အမျှဝေခြင်း

From Wikisource
Jump to navigation Jump to search
မိရိုးဖလာလွန် ဗုဒ္ဓဘာသာ  (၁၉၇၅ ခုနှစ်)  by ဆရာသောင်းလွင် (ဘီအေ)
အမျှဝေခြင်း

အမျှဝေခြင်း

အခန်း-၁၂

မေး။ ။ မေတ္တာပို့ပြီးရင် ဘာဆက်လုပ်ရပါသလဲ။

အဖြေ။ ။ မေတ္တာပို့ပြီးရင် အမျှဝေရပါတယ်။ အမျှဝေတယ်ဆိုတာက ကိုယ်ရရှိပြီးတဲ့ ကုသိုလ်ကောင်းမှုကို သတ္တဝါအားလုံးကို ကိုယ်နှင့်ထပ်တူ ရပါစေလို့ ထပ်ဆင့်ပေးဝေတာ ဖြစ်ပါတယ်။ ပါဠိလိုတော့ ပတ္တိဒါနလို့ ခေါ်ပါတယ်။ ရပြီးသားကုသိုလ်ကို ပေးဝေခြင်းလို့ အဓိပ္ပာယ်ရပါတယ်။ ကိုယ်နှင့် အညီအမျှ ရပါစေလို့ ပေးဝေတာဖြစ်လို့ မြန်မာတွေကတော့ အမျှဝေတယ်လို့ ခေါ်ပါတယ်။

ဗုဒ္ဓဘာသာတစ်ယောက်ရဲ့ နေ့စဉ်လုပ်ငန်းမှာ သရဏဂုံနှင့်တကွ ငါးပါးသီလကို ဆောက်တည်ကာ သီလကုသိုလ် ပြုပြီးပြီ။ ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီးတွေ ဆက်ကပ်လှူဒါန်းကာ ဒါနကုသိုလ်တွေ ပြပြီးပြီ။ ရတနာသုံးပါးကို ရှိခိုးပူဇော်မှု ပဏာမသုတ်တွေ ပြုပြီးပြီ၊ ပရိတ်ရွတ် မေတ္တာပို့ကာ ဘာဝနာကုသိုလ်တွေ ပြုပြီးပြီ။ အဲဒီ မိမိပိုင်ပြီးတဲ့ ဒါန၊ သီလ၊ ဘာဝနာနဲ့ ရတနာသုံးပါး ရှိခိုးတဲ့ ကုသိုလ်တွေကို မိမိနဲ့ ထပ်တူ အခြားသူတွေလဲ ရကြပါစေလို့ ကုသိုလ်တွေကို တစ်ဆင့်ဖြန့်ဝေ လှူဒါန်းတာကို အမျှဝေတယ်လို့ ခေါ်ပါတယ်။

မေး။ ။ အမျှဘယ်လိုဝေပါသလဲ။

ဖြေ။ ။ ယနေ့ ကျွန်ုပ်ပြုလုပ်ခဲ့တဲ့ ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ လှူဒါန်းမှုဒါနကုသိုလ်၊ ဆောက်တည်ခဲ့တဲ့ သရဏဂုံ သုံးပါးနှင့်တကွ ငါးပါးသီလကုသိုလ်။ ပရိတ်တော်ကို ရွတ်ဖတ်ကာ မေတ္တာပွားများခဲ့တဲ့ ဘာဝနာကုသိုလ် အဖို့အစုကို ကျေးဇူးရှင် အမိအဘ အဘိုးအဘွား ဆွေမျိုးမိတ်သင်္ဂဟနှင့် အိမ်သူအိမ်သားအားလုံး၊ ဆွေမျိုးတော် မတော်သော ပြိတ္တာအားလုံး၊ ကိုယ်စောင့်နတ်၊ အိမ်စောင့်နတ်။ ခြံစောင့်နတ်၊ ရွာစောင့်နတ်၊ မြို့စောင့်နတ်၊ သာသနာတော်စောင့်နတ်၊ ဘုမ္မစိုး၊ ရုက္ခစိုး၊ အာကာသစိုး၊ အစရှိတဲ့ နတ်မြတ်နတ်ကောင်း နတ်အပေါင်းတို့အား လည်းကောင်း၊ ယမမင်းအား လည်းကောင်း အမျှပေးဝေပါ၏၊ အားလုံး ကြားကြားသမျှ အမျှရကြပါစေသတည်း၊ အမျှ … အမျှ … အမျှ ယူတော်မူကြပါကုန်လော့ - လို့ အမျှဝေရပါတယ်။

