ဟတ္ထိပါလဇာတ်

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၅၀၉။ ဟတ္ထိပါလဇာတ် (၁၃)

ဝီသတိနိပါတ်

၁၃။ ဟတ္တိပါလဇာတ်

မြတ်သော တောထွက်တော်မူခြင်း အကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် စိရဿံ ဝတ ပဿာမ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဟတ္ထိပါလဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မြတ်သော တောထွက်တော်မူခြင်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားသည် မှန်၏။ ထိုအခါ သဗ္ဗညူမြတ်စွာဘုရားသည် ရဟန်းတို့- ယခုအခါ၌သာလျှင် သင်တို့ဆရာ ငါဘုရားသည် မြတ်သော တောထွက်ခြင်းကို တောထွက်တော်မူသည် မဟုတ်သေး၊ ရှေး၌လည်း မြတ်သောတောထွက်ခြင်းကို ထွက်ဘူးသည်သာတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့- လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဧသုကာရီမည်သော မင်းသည် မင်းပြု၏။ ထိုမင်း၏ ပုရောဟိတ်သည် ငယ်သောအခါမှ စ၍ ချစ်သော အဆွေခင်ပွန်းဖြစ်၏။ ထိုမင်း, ပုဏ္ဏား နှစ်ယောက်တို့သည်လည်း သားသမီးမရှိသည် ဖြစ်ကုန်၏။ ထိုမင်းနှင့်ပုဏ္ဏားတို့သည် တနေ့သ၌ ချမ်းသာသောနေရာ၌ နေကုန်လျက် ငါတို့အား စည်းစိမ်ဥစ္စာသည် များစွာ၏။ သားသမီးသည်ကား မရှိကြကုန်၊ အသို့ပြုရအံ့နည်းဟု တိုင်ပင်ကြကုန်၏။ ထို့နောင်မှ ဧသုကာရီမင်းကြီးသည် ပုရောဟိတ်ကို ဆို၏။ အဆွေ ပုရောဟိတ်- သင့်အိမ်၌ သားသည် အကယ်၍ဖြစ်အံ့၊ ငါ၏ပြည်၌ အရှင်ဖြစ်လတ္တံ့၊ ငါ၏နန်းတော်၌ သားသည် အကယ်၍ ဖြစ်အံ့၊ သင့်အိမ်၌ ဥစ္စာတို့၏အရှင်ဖြစ်လတ္တံ့ဟု ဆို၏။ ဤသို့ ထိုနှစ်ယောက်သော မင်းနှင့် ပုဏ္ဏားတို့သည်လည်း အချင်းချင်း ကတိကဝတ်ကို ပြုကြကုန်၏။

ထိုအခါ တနေ့သ၌ ပုရောဟိတ်ပုဏ္ဏားသည် မိမိစားသော ရွာသို့သွား၍ ပြန်လာသောအခါ တောင်တံခါးဖြင့် မြို့တွင်းသို့ ဝင်သည်ရှိသော် မြို့ပ၌ ဗဟုပုတ္တိကမည်သော ဆင်းရဲစွာသော မိန်းမတယောက်ကို မြင်၏။ ထိုဆင်းရဲမအား ခုနစ်ယောက်ကုန်သော သားတို့သည် ရှိကုန်၏။ အလုံးစုံသော သားတို့သည် အနာရောဂါ ကင်းကုန်၏။ သားတယောက်သည် ထမင်းအိုးခွက်ကို ကိုင်၏။ သားတယောက်သည် အိပ်ရာဖျာကို ကိုင်၏။ သားတယောက်သည် ရှေ့ကသွား၏။ သားတယောက်သည် နောက်ကလိုက်၏။ သားတယောက်သည် လက်ကိုဆွဲ၏။ သားတယောက်ကား ခါး၌လိုက်၏။ သားတယောက်ကား ပခုံးထက်၌ လိုက်၏။ ထိုအခါ ထိုဆင်းရဲမကို ပုရောဟိတ်သည် မေး၏။ နှမ- ဤသူငယ်တို့၏ အဖသည် အဘယ်မှာနည်းဟု မေး၏။ အရှင်- သူငယ်တို့၏ မြဲသောအဖမည်သည် မရှိပါဟုဆို၏။ ဤသို့သဘောရှိသော သားခုနစ်ယောက်တို့ကို အသို့ပြု၍လျှင် သင် ရသနည်းဟု မေး၏။ ထိုမိန်းမသည် တပါးသော စွဲလမ်းရာကို မရသည်ဖြစ်၍ မြို့တံခါးအနီး၌ တည်သော ပညောင်ပင်ကိုပြ၍ အရှင်- ပညောင်ပင်စောင့်နတ်၏ အထံ၌ တောင်း၍ ရ၏။ ဤနတ်မင်းသည် အကျွန်ုပ်အားသားကို ပေး၏ဟု ဆို၏။

ပုရောဟိတ်သည် ထိုသို့တပြီးကား နှမ သင်သွားလော့ဟုဆို၍ ရထားမှသက်ပြီးလျှင် ပညောင်ပင်ရင်းသို့ သွား၍ ပညောင်ခက်ကို ကိုင်၍လှုပ်လျက် ဟယ်- ပညောင်စောင့်နတ်- သင်သည် ငါတို့အရှင်မင်းကြီးအထံမှ အဘယ်မည်သော လိုဘွယ်ကိစ္စကို သင် မရသနည်း၊ ငါတို့အရှင်မင်းကြီးသည် သင့်အား တနှစ်တကြိမ် ဥစ္စတထောင်ကိုစွန့်၍ ပူဇော်သက္ကာရ ပြုတော်မူ၏။ ထိုအရှင်မင်းကြီးအား သားတို့ကို သင် မပေး၊ ဤဆင်းရဲစွာသော မိန်းမသည် သင့်အား အဘယ်ကျေးဇူးပြုသနည်း၊ အကြင့်ကြောင့် ထိုဆင်းရဲမအား သားခုနစ်ယောက်တို့ကို သင်ပေး၏။ ထို့ကြောင့် သင့်အား အဘယ်ကျေးဇူးကို ပြုသနည်း၊ အကယ်၍ ငါတို့အရှင်မင်းကြီးအား သားကိုမပေးအံ့၊ ဤနေ့မှစ၍ ခုနစ်ရက် မြောက်သောနေ့၌ သင့်ညောင်ပင်ကို အမြစ်နှင့်တကွ ဖြတ်၍ အပိုင်းပိုင်းပြုအံ့ဟု ပညောင်ပင်စောင့်နတ်ကို ခြိမ်းမောင်း၍ သွား၏။ ထိုပုရောဟိတ်သည် ဤနည်းဖြင့်လျှင် နက်ဖြန်နေ့၌လည်း အစဉ်အတိုင်း ခြောက်ရက်တို့ပတ်လုံး ဆို၏။ ခြောက်ရက်မြောက်သောနေ့၌ အခက်ကိုကိုင်၍ ဟယ်... ပညောင်စောင့်နတ်- ယခုကား တရက်မျှသာ ကြွင်း၏။ အကယ်၍ ငါတို့အရှင်မင်းကြီးအား သားကို သင်မပေးအံ့၊ နက်ဖြန် သင့်သစ်ပင်ကို ပြီးစေအံ့ဟု ဆို၏။

ပညောင်စောင့်နတ်သည် ဆင်ခြင်လတ်သော် ထိုအကြောင်းကို အမှန်အားဖြင့်သိ၍ ဤပုဏ္ဏားသည် သားကို မရသည်ရှိသော် ငါ့ဗိမာန်ကို ဖျက်ဆီးလတ္တံ့၊ အဘယ်အကြောင်းဖြင့် ထိုပုဏ္ဏားအား သားကိုပေးခြင်းငှါ သင့်အံ့နည်းဟု ကြံပြီးလျှင် စတုမဟာရာဇ် နတ်မင်းကြီးလေးယောက်တို့၏ အထံသို့သွား၍ ထိုအကြောင်းကို ကြားလျှောက်၏။ ထိုနတ်မင်းကြီး လေးယောက်တို့သည် ထိုပုဏ္ဏားအား သားကိုပေးခြင်းငှါ ငါတို့ မတတ်နိုင်ကုန်ဟု ဆိုကြကုန်၏။ နှစ်ကျိပ်ရှစ်ယောက်ကုန်သော နတ်စစ်သူကြီးတို့၏ အထံသို့ သွားပြန်၏။ ထိုနှစ်ကျိပ်ရှစ်ယောက်ကုန်သော နတ်စစ်သူကြီးတို့သည်လည်း ထိုရှေးအတူသာလျှင် ဆိုကုန်၏။ နတ်တို့၏မင်းဖြစ်သော သိကြားမင်းအထံသို့သွား၍ လျှောက်ဆိုပြန်၏။ ထိုသိကြား နတ်မင်းကြီးသည် မင်းအား လျောက်ပတ်သော သားတို့ကို ရလတ္တံ့လော, မရလတ္တံ့လောဟု စုံစမ်းဆင်ခြင်လတ်သော် ဘုန်းရှိသော နတ်သားလေးယောက်တို့ကို မြင်၏။

ထိုနတ်သား လေးယောက်တို့သည် ရှေးဘဝ၌ ဤဗာရာဏသီပြည်ဝယ် ရက်ကန်းသည် ဖြစ်ကုန်၏။ ထိုရက်ကန်းသည် အမှုဖြင့် ရသောဥစ္စာကို ငါးစု စုပြီး၍ လေးစုတို့ကို သုံးဆောင်ကုန်၏။ တစုကိုမူကား အတူတကွ အလှူပေးကုန်၏။ ထိုသူလေးယောက်တို့သည် ရက်ကန်းသည်အဖြစ်မှ စုတေကုန်သည်ရှိသော် တာဝတိံသာ နတ်ပြည်၌ ဖြစ်ကုန်၏။ တာဝတိံသာနတ်ပြည်မှ စုတေကုန်သည်ရှိသော် ယာမာနတ်ပြည်၌၊ ဤသို့ အနုလောမ ပဋိလောမအားဖြင့် နတ်ပြည် ခြောက်ထပ်တို့၌ နတ်စည်းစိမ်ကို ခံစားကုန်လျက် ကျင်လည်ကုန်၏။ ထိုအခါ၌ကား ထိုလေးယောက်ကုန်သော နတ်သားတို့အား တာဝတိံသာ နတ်ပြည်မှ စုတေ၍ ယာမာနတ်ပြည်သို့ သွားလှည့်ဖြစ်၏။ သိကြားမင်းသည် ထိုနတ်သားတို့ အထံသို့ သွားပြီးလျှင် အမောင်နတ်သားတို့- သင်တို့သည် လူ့ပြည်သို့သွားခြင်းငှာ သင့်လှ၏။ ဧသုကာရီမင်း မိဖုယားကြီး၏ ဝမ်း၌ ဖြစ်လေကုန်လော့ဟု ဆို၏။ ထိုနတ်သား လေးယောက်တို့သည် သိကြားမင်း စကားကို ကြားကုန်၍ အရှင်နတ်မင်း- ကောင်းပြီ၊ အကျွန်ုပ်တို့သည် သွားပါကုန်အံ့၊ ထိုသို့ သွားကုန်သော်လည်း အကျွန်ုပ်တို့အား မင်းမျိုး၌ ဖြစ်ခြင်းကို အလိုမရှိပါ၊ ပုရောဟိတ်၏ အိမ်၌ ဖြစ်ကုန်၍ ငယ်ရွယ်သောအခါကလျှင် ကာမဂုဏ်တို့ကိုစွန့်၍ ရဟန်း ပြုပါကုန်အံ့ဟု ဆိုကုန်၏။ သိကြားနတ်မင်းသည် ကောင်းပြီဟု ထိုနတ်သားတို့၏ ဝန်ခံခြင်းကို ယူ၍ လာခဲ့ပြီးလျှင် ပညောင်စောင့်နတ်အား ထိုအကြောင်းကိုကြား၏။ ထိုပညောင်စောင့်နတ်သည် နှစ်သက်ရွှင်လန်းသော စိတ်ရှိသည်ဖြစ်၍ သိကြားနတ်မင်းကို ရှိခိုးပြီးလျှင် မိမိဗိမာန်သို့လျှင် ပြန်သွား၏။

ပုရောဟိတ် ပုဏ္ဏားသည်လည်း နက်ဖြန်နေ့၌ များစွာသောလူတို့ကို စည်းဝေးစေပြီးလျှင် ပဲခွပ် ပုဆိန် အစရှိသည်တို့ကို ယူခဲ့စေ၍ ပညောင်ပင်ရင်းသို့ သွား၍ ပညောင်ခက်ကို ကိုင်လျက် ဟယ် ပညောင်စောင့်နတ်- ယနေ့ သင့်ကို တောင်းပန်သော ငါ့အား ခုနစ်ရက်စေ့ပြီ၊ ယခုအခါ သင်၏ ပြီးစီးအပ်သောအခါတည်းဟု ဆို၏။ ထို့နောင်မှ ပညောင်စောင့်နတ်သည် ကြီးစွာသော နတ်၏ အာနုဘော်ဖြင့် ပင်စည်ကြားမှ ထွက်လာလတ်၍ သာယာစွာသော အသံဖြင့် ထိုပုဏ္ဏားကိုခေါ်၍ ပုဏ္ဏား- တယောက်သောသားကို ထားဘိဦး၊ သင့်အား လေးယောက်ကုန်သော သားတို့ကို ငါပေးအံ့ဟု ဆို၏။ ပုဏ္ဏားလည်း ငါ့အား သားကို အလိုမရှိ၊ ငါတို့ အရှင်ဧသုကာရီမင်းကြီးအား ပေးလော့ဟု ဆိုလတ်သော် သင့်ကိုသာလျှင် ငါပေးအံ့ဟု ဆို၏။ ထိုသို့ တပြီးကား ငါ့အား နှစ်ယောက်သော သားတို့ကို ပေးလော့၊ အရှင်မင်းကြီးအား နှစ်ယောက်သော သားတို့ကို ပေးလော့ဟု ဆိုလတ်သော် အရှင်မင်းကြီးအား ငါမပေး၊ လေးယောက်ကုန်သော သားတို့ကိုလည်း သင့်အားသာလျှင် ငါပေးအံ့၊ သင်သည်လည်း ရကာမျှသာလျှင် ဖြစ်လတ္တံ့၊ စင်စစ်သော်ကား အိမ်၌မနေမူ၍ ငယ်သောအခါကလျှင် ရဟန်းပြုကုန်လတ္တံ့ဟုဆို၏။ သင်သည် ငါ့အား သက်သက် သားတို့ကိုသာ ပေးလော့။ ရဟန်းမပြုခြင်း၏ အကြောင်းသည်ကား ငါတို့ တာဝန်တည်းဟု ဆို၏။

ထိုပညောင်စောင့် နတ်သည် သားဆုကို ပေးပြီး၍ မိမိဗိမာန်သို့လျှင် ဝင်လေ၏။ ထိုအခါမှစ၍ ပညောင်စောင့်နတ်အား ပူဇော်သက္ကာရသည် များ၏။ အကြီးဖြစ်သော နတ်သားသည် စုတေခဲ့၍ ပုရောဟိတ် ပုဏ္ဏေးမ၏ဝမ်း၌ ဖြစ်၏။ ထိုသတို့သားအား အမည်မှည့်သောနေ့၌ ဟတ္ထိပါလ ဟူသော အမည်ကိုမှည့်၍ ရဟန်းမပြုစိမ့်သောငှါ ဆင်ထိန်းတို့ကို အပ်နှံကုန်၏။ ထိုဟတ္ထိပါလ သတို့သားသည် ဆင်ထိန်းတို့ အထံ၌ကြီး၏။ ထိုဟတ္ထိပါလ သတို့သားသည် ခြေဖြင့် သွားနိုင်သောအခါ၌ နှစ်ယောက်မြောက်ဖြစ်သော နတ်သားသည် နတ်ပြည်မှ စုတေခဲ့၍ ထိုပုဏ္ဏေးမဝမ်း၌ ဖြစ်၏။ ထိုသတို့သားအား ဖွားသောကာလ၌ အဿပါလဟူသော အမည်ကို မှည့်ကုန်၏။ ထိုအဿပါလ သတို့သားသည် မြင်းထိန်းတို့၏ အထံ၌ကြီး၏။ သုံးယောက်မြောက် ဖြစ်သော သတို့သား ဖွားသောကာလ၌ ဂေါပလဟူသော အမည်ကို မှည့်ကုန်၏။ ထိုဂေါပါလ သတို့သားသည် နွားထိန်းတို့နှင့်တကွကြီး၏။ လေးယောက်မြောက်သော သတို့သား ဖွားသောကာလ၌ အဇပါလ ဟူသောအမည်ကို မှည့်ကုန်၏။ ထိုအဇပါလ သတို့သားသည် ဆိတ်ထိန်းတို့နှင့်တကွကြီး၏။ ထိုလေးယောက်ကုန်သော သတို့သားတို့သည် ကြီးခြင်းကိုစွဲ၍ တင့်တယ်ခြင်းသို့ ရောက်ကုန်၏။

ထိုအခါ သတို့သားတို့၏ ရဟန်းပြုမည်ကို စိုးရိမ်သောကြောင့် ဧသုကာရီ မင်းကြီးသည် တိုင်းနိုင်ငံတော် အတွင်း၌ ရှိကုန်သော ရဟန်းတို့ကို နှင်ထုတ်စေကုန်၏။ အလုံးစုံသော ကာသိတိုင်း၌ တယောက်သော ရဟန်းသည်မျှလည်း မရှိ၊ ထိုသတို့သားတို့သည် အလွန် ကြမ်းကြုတ်ကုန်၏။ အကြင် အရပ်မျက်နှာဖြင့် သွားကုန်၏။ ထိုအရပ်မျက်နှာ၌ ဆောင်ခဲ့သော လက်ဆောင်ပဏ္ဏာကို လုယက်ကုန်၏။ ဟတ္ထိပါလ သတို့သားသည် တဆယ့်ခြောက်နှစ်ရှိသောအခါ ကိုယ်အင်္ဂါ၏ ပြည့်စုံခြင်းကို မြင်ကုန်၍ မင်းနှင့် ပုရောဟိတ်သည် သတို့သားတို့သည် အလွန်တရာ ကြမ်းကြုတ်ကုန်၏။ ကြီးကုန်ပြီ၊ ထီးဖြူကို ဆောင်နှင်းချိန်တန်ပြီ၊ ထိုသတို့သားတို့အား အသို့ပြုအံ့နည်းဟု တိုင်ပင်၍ ထိုသတို့သားတို့သည် အဘိသိက်ခံသောအခါမှစ၍ အလွန် အစိုးရသည် ဖြစ်ကုန်လတ္တံ့၊ ထိုထိုအရပ်မှ ရဟန်းတို့သည် လာကုန်လတ္တံ့၊ ထိုရဟန်းတို့ကို မြင်ကုန်သည်ရှိသော် ရဟန်းပြုကုန်လတ္တံ့၊ ထိုသတို့သားတို့ ရဟန်းပြုသောအခါ ဇနပုဒ်ပြည်ရွာသည် ချောက်ချားသည် ဖြစ်လတ္တံ့၊ ထိုသတို့သားတို့ကို စုံစမ်းကုန်ဦးအံ့၊ နောက်မှ အဘိသိက်သွန်းကုန်အံ့ဟု ကြံ၍ နှစ်ယောက်ကုန်သော မင်း, ပုဏ္ဏားတို့သည်လည်း ရသေ့အသွင်ကိုယူ၍ ဟတ္ထိပါလသတို့သား၏ အိမ်တံခါးသို့ သွားကုန်၏။ ဟတ္ထိပါလ သတို့သားသည် ထိုရသေ့တို့ကိုမြင်လျှင် အလွန်နှစ်သက် ကြည်ညိုသဖြင့် ရသေ့တို့အထံသို့ ကပ်၍-

၃၃၇။ စိရဿံ ဝတ ပဿာမ၊ ဗြာဟ္မဏံ ဒေဝဝဏ္ဏိနံ။
မဟာဇဋံ ခါရိဒ္ဓရံ၊ ပင်္ကဒန္တံ ရဇဿိရံ။
၃၃၈။ စိရဿံ ဝတ ပဿာမ၊ ဣသိံ ဓမ္မဂုဏေ ရတံ။
ကာသာယဝတ္ထဝသနံ၊ ဝါကစီရံ ပဋိစ္ဆဒံ။
၃၃၉။ အာသနံ ဥဒကံ ပဇ္ဇံ၊ ပဋိဂ္ဂဏှာတု နော ဘဝံ။
အဂ္ဃေ ဘဝန္တံ ပုစ္ဆာမ၊ အဂ်ယံ ကုရုတု နော ဘဝံ။

ဟူသော ဤသုံးဂါထာတို့ကို ဆို၏။

၃၃၇။ ဘန္တေ၊ အရှင်ဘုရား။ ဒေဝဝဏ္ဏိနံ၊ ပြင်းသောအကျင့် အလွန်ထက်သော ဣန္ဒြေရှိသော ရဟန်းအဖြစ်သို့ကပ်၍ မြတ်သော အသွင်အပြင်ရှိသော။ ဇဋံ၊ မြတ်သော ဆံကျစ်လည်းရှိထသော။ ခါရိဒ္ဓရံ၊ ပရိက္ခရာဖြင့် ပြည့်သော ထမ်းပိုးကိုလည်း ဆောင်ထသော။ ပင်္ကဒန္တံ၊ အညစ်အကြေးကပ်သော သွားလည်းရှိထသော။ ရဇဿိရံ၊ မြူကပ်သော ဦးခေါင်းလည်း ရှိထသော။ ဗြာဟ္မဏံ၊ မကောင်းမှုကို အပပြုပြီးသော ရှင်ရသေ့ကို။ စိရဿံ၊ တဆယ့် ခြောက်နှစ်တိုင် ကြာမြင့်မှ။ ပဿာမ ဝတ၊ မြင်ရကုန်ဘိ၏တကား။

၃၃၈။ ဘန္တေ၊ အရှင်ဘုရား။ ဓမ္မဂုဏေ၊ သုစရိုက်သုံးပါးဟူသော အကျင့်အစု၌။ ရတံ၊ မွေ့လျော်ထသော။ ကာသာယဝတ္ထဝသနံ၊ ဖန်ရည်စွန်းသော သင်္ကန်းကိုလည်း ဝတ်ထသော။ ဝါကစိရံ၊ လျှော်တေသင်္ကန်းကို။ ပဋိစ္ဆဒံ၊ ဖုံးလွှမ်းအပ်ထသော။ ဣသိံ၊ သီလ, သမာဓိ ပညာဟူသော ကျေးဇူးတို့ကို ရှာမှီးလျက် တည်သော ရှင်ရသေ့ကို။ စိရဿံ၊ တဆယ့်ခြောက်နှစ်တိုင် ကြာမြင့်မှ။ ပဿာမ ဝတ၊ မြင်ရကုန်ဘိ၏တကား။

၃၃၉။ ဘန္တေ၊ အရှင်ဘုရား။ ဘဝံ၊ အရှင်ဘုရားသည်။ နော၊ အကျွန်ုပ်တို့၏။ အာသနံ၊ နေရာကို၎င်း။ ပဇ္ဇံ၊ ခြေဆေးရန်ဖြစ်သော။ ဥဒကံ၊ နံ့သာရေကို၎င်း။ ပဋိဂ္ဂဏှာတု၊ ခံတော်မူပါလော့။ အဂ္ဃေ၊ အလုံးစုံသော ပူဇော်သက္ကာရဝတ္ထုတို့ကို။ ပဋိဂ္ဂဏှိတုံ၊ ခံစိမ့်သောငှါ။ ဘဝန္တံ၊ အရှင်ဘုရားကို။ ပုစ္ဆာမ၊ ပန်လျှောက်ပါကုန်၏။ နော၊ အကျွန်ုပ်တို့၏။ အဂ္ဃံ၊ အလုံးစုံသော ပူဇော်သက္ကာရဝတ္ထုကို။ ဘဝံ၊ အရှင်ဘုရားသည်။ ကုရုတု၊ ခံတော်မူပါလော့။

ဤသို့ ထိုဟတ္ထိပါလ သတို့သားသည် ထိုမင်း, ပုဏ္ဏားတို့တွင် တယောက် တယောက်စီ အလှည့်အလည်ဖြင့် ဆို၏။ ထိုသို့ဆိုသည်ရှိသော် ဟတ္ထိပါလ သတို့သားကို ခမည်းတော် ပုရောဟိတ်သည် ချစ်သား ဟတ္ထိပါလ- သင်ချစ်သားသည် ငါတို့ကို ဤသူတို့ကား အဘယ်သူတို့ အောက်မေ့၍ ဤသို့ ဆိုဘိသနည်းဟု ဆို၏။ ဟိမဝန္တာ၌ နေကုန်သော ရှင်ရသေ့တို့တည်းဟု အကျွန်ုပ် အောက်မေ့၍ ဤသို့ဆို၏ဟု ဆို၏။ ချစ်သားဟတ္ထိပါလ- ငါတို့သည် ရသေ့ မဟုတ်ကုန်၊ ဤသူကား ဧသုကာရီမင်းကြီးတည်း၊ ငါကား သင့်ခမည်းတော် ပုရောဟိတ်တည်းဟု ဆို၏။ ထိုသို့ မင်းနှင့် ပုရောဟိတ်ဖြစ်လျှက် အဘယ့်ကြောင့် ရသေ့အသွင်ကို ယူကြကုန်သနည်းဟု မေး၏။ သင်ချစ်သားအား စုံစမ်းအံ့သောငှါ ရသေ့အသွင်ကို ယူကြကုန်၏ဟု ဆိုသည်ရှိသော် အဘယ့်ကြောင့် စုံစမ်းကြကုန်သနည်းဟု မေး၏။ ငါတို့ ရဟန်းအသွင်ကို မြင်လျှက် အကယ်၍ ရဟန်းမပြုသည် ဖြစ်အံ့၊ ထိုသို့ မပြုသည်ရှိသော် သင်ချစ်သားကို မင်းအဖြစ်၌ အဘိသိက်သွန်းခြင်းငှါ လာကုန်၏ဟု ဆို၏။ ဖခင်- အကျွန်ုပ်အား မင်းအဖြစ်ကို အလိုမရှိ၊ အကျွန်ုပ်သည် ရဟန်းပြုအံ့ဟု ဆို၏။ ထိုသို့ဆိုလတ်သော် သားတော် ဟတ္ထိပါလ သတို့သားကို ခမည်းတော် ပုရောဟိတ်သည် ချစ်သား ဟတ္ထိပါလ- ဤအခါသည် ရဟန်းပြုချိန် အရွယ်မဟုတ်သေးဟု ဆို၍ မိမိအလိုအားလျော်စွာ ဆုံးမလိုရကား-

၃၄၀။ အဓိစ္စ ဗေဒေ ပရိယေသ ဝိတ္တံ၊
ပုတ္တေ ဂေဟေ တာတ ပတိဋ္ဌပေတွာ။
ဂန္ဓေ ရသေ ပစ္စနုဘုယျ သဗ္ဗံ၊
အရညံ သာဓု မုနိ သော ပသတ္ထော။

ဟူသော လေးခုမြောက်သော ဤဂါထာကို ဆို၏။

၃၄၀။ တာတ၊ ချစ်သားဟတ္ထိပါလ။ ဗေဒေ၊ ဗေဒင်တို့ကို။ အဓိစ္စ၊ သင်ဦး၍။ ဝိတ္တံ၊ ဥစ္စာစည်းစိမ်ကို။ ပရိယေသ၊ ရှာဦးလော့။ ဂေဟေ၊ အိမ်၌။ ပုတ္တေ၊ သားသ္မီးတို့ကို။ ပတိဋ္ဌပေတွာ၊ တည်စေဦး၍။ ဂန္ဓေ စ၊ ဂန္ဓာရုံတို့ကို၎င်း။ ရသေ စ၊ ရသာရုံတို့ကို၎င်း။ သဗ္ဗံ၊ ဂန္ဓာရုံ ရသာရုံတို့မှ ကြွင်းသော အလုံးစုံသော ဝတ္ထုကာမကို၎င်း။ ပစ္စနုဘုယျ၊ ခံစားပြီး၍။ ပစ္ဆာ၊ အိုသော နောက်ကာလ၌။ ပဗ္ဗဇိတဿ၊ ရဟန်းပြုသောသူ၏။ အရညံ၊ တော၌ နေခြင်းသည်။ သာဓု၊ ကောင်းစွာ၏။ သော၊ ထို အိုမှရဟန်းပြုသောသူကို။ မုနိ၊ ဘုရားအစရှိကုန်သော သူတော်ကောင်းတို့သည်။ ပသတ္ထာ၊ ချီးမွမ်းအပ်၏။

