အမြတ်ခွန်ဥပဒေ

From Wikisource
Jump to navigation Jump to search
အမြတ်ခွန်ဥပဒေ  (1976) 

အမြတ်ခွန်ဥပဒေ

[၁၉၇၆ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဥပဒေအမှတ် ၄။]

နိဒါန်း[edit]

နိုင်ငံတော်ရှိ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများအပေါ် လက်ရှိကောက်ခံနေသည့် အခွန်အကောက်စနစ်အစား ဆိုရှယ်လစ် စီးပွားရေးစနစ်နှင့် အံဝင်ခွင်ကျဖြစ်စေပြီး၊ အခြေခံဥပဒေပုဒ်မ ၁၇၂ နှင့် ညီညွတ်သည့်အခွန်အကောက်စနစ် ဖြစ်ပေါ်စေရန် ပြည်သူ့လွှတ်တော်သည် အောက်ပါဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

အခန်း(၁) အမည်၊ အကျိုးသက်ရောက်ခြင်းနှင့် အဓိပ္ပာယ်ဖော်ပြချက်[edit]

၁။ ဤဥပဒေကို အမြတ်ခွန် ဥပဒေဟုခေါ်တွင်စေရမည်။


၂။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များသည် နိုင်ငံတော်တဝန်းလုံးတွင် ၁၉၇၆-၇၇ စည်းကြပ်နှစ်အတွက်မှစ၍ အကျိုးသက်ရောက် စေရမည်။


၃။ ဤဥပဒေတွင် ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက် စေရမည်-

(က) အခွန် ဆိုသည်မှာ ဤဥပဒေအရ ပေးဆောင်ရမည့် အခွန်ကိုဆိုသည်၊
(ခ) အခွန်ထမ်း ဆိုသည်မှာ ဤဥပဒေအရ အခွန်ပေးဆောင်ရမည့်သူတဦးကို ဆိုသည်၊
(ဂ) စည်းကြပ် ဆိုသည်မှာ ဤဥပဒေအရ အခွန်ထမ်းက ပေးဆောင်ရမည့် အခွန်သတ်မှတ်ခြင်းကို ဆိုသည်၊
(ဃ) ကြေညာလွှာ ဆိုသည်မှာ ဤဥပဒေအရ အခွန်ပေးဆောင်ရမည့် အခွန်ထမ်းက နှစ်တနှစ်အတွင်း မိမိ၏ ဝင်ငွေကိုဖော်ပြသည့် ပုံစံကို ဆိုသည်၊
(င) စည်းကြပ်မှုအဖွဲ့ ဆိုသည်မှာ ဤဥပဒေအရ အခွန်ထမ်းက ပေးဆောင်ရမည့် အခွန်ကိုစည်းကြပ် ကောက်ခံရန် ဖွဲ့စည်းထားသော အဖွဲ့ကိုဆိုသည်၊
(စ) အယူခံအဖွဲ့ ဆိုသည်မှာ ဤဥပဒေအရ အယူခံများကို လက်ခံဆောင်ရွက်ရန် ဖွဲ့စည်းထားသော အဖွဲ့ကို ဆိုသည်၊
(ဆ) ကုန်းပေါ်ရောက်တန်ဘိုး ဆိုသည်မှာ ပြည်ပမှတင်သွင်းသော ပစ္စည်းအပေါ် အကောက်ခွန် ဥပဒေများအရ သတ်မှတ်သည့် တန်ဘိုး၊ ယင်းပစ္စည်းအပေါ် စည်းကြပ်သည့်အကောက်ခွန်နှင့် ကုန်ချ စရိတ်တို့ ပေါင်းစပ်ရရှိသောငွေကို ဆိုသည်၊
(ဇ) အခြေပစ္စည်းဆိုသည်မှာ မြေ၊ အဆောက်အဦ၊ ယာဉ်နှင့် လုပ်ငန်းဆိုင်ရာ မ-တည်ပစ္စည်းကို ဆိုသည်၊
(ဈ) အခြေပစ္စည်းမှ မြတ်စွန်းငွေဆိုသည်မှာ အခြေပစ္စည်းကိုရောင်းချခြင်း၊ လဲလှယ်ခြင်း၊ သို့မဟုတ် လွှဲပြောင်းခြင်း ပြုလုပ်၍ ရရှိသော မြတ်စွန်းငွေကိုဆိုသည်။ လွှဲပြောင်းခြင်းဆိုရာ၌ အမွေဆက်ခံခြင်းနှင့် အဖိုးစားနားမပါပဲ မေတ္တာဖြင့် ပေးကမ်းခြင်း၊ လှူဒါန်းခြင်းတို့ မပါဝင်စေရ၊
(ည) နှစ် ဆိုသည်မှာ ဘဏ္ဍာရေးနှစ်ကို ဆိုသည်၊
(ဋ) ဝင်ငွေနှစ် ဆိုသည်မှာ ဝင်ငွေရရှိသည့် နှစ်ကိုဆိုသည်၊
(ဋ္ဌ) စည်းကြပ်နှစ် ဆိုသည်မှာ ဝင်ငွေနှစ်နှင့် တဆက်တည်းဖြစ်သော နောက်နှစ်ကို ဆိုသည်၊
(ဍ) ဇယားဆိုသည်မှာ ဤဥပဒေ၏ နောက်ဆက်တွဲဇယားကို ဆိုသည်။

အခန်း(၂) အခွန်ပေးဆောင်ရန် တာဝန်ရှိစေခြင်း[edit]

၄။ (က) မည်သူမဆို နှစ်တနှစ်အတွင်း အခွန်ပေးဆောင်ရန် သတ်မှတ်ထားသော ဝင်ငွေရှိပါက ဇယား၌ ဖော်ပြထားသည့် အတိုင်း အခွန်ပေးဆောင်ရန် တာဝန်ရှိသည်၊