မေး။ ။ ကိုယ်ရပြီးတဲ့ ကုသိုလ်တွေကို အမျှပေးဝေလိုက်လို့ ကိုယ့်မှာ လျော့သွားပါသလား။

ဖြေ။ ။ မလျော့ပါဘူး။ ဆီမီးတစ်တိုင် ထွန်းထားရာမှာ အခြားဆီမီးတိုင်တွေက လာကူးထွန်းတဲ့အခါ မူလမီးတိုင်မှာ အလင်းရောင် လျော့မသွားတဲ့ပြင် နောက်ထပ်ကူးထွန်းတဲ့ မီးရောင်တွေ အကူအညီရလို့ ပိုပြီးတောင် လင်းလာသလို မူက ကုသိုလ်ရှင်မှာလဲ ကုသိုလ်မလျော့တဲ့အပြင် ပတ္တိဒါနကုသိုလ်တစ်ခု အပိုထပ်ပြီး ရပါသေးတယ်။ ဒါကြောင့် ကုသိုလ်ပြုပြီးရင် အမျှဝေဖို့ မမေ့ပါစေနဲ့။

မေး။ ။ အမျှဝေတိုင်း အမျှဝေခံရတဲ့လူအားလုံး ကုသိုလ်ဝေစု ရကြပါသလား။

ဖြေ။ ။ အဝေခံရသူအားလုံး မရပါဘူး။ အမျှဝေသံကို ကြားရပြီး ဝမ်းမြောက်ဝမ်းသာ သာဓု-သာဓု-သာဓု ကောင်းပေစွ၊ ကောင်းပေစွ၊ ကောင်းပေစွလို့ သာဓုအနုမောဒနာ ခေါ်တဲ့ လူတွေသာ ရပါတယ်။ အမျှဝေတာကို မကြားရတဲ့သူ၊ ကြားသိရပေမယ့် သာဓု အနုမောဒနာ မခေါ်သူတွေကတော့ ကုသိုလ်ဝေစု မရကြပါဘူး။

မေး။ ။ ပြုလုပ်ထားတဲ့ ကုသိုလ်ကို အမျှဝေလို့ရတယ်။ လျော့မသွားဘူး။ သာဓုခေါ်တဲ့လူမှာလဲ ကုသိုလ်ထပ်ရတဲ့ သာဓက ရှိပါသလား။

ဖြေ။ ။ ရှိပါတယ်။ ဓမ္မပဒ သုမနသာမဏေ ဝတ္ထုမှာ ပြထားပါတယ်။ အန္နဘာရဟာ သုမနသူဌေးအိမ်မှာ မြက်ထမ်းသမား တစ်ယောက် ဖြစ်ပါတယ်။ အန္နဘာရဟာ မြက်ထမ်းသွားရင်း ဥပရိဋ္ဌပစ္စေက ဗုဒ္ဓါကို တွေ့ရပါတယ်။ ဆွမ်းလောင်းပြီး ဆုတောင်းတဲ့အခါ သုမနသူဌေးအိမ်မှာ စောင့်တဲ့ ထီးချက်စောင့် နတ်သမီးက သာဓုခေါ်ပါတယ်။ သုမနသူဋ္ဌေးကလဲ ကုသိုလ်မြဲသူ ဖြစ်ပါတယ်။ သာဓုခေါ်သံကြားတော့ သုမနသူဌေးက သူ့ကောင်းမှုကို သာဓုခေါ်တယ် ထင်ပြီး ခါတိုင်း ကောင်းမှုပြုတာ သာဓုမခေါ်ဘဲ အခုမှ ဘာဖြစ်လို့ သာဓုခေါ်သလဲလို့ မေးပါတယ်။

ထီးချက်စောင့်နတ်က သူဌေးရဲ့ ကောင်းမှုကို သာဓုခေါ်တာ မဟုတ်၊ အန္နဘာရ မြက်ထမ်းသမားရဲ့ ကောင်းမှုကို သာဓုခေါ်တဲ့အကြောင်း ပြောပြတယ်။ သုမနသူဋ္ဌေးက မြက်ထမ်းသမားကို ခေါ်မေးပြီး ဒီကုသိုလ်ကို သူ့ကိုရောင်းဖို့ ပြောတယ်။ မြက်ထမ်းသမားက မရောင်းဘူး။ ဒါဖြင့် အမျှဝေပါလို့ ပြောတော့ မြက်ထမ်းသမားဟာ ပစ္စေကဗုဒ္ဓါဆီ လိုက်ပြီး အမျှပေးဝေလိုက်လျှင် သူ့ဆီမှာ ကုသိုလ်လျော့သွားမလားလို့ မေးပါတယ်။ ပစ္စေကဗုဒ္ဓါက အိမ်တစ်အိမ်က ဆီမီးတိုင်ကို ကျန်အိမ်တွေက လာညှိထွန်းတဲ့အတွက် မူလမီးတိုင်မှာ အလင်းမလျော့ဘဲ အလင်းတွေ ပွားလာသလိုပါပဲ၊ အမျှဝေလို့ ဝေသူမှာ ကုသိုလ်မလျော့ဘဲ သာဓုခေါ်သူမှာ ကုသိုလ်ရကြောင်း ဟောလိုက်တော့ ကုသိုလ်ကို အမျှဝေပါတယ်။ သုမနသူဌေးက ငွေ ၁၀၀၀ ပေးပါတယ်။ မြက်ထမ်းသမားက ကုသိုလ်ကို ရောင်းစားတာ မဟုတ်၊ စေတနာနဲ့ ပေးဝေခြင်းဖြစ်လို့ မယူလိုကြောင်း ပြောတော့ သူဋ္ဌေးကလဲ ကျေးဇူးတင်လို့ ပူဇော်တဲ့အနေနဲ့ ပေးတာဖြစ်တယ်လို့ ပြောတယ်။ အခြားသူဋ္ဌေးတွေက ကုသိုလ်ကို သာဓုခေါ်ပြီး ငွေတွေ ပေးလိုက်ကြတာ မြက်ထမ်းသမားဟာ သူဌေးဖြစ်သွားတယ်။

ဒါကတော့ ကုသိုလ်ကို အမျှဝေလို့ရတယ်။ သာဓုခေါ်ရင် ကုသိုလ်ရတယ်ဆိုတဲ့ သာဓကပဲ ဖြစ်တယ်။

မေး။ ။ ဒါနပြုပြီးနောက် ကုသိုလ်ကို ရောင်းလို့ ဝယ်လို့ ရပါသလား။

ဖြေ။ ။ ဒါနကုသိုလ်ကို ရောင်းလို့ ဝယ်လို့ ရပါတယ်။ ပေးလို့ ကမ်းလို့လဲ ရပါတယ်။ ရောင်းသူ ပေးသူ လျော့မသွားဘဲ ခံယူသူ ဝယ်သူမှာတော့ ကုသိုလ်ရပါတယ်။ သာဓကပြရရင် ဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်က သာဝတ္ထိပြည်သူ ပြည်သားတွေဟာ ဘုရားရှင်နဲ့ သံဃာတော်တွေကို မိမိတတ်နိုင်သလောက် ၁-ပါး၊ ၂-ပါး၊ ၅-ပါး၊ ၁၀-ပါး စသည် တာဝန်ယူပြီး စာရေးတံ ဆွမ်းပင့်ဖိတ်ပြီး ဆွမ်းကပ်ကြတယ်။ မြို့ထဲမှာ အလွန်တရာ ဆင်းရဲတဲ့အတွက် မဟာဒုဂ္ဂတလို့ ခေါ်တဲ့ မြန်မာတွေကတော့ မဟာဒုဂ်လို့ခေါ်တဲ့ ဆင်းရဲသား တစ်ယောက် ရှိတယ်။

အဲဒီ စာရေးတံဆွမ်းကျွေးပွဲမှာ မဟာဒုဂ်ဟာ ဘုရားရှင်ကို ဆွမ်းကပ်လှူခွင့် ရပါတယ်။ ဘုရင်မင်းမြတ်နဲ့ သူဌေးသူကြွယ်တွေဟာ မဟာဒုဂ်ဆီလာပြီး သူ့ရဲ့ကုသိုလ်ကို ရောင်းဖို့ စျေးအမျိုးမျိုးပေးပြီး ဝယ်ကြပါတယ်။ မဟာဒုဂ်က သူ့ရဲ့ကုသိုလ်ကို ရောင်းလိုက်ရင် လျော့ မလျော့ ဘုရားရှင်ကို သွားမေးပါတယ်။ ဘုရားရှင်က တန်ဖိုးငွေယူပြီး ရောင်းတာပဲဖြစ်ဖြစ်၊ တန်ဖိုးမယူဘဲ ပေးဝေတာပဲဖြစ်ဖြစ် မူလကုသိုလ်ရှင်မှာ လျော့မသွားဘူး။ အနုမောဒနာ ပြုသူတွေမှာတော့ ကုသိုလ်တွေ ထပ်တူထပ်မျှ ရတယ်လို့ ဟောတယ်။ မဟာဒုဂ်ဟာ တန်ဖိုးယူပြီး အမျှဝေတယ်။ သူဌေးသူကြွယ်တွေက ပိုက်ဆံပေးပြီး သာဓုခေါ်ကြတယ်။ ဒါကတော့ အမျှဝေရုံတွင်မက ပြုလုပ်ပြီးတဲ့ ကုသိုလ်ကို အမျှရောင်းလို့လဲ ရတယ်ဆိုတဲ့ သာဓကဖြစ်ပါတယ်။

မေး။ ။ အမျှဝေတဲ့အခါ ဘာဖြစ်လို့ ယမမင်းကို ထည့်ဝေရသလဲ။ ယမမင်းဆိုတာ ဘာလဲ။

ဖြေ။ ။ ယမမင်းဆိုတာက အကုသိုလ်ကံကြောင့် ငရဲကျခံရမယ့် သတ္တဝါတွေကို ငရဲဂိတ်ဝက လွတ်နိုင်မယ့် ကုသိုလ်ပြုဖူး မပြုဖူး စစ်ဆေးမေးမြန်းကာ ကုသိုလ်ကောင်းမှု ပြုဖူးသူဖြစ်ပါက ငရဲမှလွတ်ကာ လူ့ပြည်နတ်ပြည်သို့ တင်ပို့တဲ့ပုဂ္ဂိုလ်ကို ယမမင်းလို့ ခေါ်တယ်။ ငရဲမကျသင့်တဲ့သူတွေ မကျအောင် စစ်ဆေး ကယ်တင်သူ ဖြစ်တယ်။

ယမမင်းဟာ ငရဲကိုရောက်လာတဲ့ လူကို သူအို၊ သူနာ၊ သူသေ၊ ကလေးတွေကို တွေ့တဲ့အခါ တရားသံဝေဂရပြီး ကုသိုလ်ကောင်းမှု ပြုဖူး မပြုဖူး မေးပါတယ်။ ကုသိုလ်ကောင်းမှု တစ်ခုခုပြုဖူးတာကို သတိရပြီး ဖော်ပြနိုင်ရင် ငရဲက လွတ်ခွင့်ပြုပါတယ်။ ကုသိုလ်ကောင်းမှု ပြုစဉ်က ယမမင်းကို အမျှအတမ်း ပေးဝေမယ်ဆိုရင် ကုသိုလ်ပြုသူ ကာယကံရှင်က မေ့နေသည့်တိုင်အောင် အမျှဝေခြင်းခံရတဲ့ ယမမင်းကြီး ကိုယ်တိုင်က သတိရပြီး သင်ဟာ ဘယ်နေ့ ဘယ်ရက်က ဘယ်နေရာ ဘယ်လို ကောင်းမှုတွေကို ပြုလုပ်ပြီး ကျွန်ုပ် ယမမင်းကိုတောင် အမျှဝေခဲ့သေးတယ် မဟုတ်လားလို့ ထုတ်ဖော်သတိပေးပါတယ်။ ကိုယ်ပြုခဲ့တဲ့ ကုသိုလ်ကို ကိုယ်တိုင် မေ့နေရင်တောင်မှ ယမမင်းကြီးက သတိပေးနိုင်ဖို့အတွက် ကုသိုလ်ကောင်းမှု ပြုတိုင်း အမျှဝေတဲ့အခါတိုင်း ယမမင်းကြီးကို အမျှပေးဝေရမယ်လို့ ဥပရိပဏ္ဏာသ အဋ္ဌကထာမှာ ဖွင့်ပြထားပါတယ်။

သူကြွယ်တစ်ဦးဟာ မဟာစေတီကို မြတ်လေးပန်းကုံးတစ်ခု လှူပြီး ယမမင်းကြီးကိုပါ အမျှပေးဝေခဲ့ပါတယ်။ သေတဲ့အခါ အဲဒီကုသိုလ်ကို မေ့ပြီး ငရဲဂိတ်ဝကို ရောက်သွားတယ်။ ကုသိုလ်ကောင်းမှု လုပ်ခဲ့ဖူးတာကို သတိမရဘူး။ ဒီတော့ ယမမင်းကြီးက မြတ်လေးပန်း တစ်ကုံးကို မဟာစေတီကို ပူဇော်ပြီး ကျွန်ုပ် ယမမင်းကြီးကိုပါ အမျှဝေဖူးသေးတာပဲလို့ သတိပေးတော့မှ သတိရပြီး ငရဲက လွတ်သွားဖူးတယ်။ ဒါကြောင့် ကုသိုလ်ကောင်းမှု ပြုပြီးရင် အမျှဝေပါ။ ယမမင်းကို သီးခြားခေါ်ပြီး အမျှဝေပေးပါ။

မေး။ ။ ကွယ်လွန်သူ မိဘ၊ ဘိုးဘွား ဆွေမျိုးများကို ဘာဖြစ်လို့ အမျှဝေရသလဲ။

ဖြေ။ ။ လူတစ်ယောက်သေရင် ဘဝငါးမျိုးကို ရောက်နိုင်တယ်။ ၁- ငရဲ၊ ၂- တိရစ္ဆာန်၊ ၃- ပြိတ္တာ၊ ၄- အသူရကာယ်၊ ၅- လူ့ဘဝ၊ ၆- နတ်ပြည်ဆိုတဲ့ ဘဝငါးမျိုးကို ရောက်နိုင်တယ်။ ဒီဘဝ ငါးမျိုးအနက် ပြိတ္တာဘဝ ရောက်နေမယ်ဆိုရင် ကျန်တဲ့ဆွေမျိုးသားချင်းတွေက ကုသိုလ်ပြပြီး အမျှပေးဝေရင် အဲဒီဆွေမျိုး ပြိတ္တာတွေ ကြားသိပြီး သာဓုခေါ်နိုင်ရင် ပြိတ္တာဘဝက ကျွတ်လွတ်ပြီး ကောင်းရာသုဂတိ ရောက်နိုင်တယ်။

