အရန်တပ်ဖွဲ့ဥပဒေ

From Wikisource
Jump to navigation Jump to search
အရန်တပ်ဖွဲ့ဥပဒေ  (2010) 

ပြည်ထောင်စုမြန်မာနိုင်ငံတော်

နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ

အရန်တပ်ဖွဲ့ဥပဒေ

(နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဥပဒေအမှတ်၊ ၂၈/၂၀၁၀)

၁၃၇၂ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၂ ရက်

(၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၄ ရက်)

နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီသည် အောက်ပါဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

အခန်း(၁) အမည်နှင့်စတင်အာဏာတည်ခြင်း[edit]

၁။ (က) ဤဥပဒေကို အရန်တပ်ဖွဲ့ဥပဒေဟု ခေါ်တွင်စေရမည်။

(ခ) ဤဥပဒေသည် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌက အမိန့်ကြော်ငြာစာဖြင့် သတ်မှတ်သည့် နေ့ရက်တွင် စတင်အာဏာတည်ရမည်။

အခန်း(၂) အရန်တပ်ဖွဲ့ဝင်[edit]

၂။ စစ်မှုထမ်းတစ်ဦးသည် စစ်မှုထမ်းခြင်းမှနုတ်ထွက်ခွင့် သို့မဟုတ် အငြိမ်းစားယူခွင့်ရရှိသည့် နေ့ရက်မှစ၍ ငါးနှစ်အထိ အရန်တပ်ဖွဲ့တွင် စစ်မှုထမ်းဆောင်ရန် တာဝန်ရှိသည်။

၃။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် စစ်မှုထမ်းခြင်းမှ မိမိဆန္ဒအလျောက်နုတ်ထွက်သော သို့မဟုတ် အငြိမ်းစားယူသော စစ်မှုထမ်းတစ်ဦးအား အရန်တပ်ဖွဲ့ဝင်အဖြစ် ခန့်အပ်နိုင်သည်။

၄။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် လေ့ကျင့်ရေးအတွက်ဖြစ်စေ၊ အရေးပေါ်အခြေအနေများအတွက် ဖြစ်စေ၊ စစ်မှုထမ်းဆောင်ရန် ဆင့်ခေါ်ခြင်းခံရသော ပုဒ်မ ၂ ပါစစ်မှုထမ်းဆောင်ရန်တာဝန်ရှိသူအား တပ်မတော်၌ တာဝန်ထမ်းဆောင်စဉ်က ခွင့်ပြုခဲ့သော နောက်ဆုံးအဆင့်နှင့် စစ်ဝတ်စုံတို့ကို သုံးစွဲခွင့်ပြုနိုင်သည်။

၅။ အရန်တပ်ဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်နေစဉ်ကာလအတွင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အရန်တပ်ဖွဲ့ဝင်တစ်ဦး၏ တာဝန်ထမ်းဆောင်မှုအပေါ်မူတည်၍ ယင်း၏ရာထူးနှင့်အဆင့်ကို တိုးမြှင့်ခြင်း သို့မဟုတ် လျှော့ချခြင်းပြုနိုင်သည်။

၆။ အရန်တပ်ဖွဲ့ဝင် တစ်ဦးသည် တပ်မတော်မှရရှိသော အငြိမ်းစားလစာအပြင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က သတ်မှတ်သော အကျိုးခံစားခွင့်များကိုလည်း ခံစားနိုင်သည်။

၇။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အရန်တပ်ဖွဲ့ဝင်တစ်ဦးအား နိုင်ငံတော်အကျိုးငှာ ဆက်လက် တာဝန်ပေးအပ်ရန်လိုအပ်လျှင် ပုဒ်မ ၂ ပါကာလထက် ကျော်လွန်၍ တာဝန်ပေးအပ်နိုင်သည်။

အခန်း(၃) ပြစ်မှုနှင့်ပြစ်ဒဏ်[edit]

၈။ အခွင့်ရစစ်ဘက်အာဏာပိုင်က လေ့ကျင့်ရေးအတွက်ဖြစ်စေ၊ အရေးပေါ် အခြေအနေများအတွက်ဖြစ်စေ၊ စစ်မှုထမ်းဆောင်ရန် ဆင့်ခေါ်ခြင်းခံရသော ပုဒ်မ ၂ ပါစစ်မှုထမ်းဆောင်ရန်တာဝန်ရှိသူသည် သတ်မှတ်ထားသော နေရာသို့ သတ်မှတ်ထားသော အချိန် အတွင်း သတင်းပို့ရမည်။

၉။ ပုဒ်မ ၈ အရ သတင်းပို့ရန်တာဝန်ရှိသူသည် သတ်မှတ်ထားသောနေရာသို့ သတ်မှတ်ထားသော အချိန်အတွင်း လုံလောက်သော အကြောင်းပြချက်မရှိဘဲ သတင်းပို့ရန်ပျက်ကွက်ကြောင်း တရားရုံးက ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ် ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

အခန်း(၄) အထွေထွေ[edit]

၁၀။ အရန်တပ်ဖွဲ့၏ကုန်ကျစရိတ်များကို နိုင်ငံတော်ဘဏ္ဍာငွေမှ ကျခံရမည်။

၁၁။ အရန်တပ်ဖွဲ့ဝင်တစ်ဦးသည် ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေကို လိုက်နာရမည်။

၁၂။ ဤဥပဒေပါပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကာကွယ်ရေးဝန်ကြီးဌာနသည် လိုအပ်သော နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်နှင့်ညွှန်ကြားချက်များကို ထုတ်ပြန်နိုင်သည်။

၁၃။ The Myanmar Reserve Forces Act ကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။


(ပုံ) သန်းရွှေ

ဗိုလ်ချုပ်မှူးကြီး

ဥက္ကဋ္ဌ

နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