(ခ) မည်သူမဆို နှစ်တနှစ်အတွင်း အခွန်ပေးဆောင်ရန် သတ်မှတ်ထားသော အခြေပစ္စည်းမှ မြတ်စွန်းငွေ ရှိပါက ဇယား၌ ဖော်ပြထားသည့် အတိုင်းအခွန်ပေးဆောင်ရန် တာဝန်ရှိသည်၊
(ဂ) မည်သူမဆို ပြည်ပမှ ပစ္စည်းတင်သွင်းလျှင် ယင်းပစ္စည်း၏ ကုန်းပေါ်ရောက်တန်ဘိုး အပေါ်တွင် ဇယား၌ဖော်ပြထားသည့်အတိုင်း အခွန်ပေးဆောင်ရန် တာဝန်ရှိသည်၊
(ဃ) မည်သူမဆို အခကြေးငွေယူသော ဖျော်ဖြေမှုကိုတာဝန်ယူကျင်းပလျှင် ဇယား၌ ဖော်ပြထားသည့် အတိုင်း အခွန်ပေးဆောင်ရန် တာဝန်ရှိသည်၊
(င) မည်သူမဆို ဆားထုတ်လုပ်လျှင် ဇယား၌ ဖော်ပြထားသည့်အတိုင်း အခွန်ပေးဆောင်ရန် တာဝန် ရှိသည်၊
(စ) ပုဒ်မခွဲ (ခ)၊ (ဂ)၊ (ဃ)၊ သို့မဟုတ် (င) အရ အခွန်ကျသင့်ပြီးက ပုဒ်မခွဲ (က) အရ အခွန်ထပ်မံ မကျသင့်စေရ။


၅။ (က) အောက်ပါသူတဦး၊ သို့မဟုတ် ဝင်ငွေတရပ်အား အခွန်ကျသင့်စေခြင်း၊ အခွန်စည်းကြပ် ကောက်ခံခြင်းနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များကို ဤဥပဒေအရဆောင်ရွက်ခြင်းမပြုပဲ သက်ဆိုင်ရာ ဥပဒေများအရသာ ဆက်လက်ဆောင်ရွက်ရမည်-

(၁) နိုင်ငံတော်၏ စီးပွားရေး အဖွဲ့အစည်းများ၊
(၂) သမဝါယမအသင်း၊ ယင်းအသင်းစုနှင့် စုပေါင်းလယ်ယာအဖွဲ့များ၊
(၃) နိုင်ငံတော်က ကမကထ ပြုသောလုပ်ငန်း တရပ်ရပ်၌အထူးခွင့်ပြုချက်ဖြင့် ပါဝင်ဆောင်ရွက်သည့် နိုင်ငံခြားသားတဦး၊
(၄) လစာဝင်ငွေ၊
(၅) ပြည်ပနေနိုင်ငံခြားသား၊
(၆) ပြည်ပနေနိုင်ငံသား၏ ပြည်ပတွင် ရရှိသောဝင်ငွေ၊
(ခ) အောက်ပါဝင်ငွေ အမျိုးအစားများအပေါ် ဤဥပဒေအရ အခွန်မကျသင့်စေရ-
(၁) ဘာသာရေး၊ သို့မဟုတ် ကုသိုလ်ရေး အဖွဲ့အစည်းတခုခုကရရှိ၍ ဘာသာရေး၊ သို့မဟုတ် ကုသိုလ်ရေး ကိစ္စများအတွက် သက်သက်အသုံးပြုသောဝင်ငွေ၊
(၂) စည်ပင်သာယာရေးအဖွဲ့၏ဝင်ငွေ၊
(၃) ငွေစုဆောင်းမှုနှင့် စပ်လျဉ်း၍ စည်းမျဉ်းများဖြင့်ပြဋ္ဌာန်းသည့် ရငွေတရပ်ရပ်၊
(၄) ပင်စင်မှ ပြောင်းလဲ၍ရသောငွေ၊
(၅) သေဆုံး၍၊ သို့မဟုတ် ဒဏ်ရာရ၍ ရရှိသည့်လျော်ကြေး၊
(၆) အာမခံပေါ်လီစီအတွက် ထုတ်ပေး၍ ရရှိသည့်ငွေ၊
(၇) အဖန်တလဲလဲ မဟုတ်ပဲ တခါတရံ ရရှိသည့်ငွေ၊ သို့သော် အောက်ပါတို့မပါဝင်-
(ကက) အခြေပစ္စည်းမှ မြတ်စွန်းငွေ၊
(ခခ) လုပ်ငန်းတရပ်ရပ်မှ ရရှိသည့်ဝင်ငွေ၊
(၈) အစုစပ်လုပ်ငန်း၊ ကုမ္ပဏီ၊ အသင်း၊ သို့မဟုတ် အဖွဲ့အစည်း တခုခုမှအမြတ်ဝေစု။

အခန်း(၃) တာဝန်နှင့် လုပ်ပိုင်ခွင့်များ[edit]

၆။ ရပ်ကွက်၊ သို့မဟုတ် ကျေးရွာအုပ်စု ပြည်သူ့ကောင်စီ အလုပ်အမှုဆောင်အဖွဲ့သည် မိမိနှင့် သက်ဆိုင်ရာဒေသအတွင်းရှိ အခွန်ပေးဆောင်ထိုက်သူများ၏ စာရင်းကို သတ်မှတ်ထားသော ပုံစံဖြင့် ပြုစု၍ သက်ဆိုင်ရာမြို့နယ် ပြည်သူ့ကောင်စီ အလုပ်အမှုဆောင် အဖွဲ့သို့ပေးပို့ရမည်။


၇။ မြို့နယ်ပြည်သူ့ကောင်စီ အလုပ်အမှုဆောင်အဖွဲ့သည် အခွန်ထမ်းများထံမှ အခွန်စည်းကြပ် ကောက် ခံခြင်း လုပ်ငန်းကို ကြီးကြပ်ရန်တာဝန်ရှိသည်။


၈။ ပြည်နယ်၊ သို့မဟုတ် တိုင်းပြည်သူ့ကောင်စီ အလုပ်အမှုဆောင်အဖွဲ့သည် အခွန်စည်းကြပ် ကောက်ခံမှုနှင့် စပ်လျဉ်း၍ အခွန်ထမ်းကတင်သွင်းသော အယူခံကိုလက်ခံဆောင်ရွက်ခြင်း လုပ်ငန်းကို ကြီးကြပ်ရန်တာဝန်ရှိသည်။


၉။ ဗဟိုအယူခံအဖွဲ့သည် ပြည်နယ်၊ သို့မဟုတ် တိုင်း အဆင့်မှဆုံးဖြတ်ခဲ့သော အယူခံအမိန့်နှင့် စပ် လျဉ်း၍ အခွန်ထမ်းက တင်သွင်းသော အယူခံကိုလက်ခံဆောင်ရွက်ရမည်။


၁၀။ (က) ရပ်ကွက်၊ သို့မဟုတ် ကျေးရွာအုပ်စု ပြည်သူ့ကောင်စီ အလုပ်အမှုဆောင်အဖွဲ့သည် အခွန်ပေး ဆောင်ထိုက်သူများ၏ စာရင်းကိုပြုစုရန် ရပ်ကွက်၊ သို့မဟုတ် ကျေးရွာအုပ်စုပြည်သူ့ကောင်စီဝင် ၃ ဦး စီပါဝင်သော စာရင်းပြုစုရေးအဖွဲ့များကို လိုအပ်သလို ဖွဲ့စည်းတာဝန်ပေးအပ်ရမည်၊

(ခ) မြို့နယ်ပြည်သူ့ကောင်စီ အလုပ်အမှုဆောင် အဖွဲ့သည်အခွန်စည်းကြပ် ကောက်ခံရန်မြို့နယ် ပြည်သူ့ကောင်စီဝင် ၃ ဦးစီ ပါဝင်သော စည်းကြပ်မှုအဖွဲ့များကို လိုအပ်သလို ဖွဲ့စည်းတာဝန်ပေးအပ် ရမည်၊
(ဂ) ပြည်နယ်၊ သို့မဟုတ် တိုင်းပြည်သူ့ကောင်စီ အလုပ်အမှုဆောင်အဖွဲ့သည် အယူခံများကို လက်ခံ ဆောင်ရွက်ရန်ပြည်နယ်၊ သို့မဟုတ် တိုင်းပြည်သူ့ကောင်စီဝင် ၃ ဦးစီပါဝင်သော အယူခံအဖွဲ့ များကို လိုအပ်သလို ဖွဲ့စည်းတာဝန်ပေးအပ်ရမည်၊
(ဃ) ဝန်ကြီးအဖွဲ့သည် အယူခံများကို လက်ခံဆောင်ရွက်ရန် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၃ ဦးစီ ပါဝင်သော ဗဟိုအယူခံအဖွဲ့များကို လိုအပ်သလို ဖွဲ့စည်းတာဝန်ပေးအပ်ရမည်၊
(င) စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီးသည် အခွန်စည်းကြပ်ခြင်း၊ ကောက်ခံခြင်း၊ အယူခံခြင်းတို့နှင့် စပ်လျဉ်း၍ ဤဥပဒေပါ ပြဋ္ဌာန်းချက်များ ထမြောက်အောင် မြင်စေရန်နှင့် ထိရောက် စေရန် တာဝန်ယူအကောင်အထည်ဖော်ရမည်။


၁၁။ (က) မြို့နယ်အခွန်မှူး၏ တာဝန်ဝတ်တရားများသည် အောက်ပါအတိုင်းဖြစ်သည်-

(၁) ရပ်ကွက်၊ သို့မဟုတ် ကျေးရွာအုပ်စု ပြည်သူ့ကောင်စီ အလုပ်အမှုဆောင်အဖွဲ့က ပေးပို့သောအခွန် ပေးဆောင်ထိုက်သူများ၏ စာရင်းများကို အဆုံးအဖြတ်ပေးနိုင်ရန် ဆိုင်ရာစည်းကြပ်မှုအဖွဲ့သို့ ပြုစု တင်ပြခြင်း၊
(၂) အခွန်ပေးဆောင်ထိုက်လျက်နှင့် ရပ်ကွက်နှင့်ကျေးရွာအုပ်စု ပြည်သူ့ကောင်စီ အလုပ်အမှုဆောင် အဖွဲ့မှ ပေးပို့သောစာရင်းတွင် ပါဝင်ခြင်း မရှိသူများကိုတွေ့ရှိက အဆုံးအဖြတ် ပေးနိုင်ရန်စည်းကြပ်မှု အဖွဲ့သို့ စာရင်းပြုစုတင်ပြခြင်း၊
(၃) စည်းကြပ်မှုအဖွဲ့က တောင်းခံသည့်အခါ နည်းနာဆိုင်ရာ အကြံများပေးခြင်း၊
(၄) ဤဥပဒေအရ ကြားနာခြင်း၊ ဖြေရှင်းခွင့်ပေးခြင်းနှင့် အမိန့်ချမှတ်ခြင်းတို့မှအပ လိုအပ်သည့် အခြား ကိစ္စရပ်များကို ဆောင်ရွက်ခြင်း၊
(ခ) ပြည်နယ်၊ သို့မဟုတ် တိုင်း အခွန်မှူး၏ တာဝန်ဝတ်တရားများသည် အောက်ပါအတိုင်းဖြစ်သည်-
(၁) သက်ဆိုင်ရာ စည်းကြပ်မှုအဖွဲ့များ၏ အမိန့်များကိုမကျေနပ်၍ တင်သွင်းသောအယူခံကို အဆုံး အဖြတ် ပေးနိုင်ရန်ဆိုင်ရာ အယူခံအဖွဲ့သို့ တင်ပြခြင်း၊
(၂) အယူခံအဖွဲ့က တောင်းခံသည့်အခါ နည်းနာဆိုင်ရာ အကြံများပေးခြင်း၊
(၃) ဤဥပဒေအရ ကြားနာခြင်း၊ ဖြေရှင်းခွင့်ပေးခြင်းနှင့် အမိန့်ချမှတ်ခြင်းတို့မှအပ လိုအပ်သည့်အခြား ကိစ္စရပ်များကို ဆောင်ရွက်ခြင်း။

အခန်း(၄) ဝင်ငွေရရှိချိန်၌ အခွန်ပေးသွင်းခြင်း[edit]

၁၂။ (က) မည်သူမဆို နှစ်တနှစ်အတွင်း အခွန်ပေးဆောင်ရန် သတ်မှတ်ထားသော ဝင်ငွေရှိလျှင် ယင်းနှစ် အတွင်းအခွန်ကို ပေးသွင်းရမည်၊

(ခ) မည်သူ့အားမဆို နှစ်တနှစ်အတွင်း အခွန်ပေးဆောင်ရန် သတ်မှတ်ထားသော ဝင်ငွေရှိသည်ဟု ယူဆလျှင် ယင်းနှစ်အတွင်း အခွန်ကို စည်းကြပ်မှုအဖွဲ့က တောင်းခံနိုင်သည်။


၁၃။ မည်သူမဆို ဝင်ငွေနှစ်အတွင်း မိမိရရှိမည့် ဝင်ငွေကိုခန့်မှန်းတွက်ချက်၍ ဇယား၌ဖော်ပြထားသည့် အတိုင်းကျသင့်သော ငွေကိုပေးသွင်းရမည်။ ယင်းအခွန်ကို လစဉ်၊ သို့မဟုတ် ၃ လတကြိမ် အရစ်ဖြင့် ပေးသွင်းရမည်။

အခန်း(၅) ကြေညာလွှာပေးပို့ခြင်း[edit]

၁၄။ မည်သူမဆို နှစ်တနှစ်အတွင်း အခွန်ပေးဆောင်ရန် သတ်မှတ်ထားသော ဝင်ငွေရှိလျှင် ထိုနှစ်အတွက် မိမိ၏ဝင်ငွေ ကြေညာလွှာကို သတ်မှတ်သည့်ပုံစံဖြင့် နှစ်ကုန်ဆုံးပြီး ၃ လ အတွင်း သက်ဆိုင်ရာ စည်းကြပ်မှုအဖွဲ့သို့ ပေးပို့ရမည်။ ယင်းကြေညာလွှာတွင် မှားယွင်းချက်ရှိလျှင် စည်းကြပ်မှုမပြုလုပ်မီ ပြင်ဆင်ခွင့်ရှိသည်။


၁၅။ မည်သူ့အားမဆို နှစ်တနှစ်အတွင်း အခွန်ပေးဆောင်ရန် သတ်မှတ်ထားသော ဝင်ငွေရှိသည်ဟု ယူဆလျှင် ဝင်ငွေကြေညာလွှာ ပေးပို့ရန် စည်းကြပ်မှုအဖွဲ့က အကြောင်းကြားနိုင်သည်။

အခန်း(၆) စည်းကြပ်ခြင်းနှင့် ပြန်အမ်းခြင်း[edit]

၁၆။ စည်းကြပ်မှုအဖွဲ့သည် ရပ်ကွက်၊ သို့မဟုတ် ကျေးရွာအုပ်စုပြည်သူ့ကောင်စီ အလုပ်အမှုဆောင် အဖွဲ့မှပေးပို့သော စာရင်းကိုလည်းကောင်း၊ အခွန်ထမ်းထံမှ ရရှိထားသော ဝင်ငွေကြေညာလွှာကို လည်းကောင်း၊ အခြားရရှိထားသော သတင်းအချက် အလက်များကို လည်းကောင်းအခြေပြု၍ အခွန် ထမ်းပေးဆောင်ရမည့် အခွန်ကိုခန့်မှန်း စည်းကြပ်ရမည်။ အခွန်စည်းကြပ်ခြင်း မပြုမီမည်သူ့ အားမဆို ခေါ်ယူစစ်ဆေးနိုင်သည်။ လိုအပ်သည့် သတင်းအချက်အလက်များကိုလည်း တောင်းယူနိုင်သည်။


၁၇။ ဝင်ငွေနှစ်အတွင်း စည်းကြပ်မှု ပြုလုပ်ရန် လိုအပ်သောအောက်ပါတို့နှင့် စပ်လျဉ်း၍ ဝင်ငွေနှစ် ကုန်ဆုံးပြီးသည့် အချိန်အထိ စောင့်ဆိုင်းခြင်းမပြုပဲ အခွန်စည်းကြပ်ကောက်ခံခြင်းနှင့် စပ်လျဉ်း၍ သီးခြားသတ်မှတ်ထားသည့်အတိုင်း ဆောင်ရွက်ရမည်။ ယင်းတို့အား စည်းကြပ်ရာတွင် သက်ဆိုင်ရာ ဝင်ငွေနှစ်အတွင်း တည်ဆဲ အခွန်နှုန်းများဖြင့် တွက်ချက်တောင်းခံရမည်-

(က) ပြည်ပသို့အလုပ်လုပ်ရန် သော်လည်းကောင်း၊ အပြီးအပိုင်သော်လည်းကောင်း ထွက်ခွာမည့်သူ၊
(ခ) လုပ်ငန်းရပ်စဲသူ၊
(ဂ) အခြေပစ္စည်းမှ မြတ်စွန်းငွေရရှိသူ၊
(ဃ) ပြည်ပမှပစ္စည်း တင်သွင်းသူ၊
(င) အခကြေးငွေယူသော ဖျော်ဖြေမှုကို တာဝန်ယူကျင်းပသူ၊
(စ) ဆားထုတ်လုပ်သူ။


၁၈။ မည်သည့်နှစ်အတွက် မဆိုအခွန်ထမ်းပေးဆောင်ခဲ့သော အခွန်သည် ဤဥပဒေအရ အမှန်ပေး ဆောင်အပ်သည့် ငွေထက် ပိုနေကြောင်း ထိုသူက အထောက်အထားနှင့် ပြနိုင်လျှင်သော် လည်းကောင်း၊ စည်းကြပ်မှုအဖွဲ့က တွေ့ရှိလျှင်သော်လည်းကောင်း ယင်းပိုငွေကို ပြန်အမ်းရမည်။ အခွန်ထမ်းသည် ပြန်အမ်းငွေရရန်ရှိကြောင်း အကြောင်းကြားစာ ရရှိသည့်နေ့ရက်မှ တနှစ်အတွင်းသာ တောင်းဆိုခွင့် ရှိသည်။

အခန်း(၇) ကင်းလွတ်ခွင့်နှင့် သက်သာခွင့်ပေးခြင်း[edit]

၁၉။ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီးသည် နိုင်ငံတော်၏ အကျိုးငှာဝင်ငွေတရပ်ရပ် အတွက်ဖြစ်စေ၊ အခွန်ထမ်း တဦးဦးအတွက်ဖြစ်စေ လိုအပ်လျှင်အခွန် ကင်းလွတ်ခွင့်၊ သို့မဟုတ် သက်သာခွင့်ပြုနိုင်သည်။ ယင်းသို့ ဆောင်ရွက်ချက်ကို အနီးကပ်ဆုံး ဝန်ကြီးအဖွဲ့ အစည်းအဝေးသို့ တင်ပြ၍ အတည်ပြုချက်ရယူရမည်။ ဝန်ကြီးအဖွဲ့ကလည်း အခါအားလျော်စွာ နိုင်ငံတော်ကောင်စီသို့ တင်ပြရမည်။

အခန်း(၈) စည်းကြပ်ခြင်း၊ သို့မဟုတ် ပြန်လည်စည်းကြပ်ခြင်း[edit]