ထို့နောင်မှ ဟတ္ထိပါလသည် ခမည်းတော် ပုရောဟိတ်ဆုံးမသော စကားကို ပယ်လိုရကား-

၃၄၁။ ဝေဒါ န သစ္စာ န စ ဝိတ္တလာဘော၊
န ပုတ္တလာဘေန ဇရံ ဝိဇဟန္တိ။
ဂန္ဓေ ရသေ မုဉ္စန မာဟု သန္တော၊
သကမ္မုနာ ဟောတိ ဖလူပပတ္တိ။

ဟူသော ဤဂါထာကို ဆို၏။

၃၄၁။ တာတ၊ ဖခင်။ ဝေဒါ၊ ဗေဒင်တို့သည်။ န သစ္စာ၊ နတ်ရွာမဂ်ဖိုလ်တို့ကို ပေးတတ်၏ဟု ဆိုသောစကားသည် မမှန်ကုန်။ ဝိတ္တလာဘော၊ ဥစ္စာကို ရခြင်းသည်လည်း။ န ဟောတိ၊ ငါးပါးရန်သူနှင့် ဆက်ဆံသည်ဖြစ်၍ သဘောဧကန် မှန်သည်မဖြစ်။ ပုတ္တလာဘေန၊ သားသမီးကို ရခြင်းဖြင့်။ ဇရံ၊ အိုခြင်း နာခြင်း, သေခြင်းကို။ န ဝိဇဟန္တိ၊ တားမြစ်နိုင်သော သားသမီး တစုံတယောက်မျှ မရှိခဲ့။ ဂန္ဓေ စ၊ ဂန္ဓာရုံမှ၎င်း။ ရသေ စ၊ ရသာရုံမှ၎င်း။ သေသေသု အာရမ္မဏေသု စ၊ ကြွင်းကုန်သော အာရုံတို့မှ၎င်း။ မုဉ္စနံ၊ ကင်းလွတ်ခြင်းကိုသာလျှင်။ သန္တော၊ ဘုရား အစရှိသော သူတော်ကောင်းတို့သည်။ အာဟု၊ ဆိုကုန်၏။ သကမ္မုနာ၊ မိမိပြုသော ကံဖြင့်သာလျှင်။ သတ္တာနံ၊ သတ္တဝါတို့အား။ ဖလူပပတ္တိ၊ အကျိုး၏ပြီးခြင်းသည်။ ဟောတိ၊ ဖြစ်၏။

ဟတ္ထိပါလ သတို့သား၏ စကားကိုကြား၍ ဧသုကရီမင်းကြီးသည်-

၃၄၂။ အဒ္ဓါ ဟိ သစ္စံ ဝစနံ တဝေတံ၊
သ ကမ္မုနာ ဟောတိ ဖလူပပတ္တိ။
ဇိဏ္ဏာ စ မာတာပိတရော တဝိမေ၊
ပသေယျုတံ ဝဿသတံ အရောဂံ။

ဟူသော ဤဂါထာကို ဆို၏။

၃၄၂။ တာတ၊ ချစ်သား။ တဝ၊ သင်ချစ်သား၏။ ဧတံ ဝစနံ၊ ဤစကားသည်။ အဒ္ဓါ ဟိ၊ စင်စစ်လျှင်။ သစ္စံ၊ မှန်ပေ၏။ သကမ္မုနာ၊ မိမိပြုသော ကံကြောင့်။ ဖလူပပတ္တိ၊ အကျိုး၏ပြီးခြင်းသည်။ ဟောတိ၊ ဖြစ်၏။ တဝ၊ သင်ချစ်သား၏။ မာတာပိတရော စ၊ အမိအဖတို့သည်လည်း။ ဇိဏ္ဏာ၊ အိုမင်းကုန်ပြီ။ ဣမေ၊ ဤအမိအဖတို့သည်။ ဝဿသတံ၊ အနှစ်တရာ ကာလပတ်လုံး။ အရောဂံ၊ အနာမရှိသော။ တံ၊ သင်ချစ်သားကို။ ပသေယျုံ၊ မြင်ချင်ကုန်၏။ တွံပိ၊ သင်ချစ်သားသည်လည်း။ ဝဿသတံ၊ အနှစ်တရာ ကာလပတ်လုံး။ ဇီဝန္တော၊ အသက်ရှည်သည်ဖြစ်၍။ မာတာပိတရော၊ အမိအဖတို့ကို။ ပေါသဿု၊ မွေးကျွေးပါလော့။

ထိုစကားကို ကြား၍ ဟတ္ထိပါလ သတို့သားသည် အရှင်မင်းကြီး- အရှင်မင်းကြီးသည် ဤစကားကို အဘယ့်ကြောင့်ဆိုတော်မူသနည်းဟု ဆို၍ မင်းကြီးစကားကို ပယ်လိုရကား-

၃၄၃။ ယဿဿု သက္ခီ မရဏေန ရာဇ။
ဇရာယ မေတ္တီ နရဝီရသေဋ္ဌ။
ယောစာပိ ဇညာ န မရိဿံ ကဒါစိ၊
ပဿေယျ တံ ဝဿသတံ အရောဂံ။
၃၄၄။ ယထာပိ နာဝံ ပုရိသော ဒကမှိ။
ဧရေတိ စေ နံ ဥပနေတိ တီရံ။
ဧဝမ္ပိ ဗျာဓိ သတတံ ဇရာ စ၊
ဥပနေတိ မစ္စုဝသ မန္တကဿ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

၃၄၃။ နရဝီရသေဋ္ဌ၊ လူတကာတို့ထက် လုံ့လအားဖြင့် မြတ်တော်မူသော။ ရာဇ၊ မင်းမြတ်။ ယဿ၊ အကြင်သူအား။ မရဏေန၊ သမ္မုတိမရဏဟု ဆိုအပ်သော သေမင်းနှင့်။ သဒ္ဓိံ၊ တကွ။ သက္ခီ၊ အဆွေခင်ပွန်း၏ သဘောသည်။ အဿု၊ ဖြစ်ငြားအံ့။ ဇရာယ၊ အိုခြင်းနှင့်။ သဒ္ဓိံ၊ တကွ။ မေတ္တီ၊ အဆွေခင်ပွန်း၏အဖြစ်သည်။ အဿု၊ ဖြစ်ငြားအံ့။ ယော စာပိ၊ အကြင်သူသည်မူလည်း။ ကဒါစိ၊ တရံတဆစ်။ အဟံ၊ သည်။ န မရိဿံ၊ မသေလတ္တံ့။ ဣတိ၊ ဤသို့။ ဇညာ၊ သိသည်ဖြစ်အံ့။ တေ၊ ထိုသူတို့သည်။ ဝဿသတံ၊ အနှစ်တရာပတ်လုံး။ အရောဂံ၊ အနာမရှိသော။ တံ၊ အရှင်မင်းမြတ်ကို။ ပဿယျ၊ မြင်ရာ၏။

၃၄၄။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ယထာပိ၊ ဥပမာမည်သည်ကား။ ပုရိသော၊ ကူးတို့သူကြီးသည်။ ဥဒကမှိ၊ မြစ်ဆိပ်၌။ နာဝံ၊ လှေကို။ ဌပေတွာ၊ ထား၍။ ပရတီရဂါမိဇနံ၊ ကမ်းတဘက်သို့ ကူးအံ့သော လူအပေါင်းကို။ အာရောပေတွာ၊ တင်၍။ စေ၊ အကယ်၍။ ဧရေတိ၊ ထိုးဝါး တက် လက်တို့ဖြင့် ထိုးလှော်လျက် စေ့ဆော်၏။ အထ၊ ထို့နောင်မှ။ နံ၊ ထိုလူအပေါင်းကို။ တီရံ၊ တဘက်ကမ်းသို့။ ဥပနေတိ ယထာ၊ ပို့ဆောင်သကဲ့သို့။ ဧဝံ၊ ဤအတူ။ ဗျာဓိ စ၊ ဖျားနာခြင်းသည်၎င်း။ ဇရာ စ၊ အိုခြင်းသည်၎င်း။ သတတံ၊ အမြဲ။ အန္တကဿ၊ ဇီဝိတိန္ဒြေ၏ အဆုံးကို ပြုတတ်သော။ မစ္စု၊ သေမင်း၏။ ဝသံ၊ နိုင်ငံသို့။ ဥပနေတိ၊ ပို့ဆောင်တတ်၏။

ဤသို့ အိုခြင်း, နာခြင်း, သေခြင်း သဘော ရှိကုန်သော ဤသတ္တဝါတို့၏ ဇီဝိတိန္ဒြေဟူသော သင်္ခါရ၏ နည်းသောအဖြစ်ကို ပြပြီး၍ မြတ်သောမင်းကြီး- အရှင်မင်းကြီးတို့သည် နေရစ်တော်မူကုန်လော့၊ အကြင်ကြောင့် အရှင်မင်းကြီးတို့နှင့် တကွ စကားပြောစဉ်ပင် အကျွန်ုပ်သို့ ဖျားနာခြင်း အိုခြင်း သေခြင်းတို့သည် ကပ်ရောက်လာကုန်၏။ ထို့ကြောင့် အရှင်မင်းကြီးတို့သည် မမေ့မလျော့ ဖြစ်ကြကုန်လော့ဟု ဆို၍ အဆုံးအမကို ပေးပြီးလျှင် ဧသုကာရီမင်းကြီးကို၎င်း, ခမည်းတော် ပုရောဟိတ်ကြီးကို၎င်း ရှိခိုးပြီးလျှင် မိမိ၏ အလုပ်အကျွေးတို့ကို ယူ၍ ဗာရာဏသီပြည်၌ မင်းအဖြစ်ကိုစွန့်၍ ရဟန်းပြုအံ့ဟု ဗာရာဏသီမြို့မှ ထွက်ခဲ့၏။ ဤရဟန်းအဖြစ်သည်ကား ကောင်းမြတ်သည် ဖြစ်လတ္တံ့ဟု ဟတ္ထိပါလသတို့သားနှင့် တကွ လူများသည် ထွက်လတ်၍ တယူဇနာရှိသော ပရိသတ်တို့သည် ဖြစ်ကုန်၏။ ထိုဟတ္ထိပါလ သတို့သားသည် ထိုပရိသတ်နှင့် တကွ ဂင်္ဂါမြစ်နားသို့ရောက်လျှင် ဂင်္ဂါမြစ်၌ ရေကို ကြည့်လျှက် အာပေါကသိုဏ်း ပရိကံကိုပြု၍ ဈာန်ကို ဖြစ်စေပြီးလျှင် ကြံ၏။ ဤအစည်းအဝေးသည် များသည်ဖြစ်လတ္တံ့၊ ငါ၏ ညီတော် သုံးယောက်တို့သည်၎င်း မယ်တော် ခမည်းတော်တို့သည်၎င်း ဧသုကာရီမင်းကြီးသည်၎င်း, မိဖုယားကြီးသည်၎င်း ဤအလုံးစုံသော ပရိသတ်တို့သည် ရဟန်းပြုကုန်လတ္တံ့၊ အကြင်မျှလောက် ထိုသူတို့၏ လာခြင်းသည် ရှိ၏။ ထိုမျှလောက် ဤအရပ်၌လျှင် နေအံ့ဟု ကြံ၏။ ကြံပြီး၍ ထိုဟတ္ထိပါလသတို့သားသည် ထိုဂင်္ဂါမြစ်နား၌သာလျင် ပရိသတ်အား အဆုံးအမကို ပေးလျက်နေ၏။

တနေ့သ၌ ဧသုကာရီ မင်းကြီးသည်၎င်း, ခမည်းတော် ပုရောဟိတ်ကြီးသည်၎င်း ဤနှစ်ယောက်ကုန်သော မင်း ပုဏ္ဏားတို့သည် ကြံကြကုန်၏။ ဟတ္ထိပါလ သတို့သားသည် ရှေးဦးစွာ မင်းအဖြစ်ကို စွန့်ပြီးလျှင် လူများအပေါင်းကို ယူ၍ ရဟန်းပြုကုန်အံ့ဟု ဂင်္ဂါမြစ်နားသို့ သွား၍ နေလေပြီ၊ အဿပါလ သတို့သားကို စုံစမ်း၍ အဘိသိက် သွန်းကုန်အံ့ဟု ကြံကြကုန်၏။ ကြံကုန်ပြီး၍ ထိုမင်းပုဏ္ဏားတို့သည် ရသေ့အသွင်ဖြင့်လျှင် ထိုအဿပါလ သတို့သား၏ အိမ်တံခါးသို့ သွားကုန်၏။ ထိုအဿပါလ သတို့သားသည်လည်း ထိုမင်းပုဏ္ဏားတို့ကို မြင်လတ်သော် ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍ ထိုမင်းပုဏ္ဏားတို့ အထံသို့ ချဉ်းကပ်ပြီးလျှင် စိရဿံ ဝတ ပဿာမ အစရှိသော ဂါထာတို့ကို ဆို၍ ထိုနောင်တော် ဟတ္ထိပါလအတူလျှင် ကျင့်၏။ ထိုမင်းပုဏ္ဏားတို့သည်လည်း ထိုအဿပါလ သတို့သားကို ရှေးအတူလျှင် ဆိုကုန်၍ မိမိတို့လာသော အကြောင်းကို ပြောဆိုကုန်၏။ ထိုအဿပါလ သတို့သားသည် အကျွန်ုပ်နောင်တော် ဟတ္ထိပါလရှိလျက် အဘယ့်ကြောင့် ရှေးဦးစွာ အကျွန်ုပ်အားလျှင် ထီးဖြူရောက်သနည်းဟု မေးလတ်သော် ချစ်သား အဿပါလ- သင်ချစ်သား၏ နောင်တော်သည် ငါ့အား မင်းအဖြစ်ကို အလိုမရှိ၊ ရဟန်းပြုအံ့ဟုဆို၍ မြို့မှ ထွက်လေပြီဟု ဆိုကုန်လတ်သော် ထိုနောင်တော် ဟတ္ထိပါလသည် အဘယ်အရပ်၌ နေသနည်းဟု မေး၏။ ယခုအခါ ဟတ္ထိပါလသည် ဂင်္ဂါမြစ်နား၌ နေ၏ဟု ဆိုကုန်လတ်သော် ဖခင်တို့- အကျွန်ုပ်နောင်တော်သည် စွန့်အပ်သော တံတွေးဖြင့် ကျွန်ုပ်အား ပြုဘွယ်ကိစ္စမရှိ၊ မိုက်ကုန်သော ပညာနည်းကုန်သော သတ္တဝါတို့သည်သာလျှင် ဤကိလေသာကို စွန့်ခြင်းငှါ မတတ်နိုင်ကုန်၊ အကျွန်ုပ်သည်ကား စွန့်အံ့ဟု ဆို၍ ထိုမင်းပုဏ္ဏားတို့အား တရား ဟောလိုရကား-