ကိုယ့်ရဲ့ မိဘ၊ ဘိုးဘွား၊ ဆွေမျိုးတွေဟာ ပြိတ္တာဘဝ ရောက်မယ် မရောက်ဘူးဆိုတာ အတတ် မပြောနိုင်ပေမယ့် တကယ်လို့များ ရောက်နေခဲ့သော် ကုသိုလ်အဖို့ကိုရပြီး ကောင်းရာသုဂတိ ရောက်ပါစေဆိုတဲ့ စေတနာ စိတ်ထားနဲ့ ကုသိုလ်ကောင်းမှု ပြုပြီးတိုင်း မိဘ၊ ဘိုးဘွား၊ ဆွေမျိုးတွေကို အမျှပေးဝေရမယ်။ ဒါကြောင့် သိင်္ဂါလောဝါဒသုတ် သားသမီးကျင့်ဝတ် ငါးပါးထဲမှာ အလှူဒါန ပြုပြီးတိုင်း ကွယ်လွန်သူ မိဘ၊ ဘိုးဘွား၊ ဆွေမျိုးတွေကို အမျှဝေရမယ်လို့ ဘုရားရှင်က ဟောထားတယ်။ ဒါနပြုပြီးတိုင်း ဆွေမျိုးပြိတ္တာတွေကို အမျှဝေကြပါ။

မေး။ ။ ပတ္တိဒါန အမျှပေးဝေပြီး ဘာဆက်လုပ်ပါသလဲ။

ဖြေ။ ။ အမျှပေးဝေပြီးရင် မိမိကဲ့သို့ ကုသိုလ်ကောင်းမှုပြုပြီး အမျှပေးဝေတဲ့ သူတော်ကောင်းတွေ ရှိတယ်။ အဲဒီ သူတော်ကောင်းတွေ ပေးဝေတဲ့ ပတ္တိဒါန အမျှဝေတဲ့ ကုသိုလ်ကို ဝမ်းမြောက်ဝမ်းသာ သာဓု အနုမောဒနာလို့ ခေါ်ရမယ်။ ဒီလို သာဓု အနုမောဒနာ ခေါ်တာကို ပုညကရိယဝတ္ထု ၁၀-ပါးထဲမှာ ပတ္တာနုမောဒနာလို့ ခေါ်တယ်။ အခု သူတစ်ပါးပြုတဲ့ ကုသိုလ်အဖို့ကို သာဓုခေါ်တဲ့အတွက် မူလကုသိုလ်ပြုသူနဲ့အတူ ကုသိုလ်ထပ်ရတယ်။

မေး။ ။ ပြိတ္တာတွေဟာ ကုသိုလ်ရှင်က အမျှဝေလို့ သာဓုခေါ်မှ ပတ္တာ နုမောဒနာ ကုသိုလ်ရသလား။ အမျှမဝေဘဲ ကောင်းမှု ကုသိုလ်ပြုတာကို မြင်ရ ကြားရလို့ သာဓုခေါ်ရင်ကော ပတ္တာနုမောဒနာ ကုသိုလ် ရပါသလား။

ဖြေ။ ။ ပြိတ္တာတွေဟာ ကုသိုလ်ကောင်းမှု ပြုတဲ့လူက အမျှပေးဝေလို့ သာဓုအနုမောဒနာခေါ်မှ ပတ္တာနုမောဒနာ ကုသိုလ်ရပါတယ်။ အမျှမဝေလဲ မြင်လို့ ကြားလို့ သာဓုခေါ်ရုံနဲ့ ပတ္တာနုမောဒနာ ကုသိုလ် မရပါဘူး။

သာဓက ပြရမယ်ဆိုရင်တော့ ဗိမ္ဗိသာရမင်းကြီးဟာ ဝေဠုဝန်ကျောင်းကို ဆောက်လုပ်ပြီး ဘုရားရှင်ကို လှူဒါန်းပါတယ်။ ကျောင်းအလှူ ရေစက်ချ ပွဲတော်ကြီးလဲ အကြီးအကျယ် ကျင်းပတယ်။ ဒီလို ကောင်းမှုပြုနေတာကို ရှေးယခင်က ဆွေမျိုးတော်ဖူးတဲ့ ပြိတ္တာတွေက တွေ့နေ မြင်နေရပါတယ်။ ဒါပေမယ့် ဗိမ္ဗိသာရမင်းကြီးက ဆွေမျိုး ပြိတ္တာတွေကို အမျှမဝေတဲ့အတွက် သာဓု မခေါ်ရပါဘူး။ ဒါကြောင့် ကျောင်းရေစက်ချပွဲကြီး ပြီးတဲ့ညမှာ ဆွေမျိုး ပြိတ္တာတွေက ကိုယ်ထင်ပြပြီး အသံတွေဆူညံ အော်ဟစ်ပါတယ်။ ဒါကို ဘုရားရှင်ကို သွားလျှောက်တော့ ဆွေမျိုးပြိတ္တာတွေက မင်းကြီးကို သတိပေးတာ ဖြစ်တယ်။ မင်းကြီး ကုသိုလ်ပြုပြီး အမျှမဝေလို့ သာဓုမခေါ်ရလို့ သူတို့ရှိကြောင်း သိအောင် သတိပေးတာဖြစ်တယ်လို့ မိန့်ပါတယ်။ ဒါနဲ့ မင်းကြီးက ဘုရားအမှူးရှိတဲ့ သံဃာတော်တွေကို ပင့်ပြီး ဆွမ်းသင်္ကန်း စသည် လှူဒါန်း ကုသိုလ်ပြုပြီးတော့ အမျှဝေပါတယ်။ ဒီတော့မှ သာဓုခေါ်ရလို့ ချမ်းသာသုခ ရကြတယ်လို့ ဓမ္မပဒမှာ ပြပါတယ်။

