြေဆိုကြလေလျှင် စစ်သူကြီးသည် “ပညာရှိသော မိန်းမပါပေ၊ ဤသို့သော မိန်းမပညာရှိသည် အိမ်၌ စိုးအုပ်နေထိုင်လျှင် အိမ့်ရှင်ယောက်ျားအဖို့ရာ



၁၆

နတ်ပြည်စည်းစိမ်မည်သည်ကို ရခဲမည် မဟုတ်ချေ”ဟု ချီးမွမ်းပြောဆိုကာ ထိုသူဌေးသမီးကို ဆောင်ယူသိမ်းပိုက်ကာ အကြီးအကဲအရာ၌ ထားရှိလေ၏။

     ထိုသူဌေးသမီးသည် အဖ၏အိမ် စစ်သေနာပတိ၏အိမ် = နှစ်အိမ်လုံး၌ရှိသော စည်းစိမ်ဥစ္စာကို သိမ်းဆည်းအုပ်ချုပ် စီမံခန့်ခွဲကာ အသက်ထက်ဆုံး မြတ်စွာဘုရားအား အလှူဒါနကောင်းမှုများ ပေးလှူပြုလုပ်၍ ထိုဘဝမှ စုတေလတ်သော် ကာမာဝစရနတ်ပြည်၌ ဖြစ်လေ၏။ ဖြစ်သောခဏမှာပင် ပုဆစ်ဒူးဝန်း နစ်လုမျှသော အပိုင်းအခြားဖြင့် နတ်ပြည်တပြည်လုံး အုပ်ဖုံးပြည့်စေလျက် မုလေးပန်းမိုး ဖြိုးဖြိုးရွာသွန်းလေသည်၊ နတ်အပေါင်းတို့သည် “ဤနတ်သမီးကား မိမိအမည်ကို မိမိပင်ယူဆောင်၍ လာပေသည်”ဟု ပြောဆိုကြကာ ထိုနတ်သမီး၏ အမည်ကို “သုမနာနတ်သမီး”ဟူ၍ မှည့်ခေါ်ကြလေကုန်၏။

     ထိုသုမနာနတ်သမီးသည် ကိုးဆယ့်တကမ္ဘာ ရှည်မြင့်ကြာအောင် အပါယ်ဘေး ကင်းဝေးလွတ်မြောက်လျက် နတ်ပြည် လူ့ပြည် ကျင်လည်လတ်သည်ရှိသော် ဖြစ်တိုင်းဖြစ်တိုင်းသော ဘုံဌာန၌ မုလေးပန်းမိုး တဖြိုးဖြိုး ရွာသွန်းခြင်းရှိကာ “သုမနာနတ်သမီး, သုမနာသတို့သမီး”ဟူ၍သာ အမည်တွင်လေသည်။ ဤယခု ဘုရားသာသနာ ခေတ်အခါ၌ကား ထိုသုမနာနတ်သမီးသည် ကောသလမင်းကြီး၏ မိဖုရားကြီးဝမ်း၌ ပဋ္ဋိသန္ဓေ တည်နေဖြစ်ပွါးလာလေသည်၊ ထိုသုမနာ၏ ရံရွေအဖော် သတို့သမီး ငါးရာတို့သည်လည်း ထိုနေ့မှာပင် ထိုထိုမှူးမတ်စသည်တို့၏ အိမ်တို့၌ ပဋ္ဋိသန္ဓေ တည်ယူနေကြ၍ တနေ့တည်းမှာပင် ထိုသတို့သမီးအားလုံးကို သုမနာမင်းသမီးနှင့်တကွ အမိဝမ်းမှ ထွက်မြောက် ဖွားမြင်ကြလေသည်။ ထိုခဏမှာပင် ပုဆစ်ဒူးဝန်း နစ်လုမျှသော အပိုင်းအခြားဖြင့် မုလေးပန်းမိုး ဖြိုးဖြိုးရွာသွန်းလေသည်။

     ထိုအခြင်းအရာကိုမြင်၍ ကောသလမင်းကြီးသည် “ဤငါ၏ သမီးတော်သည် ရှေးကပြုဘူး ကုသိုလ်ထူးရှိသူ ဖြစ်ပေလိမ့်မည်”ဟု



၁၇

နှစ်သက်အားရမ်း ဝမ်းမြောက်သောစိတ် ရှိတော်မူကာ “ငါ၏သမီးတော်သည် မိမိ၏အမည်ကို မိမိပင် ယူဆောင်လာသူ ဖြစ်ပေသည်”ဟု ဆို၍ ထိုသမီးတော်၏အမည်ကို သုမနာဟူ၍ မှည့်ခေါ်တွင်စေပြီးလျှင် “ငါ၏သမီးတော်သည် တယောက်ထီးတည်း မွေးဖွားဖြစ်ပွါးလိမ့်မည် မဟုတ်”ဟု ဆင်ခြင်တော်မူကာ မြို့အလုံးကို လှည့်လည် ရှာစေလတ်သော် “သတို့သမီးငါးရာတို့ ဖွားမြင်ကြသည်”ဟူသော သတင်းကို ကြားသိတော်မူ၍ ထိုငါးရာလုံးကို မင်းကြီးကပင် တာဝန်ယူ၍ မွေးကျွေးသုတ်သင် ကြီးပြင်းစေလေသည်။ တလ တလ ရောက်လတ်သော် “ထိုသတို့သမီးငါးရာတို့ကို ခေါ်ဆောင်၍ ငါ၏သမီးတော်အား ပြသကြရမည်” ဟူ၍လည်း အမိန့်အာဏာစကား ထားရှိတော်မူလေသည်။

     ထိုသုမနာမင်းသမီး အသက် ခုနစ်နှစ်အရွယ် ရောက်သောအခါ၌ အနာထပိဏ်သူဌေးကြီးက ဇေတဝန်ကျောင်းတိုက်တော် ဆောက်လုပ်တည်ထားပြီးသဖြင့် မြတ်စွာဘုရားအထံသို့ တမန်စေလွှတ် ပင့်ဖိတ်လတ်သည်တွင် မြတ်စွာဘုရားသည် ရဟန်းအပေါင်း ခြံရံလျက် သာဝတ္ထိပြည်သို့ ကြွချီတော်မူလာလေ၏။ အနာထပိဏ်သူဌေးကြီးသည် ကောသလမင်းကြီးထံသို့ သွားရောက်၍ မင်းကြီးကို “အရှင်မင်းကြီး.. ဤအကျွန်ုပ်တို့ သာဝတ္ထိပြည်သို့ မြတ်စွာဘုရား ကြွလာတော်မူခြင်းသည် အရှင်မင်းကြီးနှင့်တကွ အကျွန်ုပ်တို့အဖို့ရာ မင်္ဂလာကြီးဖြစ်ပါသည်။ သို့ရကား သုမနာမင်းသမီးကို ရံရွေဖော် သတို့သမီးငါးရာတို့နှင့် အတူတကွ ရေပြည့်အိုး, နံ့သာ, ပန်း-စသည်တို့ကို လက်ပိုက်စွဲကိုင်စေကာ မြတ်စွာဘုရားအား ကြိုဆိုပင့်ဆောင်ရန် စေလွှတ်တော်မူကြစေချင်ပါသည်”ဟု လျှောက်ထားလေ၏။ ကောသလမင်းကြီးသည်လည်း “ကောင်းပြီ သူဌေးကြီး..”ဟု ဝန်ခံကာ အနာထပိဏ်သူဌေးကြီး လျှောက်ထားသည့်အတိုင်း ပြုလုပ်စီမံလေ၏။ သုမနာမင်းသမီးသည် ခမည်းတော်မင်းကြီး၏ အမိန့်အမှာစကားအတိုင်း သွားရောက်၍ မြတ်စွာဘုရားကို ကြိုဆိုရှိခိုးပြီးလျှင် နံ့သာ, ပန်း-စသည်တို့ဖြင့် ပူဇော်လျက် အပြစ်လွတ်ရာအရပ်၌



၁၈

ရပ်တည်လေ၏။ မြတ်စွာဘုရားသည် သုမနာမင်းသမီးအား လမ်းခရီးအကြားမှာပင် တရားဟောတော်မူလေလျှင် သုမနာမင်းသမီးသည် ရံရွေအဖော် သတို့သမီးငါးရာတို့နှင့် အတူတကွ သောတာပတ္တိဖိုလ်၌ တည်လေ၏။ ထို့ပြင်လည်း အခြားသတို့သမီးငါးရာ, မာတုဂါမ အမျိုးသမီး မိန်းမကြီးငါးရာ, ဥပါသကာ ဒါယကာ ငါးရာတို့သည်လည်း ထိုတရားပွဲမှာပင် သောတာပတ္တိဖိုလ်၌ တည်ကြလေသည်။ ဤသို့လျှင် ထိုဘုရားကြွလာတော်မူသောနေ့၌ ကျောင်းတိုက်သို့မရောက်မီ လမ်းခရီးအကြားမှာပင် သောတာပန် အရိယာပေါင်း (၂ဝဝဝ)နှစ်ထောင်တို့ ဖြစ်ကြလေကုန်၏။

     ထိုသုမနာမင်းသမီး အရွယ်ရောက်သောအခါ ခမည်းတော် ကောသလမင်းကြီးက သတို့သမီးငါးရာတို့နှင့်တကွ စီးနင်းကာ ခရီးသွားလာနိုင်ရန်အတွက် ရထားအစီးငါးရာ အဆောင်အယောင် အခမ်းအနား ပေးသနားတော်မူလေသည်။ ထိုခေတ် ထိုအခါ၌ မိဖတို့ထံမှ ရထားအစီးငါးရာ အဆောင်အယောင် အခမ်းအနား ရရှိကြသော အမျိုးသမီး သုံးဦးရှိလေသည်၊ သုံးဦးတို့မှာ (၁) ဗိမ္ဗိသာရမင်းကြီး၏သမီးတော် စုန္ဒီမင်းသမီး, (၂) ဓနဉ္စယသူဌေးကြီး၏သမီး ဝိသာခါ, (၃) ဤယခု ဖော်ပြအပ်ပြီးသည့် ကောသလမင်းကြီး၏ သမီးတော် သုမနာမင်းသမီးတို့ ဖြစ်လေသည်။ ။ဤကား သဒ္ဓါသုမနာအကြောင်းတည်း။

   ဆိုအပ်ပြီးသောအတိုင်း ရဟန်းအပေါင်းနှင့်တကွ ဝိပဿီမြတ်စွာဘုရားအား မင်းကြီးထံမှ ပြုစုခွင့်ရသည့် နောက်တနေ့၌ စစ်သေနာပတိက ကြီးစွာသော အလှူဒါနကို ပေးလှူပြီးနောက် မြို့သူမြို့သားတို့သည် မင်းကြီးထက်သာလွန်သော ပူဇော်သက္ကာရမှု ပြုလုပ်ကြကာ ဘုရားအမှူးရှိသော သံဃာအား မဟာဒါန ပေးလှူကြလေ၏။ ဤနည်းဖြင့် တမြို့လုံးအတွက် ဆွမ်းအလှူဒါနအစဉ် ပြည့်စုံပြီးလတ်သော် မြို့တံခါးရွာနေလူတို့ အခွင့်အလှည့် ရရှိကြ၍ ပူဇော်သက္ကာရမှု ပြုလုပ်ကြရန် စီမံကြလေ၏။



၁၉

ထိုအခါ မဟာကာလသူကြွယ်သည် ညီငယ်စူဠကာလကို “မြတ်စွာဘုရားအား ပူဇော်သက္ကာရမှု ပြုလုပ်ရန် နက်ဖြန်ပင် ငါတို့၏ အခွင့်အလှည့် ရောက်လေပြီ၊ အဘယ်သို့သော ပူဇော်သက္ကာရမှုကို ငါတို့ ပြုကြမည်နည်း”ဟု တိုင်ပင်စကား ပြောကြားလေလျှင် ညီငယ်စူဠကာလက “နောင်တော်.. နောင်တော်သည်ပင် သင့်လျော်မည်ကို ဆင်ခြင်စဉ်းစားပါလော့”ဟု ပြောဆိုလေ၏။ ထိုအခါ မဟာကာလ နောင်တော်က “ချစ်ညီ.. နောင်တော်၏အကြိုက် အကယ်၍ ချစ်ညီလိုက်နာမည်ဆိုလျှင် ငါတို့မှာ (၁၆) တဆယ့်ခြောက်ပယ် ကျယ်ဝန်းသော လယ်၌ သလေးစပါးများ ဖုံးကြလုံးကြလျက် ရှိချေပြီ၊ ထိုသလေးစပါးဖုံးများကို ဖောက်ခွဲယူငင်၍ မြတ်စွာဘုရားရှင်တို့အား လျောက်ပတ်သော သလေးနို့ဃနာဆွမ်း ချက်ပြုတ်လှူဒါန်းကြစိုလား”ဟု ပြောကြားလေလျှင် ညီငယ်စူဠကာလသည် “နောင်တော်.. ဤကဲ့သို့ပြုလုပ်လျှင် တဦးတယောက်အားမျှ ကျေးဇူးများမည်မဟုတ်ပါ။ ထို့ကြောင့် ဤသို့ပြုလုပ်ခြင်းကို အကျွန်ုပ် မနှစ်သက် = သဘောမကျနိုင်ပါ”ဟု တင်ပြပြောဆိုလေ၏။