၃၄၅။ ပင်္ကော စ ကာမာ ပလိပေါစ ကာမာ၊
မနောဟရာ ဒုတ္တရာ မစ္စုဓေယျာ။
ဧတသ္မိံ ပင်္ကေ ပလိပေ ဝိသန္နာ၊
ဟီနတ္တရူပါ န တရန္တိ ပါရံ။
၃၄၆။ အယံ ပုရေ လုဒ္ဒ မကာသိ ကမ္မံ၊
သွာယံ ဂဟိတော န ဟိ မောက္ခိတော မေ။
ဩရုန္ဓိယာ နံ ပရိရက္ခိဿာမိ။
မာယံ ပုန လုဒ္ဒ မကာသိ ကမ္မံ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

၃၄၅။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ကာမာ၊ ကာမဂုဏ်တို့သည်။ ပင်္ကော စ၊ ကပ်ငြိစေတတ်သောကြောင့် ညွန်ကြီးမည်၏။ ကာမာ၊ ကာမဂုဏ်တို့သည်။ ပလိပေါ စ၊ ကျွံနစ်စေတတ်သောကြောင့် ညွန်ပျောင်းငယ် မည်၏။ ကာမာ၊ ကာမဂုဏ်တို့သည်။ မနောဟရာ၊ သတ္တဝါတို့၏ စိတ်နှလုံးကို ဆောင်တတ်ကုန်၏။ ဒုတ္တရာ၊ လွန်နိုင်ခဲကုန်၏။ မစ္စုဓေယျာ၊ သေမင်း၏ တည်ရာဖြစ်ကုန်၏။ ဧတသ္မိံ ပင်္ကေ၊ ထိုကပ်ငြိစေတတ်သော ညွန်ကြီး၌၎င်း။ ဧတသ္မိံ ပလိပေ၊ ထိုသို့ ကျွံနစ်စေတတ်သော ညွှန်ပျောင်းငယ်၌၎င်း။ ဝိသန္နာ၊ နစ်ကုန်သော။ ဟီနတ္တရူပါ၊ ယုတ်မာသော စိတ်သဘောရှိကုန်သော သူတို့သည်။ ပါရံ၊ နိဗ္ဗာန်ဟူသော ကမ်းဘက်သို့။ န တရန္တိ၊ မကူးနိုင်ကုန်။

၃၄၆။ မဟာရာဇ၊ မြတ်သောမင်းကြီး။ အယံ၊ အကျွန်ုပ်၏ ဤကိုယ်သည်။ ပုရေ၊ ရှေး၌။ လုဒ္ဒံ၊ လုယက်ခြင်းစသည်ဖြင့် ကြမ်းကြုတ်သော။ ကမ္မံ၊ နိုင်ထက်ကလူပြုသော မကောင်းမှုကို။ အကာသိ၊ ပြုပြီ။ သော အယံ၊ ထိုမကောင်းမှု၏ အကျိုးကို။ မေ၊ အကျွန်ုပ်သည်။ ဂဟိတော၊ ယူအပ်ပြီ။ ဣတော၊ ဤအကုသိုလ် အကျိုးမှ။ မောက္ခော၊ လွတ်ခြင်းသည်။ န ဟိ အတ္ထိ၊ မရှိသည်သာတည်း။ နံ၊ ထိုမိမိကိုယ်ကို။ ဩရုန္ဓိယ၊ ဒွါရသုံးပါးကို ပိတ်ဆို့၍။ ပရိရက္ခိဿာမိ၊ ထက်ဝန်းကျင်မှ ငါစောင့်အံ့။ အယံ၊ ဤအကျွန်ုပ်၏ ကိုယ်သည်။ ပုန၊ တဖန်။ လုဒ္ဒံ၊ ကြမ်းကြုတ်သော။ ကမ္မံ၊ မကောင်းမှုကို။ မာ အကာသိ၊ မပြုပြီ။

ဤသို့ ဟောပြီးလျှင် သင် ဖခင်တို့သည် နေရစ်ကြကုန်လော့၊ သင် ဖခင်တို့နှင့်တကွ စကားပြောဟောစဉ်ပင် အကျွန်ုပ်သို့ အိုခြင်း, နာခြင်း သေခြင်းတို့သည် ကပ်ရောက်လာကုန်၏ဟု ဆို၍ အဆုံးအမကို ပေးပြီးလျှင် တယူဇနာရှိသော ပရိသတ်ကိုယူ၍ မြို့မှထွက်ခဲ့သဖြင့် နောင်တော် ဟတ္ထိပါလ အထံသို့လျှင် သွားလေ၏။ နောင်တော် ဟတ္ထိပါလရသေ့သည် ညီတော် အဿပါလ သတို့သားအား ကောင်းကင်၌ နေလျှက် တရားဟော၍ ညီချစ် အဿပါလ- ဤအစည်းအဝေးသည် များသည် ဖြစ်လတ္တံ့၊ ဤအရပ်၌သာလျှင် ဖြစ်ကုန်ဦးအံ့ဟု မိန့်တော်မူ၏။ ညီတော် အဿပါလသည်လည်းကောင်းပြီဟု ဝန်ခံ၏။

တနေ့သ၌ ဧသုကာရီ မင်းကြီးသည်၎င်း ပုရောဟိတ် ပုဏ္ဏားသည်၎င်း ထိုနည်းဖြင့်လျှင် ဂေါပါလ သတို့သားအိမ်သို့ သွား၍ ထိုဂေါပလ သတို့သားသည်လည်း ထိုနောင်တော်တို့နှင့်အတူ နှစ်သက်၍ မိမိတို့လာသော အကြောင်းကို ကြားကုန်၏။ ထိုဂေါပလ သတို့သားသည်လည်း နောင်တော် အဿပါလသည် ပယ်သကဲ့သို့ စွန့်ပယ်၍ အကျွန်ုပ်သည်လည်း ကြာမြင့်သောအခါမှ စ၍ ရဟန်းပြုလိုသည်ဖြစ်၍ တော၌ပျောက်သော နွားကို စုံစမ်းရှာဖွေသကဲ့သို့ ရဟန်းအဖြစ်ကို ရှာဖွေလျက် သွား၏။ ထို့ကြောင့် အကျွန်ုပ်အား ပျောက်သောနွား၏ ခြေရာကို မြင်သကဲ့သို့ နောင်တော်နှစ်ပါးတို့ ကြွသွားသော ခရီးကို မြင်ရပြီ၊ အကျွန်ုပ်သည် ထိုခရီးဖြင့်သာလျှင် သွားပါအံ့ဟုဆို၍ ထိုအကြောင်းကို ပြောလိုရကား-

၃၄၇။ ဂဝံဝ နဋ္ဌံ ပုရိသော ယထာ ဝနေ၊
ပရိယေသတိ ရာဇ အပဿမာနော။
ဧဝံ နဋ္ဌော ဧသုကာရီ မမတ္ထော၊
သောဟံ ကထံ န ဂဝေသေယျ ရာဇ။

ဟူသော ဤဂါထာကို ဆို၏။

၃၄၇။ ဧသုကာရီ၊ ဧသုကာရီ အမည်ရှိသော။ ရာဇ၊ မင်းမြတ်။ ပုရိသော၊ နွားကျောင်းသားသည်။ ဝနေ၊ တော၌။ နဋ္ဌံ၊ ပျောက်သော။ ဂဝံ၊ နွားကို။ အပဿမာနော၊ မမြင်သည်ဖြစ်၍။ ပရိယေသတိ ယထာ၊ ရှာသကဲ့သို့။ ဧဝံ တထာ၊ ထို အတူ။ မမ၊ အကျွန်ုပ်၏။ အတ္ထော၊ ရဟန်းအဖြစ်ဟု ဆိုအပ်သော အကျိုးစီးပွားသည်။ နဋ္ဌော၊ ပျောက်၏။ ရာဇ၊ မင်းမြတ်။ သော အဟံ၊ ထိုအကျွန်ုပ်သည်။ ကထံ၊ အဘယ့်ကြောင့်။ ပဗ္ဗဇ္ဇံ၊ ရဟန်းအဖြစ်ကို။ န ဂဝေသေယျံ၊ မရှာဘဲ နေအံ့နည်း။

ထိုအခါ ဂေါပါလ သတို့သားကို မင်း, ပုဏ္ဏားတို့သည် ချစ်သား ဂေါပါလ တရက်နှစ်ရက်မျှ ငံ့ပါဦးလော့၊ ငါတို့ကို သက်သာရာရစေ၍ နောက်မှ ရဟန်းပြုရပါလတ္တံ့ဟု ဆို၏။ ထိုဂေါပါလသတို့သားသည် မြတ်သောမင်းကြီး- ယနေ့ ပြုအပ်သောအမှုကို နက်ဖြန်မှ ပြုအံ့ဟု မဆိုအပ်၊ ကောင်းသော အမှုမည်သည်ကို ယနေ့ပင်လျှင် ပြုအပ်၏ ဟု ဆို၍ ထိုအကြောင်းကိုလည်း ကြားပြန်လိုရကား-

၃၄၈။ ဟိယျောတိ ဟိယျတိ ပေါသော၊
ပရေတိ ပရိဟာယတိ။
အနာဂတံ နေတ မတ္ထီတိ ဉတွာ၊
ဥပ္ပန္နဆန္ဒံ ကာ ပနူဒေယျ ဓီရော။

ဟူသော ဤဂါထာကို ဆို၏။

၃၄၈။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ယော ပေါသော၊ အကြင်ပုဂ္ဂိုလ်သည်။ အဇ္ဇ၊ ယနေ့။ ကတ္တဗ္ဗံ၊ ပြုအပ်သောအမှုကို။ ဟိယျော၊ နက်ဖြန်မှ။ ကရိဿာမိ၊ ငါပြုအံ့။ ဣတိ၊ ဤသို့။ ဟိယျတိ၊ မပြုဘဲ စွန့်၏။ သွေ၊ နက်ဖြန်။ ကတ္တဗ္ဗံ၊ ပြုအပ်သောအမှုကို။ ပရေ၊ သံဘက်နေ့မှ။ ကရိဿာမိ၊ ငါပြုအံ့။ ဣတိ၊ ဤသို့။ ဟိယျတိ၊ မပြုဘဲစွန့်၏။ သော ပေါသော၊ ထိုပုဂ္ဂိုလ်သည်။ တတော၊ ထိုအမှုမှ။ ပရိဟာယဟိ၊ ယုတ်၏။ ယံ၊ အကြင်အမှု၏ အကျိုးသည်။ အနာဂတံ၊ မလာလတ္တံ့။ ဧတံ၊ ထိုသို့ မလာလတ္တံ့သော အမှု၏ အကျိုးသည်။ န အတ္ထိ၊ မရှိ။ ဣတိ၊ ဤသို့။ ဉတွာ၊ သိ၍။ ဥပ္ပန္နဆန္ဒံ၊ ဖြစ်သော ကုသိုလ်ဆန္ဒကို။ ကော၊ အဘယ်မည်သော။ ဓီရော၊ ပညာရှိသည်။ ပနူဒေယျ၊ ပယ်ရာအံ့နည်း။

ဤသို့လျှင် ဂေါပါလသတို့သားသည် ဤနှစ်ဂါထာတို့ဖြင့် တရားဟောပြီး၍ သင်ခမည်းတော်တို့သည် နေရစ်ကြကုန်လော့၊ ခမည်းတော်တို့နှင့်တကွ စကားပြောဟောစဉ်ပင် အကျွန်ုပ်သို့ အိုခြင်း, နာခြင်း, သေခြင်းတို့သည် ကပ်ရောက်လာကုန်၏ဟု ဆိုပြီးလျှင် တယူဇနာရှိသော ပရိသတ်ကို ယူသဖြင့် မြို့မှထွက်ခဲ့၍ နောင်တော်နှစ်ပါးတို့၏ အထံသို့ သွားလေ၏။ နောင်တော် ဟတ္ထိပါလ ရသေ့သည် ထိုညီတော် ဂေါပါလားလည်း တရားဟောတော်မူ၏။

