ဟတ္ထိပါလပျို့/အခန်း-၂

From Wikisource
Jump to navigation Jump to search
please do not remove empty parameters (see the template documentation).
အဿပါလ တောထွက်ခန်း
by ရှင်ရဋ္ဌသာရ

ပုန ဒိဝသေ ရာဇာစ ပုရောဟိတောစ စိန္တယိံသု ။

ရှေးသံသရာ ဝါသနာဖြင့် မေတ္တာမဆိတ် ပုရောဟိတ်နှင့် ချစ်စိတ်မပြား မင်းမြတ်ဖျားကား ရက်ခြားမရှိ တနေ့ပြီ့တုံ ဟတ္ထိပါလ ဦးမဆွက ရှာထမဂ်ဖိုလ် မလိုမင်းဖြစ် စွန့်ပစ်ရက်ရက် တောလျှင်ထွက်၍ အုတ်ကျက်များစွာ ရံဗိုလ်ပါနှင့် ဂင်္ဂါမြစ်စ နေတဲချခဲ့ အဿပါလ ကုမာရကို ကာမရတိ စူးစမ်းသိမှ ပြည်ကြီ့းသေဉ်နင်း မင်းဟုပြဋ္ဌာန်း ဘိသိက်သွန်းအံ့ တဆန်းကြံပြန်သေးသတည်း ။

ကြံပြီးသည့်နောင် ရှေးကဲ့ယောင်သို့ ရုပ်ဆောင်လဲချွတ် ရသေ့ဝတ်ဖြင့် သားလတ်အိမ်ရောက် သွားလေမြောက်၏ မျက်မှောက်ထိုရော် မြော်ကဝမ်းသာ အဿပါလည်း သဒ္ဓါညွတ်ညွတ် ကပ်လှာလတ်၍ စိရဿံဝတ စသည်လည်းကောင်း ရွတ်တုံရှောင်းလျက် ကျင့်ဟောင်းရှေးတု လေးမြတ်ပြုမှ ဧသုကာရီ ချစ်ညီတကွ ဗြာဟ္မဏတို့ လာထကြောင်းခြာ ပြန်သောခါ၌ ငါ၏နောင်မင်း ထင်းလင်းမျက်မြင် ရှိစဉ်ပင်ဝယ် ဆောလျင်ငါ့မှာ ထီးနှင်းလှာသည် မရာပေဘူး ဆိုဘိဦးလော့ အထူးချင်းတ သိချင်စွဟု မင်းလှစမ်းကာ မေးသတည်း ။

ကာမရာဂ လောဘခွါပစ် ဗြဟ္မာစစ်သို့ မင်းဖြစ်မလို မောင့်အစ်ကိုလျှင် မဂ်ဖိုလ်လှုလှု ရဟန်းပြုမည် စူးစူးရည်လျက် တောထွက်လေသော ပြန်ပေဆောက ထိုခဏဝယ် တဲချတိမှာ မေးဖွေရှာသော် ဂင်္ဂါမြစ်ခြေ နေသည်အခြင်း ကြားပေလျှင်းက နောင်မင်းစွန့်မြောက် တံတွေးပေါက်ဖြင့် သအောက်ညှီနံ့ ဘယ်မူစံ့နည်း ထက်ချည်းပညာ သူမိုက်သာတည့် တဏှာညွန်အိုင် မကူးနိုင်ရှင့် ကြံ့ခိုင်ရွှေဉာဉ် လုံ့လပျဉ်ဖြင့် တိုင်စဉ်တံတား ငါလျှောက်သွားအံ့ ခံ့ညားတွန့်တို့ မရှိမြို့တည့် ဤသို့ကြံပြီး မင်းကြီးပုဏ္ဏား ဘနှစ်ပါးကို တရားဟောငှါ နှစ်သွယ်ဖြာသည် ဂါထာပန်းနှယ် မွှေးသတည်း ။

ပင်္ကော စ ကာမာ ပလိပေါ စ ကာမာ၊ မနောဟရာ ဒုတ္တရာ ပစ္စုဓေယျာ ။ တေသ္မိံ ပင်္ကေ ပလိပေ ဝိသန္နာ၊ ဟီနတ္တရူပါ န တလန္တိ ပါရံ ။ အယံ ပုရေ လုဒ္ဒမကာသိ ကမ္မံ၊ သွာယံ ဂဟီတော န ဟိ မောက္ခိတော မေ။ ဩရုန္ဓိယ နံ ပရိရက္ခိဿာမိ။ မာယံ ပုန လုဒ္ဒမကာသိ ကပ္ပံ ။