၂၀။ (က) စည်းကြပ်မှု အဖွဲ့သည် မည်သည့်နှစ်တွင်မဆို အောက်ပါအကြောင်း တခုခုနှင့် စပ်လျဉ်း၍ စည်းကြပ်နှစ် ကုန်ဆုံးပြီး ၃ နှစ်အတွင်း စည်းကြပ်မှု၊ သို့မဟုတ် ပြန်လည်စည်းကြပ်မှု ပြုလုပ်နိုင်သည်-

(၁) အခွန် စည်းကြပ်ထိုက်လျက် စည်းကြပ်မှုမှ လွတ်ကင်းနေခြင်း၊
(၂) အခွန်လျော့နည်းစည်းကြပ်ခဲ့ခြင်း၊
(၃) မှတ်တမ်းမှ ပေါ်လွင်ထင်ရှားသည့် မှားယွင်းချက်ကိုပြင်ရန်လိုအပ်ခြင်း၊

သို့ရာတွင် တဦးတယောက်၏လိမ်လည်လိုသော ရည်ရွယ်ချက်ကြောင့် စည်းကြပ်မှု၊ သို့မဟုတ် ပြန်လည် စည်းကြပ်မှု ပြုလုပ်ရန်လိုအပ်ကြောင်း တွေ့ရှိလျှင်သက်ဆိုင်ရာ စည်းကြပ်နှစ်ကုန်ဆုံးပြီးနောက် မည် သည့်အချိန်တွင် မဆိုစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီး၏ကြိုတင် ခွင့်ပြုချက်အရ စည်းကြပ် မှု၊ သို့မဟုတ် ပြန်လည်စည်းကြပ်မှုပြုလုပ်နိုင်သည်၊

(ခ) ပုဒ်မခွဲ (က) အရ ဆောင်ရွက်သည့်အခါ သက်ဆိုင်ရာစည်းကြပ်နှစ်အတွက် ဇယား၌ဖော်ပြထား သည့် အတိုင်းသာ အခွန်ကို တွက်ချက်တောင်းခံရမည်။

အခန်း(၉) အယူခံခြင်း[edit]

၂၁။ (က) အခွန်ထမ်းက မကျေနပ်လျှင် အောက်ပါအဖွဲ့များသို့ အယူခံဝင်နိုင်သည်-

(၁) အခွန်ကျပ် ၅၀၀ ထက်ပိုလျှင် ပြည်နယ်၊ သို့မဟုတ် တိုင်း အယူခံအဖွဲ့၊
(၂) ပြည်နယ်၊ သို့မဟုတ် တိုင်းအယူခံ အဖွဲ့၏ဆုံးဖြတ်ချက်အရ အခွန်ကျပ် ၁၀၀၀၀ ထက်ပိုလျှင် ဗဟို အယူခံအဖွဲ့၊
(၃) အယူခံအဖွဲ့ တရပ်ရပ်၏ ဆုံးဖြတ်ချက်မှ ပေါ်ပေါက်သည့် ဥပဒေရေးရာပြဿနာနှင့် စပ်လျဉ်းလျှင် ပြည်သူ့တရားသူကြီး အဖွဲ့၊
(ခ) အခွန်ထမ်းသည် မိမိမကျေနပ်သည့် အမိန့်ကို ရရှိသည့်နေ့မှစ၍ တလအတွင်း စည်းမျဉ်းများနှင့် အညီ အယူခံဝင်နိုင်သည်။ ကာလစည်းကမ်းသတ် တွက်ချက်ရာတွင် အောက်ပါကာလများကို ထည့်သွင်း ရေတွက်ခြင်း မပြုရ-
(၁) အယူခံဝင်လိုသည့် အမိန့်မိတ္တူ ကူးရန်လိုအပ်သည့်ကာလ၊
(၂) အခွန်အကြေမပေးသွင်းပဲ အယူခံခွင့် တောင်းခံရယူသည့်ကာလ၊
(ဂ) ပုဒ်မခွဲ (ခ) ပါ ကာလ စည်းကမ်းသတ်ကို လုံလောက်သောအကြောင်းရှိလျှင် သက်ဆိုင်ရာ အယူခံ အဖွဲ့ကလျှော့ပေါ့၍ လက်ခံနိုင်သည်၊
(ဃ) အယူခံဝင်လိုသူသည် အောက်ပါအတိုင်း ဆောင်ရွက်မှသာ အယူခံခွင့်ရှိသည်-
(၁) အခွန်ကို အကြေပေးသွင်းခြင်း၊ သို့မဟုတ်
(၂) ဆိုင်ရာမြို့နယ် ပြည်သူ့ကောင်စီ အလုပ်အမှုဆောင်အဖွဲ့သို့ တင်ပြ၍ ယင်းအဖွဲ့က ဆုံးဖြတ်သည့် အတိုင်း လိုက်နာဆောင်ရွက်ခြင်း၊
(င) အယူခံမှုကို ပြီးမြောက်အောင် ဆောင်ရွက်ရာ၌ အယူခံသူအား ပြောရေးဆိုခွင့် ပေးပြီးနောက် သင့်လျော်သောအမိန့်ကို ချမှတ်နိုင်သည်။ မှတ်တမ်းမှ ပေါ်လွင်ထင်ရှားသည့် မှားယွင်းချက်ရှိလျှင် အမိန့်ချမှတ်သည့် နေ့ရက်မှ ၃ နှစ်အတွင်း ယင်းမှားယွင်းချက်ကို ပြင်နိုင်သည်၊
(စ) အခွန်သည် ကျပ် ၅၀၀ အထိ ဖြစ်လျှင် စည်းကြပ်မှုအဖွဲ့၏ အမိန့်သည်လည်းကောင်း၊ အခွန်သည် ကျပ် ၁၀၀၀၀ အထိ ဖြစ်၍ ဥပဒေရေးရာ ပြဿနာမပေါ်ပေါက်လျှင် ပြည်နယ်၊ သို့မဟုတ် တိုင်း အယူခံ အဖွဲ့၏ ဆုံးဖြတ်ချက်သည် လည်းကောင်း၊ အခွန်သည် ကျပ် ၁၀၀၀၀ အထက်ဖြစ်၍ ဥပဒေရေးရာ ပြဿနာမပေါ်ပေါက်လျှင် ဗဟိုအယူခံအဖွဲ့၏ အဆုံးအဖြတ်သည် လည်းကောင်း အပြီးအပြတ်ဖြစ်စေရမည်။

အခန်း(၁၀) ပြစ်မှုနှင့် ပြစ်ဒဏ်များ[edit]