     ထိုအခါ မဟာကာလ သူကြွယ်သည် “ချစ်ညီ.. သင်သည် အကယ်၍ ဤသို့မှ မလိုက်နာနိုင် = သဘောမတူနိုင်လျှင် ငါသည် ငါပိုင်သင့်သောဥစ္စာကို ငါ့ဥစ္စာဟု ပြုလုပ်ခြင်းငှါ ရလိုပါ၏”ဟု ပြောဆိုကာ တဆယ့်ခြောက်ပယ် ကျယ်ဝန်းသော လယ်ခင်းကို အလယ်မှခွဲ၍ ရှစ်ပယ်မျှသောအရပ်၌ အပိုင်းအခြား (စည်း)ထားပြီးလျှင် မိမိပိုင်သောအပိုင်းမှ သလေးစပါးဖုံး (=ကောက်သား) ဖောက်ခွဲထုတ်ယူပြီးလျှင် ရေမရောသော နွားနို့နှင့် ရောနှောကျိုချက်စေပြီးနောက် စတုမဓုကိုထည့်၍ မြတ်စွာဘုရားအမှူးပြုသော သံဃာတော်အား ဆက်ကပ် လှူဒါန်းလေသည်။ အထူးအားဖြင့် မဟာကာလသူကြွယ်၏ စပါးဖုံး (=ကောက်သား)ကို ဖောက်ခွဲထုတ်ယူရာ ဌာနတိုင်းပင် တဖန်ပြန်၍ စပါးဖုံး = ကောက်သားများ ပင်ကိုယ်ပကတိအတိုင်း ပြည့်မြဲပြည့်၍ လာလေ၏။ (၁-ကောက်သားဦး အလှူဒါနဖြစ်သည်)။



၂၀

မဟာကာလသူကြွယ်သည် သလေးစပါးများ မုံ့ဆန်းပြုလုပ်လောက်သောအခါ၌ ထိုအတူ ၂-မုံ့ဆန်းဦး အလှူဒါနကို ပြုလုပ်လေသည်။ ရွာသူရွာသားတို့နှင့် အတူတကွ ကောက်စပါးများ မှည့်ရင့်သောအခါ ၃-ကောက်ဦးအလှူဒါနကို ပြုလုပ်လေသည်။ ဤနည်းအတူ ကောက်စပါးတို့ကို ရိတ်သောအခါမှာလည်း ရှေးဦးရိတ်သော ကောက်ဆုပ်တို့ကိုယူ၍ ၄-ရိတ်ဦးအလှူဒါနကို၎င်း, ကောက်လှိုင်း ထုံးဖွဲ့သောအခါမှာလည်း ရှေးဦးစွာ ထုံးဖွဲ့သော ကောက်လှိုင်းများကို ထုတ်ယူ၍ ၅-ကောက်လှိုင်းဦး အလှူဒါနကို၎င်း, ကောက်လှိုင်းတို့ကို တပေါင်းတည်း စုပုံသောအခါမှာလည်း အဦးအစကို ထုတ်ယူ၍ ၆-ကောက်ပုံဦး အလှူဒါနကို၎င်း, ကောက်ပုံမှထုတ်၍ နယ်သောအခါမှာလည်း အဦးအစကို ထုတ်ယူ၍ ၇-နယ်ဦး အလှူဒါနကို၎င်း, နယ်ပြီးသော ကောက်စပါးများကို လှေ့ပြီးလျှင် တလင်းအပြင်၌ စပါးပုံပြုလုပ်သော အခါမှာလည်း အဦးအစကို ထုတ်ယူ၍ ၈-စပါးပုံဦး အလှူဒါနကို၎င်း, ကောက်နယ်တလင်းမှ ကျီအတွင်းသို့ ထည့်သွင်းသောအခါမှာလည်း အဦးအစကို ထုတ်ယူ၍ ၉-ကျီဦးအလှူဒါနကို၎င်း ဤသို့လျှင် မဟာကာလသူကြွယ်သည် ကောက်စပါး တကြိမ်တကြိမ် စိုက်ပျိုးရာ၌ ကိုးကြိမ် ကိုးကြိမ် အဦးဒါန = အဂ္ဂဒါန လှူဒါန်းလေသည်။ ထိုသို့ ထုတ်ယူ လှူဒါန်းသမျှသော ကောက်စပါးများသည်လည်း လျော့ပါးသည်ဟူ၍ မရှိ၊ ပကတိထက် တိုးတက်၍ ပြည့်စုံသည်သာ ဖြစ်လေ၏။ ။ဤကား (က) မထေရ်မြတ်၏ ရှေးဆုတောင်း ကောင်းမှုဖြစ်သည်။

(ခ) နောက်ဆုံးဘဝ ရဟန်းပြုခြင်း

  အရှင်ကောဏ္ဍည မထေရ်အလောင်း မဟာကာလသူကြွယ် သူတော်ကောင်းသည် မြတ်စွာဘုရား သက်တော်ထင်ရှားရှိသရွေ့ မိမိလည်း အသက်ထင်ရှားရှိသရွေ့ ဤနည်းနှင်နှင် ကုသိုလ်ကောင်းမှုများကို ပြုလုပ်၍ ထိုဘဝမှ စုတေလတ်သော် နတ်ပြည်၌ဖြစ်ပြီးလျှင် နတ်ပြည်,လူ့ပြည် ကျင်လည်လျက် ကိုးဆယ့် တကမ္ဘာ ကာလပတ်လုံး နတ်စည်းစိမ်, လူ့စည်းစိမ်တို့ကို ခံစား



၂၁

သုံးဆောင်တော်မူပြီးနောက် အကျွန်ုပ်တို့၏ မြတ်စွာဘုရား လောက၌ ပွင့်ထွန်းတော်မူခါနီး ကာလဝယ် ကလဝတ်ပြည်၏အနီး “ဒေါဏဝတ္ထုပုဏ္ဏားရွာ”၌ ဥစ္စာစီးပွါး ပေါများကြွယ်၀သော ဗြာဟ္မဏမဟာသာလအမျိုး၌ ဖြစ်လာလေ၏။ ထိုပုဏ္ဏားလုလင်ကို အမည်မှည့်သောနေ့၌ “ကောဏ္ဍညလုလင်”ဟူ၍ အမည် မှည့်ကြကုန်၏။ ကောဏ္ဍညလုလင်သည် ကြီးပြင်းလာသောအခါ ဗေဒင်သုံးပုံကို သင်ကြား၍ မဟာပုရိသလက္ခဏာကျမ်း၌ တဖက်ကမ်းရောက် တတ်မြောက်လေ၏။

     ထိုအခါ အကျွန်ုပ်တို့၏ မြတ်စွာဘုရား အလောင်းတော်သည် တုသိတာနတ်ပြည်မှ စုတေတော်မူခဲ့၍ ကပိလဝတ်ပြည် သုဒ္ဓေါဒနမင်းကြီး၏ မိဖုရားခေါင်ကြီး မဟာမာယာဝမ်း၌ ပဋိသန္ဓေ တည်နေဖြစ်ပွါးတော်မူလာ၏။ ဘုရားအလောင်းတော်ကို အမည်မှည့်အံ့သောနေ့၌ ပုဏ္ဏားတော် (၁၀၈)တရာ့ရှစ်ဦးတို့ကို အသစ် စက်စက် အဝတ်များ ပေးကမ်းပူဇော်၍ ရေမရောသော နို့ဃနာချိုကို တိုက်ကျွေးပြီးလျှင် ထိုပုဏ္ဏားတော် (၁၀၈)တရာ့ရှစ်ဦးတို့အတွင်းမှ ဉာဏ်ပညာထက်မြက်လှသော ပုဏ္ဏားပဏ္ဍိတ် ရှစ်ယောက်တို့ကို သီးခြားထပ်လှောက် ရွေးကောက်ကြလျက် ရွှေနန်းမပြာသာဒ်အပြင်ဝယ် အစီလိုက် အစဉ်လိုက် ထိုင်နေစေပြီးလျှင် တန်းဆာစုံလင် ဆင်ယင်အပ်ပြီးသော ဘုရားအလောင်းတော် မင်းသားကလေးကို ဘွဲ့ဖြူခင်းနှီးထက် လျောင်းစက်ကြစေကာ လက္ခဏာတော်ကို ဆင်ခြင် ကြည့်ရှုကြစေရန် ပုဏ္ဏားတို့၏အထံသို့ ယူဆောင်ခဲ့ကြလေကုန်၏။

     ပုဏ္ဏားပဏ္ဍိတ် ရှစ်ယောက်တို့အနက် နေရာဦး၌နေသူ ပုဏ္ဏားပဏ္ဍိတ်သည် “လူ့ဘောင်၌နေလျှင် စကြဝတေးမင်း ဖြစ်မည်။ ရဟန်းပြုလျှင် လူသုံးပါး၌ ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်”ဟု ဟောဆိုကာ လက်နှစ်ချောင်းကို မြှောက်ချီလေသည်။ ဤနည်းအတူ အစဉ်အတိုင်း ရှေ့ကျသော ပုဏ္ဏားပဏ္ဍိတ် ခုနစ်ယောက် တို့သည် လက်နှစ်ချောင်းကို မြှောက်ကြလေသည်။ ထိုပုဏ္ဏားပဏ္ဍိတ် ရှစ်ယောက်တို့အနက် ကောဏ္ဍညလုလင်သည်



၂၂

အားလုံးအောက် အသက်အငယ်ဆုံး ဖြစ်၏။ သူသည် မိမိဟောဆိုရမည့်အလှည့်သို့ ရောက်ရှိလာသော အခါ ဘုရားအလောင်းတော်၏ မဟာပုရိသ လက္ခဏာတော်ကြီး အလုံးစုံတို့နှင့် ပြည့်စုံတော်မူပုံကို သေချာစေ့စပ်စွာ ကြည့်ရှု၍ (ဖဝါးတော်၌ စကြဝတေးမင်း လက္ခဏာတံဆိပ် ပါရှိလာရကား စကြာမင်းဖြစ်မည့်သူ၏ဖဝါး၌ စကြဝတေးမင်းလက္ခဏာ မပါတန်ရာဟု ဆင်ခြင်ပြီးလျှင်) “ဤအလောင်းမင်းသားမှာ အိမ်၏အလယ်၌ တည်နေရန်အကြောင်း လုံးဝမရှိ၊ ဤအလောင်းမင်းသားသည် ဧကန်ပင် ဘုရားစင်စစ် ဖြစ်လိမ့်မည်”ဟု ရဲရဲတောက် ဟောဆိုကာ လက်တချောင်းကိုသာ မြှောက်ချီလေ၏။

     ထို့နောင်မှ ပုဏ္ဏားပဏ္ဍိတ်တို့သည် မိမိတို့အိမ်သို့ အသီးအသီး ပြန်ရောက်ကြလေလျှင် သားတို့ကိုခေါ်၍ “ချစ်သားတို့.. ငါတို့ကား အသက်ကြီးကြကုန်ပြီ၊ သုဒ္ဓေါဒနမင်းကြီး၏သားတော် သိဒ္ဓတ္ထမင်းသား သဗ္ဗညုဘုရားအဖြစ်သို့ ရောက်တော်မူသည်ကို မှီချင်လျှင်လည်း မှီကြမည်၊ မမှီပဲမူလည်း ရှိကြမည်။ ချစ်သားတို့သည် ထိုသိဒ္ဓတ္ထမင်းသား သဗ္ဗညုဘုရားအဖြစ်သို့ ရောက်တော်မူလျှင် သူ၏သာသနာ၌ ရှင်ရဟန်း ပြုရစ်ကြကုန်”ဟူ၍ အမှာစကား ပြောကြားကြလေကုန်၏။

     သုဒ္ဓေါဒနမင်းကြီးသည်လည်း ဘုရားအလောင်း သားတော်၏ အတွက် အထိန်းတော်များကို အစပြုကာ ကြီးစွာသော အစောင့်အရှောက် အဆောင်အယောင် အခမ်းအနားများကို ခန့်ထားစီမံတော်မူကာ အလောင်းတော်ကို ချမ်းသာစွာ ကြီးပွါးစေလေ၏။ ဘုရားအလောင်းတော်သည်လည်း တဆယ့်ခြောက်နှစ်ရောက် အရွယ်တော်ကြီးမြောက်လတ်သော် နတ်စည်းစိမ်ကဲ့သို့သော ရွှေနန်းစည်းစိမ်ကို ခံစံတော်မူ၍ ဉာဏ်တော်ရင့်ကျက် နှစ်ဆယ့်ကိုးနှစ်အရွယ်သို့ ရောက်သည်တွင် ကာမဂုဏ်တို့၌ အပြစ်ကို၎င်း, တောထွက်ခြင်း၌ အကျိုးအာနိသင်ကို၎င်း မြင်တော်မူပြီးလျှင် ရာဟုလမင်းသား ဖွားမြင်သောနေ့၌ ဆန္နအမတ် ဖွားဖက်တော်ကို အဖော်ပြုကာ ကဏ္ဍကမြင်းတော်ကို စီးနင်း၍



၂၃

နတ်တို့ဖွင့်အပ်သော မြို့တံခါးဖြင့် မြတ်သော တောထွက်ခြင်းကို ထွက်တော်မူပြီးလျှင် ထိုတညဉ့်တည်းဖြင့်ပင် ကပိလဝတ်, ကောလိယ, ဒေ၀ဒဟ တည်းဟူသော သုံးပြည်ထောင်တို့ကို လွန်မြောက်ခဲ့၍ အနောမာသောင်ကမ်း၌ ရဟန်းပြုတော်မူကာ ဃဋိကာရဗြဟ္မာမင်း ယူဆောင်ဆက်နှင်းအပ်သည့် သင်္ကန်းစသော ပရိက္ခရာတို့ကို ဝတ်ရုံဆင်မြန်းတော်မူအပ်ပြီးလျှင်ပင် ဝါတော်ခြောက်ဆယ် = သက်တော်ရှစ်ဆယ်ရှိပြီးသော မထေရ်မြတ်ကြီးကဲ့သို့ အလွန် ကြည်ညိုဖွယ်ရှိသော ဣရိယာပုထ်ဖြင့် ရာဇဂြိုဟ်ပြည်သို့ရောက်၍ ထိုပြည်၌ ဆွမ်းခံလှည့်လည်တော်မူ၍ ပဏ္ဍဝတောင်ရိပ်ဝယ် ဆွမ်းဘုဉ်းပေးခြင်းကိစ္စကို ပြုတော်မူပြီးလျှင် ဗိမ္ဗိသာရမင်းကြီး မိမိပိုင် ပြည်စည်းစိမ်ဖြင့် ဖိတ်ကြားအပ်ပါလျက်လည်း ထိုဖိတ်ကြားချက်ကို လက်မခံ ပယ်လှန်တော်မူခဲ့၍ အစဉ်သဖြင့် ကြွချီတော်မူသည်ရှိသော် ဥရုဝေလတောအုပ်သို့ ရောက်တော်မူလေလျှင် “အိုး.. ဤမြေအပြင်သည်ကား လွန်စွာ မွေ့လျော်ဖွယ်ရှိပေစွာ့၊ ပဓာနအလုပ် အားထုတ်လိုသော အမျိုးကောင်းသားအဖို့ရာ ပဓာနအလုပ် အားထုတ်ရန် ဤနေရာသည် အသင့်လျော်ဆုံး ဖြစ်စွာ့တကား”ဟု စဉ်းစား ဆင်ခြင်တော်မူကာ ဒုက္ကရစရိယာ ပဓာနအလုပ်ကို စတင်အားထုတ်လျက် ထိုတောအုပ်ဝယ် နေတော်မူလေ၏။

     ထိုသို့ ဘုရားအလောင်းတော် ရဟန်းပြုတော်မူသောအခါ၌ ကောဏ္ဍညပုဏ္ဏားမှတပါး အခြား ပုဏ္ဏားပဏ္ဍိတ် ခုနစ်ဦးတို့သည် ကွယ်လွန်ခဲ့ကြလေပြီ၊ အငယ်ဆုံး ကဏ္ဍညပုဏ္ဏားတဦးသာ ကျန်းမာစွာ ကျန်ရှိလေတော့သည်။ ကောဏ္ဍညပုဏ္ဏားသည် “ဘုရားအလောင်းတော် ရဟန်းပြုပြီ”ဟူသော သတင်းစကားကို ကြားသိလေလျှင် ထိုကွယ်လွန်ပြီးသော ပုဏ္ဏားပဏ္ဍိတ် ခုနစ်ဦးတို့၏ သားများထံသို့ သွားရောက်ပြီးလျှင် “သိဒ္ဓတ္ထမင်းသားသည် ရဟန်းပြုပြီတဲ့၊ ထိုမင်းသားသည် ယုံမှားဖွယ်မရှိ ဘုရားစင်စစ် ဖြစ်လိမ့်မည် ဧကန်ပင်၊ အကယ်၍ သင်တို့၏ဖခင်များ အသက်ထင်ရှားရှိနေကြလျှင် ယနေ့ပင် တောထွက်၍



၂၄

ရဟန်းပြုကြမည် ဖြစ်လေသည်၊ အကယ်၍ အသင်တို့လည်း ရဟန်းပြုလိုကြပါလျှင် လာကြလော့၊ ထိုယောက်ျားမြတ်နောက် အတုလိုက်ကာ ရဟန်းပြုကြပါစို့”ဟု ပြောဆိုလေ၏။ ထိုခုနစ်ယောက်လုံးပင် ရဟန်းပြုရန် ဆန္ဒတူညီမှု မဖြစ်နိုင်ကြပဲ သုံးယောက်ကား ရဟန်းမပြုနိုင်ကုန်၊ ကောဏ္ဍညပုဏ္ဏားကို အကြီးအကဲပြုကာ ကျန်လေးယောက်တို့သာ ရဟန်းပြုကြကုန်၏။

     ဤပဉ္စဝဂ္ဂီရဟန်းငါးဦးတို့သည် ရဟန်းပြုကြပြီးနောက် ရွာ,နိဂုံး,မင်းနေပြည်တို့၌ ဆွမ်းခံလှည့်လည်ကြကာ အစဉ်သဖြင့် ဘုရားအလောင်းတော်အထံသို့ ရောက်ကြလေကုန်၏။ ထိုပဉ္စဝဂ္ဂီ ရဟန်းငါးဦးတို့သည် ခြောက်နှစ်ကြာ ကာလပတ်လုံး ဘုရားအလောင်းတော် မဟာပဓာနအလုပ်ကို အားထုတ်တော်မူနေစဉ် “ယခုမကြာမီ ဘုရားဖြစ်တော့မည်။ ယခုမကြာမီ ဘုရားဖြစ်တော့မည်”ဟု မျှော်လင့်ချက်ကြီးစွာထား၍ ဘုရားအလောင်းတော်ကို ပြုစုလုပ်ကျွေးကြလျက် အနီးထံပါး၌ပင် နေထိုင်သွားလာ ရှိနေကြကုန်၏။

     ခြောက်နှစ်အခါရောက်၍ အလောင်းတော်သူမြတ်သည် ဆန်တစေ့, နှမ်းတလုံး-စသည်ကို စားသုံး၍ ညှိုးချုံးပင်ပန်းစွာ အခါကို ကုန်စေပါသော်လည်း ဒုက္ကရစရိယာအကျင့်ဖြင့် အရိယမဂ်ဖိုလ်ကို ရနိုင်မှု အလျှင်းပင်မရှိသည်ကို သိမြင်တော်မူကာ (အောက် မဟာဗုဒ္ဓဝင် ဒုတိယတွဲ၊ စာမျက်နှာ ၂၆၂-၂၆၃-၌ ဆိုအပ်ခဲ့ပြီး သည့်အတိုင်း) သေနာနိဂုံး၌ ဆွမ်းခံလှည့်လည်၍ ထမင်း,မုံ့ကြမ်း ရသမျှသော အစာအာဟာရဆွမ်းတို့ကို ဘုဉ်းပေး သုံးဆောင်တော်မူလေသည်။ ထိုအခါ ပဉ္စဝဂ္ဂီရဟန်း ငါးဦးတို့သည် ဓမ္မတာတရား၏ လှုံ့ဆော်ချက်အရ ဘုရားအလောင်းတော်အပေါ်၌ ငြီးငွေ့အားလျှော့ကြကာ အလောင်းတော်သူမြတ်ကို ပစ်ခွါကြ၍ ဣသိပတန မိဂဒါဝုန်တောသို့ သွားရောက်ကြလေကုန်၏။

     ထိုသို့ ပဉ္စ၀ဂ္ဂီ ရဟန်းငါးဦးတို့ စွန့်ခွါ၍ သွားကြပြီးနောက် ဘုရားအလောင်းတော်သည် ထမင်း,မုံ့ကြမ်း ရသမျှသော အစာအာဟာရဆွမ်းကို ဘုဉ်းပေးသုံးဆောင်တော်မူခြင်းဖြင့်



၂၅

နှစ်ရက်သုံးရက်အတွင်း အရေ, အသား, အသွေးများ ပကတိအခြေအနေသို့ရောက်အောင် ပြုလုပ်တော်မူပြီးလျှင် ကဆုန်လပြည့် (ဘုရားဖြစ်မည့်)နေ့၌ သုဇာတာသူဌေးကတော် ဆက်ကပ်လှူဒါန်းအပ်သည့် မြတ်သော ဃနာဆွမ်းကို ဘုဉ်းပေးတော်မူ၍ နေရဉ္ဇရာမြစ်ကြောဝယ် ရွှေခွက်ကို မျှောခဲ့ပြီးလျှင် “ယနေ့ ငါကား ဘုရားစင်စစ် ဖြစ်လိမ့်မည်ဧကန်”ဟု ဆုံးဖြတ်ချက် ချမှတ်တော်မူကာ ညနေချမ်းအခါဝယ် ကာလနဂါးမင်း ချီးမွမ်းခြင်းအရာတို့ဖြင့် ဝမ်းသာအားရမ်း ချီးမွမ်းအပ်လျက် မဟာဗောဓိမဏ္ဍိုင်ထက်သို့ တက်ရောက်တော်မူပြီးလျှင် အစလဌာန အပရာဇိတပလ္လင်တော်၌ အရှေ့လောကဓာတ်ဖက်သို့ မျက်နှာတော်မူကာ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေတော်မူလျက် အင်္ဂါလေးချက်ပြည့်ဝသော ဝီရိယတော်ကို ဆောက်တည်ပြီးလျှင် နေမဝင်ခင် ဒေဝပုတ္တမာရ်ကို ပယ်နှင်၍ ညဉ့်ဦးယံဝယ် ပုဗ္ဗေနိဝါသဉာဏ်ကို ရတော်မူပြီးလျှင် သန်းခေါင်ယံ၌ ဒိဗ္ဗစက္ခုဉာဏ်တော်ကို ရရှိတော်မူပြီးနောက် မိုးသောက်ယံ ရောက်လတ်သော် ပဋိစ္စသမုပ္ပါဒ်တရား၌ ဉာဏ်တော်ကို သက်ဝင်စေလျက် အနုလုံ, ပဋိလုံ = အစုန်, အဆန် ပဋိစ္စသမုပ္ပါဒ်အင်္ဂါ ဆယ့်နှစ်ရပ်တို့ကို (အောက်ဘုရားဖြစ်ခဏ်း၌ ဖော်ပြအပ်ပြီးသည့်အတိုင်း) မဟာဝဇီရဝိပဿနာ ဉာဏ်တော်မြတ်ဖြင့် သုံးသပ်ဆင်ခြင်တော်မူလျက် ခပ်သိမ်းသော ဘုရားရှင်တို့ ရအပ်သည့် သဗ္ဗညုတ အသာဓာရဏ ဉာဏ်တော်မြတ်ကို အရပိုင်မြောက် ဘုရားအဖြစ်သို့ ရောက်တော်မူပြီးလျှင် ထိုမဟာဗောဓိပလ္လင်၌ပင် အရဟတ္တဖိုလ်သမာပတ်ကို ဝင်စားတော်မူကာ ခုနှစ်ရက်ကာလကို လွန်စေတော်မူလေ၏။

     ဤနည်းဖြင့် မြတ်စွာဘုရားသည် (အောက်၌ ဖော်ပြအပ်ပြီးအတိုင်း) သတ္တဌာန စံနေတော်မူပြီးနောက် သဟမ္ပတိဗြဟ္မာမင်း တောင်းပန် လျှောက်ထားချက်အရ “ငါသည် အဘယ်သူအား ရှေးဦးစွာ တရားဟောရပါအံ့နည်း”ဟု ဆင်ခြင်တော်မူ၍ အာဠာရဂိုဏ်းဆရာကြီးနှင့် ဥဒကဂိုဏ်းဆရာကြီးတို့ ကွယ်လွန်ကြပြီး ဖြစ်သည်ကို သိတော်မူပြီးနောက် တဖန်ဆက်၍ ကြံစည်ဆင်ခြင်တော်မူလေသော်



၂၆

“ပဉ္စဝဂ္ဂီရဟန်း ငါးဦးတို့သည် ငါဘုရား၏အပေါ်၌ များစွာ ကျေးဇူးရှိကြသူများ ဖြစ်လေသည်။ ယင်းပဉ္စဝဂ္ဂီ ရဟန်းငါးဦးတို့သည် ပဓာနအလုပ် အားထုတ်နေသော ငါဘုရားကို ပြုစုလုပ်ကျွေးခဲ့ကြလေပြီ၊ ငါဘုရားသည် ပဉ္စဝဂ္ဂီရဟန်း ငါးဦးတို့အား ရှေးဦးစွာ တရားဟောရမူ ကောင်းလေစွာ့”ဟု တရားဦးဟောရန် စိတ်အကြံ ဖြစ်ရှိလေသည်။ ဤသို့ ကြံစည်ခြင်းအား ခပ်သိမ်းသော ဘုရားရှင်တို့၏ ကြံစည်ကြမြဲ ဓမ္မတာဖြစ်သည်။ စင်စစ်သော်ကား ကောဏ္ဍညပုဏ္ဏားကိုထား၍ အခြား မည်သူတဦးတယောက်မျှ ဤဘုရားသာသနာဝယ် ရှေးဦးစွာ သစ္စာလေးပါးတရားကို သိစွမ်းနိုင်မည့်သူ တလူမျှမရှိချေ။ ထိုကောဏ္ဍညပုဏ္ဏား သည်လည်း ဤသို့ သစ္စာလေးပါးတရားကို ရှေးဦးစွာသိနိုင်ရန် ကမ္ဘာတသိန်း ကာလပတ်လုံး အဓိကာရ (=အထိကရ) ကောင်းမှုကုသိုလ်ကြီးများကို ပြုခဲ့သည့်ပြင် ရှေး၌ ဆိုခဲ့ပြီးသောအတိုင်း ဘုရားအမှူးရှိသော ရဟန်းသံဃာအား ကောက်ဦးကိုးကြိမ် အလှူထူးကို လှူဒါန်းခဲ့လေသည်။

