အစိန္တေယျ ဘုရားပင့်

From Wikisource
Jump to navigation Jump to search
အစိန္တေယျ ဘုရားပင့်
by အမည်မသိ

အစိန္တေယျ အစိန္တေယျ အစိန္တေယျ အပ္ပမေယျ သေဋ္ဌဇေဋ္ဌံ အရဟံ-အနုတ္တရ မည်တော်ရလျက် အရိယာစာဂ စရဏပါရမီ အလီလီရှိ ဗောဓိသမ္ဘာရ ဂုဏအပေါင်း မြင့်ညောင်းသမ္ဘာ လေးဖြာသင်္ချေ လွန်လေတသိန်း မတိမ်းမဖင့် ဖြည့်ကျင့်ရွက်ဆောင် အောင်ရာဌာနီ သုံးလီခေတ္တ ဘ၀သုံးစုံ သုံးပါးဘုံ၌ တစုံတရာ ဗြဟ္မာနတ်လူ သူရာမာရ်မင်း ရန်ခပင်းတို့ နှိမ်နင်းဖြိုဖျက် လုယက်တွန်းလှန် ကြံရန်မစွမ်း သောင်းခန်းလောကဓာတ် သုံးရပ်ကျက်သရေ အောင်မြေသာခေါင် ရွှေညောင်မဏ္ဍိုင် ရန်နိုင်သာဘိ အပရာဇိတပလ္လင် ရွှေဦးကင်ထက် မဂ္ဂင်ရှစ်ပါး တရားရိပ်ဖြူ လှစ်တော်မူလျက် လေးဆူသီလ တိကသိက္ခာ ဝိဇ္ဇာသုံးရပ် ဆင့်လတ်ရှစ်တန် ဘိညာဏ်ခြောက်လီ သမ္ဘီဒါလေးရပ် သမာပတ်ကိုး တန်ခိုးရှစ်ဦး ဘုန်းထူးခြောက်လီ ခုနစ်မည်ဝိသုဒ္ဓိ ဗောဓိပက္ခိယ ဓမ္မကရိုဏ်း ရန်နိုင်ကိုယ်ရုံ ဗိုလ်လုံးစုံကို အုပ်ချုပ်စိုးယူ ဂေါတြဘူဝေါဒါန် အရဟံမဂ် သန်လျက်ရတနာ ယဉ်လေးဖြာဖြင့် သံသရာရဟတ် ကျင်လည်စေတတ် နှိပ်စက်တတ်ပေ ကိလေရမ္မက် သုံးထောင်ဝက်ကို ပယ်ဖျက်တွန်းလှန် အောင်ပွဲခံ၍ ခြောက်တန်အသာဓာရဏ စတုဝေသာရဇ္ဇ ဒသဗလ ဉာဏတလီ စသည်ကျေးဇူး ဂုဏ်တော်ထူးဖြင့် မြွက်ကျူးပြီးပိုင် မ,ချီနိုင်၍ စိုးပိုင်နှိမ်နင်း အမင်းမင်းတို့ သစ်ကင်းကြည်နူး အထူးတလည် တင့်တယ်ဆန်းပြား ခြယ်လှယ်ထားသည့် ပတ္တမြားစိန်ခဲ ပုလဲသန္တာ နီလာဂေါ်မုတ် ဥဿဖယား ရွှေငွေအားဖြင့် ကိုးပါးရတနာ မြွစီသွန်းခပ် လုပ်ဆောင်အပ်သည့် သင်းကျစ်ဦးခိုက် ဖိုးထိုက်နဂ္ဃ အနန္တလျှင် အဝိညာဏက သက်မျှကင်းကွာ မြတ်ရတနာတွင် မင်္ဂလာခေါင် ပုံဆောင်တုနှိုင်း နှိုင်းခိုင်းမအပ် မင်းမြတ်အများ ဦးဖျားထိပ်ပြင် ဆင်ယင်စိုက်ထူ သရဖူနွဲ့ညွတ် မကိုဋ်ထွတ်၌ သွင်းသွတ်စေအပ် မြိစ္ဆာညှပ်၍ တင်အပ်ရတနာ စိန္တမဏိ ဇောတိရသ်ပတ္တမြား စိန်ဖူးဖျား၌ ဖဝါးနှစ်မြွှာ ရွှေစကြာဖြင့် စိုက်ကာထိပါး ကြွသွားတင့်တယ် စံပယ်ခြင်းငှါ ထိုက်ပေရာ၏။ အသုရာမှတ် များနတ်ဒေဝါ ဗြဟ္မာသိကြား နဂါးဂဃုန် ကုမ္ဘဏ်ဂန္ဓဗ် စက္ကဝတ်သေဌ်နင်း အမင်းမင်းတို့သခင် ဗောဇ္ဈင်စက္ကရတ် သူမြတ်တကာတို့၏ အဓိပတိ အပရိမာဏ အနန္တဂုဏ်အင် ရွှေဉာဏ်ရှင်ဟု မဂ္ဂင် ပါရဂူ ဖြစ်တော်မူသည့် သုံးဘုံသူဧကရာဇ် ရှင်ချစ်ဇိနော် မြတ်ကိုယ်တော်ဘုရား။