တနေ့သ၌ ဧသုကာရီမင်းကြီးသည်၎င်း ပုရောဟိတ်ပုဏ္ဏားသည်၎င်း ထိုနည်းဖြင့်လျှင် အဇပါလ သတို့သားအိမ်သို့ သွား၍ ထိုအဇပါလ သတို့သားသည်လည်း ထိုနောင်တော် သုံးပါးအတူ နှစ်သက်၍ မိမိတို့၏ လာသော အကြောင်းကို ကြားကုန်၍ သင်ချစ်သားအား ထီးဖြူကို ဆောင်နှင်းကုန်အံ့ဟု ဆိုကုန်၏။ အဇပါလသသည် အကျွန်ုပ် နောင်တော် သုံးပါးတို့သည် အဘယ်သို့ သွားကုန်သနည်းဟု မေး၏။ သင်ချစ်သား၏ နောင်တော်သုံးပါးတို့သည် အကျွန်ုပ်တို့အား မင်းအဖြစ်ကို အလိုမရှိဟု ဆိုကုန်၍ ထီဖြူကိုစွန့်သဖြင့် သုံးယူဇနာရှိသော ပရိသတ်ကိုယူ၍ ဂင်္ဂါနား၌ နေကုန်၏ဟု ဆိုသည်ရှိသော် အကျွန်ုပ် နောင်တော် သုံးပါးတို့သည် စွန့်အပ်သော တံတွေးတို့ကို ဦးခေါင်းဖြင့်ရွက်၍ မသွားအံ့၊ ထို့ကြောင့် အကျွန်ုပ်သည်လည်း ရဟန်းပြုအံ့ဟုဆို၏။ ချစ်သား အဇပါလ- သင်ချစ်သားသည် ငယ်သေး၏။ ငါတို့လက်၌ မွေးကျေးလောက်သေးသော သူတည်း၊ အရွယ်ရောက်သောအခါ သင်ချစ်သားသည် ရဟန်းပြုရပါလတ္တံ့ဟု ဆိုကုန်၏။ ထိုသို့ ဆိုသောအခါ မင်း, ပုဏ္ဏားတို့ကို အဇပါလ သတို့သားသည် ဖခင်တို့သည် အသို့ ဆိုတော်မူကြကုန်သနည်း၊ ဤသတ္တဝါတို့သည် ငယ်သောအခါ၌၎င်း၊ ကြီးရင့်သောအခါ၌၎င်း သေရကုန်သည် မဟုတ်လော၊ ဤသူသည် ငယ်သောအခါ၌ သေရလတ္တံ့၊ ဤသူသည် ကြီးရင့်သောအခါ၌ သေရလတ္တံ့ဟု တစုံတယောက်သောသူ၏ လက်ခြေတို့၌ သေစာနိမိတ်သည် မရှိ၊ အကျွန်ုပ်သည်လည်း အကျွန်ုပ်၏ သေရအံ့သောအခါကာလကို မသိပါ၊ ထို့ကြောင့် ယခုပင်လျှင် ရဟန်းပြုပါအံ့ဟုဆို၍ ထိုမင်းပုဏ္ဏားတို့အား တရားဟောသဖြင့်။ ရဟန်းပြုခွင့်ကို တောင်းပန်လိုရကား-

၃၄၉။ ပဿာမိ ဝေါဟံ ဒဟရိံ ကုမာရိံ၊
မတ္တူပမံ ကေတကပုပ္ဖနေတ္တံ။
အဘုတွာ ဘောဂေ ပဌမေ ဝယသ္မိံ၊
အာဒါယ မစ္စု ဝဇတေ ကုမာရိံ။
၃၅၀။ ယုဝါ သုဇာတော သုမုခေါ သုဒဿနော၊
သာမော ကုသုမ္ဘ ပရိကိဏ္ဏ မဿု။
ဟိတွာန ကာမေ ပဋိဂစ္ဆ ဂေဟံ၊
အနုဇာန မံ ပဗ္ဗဇိဿာမိ ဒေဝ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

၃၄၉။ ဒေဝ၊ အရှင်မင်းကြီး။ ဒဟရိံ၊ ငယ်နုစွာသော။ မတ္တူပမံ၊ ပြုံးရယ် စံပယ်ခြင်းတို့ဖြင့် ယစ်သော ကိန္နရီမကဲ့သို့ သွားလေ့ရှိထသော။ ကေတကပုပ္ဖနေတ္တံ၊ ဆတ်သွားပွင့် အချပ်ကဲ့သို့ ကျယ်သောမျက်လုံး ကော့မြူးသော မျက်တောင်လည်း ရှိထသော။ ကုမာရိံ၊ မိန်းမငယ်ကို။ အဟံ၊ အကျွန်ုပ်သည်။ ပဿာမိ၊ မြင်ရ၏။ ဘောဂေ၊ စည်းစိမ်တို့ကို။ အဘုတွာ၊ မခံစားမီ။ ပဌမေ ဝယသ္မိံ၊ ပဌမအရွယ်၌။ ပဝတ္တမာနံ၊ ဖြစ်သော။ ကုမာရိံ၊ မိန်းမငယ်ကို။ မစ္စု၊ သေမင်းသည်။ အာဒါယ၊ ယူ၍။ ဝဇတေ၊ သွားလေ၏။

၃၅၀။ ဒေဝ၊ အရှင်မင်းကြီး။ သုဇာတာ၊ တင့်တယ်သော သဏ္ဌာန်ရှိသော။ သုမုခေါ၊ ရွှေကြေးမုံဝ လပြည့်ဝန်းနှင့် တူသောမျက်နှာရှိထသော။ သုဒဿနော၊ ရှုချင်ဘွယ်ရှိသော။ သာမော၊ ရွှေအဆင်းရှိသော။ ကုသုမ္ဘပရိကိဏ္ဏမဿု၊ ဝတ်ပန်းပွင့် ဝတ်ဆံနှင့်တူသော သိမ်မွေ့သော ကောင်းစွာ ပေါက်သော မုတ်ဆိတ်လည်း ရှိထသော။ ယုဝါ၊ လုလင်ပျိုသည်။ မစ္စုဝသံ၊ သေမင်းနိုင်ငံသို့။ ဂစ္ဆတိ၊ သွားရ၏။ ဒေဝ၊ အရှင်မင်းကြီး။ အဟံ၊ အကျွန်ုပ်သည်။ ပဋိဂစ္ဆ၊ သေမင်းမရောက်မီ ရှေးဦးကလျှင်။ ဂေဟံ၊ အိမ်၌မှီသော။ ကာမေ၊ ကာမဂုဏ်တို့ကို။ ဟိတွာန၊ စွန့်၍။ ပဗ္ဗဇိဿာမိ၊ ရဟန်းပြုပါအံ့။ မံ၊ အကျွန်ုပ်ကို။ အနုဇာန၊ ခွင့်ပြုတော်မူပါလော့။

ဤသို့သော တရားစကားကို ဆိုပြီး၍ ရှင်မင်းကြီးတို့သည် နေတော်မူရစ်ကုန်လော့၊ ရှင်မင်းကြီးတို့နှင့်တကွ စကား ပြောဟောစဉ်လျှင် အကျွန်ုပ်သို့ အိုခြင်းနာခြင်း သေခြင်းတို့သည် ကပ်ရောက်လာကုန်၏ဟု ဆို၍ ထိုမင်း, ပုဏ္ဏားတို့ကို ရှိခိုးပြီးလျှင် တယူဇနာရှိသော ပရိသတ်ကို ယူ၍ မြို့မှထွက်သဖြင့် ဂင်္ဂါမြစ်နားသို့လျှင် သွားလေ၏။ နောင်တော်အကြီး ဟတ္ထိပါလ ရသေ့သည် ကောင်းကင်ကနေလျှက် ထိုညီတော် အဇပါလ သတို့သားအား တရားဟော၍ ဤအစည်းအဝေးသည် များသည်ဖြစ်လတ္တံ့ဟုဆို၍ ထိုအရပ်၌သာလျှင် နေ၏။

တနေ့သ၌ ခမည်းတော် ပုရောဟိတ်သည် မြတ်သောပလ္လင် အလယ်၌နေလျက် ဤသို့ ကြံ၏။ ငါ့သားတော်တို့သည် ရဟန်းပြုကြကုန်ပြီ၊ ယခုအခါ ငါတယောက်တည်းသာလျှင် လူ့သစ်ငုတ် ဖြစ်ချေပြီ၊ ငါသည်လည်း ရဟန်းပြုအံ့ဟု ကြံ၏။ ကြံပြီး၍ ထိုပုရောဟိတ်သည် ပုဏ္ဏေးမနှင့်တကွ တိုင်ပင်လိုရကား-

၃၅၁။ သာခါဟိ ရုက္ခော လဘတေ သမညံ။
ပဟီနသာခံ ပန ခါဏု မာဟု။
ပဟီနပုတ္တဿ မမဇ္ဇ ဘောတိ၊
ဝါသေဋ္ဌိ ဘိက္ခာစရိယ ကာလော။

ဟူသော ဤဂါထာကို ဆို၏။

၃၅၁။ ဝါသေဋ္ဌိ၊ ဝါသိဋ္ဌ အနွယ်ဖြစ်သော။ ဘောတိ၊ အို ပုဏ္ဏေးမ။ သာခါဟိ၊ အခက်တို့ကြောင့်။ ရုက္ခော၊ သစ်ပင်သည်။ သမညံ၊ သစ်ပင်ဟူသော ခေါ်ဝေါ်ခြင်းကို။ လဘတေ၊ ရ၏။ ပဟီနသာခံ ပန၊ အခက်မရှိသော သစ်ပင်ကိုကား။ ခါဏု၊ သစ်ငုတ်ဟူ၍။ အာဟု၊ ဆိုကုန်၏။ ပဟီနပုတ္တဿ၊ သားသ္မီးမရှိသော။ မမ၊ ငါ့အား။ အဇ္ဇ၊ ယခု။ ဘိက္ခာစရိယာယ၊ ရဟန်းပြုခြင်းငှါ။ ကာလာ၊ အခါတန်ပြီ။

ထိုပုရောဟိတ်သည် ဤသို့ တိုင်ပင်ပြောဆိုပြီးလျှင် တပည့်ပုဏ္ဏားတို့ကို ခေါ်စေ၍ တပည့်ပုဏ္ဏား ခြောက်သောင်းတို့သည် စည်းဝေးလာကုန်၏။ ထိုအခါ ထိုတပည့်ပုဏ္ဏား ခြောက်သောင်းတို့ကို သင်တို့သည် အသို့ပြုကုန်လတ္တံ့နည်းဟု ဆို၏။ ဆရာ- ဆရာတို့သည် အသို့ပြုကုန်အံ့နည်းဟု မေးကုန်၏။ အမောင်တို့- ငါသည် ငါ့သားတော် ဟတ္ထိပါလ အထံ၌ ရဟန်းပြုအံ့ဟု ဆိုလတ်သော် ဆရာတို့အားသာလျှင် ငရဲသည် ပူသည်မဟုတ်၊ အကျွန်ုပ်တို့အားလည်း ပူကုန်၏။ အကျွန်ုပ်တို့သည်လည်း ရဟန်းပြုပါကုန်အံ့ဟု ဆိုကုန်၏။ ထိုပုရောဟိတ်သည် ကုဋေရှစ်ဆယ်သော ဥစ္စာတို့ကို ပုဏ္ဏေးမအား အပ်နှင်းခဲ့ပြီးလျှင် တယူဇနာရှိသော ပုဏ္ဏားပရိသတ်ကိုယူ၍ ပြည်မှ ထွက်ခဲ့သဖြင့် သားတော်တို့၏ အထံသို့လျှင် သွားလေ၏။ သားတော် ဟတ္ထိပါလရသေ့သည် ကောင်းကင်ကနေလျှက် ထိုပရိသတ်တို့အားလည်း တရားဟောတော်မူ၏။

တနေ့သ၌ မယ်တော် ပုဏ္ဏေးမသည် ဤသို့ကြံ၏။ ငါ့သားတော် လေးယောက်တို့သည် ထီးဖြူကိုစွန့်၍ ရဟန်းပြုကုန်အံ့ဟု သွားကြကုန်ပြီ၊ ငါ့လင် ပုရောဟိတ်သည်လည်း ပုရောဟိတ်အရာနှင့်တကွ ကုဋေရှစ်ဆယ်သော ဥစ္စာတို့ကို စွန့်၍ သားတော်တို့ အထံသို့လျှင် သွားလေပြီ၊ ငါတယောက်တည်းလျှင် အသို့ပြုအံ့နည်း၊ သားတော်တို့ သွားသောခရီးဖြင့်သာလျှင် ငါသွားအံ့ဟုကြံ၍ လွန်လေပြီးသော ပုံသက်သေကို ဆောင်လျက် ဥဒါန်း ကျူးလိုရကား-

၃၅၂။ အဃသ္မိံ ကောဉ္စာ ယထာ ဟိမစ္စယေ။
ကတာနိ ဇာလာနိ ပဒါလိယ ဟံသာ။
ဂစ္ဆန္တိ ပုတ္တာ စ ပတီ စ မယှံ၊
သာ ဟံ ကထံ နာနုဝဇေ ပဇာနံ။

ဟူသော ဤ ဂါထာကို ဆို၏။

၃၅၂။ ကောဉ္စာ၊ ကြိုးကြာငှက်တို့သည်။ အဃသ္မိံ၊ ကောင်းကင်၌။ အသဇ္ဇမာနာ၊ မငြိကုန်သည်ဖြစ်၍။ ဂစ္ဆန္တိ ယထာ၊ သွားကုန်သကဲ့သို့၎င်း။ ဟိမစ္စယေ၊ မိုဃ်းလေးလ လွန်လတ်သော်။ ကတာနိ၊ ပင့်ကူတို့သည် ဖွဲ့အပ်ကုန်သော။ ဇာလာနိ၊ ပင့်ကူမြှေး ကွန်ယက်တို့ကို။ ဟံသာ၊ ဟင်္သာပျိုနှစ်ခုတို့သည်။ ပဒါလိယ၊ ဖျက်ဆီး၍။ ဂစ္ဆန္တိ၊ သွားကုန်၏။ နေသံ၊ ထိုဟင်္သာပျိုနှစ်ခုတို့၏။ ဂတမဂ္ဂေန၊ သွားသောခရီးဖြင့်။ ဣတရာ၊ ဟင်္သာပျိုနှစ်ခုမှ တပါးကုန်သော

ဟင်္သာတို့သည်။ ဂစ္ဆန္တိ ယထာ စ၊ သွားကုန်သကဲ့သို့၎င်း။ တထာ၊ ထို့အတူ။ မယှံ၊ ငါ၏။ ပုတ္တာ စ၊ သားတို့သည်၎င်း။ ပတိ စ၊ လင်သည်၎င်း။ ကာမဇာလံ၊ ဝတ္ထုကာမ ကိလေသာကာမ တည်းဟူသော ကွန်ယက်ကို။ ဆိန္ဒိတွာ၊ ဖြတ်၍။ ဂစ္ဆန္တိ၊ သွားကုန်၏။ ဣတိ၊ ဤသို့။ ပဇာနံ-ပဇာနန္တီ၊ သိ၍။ သာအဟံ၊ ထိုငါသည်။ ကထံ၊ အဘယ့်ကြောင့်။ ဂတမဂ္ဂေန၊ သားလင်တို့ သွားသောခရီးဖြင့်။ နာနု ဝဇေ၊ မလိုက်ဘဲနေအံ့နည်း။

