အမျိုးသားစာကြည့်တိုက်ဥပဒေ

From Wikisource
Jump to navigation Jump to search
အမျိုးသားစာကြည့်တိုက်ဥပဒေ  (2020) 
by ဝင်းမြင့်


အမျိုးသားစာကြည့်တိုက်ဥပဒေ

(၂၀၂၀ ပြည့်နှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁၄။)

၁၃၈၂ ခုနှစ်၊ ဝါခေါင်လဆန်း ၈ ရက်

(၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၂၆ ရက်)


ပြည်ထောင်စုလွှတ်တော်သည် ဤဥ‌ပဒေကို ပြဋ္ဌာန်းလိုက်သည်။

အခန်း (၁) အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက်[edit]

၁။ ဤဥပဒေကို အမျိုးသားစာကြည့်တိုက်ဥပဒေဟု ခေါ်တွင်စေရမည်။

၂။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက် စေရမည် -

(က) အမျိုးသားစာကြည့်တိုက် ဆိုသည်မှာ ဝန်ကြီးဌာနက ဤဥပဒေအရ တည်ထောင်သည့် အမျိုးသားစာကြည့်တိုက်ကို ဆိုသည်။ ယင်းစကားရပ်တွင် ဤဥပဒေမပြဋ္ဌာန်းမီက တည်ထောင်ဖွင့်လှစ် ခဲ့သော အမျိုးသားစာကြည့်တိုက်များလည်း ပါဝင်သည်။
(ခ) အမျိုးသားစာကြည့်တိုက်ခွဲ ဆိုသည်မှာ သက်ဆိုင်ရာ အမျိုးသားစာကြည့်တိုက်၏ ကြီးကြပ် အုပ်ချုပ်မှုအောက်တွင်ရှိသည့် စာကြည့်တိုက်များကို ဆိုသည်။
(ဂ) စာပေအနုပညာပစ္စည်း ဆိုရာတွင် ပေစာ၊ ပုရပိုက်စာ၊ လက်‌ရေးစာ၊ လက်နှိပ်စက်မူ၊ စာအုပ်၊ သတင်းစာ၊ မဂ္ဂဇင်း၊ ဂျာနယ်၊ လက်ကမ်းစာစောင်၊ မြေပုံ၊ မိုက်ကရိုဖလင်၊ ဂီတသင်္ကေတများ၊ ဓာတ်ပုံများ၊ ရုပ်ရှင်ဖလင်များ၊ ဓာတ်ပြားများ၊ ဗီဒီယိုနှင့် အသံသွင်းတိပ်ခွေများ၊ စာရွက်၊ ဖလင်၊ အီလက်ထရွန်းနစ်နှင့် အခြားပစ္စည်းများကို အသုံးပြု၍ မှတ်တမ်းတင်ထားသော ပစ္စည်းများ၊ ယင်းတို့ကို ပြန်လည်ပြုပြင်ထုတ်လုပ်ထားသော ပစ္စည်းများ အပါအဝင် ပုံစံအမျိုးမျိုးဖြင့် ရေးသား၊ ပုံနှိပ်၊ ရေးထွင်း၊ ရေးဆွဲ၊ အသံသွင်း ထားသော စာပေအနုပညာနှင့် သက်ဆိုင်သည့်ပစ္စည်းများ ပါဝင်သည်။
(ဃ) ဝန်ကြီးဌာန ဆိုသည်မှာ ပြည်ထောင်စုအစိုးရ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနကို ဆိုသည်။
(င) ဦးစီးဌာန ဆိုသည်မှာ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက် ဦးစီးဌာနကို ဆိုသည်။
(စ) ကြီးကြပ်မှုအဖွဲ့ ဆိုသည်မှာ ဤဥပ‌ဒေအရ ဖွဲ့စည်းထားသည့် အမျိုးသားစာကြည့်တိုက် ကြီးကြပ်မှု အဖွဲ့ကို ဆိုသည်။
(ဆ) ထုတ်ဝေစာ ဆိုသည်မှာ လက်ရေးစာ၊ ပုံနှိပ်စာ၊ အီလက်ထရွန်းနစ်နှင့် အခြားနည်းပညာတစ်ရပ်ရပ် ဖြင့် ဖန်တီး၍ ထုတ်ဝေလိုက်သည့်စာတို့အပြင် ယင်းတို့နှင့်အမျိုးအစားတူသည် ဖြစ်စေ၊ မတူသည်ဖြစ်စေ ထင်ရှားမြင်သာသော ပုံသဏ္ဌာန်ရှိသည့်အရာ သို့မဟုတ် ပုံအားဖြင့်သော်လည်းကောင်း၊ သဏ္ဌာန်အားဖြင့် သော်လည်းကောင်း၊ အခြားနည်းလမ်းအားဖြင့်သော်လည်းကောင်း စကားလုံးများကိုဖြစ်စေ၊ အတွေး အခေါ်များကိုဖြစ်စေ သိရှိစေနိုင်သည့်အရာများနှင့် သတင်းစာ၊ စာစောင်၊ ဂျာနယ်၊ မဂ္ဂဇင်းနှင့် စာအုပ်များကို ဆိုသည်။
(ဇ) ထုတ်ဝေသူ ဆိုသည်မှာ ထုတ်ဝေစာတစ်ခုခုကို စီးပွားရေးအကျိုးအမြတ်ရယူ၍သော်လည်းကောင်း၊ မရယူဘဲသော်လည်းကောင်း ထုတ်ဝေသည့်သူကို ဆိုသည်။ ယင်းစကားရပ်တွင် ထုတ်ဝေသည့် လုပ်ငန်း လုပ်ကိုင်သူနှင့်စပ်လျဉ်းသည့် အစုစပ် (Partnership)၊ ကုမ္ပဏီ (Company)၊ မိသားစုလုပ်ငန်း (Family Business) သို့မဟုတ် အသင်းအဖွဲ့၏ သက်ဆိုင်ရာ စီမံအုပ်ချုပ်သော အစုရှင်၊ ဥက္ကဋ္ဌ၊ မန်နေဂျင်းဒါရိုက်တာ၊ အတွင်းရေးမှူး သို့မဟုတ် တာဝန်ခံပုဂ္ဂိုလ်လည်း ပါဝင်သည်။

