အချိန်ယူဖို့ လိုပါသည် (ဆရာ)

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ဆဋ္ဌမတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၃၆။ အချိန်ယူဖို့ လိုပါသည်(ကျောင်းသားကိုင်သို့)
348418ဗုဒ္ဓဘာသာသင်ခန်းစာ ဆဋ္ဌမတန်း (ဆရာလမ်းညွှန်) — ၃၆။ အချိန်ယူဖို့ လိုပါသည်(ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၃၆)

သင်ခန်းစာခေါင်းစဉ်။ ။ အချိန်ယူဖို့ လိုပါသည်

ယေဘုယျရည်ရွယ်ချက်။ ။ အလုပ်တစ်ခုကို လုပ်ရာတွင် လုံလောက်သောအချိန်ယူပြီး သေသေသပ်သပ် လုပ်ဆောင်တတ်ရန်။

စာသင်ချိန် (၁)။ ။ ၆၀ မိနစ်

အသေးစိတ်ရည်ရွယ်ချက်။ ။ အလုပ်တစ်ခုကို ပြီးမြောက်အောင်မြင်အောင် လုပ်ဆောင်ရန်အတွက် အချိန်လုံလောက်စွာ လိုအပ်ကြောင်း ရှင်းပြတတ်ရန်။

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်။

သင်ယူမှုလုပ်ငန်းစဉ်

လုပ်ငန်း (၁) မေးခွန်းမေး၍ နိဒါန်းပျိုးခြင်းနှင့် ဇာတ်လမ်းဖတ်ခြင်း။

(၂၅ မိနစ်)

֍ အောက်ပါမေးခွန်းများကို မေး၍ စာသင်ချိန်ကို စတင်ပါ။

-သားတို့သမီးတို့ ... အတန်းတစ်တန်းတက်ဖို့အတွက် အချိန် ဘယ်လောက်ကြာသလဲ။
-အကယ်၍အချိန်ယူပြီး မလေ့လာခဲ့ဘူးဆိုရင် စာမေးပွဲ ဖြေနိုင်ပါ့မလား။ ဘာကြောင့်လဲ။
-အချိန်ရပေမယ့်လည်း သေသေချာချာမကြိုးစားရင် စာမေးပွဲအောင်အောင် ဖြေနိုင်ပါ့မလား။
-စာမေးပွဲဖြေချိန်မှာ သေသေချာချာ မဖြေရင်ရော အောင်နိုင်ပါ့မလား။

֍ ကလေးများဖြေဆိုပြီးသောအခါ ဆရာက “ပညာသင်ကြားရာမှာပဲ ဖြစ်ဖြစ်၊ အလုပ်လုပ်ရာမှာပဲ ဖြစ်ဖြစ် အတုယူစရာကောင်းတဲ့ အချိန်ယူဖို့ လိုပါသည်ဆိုတဲ့ ဇာတ်လမ်းလေးကို ဖတ်ကြည့်ကြရအောင်”ဟု ပြော၍ ကလေးများအားလုံး ဖတ်ကြပါစေ။

အချိန်ယူဖို့ လိုပါသည်

ရှေးအခါက တိုင်းပြည်တစ်ပြည်တွင် သစေတနအမည်ရှိသော ဘုရင်ကြီးတစ်ပါး အုပ်ချုပ်နေလေသည်။ တစ်နေ့သောအခါ မင်းကြီးသည် ရထားလုပ်သမားကို “အချင်းရထားလုပ်သမား ... နောက်ခြောက်လအကြာတွင် စစ်ဖြစ်လိမ့်မည်၊ စစ်တိုက်ရာတွင် အသုံးပြုရန် ရထားဘီးအသစ်တစ်စုံ ပြုလုပ်နိုင်ပါ့မလား”ဟု မေးလေ၏။ ရထားလုပ်သမားက “အရှင်မင်းကြီး ... ပြုလုပ်နိုင်ပါ၏”ဟု လျှောက်တင်လေ၏။

ထိုအခါ မင်းကြီးက ရထားလုပ်သမားအား ရထားဘီးအသစ်တစ်စုံ ပြုလုပ်ရန် စေခိုင်းတော်မူ၏။ ရထားလုပ်သမားသည် စေခိုင်းသောနေ့မှာပင် လုပ်ငန်းစတင်လေ၏။ အချိန်လုံလောက်စွာယူ၍ ပစ္စည်းကောင်းတို့ကို ... ကြိုးစားရှာဖွေ၏။ အချိန်လုံလောက်စွာယူ၍ပင် လက်သမားလုပ်ငန်းကိုလည်း ကြိုးစားလုပ်ကိုင်၏။ ဤသို့ဖြင့် ခြောက်လပြည့်ရန် ခြောက်ရက်အလိုတွင် ရထားဘီးတစ်ဖက် ပြီးလေ၏။

