သွင်းကုန်ပမာဏမြင့်တက်ခြင်းမှ ကာကွယ်ပေးမှုဥပဒေ

From Wikisource
Jump to navigation Jump to search
သွင်းကုန်ပမာဏမြင့်တက်ခြင်းမှ ကာကွယ်ပေးမှုဥပဒေ  (2019) 
by ဝင်းမြင့်

သွင်းကုန်ပမာဏမြင့်တက်ခြင်းမှ ကာကွယ်ပေးမှုဥပဒေ

(၂၀၁၉ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၃၅။)

၁၃၈၁ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၃ ရက်

(၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

အခန်း (၁) အမည်၊ စတင်အာဏာတည်ခြင်းနှင့် အဓိပ္ပာယ်ဖော်ပြချက်[edit]

၁။ (က) ဤဥပဒေကို သွင်းကုန်ပမာဏမြင့်တက်ခြင်းမှ ကာကွယ်ပေးမှုဥပဒေဟု ခေါ်တွင်စေရမည်။

(ခ) ဤဥပဒေသည် နိုင်ငံတော်သမ္မတက အမိန့်ကြော်ငြာစာဖြင့် သတ်မှတ်သည့်နေ့မှစတင်၍ အာဏာတည်စေရမည်။

၂။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရ မည်-

(က) ကော်မတီ ဆိုသည်မှာ ဤဥပဒေအရဖွဲ့စည်းသော သွင်းကုန်ပမာဏမြင့်တက်ခြင်းမှ ကာကွယ် ပေးမှုကော်မတီကို ဆိုသည်။
(ခ) ဝန်ကြီးဌာန ဆိုသည်မှာ ပြည်ထောင်စုအစိုးရ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကို ဆိုသည်။
(ဂ) ဦးစီးဌာန ဆိုသည်မှာ ကာကွယ်ပေးမှု အစီအမံဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်ရန် ဝန်ကြီးဌာန က တာဝန်ပေးသော ဦးစီးဌာနကို ဆိုသည်။
(ဃ) စုံစမ်းစစ်ဆေးရေးအဖွဲ့ ဆိုသည်မှာ ဤဥပဒေပါကိစ္စရပ်များကို ဆောင်ရွက်ရန် ကော်မတီက ဖွဲ့စည်းတာဝန်ပေးအပ်သောအဖွဲ့ကို ဆိုသည်။
(င) သွင်းကုန်ပမာဏ မြင့်တက်ခြင်း ဆိုသည်မှာ ပြည်တွင်းသို့ တင်သွင်းလာသည့် ကုန်စည်တစ်မျိုးမျိုး ၏ သွင်းကုန်ပမာဏသည် ယင်းကုန်စည်နှင့် အလားတူကုန်စည် သို့မဟုတ် တိုက်ရိုက်ယှဉ်ပြိုင်နိုင်သော ကုန်စည်၏ ပြည်တွင်းထုတ်လုပ်မှုနှင့် နှိုင်းယှဉ်ခြင်းဖြင့်ဖြစ်စေ၊ နှိုင်းယှဉ်ခြင်းမပြုဘဲ ပကတိအားဖြင့် ဖြစ်စေ မြင့်တက်လာသည့်ပမာဏကို ဆိုသည်။
(စ) ကာကွယ်ပေးမှုအစီအမံ ဆိုသည်မှာ ပြည်တွင်းသို့ တင်သွင်းလာသည့် ကုန်စည်ပမာဏမြင့်တက်မှု ကြောင့် ယင်းကုန်စည်နှင့် အလားတူသော သို့မဟုတ် တိုက်ရိုက်ယှဉ်ပြိုင်နိုင်သော ပြည်တွင်း ကုန်စည်ထုတ်လုပ်သူ၏ လုပ်ငန်းများအပေါ် ပြင်းထန်သောထိခိုက်နစ်နာမှု သို့မဟုတ် ယင်းသို့ ထိခိုက် နစ်နာစေရန် ခြိမ်းခြောက်မှုများ ဖြစ်ပေါ်လာပါက ကာကွယ်ကုစားပေးရန် ကျင့်သုံးမည့်အစီအမံကို ဆိုသည်။ ယင်းစကားရပ်တွင်ယာယီကာကွယ်ပေးမှု အကောက်ခွန်စည်းကြပ်ခြင်း၊ ကာကွယ်ပေးမှု အကောက်ခွန်စည်းကြပ်ခြင်း သို့မဟုတ် သွင်းကုန်ပမာဏကန့်သတ်ခြင်းတို့လည်း ပါဝင်သည်။
(ဆ) ယာယီကာကွယ်ပေးမှု အကောက်ခွန် ဆိုသည်မှာ စုံစမ်းစစ်ဆေးမှု ဆောင်ရွက်စဉ်ကာလအတွင်း ပြည်တွင်း ကုန်စည်ထုတ်လုပ်သူများအပေါ် ပြင်းထန်သောထိခိုက်နစ်နာမှုကိုဖြစ်စေ၊ ယင်းသို့ထိခိုက် နစ်နာစေရန် ခြိမ်းခြောက်မှုကိုဖြစ်စေ ယာယီကာကွယ်ကုစားပေးရန် အကောက်ခွန်ဥပဒေအရ ကောက်ခံသည့် အကောက်ခွန်အပါအဝင် ယာယီထပ်တိုးစည်းကြပ်သည့် အကောက်ခွန်ကိုဆိုသည်။
(ဇ) ကာကွယ်ပေးမှုအကောက်ခွန် ဆိုသည်မှာ စုံစမ်းစစ်ဆေးမှု အပြီးသတ်ပြီး နောက်ဆုံး ဆုံးဖြတ်ချက် အရ ပြည်တွင်းကုန်စည်ထုတ်လုပ်သူများအပေါ် ပြင်းထန်သော ထိခိုက်နစ်နာမှုကိုဖြစ်စေ၊ ယင်းသို့ ထိခိုက်နစ်နာစေရန် ခြိမ်းခြောက်မှုကိုဖြစ်စေ ကာကွယ်ကုစားပေးရန် အကောက်ခွန်ဥပဒေအရ ကောက်ခံ သည့် အကောက်ခွန်အပါအဝင် အချိန်ကာလတစ်ခုအထိ ထပ်တိုးစည်းကြပ်သည့် အကောက်ခွန်ကို ဆိုသည်။
(ဈ) သွင်းကုန်ပမာဏကန့်သတ်ခြင်း ဆိုသည်မှာ စုံစမ်းစစ်ဆေးမှု အပြီးသတ်ပြီး နောက်ဆုံး ဆုံးဖြတ် ချက်အရ ပြည်တွင်း ကုန်စည်ထုတ်လုပ်သူများအပေါ် ပြင်းထန်သော ထိခိုက်နစ်နာမှုကိုဖြစ်စေ၊ ယင်းသို့ ထိခိုက်နစ်နာစေရန် ခြိမ်းခြောက်မှုကိုဖြစ်စေ ကာကွယ်ကုစားပေးရန် စုံစမ်းစစ်ဆေးခြင်းခံရသည့် ကုန်စည်၏ တင်သွင်းမှုပမာဏကို အချိန်ကာလတစ်ခုအထိ ကန့်သတ်ခြင်းကို ဆိုသည်။
(ည) ပြည်တွင်း ကုန်စည်ထုတ်လုပ်သူ ဆိုသည်မှာ အောက်ပါထုတ်လုပ်သူကို ဆိုသည်-
(၁) ပြည်တွင်း အလားတူ ကုန်စည်ထုတ်လုပ်သူ သို့မဟုတ် တိုက်ရိုက်ယှဉ်ပြိုင်နိုင်သော ကုန်စည် ထုတ်လုပ်သူ၊
