အမှန်အတိုင်း ပြောကြမယ်

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၃၂။ အမှန်အတိုင်း ပြောကြမယ်
326947ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း — ၃၂။ အမှန်အတိုင်း ပြောကြမယ်ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၃၂)

အမှန်အတိုင်း ပြောကြမယ်

[edit]

လိမ်ညာသော ကျီးကန်းကြီး

ရှေးအခါက ပင်လယ်ထဲရှိ ကျွန်းတစ်ကျွန်းပေါ်တွင် ငှက်ခေါင်းဆောင်ကြီးနှင့်အတူ ငှက်များစွာ နေထိုင်ကြသည်။ သူတို့သည် စည်းစည်းလုံးလုံး ချစ်ချစ်ခင်ခင် နေထိုင်ကြ၏။ တစ်နေ့တွင် ထိုကျွန်းပေါ်သို့ ကျီးကန်းကြီးတစ်ကောင် ရောက်လာခဲ့သည်။ ထိုကျီးကန်းကြီးသည် ငှက်များနှင့် မနီးမဝေးတွင် ခြေတစ် ဖက်တည်း ထောက်၍ ရပ်နေသည်။ ပါးစပ်ကိုလည်း ဟ ထားသည်။

ငှက်များက “ကျီးကန်းကြီး ဘာလုပ်နေတာလဲ”ဟု မေးကြ၏။ ထိုအခါ “ငါက တခြားကျီးကန်း တွေလို အသားငါး မစားဘူး၊ လေကိုပဲ စားတယ်၊ ဒါကြောင့် ပါးစပ်ကို ဟ ထားတာ၊ ပြီးတော့ ခြေထောက်နှစ်ဖက်လုံး ရပ်လိုက်ရင် မြေကြီးကွဲအက်ပြီး အားလုံး ဒုက္ခရောက်နိုင်တယ်၊ ဒါ့ကြောင့် ီခြေတစ်ဖက်တည်း ရပ်နေတာ”ဟု ကျီးကန်းကြီးက ပြန်ပြောလေသည်။

ရိုးသားသော ငှက်များသည် ကျီးကန်းကြီးကို လေးစားသွားကြသည်။ နောက်တစ်နေ့တွင် ငှက် များသည် သူတို့၏ သားသမီးများနှင့် ဥများကို ကြည့်ရှုစောင့်ရှောက်ပေးရန် ကျီးကန်းကြီးအား ပြောပြီး အစာရှာ ထွက်သွားခဲ့ကြသည်။ ငှက်များ အစာရှာထွက်သည်နှင့် ကျီးကန်းကြီးသည် အသိုက်ထဲရှိ ငှက်ဥ များနှင့် ငှက်သားပေါက်များကို စားပစ်သည်။ ငှက်များ ပြန်လာသောအခါ ငှက်ဥများနှင့် ငှက်သားပေါက်များ ပျောက်ဆုံးနေသည့်အတွက် ဝမ်းနည်းနေကြလေသည်။

ငှက်ခေါင်းဆောင်ကြီးသည် “ဒီကျီးကန်းကြီး ရောက်လာမှ အခုလို အဖြစ်ဆိုးတွေနဲ့ ကြုံရတာ”ဟု တွေးပြီး ကျီးကန်းကြီးကို သံသယဖြစ်နေသည်။ ထို့ကြောင့် တစ်နေ့တွင် ငှက်ခေါင်းဆောင်ကြီးသည် ငှက်များနှင့် အစာရှာထွက်ဟန်ဆောင်ပြီး ကျွန်းသို့ တိတ်တဆိတ်ပြန်လာခဲ့သည်။ ထိုအခါ ငှက်ဥများနှင့် ငှက်ပေါက်လေးများကို ရက်ရက်စက်စက် သတ်ဖြတ်စားသောက်နေသော ကျီးကန်းကြီးကို တွေ့သွားသည်။ ထိုနေ့ ညနေတွင် ငှက်ခေါင်းဆောင်ကြီးသည် ကျီးကန်းကြီးကို ငှက်အားလုံးရှေ့တွင် စစ်ဆေးသည်။ ထိုအခါ ကျီးကန်းကြီးသည် သူ၏အမှားကို ဝန်ခံလိုက်ရသည်။ ဒေါသထွက်နေကြသော ငှက်များက လိမ်ညာသော ကျီးကန်းကြီးကို ဝိုင်းဝန်းထိုးဆိတ်ကြရာ ထိုနေရာ၌ပင် သေဆုံးသွားခဲ့လေသည်။

မှန်တာကိုပဲ ပြောကြမယ်

[edit]

လိမ်တယ် ညာတယ် ဆိုတာရယ်၊
မကောင်းပါဘူးကွယ်။
ဘုရားရှင်လည်း မကြိုက်၊
မိဘဆရာလည်း မကြိုက်၊
ဆွေမျိုးတွေရော သူငယ်ချင်းတွေရော
အားလုံးကကွယ် (မကြိုက်)။
မှန်မှန်ကန်ကန် ပြောတာရယ်
အလွန်ကောင်းတာပေါ့ကွယ်။
ဘုရားရှင်လည်း ကြိုက်၊
မိဘဆရာလည်း ကြိုက်၊
ဆွေမျိုးတွေရော သူငယ်ချင်းတွေရော
အားလုံးကကွယ် (ကြိုက်)။ ။