ထိုအခါ သစေတနမင်းသည် ရထားလုပ်သမားကို “အချင်း ရထားလုပ်သမား ... ယနေ့မှ ခြောက်ရက် လွန်လျှင် စစ်ဖြစ်လိမ့်မည်၊ ရထားဘီးအသစ်တစ်စုံ လုပ်ပြီးပြီလား”ဟု မေးမြန်းတော်မူ၏။ ရထားလုပ်သမားက “အရှင်မင်းကြီး ရထားဘီးအသစ်တစ်ဖက် ပြီးပါပြီ”ဟု လျှောက်တင်လေ၏။ “အချင်း ရထားလုပ်သမား ခြောက်ရက်တည်းနှင့် ကျန်ရထားဘီးတစ်ဖက်ကို ပြီးအောင်လုပ်နိုင်ပါဦးမလား”ဟု မိန့်ဆိုလေ၏။ “အရှင်မင်းကြီး ပြီးအောင်လုပ်နိုင်ပါ၏”ဟု လျှောက်တင်လေသည်။

ထို့နောက် ရထားလုပ်သမားသည် ခြောက်ရက်တည်းဖြင့် ကျန်ရထားဘီးတစ်ဖက်ကို ပြီးစီးအောင် ပြုလုပ်၍ ရထားဘီးအသစ်တစ်စုံကို ယူပြီးလျှင် သစေတနမင်းအား “အရှင်မင်ကြီး...ရထားဘီးတစ်စုံလုံး ပြီးပါပြီ”ဟု လျှောက်ထားလေသည်။

“အချင်း ရထားလုပ်သမား ... သင်၏ ရထားဘီးတစ်ဖက်သည် ခြောက်လပြည့်ရန် ခြောက်ရက် အလိုတွင် ပြီး၏။ ကျန်ရထားဘီးတစ်ဖက်သည်ကား ခြောက်ရက်မှုဖြင့် ပြီး၏။ ဤရထားဘီးနှစ်ဖက်တို့၏ ထူးခြားချက်ကား အဘယ်နည်း၊ ငါသည် ထိုရထားဘီးတို့၏ ထူးခြားချက် တစ်စုံတရာကို မတွေ့မြင်”ဟု မိန့်တော် ပူ၏။ ထိုအခါ ရထားလုပ်သမားသည် “အရှင်မင်းကြီး ... ယခုပင် ထူးခြားချက်ကို ပြသပါမည်”ဟု လျှောက်ထားလေသည်။

ထို့နောက် ရထားလုပ်သမားသည် ခြောက်ရက်မျှဖြင့် ပြုလုပ်ထားသော ရထားဘီးကို တွန်းလှိမ့်လေ၏။ ထိုရထားဘီးသည် တွန်းလှိမ့်မှုအင်အား အရှိန်ရှိသလောက် လိမ့်သွား၍ ချာချာလည်ပြီး မြေ၌ လဲကျသွား၏။ တစ်ဖန် ခြောက်လပြည့်ရန် ခြောက်ရက်အလိုဖြင့် ပြုလုပ်ထားသော ရထားဘီးကို တွန်းလှိမ့်ပြန်၏။ ထိုရထားဘီး သည်ကား တွန်းလှိမ့်မှုအင်အား အရှိန်ရှိသလောက် လိမ့်သွား၍ ဝင်ရိုး၌ စွပ်ထားသကဲ့သို့ တည့်တည့်မတ်မတ် ရပ်တည်နေ၏။

ထိုအခါ မင်းကြီးက “အချင်း ရထားလုပ်သမား ... တစ်ဘီးက မြေ၌ လဲကျ၏၊ ကျန်တစ်ဘီးက မတ်မတ်ပင် ရပ်တည်နေ၏၊ အဘယ့်ကြောင့် ဤကဲ့သို့ ဖြစ်ရသနည်း”ဟု မေးမြန်းတော်မူ၏။

“အရှင်မင်းမြတ် ... ခြောက်ရက်မျှဖြင့် ပြုလုပ်ခဲ့သော ဘီး၏ အကွပ်၊ အကန့်၊ ပုံတောင်းတို့သည် ပစ္စည်းရှာဖွေမှု၊ လက်သမားလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်မှုတို့အတွက် အချိန်လုံလောက်စွာ မရခဲ့၍ ဖြစ်သလို ရှာဖွေရ လုပ်ကိုင်ဆောင်ရွက်ခဲ့ရသောကြောင့် ကွေးကောက်ကုန်၏၊ အပြစ်အနာအဆာရှိကြကုန်၏၊ အကာ အဆွေးများဖြစ်ကြကုန်၏၊ သို့ဖြစ်၍ တွန်းလှိမ့်သောအခါ တွန်းလှိမ့်မှုအင်အား အရှိန်ရှိသမျှ လိမ့်သွား၍ ချာချာ လည်ကာ မြေ၌ လဲကျပါ၏”