သုံးပါးအာဏာ ဒွါဒသင်္ဂါ သုံးဖြာအစပ် လေးရပ်အလွှာ ခြင်းရာနှစ်ဆယ် သုံးသွယ်ဝဋ္ဋ အာဗဒ္ဓဟု မြစ်မနှစ်မြွာ သံသရာ၌ ခန္ဓာပင်စည် တလည်လည်ဖြင့် ကြာရှည်နစ်မွန်း ပင်ပန်းကြသော တပည့်တော်တို့မှာ ထိုသံသရာစက် ဝဲဂယက်မှ ကူးထွက်လိုလှ ဆန္ဒအာသီ အတီတာနန္တရ ဣဒ္ဓပ္ပစ္စယတာ ကြမ္မာပီဠိတ် ဝိပရိတ်ကြောင့် ဧတ္တိစ္ဆာနု ရှေးသူ့ပညတ် ဥပါဒ် ဌီ ဘင် သုံးအင်တိုင်ကျ စမ္မခန်းယမ္မခန်း လွန်းစန်းပြတ်ကြိမ် ဆိန္နရိတ်ဘိန္နရိတ် အနိဠိသူလာ နမန္တာသုသာန် သုံးတန်ကဏ္ဍ ပါပရန်လား ဂြိုဟ်စားဂြိုဟ်နင်း ယိုယွင်းဒသာ ဇာတာမသန့် စန်းတန့်လဂ်စီး တိတ်ကြီး တဘောင် သူယောသူပျက် အိပ်မက်ခံမည် သံကျည်းငှက်ပင် ဒုမင်္ဂလ ဒုန္နိမိတ္တ ဟူသမျှတို့ ရတနတ္တယ နုဘာဝဂုဏ် ဘုန်းတော်ဟုန်ကြောင့် တစုံတခု မြူဏုဆံခြမ်း ရန်မသမ်းဘဲ ဘေးဘျမ်းအန္တရာယ် အသွယ်သွယ်တို့မှ စင်ကြယ်သန့်ရှင်း ကင်းစေလိုပါ စေတနာနှင့် သမ္မာဆန္ဒ ဥဿာဟဖြင့် အစိန္တေယျ လောကဥက္ကဋ္ဌ် ဘုရားမြတ်သည် လျောက်ပတ်လှစွာ ဗုဒ္ဓါသန သေဋ္ဌဘူမိ အပရာဇိဗိမာန် တန်ခွန်ဆီမီး ထီးနှင့်တကွ မွှေးစွကြိုင်လျှမ်း ဆွမ်းပန်းဩဇာ မြိုက်ရသာကို ကပ်လှူလိုသည်ဖြစ်၍ မြတ်စွာဘုန်းမော် ကိုယ်တော်အရှင်သည် မည်တွင်မှတ်သား ဒါယကာ ဒါယိကာမများ၏ အလှူကိုလည်း ခံတော်မူရန် ကြွလာတော်မူပါမည့်အကြောင်း လက်ဆယ်ဖြာညွတ်ပြောင်း၍ တောင်းပန်လျှောက်ကြား အသနားတော်မြတ်ခံဝံ့ပါသည် အရှင်မြတ်ဘုရား။


This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse