အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ကြေညာချက်အမှတ် ၁/၂၀၂၃

From Wikisource
Jump to navigation Jump to search
ကြေညာချက်အမှတ် ၁/၂၀၂၃  (2023) 
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ
ကြေညာချက်အမှတ် ၁/၂၀၂၃
၁၃၈၄ ခုနှစ်၊ တပို့တွဲလဆန်း ၁၂ ရက်
(၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်)

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး (၁/၂၀၂၃) ကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့ (၁၀၀၀) နာရီတွင် ကျင်းပခဲ့သည်။ အစည်းအဝေးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုများကို တာဝန်ရှိသူများကဖြေရှင်း ပေးခဲ့ခြင်းမရှိဘဲ နိုင်ငံတော်အာဏာကို အဓမ္မနည်းဖြင့်ရယူရန် ကြိုးပမ်းဆောင်ရွက်ခဲ့မှုများကြောင့် နိုင်ငံတော်တစ်ဝန်းလုံးကို အရေးပေါ်အခြေအနေ ကြေညာခဲ့ရသည်အထိ ဖြစ်ပွားခဲ့သည့် အခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုများနှင့်စပ်လျဉ်း၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အသစ်ဖွဲ့စည်း၍ မဲစာရင်းစစ်ဆေးခဲ့မှုနှင့် တွေ့ရှိမှုအခြေအနေများ၊ မဲမသမာမှုများတွင် တာဝန်ရှိသူများကို အရေးယူဆောင်ရွက်ခဲ့မှု အခြေအနေများ၊ NLD ပါတီဥက္ကဋ္ဌနှင့် သမ္မတဟောင်းတို့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အပေါ် တိုက်ရိုက်နှင့် သွယ်ဝိုက်ဖိအားပေးဆောင်ရွက်မှု အခြေအနေများ၊ မဲစာရင်းများမှန်ကန်မှုရှိစေရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးသည့် အခြေအနေများ၊ ကိုဗစ် ၁၉ ရောဂါ ကာကွယ်ရေးနှင့် ကုသရေးအခြေအနေများ၊ ကာကွယ်ဆေးထိုးနှံပေးမှု အခြေအနေများ၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ပေးခဲ့သည့် အခြေအနေများ၊ ထာဝရငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ခဲ့သည့် အခြေအနေများ၊ ရွေးကောက်ပွဲအတွက် စီစဉ်ဆောင်ရွက်ခဲ့သည့် အခြေအနေများ၊ ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့သည့် အခြေအနေ များ၊ မူးယစ်ဆေးဝါးဖော်ထုတ်ဖမ်းဆီးရမိမှု အခြေအနေများ၊ နိုင်ငံတော်နှင့်နိုင်ငံ့ကောင်းကျိုးကို ထူးချွန်ပြောင်မြောက်စွာ တာဝန်ထမ်းဆောင် နိုင်ခဲ့သူများကို ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်ပေးခဲ့သည့် အခြေအနေများ၊ အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH ၊ NUG နှင့် ၎င်းတို့၏လက်ဝေခံ PDF များက အကြမ်းဖက် အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်နေသည့် အခြေအနေများ၊ CRPH၊ NUG နှင့်၎င်းတို့၏လက်ဝေခံ PDF များ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် အပြစ်မဲ့ပြည်သူများ သေဆုံး၊ ဒဏ်ရာရရှိမှုအခြေအနေများနှင့် နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင်ပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့ရသည့် အခြေအနေများ၊ CRPH၊ NUG နှင့် ၎င်းတို့၏လက်ဝေခံ PDF တို့က လက်ရှိအကြမ်းဖက်လုပ်ရပ်များ ဆက်လက်လုပ်ဆောင်လျက်ရှိပြီး နိုင်ငံတော်အာဏာကို ဆူပူသောင်းကျန်းမှုနှင့် အကြမ်းဖက်မှုနည်းလမ်းများဖြင့်ရယူရန် ကြိုးပမ်းလာခဲ့ကြသည့် အခြေအနေများနှင့် တိုင်းဒေသကြီးများ၊ ပြည်နယ်များ၏ လုံခြုံရေးအခြေအနေများကို တင်ပြခဲ့သည်။

၂။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တင်ပြချက်အပေါ် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်များက ဝိုင်းဝန်းသုံးသပ် ဆွေးနွေးခဲ့ကြပါသည်။ ယာယီသမ္မတအပါအဝင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအဖွဲ့ဝင်အားလုံးက နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းပြီး အဘက်ဘက်က ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးလျက်ရှိသော်လည်း နိုင်ငံတော် အား အလုံးစုံပျက်သုဉ်းစေလိုသည့် CRPH၊ NUG နှင့် ၎င်းတို့၏လက်ဝေခံ PDF တို့က အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်ခြင်း၊ အများပြည်သူ ဆိုင်ရာနေရာများကို အကြမ်းဖက်ဗုံးခွဲတိုက်ခိုက်ခြင်း၊ ပြည်သူများကို လက်နက်ကိုင်ခြိမ်းခြောက် အကျပ်ကိုင်ခြင်းတို့ကို သာမန်အခြေအနေထက်လွန်ကဲစွာ ပြုလုပ်လျက်ရှိပြီး နိုင်ငံတော်အာဏာကို ဆူပူသောင်းကျန်းမှုနှင့် အကြမ်းဖက်မှုနည်းလမ်းများဖြင့်ရယူရန် ကြိုးပမ်းလုပ်ဆောင်လျက်ရှိသည့် အခြေအနေရှိနေသေးဆဲဖြစ်ကြောင်း ဆွေးနွေးခဲ့ကြသည်။ သို့ပါ၍ သာမန်မဟုတ်သည့် အခြေအနေများ ဖြစ်ပေါ်နေမှုကြောင့် အရေးပေါ်ကာလကို သက်တမ်းတိုးမြှင့်ပေးမှသာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လုပ်ငန်းတာဝန်များ ပြီးမြောက်အောင်ဆောင်ရွက် နိုင်မည်ဖြစ်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၅ အရ နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေ ကြေညာထားသည့်ကာလအား ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ နောက်ထပ် (၆) လ သက်တမ်းတိုးမြှင့်လိုက်သည်။

၃။ အစည်းအဝေးသို့ ယာယီသမ္မတ ဦးမြင့်ဆွေ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ အထူးဖိတ်ကြားထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးတို့ တက်ရောက်ခဲ့ကြကြောင်းနှင့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ကျန်းမာရေးကြောင့် ခွင့်ပန်ကြားခဲ့ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။

ပုံ
မြင့်ဆွေ
ယာယီသမ္မတ