“အရှင်မင်းမြတ် ... ခြောက်လပြည့်ရန် ခြောက်ရက်အလိုဖြင့် ပြုလုပ်ခဲ့သော ဘီး၏အကွပ်၊ အကန့်၊ ပုံတောင်းတို့သည်ကား ပစ္စည်းရှာဖွေမှု၊ လက်သမားလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်မှုတို့အတွက် အချိန် လုံလောက်စွာ ရရှိခဲ့၍ စိတ်တိုင်းကျ သေချာကျနစွာ ရှာဖွေရ လုပ်ကိုင်ဆောင်ရွက်ခဲ့ရသောကြောင့် မကွေးကြပါ၊ အပြစ်အနာအဆာလည်း မရှိကြပါ၊ အကာအထွေးများလည်း မဟုတ်ကြပါ။ သို့ဖြစ်၍ တွန်းလှိမ့်သောအခါ တွန်းလှိမ့်မှုအင်အား အရှိန်ရှိသမျှ လိမ့်သွား၍ ဝင်ရိုး၌ စွပ်ထားသကဲ့သို့ တည့်တည့်မတ်မတ်ပင် ရပ်တည်နေပါသည် ဘုရား”ဟု လျှောက်တင်လေသည်။

မှီငြမ်း။ ။ သစေတနသုတ်၊ အင်္ဂုတ္တိုရ်၊ ပါဠိတော်မြန်မာပြန်၊ ပထမတွဲ၊ ၁၂၉။ အံ၊၃၊၁၀၉။

ခက်ဆစ်အဖွင့်

ရထား = မြင်းစသော တိရစ္ဆာန်၏ ဆွဲအားဖြင့်ရွေ့ လျားသော ယာဉ်၊ လှည်း၊
အကွပ် = လှည်းဘီးအပတ်၊ လှည်းဘီးခွေ။
အကန့် = လှည်းပုံတောင်းနှင့် အကွပ်ကို ထောက်ကန်ထားသော အချောင်းအတံ၊ ဒေါက်၊
ပုံတောင်း = လှည်းဘီးအကန့်များ ထောက်ရာ ဝင်ရိုးအုံ။

လုပ်ငန်း (၂) ဇာတ်လမ်းကို သရုပ်ဖော်ခြင်း။

(၂၅ မိနစ်)

֍ အထက်ပါဇာတ်လမ်းကို သရုပ်ဖော်ရန် ကလေးသုံးဦးကို ရွေးချယ်ပါ။ တစ်ဦးက နောက်ခံစကားပြောသူ၊ တစ်ဦးက သစေတနမင်းကြီး၊ ကျန်တစ်ဦးက ရထားလုပ်သမားအဖြစ် သတ်မှတ်၍ ဇာတ်ကောင်တို့၏ အပြောအဆို၊ အမူအရာအတိုင်း အသီးသီး သရုပ်ဆောင်နိုင်အောင် ဆရာက စီစဉ်ပေးပါ။ ထို့နောက် သရုပ်ဆောင်ကြပါစေ။

ပြီးလျှင် သရုပ်ဆောင်သူများ ပြောသွားသော အကြောင်းအရာများထဲမှ မှတ်မိသော အချက်များကို ဆရာကကျန်ကလေးများအား မေးပါ။

လုပ်ငန်း (၃) မေးခွန်းများပေး၍ အနှစ်ချုပ်ခြင်း၊

(၁၀ မိနစ်)

֍ သရုပ်ဖော်ခဲ့သော ဇာတ်လမ်းနှင့် ချိတ်ဆက်၍ အောက်ပါမေးခွန်းများကို မေးပါ။

-ဘုရင်ကြီးက ရထားလုပ်သမားကို ဘာလုပ်ခိုင်းခဲ့သလဲ။
-ရထားလုပ်သမားဟာ ရထားဘီးနှစ်ဘီးကို ဘယ်လောက်အချိန်ယူပြီး လုပ်ခဲ့သလဲ။
-ရထားဘီးနှစ်ဘီးရဲ့ ကွာခြားချက်က ဘာလဲ။ ဘာကြောင့် ဒီလိုကွာခြားမှုတွေ ဖြစ်ရသလဲ။
-ရေရှည်အောင်မြင်မှုတွေ ရရှိဖို့ ဘာတွေ လိုအပ်သလဲ။

စာသင်ချိန် (၂)

အသေးစိတ်ရည်ရွယ်ချက်။ ။ ရည်မှန်းချက် အောင်မြင်ရေးအတွက် အချိန်ယူ၍ အစဉ်တစိုက် ကြိုးစား လုပ်ဆောင်မည့် နည်းလမ်းများကို ဖော်ထုတ်တတ်ရန်။