(ဂ) မထေရ်မြတ် တရားထူးရကြောင်း

     ထို့နောက် မြတ်စွာဘုရားသည် သပိတ်သင်္ကန်းကို ယူဆောင်တော်မူ၍ အစဉ်သဖြင့် ဣသိပတန မိဂဒါဝုန်တောသို့ ကြွတော်မူကာ ပဉ္စဝဂ္ဂီရဟန်းငါးဦးတို့ရှိရာသို့ ကပ်ရောက်တော်မူလေ၏။ ပဉ္စဝဂ္ဂီရဟန်းငါးဦးတို့သည် မြတ်စွာဘုရား ကြွလာသည်ကို မြင်ကြ၍ မူလက ဝတ်ကြီး,ဝတ်ငယ် မပြုစတမ်းဟု ကတိကဝတ်ထားခဲ့ကြသော်လည်း နီးကပ်လေလေ မူလကတိကဝက်အတိုင်း မတည်နိုင်ကြတော့ပဲ တပါးက သပိတ်သင်္ကန်းကို လှမ်းယူ, တပါးက နေရာခင်း, တပါးက ခြေဆေးရေတည်ထား, တပါးက ခြေတော်တို့ကို ဆေး၍ပေး, တပါးက ထန်းရွက်ယပ်ဝန်းကို ယူဆောင်လာကာ ယပ်လေခပ်ပေး၍ အသီးအသီး ဝတ်ပြုကြလေသည်။

     ဤသို့လျှင် ပဉ္စဝဂ္ဂီရဟန်းငါးဦးတို့ ဝတ်ပြု၍ ကိုယ်တော်မြတ်၏ အနီး၌ ထိုင်နေကြပြီးလတ်သော် မြတ်စွာဘုရားသည်



၂၇

ကောဏ္ဍညမထေရ်ကို ကိုယ်တော့်မျက်မှောက် ကရားနာခံ အဓိကပြုလုပ်ကာ တေပရိဝဋ္ဋ ဓမ္မစက္ကပဝတ္တနသုတ္တန်ကို ဟောတော်မူလေသည်။ ထိုတရားပွဲ၌ လူသားပရိသတ်ကား ပဉ္စဝဂ္ဂီရဟန်း ငါးဦးတို့သာ ရှိကုန်၏၊ နတ်ဗြဟ္မာပရိသတ်ကား မပိုင်းခြားနိုင်အောင် များလှစွာ၏။ ဓမ္မစကြာ ဒေသနာအဆုံး၌ ကောဏ္ဍညမထေရ်သည် မဟာဗြဟ္မာပေါင်း (၁၈ဝ,ဝဝဝ,ဝဝဝ) တဆယ့်ရှစ်ကုဋေတို့နှင့် အတူတကွ သောတာပတ္တိဖိုလ်၌ တည်တော်မူလေ၏။

အညာသိကောဏ္ဍည အမည်တွင်ခြင်း

     ထိုအခါ မြတ်စွာဘုရားသည် “ငါဘုရား ခဲယဉ်းမှုအရာအထောင်ဖြင့် ယူဆောင်သည်ပိုးအပ်သည့် သစ္စာလေးရပ် တရားမြတ်ကို ဤကောဏ္ဍညရဟန်းသည် ရှေးဦးစွာ သိပြီဖြစ်ရကား ဤရဟန်းသည် ‘အညာသိကောဏ္ဍည အမည်ရှိပေ၏’ဟု ဆင်ခြင်တော်မူကာ မထေရ်မြတ်ကို ထိုအမည်ဖြင့် ခေါ်တော်မူလို၍ “အညာသိ ၀တ ဘော ကောဏ္ဍညော၊ အညာသိ ဝတ ဘော ကောဏ္ဍညော = အိုး.. ကောဏ္ဍညသည် သစ္စာလေးပါးတရားကို ထိုးထွင်းသိမြင်လေပြီတကား၊ အိုး.. ကောဏ္ဍညသည် သစ္စာလေးပါးတရားကို ထိုးထွင်းသိမြင်လေပြီတကား”ဟု ဥဒါန်းကျူးရင့်တော်မူလေသည်။ ယင်း ဥဒါန်းကျူးရင့်တော်မူချက်အရ အရှင်ကောဏ္ဍညမထေရ်၏ အမည်သည် ထိုအချိန်မှစ၍ “အညာသိကောဏ္ဍည”ဟူ၍ မည်တွင်လေသည်။

(ဃ) ရတ္တညူဧတဒဂ်ဘွဲ့ထူး ရတော်မူကြောင်း

     ဤသို့လျှင် အရှင်ကောဏ္ဍည မထေရ်သည် မဟာသက္ကရာဇ် (၁၀၃)ခုနှစ် (မြတ်စွာဘုရား ဘုရားဖြစ်သည့်နှစ်) ဝါဆိုလပြည့်နေ့ဝယ် သောတာပတ္တိဖိုလ်၌ တည်တော်မူသည်။ လပြည့်ကျော် (၁)ရက်နေ့ ဘဒ္ဒိယမထေရ်, လပြည့်ကျော် (၂)ရက်နေ့ ဝပ္ပမထေရ်, လပြည်ကျော် (၃)ရက်နေ့ မဟာနာမမထေရ်, လပြည့်ကျော် (၄)ရက်နေ့ အဿဇိမထေရ်တို့ အစဉ်အတိုင်း သောတာပတ္တိဖိုလ်၌ တည်တော်မူကြပြီးနောက် လပြည့်ကျော် (၅)ရက်နေ့ဝယ်



၂၈

အနတ္တလက္ခဏသုတ္တန် ဒေသနာအဆုံး၌ ပဉ္စဝဂ္ဂီမထေရ် ငါးဦးလုံးတို့ အရဟတ္တဖိုလ်၌ တည်တော်မူကြလေသည်။ ထိုအချိန်၌ လူ့ပြည်လူသား ရဟန္တာကား မြတ်စွာဘုရား, ပဉ္စဝဂ္ဂီမထေရ် ငါးဦးအားဖြင့် = ခြောက်ပါးတို့ ရှိကြလေသည်။

     ထိုအချိန်မှ အစပြု၍ မြတ်စွာဘုရားသည် ယသသူဌေးသား အမှူးပြုသော သူငယ်ချင်း ငါးကျိပ်ငါးယောက်တို့ကို၎င်း, ထို့နောက် ကပ္ပါသိကတောအုပ်၌ ဘဒ္ဒဝဂ္ဂီမင်းသား သုံးကျိပ်တို့ကို၎င်း, ထို့နောက် ဂယာသီသကျောက်ဖျာအပြင်၌ ဆံကျစ်ရသေ့ဟောင်း ရှင်တထောင်တို့ကို၎င်း-ဤသို့ အစရှိသည်ဖြင့် လူများအပေါင်းကို အရိယမဂ်ဖိုလ်သို့ ဆိုက်ရောက်စေ၍ ထိုမဟာသက္ကရာဇ် (၁၀၃)ခုနှစ် ပြာသိုလပြည့်နေ့၌ ရာဇဂြိုဟ်ပြည်သို့ ရောက်တော်မူကာ ဗိမ္ဗိသာရမင်းကြီး အမှူးပြုသည့် (၁၁၀,၀၀၀) တသိန်းတသောင်းသော ပုဏ္ဏားသူကြွယ်တို့ကို သောတာပတ္တိဖိုလ်၌, တသောင်းသော ပုဏ္ဏားသူကြွယ်တို့ကိုမူ သရဏဂုံသုံးပါး၌ တည်စေတော်မူ၍ ဇမ္ဗူဒိပ်ကျွန်းအပြင်ဝယ် အံ့ဖွယ်ရှစ်ဖြာ သုံးပါးသိက္ခာ သာသနာတော် တည်းဟူသော ဓမ္မအပွင့်အသီးများ ခိုင်ဖြီးစွာ ပွင့်အောင် သီးအောင် ပြုတော်မူပြီးလျှင် ဇမ္ဗူဒိပ်ကျွန်း မြေအဝန်းအလုံးကို သင်္ကန်းရောင်ဖြင့် တပြောင်ပြောင်တောက်ပအောင်, ရဟန်းသူမြတ်တို့ သွားလာသောလေတို့ဖြင့် ထက်ဝန်းကျင် တိုက်ခပ်အောင် ပြုတော်မူလျက် ထိုမှနောက် အခါတပါးဝယ် သာဝတ္ထိပြည်မွန် ဇေတဝန်ကျောင်းတိုက်တော်သို့ရောက်၍ ထိုကျောင်းတိုက်၌ သီတင်းသုံးနေတော်မူစဉ် ရဟန်းသံဃာတို့အလယ် ခင်းထားအပ်သော ဗုဒ္ဓါသန ဓမ္မပလ္လင်ထက်၌ ထိုင်နေတော်မူကာ တရားဟောတော်မူသည်ရှိသော် “ရှေးဦးစွာ သစ္စာ လေးပါးတရားကို သိကြသော ရဟန်းတို့တွင် ငါ၏သားတော်ကြီး ကောဏ္ဍညသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏”ဟု ပြတော်မူလိုရကား အရှင်ကောဏ္ဍညမထေရ်ကို-

“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ ရတ္တညူနံ ယဒိဒံ အညာသိကောဏ္ဍညော = ရဟန်းတို့..



၂၉

ညဉ့်အပိုင်းအခြားကို သိကြသည့် ငါဘုရား၏ တပည့်သာဝက ရဟန်းတို့တွင် အညာသိကောဏ္ဍညသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏”-

ဟု ချီးကျူး မြွက်ဆိုတော်မူကာ ရတ္တညူဧတဒဂ်ရာထူး၌ ထားတော်မူလေ၏။

(ဤအရာ၌။ ။“ရတ္တညူ = ညဉ့်အပိုင်းအခြားကို သိသောပုဂ္ဂိုလ်” ဟူသည်မှာ ရဟန်းပြုချိန်မှစ၍ ရှည်မြင့်စွာသော ညဉ့်အပိုင်းအခြားကို သိသောပုဂ္ဂိုလ်-ဟု ဆိုလိုသည်။ ဤသာသနာတော်၌ အရှင်ကောဏ္ဍညမထေရ်ထက် အလျင်လက်ဦး ရဟန်းပြုသောသူ မရှိရကား ဤအရှင်ကောဏ္ဍည မထေရ်မြတ်သည် “ရဟန်းပြုချိန်မှစ၍ ရှည်မြင့်စွာသော ညဉ့်အပိုင်းအခြားကို သိသော = ရတ္တညုပုဂ္ဂိုလ်” ဖြစ်လေသည်။ (ဤအလို ရဟန်းသိက္ခာ ဝါအကြီးဆုံး ပုဂ္ဂိုလ်ကို ရတ္တညူပုဂ္ဂိုလ်ဟု ဆိုလိုသည်)။

တနည်း- အရှင်ကောဏ္ဍညမထေရ်သည် အလုံးစုံသော တပည့်သာဝကတို့ထက် အလျင်လက်ဦး သစ္စာလေးပါးတရားကို သိတော်မူသောကြောင့် ထိုသိမြင်သည့် ရှည်လျားစွာသော အချိန်မှစ၍ ထိုညဉ့်အပိုင်းအခြားကို သိတော်မူရကား ရတ္တညူပုဂ္ဂိုလ် ဖြစ်လေသည်။ (ဤအလို အစောဆုံး သစ္စာလေးပါး တရားသိသူကို ရတ္တညူပုဂ္ဂိုလ်ဟု ဆိုလိုသည်)။

တနည်း- ရဟန္တာအရှင်မြတ်တိုင်းပင် ညဉ့်နေ့အပိုင်းအခြား ထင်ရှားရကား ရတ္တညူ = ညဉ့်နေ့အပိုင်းအခြားကို သိသောပုဂ္ဂိုလ်ဟု အမည်ရလေသည်၊ အရှင်ကောဏ္ဍည မထေရ်မြတ်ကား ရှေးဦးစွာ ရဟန္တာဖြစ်သောကြောင့် ရတ္တညူ (=ညဉ့်နေ့အပိုင်းအခြားကို သိကြသည့် ရဟန္တာပုဂ္ဂိုလ်)တို့တွင် အသာဆုံး အမြတ်ဆုံး ပုဂ္ဂိုလ် ဖြစ်လေသည်)။

ရဟန္တာဖြစ်ပြီးနောက်

အညာသိကောဏ္ဍညမထေရ်မြတ်၏အကြောင်း

     အညာသိကောဏ္ဍညမထေရ်သည် မဟာသက္ကရာဇ် (၁၀၃)ခုနှစ် ဝါဆိုလပြည့်ကျော် (၅)ရက်နေ့၌ ရဟန္တာဖြစ်တော်မူသည်။ ထိုနှစ် မြတ်စွာဘုရားရှင် ပြာသိုလပြည့်နေ့တွင် ရာဇဂြိုဟ်ပြည်သို့ ရောက်တော်မူ၍ တပို့တွဲလဆန်း (၁)ရက်နေ့တွင်



၃၀

အဂ္ဂသာဝကနှစ်ပါး (အရှင်သာရိပုတ္တရာနှင့် အရှင်မောဂ္ဂလာန်)တို့ ရဟန်းပြုတော်မူကြသည်။ လဆန်း (၇)ရက်နေ့၌ အရှင်မောဂ္ဂလာန် ရဟန္တာဖြစ်၍ တပို့တွဲလပြည့်နေ့၌ အရှင်သာရိပုတ္တရာ ရဟန္တာဖြစ်တော်မူသည်။ ဤသို့ အဂ္ဂသာဝက, မဟာသာဝက, ပကတိသာဝက ရဟန်းတော်တို့ သာသနာတော်၌ စုံညီစွာ ဖြစ်ပေါ်လာကြသောအခါ ဆွမ်းခံချိန်၌ သာဝကအားလုံးပင် ဝါစဉ်အတိုင်း ဆွမ်းခံကြွတော်မူကြရသည်။ မြတ်စွာဘုရား တရားဟောတော်မူသောအခါ၌ကား အလယ်ဗဟို တန်းဆာဆင်အပ်သော ဗုဒ္ဓါသနဓမ္မပလ္လင်၌ မြတ်စွာဘုရား ထိုင်နေတော်မူပြီးသော် မြတ်စွာဘုရား၏ လက်ျာနံပါး၌ ဓမ္မသေနာပတိ = အရှင်သာရိပုတ္တရာမထေရ်, လက်ဝဲနံပါး၌ အရှင်မဟာမောဂ္ဂလာန် မထေရ်တို့ ထိုင်နေတော်မူကြရသည်။

     ထိုအဂ္ဂသာဝက မထေရ်နှစ်ပါးတို့၏ ကျောဘက်မှာ အရှင်ကောဏ္ဍညမထေရ်အတွက် နေရာခင်းထားကြလေသည်။ ကျန်သော ရဟန်းတို့သည် အရှင်ကောဏ္ဍညမထေရ်ကို ၀န်းရံ၍ ထိုင်နေကြရလေသည်။ အဂ္ဂသာဝက နှစ်ပါးတို့သည် အရှင်ကောဏ္ဍညမထေရ်မြတ်က သာသနာတော်ဝယ် အဦးအစ သစ္စာလေးပါး တရားသိတော်မူသူ ဖြစ်သောကြောင့်၎င်း, အရွယ်တော်အားဖြင့်လည်း ကြီးမားတော်မူသောကြောင့်၎င်း အရှင်ကောဏ္ဍညမထေရ်မြတ်၌ ရိုသေခြင်း ရှိကုန်ရကား မထေရ်မြတ်ကို မဟာဗြဟ္မာကြီးကဲ့သို့၎င်း, မီးပုံကြီးကဲ့သို့၎င်း, အဆိပ်လျင်သော မြွေနဂါးကဲ့၎င်း အောက်မေ့လေးစား မှတ်ထင်တော်မူကြကာ မိမိတို့က နေရာဦး၌ နေထိုင်ကြရကုန်သော်လည်း မရဲမဝံ့ ရှိတော်မူကြကုန်၏၊ ရှက်နိုးအားနာတော်မူကြကုန်၏။ ထိုအခါ အရှင်ကောဏ္ဍညမထေရ်သည် “အဂ္ဂသာဝက မထေရ်မြတ်နှစ်ပါးတို့သည် နေရာဦးအကျိုးငှါ တသင်္ချေနှင့် ကမ္ဘာတသိန်း ပါရမီတို့ကို ဖြည့်ဆည်းပူးအပ်ကုန်ပြီ၊ ထိုအဂ္ဂသာဝကနှစ်ပါးတို့သည် ယခုအခါ နေရာဦး၌ ထိုင်နေကြရသော်လည်း မရဲမဝံ့ ရှိတော်မူကြကုန်၏၊ ငါ့ကို ရှက်နိုးအားနာတော်မူကြကုန်၏၊



၃၁

ထိုအဂ္ဂသာဝက မထေရ်မြတ်နှစ်ပါးတို့ ချမ်းသာစွာ နေနိုင်အောင် ငါပြုလုပ်မည်”ဟု ကြံစည်ဆင်ခြင်တော် မူမိလေသည်။ ဤကား အကြောင်းတပါးဖြစ်သည်။

     ထို့ပြင်လည်း အရှင်ကောဏ္ဍည မထေရ်မြတ်သည် ဘုန်းကံကြီးမားသော မဟာသာဝကကြီးတပါး ဖြစ်တော်မူလေသည်။ မြတ်စွာဘုရား၏ ဂုဏ်ကျေးဇူး သတင်းကောင်းများကဲ့သို့ ထို့အတူ မထေရ်မြတ်၏ ဂုဏ်ကျေးဇူး သတင်းကောင်းများသည်လည်း ဤစကြဝဠာရှိ လူတို့နှင့်တကွ စကြဝဠာတိုက်တသောင်း၌ နေကြသော နတ်ဗြဟ္မာတို့၏အတွင်း၌ ပြန့်နှံ့လျက်ရှိကုန်၏၊ သို့ရကား နတ်လူတို့သည် မြတ်စွာဘုရားထံတော်သို့ သွားရောက်၍ နံ့သာ,ပန်း-စသည်တို့ဖြင့် ပူဇော်မှု ပြုကြပြီးလျှင် “မထေရ်မြတ်ကြီးသည် သစ္စာလေးပါး တရားထူးကို လက်ဦးအစ သိမြင်သော မဟာသာဝကကြီး ဖြစ်တော်မူပေသည်”ဟု (ဘုရားကို ပူဇော်ပြီးသည်၏) အခြားမဲ့မှာပင် အရှင်ကောဏ္ဍည မထေရ်မြတ်ထံ ဆည်းကပ်၍ တဖန် ပူဇော်ကြပြန်လေသည်။ အနီးထံမှောက် လာရောက်ကြသူတို့အား သင့်လျော်လျောက်ပတ်သော တရားစကား ဟောကြားမှု, အစေ့အစပ်စကား ပြောကြားမှု တခုခုကို ပြုရမည့်ဝတ်တရားကလည်း သာသနာထုံးစံအရ ရှိနေပြန်၏။ မထေရ်မြတ်ကလည်း ဖလသမာပတ်ဖြင့် ချမ်းသာစွာနေရမှု (=အရိယဝိဟာရ)ကိုသာ အလေးဂရု ပြုတော်မူသူ ဖြစ်၏။ သို့ရကား မထေရ်မြတ်၏အဖို့ရာ ထို အနီးထံမှောက် လာရောက်သူတို့အား သင့်လျော်လျောက်ပတ်သော တရားစကား ဟောကြားရမှု, အစေ့အစပ်စကား ပြောရမှုများသည် အပိုအလုပ်ကျယ်ကဲ့သို့ ဖြစ်၍နေ၏။ ဤသည်လည်း အကြောင်းတပါးဖြစ်သည်။

     ထိုဖော်ပြရာပါ အကြောင်းနှစ်ပါးတို့ကြောင့် အရှင်ကောဏ္ဍညမထေရ်မြတ်သည် မြတ်စွာဘုရားတို့၏ အနီးအပါးမှ အရပ်တပါး ဖဲသွားနေထိုင်တော်မူလိုသည်ဖြစ်၍ မိမိ၏တူ မန္တာဏီပုဏ္ဏေးမ၏သား ပုဏ္ဏလုလင်ကို “ငါ၏တူ ပုဏ္ဏလုလင်သည် ရှင်ရဟန်းပြု၍ သာသနာတော်၌ မြတ်သောဓမ္မကထိကပုဂ္ဂိုလ်တပါး



၃၂

ဖြစ်လိမ့်မည်”ဟု ဆင်ခြင် သိမြင်တော်မူပြီးလျှင် ဒေါဏဝတ္ထုပုဏ္ဏားရွာသို့ ကြွတော်မူကာ မိမိ၏တူ ပုဏ္ဏလုလင်ကို ရှင်ရဟန်းပြုပေးပြီးလျှင် “ဤငါ့တူ ပုဏ္ဏရဟန်းသည် မြတ်စွာဘုရားတို့၏ အနီးထံပါး၌ နေရစ်လိမ့်မည်”ဟု ကြံစည်တော်မူ၍ တူတော် ပုဏ္ဏရဟန်းကို မြတ်စွာဘုရား၏ အန္တေဝါသိက တပည့်ဖြစ်အောင် ပြုလုပ်ပြီးမှ မြတ်စွာဘုရား အထံတော်သို့ ချဉ်းကပ်၍ “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. တပည့်တော်၏အဖို့ရာ ရွာနီးကျောင်းသည် သပ္ပါယမဖြစ်ပါ။ လူသူလေးပါးတို့နှင့် ရောပြွမ်း၍ ချမ်းသာစွာနေရန် မစွမ်းနိုင်ပါ။ ထို့ကြောင့် တပည့်တော်သည် ဆဒ္ဒန်အိုင်သို့ သွားရောက် နေထိုင်ပါရစေဘုရား”ဟု ခွင့်ပန်စကား လျှောက်ထားလေ၏။ မြတ်စွာဘုရားသည်လည်း သွားရောက်နေထိုင်ရန် ခွင့်ပြုတော်မူလေ၏။

     အရှင်ကောဏ္ဍညမထေရ်သည် ဘုရားထံမှ အခွင့်ရကာ အိပ်ရာနေရာကို သိုမှီးသိမ်းဆည်း၍ သပိတ်သင်္ကန်းကို ယူဆောင်တော်မူကာ ဆဒ္ဒန်အိုင်၏အနီး မဏ္ဍာကိနီရေကန်ဆိပ်ကမ်းသို့ ကြွရောက်တော်မူလေသည်။ ထိုဆဒ္ဒန်အိုင်အရပ်၌ ရှေးအခါ ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့အား ပြုစုလုပ်ကျွေးခြင်းဖြင့် အလေ့အကျက်ရရှိပြီး ဖြစ်ကြသည့် အာနုဘော်နှင့်လည်းပြည့်စုံ နတ်တို့ကဲ့သို့ အသက်လည်း ရှည်ကုန်သော ဆင်ပေါင်း (၈၀၀၀)ရှစ်ထောင်တို့သည် မထေရ်မြတ်ကို မြင်ကြရလျှင်ပင် “ငါတို့၏ ကောင်းမှုမျိုးကြဲရာ လယ်ယာမြေကောင်းကြီး လာရောက်ပေပြီ”ဟု ဝမ်းမြောက်ဝမ်းသာ ဖြစ်ရှိကြကာ ခွါတို့ဖြင့်ရှပ်၍ စင်္ကြံကြွရမည့်အရပ်ကို မြက်မရှိ ပကတိတလင်းဖြစ်အောင် ပြုလုပ်ကြလျက် မထေရ်မြတ် စင်္ကြံကြွရာအရပ်၌ အဆီးအတားဖြစ်မည့် သစ်ခက်များကိုလည်း ဖယ်ရှားကြ၍ မထေရ်မြတ် သီတင်းသုံး နေထိုင်ရာအရပ်ကို သုတ်သင်ကြပြီးလျှင် အားလုံးဆင်ပေါင်း (၈၀၀၀)ရှစ်ထောင်တို့ စည်းဝေးတိုင်ပင်ကြသည်မှာ-

“အချင်းတို့.. ငါတို့သည် အကယ်၍ ‘ဤဆင်သည် မထေရ်မြတ်အတွက်တာ ပြုဖွယ်ရာများကို ပြုလုပ်လိမ့်မည်၊



၃၃

ဤဆင်သည် ပြုလုပ်လိမ့်မည်’ဟု သူပြုနိုး ငါပြုနိုး မျှော်ကိုး၍နေကြလျှင် မထေရ်မြတ်သည် ဆွေမျိုးများသောရွာသို့ ရောက်သကဲ့သို့ ဆေးမြဲတိုင်းသော သပိတ်ဖြင့်ပင် ကျောင်းသို့ ပြန်ကြွရလိမ့်မည်၊ သို့ရကား လစ်ဟင်းမှု မရှိရအောင် အလှည့်ဖြင့် မထေရ်မြတ်ကို ပြုစုလုပ်ကျွေးကြကုန်စို့၊ အထူးအားဖြင့် ဆင်တကောင်၏ အလှည့်သို့ရောက်လျှင် ကျန်သောဆင်များကလည်း (ငါအလှည့်မဟုတ်ဟု လျစ်လျူရှု၍ မနေကြပဲ) မမေ့မလျော့ ပြုစုရမည်”-

ဟု တိုင်ပင်ဆွေးနွေးကြကာ အလှည့်အကြိမ် ထားကြလေကုန်၏။ အလှည့်ကျသော ဆင်သည် စောစောပင် မထေရ်မြတ်အတွက် မျက်နှာသစ်ရေ ဒန်ပူများကို တည်ထားလေသည်။ တည်ထားပုံမှာ- အလှည့်ကျဆင်သည် ထင်းရှူးထင်း နတ်ထင်းစသည့် မီးဖြစ်လွယ်သော ထင်းခြောက်များကို အချင်းချင်း ပွတ်တိုက်၍ မီးဖြစ်စေ မီးတောက်ထစေပြီးလျှင် ထိုမီးပုံ၌ ကျောက်တုံး ကျောက်ခဲများကို မီးဖုတ်၍ ထိုကျောက်တုံး ကျောက်ခဲများကို တုတ်ချောင်းတို့ဖြင့် လှိမ့်ယူပြီးလျှင် ကျောက်ရေခွက်ကြီးများ၌ ထည့်ပြီးသော် ရေနွေးသည်ကို သိအောင်စုံစမ်းပြီး ကံ့ကော်နွယ်ဒန်ပူကို အဆင်သင့် တည်ထားလေသည်။ ထို့နောက် ထိုအလှည့်ကျသော ဆင်သည် မထေရ်မြတ်နေထိုင်ရာ ကမ္မဋ္ဌာန်းတဲကုပ် ကျောင်းကလေး၏ အတွင်းအပြင် နှစ်ရပ် လုံး၌ သစ်ခက်များဖြင့် တံမြက်လှည်းလျက် ဤဆိုအပ်လတ္တံ့သောအတိုင်း အစာအာဟာရကို ဆက်ကပ်ခြင်းဖြင့် ဝတ်ကြီး,ဝတ်ငယ် ပြုလေသည်။

မဏ္ဍာကိနီရေကန်

     အရှင်ကောဏ္ဍညမထေရ် သီတင်းသုံးနေထိုင်ရာ မဏ္ဍာကိနီရေကန်သည် ယူဇနာငါးဆယ် ကျယ်ပြန့်၏၊ ထိုရေကန်၏ အလယ်ဗဟို နှစ်ဆယ့်ငါးယူဇနာမျှသောအရပ်၌ မှော်,ရေညှိဟူ၍ လုံးဝမရှိ၊ ဖလ်အဆင်းပမာ ကြည်လင်သောရေသာရှိ၏။ ထိုရေပြင်၏ အပြင်ဖက် ခါးမျှနက်သော ရေ၌ ယူဇနာဝက်ခန့် အနံရှိသော



၃၄

ကြာဖြူတောသည် ယူဇနာငါးဆယ်ရှိသော ရေကန်ကို ဝန်းရံလျက် တည်၏။ ထိုကြာဖြူတော၏ အခြားမဲ့၌ ထိုမျှပင် ယူဇနာဝက် အနံရှိသော ပဒုမာကြာနီတော, ထိုပဒုမာကြာနီတော၏ အခြားမဲ့၌ ထိုမျှပင် ယူဇနာဝက် အနံရှိသော ကုမုဒြာကြာနီတော, ထိုကုမုဒြာကြာနီတာ၏ အခြားမဲ့၌ ထိုမျှပင် ယူဇနာဝက် အနံရှိသော ကုမုဒြာကြာဖြူတော, ထိုကုမုဒြာကြာဖြူတော၏ အခြားမဲ့၌ ထိုမျှပင် ယူဇနာဝက် အနံရှိသော ကြာညိုတော, ထိုကြာညိုတော၏ အခြားမဲ့၌ ထိုမျှပင် ယူဇနာဝက် အနံရှိသော ကြာနီတော, ထိုကြာနီတော၏ အခြားမဲ့၌ ထိုမျှပင် ယူဇနာဝက် အနံရှိသော နံ့သာသလေးစပါးနီတော, ထိုစပါးတော၏ အခြားမဲ့၌ ထိုမျှပင် ယူဇနာဝက် အနံရှိကြသည့် သခွါး, ဗူး, ဖရုံ-အစရှိသည့် ချိုမြိန်သော အရသာရှိသော နွယ်မျိုး သစ်သီးတောကြီးများ, ထိုနွယ်မျိုး သစ်သီးတောကြီးများ၏ အခြားမဲ့၌ ယူဇနာဝက်ပင် အနံပြန့်သော ကြံပင် တောသည် ရေကန်ကို ဝန်းရံလျက် တည်၏။ ထိုကြံတော၌ ကြံပင်ကြီးများသည် ကွမ်းသီးပင်ခန့် လုံးပတ်ပမာဏ ရှိကြကုန်၏။

     ထိုကြံတော၏ အခြားမဲ့၌ ထိုမျှပင် ယူဇနာဝက် အနံပြန့်သော ငှက်ပျောတောသည် ရေကန်ကို ဝန်းရံလျက် တည်၏။ ယင်းငှက်ပျောတောမှ ငှက်ပျောသီးမှည့် နှစ်လုံးခန့်ကို စားမိကြသော လူများသည် တောင့်,အင့်ပြီးကာ လွန်စွာ ပင်ပန်းကြကုန်၏။ ထိုငှက်ပျောတော၏ အခြားမဲ့ အပြင်ဖက်၌ အိုးစရည်းခန့် ပမာဏ အသီးရှိသော ပိန္နဲတော, ထိုပိန္နဲတော၏ အခြားမဲ့ အပြင်ဖက်၌ သပြေပင်တော, ထိုသပြေပင်တော၏ အခြားမဲ့ အပြင်ဖက်၌ သရက်တော, သရက်တော၏ အခြားမဲ့ အပြင်ဖက်၌ သီးပင်တော ဤသို့စသည် ဖြင့် အကျဉ်းချုပ် ဖော်ပြရလျှင် ထိုမဏ္ဍကိနီရေကန်၌ စားကောင်းသော သစ်သီးမည်သည် မရှိဟု မဆိုနိုင်၊ အလုံးစုံ ရှိသည်သာဖြစ်၏။

     ပန်းများပွင့်သောအခါ၌ လေသည် ထိုပန်းတို့မှ ဝတ်မှုံများကို တိုက်ခပ်လွှင့်သယ်ကာ ပဒုမာကြာတောရှိ ကြာရွက်များပေါ်၌ တည်စေ၏။ ထိုကြာရွက်များ၌ ရေပေါက်တို့ ကျကုန်၏။ ထို့နောက်



၃၅

နေအပူဖြင့် ကျက်၍ နွားနို့ခဲအကျက်ကဲ့သို့ တည်ရှိလေသည်။ ဤအရာကို ကြာပျားဟူ၍ ခေါ်ဆို၏။ ထိုကြာပျားကို အလှည့်ကျသော ဆင်တို့သည် မထေရ်မြတ်အတွက် ဆောင်ယူဆက်ကပ်ကြကုန်၏။

     ကြာရင်းမှာ ထွန်တုံးဦးခန့် လုံးပတ်ပမာဏရှိ၏၊ ထိုကြာရင်းကိုလည်း ဆင်တို့သည် ယူဆောင်ကြ၍ မထေရ်အား ဆက်ကပ်ကြကုန်၏။ ကြာစွယ်သည် စည်ကြီးခေါင်း (=စည်ကြီးခွက်)ခန့် ပမာဏရှိ၏၊ ထိုကြာစွယ်၏ တဆစ်တဆစ်၌ ကြာနို့ရည်သည် တပြည်သားခန့် ရှိ၏၊ ထိုကြာနို့ရည်ကို ဆင်တို့သည် ယူဆောင်ကြ၍ မထေရ်မြတ်အား ဆက်ကပ်ကြကုန်၏။

     ဆင်တို့သည် ကြာရိုးများကို ပျားသကာနှင့် ရောစပ်၍ မထေရ်မြတ်အား ဆက်ကပ်ကြကုန်၏။ ကွမ်းသီးပင်ခန့် လုံးပတ်ပမာဏရှိသော ကြံပင်တို့ကို ကျောက်ဖျာ၌ တင်ထားကြကာ ခြေတို့ဖြင့် နင်းကြကုန်၏၊ ထို ကြံချောင်းတို့မှ ကြံရည်သည် ယိုထွက်၍ ကျောက်ခွက်ငယ် တွင်းငယ်တို့ကို ပြည့်စေလျက် နေပူဖြင့် ကျက်ပြီးလျှင် နွားနို့ကျောက်ခဲ (=ဂေါဒန်ကျောက်ခဲ)ပမာ ကြံသကာဖြစ်၍ တည်လေ၏။ ဆင်များသည် ထို ကြံသကာခဲကို ယူဆောင်ကြ၍ မထေရ်မြတ်အား ဆက်ကပ်ကြကုန်၏။

     ဟိမဝန္တာ ကေလာသတောင်ဝယ် နာဂဒတ္တမည်သော နတ်သားသည် နေထိုင်၏။ မထေရ်မြတ်သည် ရံခါရံခါ ထိုနတ်သား၏ ဗိမာန်တံခါးဝသို့ ကြွတော်မူ၏၊ နတ်သားသည် အသစ်ဖြစ်သော ထောပတ်, ကြာပျားမှုန့်တို့နှင့် ရောစပ်လျက် ရေမရောသော နို့ဃနာဆွမ်း သပိတ်အပြည့် လောင်းထည့် လှူဒါန်းလေသည်။ ထိုနတ်သားကား ကဿပမြတ်စွာဘုရား လက်ထက်တော်အခါ နှစ်ပေါင်းနှစ်သောင်းကြာ ကာလတို့ပတ်လုံး ရနံ့ကောင်းသော ထောပတ်နှင့် နွားနို့ စာရေးတံဆွမ်း လှူဒါန်းခဲ့လေသည်။ ထိုကောင်းမှုကြောင့် ထိုနတ်သား၏အဖို့ရာ ဤထောပတ် ကြာပျားမှုန့်တို့နှင့်ယှဉ်သည့် ရေမရောသော နို့ဃနာသည် စားသောက်ဖွယ် အစာအာဟာရ ဖြစ်လာလေသည်။



၃၆

     ဤသို့လျှင် အရှင်ကောဏ္ဍည မထေရ်မြတ်သည် ဆယ့်နှစ်နှစ်ကြာ ကာလပတ်လုံး ထိုဆဒ္ဒန်အိုင် မဏ္ဍာကိနီရေကန်၏ အနီး၌ သီတင်းသုံးနေတော်မူ၍ ကိုယ်တော်၏ အာယုသင်္ခါရကို ကြည့်ရှု ဆင်ခြင်တော်မူလတ်သော် အာယုသင်္ခါရ = ဇီဝိတသန္တာန်အစဉ် ကုန်နေပြီကို မြင်တော်မူ၍ “ငါသည် အဘယ်အရပ်၌ ပရိနိဗ္ဗာန် စံရပါမည်နည်း”ဟု စဉ်းစား ဆင်ခြင်တော်မူလေသော် “ငါ့ကို ဆယ့်နှစ်နှစ်ကြာ ကာလတို့ပတ်လုံး ပြုစုလုပ်ကျွေးကြသော ဤဆင်ပေါင်း (၈ဝဝဝ)ရှစ်ထောင်တို့သည် ပြုနိုင်ခဲသည်ကို ပြုအပ်ခဲ့လေပြီ၊ ထိုဆင်တို့၏ကျေးဇူးကား အလွန်များလှစွာ၏၊ ငါသည် မြတ်စွာဘုရားရှင် ထံတော်မှောက်သို့ သွားရောက်ပြီးလျှင် ပရိနိဗ္ဗာန်စံရန် ခွင့်ပန်လျှောက်ထားပြီးနောက် ဤဆင်တို့၏ အနီးထံပါး ဤကမ္မဋ္ဌာန်းကျောင်းမှာပင် ပရိနိဗ္ဗာန် ဝင်စံပေတော့အံ့”ဟု ဆုံးဖြတ်ချက် ချမှတ်တော်မူကာ ကောင်းကင်ခရီးဖြင့် ရာဇဂြိုဟ်ပြည် ဝေဠုဝန် ကျောင်းတိုက်၌ သီတင်းသုံး နေတော်မူသော မြတ်စွာဘုရားရှင် ထံတော်မှောက်သို့ လာရောက်ဆည်းကပ်ပြီးလျှင် မြတ်စွာဘုရားရှင်၏ ခြေတော်တို့၌ ဦးဖြင့်တိုက်၍ မြတ်စွာဘုရားရှင်၏ ခြေတော်တို့ကို ခံတွင်းဖြင့်လည်း စုတ်တော်မူ၏။ လက်တို့ဖြင့်လည်း တအားဆုပ်နယ်လေ၏၊ “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အကျွန်ုပ်ကား ကောဏ္ဍည ဖြစ်ပါသည်ဘုရား၊ ကောင်းသောစကားကို မိန့်ကြားတော်မူပါသော မြတ်စွာဘုရား.. အကျွန်ုပ်ကား ကောဏ္ဍည ဖြစ်ပါသည်ဘုရား”ဟု မိမိ၏အမည်ကိုလည်း ထုတ်ဖော်လျှောက်ထားလေ၏။

(ဤ၌။ ။အရှင်ကောဏ္ဍညမထေရ် ဤကဲ့သို့ မိမိအမည်ကို ထုတ်ဖော် လျှောက်ထားခြင်း အကြောင်းမှာ- ထိုအချိန်တွင် မြတ်စွာဘုရား၏ အနီးထံပါး ရှိကြသော ရဟန်းများအနက် မထေရ်မြတ်ကို အချို့ ဝါကြီးသော မထေရ်ကြီးတို့က သိကြ၍ သီတင်းငယ် ထေရ်ငယ်တို့ကမူ မသိကြကုန်၊ ထိုသို့ ဖြစ်ရှိရာ၌ မထေရ်မြတ် ကြံစည်စဉ်းစားမိသည်ကား “အကြင် သီတင်းငယ် ထေရ်ငယ်တို့သည် ငါ့ကို မသိကြသည့်အတွက် ‘ယခု မြတ်စွာဘုရားနှင့် အတူတကွ ပဋိသန္ထာရ = အစေ့အစပ်စကား ပြောကြားမှုပြုနေသည့် ခေါင်းဖြူ, ခါးကုန်း, သွားပြုန်းယွင်းယို



၃၇

ဤရဟန်းအိုကြီးကား အဘယ်သူနည်း’ဟု စိတ်နေဖောက်ပြား ပြစ်မှားကြပေလိမ့်မည်။ ထိုပြစ်မှားသော သီတင်းငယ် ထေရ်ငယ်တို့သည် အပါယ်သို့ လားရောက်ကြလိမ့်မည်။ ငါ့အမည်ကို မြတ်စွာဘုရားအား ထုတ်ဖော် လျှောက်ထားလျှင်ကား ထိုရှေးက မသိကြသော သီတင်းငယ် ထေရ်ငယ်တို့လည်း ငါ့ကို သိကြလိမ့်မည်။ ယင်း ထေရ်ကြီး,ထေရ်ငယ် = နှစ်သွယ်သော သီတင်းသုံးဖော် ရဟန်းတော်များသည် ငါ့ကို ရှေးက သိဘူး, ယခုသိစ ဖြစ်ကြသည့်အတွက် ‘စကြဝဠာ တိုက်တသောင်း၌ မြတ်စွာဘုရားကဲ့သို့ပင် ထင်ရှား ကျော်ကြားသော မဟာသာဝကကြီးပါတကား’ဟု သဒ္ဓါရွှန်းစို ကြည်ညိုကြလိမ့်မည်၊ ထိုစိတ်ကြည်ညိုကြသူ အားလုံးပင် နတ်ရွာသုဂတိသို့ လားရောက်ကြရပေလိမ့်မည်”ဟု ကြံစည် စဉ်းစားတော်မူမိလေသည်။ သို့ရကား သတ္တဝါတို့အဖို့ရာ အပါယ်လမ်းပိတ်၍ နတ်ရွာလမ်း ဖွင့်တော်မူလိုသည့်အတွက် မထေရ်မြတ်သည် မိမိအမည်ကို မြတ်စွာဘုရားအား ထုတ်ဖော်လျှောက်ထားလေသည်)။

     ထိုအချိန်၌ အရှင်ဝင်္ဂီသမထေရ်၏ စိတ်သန္တာန်ဝယ် “ဤအရှင် အညာသိကောဏ္ဍညမထေရ်သည် ဆယ့်နှစ်နှစ်တာ အလွန်အချိန်ကြာမှ မြတ်စွာဘုရား ထံတော်မှောက်သို့ လာရောက်ဆည်းကပ်ကာ မြတ်စွာဘုရားရှင်၏ ခြေတော်တို့၌ ဦးဖြင့်တိုက်၍ မြတ်စွာဘုရားရှင်၏ ခြေတော်တို့ကို ခံတွင်းဖြင့်လည်း စုတ်တော်မူ၏။ လက်တို့ဖြင့်လည်း တအားဆုပ်နယ်တော်မူ၏။ ‘ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အကျွန်ုပ်ကား ကောဏ္ဍည ဖြစ်ပါသည်ဘုရား၊ ကောင်းသောစကားကို မိန့်ကြားတော်မူပါသော မြတ်စွာဘုရား.. အကျွန်ုပ်ကား ကောဏ္ဍည ဖြစ်ပါသည်ဘုရား’ဟု မိမိ၏ အမည်ကိုလည်း ထုတ်ဖော် လျှောက်ထားတော်မူ၏။ ငါသည် အရှင်အညာသိကောဏ္ဍည မထေရ်ကို မြတ်စွာဘုရား၏ မျက်မှောက်တော်မှာပင် သင့်လျောက်ပတ်သော ဂါထာတို့ဖြင့် ချီးမွမ်း လျှောက်ဆိုရမူ ကောင်းလေစွာ့”ဟု အကြံဖြစ်ပြီးနောက် အရှင်ဝင်္ဂီသမထေရ်သည် နေရာမှထ၍ လက်ကန်တော့ စံပယ်တင်ပြီးလျှင် ဘုရားရှိရာဖက်သို့ လက်အုပ်ကို ချီညွှတ်ကာ မြတ်စွာဘုရားကို “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ပဋိဘာန်ဂါထာပိုဒ်များ တပည့်တော်၏ဉာဏ်ဝယ် ထင်လာပါသည်ဘုရား၊ ကောင်းသောစကားကို မိန့်ကြားတော်မူပါသော မြတ်စွာဘုရား..



၃၈

တပည့်တော်၏ဉာဏ်ဝယ် ပဋိဘာန်ဂါထာပိုဒ်များ ထင်လာပါသည်ဘုရား”ဟု လျှောက်ထားလေ၏။

ထိုအခါ မြတ်စွာဘုရားရှင်က “ချစ်သားဝင်္ဂီသ.. သင်ချစ်သား၏ဉာဏ်ဝယ် ပဋိဘာန်ဂါထာပိုဒ်များ အလိုရှိတိုင်း ထင်စေ”ဟု ခွင့်ပြုစကား မိန့်ကြားတော်မူလေလျှင် အရှင်ဝင်္ဂီသမထေရ်သည် အရှင်အညာသိကောဏ္ဍည မထေရ်ကို မြတ်စွာဘုရား၏ မျက်မှောက်တော်မှာပင် သင့်လျောက်ပတ်သော ဂါထာတို့ဖြင့် ဤဆို လတ္တံ့အတိုင်း ချီးမွမ်းလျှောက်ဆိုလေ၏-

၁။ ဗုဒ္ဓါနုဗုဒ္ဓေါ သော ထေရော၊

ကောဏ္ဍညော တိဗ္ဗနိက္ကမော။

လာဘီ သုခဝိဟာရာနံ၊

ဝိဝေကာနံ အဘိဏှသော။

ကောဏ္ဍညော = နွယ်တော်ဝံသ ကောဏ္ဍညဟု နာမတွင်ခေါ် အမည်တော်ရှိပေသော။ သော ထေရော = မြတ်စွာထံမှောက် အဖူးအမြော်ရောက်သည့် ဘုန်းတောက်ဥက္ကဌ် ထိုမထေရ်မြတ်ကြီးသည်။ ဗုဒ္ဓါနုဗုဒ္ဓေါ = ဘုရား၏နောက် ဉာဏ်ယာဉ်လျှောက်၍ လေးထောက်သစ္စာ နက်နဲစွာကို ပဌမာဒိက အစဆုံး သိတော်မူမှုကြောင့် ဗုဒ္ဓါနုဗုဒ္ဓ ဂုဏ်ထူးရတော်မူ၏။ တိဗ္ဗနိက္ကမော = သူမတူတန် လွန်ပြင်းထန်သည့် သမ္မပ္ပဓာန်လုံ့လ ဝီရိယလည်း ရှိတော်မူ၏။ သုခဝိဟာရာနံ = မျက်မှောက်ဘဝ ပစ္စက္ခဝယ် အေးမြချမ်းသာစွာ နေထိုင်ရာ နေထိုင်ကြောင်း ဖြစ်ကုန်သော။ ဝိဝေကာနံ = ပိဝေကသုံးပါး မြတ်သောတရားတို့ကို။ အဘိဏှသော = အမြဲမပြတ်။ လာဘီ = ချမ်းမြေ့ကြည်ဖြူ ရတော်မူလေ့ရှိပေ၏။

၂။ ယံ သာဝကေန ပတ္တဗ္ဗံ၊

သတ္ထုသာသနကာရိနာ။

သဗ္ဗဿ တံ အနုပ္ပတ္တံ၊

အပ္ပမတ္တဿ သိက္ခတော။



၃၉

သတ္ထုသာသနကာရိနာ = ဘုရားမြတ်စွာ ဆုံးမရာကို လိုက်နာကျင့်သုံးလေ့ရှိသော။ သာဝကေန = တပည့် သာဝက အရိယသံဃာသည်။ ယံ = အကြင်မဂ်လေးပါး, ဖိုလ်လေးပါး, ပဋိသမ္ဘိဒါဉာဏ်အပြား စသည်ကို။ ပတ္တဗ္ဗံ = ဉာဏ်ဖြင့်ဆိုက်ကပ် ရောက်အပ်ရထိုက်ပေ၏။ အဿ = ထိုဘုန်းတောက်ဥက္ကဌ် အရှင်ကောဏ္ဍည မထေရ်မြတ်ကြီးသည်။ တံ သဗ္ဗံ = ထိုမဂ်လေးပါး, ဖိုလ်လေးပါး, ပဋိသမ္ဘိဒါဉာဏ်အပြား စသည်အလုံးစုံကို။ အပ္ပမတ္တဿ = အပ္ပမာဒတရား လက်ကိုင်ထားလျက်။ သိက္ခတော = သိက္ခာသုံးပါး ပွါးများကြိုးကုတ် အားထုတ်ကျင့်ကြံတော်မူသည်ဖြစ်၍။ အနုပ္ပတ္တံ = သာဝကများစွာ ထေရ်သံဃာတွင် သမ္ဘာတော်ထူး လွန်ပျံ့ပျူး၍ လက်ဦးဆိုက်ရောက်အပ်လေပြီ။

၃။ မဟာနုဘာဝေါ တေဝိဇ္ဇော၊

စေတောပရိယကောဝိဒေါ။

ကောဏ္ဍညော ဗုဒ္ဓဒါယာဒေါ၊

ပါဒေ ဝန္ဒတိ သတ္ထုနော။

မဟာနုဘာဝေါ = ကြီးမြတ်သော အာနုဘော် ရှိတော်မူထသော။ တေဝိဇ္ဇော = ပု,ဒိ,အာ- ဟု ဝိဇ္ဇာသုံးပါး ထင်ရှားရှိထသော။ စေတောပရိယကောဝိဒေါ = စိတ်ဖြစ်ပုံကို အကုန်သိမြင် စေတောပရိယ အဘိညာဏ်ရှင် ဖြစ်တော်မူထသော။ ဗုဒ္ဓဒါယာဒေါ = မြတ်စွာဘုရား၏ ကိုးပါးဥစ္စာ လောကုတ္တရာ အမွေရတနာကို ရှေးဦးစွာ ရယူတော်မူပေထသော။ ကောဏ္ဍညာ = နွယ်တော်ဝံသ ကောဏ္ဍညဟု နာမတွင်လတ် မထေရ်မြတ်ကြီးသည်။ သတ္ထုနော = လူနတ်တို့ဆရာ မြတ်စွာဘုရား၏။ ပါဒေ = ခြေတော်အစုံ ကြာပဒုံတို့ကို။ ဝန္ဒတိ = ဦးတိုက်,နမ်းစုတ် လက်ဖြင့်ဆုပ်၍ ပျပ်တုပ်ရိုကျိုး ရှိခိုးတော်မူနေပြီတကား..။



၄၀

     ဤဂါထာများဖြင့် ချီးမွမ်း လျှောက်ဆိုပြီးချိန်တွင် ပရိသတ်ကား အလွန် တိတ်ဆိတ်ငြိမ်သက်လျက် ရှိလေသည်။ ပရိသတ် တိတ်ဆိတ်ငြိမ်သက်နေသည်ကို သိရှိတော်မူကာ အရှင်ကောဏ္ဍည မထေရ်မြတ်သည် မြတ်စွာဘုရားနှင့် ပဋိသန္ထာရ = အစေ့အစပ်စကား လျှောက်ထား ပြောကြားမှုကို ပြုပြီးလျှင် “မြတ်စွာဘုရား.. တပည့်တော်၏ အာယုသင်္ခါရတို့ ကုန်ခဲ့ပါကုန်ပြီ၊ တပည့်တော်သည် ပရိနိဗ္ဗာန် စံပါတော့မည်ဘုရား”ဟု လျှောက်ထား ခွင့်ပန်လေ၏။ ထိုအခါ မြတ်စွာဘုရားရှင်က “ချစ်သားကောဏ္ဍည.. သင်ချစ်သားသည် အဘယ်အရပ်၌ ပရိနိဗ္ဗာန် စံမည်နည်း”ဟု မေးတော်မူလေလျှင် အရှင်ကောဏ္ဍည မထေရ်မြတ်သည် “မြတ်စွာဘုရား.. တပည့်တော်အား ဆယ့်နှစ်နှစ်ကြာ ပြုစုလုပ်ကျွေးကြသော ဆင်အပေါင်းတို့သည် ပြုနိုင်ခဲသည်ကို ပြုအပ်ခဲ့ကြပါပြီ။ ထို့ကြောင့် တပည့်တော်သည် ထိုဆင်တို့၏ အနီးအပါး ဆဒ္ဒန်အိုင်မှာပင် ပရိနိဗ္ဗာန် စံပါမည်ဘုရား”ဟု ပြန်ကြား လျှောက်ထားလေ၏။ မြတ်စွာဘုရားသည် ဆိတ်ဆိတ်နေသဖြင့် ခွင့်ပြုတော်မူ၏။