၂၂။ မည်သူမဆို လုံလောက်သော အကြောင်းမရှိပဲ အောက်ပါပျက်ကွက်မှုတရပ်ရပ်ရှိလျှင် ထိုသူအား စည်းကြပ်မှုအဖွဲ့သည် ပျက်ကွက်မှုတရပ်စီအတွက် သက်ဆိုင်ရာစည်းကြပ်မှုအရ ထပ်မံပေးသွင်းရမည့် အခွန်၏ တစ်ဆယ်ရာခိုင်နှုန်းထက် မပိုသောငွေကို ဒဏ်ငွေအဖြစ် ပေးဆောင်စေနိုင်သည်-

(က) ဝင်ငွေနှစ်အတွင်း အခွန်ပေးသွင်းရန် ပျက်ကွက်ခြင်း၊
(ခ) သတ်မှတ်ထားသော အချိန်အတွင်း ဝင်ငွေကြေညာလွှာပေးပို့ရန် ပျက်ကွက်ခြင်း၊
(ဂ) စည်းကြပ်မှုအဖွဲ့က စစ်ဆေးရန် အကြောင်းကြားခေါ်ယူခြင်းကို လိုက်နာရန်ပျက်ကွက်ခြင်း၊
(ဃ) အခွန်ပေးဆောင်ရန် သတ်မှတ်ထားသော၊ သို့မဟုတ် တိုးမြှင့်ပေးထားသော ရက်အတွင်းပေးသွင်း ရန် ပျက်ကွက်ခြင်း။


၂၃။ (က) တဦးတယောက်သောသူသည် မိမိ၏ဝင်ငွေထိမ်ချန်ကြောင်း၊ သို့မဟုတ် ယင်းဝင်ငွေနှင့် စပ် လျဉ်းသည့် အချက်အလက်များထိမ်ချန်ကြောင်း စည်းကြပ်မှုအဖွဲ့၊ သို့မဟုတ် အယူခံအဖွဲ့က အမှုကိစ္စ ဆောင်ရွက်စဉ် တွေ့ရှိလျှင် ထိုသူအား သတ်မှတ်သည့် အချိန်အတွင်း ယင်းတို့ကိုအပြည့်အစုံ ထုတ်ဖော် ခွင့်ပေးရမည်၊

(ခ) ထိုသူသည် ခွင့်ပြုထားသည့် ကာလအတွင်း အပြည့်အစုံထုတ်ဖော်ခဲ့လျှင် ယင်းကပေးဆောင်ရမည့် အခွန်အပြင် ထိမ်ချန်ခြင်းကြောင့် ပိုမိုကျသင့်သည့်အခွန်၏ ငါးဆယ်ရာခိုင်နှုန်းနှင့် ညီမျှသောဒဏ်ငွေ ကိုပါ ပေးဆောင်ရမည်၊
(ဂ) ထိုသူသည် ခွင့်ပြုထားသည့်ကာလအတွင်း ထုတ်ဖော်ရန်ပျက်ကွက်လျှင်၊ သို့မဟုတ် ထိမ်ချန်ခဲ့သည့် ဝင်ငွေထက်လျော့နည်း ထုတ်ဖော်လျှင် ပုဒ်မခွဲ (ခ) ပါအတိုင်း အခွန်နှင့်ဒဏ်ငွေနှစ်ရပ်လုံး ပေးဆောင် ရမည့်အပြင် တရားစွဲဆိုခြင်းလည်း ခံရမည်။ တရားစီရင်ရေးအဖွဲ့မှ ပြစ်မှုထင်ရှားကြောင်းဆုံးဖြတ်ပါက ယင်းအား ၃ နှစ်မှ ၁၀ နှစ်အထိ ထောင်ဒဏ် အပြစ်ပေးနိုင်သည်။ သို့ရာတွင် ဆိုင်ရာမြို့နယ်ပြည်သူ့ ကောင်စီ အလုပ်အမှုဆောင်အဖွဲ့၏ ကြိုတင်ခွင့်ပြုချက်မရပဲ ဤပုဒ်မအရ တရားစွဲဆိုခြင်းမပြုရ။ မြို့နယ် ပြည်သူ့ကောင်စီ အလုပ်အမှုဆောင်အဖွဲ့သည် ခွင့်ပြုချက်ပေးရန် သင့်မသင့်ဆုံးဖြတ်ရာတွင် အပြစ်ဒဏ် ပေးရေးကို ဦးတည်ချက်မထားပဲ အခွန်ရရှိရေးကိုဦးတည်ချက်ထား၍ လည်းကောင်း၊ ဤဥပဒေအရ ရသင့်ရထိုက်သော အခွန်ကိုမရရှိအောင် အခွန်ထမ်း၏ လိမ်လည်လိုသော ရည်ရွယ်ချက် အတိမ် အနက်ကို လည်းကောင်း၊ ဖော်ထုတ်နိုင်သည့် အခြေအနေရှိမရှိကို လည်းကောင်း ထောက်ချင့်၍ ဆုံးဖြတ် ရမည်။ လိုအပ်က ဖော်ထုတ်ရန်အချိန်တိုးမြှင့်ပေးနိုင်သည်။ ဝန်ကြီးအဖွဲ့သည် ဤကိစ္စအတွက် လိုအပ် သော စည်းမျဉ်းများ၊ စည်းကမ်းများကိုထုတ်ပြန်ရမည်။


၂၄။ မည်သူမဆို ဤဥပဒေကိုအကြောင်းပြု၍ အောက်ပါပြစ်မှုတရပ်ရပ်ကို ကျူးလွန်လျှင် ထိုသူအား သက်ဆိုင်ရာ၏ ခွင့်ပြုချက်ဖြင့် တရားစွဲဆို၍ ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက ၃နှစ်မှ ၇ နှစ် အထိ ထောင်ဒဏ်ကျခံစေရမည်-

(က) လာဘ်ပေး၊ လာဘ်ယူပြုလုပ်ခြင်း၊
(ခ) လာဘ်ပေး၊ လာဘ်ယူပြုလုပ်ရန်အားထုတ်ခြင်း၊
(ဂ) လာဘ်ပေး၊ လာဘ်ယူပြုလုပ်ရန်အားပေး အားမြှောက်ပြုလုပ်ခြင်း၊
(ဃ) ဤဥပဒေက အပ်နှင်းထားသည့် လုပ်ပိုင်ခွင့် တရပ်ရပ်ကို အလွဲသုံးစားပြုလုပ်ခြင်း။