သင်ထောက်ကူပစ္စည်း။ ။ စာရွက်လွတ်များ။

သင်ယူမှုလုပ်ငန်းစဉ်

လုပ်ငန်း (၁) အုပ်စုဖွဲ့ဆွေးနွေးတင်ပြခြင်း။

(၃၀ မိနစ်)

֍ ကလေးများကို အုပ်စု(၅) စုဖွဲ့၍ စာရွက်လွတ်များ ဝေပေးပါ။ ထို့နောက် အောက်ပါမေးခွန်းနှစ်ခုအား သင်ပုန်းတွင် ရေးပေးပြီး ထင်မြင်ယူဆချက်များကို အုပ်စုလိုက် ဆွေးနွေး၍ ရေးသားကြပါစေ။ပြီးလျှင် အုပ်စုကိုယ်စားလှယ်တစ်ဦးစီက ဆွေးနွေးမှုရလဒ်များကို တင်ပြပါစေ။

-အလုပ်တစ်ခုခုကို ပြီးမြောက်အောင်လုပ်နိုင်ဖို့ အချိန်လုံလုံလောက်လောက်မရရင် ဘာတွေဖြစ်လာနိုင်သလဲ၊
-အလုပ်ကို သေသေချာချာ မလုပ်ခဲ့ရင် ဘာတွေဖြစ်လာမလဲ။

֍ ကိုယ်စားလှယ်တစ်ဦး တင်ပြပနစဉ် ကျန်ကလေးများက နားထောင်၍ ဖြည့်စွက်ဆွေးနွေးခြင်းများ ပြုလုပ်ပါစေ။ လိုအပ်မှသာ ဆရာက ဖြည့်စွက်ပေးပါ။

လုပ်ငန်း (၂) တစ်ဦးချင်းလုပ်ငန်းပေးခြင်း။

(၂၀ မိနစ်)

֍ အောက်ပါမေးခွန်းများကို မေး၍ ကလေးတစ်ဦးချင်းစီက မှတ်စုစာအုပ်တွင် ရေးပါစေ။

-သားတို့သမီးတို့ရဲ့ ဘဝမှာ ဘယ်လိုရည်မှန်းချက်တွေ ထားရှိကြသလဲ။ အဲဒီရည်မှန်းချက်တွေ ပြည့် အောင် ဘယ်လို ကြိုးစားလုပ်ဆောင်သွားကြမလဲ။

နမူနာပုံစံ
ရည်မှန်းချက်များ ကြိုးစားလုပ်ဆောင်မည့်နည်းလမ်း
ဆရာဝန်၊ အင်ဂျင်နီယာ ဖြစ်ချင်တယ်
အင်္ဂလိပ်ဘာသာ၊ ကွန်ပျုတာ ကျွမ်းကျင်ချင်တယ် စသည်

֍ အားလုံးရေးသားပြီးလျှင် ပြောပြချင်သော ကလေးများကို (အချိန်ပေါ် မူတည်၍) ပြောပြကြပါစေ။

လုပ်ငန်း (၃) မေးခွန်းမေးခြင်းနှင့် အနှစ်ချုပ်ခြင်း။

(၁၀ မိနစ်)

֍ အောက်ပါမေးခွန်းကို မေးမြန်းဆွေးနွေး၍ စာသင်ချိန်ကို အနှစ်ချုပ်ပါ။

-ဒီသင်ခန်းစာကနေ ကလေးတို့အနေနဲ့ ဘာတွေကို သင်ယူရရှိသွားသလဲ။

֍ ကလေးများ ပြောပြီးနောက် ဆရာက “သားတို့သမီးတို့မှာ ရည်မှန်းချက်တွေကို ကြိုးစားလုပ်ဆောင်ကြမယ့် နည်းလမ်းတွေ ရှိနေကြပြီ၊ အဲဒီရည်မှန်းချက်တွေ ရောက်ဖို့အတွက် အချိန် လုံလုံလောက်လောက် ယူရမယ်၊ အစဉ်တစိုက် ကြိုစားအားထုတ်နေရမယ်၊ ဒါကြောင့် ပညာသင်ကြားရာမှာပဲဖြစ်ဖြစ်၊ အလုပ်လုပ်ရာမှာပဲ ဖြစ်ဖြစ် အောင်မြင်မှုတွေလို့ အချိန်ကို လုံလုံလောက်လောက်ယူပြီး စနစ်တကျစီမံကာ အစဉ်တစိုက် ကြိုးစားလုပ်ဆောင်သွားကြပါ”ဟု ပြော၍ သင်ခန်းစာကို အဆုံးသတ်ပါ။