အရှင်ကာဠုဒါယီ မထေရ်အကြောင်း

From Wikisource
Jump to navigation Jump to search
မဟာဗုဒ္ဓဝင် by မင်းကွန်းဆရာတော်
(၃၂) အရှင်ကာဠုဒါယီ မထေရ်အကြောင်း

၄၉၅

(၃၂) အရှင်ကာဠုဒါယီမထေရ်အကြောင်း

(က) မထေရ်မြတ်၏ ရှေးဆုတောင်း

     ဤမထေရ်မြတ်အလောင်း သူတော်ကောင်းသည်လည်း ပဒုမုတ္တရမြတ်စွာ လက်ထက်တော်အခါဝယ် ဟံသာဝတီ မင်းနေပြည်တွင် အမျိုးကောင်းအိမ်၌ ဖြစ်ခဲ့၍ ပဒုမုတ္တရ မြတ်စွာဘုရား၏ တရားစကားကို ကြားနာစဉ် မြတ်စွာဘုရားရှင်က ရဟန်းတော်တပါးကို “မြတ်စွာဘုရာအား မဖူးမြော်ရသေးမီကပင် ဆွေတော်မျိုးတော်တို့ကို သဒ္ဓါရွှန်းစို ကြည်ညိုနှင့်ကြစေသော အရာဝယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး”၌ ထားတော်မူသည်ကို မြင်ရ၍ အဓိကာရ (=အထိကရ) ကောင်းမှုကုသိုလ်ကို ပြုပြီးလျှင် ထိုရာထူး = ဌာနန္တရကို ရရှိရန် ဆုတောင်းပတ္ထနာမှု ပြုလေသည်။ ပဒုမုတ္တရ မြတ်စွာဘုရားရှင်ကလည်း ဗျာဒိတ်စကား မိန့်ကြားတော်မူလေသည်။

(ခ) နောက်ဆုံးဘဝ ရဟန်းပြုခြင်း

     ထိုအမျိုးကောင်းသားသည် အသက်ထက်ဆုံး ကုသိုလ်ကောင်းမှုကိုပြု၍ ထိုဘဝမှ စုတေလတ်သော် အပါယ်လေးပါး မလားမရောက်ရပဲ နတ်ပြည် လူ့ပြည်တို့၌ ကျင်လည်ကျက်စားလျက် အကျွန်ုပ်တို့၏ မြတ်စွာဘုရားအလောင်းတော် မယ်တော်ဝမ်း၌ ပဋိသန္ဓေ တည်နေသောနေ့မှာပင် ကပိလဝတ်ပြည်ဝယ် အမတ်တဦး၏အိမ်၌ ပဋ္ဋိသန္ဓေ ယူနေလေ၏။ ဖွားမြင်သောနေ့၌ ဘုရားအလောင်းတော်နှင့် တနေ့တည်းမှာပင် ဖွားမြင်လေရကား ထိုနေ့မှာပင် ထိုသူငယ်ကို မိဖတို့က ဘွဲ့ဖြူအဝတ်အနှီး၌ လျောင်းစေ၍ အလောင်းတော်သူမြတ်ကို ပြုစုလုပ်ကျွေးရန်အလို့ငှါ သုဒ္ဓေါဒနမင်းကြီးထံသို့ ပို့သ ဆောက်နှင်းကြလေကုန်၏။

ကာဠုဒါယီဟု အမည်မှည့်ခြင်း

     ထို့နောက် ထိုသူငယ်ကို အမည်မှည့်သောနေ့၌ “တမြို့လုံး ဘုရားအလောင်းတော် ဖွားမြင်သဖြင့် စိတ်တက်ကြွအားရမ်း ဝမ်းမြောက်နေသော နေ့ဝယ် ဖွားမြင်သူဖြစ်သောကြောင့်”



၄၉၆

ဥဒါယီဟူ၍ အမည်မှည့်ခေါ်ကြကုန်၏၊ ကိုယ်ရောင်အသွေး အနည်းငယ် မည်းနက်သောကြောင့် ကာဠ (အမည်းဟော)သဒ္ဒါနှင့် တွဲဖက်ပြီးလျှင် “ကာဠုဒါယီသူငယ်”ဟူ၍ အမည်ထင်ရှား ဖြစ်ပွါးလေသည်။ ထိုကာဠုဒါယီ သူငယ်သည် ဘုရားအလောင်းတော်နှင့် အတူတကွ ကပိလဝတ် ရွှေနန်းတော်မှာပင် မင်းသားသူငယ်တို့၏ ပြုံးရွှင်ပျော်ပါး ကစားခြင်းမျိုးကို ကစားလျက် ကြီးပြင်းခြင်းသို့ ရောက်ရှိခဲ့လေသည်။

     နောက်အဖို့ဝယ် ဘုရားအလောင်းတော်သည် တောထွက်၍ ဒုက္ကရစရိယာ ခြောက်နှစ်ကျင့်သုံးလျက် ဘုရားဖြစ်တော်မူပြီးနောက် ဓမ္မစကြာတရားဦး ဟောတော်မူပြီးလျှင် သတ္တလောကကို ချီးမြှောက်မှု ပြုတော်မူလျက် ရာဇဂြိုဟ်ပြည်ကို အမှီဂေါစရဂါမ် ပြုတော်မူ၍ နေတော်မူဆဲဖြစ်၏။ (ထိုအချိန်ကား ဘုရားဖြစ်သည့် မဟာသက္ကရာဇ် ၁၀၃-ခုနှစ် ပြာသိုလပြည့်ကျော် ဆောင်းရာသီကာလ ဖြစ်လေသည်)။ ထိုအခါ ဘုရားခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည် သားတော်ဘုရား ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတိုက်၌ နေတော်မူကြောင်း သတင်းကောင်းစကား ကြားသိရ၍ “ငါ၏ သားတော်ဘုရားကို ဤကပိလ၀တ်နေပြည် တော်ရောက်အောင် ပင့်ဆောင်ခဲ့ရမည်”ဟု မိန့်တော်မူကာ အမတ်တယောက်ကို အခြံအရံ မင်းချင်းယောက်ျားတထောင်နှင့် အတူတကွ စေလွှတ်လိုက်လေ၏။ ထိုအမတ်သည် ယူဇနာခြောက်ဆယ် ဝေးကွာသောခရီးကို သွားရောက်၍ မြတ်စွာဘုရားရှင် ပရိသတ်လေးပါးအလယ်၌ ထိုင်နေတော်မူကာ တရားဟောနေတော်မူသော အချိန်၌ ဝေဠုဝန်ကျောင်းတိုက်တွင်းသို့ ရောက်ရှိဝင်မိလေ၏။ ထိုအမတ်သည် “ငါတို့မင်းကြီး စေခိုင်းလိုက်သည့် သတင်းစကားကို လျှောက်ထားရန် ရှိစေဦး (ငါ တရားနာဦးအံ့)”ဟု ကြံစည်၍ ပရိသတ်အစွန်အဖျား၌ ရပ်တည်ကာ မြတ်စွာဘုရား၏ တရားတော်ကို ကြားနာရ၍ ရပ်တည်ရင်းပင် အခြွေအရံ မင်းချင်းယောက်ျား တထောင်တို့နှင့် အတူတကွ အရဟတ္တဖိုလ်သို့ ရောက်ရှိလေ၏။ ထိုအခါ ထိုသူတို့အား မြတ်စွာဘုရားသည်



၄၉၇

“ဧထ ဘိက္ခဝေါ = ရဟန်းတို့.. လာကြလော့”ဟု မိန့်မြွက်၍ လက်ျာလက်တော်ကို ဆန့်တန်းတော်မူလေ၏။ ထိုခဏမှာပင် ထိုသူအားလုံးတို့ မင်းမှုထမ်းအသွင်ပျောက်ကာ ဣဒ္ဓိမယပရိက္ခရာတို့ကို ဆင်မြန်းဝတ်ရုံ ဆောင်ယူကြကုန်လျက် ဝါတော်ခြောက်ဆယ် (=သက်တော်ရှစ်ဆယ်)ရှိသည့် မထေရ်ကြီးများကဲ့သို့ ကြီးမားသော ဣန္ဒြေရှင် ရဟန်းတော်ကြီးများ ဖြစ်သွားကြလေကုန်၏။

