အကျိုးပျက်ပြား ကုန်းတိုက်စကား

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ စတုတ္ထတန်း
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၂၄။ အကျိုးပျက်ပြား ကုန်းတိုက်စကား
326981ဗုဒ္ဓဘာသာသင်ခန်းစာ စတုတ္ထတန်း — ၂၄။ အကျိုးပျက်ပြား ကုန်းတိုက်စကားဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၂၄)

အကျိုးပျက်ပြား ကုန်းတိုက်စကား

[edit]

ရှေးအခါက ဗာရာဏသီပြည်တွင် နွားကျောင်းသားလေးတစ်ယောက် ရှိခဲ့သည်။ သူသည် နေ့စဉ် နွားများကို တောထဲတွင် ကျောင်းရ၏။ ထိုတောထဲတွင် ခြင်္သေ့၊ ကျား၊ ဆင်စသော တောသတ္တဝါ မျိုးစုံတို့လည်း နေထိုင်ကြသည်။

တစ်ညနေတွင် နွားကျောင်းသားလေးသည် သူ၏ နွားများကို ပြန်မောင်းလာပြီး နွားခြံထဲသို့ သွင်းလေ၏။ သို့သော် ကိုယ်ဝန်ရှိနေသော နွားမကြီးတစ်ကောင်သည် တောထဲတွင် ကျန်ရစ်ခဲ့သည်။ နွားမကြီးသည် ကိုယ်ဝန်ဆောင် ခြင်္သေ့တစ်ကောင်နှင့် အမှတ်မထင် တွေ့ရှိပြီး မိတ်ဆွေဖြစ် သွားကြသည်။ မကြာမီပင် နွားမနှင့် ခြင်္သေ့မတို့သည် နွားကလေးနှင့် ခြင်္သေ့ကလေးတို့ကို မွေးဖွား ခဲ့သည်။ မွေးဖွားလာသော ခြင်္သေ့ကလေးနှင့် နွားကလေးတို့သည် အချင်းချင်း အလွန်ချစ်ခင်ကြသည်။

တစ်နေ့တွင် ခြင်္သေ့မိသားစုနှင့် နွားမိသားစုတို့ ချစ်ချစ်ခင်ခင် အတူတူ နေထိုင်နေကြသည်ကို တောလိုက်မုဆိုးတစ်ယောက် တွေ့မြင်သွားသည်။ သူသည် မြို့သို့ ရောက်၍ တောထွက်ပစ္စည်းများကို ဘုရင်ကြီးအား သွားရောက် ဆက်သသောအခါ မင်းကြီးက “မုဆိုးကြီး ... တောထဲမှာ အထူးအဆန်း ဘာတွေ မြင်တွေ့ခဲ့သေးလဲ”ဟု မေးလေ၏။ ထိုအခါ “အရှင်မင်းကြီး တောထဲမှာ ခြင်္သေ့နဲ့နွား ချစ်ချစ်ခင်ခင် အတူတူ သွားလာနေတာကို ထူးထူးဆန်းဆန်း မြင်တွေ့ခဲ့ရပါတယ်”ဟု လျှောက်လေ၏။ မင်းကြီးက အံ့သြသွားပြီး ခြင်္သေ့နှင့် နွားတို့တွင် မိတ်ဆွေတစ်ယောက် တိုးလာလျှင် ပျက်စီးကြတော့မည်ကို သိလိုက်၏။ ထို့ကြောင့် မင်းကြီးက ခြင်္သေ့နှင့် နွားတို့မှာ နောက်ထပ် အဖော်တစ်ယောက် တိုးလာလျှင် လျှောက်ထားရန် မုဆိုးအား ပြောကြားလေသည်။

မကြာမီ မြေခွေးတစ်ကောင်သည် ခြင်္သေ့နှင့် နွားတို့ကို လာရောက် မိတ်ဆွေ ဖွဲ့လေသည်။ မုဆိုး တောထဲရောက်သောအခါ ခြင်္သေ့နှင့် နွားတို့တွင် မြေခွေးတစ်ကောင် မိတ်ဆွေတိုးလာသည်ကို မြင်၍ မင်းကြီးအား လျှောက်ထားရန် မြို့သို့ ပြန်သွားခဲ့၏။

တစ်နေ့တွင် မြေခွေးက “ခြင်္သေ့အသားနဲ့ နွားအသားကလွဲရင် ကျန်အသားတွေကို ငါ အကုန်စား ဖူးတယ်၊ မစားဖူးသေးတဲ့ ခြင်္သေ့နဲ့ နွားတို့ရဲ့ အသားကို စားရအောင် လုပ်ရမယ်”ဟူသော အကြံဖြင့် ခြင်္သေ့ထံ၌ နွား၏ မကောင်းကြောင်း၊ နွားထံ၌ ခြင်္သေ့၏ မကောင်းကြောင်း ကုန်းတိုက်စကား ပြောကြား လေသည်။ ထို့ကြောင့် ခြင်္သေ့နှင့် နွားတို့သည် အချင်းချင်း စိတ်ဝမ်းကွဲလာပြီး ခိုက်ရန်ဖြစ်ပွား၍ သေဆုံး သွားကြ၏။ မုဆိုးသည် မြို့သို့ရောက်သောအခါ မင်းကြီးအား “အရှင်မင်းကြီး ... ခြင်္သေ့နှင့် နွားတို့မှာ မိတ်ဆွေရနေပြီ”ဟု လျှောက်ထားလေသည်။ ထိုအခါ မင်းကြီးက “အဲဒီမိတ်ဆွေက ဘယ်သူလဲ”ဟု မေးမြန်းရာ မြေခွေး တစ်ကောင်ဖြစ်ကြောင်း လျှောက်ထားလေ၏။ ထိုအခါ မင်းကြီးက “မြေခွေးဟာ ခြင်္သေ့နဲ့နွားတို့ ခင်မင်မှု ပျက်အောင်၊ ရန်ဖြစ်အောင် ကုန်းတိုက်တော့မယ်၊ အခုချိန်ဆိုရင်တောင် ခြင်္သေ့နဲ့ နွား သေနေလောက်ပြီ”ဟု ပြောပြီး ရထားဖြင့် တောသို့ သွားရန် မုဆိုးအား လမ်းပြခိုင်းလေသည်။

မင်းကြီးနှင့် မုဆိုးတို့ တောသို့ ရောက်သောအခါ မြေခွေးက ခြင်္သေ့၏ အသားနှင့် နွား၏ အသားကို အားရပါးရ စားနေသည်ကို တွေ့မြင်လိုက်ရသည်။ ထိုအခါ မုဆိုးသည် မြေခွေးယုတ်ကို မြားနှင့် ပစ်လိုက်ရာ မြေခွေးလည်း သေဆုံးသွား၏။ ထိုအဖြစ်အပျက်ကို တွေ့မြင်လိုက်ရပြီးနောက် မင်းကြီးသည် “ကုန်းတိုက်စကားဟာ မိတ်ဆွေအဖြစ်ကို ပျက်စေတတ်တယ်၊ သေကြေ ပျက်စီးခြင်းကို ဖြစ်စေတတ်တယ်၊ ဒါ့ကြောင့် ကုန်းတိုက်စကားကို သတိပြု ရှောင်ကြဉ်သင့်တယ်၊ ဒါမှသာ မိတ်ဆွေအချင်းချင်း ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်နိုင်မယ်”ဟု ရထားထိန်းကို ဆုံးမစကား ပြောကြား လေသည်။