အဂ္ဂိယသမားနှင့် စီးပွါးရေးဘွဲ့ မဟာလေးချိုးတော်ကြီး

From Wikisource
Jump to navigation Jump to search
အဂ္ဂိယသမားနှင့် စီးပွါးရေးဘွဲ့ မဟာလေးချိုးတော်ကြီး
by သခင်ကိုယ်တော်မှိုင်း
ဆရာကြီးသခင်ကိုယ်တော်မှိုင်း လေးချိုးပေါင်းချုပ်မှ

၁။ မရေးတာ ရှည်ကြာလှသော်လဲ၊
ဘေးဘယာထွေရာဖြင့် - မခပေဘု၊
မအေးသဟာတွေကို - သေသေချာချာပြလိုက်မကွဲ့၊
တပြေတရွာမှ - ငွေအသပြာရစေဖို့၊
မနေသာသပ - ဖွေရှာရပေမဲ့၊
သူငယ်ချင်းရေ ... အဆွေသဟာတို့ကိုတဲ့ မမေ့ပါ။ ။

၂။ သြော် ... မယားချစ်ရတာကလဲ - မသွားဖြစ်နိုင်ဘုနော် ... ၊
အနားမှာ ရစ်ရစ်ပြီး - တဖဝါးမှ မပစ်ခဲ့ချင်ပေမဲ့၊
ထားရစ်ရပါပေါ့ ကွယ်တို့ရယ် ... ၊
တအားနှစ်ခါ သေသေကြေကြေ ရှာမဟဲ့လို့၊
အပြေပြေအရွာရွာမလေ - ရောက်ရာပေါက်ရာတိုးပါလို့၊
ရွှေငွေရတနာ - အခြေမောက်စရာ တမျိုးသာပ၊
အိုကွယ် တန်ခိုးကြွေ့ကြွေ့ - ဖြိုးလွေ့လွေ့နှင့်၊
မညှိုးမသွေ့ရအောင်ရယ်လို့၊
မလေးရယ် .... ကြိုး၍ ဖွေရှာ။ ။

၃။ အချစ်ဆုံးရတနာ အိမ်နေဇနီးကိုလ၊
ပစ်အုံးမကွာ - အိမ်မှာနေလို့လဲ မပြီးနိုင်ဘု၊
တခေတ်သုံးစရာ - ရှိန်ဝေလို့ ညီးတဲ့ပြင်၊
စိန်တွေ ရွှေတွေသီးပါလို့ - တမျိုးဘဲကြည်စရာ။
ပိုးဖဲကတ္တီပါတွေရယ်နှင့် - ခဏခဏယဉ်စေသတည်း၊
အိုကွယ် ... မိုးထဲက ဘရဏီပမာလိုပ - လှစေချင်အပြီး ။ ။

၄။ ကိုမှိုင်းမှာ၊
ဖိုကသိုဏ်းအထုံဝါသနာနှင့်၊
လိုတိုင်းအစုံပါလို့၊
လုံရတနာတွေကို အတင်းပိုက်ခါ တစောင်မက ထမ်းခဲ့ပြီး၊
သထုံနဂရာ - ဇင်းကျိုက်တောင်ခပန်းတွင်မှ၊
ရှောင်လမ်း တကယ်သင့်လျှင်ဖြင့်၊
မယ်တင့် မနေနိုင်တဲ့ပြင်၊ မယ်မြင့်ပါ အခြေပိုင်ဖို့လို့၊
မဖြေနိုင် အပုလေးတို့ကြောင့်၊
ဘွေဂနိုင် အထု ကဘေးမှာလ၊
အနုဆေးဆိုတာ - ဂမုန်းအစုံကြိတ်ပါလို့၊
စုံရိပ်ဝနာမှာ စိတ်ရှိလက်ရှိထိုးထိုးပြီးတော့၊
ထုံနိပ်ပဒပြာ ဣဒ္ဓိတန်ခိုးရယ်နှင့်၊
တဖုံနိပ်စရာ သိဒ္ဓိနှိုးပါလို့ ... ၊
သတ္တိကိုယ်မကွာရင်လေ၊ ဗျတ်ဝိ, အိုဇာ ပိုးသလိုပ၊
အမယ်မင်း ... ရိုးထဲဝနာအလှည့် နက်သည့် အငူချောင်ခရီးတွင်မှ၊
မိုးသဲသဲရွာသနဲ့ မြူမှောင်တွေကလဲ ဆီးပြန်တော့၊
တမျိုးမျိုးဘာနဲ့ဘဲတဲ့လို့ မက်သည့် သူရောင်အသီးတို့ကြောင့်၊
သြော် ... ပုဆိုးမှာလဲ, မလဲနိုင်ဘု၊
အကွက်မရှိတဲ့ အဖြူနှစ်တောင် ဆီးပါလို့၊
ဟောသည်က ကိုမှိုင်းမှာကွယ် ... ထိုးရပါသကွဲ့၊
အဂ္ဂိပူပူလောင်လောင်မီး ... ။ ။

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse