ဟတ္ထိပါလပျို့/အခန်း-၉

From Wikisource
Jump to navigation Jump to search
please do not remove empty parameters (see the template documentation).
ဇာတ်တော်ပေါင်းခန်း
by ရှင်ရဋ္ဌသာရ

ဇာတ်တော်ပေါင်းခန်း[edit]

သတ္ထာ ဣမံ ဓမ္မဒေသနံ အာဟရိတွာ ဧဝံ ဘိက္ခဝေ ပုဗ္ဗေပိ တထာဂတော မဟာဘိနိက္ခမနံ နိက္ခန္ထောယေဝါတိ ဝတွာ ဇာတကံ သမောဓာနေသိ ။

ငါးခုမျက်စိ စောမုနိကား ဟတ္ထိပါလ ဇာတ်ဓမ္မကို အစအဆုံး သိမ်းဆောင်ကျုံး၍ ပတ်ကုံးဝန်းလျား တပည့်သားတို့ ရှင်များအဘ ငါဗုဒ္ဓကား ရှေးကသော်လည်း သည်နည်းလည်းကောင်း သို့အကြောင်းဖြင့် တောအောင်းပါရမီ ဖြည့်ပြီလဟူ မိန့်တော်မူမှ လေးဆူသစ္စာ သိခဲစွာကို ပညာဆီမီး ညှိထွန်းပြီးသော် အထီးဇာတက ပေါင်းလတ်ထတည်း ။

တဒါ ဧသုကာရီရာဇာ သုဒ္ဓေါဒနမဟာရာဇာ အဟောသိ၊ ဒေဝီ သီရိမဟာမာယာ၊ ပုရောဟိတော ကဿပေါ၊ ဗြာဟ္မဏီဘဒ္ဒါကာပိလာနီ၊ အဇပါလော အနုရုဒ္ဓေါ၊ ဂေါပါလော မောဂ္ဂလာနော၊ အဿပါလော သာရိပုတ္တော၊ သေသပရိသာ ဗုဒ္ဓပရိသာ၊ ဟတ္ထိပါလော ပနာဟမေဝါတိ ။

ဩဇဝန္တ မြတ်ဒေသ၌ ပျိုးချရောက်သန် မျိုးနှယ်မှန်လျက် အစွန်တရာ နှစ်ဆယ်ပါသား ကာမာဝစရ ကုသလဟု သုခပွါးဆောင် သောင့်ငါးထောင်လျှင် မြားမြောင်နှီးရင်း ကုံထံခြင်းဖြင့် နှောင်းကြွင်းယခု ကျွတ်ဆုမှီယှဉ် ပုထုဇဉ်နှင့် ဖဲကြဉ်အပါယ် မနွှယ်လူ့ရပ် မကပ်နတ်ဘုံ ဇာတိမြုံသည် လေးစုံရှစ်ဘော် သားသူတော်တို့ ထိုရော်အခါ ဧသုကာဟု မဟာသီရိ ဘူပတိကား မုနိနဂရ ကပိလ၌ သကျဝံသာ ဥက္ကာမုခ အစတည်ရှောင်း ရှစ်သောင်းနှစ်ထောင် ကိုးယောက်နောင်ဝယ် ရန်အောင်နရိန် ဇေယသိန်ဩရသ သီဟဟနု စောနတ်တုလျှင် မျက်ရှုပျော်ရာ ကစ္စာနာဟု ထင်စွာမည်သီး ငါ့ဘွားကြီး၏ သမီးနှစ်ဘော် သားတော်ငါးယောက် ထိုမျှလောက်တွင် ထွန်းတောက်ရှိန်စော် လက်ဦးမြော်၍ သုဒ္ဓေါ်ဒန ရွှေနန်းရသည် မွေးဘ ရာဇရာဇာတည်း ။

ထိုရော်မြတ်ဖျား မိဖုရားကား သီးခြားသာကိယ တည်ထောင်ကြသည် ဒေဝဒဟ ပြည်မသခင် နတ်ရှင်သားလှ ကစ္စာနမောင် မင်းခေါင်အဉ္ဇန နရိန္ဒကို သီဟကျော်ဟိုး ငါ့ဘိုးနှမ မည်ရယသော် ငါ့ဘွားတော်နှင့် နှစ်ဘော်ယှဉ်မှီး ဆောင်နှင်းပြီး၍ သမီးနှစ်ပါး သားလည်းထိုမျှ မြင်ကြရှေးနှောင်း လေးယောက်ပေါင်းတွင် ဆုတောင်းမဆွ ဝိသေသဖြင့် ဗုဒ္ဓမာတာ ဖြစ်ချင်စွာဟု ကမ္ဘာသိန်းပြည့် ဖြည့်သည့်အကျိုး အငယ်ပျိုးက အမျိုးအဆင်း သီတင်းအာစာ လိမ္မာချင်းတ စုံလှသောအား မြင်သူများကို မသွားစေရက် နှစ်သက်ဝမ်းသာ ချုပ်တတ်စွာ၍ မာယာမည်တွင် လူ၌ထင်သည် မိခင် တုသိတာမှာတည်း ။

ခြောက်သောင်းမှူးဆော် ထိုခါကျော်သည် ပုရော်ဟိတ ငါ့မွေးဘကား မဂဓတိုင်းခြေ အုပ်ထွေသာယာ မဟာတိတ္ထ ပုဏ္ဏာ့ရွာစည် နေတည်ဘူမိ သဉ္ဇာတိဝယ် ပိပ္ပလိလုလင် အမည်တွင်လျက် မျိုးစင်ဗြာဟ္မဏ ကပိလ၏ ပုတ္တရတနာ သားဖြစ်လှာ၍ မချာတရက် ကိုယ်လက်ပွတ်နယ် တနေ့ဝယ်သော် တဆယ့်နှစ်ဖန် ကွန်းစားပြန်သား ရွှေမွန်အစစ် ဇမ္ဗူရာဇ်တိ စွန့်ပစ်ကျိုးမဲ့ စံစားခဲ့မှ တဆဲ့နှစ်ယူဇနာ မြေလယ်ယာ၌ ယန္တာဗန္ဓ ကန်မခြောက်ဆယ် ကြီးကျယ်လုပ်ဆောင် ရွာထောင်ပြုစု ဆဲ့လေးခုလျှင် အနုရာဓ ပြည်မရှိချည်း ဖြင်ပည်းလှည့်ကာ ဟတ္ထာနိက ဆင်သင်းစသည် ထိုမျှနှင်နှင် မြေတွင်သိုမြှုပ် ဖုံးအုပ်ဝှက်ကွယ် ရှစ်ဆယ်ကုဋေ အထွေအပြား ဥစ္စာများကို လေးစားမမူ ရှေးရှူငါ့မှာ တောထွက်လှာက မဟာကဿပ သုသိလဟု စန္ဒအသွင် ကျွန်းလုံးထင်လျက် ဓုတင်တေရသ် ပဋိပတ်၌ တုလွတ်အခေါင် လက်စောင်တပည့် ငါ၏ကိုယ်စား နောက်ဘို့ထားသည် တရားမှုထမ်း ရည်လျာတည်း ။

ထိုရော်ဘုန်းရှိ ငါ့မွေးမိကား ပိပ္ပလိမည်ထင် ထိုလုလင်သည် မြူးရွှင်စံတုန်း ချိန်ဆုန်းခန့်တွက် အသက်နှစ်ဆယ် ရောက်ကြိုက်ဝယ်လျှင် နှီးနွှယ်ယဉ်ပိုက် အိမ်ထောင်တိုက်သော် မကြိုက်မလည် မကြည်မညို ဆိုလျက်ပင်ကို မိခင်ကြိမ်ဖန် တောင်းပန်စများ အားပါးနာလှ အကြံရ၍ နိက္ခစတေ တထောင်ရွှေကို လုပ်ခြေတတ်မှု ပီအောင်ပြုမှ မာတုဂါမ သည့်နှယ်ရစေ နေစအံ့ဟု တံ့တံ့ဝန္တံ ခံသည်ခဏ ရှာဖွေကြသော် မဒ္ဒတိုင်းစည် ပြည်သာဂလ နဂိုရ်မတွင် အဘဇာတိ ကောသိယစစ် အပြစ်စင်ကြယ် သူကြွယ်သမီး မကြီးရွယ်သစ် ဆဲ့ခြောက်နှစ်သာ မီးလျှံဝါသို့ မိုက်စွာတိုက်ချောင် ဆဲ့နှစ်တောင်ကို ကိုယ်ရောင်ထွန်းဟန် တမန်သိထွေ ပြန်ပလေ၍ မျိုးဆွေဖြားယောင်း ဆောင်နှင်းပေါင်းသော် ငါးသောင်းငါးထောင် လှည်းဖြင့်ဆောင်သား မြားမြောင်ဥစ္စာ နှီးရင်းပါလျက် ဗြဟ္မာနှစ်ပါး နေသောလားသို့ စကားညစ်ကျူ ရယ်မှုကိုမျှ တလ္လရွံရှာ မြင့်ရှည်ကြာမှ မဟာကဿပ ရသည့်သံဝေ ကြားပေသရော် အာဘော်တူလှ တောထွက်ကြသည် ငယ်ကမည်ရင်း ဘဒ္ဒါတည်း ။

အဇပါလ ကုမာရဟု ငါမှနောက်ဘွား နှစ်ယောက်ခြားဖြင့် သိကြားလိမ္မာ ထိုခါနှောင်းမွေး ငါ့ညီထွေးကား စိတ်ပြေးတောင်းဆု ရှေးကောင်းမှုကြောင့် ယခုလက်ငင်း တသက်တွင်းဝယ် ထမင်းဖြစ်ရာ ရွှေခွက်သာဟု မှန်စွာယုံကြည် အမှတ်တည်လျက် ခူးသည်ကိုမျှ ဆဝမသိ မရှိစကား နားပါးမလည် တာရှည်မွေ့လျော် စည်းစိမ်ပျော်မှ အဘော်ခြောက်ယောက် သဒ္ဓါပေါက်၍ ဖူးရောက်ငါ့မှာ တောထွက်လှာသော် ဘိညာမြင်မှု နတ်စက္ခု၌ အတုမရ ချီးထိုက်လှလျက် မိဘမြတ်စုံ မျိုးအင်တုံလည်း သုံးဘုံမျက်ပွင့် ငါနှင့်မဝေး ဘထွေးရင်းသား နွယ်မပြားသည် ညီဘွား အနုရုဒ္ဓါတည်း ။

ထိုရော်ငါ့အောက် တယောက်ခြားထ ဂေါပါလဟု မိဘခေါ်မှတ် ငါ့ညီလတ်ကား သာထွတ်နဂိုရ် ရာဇဂြိုဟ်မှ မငြိုပြန်ခေါက် သွားထောက်မရှည် ကုံစည်ကြွယ်ဝ ကောလိယဝယ် နာမစံတည် ထိုရွာမည်ဖြင့် အသည်ကြီးသား ဖြစ်ထွန်းငြား၍ ငါ့အားလည်းကောင်း ဖူးလှာရှောင်းသော် မြတ်ပေါင်းတပည့် ရှစ်ကျိပ်ပြည့်တွင် မရှည့်ရည်တူ အဂ္ဂဟူသား နှစ်ဆူစုံမြောက် မွှေချောက်နတ်ရပ် တုပ်ဝပ်စေပြီး ငရဲမီးကို မိုးကြီးဖျန်းဆွတ် ငြိမ်းအောင်သတ်လျက် ကယ်ချွတ်ဒေသနာ ဟောတတ်စွာသား မဟာမောဂ္ဂလာန် တန်ခိုးထန်သည် သားမွန် လက်ဝဲရံကာတည်း ။

အဿပါလ တွင်ထသညာ ထိုရောခါ၌ ငါ၏အောက်ရင်း ညီသားချင်းကား ပျောက်ကင်းရန်နှိပ် ဂိရိဗ္ဗဇ ပြည်မအနီး ရပ်သီးထောင်တည် အသည်စင်လှ ဝင်္ကန္တဟု အဘထင်ရှား ပုဏ္ဏားဇာတိ အမိတမူ သရီဟူသား မျိုးတူမပြား သူကြွယ်များ၏ တအားတအန် ရည်မွန်ခုနစ်ယောက် ညွန့်ပေါက်ပွါးစီး သားသမီးတွင် အကြီးဖြစ်လှာ ချက်မြှုပ်ရွာနှင့် ဝေါဟာမပြား မှန်ထားငယ်က သမိုက်ကြ၍ ဥပတိဿ ခေါ်ထမည်ခံ လူ့ဘော်စံမှ ငါ့ထံရောက်ပြီ့ သာရိပုတြာ ကျော်စောစွာလျက် ဂင်္ဂါစဉ်လျား ကမ်းနားတက်စုန့် သဲမုန့်ယက်ထုတ် သမုဒ်မြစ်ရေ ဤမြေအလုံး တွက်ကျုံးမျှ အဆဆလျှင် ဉာဏတုရှဲ သူ့ထက်ကဲသည် ရံမြဲနေမှတ် လက်ျာတည်း ။

ကာဠာဝက ဂင်္ဂေယျနှင့် ပဏ္ဍရတမ္ဗ ပိင်္ဂလဟု ဂန္ဓမင်္ဂလာ ဟေမာဥပေါ် မျိုးဘော်မတူ ဆဒ္ဒန်ဟူသည် ဆင်ဖြူဆင်မင်း သွားလတ်လျှင်းသော် ခပင်းဆင်များ လိုက်သောလားသို့ ရှေးဖျားဥသဘ ခရီးချသော် ထိုမှနွားများ ရိုင်ရိုင်သွားသို့ ရေသားရွှေဆင်း ငှက်မင်းဓတရဌ် ပျံလတ်သောခါ နောက်ရံပါသည် ဟင်္သာအများ ဝမ်းဘဲလားသို့ ခုနစ်ပါးရတနာ မဟာဓန ဝန်ကြီးရလျက် လှေမသင်္ဘော တစင်းမျှောသော် ဖြင်ပေါလှေငယ် နောက်ဆွယ်အများ ထပ်မနားသို့ ဘုရားအလောင်း ယောက်ျားကောင်းလျှင် ရှေ့ခေါင်းတည်လျက် တောကြီးထွက်သော် လမ်းဆက်စဉ်မေး နီးဝေးမြေတာ လိုက်ထပ်လှာသား ထိုခါအများ တိုင်းကားပြည်သူ ခပ်သိမ်းလူနှင့် ထီးဖြူဆောင်းချင်း မင်းခုနစ်ဦး မင်းမှူးမင်းမတ် ဝန်းပတ်ကိုယ့်ထံ ခြံရံသင်းပင်း မကြွင်းမကျန် ရသေ့မွန်တို့ စုန်ဆန်ကြေညာ လူ့ရွာနတ်ပြည် အရှည်အလျား အလားအလာ ချမ်းသာပီပီ လောကီထွတ်ရောက် စံပြီးမြောက်မှ မျက်မှောက်ကင်္ကာ ယခုခါဝယ် ငါ၏ပရိသတ် ဖြစ်ကုန်လတ်၍ အကျွတ်ဆုလျော် တရားပျော်သည် သူတော်သူမြတ်ချည်းသာတည်း ။

ဟတ္ထိပါလ ဣသိန္ဒဟု ထွန်းပထိုရော် ရသေ့ကျော်ကား လူ့ဘော်စရိမ ဤဘဝ၌ ယူစသန္ဓိ တည်မှန်းသိလျက် အမိဝမ်းတွင် လွင်ပြင်မြော်ကြည့် ရှေ့တည့်စံပယ် ထက်ဝယ်ဖွဲ့ခွေ ငြိမ်းနေရွှင်ကြည် မွေးမည်သရော် မယ်တော်ရပ်ခိုက် တော်၌လည်းဘွား ရွှေပြားအထိပ် နင်းနှိပ်လှမ်းထောက် မြောက်သို့စူးစူး ကွန့်မြူးသန်ကြွား ဖြန့်သွားခုနစ်ခါ ဒိသာလောစန သီဟသံရှင် ကြားထင်ကြုံးဝါး လေးပါးကြောင်းဟိတ် နိမိတ်မြင်ထွေ သံဝေရစွာ မဟာနိက္ခမ ပဓာနစရိယာ သစ္စာပွင့်နေ့ သိမ်မွေ့ဩဇာ ပါယာသဘတ် ဆွမ်းမြတ်လည်းရ တိဏသန္ထရေ ကောင်းတေနေစဉ် သဗ္ဗညုတ ဉာဏခေါင်ထိ သတိမကွာ အာနာပါန ကမ္မစီးဖြန်း ရောက်မှန်းမာရ်စစ် သစ်သစ်အောင်မြင် ပလ္လင်ရတနာ နေရာ၌ဝယ် သုံးသွယ်ဝိဇ္ဇာ အသာဓာရဏ စသည့်ကျေးဇူး အထူးရပြီ့ ဗောဓိသမီပ သတ်ဌာနဝယ် သတ္တသတ္တာ နဝါစာလီ ပေါင်းညီရက်စေ့ မရွေ့တပါး တရားဟောငှါ နတ်ဗြဟ္မာလျှင် ပန်ထွာပကတိ ဣသိပတန မိဂဒါဝုန် ရိပ်မွန်မြိုင်ထဲ ဟောမြဲဓမ္မစက် ချမ်းချက်လွန်ကဲ တပို့တွဲဟု မြူရှဲရောင်ပ ပြည့်သည့်လ၌ ပွဲမအပုံ လုံးစုံသံဃာ စည်းဝေးရာတွင် ကျမ်းပါတိမုတ် ရွှေနှုတ်ဘော်ညွှန် ဇေတဝန်ဝိဟာ ခန်းဝါနေမှတ် သာဝတ်ပြည်ကြီး တံခါးနီးတွင် ရေမီးနှစ်ကွဲ ပြမြဲပြာဋိဟာ ပျော်ရာဒေဝိန် တာဝတိန်ဝယ် ဟောချိန်လည်းသိ အဘိဓမ္မာ ဒေသနာလည်း တံတွာမချွတ် သင်္ကဿနဂိုရ် ထို၌ပင်သာ ထက်နတ်ရွာက သက်လှာခြေချ ဖလသမာပတ် မပြတ်ကျင့်လေ့ ဝေနေ့သတ္တဝါ ရှိရာရာကို နှစ်ခါမြော်ရှု အနုရူပ ဝါရိတနှင့် ကြောင်းစလျဉ်းသော် ဟောဘော်ဇာတ်ရိုး နွယ်မျိုးဆွေဘောင် ဟောဆောင်ဗုဒ္ဓဝင် ထိပ်တင်ရှိပန်း ရဟန်းတသွန် အာဂန္တုက ဟူသမျှနှင့် တကွဖူးတွေ့ မြေ့မြေ့ကျင့်မှု ဘိက္ခုသံဃ သာဝကတို့ ဝါလကျွတ်သော် အခေါ်မလင့် လာခွင့်တောင်းပန် အမှန်ရောက်လေ့ ညဉ့်နေ့မချန် ငါးတန်ကိစ္စ ပြုထစင်းလျင်း မကြွင်းခန္ဓာ ငြိမ်းမည့်ခါ၌ မြိန်စွာမံသ ဩဇလွေးလွေး ဘုန်းပေးရနေ ကုဋေနှစ်သန်း မြတ်စွန်းသင်္ချာ လေးသိမ်းပါလျက် သမာပတ္တိ ဝင်စပြီ့ဝယ် ပရိနိဗ္ဗာန် ဆုံးစွန်ပိုင်းခြား ဤသို့အားဖြင့် ဘုရားတကာ ဖြစ်ရာစမြဲ မလွှဲမဖယ် သုံးဆယ်ဓမ္မဟာ ပြည့်စုံစွာလျက် ပညာကြငှန်း ငါဖြစ်ထွန်းသည် ထက်ဝန်းကိုးကွယ်ကုန်ရာတည်း ။
ဟတ္ထိပါလဇာတကံ နိဋ္ဌိတံ ။