အခန်း (၂) ရည်ရွယ်ချက်[edit]

၃။ ဤဥပဒေ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်း ဖြစ်သည်-

(က) အမျိုးသားစာကြည့်တိုက်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ပီပြင်စွာဆောင်ရွက်နိုင်ရန်၊
(ခ) အမျိုးသားစာကြည့်တိုက်များကို အများပြည်သူ လေ့လာသုတေသနပြု အသုံးပြုနိုင်ရေး အတွက် နိုင်ငံ၏စာပေအသိဉာဏ် အမွေအနှစ်များကို စုဆောင်းထိန်းသိမ်းသည့် မြန်မာ့အမျိုးသားစာပေစု အမွေအနှစ်ဗဟိုဌာန ဖြစ်လာစေရန်၊
(ဂ) ပြည်တွင်းထုတ် ထုတ်ဝေစာများနှင့်ပတ်သက်သော အကြောင်းအရာ အချက်အလက်များကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နိုင်ငံတကာ စံချိန်စံညွှန်းနှင့်အညီ ဖြစ်စေရန်၊
(ဃ) ပြည်တွင်းပြည်ပမှ စာကြည့်တိုက်များ၊ စာကြည့်တိုက် အသင်းအဖွဲ့များနှင့် ဆက်သွယ်၍ စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရန်။

အခန်း (၃) ကြီးကြပ်မှုအဖွဲ့ ဖွဲ့စည်းခြင်းနှင့် ယင်း၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ[edit]

၄။ ဝန်ကြီးဌာနသည်-

(က) ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ ဌာနဆိုင်ရာများမှ စာကြည့်တိုက်ပညာ ကျွမ်းကျင်သူနှစ်ဦးနှင့် ခြောက်ဦးထက်မပိုသော စာကြည့်တိုက်ပညာ ပြင်ပကျွမ်းကျင်သူများက အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ အမျိုးသားစာကြည့်တိုက် ညွှန်ကြားရေးမှူး (စာကြည့်တိုက်မှူး) က အတွင်းရေးမှူးအဖြစ်လည်းကောင်း ပါဝင်သော အမျိုးသား စာကြည့်တိုက် ကြီးကြပ်မှုအဖွဲ့ကို ဖွဲ့စည်းရမည်။
(ခ) ပုဒ်မခွဲ (က) အရ ဖွဲ့စည်းသော ကြီးကြပ်မှုအဖွဲ့ကို လိုအပ်ပါက ပြင်ဆင်ဖွဲ့စည်းနိုင်သည်။

၅။ ကြီးကြပ်မှုအဖွဲ့၏ တာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) မြန်မာနိုင်ငံ၏ အမျိုးသားစာပေစု အမွေအနှစ်များကို စုဆောင်း၍ ခေတ်မီနည်းပညာရပ်များဖြင့် ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် တိုးတက်ပြန့်ပွားစေရန် မူဝါဒများချမှတ်ခြင်း၊
(ခ) စာကြည့်တိုက်စာစုများ (Library Collections) တိုးပွားစေရေးနှင့် စာကြည့်တိုက်လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေရေးအတွက် ပြည်တွင်းပြည်ပမှ စာကြည့်တိုက်များ၊ စာကြည့်တိုက်အသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊
(ဂ) ပြည်တွင်းရှိ စာကြည့်တိုက်များကို စာကြည့်တိုက်လုပ်ငန်းဆိုင်ရာ ဦးဆောင်မှုများပေးခြင်း၊
(ဃ) အမျိုးသားစာကြည့်တိုက်၏ ဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုတိုးတက်မြင့်မား၍ စွမ်းဆောင်ရည် ပြည့်ဝစေရန် မူဝါဒများချမှတ်ခြင်းနှင့် ကြီးကြပ်လမ်းညွှန်ခြင်း၊
(င) နိုင်ငံတော်အတွင်း စာကြည့်တိုက်အသုံးပြုမှုတိုးတက်ရေးနှင့် စာဖတ်စွမ်းရည်မြင့်မားရေးအတွက် အမျိုးသားစာကြည့်တိုက်များကို လိုအပ်သည့် လမ်းညွှန်မှုများပေးခြင်း။

၆။ ကြီးကြပ်မှုအဖွဲ့၏ လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) ပြည်တွင်း၌ ထုတ်ဝေသော စာပေအနုပညာပစ္စည်းများကို ဥပဒေနှင့်အညီ ရယူထိန်းသိမ်းခြင်း (National Depository)၊
(ခ) စာကြည့်တိုက်ဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပြည်တွင်းပြည်ပစာကြည့်တိုက်များ၊ စာကြည့်တိုက် အဖွဲ့အစည်းများနှင့် သဘောတူစာချုပ်များချုပ်ဆိုခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း လုပ်ငန်းများကို ဝန်ကြီး ဌာန၏ သဘောတူခွင့်ပြုချက်အရ ဆောင်ရွက်ခြင်း၊
(ဂ) ပြင်ပသို့ ရောက်ရှိနေသော အမျိုးသားစာကြည့်တိုက်ပိုင် စာပေအနုပညာပစ္စည်းများကို အမျိုးသား စာကြည့်တိုက်သို့ ပြန်လည်ပေးပို့ထိန်းသိမ်းနိုင်စေရန် ဆောင်ရွက်ခြင်း၊
(ဃ) ပြည်တွင်းပြည်ပရှိ အခြားစာကြည့်တိုက်ဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်း၊
(င) စာကြည့်တိုက်လုပ်ငန်း စွမ်းရည်မြင့်မားရေးအတွက် ပြည်တွင်းပြည်ပသင်တန်းများ၊ အလုပ်ရုံ ဆွေးနွေးပွဲများ၊ နှီးနှောဖလှယ်ပွဲများသို့ အမျိုးသားစာကြည့်တိုက် ဝန်ထမ်းများကို ရွေးချယ်စေလွှတ်ခြင်း။

အခန်း (၄) အမျိုးသားစာကြည့်တိုက် ဖွဲ့စည်းတည်ထောင်ခြင်း[edit]

၇။ ဝန်ကြီးဌာနသည် အမျိုးသားစာကြည့်တိုက်ကို အောက်ပါ ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းတည်ထောင် ရမည်-