ဤသို့ ဥဒါန်းကျူးရင့်ပြီးလျှင် ထိုပုဏ္ဏေးမသည် အဘယ့်ကြောင့်လျှင် ငါတယောက်တည်း သားလင်တို့အထံ၌ ရဟန်းမပြုဘဲ နေအံ့နည်း၊ ရဟန်းပြုအပ်သည်သာတည်းဟု ဆုံးဖြတ်ခြင်းကို ပြုပြီးလျှင် ပုဏ္ဏေးမတို့ကို ခေါ်၍ သင်တို့သည် အသို့ပြုကုန်လတ္တံ့နည်းဟု ဆို၍ အရှင်- အရှင်မတို့သည် အသို့ပြုကုန်လတ္တံ့နည်းဟု မေးကုန်၏။ ငါသည် ရဟန်းပြုအံ့ဟု ဆိုသည်ရှိသော် အကျွန်ုပ်တို့သည်လည်း ရဟန်းပြုပါကုန်အံ့ဟု ဆိုကုန်၏။ ထိုပုဏ္ဏေးမသည် ထိုကုဋေရှစ်ဆယ်သော ဥစ္စာကို စွန့်ခဲ့ပြီးလျှင် တယူဇနာရှိသော ပုဏ္ဏေးမ ပရိသတ်ကိုယူ၍ သားတော်တို့ အထံသို့လျှင် သွားလေ၏။ သားတော် ဟတ္ထိပါလ ရသေ့သည် ကောင်းကင်ကနေလျှက် ထိုပရိသတ်အားလည်း တရားဟောတော်မူ၏။

တနေ့သ၌ ဧသုကာရီမင်းကြီးသည် ပုရောဟိတ်ကား အဘယ်မှာနည်းဟု မေး၏။ အရှင်မင်းကြီး- ပုရောဟိတ်သည်၎င်း, ပုဏ္ဏေးမသည်၎င်း အလုံးစုံသော ဥစ္စာတို့ကို စွန့်ပစ်ခဲ့ပြီးလျှင် နှစ်ယူဇနာရှိသော ပရိသတ်ကိုယူ၍ သားများအထံသို့ သွားကြကုန်ပြီဟု တင်လျှောက်ကြကုန်၏။ ဧသုကာရီမင်းကြီးသည် အရှင်မရှိသော ဥစ္စာတို့သည် ငါတို့အား ရောက်၏ဟု ဆို၍ ထိုပုရောဟိတ်အိမ်မှ ဥစ္စာကို ဆောင်ယူစေ၏။ ထိုအခါ မင်း၏ မိဖုယားကြီးသည် အရှင်မင်းကြီး- အဘယ်ကို ပြုတော်မူသနည်းဟု မေး၍ ပုရောဟိတ်အိမ်မှ ဥစ္စာကို သိမ်းယူစေ၏ဟု ဆိုလတ်သော် ပုရောဟိတ်သည် အဘယ်မှာ ရှိသနည်းဟုမေး၍ မယားပုဏ္ဏေးမနှင့်တကွ ရဟန်းပြုအံ့သောငှါ ပြည်မှထွက်ပြီဟု ကြားလေလျင် ဤမင်းကြီးသည် ပုဏ္ဏားသည်၎င်း, ပုဏ္ဏေးမသည်၎င်း, သားလေးယောက်တို့သည်၎င်း စွန့်အပ်သော ကျင်ကြီးစုကို မိုက်မဲတွေဝေသောကြောင့် မိမိနန်းတော်သို့ ဆောင်ယူစေ၏။ ဥပမာဖြင့် ထိုမင်းကို စွန့်စေအံ့ဟု ကြံ၍ အိမ်ဈေးမှ အမဲကို ဆောင်စေပြီးလျှင် မင်းယင်ပြင်၌ အမဲစုအပုံကို ပြုစေ၍ ခရီးဖြောင့်ကို လွှတ်သဖြင့် ကွန်ကို ထက်ဝန်းကျင် ကာရံစေ၏။ လင်းတတို့သည် အဝေးမှလျှင် မြင်ကုန်၍ ထိုအမဲအလို့ငှာ ကျကုန်၏။ ထိုလင်းတအပေါင်းတို့တွင် ပညာရှိကုန်သော လင်းတတို့သည် ကွန်ကို ပြုအပ်သည်ဟု သိကုန်၍ အလွန် ဝမ်းလေးကုန်သည် ဖြစ်ကုန်လတ်သော် ဖြောင့်ဖြောင့်ပျံခြင်းငှာ မတတ်နိုင်ကုန်လတ္တံ့ဟု ကြံ၍ မိမိတို့ စားပြီးသော အမဲကို အန်၍ ကွန်ကို မငြိစေမူ၍လျှင် ဖြောင့်ဖြောင့်ပျံ၍ သွားကုန်၏။ ပညာမရှိသော လင်းတတို့သည်ကား ထိုပညာရှိသော လင်းတတို့သည် အန်အပ်သော အန်ဖတ်ကို စားကုန်သောကြောင့် အလွန်လေးကုန်သည်ဖြစ်၍ ပျံခြင်းငှါ မတတ်နိုင်ကုန်သည်ဖြစ်၍ သွား၍ ကွန်၌ မိကုန်၏။ ထိုအခါ တခုသော လင်းတကို ဖမ်းယူ၍ မိဖုယားကြီးအား ပြကုန်၏။ မိဖုယားကြီးသည် ထိုလင်းတကိုယူ၍ မင်းကြီးအထံသို့ သွားပြီးလျှင် မြတ်သောမင်းကြီး- ကြွတော်မူလှည့်၊ မင်းယင်ပြင်၌ တခုသော အမူအရာကို ကြည့်ကြကုန်အံ့ဟု ဆို၍ မြတ်သော လေသွန်တံခါးကို ဖွင့်၍ မြတ်သောမင်းကြီး- ဤလင်းတကို ကြည့်တော်မူလော့ဟု ဆို၍ ထိုအကြောင်းကို တင်လျှောက်လိုရကား-

၃၅၃။ ဧတေ ဘုတွာ ဝမိတွာ စ၊ ပက္ကမန္တိ ဝိဟင်္ဂမာ။
ယေ စ ဘုတွာ န ဝမိံသု၊
တေ မေ ဟတ္တတ္ထ မာဂတာ။
၃၅၄။ အဝမီ ဗြာဟ္မဏော ကာမေ၊
သော တွံ ပစ္စာ ဝမိဿတိ။
ဝန္တာဒေါ ပုရိသော ရာဇ၊
န သော ဟောတိ ပသံသိယော။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

၃၅၃။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဧတေ ဝိဟင်္ဂမာ၊ ထိုလင်းတတို့သည်။ ဘုတွာ စ၊ စားပြီး၍လည်း။ ဝမိတွာ စ၊ အန်ပြီး၍လည်း။ ပက္ကမန္တိ၊ ပျံသွားလေကုန်၏။ ယေ စ၊ အကြင်လင်းတတို့သည်ကား။ ဘုတွာ၊ စားပြီး၍။ န ဝမိံသု၊ မအန်ကုန်။ တေ၊ ထိုစားပြီးမှ မအန်သော လင်းတတို့သည်။ မေ၊ အကျွန်ုပ်၏။ ဟတ္ထတ္တံ၊ လက်တွင်းသို့။ အာဂတာ၊ ရောက်ကုန်၏။

၃၅၄။ ရာဇ၊ အရှင်မင်းကြီး။ ဗြာဟ္မဏော၊ ပုရောဟိတ်ပုဏ္ဏားသည်။ ကာမေ၊ ဝတ္ထုကာမဖြစ်သော ဥစ္စာတို့ကို။ အဝမိ၊ အန်လေပြီ။ သော တွံ၊ ထိုအရှင်မင်းကြီးသည်။ ပစ္စာဝမိဿတိ၊ တဖန် စားပြန်တော်မူဘိ၏။ ရာဇ၊ အရှင်မင်းကြီး။ ယော ပုရိသော၊ အကြင်ပုဂ္ဂိုလ်သည်။ ဝန္တာဒေါ၊ သူတပါး အန်ဖတ်ကိုစား၏။ သော ပုရိသော၊ ထိုသူတပါး အန်ဖတ်ကို စားသောပုဂ္ဂိုလ်သည်။ န ပသံသိယော၊ ဘုရားအစရှိသော ပညာရှိတို့ မချီးမွမ်းအပ်သည်။ ဟောတိ၊ ဖြစ်၏။

ထိုမိဖုယားကြီး တင်လျှောက်သော စကားကို ကြားရလျှင် ဧသုကာရီ မင်းကြီးသည် နှလုံး မသာယာသည်ဖြစ်၍ ဘဝသုံးပါးတို့သည် ရဲရဲပြောင်ပြောင် တောက်လောင်သကဲ့သို့ ထင်ကုန်၏။ ထိုမင်းကြီးသည် ယနေ့ပင်လျှင် မင်းအဖြစ်ကို စွန့်၍ ငါ့အား ရဟန်းပြုခြင်းသည် သင့်၏ဟု ထိတ်လန့်ခြင်း သံဝေဂဖြစ်၍ မိဖုယားကြီးအား ချီးမွမ်းခြင်းကို ပြုလိုရကား-

၃၅၅။ ပင်္ကေ စ ပေါသံ ပလိပေ ဗျသန္နံ၊
ဗလီ ယထာ ဒုဗ္ဗလ မုဒ္ဓရေယျ။
ဧဝမ္ပိ တွံ မံ ဥဒတာရီ ဘောတိ၊
ပဉ္စာလိ ဂါထာဟီ သုဘာသိတာဟိ။

ဟူသော ဤဂါထာကို ဆို၏။

၃၅၅။ ပဉ္စာလိ၊ ပဉ္စာလမင်း၏ သ္မီးတော်ဖြစ်သော။ ဘောတိ၊ အရှင်မိဖုယား။ ပင်္ကေ စ၊ ကပ်ငြိသော ညွန်ကြီး၌၎င်း။ ပလိပေ စ၊ ကျွံနစ်စေတတ်သော ညွန်ငယ်၌၎င်း။ ဗျသန္နံ၊ ကျွံနစ်သော။ ဒုဗ္ဗလံ၊ အားနည်းသော။ ပေါသံ၊ ယောက်ျားကို။ ဗလီ၊ ခွန်အားရှိသောသူသည်။ ဥဒ္ဓရေယျ ယထာ၊ ကယ်တင်သကဲ့သို့။ ဧဝံ၊ ဤအတူ။ တွံပိ၊ ရှင်မိဖုယားကြီးသည်လည်း။ သုဘာသိတာဟိ၊ ကောင်းစွာ ဆိုအပ်ကုန်သော။ ဂါထာဟိ၊ ဂါထာတို့ဖြင့်။ မံ၊ ငါ့ကို။ ဥဒတာရီ၊ ကာမညွန်မှ ကယ်တင်ပေ၏။

ဤသို့သောစကားကို ပြောဆိုပြီးလျှင် ထိုခဏ၌လျင်ပင် ရဟန်းပြုလိုသည်ဖြစ်၍ မှူးတော် မတ်တော်တို့ကို ခေါ်စေပြီးလျှင် သင်အမတ်တို့သည် အသို့ပြုကုန်အံ့နည်းဟု မိန့်တော်မူ၏။ အရှင်မင်းကြီး- အရှင်မင်းကြီးတို့သည် အသို့ပြုတော်မူကုန်အံ့နည်းဟု တင်လျှောက်ကြကုန်၏။ ငါသည် ဟတ္ထိပါလအထံ၌ ရဟန်းပြုအံ့ဟု မိန့်တော်မူ၏။ အရှင်မင်းကြီး- အကျွန်ုပ်တို့သည်လည်း ရဟန်းပြုကုန်အံ့ဟု တင်လျှောက်ကြကုန်၏။ ဧသုကာရီမင်းကြီးသည် တဆယ့်နှစ်ယူဇနာရှိသော ဗာရာဏသီမြို့၌ မင်းအဖြစ်ကို စွန့်၍ အလိုရှိကုန်သော သူတို့သည် ထီးဖြူကို ဆောင်းစေကုန်သတည်းဟု ဆိုပြီးလျှင် မှူးမတ်အပေါင်း ခြံရံလျက် သုံးယူဇနာရှိသော ပရိသတ်ကိုယူ၍ ဟတ္တိပါလ အထံသို့သာလျှင် သွားလေ၏။ ဟတ္ထိပါလ ရသေ့သည် ကောင်းကင်က နေလျက် ထိုပရိသတ်အားလည်း တရားဟောတော်မူ၏။

သဗ္ဗညူ မြတ်စွာဘုရားသည် ဧသုကာရီမင်းကြီး ရဟန်းပြုသောအဖြစ်ကို ထင်ရှားပြလိုသည်ဖြစ်၍-

၃၅၆။ ဣဒံ ဝတွာ မဟာရာဇာ၊ ဧသုကာရီ ဒိသမ္ပတိ။
ရဋ္ဌံ ဟိတွာန ပဗ္ဗဇိ၊ နာဂေါ ဆေတွာဝ ဗန္ဓနံ။

ဟူသော ဤဂါထာကို ဟောတော်မူ၏။

၃၅၆။ ဘိက္ခဝေ၊ ရဟန်းတို့။ နာဂေါ၊ ဆင်ပြောင်သည်။ ဗန္ဓနံ၊ အနှောင်အဖွဲ့ကို။ ဆေတွာဝ၊ ဖြတ်သကဲ့သို့။ ဒိသမ္ပတိ၊ အရပ်မျက်နှာအရှင်ဖြစ်သော။ ဧသုကာရီ၊ ဧသုကာရီအမည်ရှိသော။ မဟာရာဇာ၊ ပြည့်ရှင်မင်းမြတ်သည်။ ဣဒံ၊ ဤစကားကို။ ဝတွာ၊ ဆိုပြီး၍။ ရဋ္ဌံ၊ ဗာရာဏသီပြည်ကြီးကို။ ဟိတွာန၊ စွန့်၍။ ပဗ္ဗဇိ၊ ရဟန်းပြု၏။

တနေ့သောအခါ ဗာရာဏသီပြည်၌ ကြွင်းကျန်သော လူအပေါင်းသည် စည်းဝေး၍ မင်းအိမ်တံခါးသို့ သွားပြီးလျှင် မိဖုယားကြီးအား ကြားသဖြင့် နန်းတော်သို့ဝင်၍ မိဖုယားကြီးကို ရှိခိုး၍ တင့်အပ်လျောက်ပတ်စွာ နေလျက်

