အင်းဝပျက်တမ်းချင်း (၂)

From Wikisource
Jump to navigation Jump to search
အင်းဝပျက်တမ်းချင်း (၂)
by ဟံသာဝတီရောက်မင်း

မင်းနေအောင်ချာ၊ မှန်လှစွာဖြင့်၊ ရတနာရွှေငွေ၊ မြုတေရောင်ဝင်း၊ သလင်းနှင့်စိန်၊ လျှံထိန်တောက်ပ၊ ဖန်မှန်မြနှင့်၊ နဝလျှံပတ်၊ မျက်မြွှာခတ်သည်၊ ပြာသာဒ်တော်ကြီး၊ မိုးထိနီးမျှ၊ ညီးညီးသွန်းသွန်း၊ နန်းလည်းဆိုင်းဆိုင်း၊ မြို့တံတိုင်းနှင့်၊ မှိုင်းမှိုင်းညိုညို၊ သူရဲခိုက၊ ထိုထိုပတ်ကုံး၊ ကျုံးလည်းခွေကာ၊ ယဉ်သီတာလည်း၊ ဟေမာမနှော၊ တောလည်းသွယ်မြှောင်၊ တောင်လည်းဝန်းကာ၊ သို့ချိန်သာကို၊ ရတနာပူရ၊ ရွှေပြည်မဝယ်၊ ချမ်းမြရေကြည်၊ ပတ်ဝန်းလည်လိမ့်။

မြရည်မယွန်း၊ ယုဂန်နန်းဝယ်၊ ပန်းလည်းကျိုင်သင့်၊ ရာသီချင့်၍၊ စွင့်စွင့်စွန်းစွန်း၊ သွန်းသွန်းသားသား၊ ကြွားကြွားကြွကြွ၊ မြမြဝေဝေ၊ ထွေထွေပြန့်ရွှင်း၊ ပန်းအင်ကြင်းလည်း၊ ခက်ချင်းရိပ်မြိုင်၊ သို့စည်ကြိုင်လျက်၊ ဂနိုင်ယှက်ကူး၊ ပွင့်ရောင်မြူးလိမ့်။

ငုံဖူးပျံံ့မွှေး၊ မုလေးစံပယ်၊ နံံ့ကြွယ်ကြိုင်မှုန်း၊ ပန်းဂမုန်းလည်း၊ ပန်းသုန်းပန်းသွန်း၊ ပန်းရေလန်းလျက်၊ ထူးဆန်းညက်စည်၊ လက်တံရှည်နှင့်၊ ခြောက်ပြည်နံ့ကျော်၊ စွယ်တော်ပိတောက်၊ ကြိုင်ပေါက်ပျံ့ရှား၊ စံကားရွှေလှော်၊ ကံ့ကော်ရွှေစွတ်၊ ဖက်ဆွတ်ရွှေလိမ်း၊ ပျံ့ပျံ့ငြိမ်းမျှ၊ ညွတ်တိမ်းဖွယ်သာ၊ သီးမျိုးမှာလည်း၊ ရွှေဝါသင်းချော၊ နေ့တိုင်းနှောလျက်၊ ငှက်ပျောနရွဲ၊ ပိန္နဲသရက်၊ အေးမျက်ကြည်ကြည်၊ သစ်မည်စည်လည်း၊ ပျားရည်လိုလို၊ သစ်တိုသစ်နီ၊ သတီချိုစိမ့်၊ ခရမ်းပိမ့်နှင့်၊ သစ်ဆိမ့်သစ်ပလွေ၊ ချဉ်ပြေမန်ကျည်း၊ တောင်သလည်းနှင့်၊ စရည်းရှစ်ရှား၊ သဖန်းခါးက၊ စောင်းလျားကမ္ဗလာ၊ မာလကာလည်း၊ ကျိုးရှာမတတ်၊ ပင်လုံးညွတ်မျှ၊ ဆွတ်လွတ်ဖွယ်ပင်၊ မြစ်မှာမြင်လည်း၊ ငွေသွင်တူလျော်၊ သောင်ကျွန်းပေါ်တွင်၊ စင်ရော်မြစ်တွေး၊ ပဲထွေးသောင်တင်း၊ တိန်ညင်းပျံဝဲ၊ ဝမ်းဘဲဟင်္သာ၊ တောင်ယှက်ကာလျှင်၊ ဘာသာရည်ငံ၊ တေတျာသံနှင့်၊ နှုတ်သံကျူးလင့်၊ သံငေါ်ရင့်၍၊ အသင့်ချစ်ကြည်၊ ပျော်မြူးသည်ကို၊ တိုင်းစည်အောင်ချာ၊ ခြောက်ရွာဘုံလား၊ ရိုးမမှားလိမ့်၊ သိကြားပျော်ရာ၊ ဝတိံသာဝယ်၊ နန္ဒာရမှာ၊ စိတ္တာနှိုင်းလျော်၊ ဥယျာဉ်တော်လည်း၊ မနော်ရမ္မာ၊ ဂန္ဓာရမ္မာ၊ တွင်မည်သာနှင့်၊ များစွာဓနုန်း၊ ထန်းအုန်းစုံစီ၊ ဖြိုးသီလှိုင်ကျော်၊ ငါးဘော်ကြာမျိုး၊ ရေပေါ်မိုးလျက်၊ ရှိုးရှိုးရှိမ်းရှိမ်း၊ စိမ်းစိမ်းတင့်တယ်၊ မွှေးမျိုးကြွယ်သား။

သွယ်သွယ်မြင်လစ်၊ မြစ်လည်းမြစ်လျောက်၊ မြူနောက်မသန်း၊ ရေချမ်းရိပ်မြိုင်၊ အိုင်လည်းကျယ်ဝင်း၊ အင်းလည်းသာမော၊ တောလည်းညိုညို၊ စိုစိုတင့်နှိုင်း၊ ကိုင်းလည်းသာခေါင်၊ တောင်လည်းမြင့်တုံ၊ မြင်းမိုရ်ဘုံသို့၊ ဝန်းရုံဧရာ၊ ဂန္ဓမာနှင့်၊ ဝေဘာဝေဘူ၊ ရွှေဂူနန်းဆ၊ မြင်းမိုရ်ခသည်၊ ငြိမ့်မျှပြိုးပြောင်၊ လေးလုံးတောင်လည်း၊ လိုဏ်ချောင်မုတ်ယွန်း၊ ကွေ့လည်ဆန်းသား၊ မျက်မှန်းထင်ထင်၊ သို့ကြောင်းအင်ကို၊ ဝမ်းတွင်စေ့စေ့၊ ကြံအောက်မေ့သော်၊ ဝိုက်ဝေ့သည့်နှယ်၊ လွမ်းမပြယ်တည့်။

ပြိုက်သွယ်ညွတ်ခေါက်၊ စုံခဲ့ရောက်လျှင်၊ တစ်လျှောက်မြစ်ခွင်၊ ကုန်းခင်ရိုက်ဆင်း၊ ခြေခင်းမသာ၊ ဘယ်ညာလိမ်လစ်၊ ကောက်တညစ်နှင့်၊ ကျစ်လျစ်မရှိ၊ အငြိငြိလျက်၊ မျက်စိသီထွေ၊ မိန်းမူးဝေမျှ၊ တောခြေမိုက်မည်း၊ ကြောက်ဖွယ်ချည်းတိ၊ ဆီးလည်းကျံကျံ၊ လူသံဆိတ်ဆိတ်၊ တိတ်တိတ်ပွေပွေ၊ လေတဟုန်းဟုန်း၊ တမှုန်းမှုန်းနှင့်၊ ချုန်းချုန်းသိမ့်သိမ့်၊ ခြိမ့်ခြိမ့်သံတင်၊ တွေ့ရမြင်သည်၊ ကြောင်းအင်ထွေတလာတည့်လေ၊ ဖြစ်မြဲဓမ္မတာတည့်လေး။


This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.