(က) ပြည်တွင်းထုတ် ထုတ်ဝေစာများနှင့် ရှားပါးစာပေအနုပညာပစ္စည်းများ၊ လက်ရေးစာများ အားလုံးကို ပြည့်စုံအောင်စုဆောင်း၍ ပြည်တွင်းပြည်ပသုတေသီများနှင့် ပြည်သူလူထုတစ်ရပ်လုံး ရည်ညွှန်းကိုးကား အသုံးပြုနိုင်စေရန်၊
(ခ) ရှေးဟောင်းစာပေ၊ စာပေအနုပညာပစ္စည်းများ၊ နိုင်ငံတကာမှ ထုတ်ဝေသော မြန်မာနိုင်ငံနှင့် သက်ဆိုင်သည့်စာစုများ၊ တိုင်းရင်းသားလူမျိုးများဆိုင်ရာ စာစုများကို ပြည့်စုံအောင် စုဆောင်း၍ အမျိုးသား စာပေစုအဖြစ် ထိန်းသိမ်းစောင့်ရှောက်ရန်၊
(ဂ) စာကြည့်တိုက်လုပ်ငန်းများကို စာကြည့်တိုက်ပညာရပ်များနှင့်အညီ စနစ်တကျရှိစေရန်နှင့် ပိုမိုတိုးတက် အောင် ဆောင်ရွက်နိုင်ရန်။

၈။ (က) ဝန်ကြီးဌာနသည် နိုင်ငံတော်အတွင်း သင့်လျော်သည့် ဒေသတွင် အမျိုးသားစာကြည့်တိုက်ခွဲများ ဖွဲ့စည်းတည်ထောင်နိုင်သည်။

(ခ) ပုဒ်မခွဲ (က) အရ ဖွဲ့စည်းတည်ထောင်သော အမျိုးသားစာကြည့်တိုက်ခွဲများသည် သက်ဆိုင်ရာ အမျိုးသားစာကြည့်တိုက်၏ ကြီးကြပ်အုပ်ချုပ်မှုကို ခံယူရမည်။

အခန်း (၅) အမျိုးသားစာကြည့်တိုက်၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ[edit]

၉။ အမျိုးသားစာကြည့်တိုက်၏ တာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) နိုင်ငံတော်နှင့် သက်ဆိုင်သည့်စာစုများ၊ တိုင်းရင်းသားလူမျိုးများအားလုံး၏ စာပေအနုပညာ ပစ္စည်းများအပါအဝင် အမျိုးသားစာပေစု အမွေအနှစ်များကို စုဆောင်း၍ ခေတ်မီနည်းပညာရပ်များဖြင့် ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် တိုးတက်ပြန့်ပွားစေခြင်း၊
(ခ) ပညာရပ်အမျိုးမျိုးနှင့် ဘာသာစကားအမျိုးမျိုးမှ အသိပညာဗဟုသုတ တိုးပွားစေနိုင်သော၊ စာပေ ယဉ်ကျေးမှုနှင့် အမျိုးသားယဉ်ကျေးမှုအမွေအနှစ်များကို ထင်ဟပ်စေနိုင်သော၊ ဉာဏ်ရည်ဉာဏ်သွေးနှင့် တီထွင်ဖန်တီးမှုစွမ်းရည်ကို မြင့်မားစေနိုင်သော စာပေ အနုပညာပစ္စည်းများကို ရယူစုဆောင်းခြင်း၊
(ဂ) စာပေအနုပညာပစ္စည်းများဆိုင်ရာ ဝန်ဆောင်မှုများ ‌ဆောင်ရွက်ပေးခြင်း၊
(ဃ) စာကြည့်တိုက်များအတွက် စာကြည့်တိုက်စနစ်များနှင့် စာကြည့်တိုက်လုပ်ငန်းဆိုင်ရာ လမ်းညွှန်၊ လက်စွဲစာအုပ်များ ပြုစုထုတ်ဝေခြင်း၊
(င) စာကြည့်တိုက်လုပ်ငန်းနှင့် စာကြည့်တိုက်ဆိုင်ရာ အသိပညာ၊ အတတ်ပညာ ပြန့်ပွား‌ရေးအတွက် သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ စာတမ်းဖတ်ပွဲများ အပါအဝင် နည်းလမ်းအမျိုးမျိုးဖြင့် ဆောင်ရွက်ခြင်း၊
(စ) စာကြည့်တိုက်အသုံးပြုမှု မြင့်မားလာရေးနှင့် စာဖတ်စွမ်းရည် မြင့်မားလာရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊
(ဆ) အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း၊ အစိုးရမဟုတ်သောအဖွဲ့အစည်းသာမက နိုင်ငံတကာမှ စာကြည့်တိုက်များ၊ စာကြည့်တိုက်အသင်းအဖွဲ့များနှင့် ဆက်သွယ်၍ စာကြည့်တိုက် စာစုများ တိုးပွားစေရေးနှင့် စာကြည့်တိုက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊
(ဇ) ပြည်တွင်း၌ထုတ်ဝေမည့် စာပေအနုပညာပစ္စည်းများအတွက် စာကြည့်တိုက်သုံးကက်တလောက် (Cataloguing in Publication) ကို ပြုစုပေးခြင်း၊
(ဈ) ပြည်တွင်း၌ထုတ်ဝေမည့် စာအုပ်နှင့်စာနယ်ဇင်းများအတွက် နိုင်ငံတကာအသိအမှတ်ပြု စာအုပ်အမှတ် (International Standard Book Number-ISBN) နှင့် နိုင်ငံတကာအသိအမှတ်ပြု စာနယ်ဇင်းအမှတ် (International Standard Serial Number-ISSN) လုပ်ငန်းများကို ဆောင်ရွက်ပေးခြင်း။