သိင်္ဂါလောဝါဒသုတ် သားသမီးကျင့်ဝတ် ငါးပါးမှာ ကုသိုလ်ကောင်းမှု ပြုပြီးရင် မိဘ ဘိုးဘွား ဆွေမျိုး ပြိတ္တာတွေကို အမျှဝေဖို့ ဝတ္တရားတစ်ခု ပါပါတယ်။ တကယ်လို့သာ ကျန်ရစ်တဲ့ သားသမီးက အမျှမဝေလဲ ဆွေမျိုးပြိတ္တာတွေက ကျန်ရစ်သူတွေ ကုသိုလ်ပြုတာကို စောင့်ကြည့်ပြီး သာဓုခေါ်လို့ရတယ်ဆိုရင် ဒီလိုအမျှဝေဖို့ တာဝန်ဝတ္တရားကို သီးသန့်ဖော်ပြမှာ မဟုတ်ပါဘူး။ စောင့်ကြည့် သာဓုခေါ်လို့ မရလို့သာ ဆွေမျိုးပြိတ္တာတွေကို အမျှဝေခိုင်းတာ ဖြစ်ပါတယ်။

ဒီသာဓကနှစ်ခုကို ကြည့်လိုက်ရင် ကုသိုလ်ပြုသူက အမျှမဝေဘဲ တွေ့မြင်ကြားသိလို့ သာဓုခေါ်ရုံနဲ့ ပတ္တာနုမောဒနာ မဖြစ်ဘူးလို့ မှတ်ပါ။

လောကသဘာဝယုတ္တိကို ကြည့်ရင်လဲ ပိုင်ရှင်က မပေးတဲ့ ပစ္စည်းကို လူတစ်ယောက်ဟာ ရယူပိုင်ခွင့် မရှိပါဘူး။ မူလပိုင်ရှင်က အမျှပေးဝေခြင်းမပြုဘဲ သာဓုခေါ်လို့ ပတ္တာနုမောဒနာ ကုသိုလ်ရဖို့ မရှိပါဘူး။

ဒါကြောင့် ကုသိုလ်ပြုသူအဖို့ အမျှအတမ်း ပေးဝေရတာဟာ ဘာမှာ ဝန်လေး ပင်ပန်းတဲ့ အလုပ်မဟုတ်ပေမယ့် ဆွေမျိုးပြိတ္တာတွေအဖို့ မစားရ မသောက်ရ အလွန်ဆင်းရဲလှတဲ့ ပြိတ္တာဘုံဘဝက လွတ်မြောက်ခြင်းဆိုတဲ့ မဟာချမ်းသာကြီးကို ရရှိစေနိုင်တဲ့အတွက် ဒါနပြုတိုင်း ကုသိုလ်ပြုပြီးတိုင်း ဆွေမျိုးပြိတ္တာတွေကို အမျှအတမ်းဝေကြဖို့ အထူးသတိပြုသင့်ကြပါတယ်။

မေး။ ။ ရိုးရိုးလူတွေဟာ ကုသိုလ်ရှင်က အမျှမဝေဘဲ ကုသိုလ်ပြုနေတာကို တွေ့ရ၊ ကြားရလို့ သာဓုအနုမောဒနာ ခေါ်ရင်ကော ကုသိုလ်ရပါသလား။

ဖြေ။ ။ အလှူရှင်က အမျှမဝေဘဲ သာဓုအနုမောဒနာ ခေါ်ရင်လဲ ကုသိုလ်တော့ ရပါတယ်။ အထက်မှာ ပြခဲ့တာက ပြိတ္တာတွေ လက်ငင်း အကျိုးခံစားခွင့် မရှိတာကို ပြခြင်း ဖြစ်ပါတယ်။ ကောသလမင်းကြီးမှာ အသဒိသအလှူ ဘယ်သူမှ ဘယ်တုန်းကမှ မလှူဖူးတဲ့၊ ဘုရားတစ်ဆူအတွင်း တစ်ကြိမ်သာ လှူနိုင်တဲ့ တစ်နေ့တည်း တစ်ဆယ့်လေးကုဋေကုန် အလှူကြီးကို ပေးလှူပါတယ်။ အဲဒီအလှူမှာ ကာဠအမတ်ကတော့ တစ်နေ့တည်း တစ်ဆယ့်လေးကုဋေ လှူပစ်တာ ငွေဖြုန်းတီးပစ်တာပဲ။ ဘာအကျိုးမှ ရှိမှာလဲ မဟုတ်ဘူး။ ဒီရဟန်းတွေကလဲ စားပြီး အိပ်ကြမှာပဲလို့ စိတ်ထဲမှာ မနာလို ဝန်တိုဖြစ်တယ်။ ဇုဏှအမတ်ကတော့ ဒီအလှူမျိုး ဘုရင်မို့သာ လှူနိုင်ပေတာပဲ။ ဒီအလှူရဲ့အဖို့ကို သတ္တဝါတွေ အမျှတော့ ပေးဝေမှာပါပဲ။ ငါလဲ ဒီကောင်းမှုကို ဝမ်းမြောက်ဝမ်းသာ သာဓုအနုမောဒနာ ခေါ်ပါတယ်လို့ ချီးကျူးတယ်။

ဒီအမတ်နှစ်ယောက်ရဲ့ အကြံကို ဘုရားရှင်ကသိတော့ ဒီအလှူရဲ့ အကျိုးတရားတွေကို ဟောရင် ကာဠအမတ်ဟာ ဦးခေါင်း ခုနစ်စိပ်ကွဲမယ်။ ဇုဏှအမတ်ကတော့ သောတာပန်တည်မယ်ဆိုတာကို မြင်တော့ ကာဠကို သနားသောအားဖြင့် ဒီအလှူတော်ကြီးရဲ့ အကျိုးတရားတွေ မဟောဘဲ ဘုရားရှင်က ကြွသွားတယ်။ ကောသလမင်းကြီးက တရားမချီးမြှင့်ဘဲ ကြွသွားလို့ စိတ်မကောင်းဘူး။ ဘုရားကျောင်းတော်ကို လိုက်ပြီး ဘာကြောင့် အနုမောဒနာတရား မဟောပါသလဲလို့ လျှောက်ထားတယ်။ ဘုရားရှင်က အမတ်နှစ်ယောက်ရဲ့ အကြံဖြစ်ပုံ၊ ကာဠ ဒုက္ခရောက်မှာမြင်လို့ မဟောပုံကို မိန့်ကြားတယ်။

ဘုရင်ကြီးက ကာဠအမတ်ကိုခေါ်ပြီး “မင်း ပိုက်ဆံမပါဘဲ ငါ့ပစ္စည်း ငါလှူတာ မင်း ဘာဖြစ်လို့ မနာလိုဝန်တို ရသလဲ” ဆိုပြီး တိုင်းပြည်က နှင်ထုတ်လိုက်တယ်။ အလှူကို ဝမ်းမြောက်ဝမ်းသာရှိတဲ့ ဇုဏှအမတ်ကိုတော့ ဘုရင့်ဘဏ္ဍာတော်တွေနဲ့ ၇ ရက်တိတိ အလှူပြုခွင့်ပေးတယ်။ ဒီတော့မှ ဘုရားရှင်က မင်းကြီး လူမိုက်တွေကတော့ သူတစ်ပါး အလှူပေးတာကို မနာလို ဝန်တိုဖြစ်ကာ အပါယ်ဒုဂ္ဂတိ ရောက်ရတယ်။ ပညာရှိ လူလိမ္မာတွေကတော့ သူများပြုတဲ့ အလှူတွေကို ဝမ်းမြောက်ဝမ်းသာ သာဓုအနုမောဒနာ ခေါ်ပြီး လူနတ်ချမ်းသာကို ခံစားရတယ်လို့ တရားဟောပါတယ်။ ဇုဏှအမတ်ဟာလဲ သောတာပန် တည်သွားပါတယ်။ ဒါကြောင့် သူများလှူတာကို မနာလိုဝန်တိုတဲ့ ကာဠအမတ်လို မမိုက်ကြဘဲ သူများအလှူကို ဝမ်းသာအားရ သာဓုခေါ်ပြီး ကုသိုလ်ဝေစု ရအောင် ယူနိုင်တဲ့ ဇုဏှအမတ်လို လူလိမ္မာ ပညာရှိတွေ ဖြစ်နိုင်ကြပါစေ။

