အမှုဆောင်ယွမ်ဖွဲ့စည်းပုံ အက်ဥပဒေ

From Wikisource
Jump to navigation Jump to search
အမှုဆောင်ယွမ်ဖွဲ့စည်းပုံ အက်ဥပဒေ  (1947) 
အမှုဆောင်ယွမ်
၂၀၂၃ တွင် နောက်ဆုံးပြင်ဆင်သည်။[1]

အမှုဆောင်ယွမ်ဖွဲ့စည်းပုံ အက်ဥပဒေ
行政院組織法
Organizational Act of the Executive Yuan

၁။ ဤအက်ဥပဒေကိုဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၆၁ အရ ပြဋ္ဌာန်းသည်။

၂။ အမှုဆောင်ယွမ်သည် ဤဖွဲ့စည်းပုံအခြေခံဥပဒေမှ ပေးအပ်ထားသောအာဏာများကို ကျင့်သုံးရမည်။

၃။ အမှုဆောင်ယွမ်သည် အောက်ဖော်ပြပါ ဝန်ကြီးဌာနများကို ဖွဲ့စည်းသည်။

(၁) ပြည်ထဲရေးဝန်ကြီးဌာန၊
(၂) နိုင်ငံခြားရေးဝန်ကြီးဌာန၊
(၃) အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန၊
(၄) ဘဏ္ဍာရေးဝန်ကြီးဌာန၊
(၅) ပညာရေးဝန်ကြီးဌာန၊
(၆) တရားရေးဝန်ကြီးဌာန၊
(၇) စီးပွားရေး ဝန်ကြီးဌာန၊
(၈) ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊
(၉) အလုပ်သမားဝန်ကြီးဌာန၊
(၁၀) စိုက်ပျိုးရေးဝန်ကြီးဌာန၊
(၁၁) ကျန်းမာရေးနှင့်လူမှုဖူလုံရေးဝန်ကြီးဌာန၊
(၁၂) သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာန၊
(၁၃) ယဉ်ကျေးမှုဝန်ကြီးဌာန၊
(၁၄) ဒစ်ဂျစ်တယ်ရေးရာဝန်ကြီးဌာန။

၄။ အမှုဆောင်ယွမ်သည် အောက်ဖော်ပြပါ ကောင်စီများ သို့မဟုတ် ကော်မရှင်များကို ဖွဲ့စည်းသည်။

(၁) အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးကောင်စီ၊
(၂) အမျိုးသားသိပ္ပံနှင့်နည်းပညာကောင်စီ။
(၃) ပြည်မကြီးရေးရာကောင်စီ၊
(၄) ဘဏ္ဍာရေးဆိုင်ရာ ကြီးကြပ်ရေးကော်မရှင်၊
(၅) သမုဒ္ဒရာရေးရာကောင်စီ၊
(၆) နိုင်ငံရပ်ခြားလူထုရေးရာကောင်စီ၊
(၇) စစ်မှုထမ်းဟောင်းများရေးရာကောင်စီ၊
(၈) ဌာနေတိုင်းရင်းသားများကောင်စီ၊
(၉) ဟက္ကာလူမျိုးရေးရာကောင်စီ၊

၅။ အမှုဆောင်ယွမ်တွင် အထူးခန့်အပ်ထားသော ဌာနလက်ကိုင်မရှိဝန်ကြီး ၇ ဦးမှ ၉ ဦးအထိ ရှိရမည်။ ဌာနလက်ကိုင်မရှိဝန်ကြီးများသည် အရှေ့ပုဒ်မတွင် ဖော်ပြထားသော ကော်မရှင်များ သို့မဟုတ် ကောင်စီများ၏ ဝန်ကြီးများအဖြစ် တစ်ပြိုင်နက်တာဝန်ထမ်းဆောင်နိုင်သည်။

၆။ အမှုဆောင်ယွမ်သည် ဘဏ္ဍာငွေနှင့် စာရင်းအင်းဆိုင်ရာ ညွှန်ကြားရေးမှုးချုပ်ရုံးနှင့် ဝန်ထမ်းစီမံခန့်ခွဲမှုဆိုင်ရာ ညွှန်ကြားရေးမှုးချုပ်ရုံးတို့ကို ဖွဲ့စည်းသည်။

၇။ အမှုဆောင်ယွမ်သည် တရုတ်သမ္မတနိုင်ငံဗဟိုဘဏ်ကို ဖွဲ့စည်းသည်။

၈။ အမှုဆောင်ယွမ်သည် အမျိုးသားကုကုန်းပြတိုက်ကို ဖွဲ့စည်းသည်။

၉။ အမှုဆောင်ယွမ်သည် ဗဟိုအစိုးရ၏ ဒုတိယအဆင့်အေဂျင်စီများနှင့် ညီမျှသော သီးခြားလွတ်လပ်သည့် အုပ်ချုပ်ရေးအဖွဲ့အစည်းများကို ဖွဲ့စည်းသည်။

(၁) ဗဟိုရွေးကောက်ပွဲကော်မရှင်၊
(၂) တရားမျှတသောကုန်သွယ်ရေးကော်မရှင်၊
(၃) အမျိုးသားဆက်သွယ်ရေးကော်မရှင်။

၁၀။ အမှုဆောင်ယွမ်ဝန်ကြီးချုပ်သည် ကိစ္စရပ်အားလုံးကို စီမံခန့်ခွဲအုပ်ချုပ်ပြီး တွဲဖက်အေဂျင်စီများနှင့် ယင်းတို့၏ဝန်ထမ်းများအား ညွှန်ကြားကြီးကြပ်ပေးရမည်။ ဝန်ကြီးချုပ်သည် မည်သည့်အကြောင်းကြောင့်မဆို ၎င်း၏တာဝန်များကို ထမ်းဆောင်ရန် ပျက်ကွက်ခဲ့ပါက၊ အဆိုပါတာဝန်များကို ဒုတိယဝန်ကြီးချုပ်ထံ လွှဲအပ်ရမည်။

၁၁။ အမှုဆောင်ယွမ်ဝန်ကြီးချုပ်သည် အမှုဆောင်ယွမ်မှကျင်းပသော အစည်းအဝေးများကို တက်ရောက်ရန် သက်ဆိုင်သည့်ပုဂ္ဂိုလ်အား ဖိတ်ကြားခြင်း သို့မဟုတ် ခန့်အပ်ခြင်းများ ပြုလုပ်နိုင်သည်။

၁၂။ အမှုဆောင်ယွမ်တွင် အထွေထွေကိစ္စရပ်များကို စီမံခန့်ခွဲရန် အထူးခန့်အပ်ထားသော အထွေထွေအတွင်းရေးမှူးချုပ်တစ်ဦးရှိပြီး ဒုတိယအထွေထွေအတွင်းရေးမှူးချုပ် နှစ်ဦးလည်းရှိရမည်။ ယင်းတို့အနက် တစ်ဦးသည် ခန့်အပ်မှုအင်္ဂါစဉ်အရ အဆင့် ၁၄ တွင်ရှိပြီး အထွေထွေအတွင်းရေးမှူးချုပ်ကို တာဝန်ထမ်းဆောင်ရာ၌ ကူညီပေးရမည်။

အမှုဆောင်ယွမ်တွင် သတင်းထုတ်ပြန်မှုများနှင့် ဆက်သွယ်ရန်ကိစ္စများကို ဆောင်ရွက်ရန် အထူးခန့်အပ်ထားသည့် ပြောရေးဆိုခွင့်ရှိသူ တစ်ဦးရှိပြီး အစိုးရတာဝန်ရှိသူများက တစ်ပြိုင်နက် တာဝန်ထမ်းဆောင်နိုင်သည်။

၁၃။ အမှုဆောင်ယွမ်ရှိ ဝန်ထမ်းများ၏ရာထူးအဆင့်များနှင့် လုပ်သားဦးရေများကို သီးခြားဝန်ထမ်းဖွဲ့စည်းမှုဇယားဖြင့် ကွပ်ကဲရမည်။

၁၄။ သီးခြားကိစ္စရပ်တစ်ခုကိုစီမံခန့်ခွဲရန် ရည်ရွယ်ချက်အတွက် အမှုဆောင်ယွမ်သည် သီးသန့်ဌာနတစ်ခုကို ဖွဲ့စည်းနိုင်သည်။

၁၅။ ဤအက်ဥပဒေသည် ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်အာဏာသက်ရောက်သည်ဟု မှတ်ယူရမည်။

ဤအက်ဥပဒေရှိ ပြင်ဆင်ထားသောပုဒ်မများ၏ အာဏာသက်ရောက်မည့်ရက်ကို အမှုဆောင်ယွမ်က သတ်မှတ်ရမည်။