၁၀။ အမျိုးသားစာကြည့်တိုက်၏ လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်း ဖြစ်သည်-

(က) ပြည်တွင်း၌ ထုတ်ဝေသော စာပေအနုပညာပစ္စည်းများကို ဥပဒေနှင့်အညီ ရယူထိန်းသိမ်းရေး (National Depository) ဆောင်ရွက်ခြင်း၊
(ခ) အမျိုးသားစာကြည့်တိုက်၏အဆောက်အအုံ၊ ပရိဘောဂနှင့် စာပေအနုပညာပစ္စည်းများကို သတ်မှတ်စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ အသုံးပြုခြင်း၊
(ဂ) အမျိုးသားစာကြည့်တိုက်က စုဆောင်းထိန်းသိမ်းရန် လိုအပ်မည့် စာပေအနုပညာပစ္စည်းများကို သတ်မှတ်ထားသော စာပေအနုပညာပစ္စည်း စုဆောင်းရေးမူဝါဒနှင့်အညီ ဝယ်ယူစုဆောင်းခြင်း၊ စနစ်တကျနေရာချထားခြင်း၊ ခေတ်မီနည်းပညာဖြင့် ထိန်းသိမ်းခြင်း၊ အများပြည်သူအသုံးပြုခွင့်ပေးခြင်း၊
(ဃ) ပြည်တွင်းပြည်ပမှစာကြည့်တိုက်များ၊ စာကြည့်တိုက်အသင်းအဖွဲ့များနှင့် စာပေအနုပညာပစ္စည်း လဲလှယ်ရေးအစီအစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊
(င) ပြည်တွင်းပြည်ပမှ စာကြည့်တိုက်များ၊ စာကြည့်တိုက်အသင်းအဖွဲ့များနှင့် စဉ်ဆက်မပြတ် ဆက်သွယ်၍ မြန်မာနိုင်ငံစာကြည့်တိုက်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး၊ စာကြည့်တိုက်မှူးများ အရည် အသွေး တိုးတက်မြင့်မား‌ရေးအတွက် သင်တန်းများ၊ ဟောပြောပွဲများ၊ ဆွေးနွေးပွဲများ၊ အလုပ်ရုံ ဆွေးနွေးပွဲများ၊ နှီးနှောဖလှယ်ပွဲများ ပြုလုပ်ခြင်း၊ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း။

အခန်း (၆) စာပေအနုပညာပစ္စည်းများ ရယူစုဆောင်းခြင်း[edit]

၁၁။ ကြီးကြပ်မှုအဖွဲ့သည် အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း၊ အစိုးရမဟုတ်သောအဖွဲ့အစည်း အပါအဝင် ပြည်တွင်း၌ထုတ်ဝေသော မည်သည့်စာပေအနုပညာပစ္စည်းကိုမဆို အမျိုးသားစာကြည့်တိုက်ပိုင် စာပေ အနုပညာပစ္စည်းအဖြစ် ရယူစုဆောင်းခြင်းနှင့်ထိန်းသိမ်းခြင်းတို့ကို ‌အောက်ပါရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ရမည်-

(က) စာပေအနုပညာပစ္စည်းများအား နိုင်ငံတော်၏ စာပေစုအမွေအနှစ်အဖြစ် စုဆောင်းခြင်း၊
(ခ) စုဆောင်းရရှိထားသည့် စာပေအနုပညာပစ္စည်းများ မပျောက်မပျက်စေရေးအတွက် ခေတ်မီ နည်းပညာများဖြင့် ပြုပြင်ထိန်းသိမ်းခြင်း၊
(ဂ) စာပေအနုပညာပစ္စည်းများ၏ ပြည့်စုံသော အမျိုးသားစာစုစာရင်း (National Bibliography) ကို ပြုစုထုတ်ဝေခြင်း။