အခန်း(၁၁) အခွန်အရကောက်ခံခြင်း[edit]

၂၅။ အခွန်ထမ်းသည် သတ်မှတ်ထားသည့်အချိန်အတွင်း၊ သို့မဟုတ် တိုးမြှင့်ပေးသည့်အချိန်အတွင်း အခွန်နှင့်ဒဏ်ငွေကို ပေးဆောင်ရန် ပျက်ကွက်လျှင် မပေးဆောင်သည့်ငွေကို မပြေကျန်ငွေအဖြစ် လည်း ကောင်း၊ သက်ဆိုင်ရာအခွန်ထမ်းကို ပျက်ကွက်သူအဖြစ် လည်းကောင်းမှတ်ယူပြီး အဆိုပါ မပြေကျန် ငွေကို ဝင်ငွေခွန်မပြေကျန်ငွေဖြစ်ဘိသကဲ့သို့ စည်းကြပ်မှုအဖွဲ့က အရကောက်ခံရမည်။ ယင်းသို့ အရ ကောက်ခံရာ၌ ဝင်ငွေခွန်ဥပဒေတွင် ပြဋ္ဌာန်းထားသောနည်းလမ်းများနှင့် လုပ်ပိုင် ခွင့်များကို စည်းကြပ်မှု အဖွဲ့ကသုံးစွဲရမည်။

အခန်း(၁၂) ကြီးကြပ်ခြင်း[edit]

၂၆။ ရပ်ကွက်၊ သို့မဟုတ် ကျေးရွာအုပ်စု ပြည်သူ့ကောင်စီ အလုပ်အမှုဆောင်အဖွဲ့သည် အခွန်ပေးဆောင် ထိုက်သူစာရင်း ပြုစုရေး အဖွဲ့များ၏ ဆောင်ရွက်မှုထိရောက်စေရန် ကြီးကြပ်ရမည်။ ယင်းအဖွဲ့များ၏ ဆောင်ရွက်မှုအခြေအနေများကို ရပ်ကွက်၊ သို့မဟုတ် ကျေးရွာအုပ်စု ပြည်သူ့ကောင်စီ အစည်းအဝေးသို့ အစီရင်ခံရမည်။


၂၇။ မြို့နယ်ပြည်သူ့ကောင်စီ အလုပ်အမှုဆောင်အဖွဲ့သည် စာရင်းပြုစုရေးအဖွဲ့၊ စည်းကြပ်မှုအဖွဲ့များ၏ ဆောင်ရွက်မှု ထိရောက်စေရန် လမ်းညွှန်ခြင်း၊ ကြီးကြပ်ခြင်းပြုလုပ်ရမည်။ စည်းကြပ်ကောက်ခံမှု အခြေအနေများကို မြို့နယ်ပြည်သူ့ကောင်စီ အစည်းအဝေးသို့ အစီရင်ခံရမည်။ ၃ လလျှင်တကြိမ် သက်ဆိုင်ရာပြည်နယ်၊ သို့မဟုတ် တိုင်းပြည်သူ့ကောင်စီ အလုပ်အမှုဆောင် အဖွဲ့သို့ အစီရင်ခံရမည်။ လိုအပ်လျှင် လိုအပ်သလို အစီရင်ခံရမည်။


၂၈။ ပြည်နယ်၊ သို့မဟုတ် တိုင်းပြည်သူ့ကောင်စီ အလုပ်အမှုဆောင်အဖွဲ့သည် စည်းကြပ်မှုအဖွဲ့များနှင့် အယူခံအဖွဲ့များ၏ ဆောင်ရွက်မှုများကို လေ့လာစိစစ်၍ လိုအပ်သလို လမ်းညွှန်ခြင်း၊ ကြီးကြပ်ပေါင်းစပ် ညှိနှိုင်းခြင်းများ ပြုလုပ်ရမည်။ စည်းကြပ်မှု နှင့် အယူခံအခြေအနေများကို ပြည်နယ်၊ သို့မဟုတ် တိုင်း ပြည်သူ့ကောင်စီ အစည်းအဝေးသို့ အစီရင်ခံ တင်ပြရမည်။ ၃ လလျှင် တကြိမ်စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဝန်ကြီးထံအစီရင်ခံရမည်။ လိုအပ်လျှင် လိုအပ်သလို အစီရင်ခံရမည်။


၂၉။ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီးသည် အခွန်စည်းကြပ်ကောက်ခံခြင်း၊ ပြည်နယ်၊ သို့မဟုတ် တိုင်းအယူခံ အဖွဲ့ထံ အယူခံခြင်းတို့နှင့် စပ်လျဉ်း၍ ဤဥပဒေပါပြဋ္ဌာန်းချက်များကို ထိ ရောက်စွာ အကောင်အထည်ဖော်နိုင်ရန် ကြီးကြပ် လမ်းညွှန်နိုင်သည်။

အခန်း(၁၃) အထွေထွေ[edit]

၃၀။ စည်းကြပ်မှုအဖွဲ့၊ သို့မဟုတ် အယူခံအဖွဲ့သည် ဤဥပဒေအရ ဆောင်ရွက်ရာတွင် ခိုင်လုံသော အထောက်အထားရှိပါက အောက်ပါလုပ်ပိုင်ခွင့်များရှိသည်-

(က) သက်ဆိုင်သည့် အဆောက်အဦနေရာ၊ သို့မဟုတ် လုပ်ငန်းဥပစာကိုဝင်ရောက်ကြည့်ရှုစစ်ဆေးခွင့်၊
(ခ) သက်ဆိုင်သည့် အဆောက်အဦနေရာ၊ သို့မဟုတ် လုပ်ငန်းဥပစာတွင် စာရင်းများနှင့် စာရွက်စာ တမ်းများကို သက်ဆိုင်ရာ အခွန်မှူးအား ဝင်ရောက်ရှာဖွေစေခွင့်၊ သိမ်းဆည်းစေခွင့်၊ ကောက်နုတ်ချက် နှင့် မိတ္တူများကူးယူစေခွင့်၊ တံဆိပ်
(ဂ) အထက်ပါ ကိစ္စတရပ်ရပ်ကို ဆောင်ရွက်လျှင်သက်ဆိုင်သော အခွန်ထမ်း၊ သို့မဟုတ် ယင်း၏ ကိုယ်စားလှယ်နှင့် သက်သေ နှစ်ဦးတို့၏ ရှေ့မှောက်တွင်ဖြစ်စေရမည်။


၃၁။ မြို့နယ်အလိုက် ကောက်ခံရရှိသည့်အခွန်အနက်မှ ဝန်ကြီးအဖွဲ့က မြို့နယ်အလိုက်သတ်မှတ်သော ရာခိုင်နှုန်းအချိုးနှင့် ညီသည့်ငွေကို သက်ဆိုင်ရာမြို့နယ်စည်ပင်သာယာရေး ရန်ပုံငွေသို့လွှဲပြောင်း ပေးသွင်းနိုင်သည်။


၃၂။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များ ထမြောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အလို့ငှာ စည်းမျဉ်းများ၊ စည်းကမ်းများကို ဝန်ကြီးအဖွဲ့ကလည်းကောင်း၊ အမိန့်များ၊ ညွှန်ကြားချက်များနှင့် လုပ်ထုံးလုပ်နည်း များကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီးကလည်းကောင်း ထုတ်ပြန်နိုင်သည်။


၃၃။ (က) ပြည်နယ်၊ သို့မဟုတ် တိုင်းပြည်သူ့ကောင်စီ အလုပ်အမှုဆောင်အဖွဲ့သည် အခွန်ထမ်းက ဝင်ငွေ ခွန်ဥပဒေအရ စည်းကြပ်ပေးရန် ခိုင်လုံသောအထောက်အထားဖြင့် တင်ပြလာလျှင် ထိုသူအား ဝင်ငွေခွန်ဥပဒေအရ ဝင်ငွေခွန်စည်းကြပ် ကောက်ခံရန် အမိန့်ချမှတ်နိုင်သည်။ ယင်းသို့ အမိန့်ချမှတ် ခြင်းသည် တင်ပြသောအထောက်အထားများကို လက်ခံစည်းကြပ်ရန် ဖြစ်သည်ဟုမမှတ်ယူရ၊

(ခ) ဤဥပဒေပါ အခြားပြဋ္ဌာန်းချက်များတွင် မည်သို့ပင်ပါရှိစေကာမူ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီး ဌာန ဝန်ကြီးသည် စည်းကြပ်မှုအဖွဲ့နှင့် ပြည်နယ်၊ သို့မဟုတ် တိုင်း အယူခံအဖွဲ့က ချမှတ်သော မည်သည့် အမိန့်ကိုမဆို ယင်းအမိန့်ချမှတ်သည့်နေ့မှ ၃ နှစ်အတွင်း ပြန်လည်စိစစ်၍ သင့်လျော်သော အမိန့်ချ မှတ်နိုင်သည်။


၃၄။ (က) အောက်ဖော်ပြပါ ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းဥပဒေများနှင့် အမိန့်များတွင် မည်သို့ပင်ပါရှိစေကာမူ အခွန် ကျသင့်စေခြင်း၊ အခွန်စည်းကြပ်ကောက်ခံခြင်းနှင့် သက်ဆိုင်သည့် ကိစ္စ ရပ်များကို ၁၉၇၆-၇၇ ခု၊ ဘဏ္ဍာရေးနှစ် အတွက်မှစ၍ ဤဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ရမည်။ သို့ရာတွင် လိုင်စင်၊ ခွင့်ပြုလက်မှတ်၊ သို့မဟုတ် ပါမစ်ထုတ်ပေးခြင်း ကိစ္စများကို အောက်ပါတို့တွင် ပြဋ္ဌာန်းထားသည့်အတိုင်း ဆက်လက်ဆောင်ရွက်ရမည်-

(၁) The Burma Salt Act, 1917.
(၂) The Burma Excise Act, 1917.
(၃) The Cigarettes Duty Act, 1931.
(၄) The Matches (Excise Duty) Act, 1934.
(၅) Excisable Goods Rules, 1959.
(၆) The Sugar (Excise Duty) Act, 1934.
(၇) The Motor Spirit Duties Act, 1917.
(၈) The Petroleum Act, 1934.
(၉) The Silver (Excise Duty) Act, 1930.
(၁၀) The Chin Special Division (Extension of Laws) Act, 1948 အရ ချင်းဝိသေသတိုင်းတွင် အကျိုးသက်ရောက်သော The Petroleum Act
(၁၁) ၁၉၅၄ ခုနှစ်၊ ချင်းဝိသေသတိုင်း ယစ်မျိုးနည်းဥပဒေများ
(၁၂) The Kachin Hill-Tribes Regulation, 1895 အရ အကျိုးသက်ရောက်သော The Burma Salt Act, The Burma Excise Act, The Cigarettes Duty Act, The Matches (Excise Duty) Act.
(၁၃) The Shan States Excise Order, 1925.
(၁၄) ၁၉၅၂ ခုနှစ်၊ ရောင်းခွန်အက်ဥပဒေ
(၁၅) ၁၉၄၉ ခုနှစ်၊ ဟော်တယ်နှင့် ပျော်ပွဲစားရုံခွန် အက်ဥပဒေ
(၁၆) The Entertainment Tax Act, 1947
(၁၇) ၁၉၅၆ ခုနှစ်၊ ရောင်းဝယ်လုပ်ကိုင်မှု ဥပစာခွန် အက်ဥပဒေ
(ခ) ဝင်ငွေခွန်ဥပဒေပါ ပြဋ္ဌာန်းချက်များသည် ပုဒ်မ ၃၃ ပုဒ်မခွဲ(က) ပါကိစ္စရပ်များမှတပါး ၁၉၇၆-၇၇ စည်းကြပ်နှစ်အတွက်မှစ၍ ဤဥပဒေနှင့် အကျုံးဝင်သူများနှင့် မသက်ဆိုင်စေရ၊
(ဂ) ၁၉၇၆-၇၇ ခုနှစ် မတိုင်မီနှစ်များအတွက် ပုဒ်မခွဲ (က) တွင်ဖော်ပြထားသော ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်း ဥပဒေများနှင့် အမိန့်များပါ အာဏာပိုင်အသီးသီး၏ လုပ်ပိုင်ခွင့်များကို ဤဥပဒေ၏အခန်း (၃) ပါအဆင့်တူညီသည့် လုပ်ပိုင်ခွင့်ရှိသော အဖွဲ့များက ဆောင်ရွက်နိုင်ရန် ဝန်ကြီး အဖွဲ့ကလွှဲအပ်နိုင်သည်။