သဿမေဓ စသည့်လေးခု သင်္ဂြိုဟ်မှုဖြင့် မနုသမ္မတ ရှေးကသံပိုင်း ကျင့်ရိုးခိုင်းလျက် ဆိုတိုင်းတည်လွယ် ချိန့်သဘွယ်လျှင် မရွယ်မျက်နှာ မနာအားပါး မစားတံစိုး မစိုးရန်ဘေး ရမ္မက်ဆေးသို့ နိုင်ရေးမရှုံး ဖြောင့်ဖြောင့်သုံး၍ ပြည်ထုံးစံနည်း ပြည်သိမ်းဆည်းသည် ခမည်းတော်မင်း လူ့မှန်ကင်းနှင့် ရုပ်ဆင်းလှဲပြောင်း ကြွလာရှောင်းသည် ကျော်သောင်းဉာဏ မွေးချစ်ဘ ။ တရာ့ရှစ်ဖြာ ထူပြောစွာသား တဏှာကာမ သမုဒ္ဒဟု ဒုက္ခပူပန် ဘုံသုံးတန်မှ နိဗ္ဗာန်သာဝှမ်း ခေမာကမ်းသို့ ငြိမ်းချမ်းကူးလွယ် ခပ်ခဲဘွယ်လျှင် အလယ်ဖီသန်း ငြိအောင်တန်းလျက် နစ်မွန်းတတ်ဘိ ချင့်သတ္တိဖြင့် ညစ်ကျိမပြတ် မြေနှမ်းဖတ်ဝယ် မိုးစွတ်လွင်တီး တံလည်းစီးသည် ခရီးညွန်ပျောင်း စေးရွှံ့တည်း ။

တဏှာညွန်ပျောင်း စေးရွှံ့ချောင်းဝယ် မကောင်းမရာ သူယုတ်မာတို့ နင်းကာမပြန် ရမ္မက်ထန်၍ နိဗ္ဗာန်ရွှေဘုံ ကမ်းခုံဘေးမဲ့ မကူးပြဲ့တည့် မငဲ့မဆုတ် စုတ်စုတ်တိုးသွား ခြေဘဝါးမှ ခေါင်းဖျားတိုင်အောင် နစ်မွန်းယောင်သို့ တားနှောင်သတ်ညှစ် အပြစ်လည်းမြင် ရှင်လည်းမလှ ကဲ့ရဲ့ရလျက် သေကထုတ်ချောက် အပါယ်ရောက်၏ မျက်မှောက်ပစ္စုပ္ပန် တမလွန်၌ ကြိမ်ဖန်သို့ချည်း အပည်းပည်းလျှင် လောင်သည်းစပ်ရှား ဆင်းရဲများကို ဘုရားမြတ်ပုံ ဟောငြားတုံလည်း စေ့စုံမဆုံးနိုင်အံ့တည်း ။

ပညာထင်ရှား လူတို့အားကား နင်းသွားမခံ့ ညွန့်စေးရွှံ့၌ ဆယ်ရံ့ရံခါ နင်းမိပါမူ ခြေမှာကပ်ငြိ ကျွံမှန်းသိက နောက်ပြီ့ဆုန်းဆ ဤမျှတန်စေ ရသံဝေဖြင့် သန့်ရေဆေးသွန်း စင်အောင်တွန်းမှ ထုတ်သန်းပစ်မြောက် တံတားလျှောက်သော် ရောက်ပေါက်လိုရာ ထိုပမာသို့ အာသာညစ်ကျု မကောင်းမှုကို မပြုဝံ့ဝံ့ တရွံ့ရွံ့ပင် မှားမိကျင်လည်း ဆင်ခြင်တဖန် သုတ်သင်ပြန်၍ နိဗ္ဗာန်ကမ်းခိုင် ကူးခပ်နိုင်သည် ချက်တိုင်ကျေးဇူးမညံ့တည်း ။

ဆင်ထိန်းမြင်းထိန်း ကလိန်းကလက် လူပျက်လူချဉ် လူမယဉ်နှင့် ပေါင်းယှဉ်ကြဘူး ရှေးလက်ဦးက ဆိတ်လူးစဉ်းသွား မြား၏တည်ရာ တောင့်ပမာသို့ မိစ္ဆာလွှမ်းခြုံ ကျွန်ုပ်တုံလည်း တစုံတခု ကြမ်းကြုတ်မှုကို ပြုမိလေရှောင်း ကျင့်မကောင်းဖြင့် ညွန်ပျောင်းကာမ စေးရွှံ့ဝဝယ် ခြေချနင်းမှားပချေပြီ ။
ထိုမကောင်းမှု ပြုသည့်အကျိုး ငရဲအိုးကို ချီပိုးရွက်သည် ကျွန်ုပ်မည်ခဲ့ ကျင်လည်သံသာ ဝဋ်သုံးဖြာတွင် မကွာသရွေ့ ဖွဲမီးငွေ့သို့ လောင်ဝှေ့လျှံတက် ထိုဝိပါက်မှ မထွက်လေဖြစ် အပါယ်မြစ်တွင် မွန်းနစ်စုပ်စုပ် ကိုယ်လုံးမြုပ်ချိမ့် ကျွန်ုပ်မလွတ်ပလေပြီ ။

ယခုတမူ ရှေးတူမဟုတ် စောင်မာန်ရှုတ်လျက် ကိုယ်နှုတ်နှလုံး တည်းပိတ်ဖုံး၍ ဆုံးရှုံးအပါယ် လားလေဘွယ်သား ပျက်ပြယ်ဆော့လော့ စောင့်ရှောက်တော့အံ့ မေ့လျော့ကျင့်လွန် ငယ်သဏ္ဌာန်ကို ယူပြန်ချင်ဘိ နောင်တရှိ၏ နောက်ပြီ့တခါ ဉာဏ်သီဒါဖြင့် တဏှာကပ်ညွန် ဆေးကြောပြန်လိမ့် တဖန်မနင်းမိစေပြီ ။

ဤသို့မိန့်ဆို မင်းလှပျိုကား မြင့်မိုရ်ထိပ်ညှောက် တမ်းခွန်ဆောက်သို့ နှစ်ယောက်မွေးဘ နေရစ်ကြလော့ တကွပူးယှဉ် မျှဆိုစဉ်တွင် ဝိညာဉ်မကွာ ငါ့ခန္ဓာကို ဖျားနာအိုခြင်း သေမင်းကပ်ချဉ်း နှိပ်စက်ညှဉ်း၏ စိတ်မျဉ်းသံဝေ ရကုန်စေဟု သံခြေနက်လေး ဩဝါပေးမှ ရှေးနှင့်အတူ တယူဇနာ ဗိုလ်ပါဆောင်လျက် ငြိမ့်ငြိမ့်ထွက်၍ တရက်မညောင်း ကြွလေရှောင်းသည် စုံပေါင်းနောင်တော့်ထံရင်းတည်း ။

နောင်တော်ပါလ ဘိညာဉ်ရကား နေထကောင်းကင် ထက်ဝယ်ဆင်လျက် ညီတွင်ညီလတ် ညီသူမြတ်အား ရှင်တော်ကြားသို့ တရားထောက်ပင့် ဟောပေလင့်၍ နှောင်းဆင့်ဗိုလ်ပါ မြားမြောင်စွာအံ့ ဂင်္ဂါတီရ ဤမြစ်စ၌ ငံ့ကြလင့်ဦး ကိုယ့်လိုထူးဖြင့် စူးစူးခုံမင် မြိုင်တောခွင်သို့ မဝင်ကောင်းသေး အမှတ်ပေးက သိရေးခွင့်မြော် ထိုညီတော်လည်း ညီသော်ညီကျိုး ရှိလှနိုးဟု ရိုးရိုးဝန္တံ အာမခံသည် ထွေသံမဆန်မငြင်းတည်း ။
အဿပါလော် မင်းလှကျော်လျှင် နောင်တော်ထံရင်း တောထွက်ခြင်းကား မကြွင်းဤရွေ့ ပြီးစုံစေ့၏ ။