     “အရိယာပုဂ္ဂိုလ်တို့မည်သည် အရဟတ္တဖိုလ်သို့ ရောက်သောအခါမှစ၍ လောကီကိစ္စ အဝဝကို လျစ်လျူရှုကြကုန်မြဲ ဓမ္မတာ” ဖြစ်ရကား ထိုရဟန်းတထောင်တို့သည် ခမည်းတော် သုဒ္ဓေါဒနမင်းကြီး မှာကြား စေလွှတ်လိုက်သည့် သတင်းစကားကို မြတ်စွာဘုရားအား မလျှောက်ထားကြတော့ပဲ ဖလသမာပတ် ချမ်းသာဖြင့်သာ နေတော်မူကြလေကုန်၏။

     ခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည် “သွားသောအမတ်လည်း ပြန်မလာ၊ သတင်းစကားကိုလည်း မကြားရ”ဟု မချင့်မရဲ ဖြစ်ရှိတော်မူကာ အခြား အမတ်တယောက်ကို “လာလော့ ချစ်သား.. သင် သွားပါဦးလော့”ဟု မိန့်တော်မူကာ ရှေးနည်းအတူပင် မင်းချင်းယောက်ျား တထောင်တို့နှင့် အတူတကွ ဒုတိယအကြိမ် စေလွှတ်တော်မူလိုက်ပြန်လေ၏။ ထိုအမတ်သည်လည်း မြတ်စွာဘုရားရှင် ထံတော်မှောက်သို့ သွားရောက်၍ ရှေး(ပဌမ)အမတ်နည်းတူပင်လျှင် တရားနာရ၍ ပရိသတ်အခြံအရံ မင်းချင်းယောက်ျား တထောင်တို့နှင့် အတူတကွ အရဟတ္တဖိုလ်သို့ ရောက်ရှိကာ ဆိတ်ဆိတ်သာလျှင် ဖြစ်ပြန်လေ၏။ ဤသို့လျှင် ဆက်ကာ ဆက်ကာ အမတ်ကိုးယောက်တို့နှင့် အတူတကွ မင်းချင်းယောက်ျား (၉၀၀၀) ကိုးထောင်တို့ကို စေလွှက်ပါသော်လည်း ထိုသူအားလုံးတို့ပင် မိမိတို့ ရဟန်းကိစ္စကို ပြီးစေကြကာ (အားလုံးပင် ရဟန္တာဖြစ်ကြကာ) သတင်းစကား မပြန်မကြား ဆိတ်ဆိတ်သာလျှင် နေကြကုန်၏။



၄၉၈

ကာဠုဒါယီအမတ်ကို စေလွှတ်ခြင်း

     ထို့နောက် ခမည်းတော် သုဒ္ဓေါဒနမင်းကြီး ကြံစည်စဉ်းစားမိသည်မှာ- “ဤမျှသော အမတ်ကိုးယောက်တို့နှင့်တကွ မင်းချင်းယောက်ျား ကိုးထောင်တို့သည် ငါ့အပေါ်မှာ မေတ္တာဖြင့် ချစ်ခင်ခြင်း အလျှင်းမရှိကြသောကြောင့် မြတ်စွာဘုရားအား ဤငါတို့ ကပိလ၀တ်နေပြည်တော်သို့ ကြွရောက်တော်မူရန် တစုံတရာကိုမျှ မလျှောက်ထားကြချေ၊ အခြားသော အမတ်များ သွားရောက်ကြသော်လည်း မြတ်စွာဘုရားကို ပင့်ဆောင်နိုင်ကြမည် မဟုတ်ကုန်။ ငါ့သား ဥဒါယီကား မြတ်စွာဘုရားနှင့် အရွယ်တူ ဖွားဖက်တော်ဖြစ်သည့်ပြင် ငယ်စဉ်က အတူတကွ မြေမှုန့်ကစားဖက် သူငယ်ချင်းဖြစ်ရုံမျှမက ငါ့အပေါ်မှာလည်း မေတ္တာချစ်ခင် အကျွမ်းဝင်သူတယောက် ဖြစ်လေသည်”ဟု ကြံစည် ဆင်ခြင်တော်မူမိ၍ ကာဠုဒါယီအမတ်ကို ခေါ်စေတော်မူပြီးလျှင် “ချစ်သား.. သင်ချစ်သားသည် မင်းချင်းယောက်ျား ဗိုလ်ပါတထောင် ခြံရံလျက် သွားရောက်ကာ မြတ်စွာဘုရားကို ပင့်ဆောင်ခဲ့လော့”ဟု မိန့်တော်မူလေ၏။

