အဘယရာဇကုမာရဝတ္ထု

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး လောကဝဂ်
by အရှင်ဓမ္မဿာမီဘိဝံသ
၄။ အဘယရာဇကုမာရဝတ္ထု
325024ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး လောကဝဂ် — ၄။ အဘယရာဇကုမာရဝတ္ထုအရှင်ဓမ္မဿာမီဘိဝံသ

၄။ အဘယမင်းသားဝတ္ထု

ဧထ ပဿထိမံ လောကံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းတော်၌ နေတော်မူစဉ် အဘယမင်းသားကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ကချေသည်မကြောင့် မင်းသား စိုးရိမ်ခြင်း

ထိုအဘယမင်းသားသည် ပုန်ကန်သောင်းကျန်းသော ပစ္စန္တရစ်မှ ငြိမ်းအေးစေပြီး၍ ပြန်လာသည်ရှိသော် ခမည်းတော် ဗိမ္ဗိသာရမင်းကြီးသည် နှစ်သက်လှသဖြင့် ကခြင်း,သီခြင်း၌ လိမ္မာသော တစ်ယောက်သော ကချေသည်မကိုပေးပြီးလျှင် ထိုအဘယမင်းသားအား ခုနစ်ရက်ပတ်လုံး မင်းစည်းစိမ်ကို ပေးလေ၏။ ထိုအဘယမင်းသားသည် ခုနစ်ရက်ပတ်လုံး အိမ်တော်မှအပသို့ မထွက်မူ၍သာ မင်းစည်းစိမ်ကိုခံစား၍ ရှစ်ရက်မြောက်သောနေ့၌ မြစ်ဆိပ်သို့သွားသဖြင့် ရေချိုးပြီးမှ ဥယျာဉ်သို့ဝင်၍ သန္တတိအမတ်ကြီးကဲ့သို့ ထိုမိန်းမ၏ ကခြင်း,သီခြင်းကို ကြည့်ရှုကာနေလေ၏။ ကချေသည်မသည်လည်း ထိုခဏ၌ပင်လျှင် သန္တတိအမတ်ကြီး၏ ကချေသည်မကဲ့သို့ ဓားငယ်ကဲ့သို့ ဖြတ်တတ်သော လေသင်တုန်းတို့၏ အစွမ်းဖြင့် စုတေခြင်းကိုပြုလေ၏။ အဘယမင်းသားသည် ထိုကချေသည်မ၏ သေခြင်းကြောင့်ဖြစ်သော စိုးရိမ်ခြင်းရှိရကား “ငါ၏ ဤစိုးရိမ်ခြင်းကို မြတ်စွာဘုရားကို ဖယ်ထား၍ တစ်ပါးသောသူသည် ငြိမ်းစေခြင်းငှာ မတတ်နိုင်လတ္တံ့”ဟု မြတ်စွာဘုရားသို့ချဉ်းကပ်၍ “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- တပည့်တော်၏ စိုးရိမ်ခြင်းကို ငြိမ်းစေတော်မူကြပါဘုရား”ဟု လျှောက်ကြားလေ၏။ မြတ်စွာဘုရားသည် ထိုအဘယမင်းသားကို နှစ်သိမ့်စေ၍ “အဘယမင်းသား- အစမထင်သော သံသရာ၌ သင်မင်းသားသည် ဤမိန်းမ၏ ဤနည်းအတူသာလျှင် သေလွန်သောကာလ၌ ငိုကြွေးရသဖြင့် ဖြစ်စေအပ်ကုန်သော မျက်ရည်တို့၏ အတိုင်းအရှည် ပမာဏသည် မရှိလေပြီ”ဟု မိန့်တော်မူ၍ ထိုတရားဒေသနာ ဟောကြားခြင်းဖြင့် စိုးရိမ်ခြင်း ခေါင်းပါးသည့်အဖြစ်ကို သိတော်မူလျှင် “အဘယမင်းသား- မစိုးရိမ်လင့်၊ ဤခန္ဓာကိုယ်မည်သည် မသိကုန်သောလူမိုက်တို့၏ နစ်မြုပ်ရာအရပ်ဖြစ်၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

[၁၇၁] ဧထ ပဿထိမံ လောကံ၊ စိတ္တံ ရာဇရထူပမံ။
ယတ္ထ ဗာလာ ဝိသီဒန္တိ၊ နတ္ထိ သင်္ဂေါ ဝိဇာနတံ။

ဧထ၊ လာလှည့်ကြကုန်လော့။ ရာဇရထူပမံ၊ ရတနာခုနစ်ပါး စသည်ဖြင့် ဆန်းကြယ်သော မင်း၏ရထားကဲ့သို့။ စိတ္တံ၊ အဝတ်တန်ဆာ စသည်ဖြင့် ဆန်းကြယ်သော။ ဣမံလောကံ၊ ဤခန္ဓာလောကစသော အတ္တဘောကို။ ပဿထ၊ ကြည့်ရှုကြကုန်လော့။ ယတ္ထ၊ ယင်း အတ္တဘော၌။ ဗာလာ၊ မသိကုန်သောလူမိုက်တို့သည်။ ဝိသီဒန္တိ၊ နစ်မြုပ်ကြကုန်၏။ ဝိဇာနတံ-ဝိဇာနန္တာနံ၊ ပညာရှိကုန်သော သူတို့အား။ သင်္ဂေါ၊ ရာဂစသော ကပ်ငြိခြင်းသည်။ နတ္ထိ၊ မရှိ။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ အဘယမင်းသားသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။ ရောက်လာသော ပရိသတ်တို့အားလည်း အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။

အဘယမင်းသားဝတ္ထုပြီး၏။