အဘိဏှဇာတ်

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၂၇။ အဘိဏှဇာတ်

ဧကကနိပါတ်-ကုရုင်္ဂဝဂ်

၇။ အဘိဏှဇာတ်

လွန်စွာ အကျွမ်းဝင်ကြသော တိရစ္ဆာန်နှစ်ခုတို့၏ အကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လူကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် နာလံ ကဗဠံ ပဒါတဝေ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤအဘိဏှဇာတ်ကို ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် တယောက်သော သီတင်းသည်ကို၎င်း မထေရ်ကြီးကို၎င်း အကြောင်းပြု၍ ဟောတော်မူ၏။ ဘသာဝတ္ထိပြည်၌ညနှစ်ယောက်ကုန်သောအဆွေခင်ပွန်းတို့သည် ရှိကုန်သတတ်၊ ထိုနှစ်ယောက်ကုန်သော အဆွေခင်ပွန်းတို့တွင် တယောက်သော အဆွေခင်ပွန်းသည် ရဟန်းပြု၍ တယောက်သော အဆွေခင်ပွန်း၏ လူ၏အိမ်သို့ နေ့တိုင်း နေ့တိုင်း သွား၏။ အဆွေခင်ပွန်းဖြစ်သော သီတင်းသည်သည် အဆွေခင်ပွန်းရဟန်းအား ဆွမ်းကိုလှူ၍ မိမိလည်း စား၍ ထိုရဟန်းနှင့်တကွ ကျောင်းသို့သွား၍ နေဝင်သည့်တိုင်အောင် ရှေးဦးစွာပြောခြင်း အတုံ့ပြောခြင်းဖြင့်နေ၍ မြို့သို့ဝင်၏။ အဆွေခင်ပွန်းရဟန်းသည်လည်း ထိုအဆွေခင်ပွန်း သီတင်းသည်ကို မြို့တံခါးတိုင်အောင် ပို့လိုက်၍ ပြန်ခဲ့၏။ ရဟန်းလူတို့၏ ထိုအကျွမ်းဝင်ခြင်းသည် ရဟန်းတို့ အတွင်း၌ ထင်ရှား၏။ ထိုအခါ တနေ့သ၌ ရဟန်းတို့သည် ထိုရဟန်းလူတို့၏ အကျွမ်းဝင်ခြင်းကို ပြောဆိုကုန်လျက် တရားသဘင်၌ နေကုန်၏။ မြတ်စွာဘုရားသည် ကြွတော်မူ၍ ရဟန်းတို့ ယခုအခါ သင်တို့သည် အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူ၏။ ထိုရဟန်းတို့သည် အရှင်ဘုရား ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော်လျှောက်ကုန်၏။ မြတ်စွာဘုရားသည် ရဟန်းတို့ ဤရဟန်းလူတို့သည် ယခုသာလျှင် အကျွမ်းဝင်သည် မဟုတ်သေး၊ ရှေး၌လည်း အကျွမ်းဝင်ဘူးကုန်သည်သာလျှင်တည်းဟု မိန့်တော်မူ၍ လွန်လေပြီးသော အကြောင်းကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုလတ်သော် ဘုရားလောင်းသည် ထိုမင်း၏အမတ်ဖြစ်၏။ ထိုအခါ တခုသောခွေးသည် ဆင်တင်းကုပ်သို့သွား၍ မင်္ဂလာဆင်၏ စားရာအရပ်၌ ကျကုန်သော ထမင်းလုံးတို့ကို စား၏။ ထိုခွေးသည် အစာကြောင့် အဆွေခင်ပွန်း ဖွဲ့လျက် မင်္ဂလာဆင်အား အကျွမ်းဝင်သည်ဖြစ်၍ ဆင်၏အထံ၌သာလျှင် စား၏။ နှစ်ခုကုန်သော သတ္တဝါတို့သည် ကင်း၍နေခြင်းငှာ မတတ်နိုင်ကုန်၊ မင်္ဂလာဆင်သည် ခွေးကို နှာမောင်းဖြင့် ယူ၍ တပြောင်းပြန်ပြန်ကစား၏။ မြှောက်၍ ဦးကင်း၌ တင်၏။ ထိုအခါ တနေ့သ၌ တယောက်သော ရွာ၌နေသောသူသည် ဆင်ထိန်းအား အဘိုးပေး၍ ထိုခွေးကိုယူ၍ မိမိရွာသို့သွား၏။ ထိုအခါမှစ၍ မင်္ဂလာဆင်သည် ခွေးကိုမမြင်သည်ဖြစ်၍ စားလည်းမစား သောက်လည်း မသောက် ရေလည်းမချိုး ထိုအကြောင်းကို မင်းအား လျှောက်ကုန်၏။ မင်းသည် ဘုရားလောင်းကို ပညာရှိ သွားချေ အဘယ့်ကြောင့် ဆင်သည် ဤသို့ပြုသနည်းဟု စုံစမ်းချေလောဟု စေ၏။

ဘုရားလောင်းသည် ဆင်တင်းကုပ်သို့သွား၍ ဆင်၏ နှလုံးမသာသည်၏အဖြစ်ကိုသိ၍ ဤဆင်၏ ကိုယ်၌ ရောဂါသည်မထင်၊ ထိုဆင်အား တစုံတခုသော သတ္တဝါနှင့်တကွ မိတ်ဖွဲ့သည်ဖြစ်ရာ၏။ ဤမင်္ဂလာဆင်သည် အကျွမ်းဝင်သောသတ္တဝါကို မမြင်ရ၍ စိုးရိမ်ခြင်း နှိပ်စက်လေယောင်တကားဟု နှလုံးသွင်း၍ ဆင်ထိန်းတို့ကို ဤဆင်အား တစုံတခုသော သတ္တဝါနှင့် အကျွမ်းဝင်သည် ရှိသလာဟု မေး၏။ အရှင်ရှိ၏။ တခုသော ခွေးနှင့်တကွ အားကြီးစွာသော ချစ်ခြင်းသည်ဖြစ်၏ဟု ဆို၏။ ထိုခွေးသည် ယခု အဘယ်မှာနည်းဟု မေး၏။ တယောက်သော လူသည် ဆောင်အပ်၏ဟု ဆို၏။ ထိုသူ၏ နေရာအရပ်ကို သိကြကုန်၏လောဟု မေး၏။ အရှင်အကျွန်ုပ်တို့ မသိကုန်ဟု ဆို၏။ ဘုရားလောင်းသည် မင်းအထံသို့သွား၍ ရှင်မင်းကြီး မင်္ဂလာဆင်အား တစုံတခုသောအနာသည် မရှိ၊ တခုသော ခွေးနှင့်တကွ အားကြီးသော အကျွမ်းဝင်ခြင်းသည်ကားဖြစ်၏။ ထိုခွေးကို မမြင်သည်ဖြစ်၍ မစား မသောက်တကားဟု ဆိုလို၍-

၂၇။ နာလံ ကဗဠံ ပဒါတဝေ၊ န ပိဏ္ဍံ န ကုသေ န ဃံသိတုံ။
မညာမိ အဘိဏှဒဿနာ၊ နာဂေါ သ္နေဟမကာသိ ကုက္ကုရေ။

ဟူသော ဤဂါထာကို ဆို၏။

၂၇။ မဟာရာဇ၊ မင်းကြီး။ နာဂေါ၊ မင်္ဂလာဆင်သည်။ ကဗဠံ၊ ပေးအပ်သော ထမင်းလုပ်ကို။ ပဒါတဝေ၊ ယူခြင်းငှါ။ နလံ-အသမတ္ထော၊ မစွမ်းနိုင်။ ပိဏ္ဏံ၊ လုံး၍ ပေးအပ်သော ထမင်းဆုပ်ကို။ ပဒါတဝေ၊ ယူခြင်းငှါ။ နာလံ-အသမတ္ထော၊ မစွမ်းနိုင်။ ကုသေ၊ စားစိမ့်သောငှာ ပေးအပ်ကုန်သော မြက်တို့ကို။ ပဒါတဝေ၊ ယူခြင်းငှါ။ နာလံ-အသမတ္ထော၊ မစွမ်းနိုင်။ ဃံသိတုံ၊ ရေချိုးသောကာလ၌ ကိုယ်ကိုပွတ်ခြင်းငှါ။ နာလံ-အသမတ္ထော၊ မစ္စမ်းနိုင်။ နာဂေါ၊ မင်္ဂလာဆင်သည်။ အဘိဏှဒဿနာ၊ မပြတ်မြင်သဖြင့်။ ကုက္ကုရေ၊ ခွေး၌။ သ္နေဟံ၊ ချစ်ခြင်းကို။ အကာသိ မညာမိ၊ ပြု၏ဟု အကျွန်ုပ် ထင်မိ၏။

မင်းသည် ဘုရားလောင်း၏ စကားကိုကြား၍ ပညာရှိ ယခု အသို့ပြုအပ်သနည်းဟု မေး၏။ မြတ်သောမင်းကြီး ငါတို့မင်္ဂလာဆင်၏ အဘော်ဖြစ်သောခွေးကို တယောက်သောသူသည် ယူ၍ သွားသတတ်၊ အကြင်သူ၏အိမ်၌ ထိုခွေးကိုမြင်၏။ ထိုသူအား ဤမည်သောဒဏ်ပေးအံ့ဟု စည်ကိုလည်စေလောဟုဆို၍ မင်းသည် ဘုရားလောင်းဆိုတိုင်း ပြုစေ၏။ ထိုစကားကိုကြား၍ ထိုယောက်ျားသည် ခွေးကိုလွှတ်၏။ ခွေးသည် လျင်မြန်စွာပြေး၍ ဆင်၏အထံသို့သာလျှင် သွား၏။ ဆင်သည် ထိုခွေးကို နှာမောင်းဖြင့်ယူ၍ ဦးကင်း၌ထား၍ မျက်ရေယိုလျက်ငို၍ ဦးကင်းမှချ၍ ခွေးသည် စားပြီးသည်ရှိသော် နောက်မှ မိမိစား၏။ ထိုတိရစ္ဆာန်၏ အလိုကိုလည်း သိနိုင်၏ဟု မင်းသည် ဘုရားလောင်းအား ကြီးသောစည်းစိမ်ကို ပေး၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ရဟန်းတို့ ဤအဆွေ ခင်ပွန်းဖြစ်ကုန်သော လူ ရဟန်းတို့သည် ယခုသာလျှင် အကျွမ်းဝင်ကုန်လေသည် မဟုတ်သေး၊ ရှေး၌လည်း အကျွမ်းဝင်ဘူးကုန်သည်သာလျှင်တည်းဟု မိန့်တော်မူ၍ ဤဓမ္မဒေသနာကို ဆောင်၍ လေးပါးသော သစ္စာစကားဖြင့် လည်စေ၍ အနုသန္ဓေကို စပ်၍ ယခုအခါ သီတင်းသည်သည် ထိုအခါ ခွေးဖြစ်ဘူးပြီ၊ ယခုအခါ မထေရ်သည် ထိုအခါ မင်္ဂလာဆင် ဖြစ်ဘူးပြီ၊ ယခုအခါ အာနန္ဒာသည် ထိုအခါ မင်းဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ အမတ်ပညာရှိ ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ချစ်သူမတွေ့၊ ရင်မှာဆွေ့၊ မြေ့မြေ့နွမ်းလျာ ဆင်ပမာ

ခုနစ်ခုမြောက်သော အဘိဏှဇာတ်သည် ပြီး၏။

*****