မိဖုယားကြီးကို တောင်းပန်လိုရကား-

၃၅၇။ ရာဇာ စ ပဗ္ဗဇ္ဇ မရောစယိတ္ထ၊
ပဟာယ ရဋ္ဌံ နရဝီရသေဋ္ဌော။
တုဝမ္ပိ နော ဟောဟိ ယထေဝ ရာဇာ၊
အမှေဟိ ဂုတ္တာ အနုသာသ ရဇ္ဇံ။

ဟူသော ဤဂါထာကို ဆို၏။

၃၅၇။ အယျေ၊ အရှင်မိဖုယားမြတ်။ နရဝီရသေဋ္ဌော၊ လူတကာတို့ထက် လုံ့လဖြင့် မြတ်တော်မူသော။ ရာဇာ စ၊ အရှင်မင်းကြီးသည်လည်း။ ရဋ္ဌံ၊ တိုင်းပြည်ကို။ ပဟာယ၊ စွန့်တော်မူ၍။ ပဗ္ဗဇ္ဇံ၊ ရဟန်းအဖြစ်ကို။ အရောစယိတ္ထ၊ နှစ်သက်တော်မူလေပြီ။ ရာဇာ ယထာ ဧဝ၊ အရှင်မင်းကြီးကဲ့သို့လျှင်။ တုဝမ္ပိ၊ အရှင်မိဖုယားမြတ်သည်လည်း။ နော၊ အကျွန်ုပ်တို့၏။ ရာဇာ၊ မင်းသည်။ ဟောဟိ၊ ဖြစ်တော်မူလော့။ အမှေဟိ၊ အကျွန်ုပ်တို့သည်။ ဂုတ္တာ၊ စောင့်ရှောက်အပ်ကုန်သည် ဖြစ်၍။ တွံ၊ အရှင်မိဖုယားမြတ်သည်။ ရဇ္ဇံ၊ ပြည်ကို။ အနုသာသ၊ ဆုံးမတော်မူလော့။

ထိုမိဖုယားကြီးသည် လူများစကားကိုကြား၍ ထိုလူများအား တရားဟောလိုရကား-

၃၅၈။ ရာဇာ စ ပဗ္ဗဇ္ဇ မရောစယိတ္ထ၊
ရဋ္ဌံ ပဟာယ နရဝီရသေဋ္ဌော
အဟမ္မိ ဧကာ စရိဿာမိ လောကေ၊
ဟိတွာန ကာမာနိ မနောရမာနိ။
၃၅၉။ ရာဇာ စ ပဗ္ဗဇ္ဇ မရောစယိတ္တ၊
ရဋ္ဌ ပဟာယ နရဝီရသေဋ္ဌော။
အဟမ္ပိ ဧကာ စရိဿာမိ လောကေ၊
ဟိတွာန ကာမာနိ ယထောဓိကာနိ။
၃၆၀။ အစ္စေန္တိ ကာလာ တရယန္တိ ရတ္တိယော၊
ဝယော ဂုဏာ အနုပုဗ္ဗံ ဇဟန္တိ။
အဟမ္ပိ ဧကာ စရိဿာမိ လောကေ၊
ဟိတွာန ကာမာနိ မနောရမာနိ။
၃၆၁။ အစ္စေန္တိ ကာလာ တရယန္တိ ရတ္တိယော၊
ဝယော ဂုဏာ အနုပုဗ္ဗံ ဇဟန္တိ။
အဟမ္ပိ ဧကာ စရိဿာမိ လောကေ၊
ဟိတွာန ကာမာနိ ယထောဓိကာနိ။
၃၆၂။ အစ္စေန္တိ ကာလာ တရယန္တိ ရတ္တိယော၊
ဝယော ဂုဏာ အနုပုဗ္ဗံ ဇဟန္တိ။
အဟမ္ပိ ဧကာ စရိဿာမိ လောကေ၊
သီတိဘူတာ သဗ္ဗ မတိစ္စ သင်္ဂံ။

ဟူသော ကြွင်းသော ဤငါးဂါထာတို့ကို ဆို၏။

၃၅၈။ ဘောန္တော နဂရဝါသိနော၊ အို ပြည်သူအပေါင်းတို့။ နရဝီရသေဋ္ဌော၊ လူတို့ထက် လုံ့လဖြင့်မြတ်တော်မူသော။ ရာဇာ စ၊ မင်းမြတ်သည်လည်း။ ရဋ္ဌံ၊ တိုင်းပြည်ကို။ ပဟာယ၊ စွန့်၍။ ပဗ္ဗဇ္ဇံ၊ ရဟန်းအဖြစ်ကို။ အရောစယိတ္ထ၊ နှစ်သက်တော်မူလေပြီ။ အဟမ္ပိ၊ ငါသည်လည်း။ လောကေ၊ ပစ္စုပ္ပန်လောက၌။ မနောရမာနိ၊ နှလုံးမွေ့လျော်ဘွယ်ရှိကုန်သော။ ကာမာနိ၊ ကာမဂုဏ်တို့ကို။ ဟိတွာန၊ စွန့်၍။ ဧကာ၊ သားသ္မီး ကိလေသာဟူသော ကျဉ်းမြောင်းခြင်းတို့မှ လွတ်လပ်၍ တယောက်အထီးတည်း။ စရိဿာမိ၊ ကျင့်အံ့။

၃၅၉။ ဘောန္တော နဂရဝါသိနော၊ အို ပြည်သူအပေါင်းတို။ နရဝီရသေဋ္ဌော၊ လူတို့ထက် လုံ့လအားဖြင့် မြတ်တော်မူသော။ ရာဇာ စ၊ မင်းမြတ်သည်လည်း။ ရဋ္ဌံ၊ တိုင်းပြည်ကို။ ပဟာယ၊ စွန့်၍။ ပဗ္ဗဇ္ဇံ၊ ရဟန်းအဖြစ်ကို။ အရောစယိတ္ထ၊ နှစ်သက်တော်မူလေပြီ။ အဟမ္ပိ၊ ငါသည်လည်း။ လောကေ၊ ပစ္စုပ္ပန်လောက၌။ ယထောဓိကာနိ၊ အကြင်အကြင်သို့သော အပိုင်းအခြား အတိုင်းအရှည်ဖြင့် တည်ကုန်သော။ ကာမာနိ၊ ကာမဂုဏ်တို့ကို။ ဟိတွာန၊ စွန့်၍။ ဧကာ၊ တယောက်အထီးတည်း။ စရိဿာမိ၊ ကျင့်အံ့။

၃၆၀။ ဘောန္တော နဂရဝါသိနော၊ အို ပြည်သူအပေါင်းတို့။ ကာလာ၊ နံနက် အစရှိကုန်သောအခါတို့သည်။ အစ္စေန္တိ၊ လွန်ကုန်၏။ ရတ္တိယော၊ ညဉ့်တို့သည်။ တရယန္တိ၊ အသက်ကိုစား၍ သွားကုန်၏။ ဝယောဂုဏာ၊ ပဌမအရွယ် အစရှိကုန်သော သုံးပါးသောအစု, မန္ဒဒသက အစရှိကုန်သော ဆယ်ပါးသောအစုတို့သည်။ အနုပုဗ္ဗံ၊ အစဉ်အတိုင်း။ ဇဟန္တိ၊ စွန့်ကုန်၏။ အဟမ္ပိ၊ ငါသည်လည်း။ လောကေ၊ ပစ္စုပ္ပန်လောက၌။ မနောရမာနိ၊ နှလုံးမွေ့လျော်ဘွယ်ရှိကုန်သော။ ကာမာနိ၊ ကာမဂုဏ်တို့ကို။ ဟိတွာန၊ စွန့်၍။ ဧကာ၊ တယောက်အထီးတည်း။ စရိဿာမိ၊ ကျင့်အံ့။

၃၆၁။ ဘောန္တော နဂရဝါသိနော၊ အို ပြည်သူ အပေါင်းတို့။ ကာလာ၊ နံနက် အစရှိကုန်သောအခါတို့သည်။ အစ္စေန္တိ၊ လွန်ကုန်၏။ ရတ္တိယော၊ ညဉ့်တို့သည်။ တရယန္တိ၊ အသက်ကိုစား၍ သွားကုန်၏။ ဝယောဂုဏာ၊ ပဌမအရွယ် အစရှိကုန်သော သုံးပါးသောအစု, မန္ဒဒသက အစရှိသော ဆယ်ပါးသောအစုတို့သည်။ အနုပုဗ္ဗံ၊ အစဉ်အတိုင်း။ ဇဟန္တိ၊ စွန့်ကုန်၏။ အဟမ္ပိ၊ ငါသည်လည်း။ လောကေ၊ ပစ္စုပ္ပန်လောက၌။ ယထောဓိကာနိ၊ အကြင်အကြင်သို့သော အပိုင်းအခြား အတိုင်းအရှည်ဖြင့် တည်ကုန်သော။ ကာမာနိ၊ ကာမဂုဏ်တို့ကို။ ဟိတွာန၊ စွန့်၍။ ဧကာ၊ တယောက်အထီးတည်း။ စရိဿာမိ၊ ကျင့်အံ့။

၃၆၂။ ဘောန္တော နဂရဝါသိနော၊ အို ပြည်သူအပေါင်းတို့။ ကာလာ၊ နံနက် အစရှိကုန်သောအခါတို့သည်။ အစ္စေန္တိ၊ လွန်ကုန်၏။ ရတ္တိယော၊ ညဉ့်တို့သည်။ တရယန္တိ၊ အသက်ကိုစား၍ သွားကုန်၏။ ဝယောဂုဏာ၊ ပဌမအရွယ် အစရှိကုန်သော သုံးပါးသော အစု, မန္ဒဒသက အစရှိကုန်သော ဆယ်ပါးသော အစုတို့သည်။ အနုပုဗ္ဗံ၊ အစဉ်အတိုင်း။ ဇဟန္တိ၊ စွန့်ကုန်၏။ အဟမ္ပိ၊ ငါသည်လည်း။ လောကေ၊ ပစ္စုပ္ပန်လောက၌။ သီတိဘူတာ၊ ကိလေသာတို့ကို စွန့်လျက် ငြိမ်းချမ်းသည်ဖြစ်၍။ သဗ္ဗံ၊ အလုံးစုံသော။ သင်္ဂံ၊ ရာဂ အစရှိသော ကပ်ငြိခြင်းကို။ အတိစ္စ၊ လွန်၍။ ဧကာ၊ တယောက်အထီးတည်း။ စရိဿာမိ၊ ကျင့်အံ့။

ဤသို့လျှင် မိဖုယားကြီးသည် ဤငါးဂါထာပါဌ်တို့ဖြင့် လူများအပေါင်းအား တရားဟောပြီးလျှင် မှူးမတ်တို့၏ မယားတို့ကို ခေါ်စေ၍ သင်တို့သည် အသို့ပြုကုန်အံ့နည်းဟု ဆို၏။ အရှင်မိဖုယား- အရှင်မိဖုယားတို့သည် အသို့ပြုတော်မူကုန်အံ့နည်းဟု မေးလျှောက်ကုန်၏။ ငါသည် ရဟန်းပြုအံ့ဟု ဆိုသည်ရှိသော် အကျွန်ုပ်တို့သည်လည်း ရဟန်းပြုပါကုန်အံ့ဟု လျှောက်ကုန်၏။ ထိုမိဖုယားကြီးသည် ကောင်းပြီဟုဆို၍ နန်းတော်၌ ရွှေတိုက် ငွေတိုက် အစရှိသည်တို့ကို ဖွင့်စေပြီးလျှင် ဤမည်သောအရပ် ဤမည်သောအရပ်တို့၌ များစွာသော ရွှေတို့ကို မြှုပ်ထားအပ်ကုန်၏ဟု ရွှေပေ၌ ရေးစေပြီးလျှင် လှူအပ်သည်သာတည်း၊ အလိုရှိသောသူတို့သည် ဆောင်ယူစေကုန်သတည်းဟုဆို၍ ထိုရွှေပေကို နန်းတော်ပြာသာဒ်မတို့၌ ဆွဲစေပြီးလျှင် မြို့အလုံး၌ စည်လည်စေ၍ ကြီးစွာသော စည်းစိမ်ကို စွန့်ပစ်၍ မြို့နန်းမှ ထွက်ခဲ့၏။

ထိုသို့ ထွက်သောခဏ၌ မြိုအလုံးသည် ချောက်ချား၍ မင်းသည်၎င်း မိဖုယားကြီးသည်၎င်း တိုင်းပြည်ကိုစွန့်၍ ရဟန်းပြုအံ့ဟု ထွက်ကုန်သတတ်၊ ငါတို့သည် ဤအရပ်၌ အသို့ပြုကုန်အံ့နည်းဟု ချောက်ချား၏။ ထိုထိုအရပ်မှ လူတို့သည် ဥစ္စာဖြင့် ပြည့်မြဲတိုင်းလျှင် ဖြစ်ကုန်သော အိမ်တို့ကို စွန့်ခဲ့ပြီးလျှင် သားသ္မီးတို့ကို လက်ဆွဲ၍ ထွက်ကုန်၏။ အလုံးစုံသော အိမ်ဈေးတို့သည် ခင်းကျင်းမြဲတိုင်းသာလျှင် ရှိရစ်ကြကုန်၏။ ပြန်၍ ကြည့်သောသူမည်သည် မရှိ၊ အလုံးစုံသော ဗာရာဏသီပြည်သည် အချည်းနှီး ဖြစ်၏။ မိဖုယားကြီးသည်လည်း သုံးယူဇနာရှိသော ပရိသတ်ကိုယူ၍ ထိုဟတ္ထိပါလ ရသေ့အထံသို့လျှင် သွား၏။ ဟတ္ထိပါလ ရသေ့သည် ကောင်းကင်ကနေလျက် ထိုပရိသတ်အားလည်း တရားဟောတော်မူပြီးလျှင် တဆယ့်နှစ်ယူဇနာရှိသော ပရိသတ်ကိုယူ၍ ဟိမဝန္တာသို့ ရှေးရှုသွားတော်မူ၏။