(ဤ၌။ ။အရှင်ကောဏ္ဍညမထေရ်က “မြတ်စွာဘုရား.. တပည့်တော်သည် ပရိနိဗ္ဗာန် စံပါတော့မည်ဘုရား”ဟု အသိပေး = ခွင့်ပန်စကား လျှောက်ထားလေရာ မြတ်စွာဘုရားရှင်က “ချစ်သား.. ပရိနိဗ္ဗာန် မစံနှင့်ဦး”ဟု မိန့်တော်မူလျှင်လည်း ကိုယ်တော်မြတ်ပင် ငြီးငွေ့ရန် ဟောကြားအပ်သော တေဘူမက ဝဋ်တရား၌ ပျော်ပိုက်နေဦးဟု မိန့်တော်မူရာ ကျချေမည်။ “ချစ်သား ပရိနိဗ္ဗာန် စံလေလော့”ဟု မိန့်တော်မူလျှင်လည်း သေဖို့ရန် ဆောက်တည်စေရာ ကျချေမည်၊ ထို့ကြောင့် မြတ်စွာဘုရားရှင်သည် အစွန်းနှစ်ပါးလွတ်အောင် “ချစ်သား အဘယ်အရပ်၌ ပရိနိဗ္ဗာန်စံ မည်နည်း”ဟု ကြားချ၍ မေးတော်မူလေသည်)။

     ထို့နောက် အရှင်ကောဏ္ဍည မထေရ်မြတ်သည် မြတ်စွာဘုရားကို အရိုအသေပြုပြီးလျှင် “မြတ်စွာဘုရား.. ရှေးအခါ ဒုက္ကရစရိယာ ကျင့်တော်မူစဉ် အရှင်ဘုရားတို့အား ပြုစုလုပ်ကျွေးရန် ပဌမ ဖူးမြော်ခြင်းသည် ရှိပါ၏။ တနည်း မိဂဒါဝုန်တော၌ ဖူးမြော်ရခြင်းသည် ရှိပါ၏။ ထိုဖူးမြော်ရခြင်းသည် ရှေးဦးစွာ ဖူးမြော်ရခြင်း ဖြစ်ပါသည်ဘုရား။ ဤယခု ဖူးမြော်ခြင်းသည်



၄၁

နောက်ဆုံးဖူးမြော်ခြင်း ဖြစ်ပါသည်ဘုရား”ဟု လျှောက်ထား၍ လူများအပေါင်း ငိုကြွေးစဉ်ပင် မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် ရှေ့တော်မှ ထွက်ခဲ့၍ တံခါးမုခ်၌ ရပ်တည်ပြီးသော် “မစိုးရိမ်ကြလင့်, မငိုကြွေးကြလင့်၊ မြတ်စွာဘုရားများပင်ဖြစ်ဖြစ်၊ သာဝကများပင်ဖြစ်ဖြစ် ဖြစ်တိုင်းဖြစ်တိုင်းသော သင်္ခါရတို့သည် မပျက်စီးကြသောမည်သည် မရှိကုန်”ဟု လူများအပေါင်းကို ဆုံးမတော်မူခဲ့၍ လူများအပေါင်း ကြည့်ရှုစဉ်ပင် ကောင်းကင်သို့ ပျံတက်ကာ မဏ္ဍာကိနီ ရေကန်ကမ်းနား၌ သက်ဆင်း၍ ရေကန်၌ ရေချိုးပြီးသော် သင်္ကန်းတို့ကို ကောင်းစွာ ဝတ်,ရုံတော်မူလျက် ကျောင်းမှ အိပ်ရာနေရာများကို သိုမှီးသိမ်းဆည်းပြီးလျှင် ဖလသမာပတ် ဖြင့် ညဉ့်သုံးယံတို့ကို ကုန်လွန်စေတော်မူ၍ (=တညဉ့်လုံး ဖလသမာပတ်ကို ဝင်စားတော်မူ၍ဟု ဆိုလိုသည်) မိုးသောက်အားကြီး လင်းခါနီး၌ အနုပါဒိသေသပရိနိဗ္ဗာန် ဝင်စံချုပ်ငြိမ်းတော်မူလေ၏။

     အရှင်ကောဏ္ဍညမထေရ်မြတ် ပရိနိဗ္ဗာန် စံတော်မူသည်နှင့် တပြိုင်နက် ဟိမဝန္တာဝယ် သစ်ပင်အလုံးစုံတို့သည် မိမိတို့၏ အပွင့်,အသီးတို့ဖြင့် အောက်ထက်မကျန် ပွင့်ကြ,သီးကြသဖြင့် ကိုင်းညွတ်ကြလေကုန်၏။ မထေရ်မြတ်အား ပြုစုလုပ်ကျွေးရန် အလှည့်ကျသော ဆင်သည် မထေရ်မြတ် ပရိနိဗ္ဗာန် စံတော်မူသည်ကို မသိပဲ စောစီးစွာပင် မျက်နှာသစ်ရေ ဒန်ပူများကို တည်ထား၍ ဝတ်ကြီး,ဝတ်ငယ်များကို ပြုမြဲတိုင်း ပြုပြီးနောက် မထေရ်မြတ် ဘုဉ်းပေးရန် သစ်သီးတို့ကို ယူဆောင်လာပြီးလျှင် စင်္ကြံအစွန်း၌ ရပ်တည်လာ၏။ ထိုအလှည့်ကျ အလုပ်အကျွေးဆင်သည် နေထွက်သည်တိုင်အောင် မထေရ်မြတ် ထွက်လာတော်မူသည်ကို မမြင်ရ၍ “မထေရ်မြတ်သည် ရှေးအခါကဆိုလျှင် စောစီးစွာပင် စင်္ကြံကြွတော်မူ၏။ မျက်နှာသစ်တော်မူ၏၊ ယနေ့မူကား နေထွက်သည်တိုင်အောင် သင်္ခမ်းကျောင်းမှ မထွက်ကြွချေ၊ ဤသို့ ဖြစ်ရခြင်းသည် အဘယ်အကြောင်းကြောင့်နည်း”ဟု အောက်မေ့ဆင်ခြင်ကာ သင်္ခမ်းကျောင်းတံခါးကို မြင်နိုင်လောက်ရုံ အနည်းငယ်လှပ်၍ အတွင်းသို့ ကြည့်လေလျှင် ထိုင်လျက်သာ ရှိနေသော



၄၂

မထေရ်မြတ်ကို မြင်၍ နှာမောင်းကိုဆန့်ကာ သုံးသပ်လျက် ထွက်လေ,ဝင်လေ ရှိ,မရှိကို စုံစမ်းလေသော် ထိုထွက်လေ,ဝင်လေ နှစ်ပါးတို့ မရှိတော့သည်ကို သိကာ “မထေရ်မြတ်သည် ပရိနိဗ္ဗာန် စံတော်မူလေပြီ”ဟု နှာမောင်းကို ခံတွင်း၌ထည့်၍ ကျယ်လောင်စွာ ဟစ်အော်လေတော့၏။ ဟိမဝန္တာတတောလုံး တပြိုင်နက် ပဲ့တင်ထပ်၍ သွားတော့၏။

     ဆင်ပေါင်း ရှစ်ထောင်တို့သည် တညီတညွတ်တည်း စည်းဝေးကြ၍ မထေရ်မြတ်၏ ဥတုဇရုပ်ကလာပ်ကို အကြီးဆုံးသောဆင်၏ ဦးကင်း၌ ထိုင်နေစေကာ ကောင်းစွာပွင့်သော သစ်ခက်များကို ကိုယ်စီကိုယ်င စွဲကိုင်ကြလျက် အလောင်းတင်ရာဆင်မင်းကို ဝန်းရံကြပြီးလျှင် ဟိမဝန္တာတတောလုံး အဖန်ဖန် လှည့်လည်ပူဇော်ကြ၍ မိမိတို့နေရာ ဆဒ္ဒန်အိုင်သို့သာ ဥတုဇရုပ်ကလာပ်ကို သယ်ဆောင် ပြန်ယူလာကြကုန်၏။

     ထိုအခါ သိကြားမင်းသည် ဝိသကြုံနတ်သားကို ခေါ်၍ “အမောင်ဝိသကြုံ.. ငါတို့နောင်တော်ကြီး အရှင်ကောဏ္ဍညသည် ပရိနိဗ္ဗာန် စံတော်မူလေပြီ၊ ပူဇော်သက္ကာရမှု ပြုကြကုန်အံ့၊ အမောင်သည် ကိုးယူဇနာရှိသော ရတနာခုနစ်ပါးဖြင့်ပြီးသည့် စုလစ်မွန်းချွန် အထွတ်တင်သည့် ပြာသာဒ်တလားကို ဖန်ဆင်းလော့”ဟု စေခိုင်းလေ၏။ ဝိသကြုံနတ်သားသည် သိကြားမင်း စေခိုင်းသည့်အတိုင်း ပြုလုပ် ဖန်ဆင်းပြီးလျှင် မထေရ်မြတ်၏ ဥတုဇရုပ်ကလာပ်ကို ထိုတလားပြာသာဒ်၌ သိပ်ပြီးလျှင် ဆင်တို့အား ပေးအပ်ခဲ့လေ၏။

     ဆင်အပေါင်းတို့သည် ပြာသာဒ်တလားကို ဝိုင်းဝန်းချီမ-ကြ၍ ယူဇနာသုံးထောင် ကျယ်ဝန်းသော ဟိမဝန္တာ တောအလုံးကို အကြိမ်ကြိမ် အထပ်ထပ် လှည့်ပတ်၍ ပူဇော်ကြလေကုန်၏။ ဆင်တို့လက်မှတဆင့် အာကာသစိုးနတ်များက ယူဆောင်ကြ၍ သာဓုကီဠနသဘင် ဆင်ယင်ကြလေသည်။ ထို့နောင်မှ ဝဿဝလာဟကနတ်များ, သီတဝလာဟကနတ်များ, ဥဏှဝလာဟကနတ်များ,



၄၃

စတုမဟာရာဇ်နတ်များ, တာဝတိံသာနတ်များ ဤနည်းအားဖြင့် ဗြဟ္မာပြည်တိုင်အောင် ဥတုဇရုပ်ကလာပ်တင် တလားပြာသာဒ်ကြီး ရောက်ရှိသွားလေသည်။ တဖန် ဗြဟ္မာတို့က နတ်တို့၏လက်သို့ အပ်နှင်းကြပြန်သည်။ ဤနည်းဖြင့် အစဉ်အတိုင်း ဆင်တို့၏လက်သို့ အပ်နှင်းကြပြန်သည်။

     နတ်ဗြဟ္မာ တဦးတဦးလျှင် စန္ဒကူးနံ့သာနှစ်တုံး လက်လေးသစ်ခန့်စီ ယူဆောင်ခဲ့ကြသည်။ စန္ဒကူးနံ့သာနှစ်တုံး (ထင်းကလား)ပုံကြီးမှာ ကိုးယူဇနာ အမြင့်ရှိလေသည်။ ထို့နောက် ရုပ်ကလာပ်တင် တလားပြာသာဒ်ကို စန္ဒကူးနံ့သာ ထင်းပုံထက်သို့ တင်ကြလေသည်။ ရဟန်းတော် ငါးရာတို့သည် ကောင်းကင်ခရီးဖြင့် ကြွလာကြ၍ တညဉ့်ပတ်လုံး တရားရွတ်ဆိုမှု ပြုကြလေသည်။ အရှင်အနုရုဒ္ဓါမထေရ်သည် ထိုအစည်းအဝေး၌ တရားဟောတော်မူ၏၊ များစွာသော နတ်အပေါင်းတို့ သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်းဝင်ကြလေသည်။

     ထိုညဉ့်၌ တေဇောဓာတ်မီး လောင်ကျွမ်း၍ နောက်တနေ့နံနက် အရုဏ်တက်ချိန်တွင် နံ့သာထင်းပုံကို ငြိမ်းသတ်ကြ၍ မုလေးပန်းငုံ အဆင်းရှိသည့် ဖြူဖွေးသော ဓာတ်တော်များကို ရေစစ်အပြည့် ထည့်ပြီးလျှင် ရဟန်းတို့ ယူဆောင်ခဲ့ကြ၍ ဝေဠုဝန်ကျောင်းတိုက် တံခါးမုခ်မှ အသင့်စောင့်ကြိုနေတော်မူသော မြတ်စွာဘုရားရှင်၏ လက်တော်သို့ အပ်နှင်းကြလေသည်။

မြေပေါက်စေတီ

     မြတ်စွာဘုရားသည် ဓာတ်တော်ထည့်သော ရေစစ်ကို လက်တော်ဖြင့်ကိုင်၍ ထိုအခါအား လျောက်ပတ်သော သံဝေဂတရားစကား ဟောကြားတော်မူပြီးလျှင် မဟာပထဝီမြေကြီး၌ လက်တော်ကို ဆန့်တန်းလေသည်၊ ထိုခဏမှာပင် မဟာပထဝီမြေကြီးကို ဖောက်ထွင်း၍ ငွေရေပွက်ကြီးသဏ္ဌာန် စေတီကြီး ပေါ်ထွက်လာလေသည်။ မြတ်စွာဘုရားရှင်သည် ကိုယ်တော့်လက်ဖြင့်ပင်



၄၄

ထိုစေတီ၌ အရှင်ကောဏ္ဍညမထေရ်၏ ဓာတ်တော်များကို သိုမှီးမြှုပ်နှံ ဌာပနာတော်မူလေသည်။ ယနေ့တိုင်အောင်လည်း ထိုစေတီကား ထင်ရှားရှိသောဟူ၏။

ဤကား အရှင်ကောဏ္ဍညမထေရ် အကြောင်းတည်း။

**********