အထူးကာလစည်းကမ်းသတ်နှင့် အတိုးကန့်သတ်ရေးအက်ဥပဒေ

From Wikisource
Jump to navigation Jump to search
အထူးကာလစည်းကမ်းသတ်နှင့် အတိုးကန့်သတ်ရေးအက်ဥပဒေ  (1950) 
by စဝ်ရွှေသိုက်

သမတအိမ်တော်၊ ရန်ကုန်မြို့။

၁၉၅၀ ပြည့်နှစ်၊ အထူးကာလစည်းကမ်းသတ်နှင့်အတိုး ကန့်သတ်ရေးအက်ဥပဒေ။

[၁၉၅၀ ပြည့်နှစ်၊ အက်ဥပဒေအမှတ် ၁၉။]

၁၃၁၁ ခု၊ တပေါင်းလဆုတ် ၈ ရက်။

(၁၉၅၀ ခု၊ မတ်လ ၁၀ ရက်။)

ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ၊ အောက်ဖေါ်ပြပါ အက်ဥပဒေကိုထုတ်ပြန်ကျေ ညာသည်။

အောက်ပါအတိုင်းဤအက်ဥပဒေကိုပြဋ္ဌာန်းလိုက်သည်။


၁။ ။ ဤအက်ဥပဒေသည် ၁၉၄၈ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်နေ့၌ အာဏာတည်သည်ဟု မှတ်ယူရမည်။


၂။ ။ သောင်းကျန်းသူများ၏ လက်တွင်းသို့ ကျရောက်သော မည်သည့်အရပ်ဒေသတွင်မဆို၊ တရားမရုံး များသည်၊ တရားဝင်အစိုးရ၏ မြို့ပြဆိုင်ရာ အုပ်ချုပ်ရေးကို ခေတ္တရုပ်သိမ်းသည့်နေ့မှစ၍၊ နိုင်ငံတော် သမတက ထိုအရပ်ဒေသအတွက် အမိန့်ထုတ်ပြန်သတ်မှတ်သည့် နေ့အထိ၊ ကာလစည်းကမ်းသတ် အက်ဥပဒေ ပုဒ်မ ၄ ၏ အနက်အဓိပ္ပါယ် အရ၊ ပိတ်ထားသည်ဟု မှတ်ယူရမည်။


၃။ ။ တည်ဆဲ အခြားဥပဒေ တရပ်ရပ်တွင်သော်၎င်း၊ ငွေချေး ပဋိညာဉ်တခုခုတွင်သော်၎င်း၊ အပေါင် စာချုပ်တခုခုတွင်သော်၎င်း၊ မည်သို့ပင် ပါရှိစေကာမူ၊ မည်သည့်အရပ်ဒေသတွင်မဆို၊ တရားဝင်အစိုးရ၏ မြို့ပြဆိုင်ရာ အုပ်ချုပ်ရေးကို ခေတ္တရုပ်သိမ်းခြင်း မပြုမီက ထုတ်ပေးသော ချေးငွေပေါ်တွင်ဖြစ်စေ၊ ပေါင်နှံသည့်ပစ္စည်း၏အမြတ်အစွန်းကို ခံစားစေရန် ပေါင်နှံခြင်း (Usufructuary mortgage) မှတပါး၊ အခြားနည်း ပေါင်နှံခြင်းပေါ်တွင်ဖြစ်စေ၊ မြို့ပြဆိုင်ရာ အုပ်ချုပ်ရေးကို ခေတ္တရုပ်သိမ်းသည့်နေ့မှ၊ နိုင်ငံတော်သမတက ပုဒ်မ ၂ အရ ထိုအရပ်ဒေသအတွက် သတ်မှတ်သည့်နေ့အထိ၊ ကာလ အပိုင်းအခြား အတွက် အတိုးပေးဆောင်ရန် မထိုက်သင့်စေရ။


၄။ ။ တည်ဆဲ အခြားဥပဒေ တရပ်ရပ်၏ ပြဋ္ဌာန်းချက်များအနက်၊ ဤအက်ဥပဒေ၏ ပြဋ္ဌာန်းချက် တခုခုနှင့် မညီညွတ်သော ပြဋ္ဌာန်းချက်သည်၊ အတည်မဖြစ်၊ ပျက်ပြယ်ရမည်။

ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ၊ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

စဝ်ရွှေသိုက်၊

နိုင်ငံတော်ယာယီသမတ၊

ပြည်ထောင်စုမြန်မာနိုင်ငံတော်။


ရန်ကုန်မြို့၊ ၁၃၁၁ ခု၊ တပေါင်းလဆုတ် ၈ ရက်။

(၁၉၅၀ ခု၊ မတ်လ ၁၀ ရက်။)


အမိန့်အရ၊

ရွှေဘော်၊

နိုင်ငံတော်သမတအတွင်းဝန်။

[အမှတ် ၃၅]