ဟတ္ထိပါလ သတို့သားသည် တဆယ့်နှစ်ယူဇနာ ရှိသော ဗာရာဏသီပြည်ကြီးကို အချည်းအနှီးပြု၍ ရဟန်းပြုအံ့ဟု လူများအပေါင်းကိုယူ၍ ဟိမဝန္တာသို့ သွားသတတ်၊ ငါတို့သည်ကား အဘယ်ဆိုဘွယ်ရှိအံ့နည်းဟု အလုံးစုံသော ကာသိတိုင်းသည် ချောက်ချားလျက် တဆယ်ရှစ်ယူဇနာရှိသော ပရိသတ်တို့သည်လည်း ဟတ္ထိပါလသတို့သား အထံသို့ လိုက်ကြလေကုန်၏။ နောက်အဘို့၌ ပရိသတ်တို့သည် ယူဇနာ သုံးဆယ်ရှိသည် ဖြစ်ကုန်၏။ ထိုဟတ္ထိပါလ ရသေ့သည် ထိုယူဇနာ သုံးဆယ်ရှိသော ပရိသတ်နှင့်တကွ ဟိမဝန္တာသို့ ဝင်တော်မူ၏။

သိကြားမင်းသည် ဆင်ခြင်လတ်သော် ထိုအကြောင်းကို သိ၍ ဟတ္ထိပါလ သတို့သားသည် မြတ်သော တောထွက်ခြင်းကို တောထွက်၏။ အစည်းအဝေးသည် များလတ္တံ့၊ နေရာအရပ်ကို ရခြင်းငှါ သင့်၏ဟု ဝိသုကြုံနတ်သားကိုခေါ်၍ အမောင် ဝိသုကြုံနတ်သား- သွားချေ၊ အလျား သုံးဆယ့် ခြောက်ယူဇနာ, အနံ တဆယ့်ငါးယူဇနာ ရှိသော ကျောင်းကို ဖန်ဆင်း၍ ရဟန်းပရိက္ခရာတို့ကို ပြည့်စုံစေလော့ဟု စေ၏။ ထိုဝိသုကြုံနတ်သားသည် ကောင်းပြီဟု သိကြားမင်းစကားကို ဝန်ခံပြီးလျှင် ဂင်္ဂါနား၌ မွေ့လျော်ဘွယ်ရှိသော မြေအဘို့ဝယ် ဆိုအပ်ပြီးသော ပမာဏရှိသော ကျောင်းကို ဖန်ဆင်း၍ ကျောင်းတို့၌ သစ်အခင်း, သစ်ရွက်အခင်း, နေရာ အစရှိသည်တို့ကို ခင်း၍ အလုံးစုံသော ရဟန်းပရိက္ခရာတို့ကို ဖန်ဆင်း၏။

တကျောင်း တကျောင်း၌ တံခါးတခုစီ စင်္ကြံတခုစီ ညဉ့်သန့်ရာ နေ့သန့်ရာ ပိုင်းခြား၍ အင်္ဂတေဖြင့် အပြေအဖြစ် ပြုအပ်၏။ နေရာ တံကဲပျဉ်ကိုလည်း ထားအပ်၏။ ထိုထိုအရပ်တို့၌ အထူးထူးသော အဆင်းရှိသော ကောင်းသော အနံ့ရှိသော ပန်းတို့ဖြင့် ဖုံးလွှမ်းအပ်ကုန်သော ပန်းချုံတို့သည် ရှိကုန်၏။ တဆောင် တဆောင်သော စင်္ကြံဦး၌ တခုတခုသော ရေဖြင့်ပြည့်သော ရေတွင်းသည် ရှိ၏။ ထိုရေတွင်း၏ အနီး၌ တပင်တပင်စီသော အသီးသီးသော သစ်ပင်သည် ရှိ၏။ ထိုသစ်ပင်သည် တပင်တည်းဖြစ်လျက် အလုံးစုံသော အသီးတို့ကို သီး၏။ ဤအလုံးစုံသည် နတ်တို့ အာနုဘော်ကြောင့် ဖြစ်၏။ ဝိသုကြုံနတ်သားသည် ကျောင်းတို့ကို ဖန်ဆင်းပြီးလျှင် ကျောင်းတို့၌ ရဟန်းပရိက္ခရာတို့ကိုထား၍ အကြင်သူတို့သည် ရဟန်း ပြုလိုကုန်၏။ ထိုသူတို့သည် ဤပရိက္ခရာတို့ကို ယူစေကုန်သတည်းဟု ဟင်္သပြဒါးစစ်ဖြင့် ကျောင်းနံရံ၌ အက္ခရာရေး၍ မိမိအာနုဘော်ဖြင့် ကြောက်မက်ဘွယ် အသံရှိသော သားငှက်တို့ကို၎င်း, မကောင်းသော အဆင်းကို ပြတတ်ကုန်သော ဘီလူးတို့ကို၎င်း ဖဲစေပြီးလျှင် မိမိနေရာသို့ သွား၏။

ဟတ္ထိပါလ ရသေ့သည် တယောက်တည်း သွားလောက်သော ခရီးဖြင့် သိကြားမင်း ပေးအပ်သော ကျောင်းသို့ ဝင်၍ အက္ခရာတို့ကို မြင်လျှင် သိကြားနတ်မင်းသည် ငါ၏ မြတ်သော တောထွက်ခြင်းဖြင့် တောထွက်သည်၏ အဖြစ်ကို သိသည်ဖြစ်လတ္တံ့ဟု နှလုံးသွင်း၍ တံခါးကိုဖွင့်၍ ကျောင်းတွင်းသို့ ဝင်ပြီးလျှင် ရသေ့ရဟန်းအသွင်ကို ယူ၍ ကျောင်းမှထွက်၍ စင်္ကြံသို့သက်၍ နှစ်ကြိမ် သုံးကြိမ် ထိုမှ ဤမှ စင်္ကြံသွား၍ မိမိမှ ကြွင်းသော လူအပေါင်းကို ရဟန်းပြုစေ၍ ကျောင်းကို စီရင်သည်ရှိသော် နို့စိုသားငယ်ရှိကုန်သော မိန်းမတို့အား အလယ်၌ ကျောင်းကို ပေး၏။ ထိုကျောင်းမှ အခြားမဲ့ဖြစ်သော ကျောင်းကို အိုမင်းပြီးသော မိန်းမတို့အား ပေး၏။ ထိုကျောင်းမှ အခြားမဲ့ဖြစ်သော ကျောင်းကို အလတ်ဖြစ်သော မိန်းမတို့အား ပေး၏။ ထက်ဝန်းကျင်မှ ရံ၍ တည်ကုန်သော ကျောင်းကိုမူကား ယောက်ျားတို့အား ပေး၏။

ထိုအခါ တပါးသော ပြည်နီးချင်းမင်းသည် ဗာရာဏသီပြည်၌ မင်းမရှိသတတ်ဟု ကြား၍ လာလတ်ပြီးလျှင် တန်ဆာဆင်ခြင်းနှင့် စပ်သော ဗာရာဏသီမြို့ကို ကြည့်သဖြင့် နန်းတော်သို့ တက်၍ ထိုထိုအရပ်၌ ရွှေ ငွေ အစရှိသော ရတနာစုကို မြင်၍ ဤသို့သဘောရှိသော မြို့နန်းကို စွန့်၍ ရဟန်းပြုသောအခါမှစ၍ ဤအဖြစ် မည်သည်ကား အလွန်မြတ်သည် ဖြစ်လတ္တံ့ဟု ကြံလျက် သေသောက်ကြူးတို့ကို လမ်းခရီးကိုမေး၍ ဟတ္ထိပါလရသေ့ထံသို့လျှင် သွားလေ၏။ ဟတ္ထိပါလရသေ့သည် ထိုမင်း ဝင်လာသော အဖြစ်ကိုသိ၍ ခရီးရင်ဆိုင် သွားပြီးလျှင် ကောင်းကင်က နေလျက် တရားဟောသဖြင့် ကျောင်းသို့ ဆောင်ယူ၍ အလုံးစုံသော ပရိသတ်ကို ရဟန်းပြုစေ၏။

ဤနည်းဖြင့်လျှင် တပါးကုန်သော ပြည်နီးချင်း မင်းခြောက်ယောက်တို့သည်လည်း ရဟန်းပြုကုန်၏။ မင်းခုနစ်ယောက်တို့သည် ဥစ္စာစည်းစိမ်တို့ကို စွန့်၍ ရဟန်းပြုသည်ရှိသော် သုံးဆယ့်ခြောက်ယူဇနာရှိသော ကျောင်း၌ အခြား မရှိသည်ဖြစ်၍ ပြည့်၏။ အကြင်သူသည် ကာမဝိတက် အစရှိသည်တို့တွင် တပါးပါးကို ကြံ၏။ ထိုသူအား ဘုရားလောင်း ဟတ္ထိပါလရသေ့သည် တရားဟော၍ ဗြဟ္မဝိဟာရ ဘာဝနာကို၎င်း, ကသိုဏ်းဘာဝနာကို၎င်း ကြား၏။

ထိုရသေ့တို့သည် များသောအားဖြင့် ဈာန်အဘိညာဉ်ကို ဖြစ်စေ၍ သုံးစုတို့တွင် နှစ်စုသော ရသေ့တို့သည် ဗြဟ္မာ့ပြည်၌ ဖြစ်ကုန်၏။ သုံးခုမြောက်ဖြစ်သော အစုကို သုံးစု စုပြန်၍ တစုသည် ဗြဟ္မာ့ပြည်၌ ဖြစ်၏။ တစုသည် ကာမာဝစရ နတ်ပြည်ခြောက်ထပ်တို့၌ ဖြစ်၏။ တစုသည် ရသေ့တို့အား လုပ်ကျွေးခြင်းကို ပြု၍ လူ့ပြည်၌ မင်းသူကြွယ်, ပုဏ္ဏားသူကြွယ်, သူဌေးသူကြွယ်ဟူသော သူကြွယ်မျိုး သုံးပါးတို့၌ ဖြစ်၏။ ဤသို့ ဟတ္ထိပါလရသေ့၏ အဆုံးအမသည် ငရဲ တိရစ္ဆာန် ပြိတ္တာ, အသုရကာယ် တည်းဟူသော အပါယ်လေးပါးတို့မှ ကင်း၏။

(ဤသိန်းသိုန်းဃိုဠ်ကျွန်း၌ ပထဝိစာလကဓမ္မဂုတ္တ မထေရ်၎င်း, ကဋကန္ဓကာရဝါသီ ဖုဿဒေဝ မထေရ်၎င်း, ဥပရိမဏ္ဍလဝါသီ မဟာသင်္ဃရက္ခိတမထေရ်၎င်း, မလယမဟာဒေဝမထေရ်၎င်း, အဘယဂိရိဝါသီ မဟာဒေဝမထေရ်၎င်း, ဂါမန္တပဗ္ဘာရဝါသီ မဟာသီဝ မထေရ်၎င်း, ကာဠဝလ္လိမဏ္ဍပဝါသီ မဟာနာဂ မထေရ်၎င်း, ဤမထေရ် ခုနစ်ပါးတို့သည် ကုဒါလပဏ္ဍိတ အစည်းအဝေး၌၎င်း, မူဂပက္ခဇာတ် အစည်းအဝေး၌၎င်း, စူဠသုတသောမ အစည်းအဝေး၌၎င်း, အယောသရပဏ္ဍိတဇာတ် အစည်းအဝေး၌၎င်း, ဟတ္ထိပါလ အစည်းအဝေး၌၎င်း, အလုံးစုံသော သူတို့၏ နောက်မှ တောထွက်သော ပရိသတ်တို့တည်း။ )

ထို့ကြောင့် သဗ္ဗညူ မြတ်စွာဘုရားသည်-

အဘိတ္ထရေထ ကလျာဏေ၊ ပါပါ စိတ္တံ နိဝါရယေ။
ဒန္ဓဉှိ ကရောတော ပုညံ၊ ပါပသ္မိံ ရမတေ မနော။

ဟူ၍ ဟောတော်မူ၏။

ဘိက္ခဝေ၊ ရဟန်းတို့။ ကလျာဏေ၊ ကုသိုလ်ကောင်းမှုတို့ကို။ အဘိတ္ထရေထ၊ လျင်မြန်စွာ ပြုရာ၏။ ပါပါ၊ မကောင်းမှုမှ။ စိတ္တံ၊ စိတ်ကို။ နိဝါရယေ။ မြစ်ရာ၏။ ဟိ- သစ္စံ၊ မှန်၏။ ပုညံ၊ ကုသိုလ်ကောင်းမှုကို။ ဒန္ဓံ၊ နှေးနှေး။ ကရောတော၊ ပြုသောသူ၏။ မနော၊ စိတ်သည်။ ပါပသ္မိံ၊ မကောင်းမှု၌။ ရမတေ၊ မွေ့လျော်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့- ဤသို့လျှင် ရှေး၌လည်း သင်တို့ဆရာ ငါဘုရားသည် မြတ်သော တောထွက်ခြင်းကို တောထွက်တော် မူဘူးသည်သာတည်းဟု မိန့်တော်မူ၍ ယခုအခါ ခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည် ထိုအခါ ဧသုကာရီမင်းကြီး ဖြစ်ဘူးပြီ၊ ယခုအခါ မဟာမာယာသည် ထိုအခါ မိဖုယားကြီး ဖြစ်ဘူးပြီ၊ ယခုအခါ မဟာကဿပသည် ထိုအခါ ပုရောဟိတ်ပုဏ္ဏား ဖြစ်ဘူးပြီ၊ ယခုအခါ ဘဒ္ဒါကာပိလာနီ ထေရီမသည် ထိုအခါ ပုဏ္ဏေးမ ဖြစ်ဘူးပြီ၊ ယခုအခါ အနုရုဒ္ဓါသည် ထိုအခါ အဇပါလ ဖြစ်ဘူးပြီ၊ ယခုအခါ မဟာမောဂ္ဂလာန်သည် ထိုအခါ ဂေါပါလ ဖြစ်ဘူးပြီ၊ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ အဿပါလ ဖြစ်ဘူးပြီ၊ ယခု

အခါ ငါဘုရား ပရိသက်တို့သည် ထိုအခါ ကြွင်းသောပရိသတ်တို့ ဖြစ်ဘူးကုန်ပြီ။ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ဟတ္ထိပါလ ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ကာမညှီဟောက်၊ တံတွေးပေါက်၊ စွန့်မြောက် ပါရမီ

တဆယ့်သုံးခုမြောက်သော ဟတ္ထိပါလဇာတ်သည် ပြီး၏။

*****