     ဖွားဖက်တော် ကာဠုဒါယီအမတ်သည် “သမ္မုတိနတ် အရှင်မင်းမြတ်.. ရှေးဦးစွာ သွားကြသော မင်းချင်းယောက်ျား အမတ်များကဲ့သို့ အကျွန်ုပ်သည်လည်း ရှင်ရဟန်းပြုခွင့် ရပါမူ မြတ်စွာဘုရားကို ပင့်ဆောင်ခဲ့ပါမည်”ဟု လျှောက်ထားလေ၏။ ထိုအခါ သုဒ္ဓေါဒနမင်းကြီးက “ချစ်သား.. သင်ချစ်သား အလိုရှိရာ တစုံတရာအမှုကို ပြုပြီးလျှင် ငါ့သားတော်ဘုရားကိုသာ ဖူးမြင်ရအောင် ကြံဆောင်ကြိုးကုတ် အားထုတ်ပါလော့”ဟု ကျယ်ပြန့်စွာ ခွင့်လွှတ်စကား မိန့်ကြားတော်မူလေလျှင် ကာဠုဒါယီအမတ်သည် “ကောင်းပါပြီ အရှင်မင်းမြတ်..”ဟု မင်းကြီး၏ သတင်းစကားကို ယူဆောင်ခဲ့ကာ မင်းချင်းယောက်ျား ဗိုလ်ပါတထောင် ခြံရံအပ်လျက် ရာဇဂြိုဟ်ပြည်သို့ သွားရောက်ပြီးလျှင် မြတ်စွာဘုရား တရားဟောတော်မူချိန်၌ ပရိသတ် အစွန်အဖျားက ရပ်တည်ကာ တရားတော်ကို ကြားနာရ၍ အခြံအရံ



၄၉၉

မင်းချင်းယောက်ျား ဗိုလ်ပါတထောင် တို့နှင့်တကွ အရဟတ္တဖိုလ်သို့ ရောက်ရှိပြီးနောက် ဧဟိဘိက္ခု ရဟန်းအဖြစ်၌ တည်လေ၏။

     ထို့နောက် ကာဠုဒါယီမထေရ်မြတ်သည် “ဤအချိန်ကား ဆောင်း ကာလဖြစ်၍ မြတ်စွာဘုရား၏ အဖို့ရာ ကပိလဝတ်ပြည်တော်သို့ ကြွရောက်ရန် အခါမတန်သေး = အလွန်အေးသေး၏။ နွေဦးပေါက်အခါ တောအုပ်တို့ ကောင်းစွာ ပွင့်လတ်ကုန်မှ မြေတဝှန်းလည်း စိမ်းလန်းသာရွှင် မြက်သစ်ပင်တို့ဖြင့် ရှုချင်ဘနန်း ဖုံးလွှမ်းအပ်ကာမှ နေပြည်တော်သို့ ကြွရောက်ရန် အချိန်တန်ပေလိမ့်မည်”ဟု ကြံစည် ဆင်ခြင်တော်မူလျက် နွေဦးပေါက်အခါကို စောင့်ဆိုင်းနေတော်မူခဲ့ရာ တပေါင်းလပြည့်သို့ တိုင်လတ်သော် ကြွတော်မူရန် အခါတန်ကြောင်း ကောင်းစွာရိပ်မိ သိရှိတော်မူရကား (အောက် မဟာဗုဒ္ဓဝင် တတိယတွဲ စာမျက်နှာ ၃ဝ-မှစ၍ လာသောအတိုင်း) ဂါထာခြောက်ဆယ်တို့ဖြင့် ဘုရားကိုယ်တော်မြတ် ကပိလ၀တ်နေပြည်တော်သို့ ကြွရောက်တော်မူရန် လမ်းခရီး၏ ဂုဏ်ကျေးဇူးများကို ချီးမွမ်း လျှောက်ထားလေ၏။ (အောက် မဟာဗုဒ္ဓဝင် တတိယတွဲ စာမျက်နှာ ၃၀-သို့ ပြန်လည် ကြည့်ရှုပါကုန်)။