၁၂။ (က) အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း၊ အစိုးရမဟုတ်သောအဖွဲ့အစည်း အပါအဝင် ထုတ်ဝေသူသည် နိုင်ငံတော်အတွင်း ထုတ်ဝေသမျှသော ပုံနှိပ်နှင့် ပုံနှိပ်မဟုတ်သော စာပေအနုပညာပစ္စည်းများကို ထုတ်ဝေရောင်းချမည့် အရည်အသွေးအတိုင်း ပြည့်စုံစွာပါဝင်စေလျက် ထုတ်ဝေသည့်နေ့မှ တစ်လ အတွင်း ငါးအုပ်၊ ငါးစောင် သို့မဟုတ် ငါးခုကို အမျိုးသားစာကြည့်တိုက်သို့ အခမဲ့‌ပေးပို့ရမည်။

(ခ) ပုဒ်မခွဲ (က) အရ ဆောင်ရွက်ရန် ပျက်ကွက်သဖြင့် စီမံခန့်ခွဲမှု ပြစ်ဒဏ်စီရင်ခြင်းခံရပြီးဖြစ်စေကာမူ ထုတ်ဝေသူသည် ၎င်းပေးပို့ရန် ပျက်ကွက်သော စာပေအနုပညာပစ္စည်းကို မူလအတိုင်းဖြစ်စေ၊ ပြန်လည် ပုံနှိပ်ထုတ်ဝေ၍ဖြစ်စေ ပုဒ်မခွဲ (က) တွင် သတ်မှတ်ထားသည့် အရေအတွက်အတိုင်း အမျိုးသား စာကြည့်တိုက်သို့ပေးပို့ရမည်။

၁၃။ အမျိုးသားစာကြည့်တိုက်သည် လိုအပ်ပါက ပုဒ်မ ၁၂၊ ပုဒ်မခွဲ (က) အရ ပေးပို့သော စာပေအနုပညာ ပစ္စည်းများအနက် နိုင်ငံတော်နှင့်နိုင်ငံသားများအကျိုးအတွက် အရေးကြီးသော စာပေအနုပညာပစ္စည်း များကို ရွေးချယ်သတ်မှတ်ပြီး စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေပါ ပြဋ္ဌာန်းချက်များကို မဆန့်ကျင်စေဘဲ အသွင်ပြောင်းလဲ၍ အမျိုးသားစာကြည့်တိုက်တွင် ရေရှည်တည်တံ့စေရန် ထိန်းသိမ်းနိုင်သည်။

၁၄။ အမျိုးသားစာကြည့်တိုက်သည် ပုဒ်မ ၁၂၊ ပုဒ်မခွဲ (က) အရ ပေးပို့သော စာပေအနုပညာ ပစ္စည်းများကို အောက်ပါအတိုင်း ဆောင်ရွက်ရမည်-

(က) စနစ်တကျ ပြုပြင်ထိန်းသိမ်းခြင်း၊
(ခ) တိုက်ပိုင်မှတ်ပုံတင်စာရင်း သီးခြားထားရှိ၍ ရေးသွင်းမှတ်တမ်းတင်ခြင်း၊
(ဂ) အမျိုးသားစာပေစု အမွေအနှစ်အဖြစ် ထိန်းသိမ်းနိုင်ရေးအတွက် စာပေအနုပညာပစ္စည်းများ၏ တစ်မျိုးစီကို အမြဲတမ်းသိမ်းဆည်းခြင်း၊
(ဃ) အမျိုးသားစာစုစာရင်းကို ပြုစုထုတ်ဝေခြင်း။

အခန်း (၇) စီမံခန့်ခွဲရေးနည်းလမ်းအရအရေးယူခြင်း[edit]

၁၅။ ကြီးကြပ်မှုအဖွဲ့သည် -

(က) အမျိုးသားစာကြည့်တိုက် သို့မဟုတ် အမျိုးသားစာကြည့်တိုက်ခွဲပိုင် စာပေအနုပညာပစ္စည်းများကို ခွင့်ပြုချက်မရှိဘဲ အမျိုးသားစာကြည့်တိုက် သို့မဟုတ် အမျိုးသားစာကြည့်တိုက်ခွဲ၏ပြင်ပသို့ ယူဆောင်သူကို ကျပ်တစ်ဆယ်သိန်း ဒဏ်ကြေးချမှတ်ရမည်။
(ခ) အမျိုးသားစာကြည့်တိုက် သို့မဟုတ် အမျိုးသားစာကြည့်တိုက်ခွဲပိုင် စာပေအနုပညာပစ္စည်းများကို ခွင့်ပြုချက်မရှိဘဲ တစ်နည်းနည်းဖြင့် မိတ္တူကူးယူခြင်း၊ မူပွားခြင်း၊ အသွင်ပြောင်းကူးယူခြင်း၊ ထုတ်ဝေခြင်း သို့မဟုတ် ဖြန့်ချိခြင်း ပြုလုပ်သူကို ကျပ်တစ်ဆယ်သိန်း ဒဏ်ကြေးချမှတ်ရမည်။
(ဂ) စာပေအနုပညာပစ္စည်းများကို ပုဒ်မ ၁၂၊ ပုဒ်မခွဲ (က) ပါ သတ်မှတ်ချက်နှင့်အညီ ပေးပို့ရန် ပျက်ကွက်သည့် အစိုးရမဟုတ်သောအဖွဲ့အစည်း သို့မဟုတ် ထုတ်ဝေသူကို ကျပ်သုံးသိန်း ဒဏ်ကြေး ချမှတ်ရမည်။

၁၆။ ကြီးကြပ်မှုအဖွဲ့သည်-

(က) ပုဒ်မ ၁၅ အရ ချမှတ်ထားသည့် ဒဏ်ကြေးငွေများကို ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေသို့ ပေးသွင်းရမည်။
(ခ) ပုဒ်မ ၁၅ အရ ချမှတ်ထားသည့် ဒဏ်ကြေးငွေများကို ပေးဆောင်ခြင်းမရှိသည့် မည်သူ့ကိုမဆို သက်ဆိုင်ရာဥပဒေများနှင့်အညီ အရေးယူနိုင်ရန် ဆက်လက်ဆောင်ရွက်ရမည်။

အခန်း (၈) အထွေထွေ[edit]

၁၇။ ဝန်ကြီးဌာနသည် အမျိုးသားစာကြည့်တိုက်တွင် ထားရှိသင့်သည်ဟု ကြီးကြပ်မှုအဖွဲ့က သဘောတူ ဆုံးဖြတ်သော မည်သည့်စာပေအနုပညာပစ္စည်းကိုမဆို မူလပိုင်ရှင်၏ခွင့်ပြုချက်ဖြင့် ကူးယူ၍ဖြစ်စေ၊ သင့်လျော်သောနှုန်းဖြင့် ဝယ်ယူ၍ဖြစ်စေ၊ အခမဲ့ဖြစ်စေ အမျိုးသားစာကြည့်တိုက်သို့ လွှဲပြောင်းထိန်းသိမ်း စေရန် ဆောင်ရွက်နိုင်သည်။

၁၈။ နိုင်ငံ့ဝန်ထမ်းမဟုတ်သော ကြီးကြပ်မှုအဖွဲ့ဝင်များသည် ဝန်ကြီးဌာနက ဘဏ္ဍာရေးစည်းမျဉ်းများနှင့် အညီ ခွင့်ပြုသော စရိတ်နှင့် ချီးမြှင့်ငွေများကို ခံစားခွင့်ရှိသည်။

၁၉။ ဦးစီးဌာနသည် ကြီးကြပ်မှုအဖွဲ့၏ ရုံးလုပ်ငန်းကိစ္စများကို တာဝန်ယူဆောင်ရွက်ရမည်ဖြစ်ပြီး ကြီးကြပ်မှုအဖွဲ့၏ အသုံးစရိတ်များကိုလည်း ကျခံရမည်။

၂၀။ ဤဥပဒေပါပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်-

(က) ဝန်ကြီးဌာနသည် နည်းဥပဒေ၊ စည်းမျဉ်းနှင့်စည်းကမ်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။
(ခ) ဝန်ကြီးဌာနနှင့် ကြီးကြပ်မှုအဖွဲ့တို့သည် အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံး လုပ်နည်းများကို ထုတ်ပြန်နိုင်သည်။


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

(ပုံ) ဝင်းမြင့်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်