မေး။ ။ ကိုယ်တိုင် ကောင်းမှုမပြုဘဲ သာဓုခေါ်ရုံနဲ့ ကုသိုလ်ဝေစု ရနိုင်ပါ့မလား။

ဖြေ။ ။ ရနိုင်ပါတယ်။ သီလာနိသံသဇာတ်မှာ သူတော်စင်ကုန်သည်ကြီးနဲ့ တပည့် နှာပိတဟာ သင်္ဘောပျက်ပြီး ပင်လယ်ထဲ ကျွန်းတစ်ခုပေါ် ရောက်နေရာမှ အရိယာကုန်သည်ကတော့ ဥပုသ်စောင့် မေတ္တာပို့တယ်။ နှာပိတကတော့ လိပ်ဥ ငှက်ဥတွေ ရှာစားနေတယ်။ နဂါးမင်းက လှေတစ်စင်း ဖန်ဆင်းပြီး သူတော်ကောင်း ကုန်သည်ကို ခေါ်တယ်။ ငှက်ဥ လိပ်ဥစားတဲ့ တပည့်ကိုတော့ မခေါ်နိုင်ဘူးလို့ ပြောတယ်။ ဒီအခါ ကုန်သည်က သူ့ရဲ့ ကုသိုလ်အဖို့ကို အမျှအတမ်း ပေးဝေတယ်။ တပည့်က သာဓုခေါ်တယ်။ ဒီတော့မှ နဂါးမင်းက တပည့်နှာပိတကိုလဲ လှေပေါ် တက်လိုက်ခွင့်ပြုတယ်။

ဝိသာခါ ကျောင်းအမကြီး ပုဗ္ဗာရုံကျောင်းကြီးကို ဆောက်လုပ် လှူဒါန်းပြီးတဲ့အခါ အမျှဝေတယ်။ အမျိုးသမီးတစ်ဦးဟာ ဝမ်းမြောက်ဝမ်းသာ အနုမောဒနာ ခေါ်တယ်။ သေတော့ နတ်ပြည်မှာ ခမ်းနားကြီးကျယ်တဲ့ ဗိမာန်ကြီးပိုင် နတ်သမီး ဖြစ်သွားတယ်။ အနုရုဒ္ဓါ နတ်ပြည်ရောက်လို့ ဘာဖြစ်လို့ ခမ်းနားကြီးကျယ်တဲ့ ဗိမာန်ပိုင်ရှင် ဖြစ်ရသလဲ မေးတဲ့အခါ ဝိသာခါရဲ့ ကျောင်းအလှူ အမျှဝေတဲ့အခါ သာဓုခေါ်ခဲ့ရလို့ ဖြစ်ကြောင်း လျှောက်ထားတယ်။

ဒါကြောင့် အမျှဝေလို့ ဝမ်းမြောက်ဝမ်းသာ သာဓုအနုမောဒနာ ခေါ်ရင် ကုသိုလ်ဝေစုကို ရနိုင်တယ်။ အကုန်အကျမများ၊ အလုပ်မပင်ပန်းဘဲ အလွယ်တကူ ကုသိုလ်ရနိုင်တဲ့ သာဓုခေါ်ခြင်း လုပ်ငန်းကို ယုံယုံကြည်ကြည် ပြုလုပ်သင့်ကြပါတယ်။

မေး။ ။ အမျှပေးဝေတဲ့အခါ ဘာဖြစ်လို့ ကြေးစည်တီးကြပါသလဲ။

ဖြေ။ ။ ကုသိုလ်ကောင်းမှု ပြုတဲ့အခါ ကိုယ့်မှာရပြီးတဲ့ ကုသိုလ်ကို အခြားသူတွေ ထပ်တူရဖို့ အမျှပေးဝေတယ်။ ပေးဝေရာမှာ ကိုယ့်ရဲ့အသံက သိပ်မကျယ်ဘူး။ အဝေးကကြားအောင် အကျယ်ကြီး အော်ပြောလို့လဲ ပတ်ဝန်းကျင်လူတွေမှာ အနှောင့်အယှက်ဖြစ်ဖို့ ရှိတယ်။ ဒါကြောင့် အမျှပေးဝေနေပါတယ်။ ဝမ်းမြောက်ဝမ်းသာ သာဓုအနုမောဒနာ ခေါ်ကြပါလို့ တိုက်တွန်းတဲ့အနေနဲ့၊ အသံပေးတဲ့အနေနဲ့ အမျှဝေပြီးရင် ကြေးစည် တီးခတ်လေ့ ရှိပါတယ်။ ကြေးစည်သံ ကြားရင်လဲ ကြားရသူ ဗုဒ္ဓဘာသာတွေ သာဓု သာဓု သာဓုလို့ အနုမောဒနာ ပြုကြပါတယ်။ အမျှပေးဝေမှန်း သိရအောင်လို့ ကြေးစည်တီး ကြေညာခြင်း ဖြစ်ပါတယ်။

မေး။ ။ ပတ္တာနုမောဒနာ သာဓုအနုမောဒနာ ဘယ်လိုခေါ်ရသလဲ။

ဖြေ။ ။ သူတော်ကောင်း သူမြတ်လောင်းတို့ ပေးဝေသော ကုသိုလ်ကောင်းမှု၏ အဖို့ကို အကျွန်ုပ် ဝမ်းမြောက်ဝမ်းသာ သာဓုအနုမောဒနာ ခေါ်ဆိုပါ၏၊ သာဓု သာဓု သာဓုလို့ အနုမောဒနာ ပြုရမယ်။

+++++++++++++++++++++++