     မြတ်စွာဘုရားရှင်သည် “ဥဒါယီကား လမ်းခရီး၏ ဂုဏ်ကျေးဇူးကို အထူးချီးမွမ်း လျှောက်ထား၏၊ ဤအချိန်ကား ကပိလဝတ်နေပြည်တော်သို့ သွားရောက်ရန် အချိန်ဖြစ်သည်”ဟု ကြံစည် ဆင်ခြင်တော်မူကာ ရဟန္တာပေါင်း ထေရ်နှစ်သောင်း ခြံရံအပ်လျက် မဆောမလျင် ကြွမြန်းခြင်းဖြင့် အတုရိတဒေသစာရီ ထွက်ချီ ကြွမြန်းတော်မူလေ၏။

     အရှင်ကာဠုဒါယီ မထေရ်သူမြတ်သည် မြတ်စွာဘုရား ခရီးဒေသစာရီ ထွက်ကြွတော်မူသည်ကို သိရှိတော်မူကာ “ခမည်းတော် သုဒ္ဓေါဒနမင်းကြီးအား အသိပေးမှ သင့်တော်မည်”ဟု ကြံစည်ဆင်ခြင်၍ ကောင်းကင်သို့ ပျံတက်ကာ သုဒ္ဓေါဒနမင်းကြီး၏ ရွှေနန်းတော်၌ ထင်ရှားပေါ်တော်မူလေ၏။ မင်းကြီးသည် မထေရ်မြတ်ကို မြင်ရလျှင်ပင် ဝမ်းမြောက်သောစိတ်ရှိလျက်



၅၀၀

သူမြတ်တို့နှင့်သာ ထိုက်တန်သော ရာဇပလ္လင်၌ ထိုင်နေစေပြီးလျှင် မိမိအတွက် စီမံအပ်သော ဆွမ်း, ဆွမ်းဟင်းများ သပိတ်အပြည့်ထည့်၍ မထေရ်မြတ်အား ဆက်ကပ်လေ၏။ အရှင်ကာဠုဒါယီ မထေရ်မြတ်က ဆွမ်းရတော်မူသောအခါ ထ၍ ကြွအံ့သော အခြင်းအရာကို ပြလေလျှင် သုဒ္ဓေါဒနမင်းကြီးသည် “ဤနေရာမှာပင် ထိုင်၍ ဘုဉ်းပေးပါလော့ ချစ်သား..”ဟု လျှောက်ထားလေ၏။ မထေရ်မြတ်က “မြတ်သောမင်းကြီး.. မြတ်စွာဘုရားရှင် အထံတော်သို့ရောက်မှ စားပါတော့အံ့”ဟု မိန့်ဆိုလေလျှင် သုဒ္ဓေါဒနမင်းကြီးသည် “ချစ်သား.. ယခုအခါ မြတ်စွာဘုရားသည် အဘယ်မှာနည်း”ဟု မေးလျှောက်လေ၏။ မထေရ်မြတ်က “မြတ်သောမင်းကြီး.. မြတ်စွာဘုရားသည် ယခုအခါ ရဟန္တာပေါင်း နှစ်သောင်း ခြံရံအပ်လျက် ဒါယကာမင်းကြီးတို့ကို တွေ့မြင်ရန် ခရီးဒေသစာရီ ထွက်ချီတော်မူလာပြီ”ဟု မိန့်ဆိုလေလျှင် သုဒ္ဓေါဒနမင်းကြီးသည် “ချစ်သား.. သင်ချစ်သားတို့သည် ယခု လှူကပ်အပ်သော ဆွမ်းကို ဤရွှေနန်းတော်၌ပင် ဘုဉ်းပေးတော်မူ၍ သားတော်ဘုရား ဤကပိလဝတ် နေပြည်တော်သို့ ရောက်ဆိုက်တော်မူသည်တိုင်အောင် သားတော်ဘုရားအတွက် ရွှေနန်းတော်မှပင် ဆွမ်းဘောဇဉ်ကို ယူဆောင် ဆက်ကပ်တော်မူပါကုန်”ဟူ၍ တောင်းပန် လျှောက်ထားလေ၏။

     မထေရ်မြတ်သည် ဆွမ်းဘုဉ်းပေးခြင်းကိစ္စကို ပြုပြီးလတ်သော် မြတ်စွာဘုရားအတွက် ဆောင်ယူ ဆက်ကပ်လာသော ဆွမ်းကို ခံယူပြီးနောက် တရားစကား ဟောကြားပြီးလျှင် မြတ်စွာဘုရားရှင်ကို မဖူးမြင်သေးမီကပင် သုဒ္ဓေါဒနမင်းကြီး၏ ရွှေနန်းတော်နေ ဆွေတော်, မျိုးတော်, မှူးတော်, မတ်တော်- အစရှိသော သူအားလုံးကို မြတ်စွာဘုရားရှင်၌ သဒ္ဓါရွှန်းစို ကြည်ညိုစေလျက် သူခပ်သိမ်းတို့ ကြည့်နေစဉ်ပင် သပိတ်ကို ကောင်းကင်၌ ပစ်လွှင့်လိုက်၍ ကိုယ်တိုင်လည်း ကောင်းကင်သို့ ပျံတက်ကာ ဆွမ်းတော်ကို ယူဆောင်ခဲ့၍ မြတ်စွာဘုရား၏ လက်တော်၌ ဆက်ကပ်လေ၏။ မြတ်စွာဘုရားသည် ထိုဆွမ်းကို ဘုဉ်းပေး သုံးဆောင်တော်မူ၏။



၅၀၁

     မထေရ်မြတ်သည် ယူဇနာခြောက်ဆယ်ရှိသော ခရီးကို တနေ့လျှင် တယူဇနာကျ အတုရိတ ဒေသစာရီ ကြွချီတော်မူသော မြတ်စွာဘုရားအား နေ့တိုင်းနေ့တိုင်း ခမည်းတော် သုဒ္ဓေါဒနမင်းကြီး၏ ရွှေနန်းတော်မှ ဆွမ်းကို ယူဆောင်၍ ဆက်ကပ်လေ၏။ (ဤကား ဧတဒဂ်ရရန် ပစ္စုပ္ပန်အကြောင်းဝတ္ထုတည်း)။

(ဂ) ဧတဒဂ်ဘွဲ့ထူး ရတော်မူခြင်း

     ထို့နောက်တချိန်ဝယ် မြတ်စွာဘုရားသည် အရိယသံဃာတော်တို့ အလယ်၌ “ကာဠုဒါယီ ဤရဟန်းသည် ငါ့ခမည်းတော် သုဒ္ဓေါဒနမင်းကြီး၏ ရွှေနန်းတော်နေ ဆွေတော်မျိုးတော် အားလုံးကို သဒ္ဓါရွှန်းစို ကြည်ညိုစေသူ ဖြစ်သည်”ဟု ဆင်ခြင်တော်မူ၍ အရှင်ကာဠုဒါယီ မထေရ်မြတ်ကို-

“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ ကုလပ္ပသာဒကာနံ ယဒိဒံ ကာဠုဒါယီ = ရဟန်းတို့.. ဆွေတော်မျိုးတော်တို့အား ငါဘုရား၌ သက်ဝင်ကြည်ညိုခြင်းကို ဖြစ်စေကြသော ငါဘုရား၏ တပည့်သာဝက ရဟန်းတို့အနက် ကာဠုဒါယီရဟန်းသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏”—

ဟု ချီးကျူး မိန့်မြွက်တော်မူကာ “ကုလပ္ပသာဒက = ဆွေတော်မျိုးတော်တို့အား သဒ္ဓါတရား ဖြစ်ပွါးစေသော အရာ”ဝယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူလေ၏။

ဤကား အရှင်ကာဠုဒါယီမထေရ် အကြောင်းတည်း။

**********