(၂) ပြည်တွင်း အလားတူ ကုန်စည် သို့မဟုတ် တိုက်ရိုက်ယှဉ်ပြိုင်နိုင်သော ကုန်စည်အချိုးအစားများ စွာ ပါဝင်သည့် ကုန်စည်ထုတ်လုပ်သူ။
(ဋ) ပြင်းထန်သော ထိခိုက်နစ်နာမှု ဆိုသည်မှာ ပြည်တွင်း ကုန်စည်ထုတ်လုပ်သူများ၏ လုပ်ငန်းဆိုင်ရာ ရပ်တည်မှုကို အဘက်ဘက်မှ သိသာထင်ရှားစွာ ထိခိုက်နစ်နာစေသော အခြေအနေကို ဆိုသည်။
(ဌ) အလားတူကုန်စည် ဆိုသည်မှာ စုံစမ်းစစ်ဆေးခြင်းခံရသည့် ကုန်စည်နှင့် သွင်ပြင်လက္ခဏာ အားလုံး ထပ်တူကျနေသည့် သို့မဟုတ် နီးစပ်စွာတူညီသည့် ပြည်တွင်း၌ ထုတ်လုပ်သော ကုန်စည်ကို ဆိုသည်။
(ဍ) တိုက်ရိုက်ယှဉ်ပြိုင်နိုင်သော ကုန်စည် ဆိုသည်မှာ ပြည်တွင်း၌ထုတ်လုပ်သော ကုန်စည်သည် စုံစမ်း စစ်ဆေးခြင်းခံရသည့် ကုန်စည်နှင့် ဓာတုဗေဒနည်းလမ်းများအရ ပေါင်းစပ်ဖွဲ့စည်းမှု၊ အခြားလက္ခဏာ ရပ်များဖြစ်သော ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် နည်းပညာပိုင်းဆိုင်ရာ ကွဲပြားခြားနားမှုများရှိသော်လည်း အသုံးပြုသည့် ရည်ရွယ်ချက်အရသော်လည်းကောင်း၊ ဈေးကွက်အတွင်း စီးပွားဖြစ်ယှဉ်ပြိုင်မှုအရ သော်လည်းကောင်း တစ်ခုနှင့်တစ်ခု အစားထိုး၍ တိုက်ရိုက်ယှဉ်ပြိုင်အသုံးပြုနိုင်သော ကုန်စည်ကို ဆိုသည်။
(ဎ) စုံစမ်းစစ်ဆေးခြင်းခံရသည့် ကုန်စည် ဆိုသည်မှာ ဤဥပဒေအရ စုံစမ်းစစ်ဆေးခြင်းခံရသော ပြည်ပမှ တင်သွင်းလာသည့် ကုန်စည်ကိုဆိုသည်။
(ဏ) အကျုံးဝင်ဆက်နွှယ်သူများ ဆိုသည်မှာ အောက်ပါတို့ကို ဆိုသည်-
(၁) စုံစမ်းစစ်ဆေးခြင်းခံရသည့် ကုန်စည်ကို ပြည်ပမှတင်ပို့သူ သို့မဟုတ် ထုတ်လုပ်သူ၊
(၂) စုံစမ်းစစ်ဆေးခြင်းခံရသည့် ကုန်စည်ကို ပြည်တွင်းသို့ တင်သွင်းသူ၊
(၃) ပုဒ်မခွဲငယ် (၁) သို့မဟုတ် ပုဒ်မခွဲငယ် (၂) ပါ ပုဂ္ဂိုလ် အများစု ပါဝင်ဖွဲ့စည်းထားသော ကုန်သွယ်ရေးနှင့် စီးပွား ရေးဆိုင်ရာ အသင်းအဖွဲ့၊
(၄) စုံစမ်းစစ်ဆေးခြင်းခံရသည့် ကုန်စည်ကို တင်ပို့သော နိုင်ငံ၏အစိုးရ၊
(၅) ပြည်တွင်း ကုန်စည်ထုတ်လုပ်သူ၊
(၆) ပြည်တွင်း ကုန်စည်ထုတ်လုပ်သူများဖြင့် ဖွဲ့စည်းထားသည့် ကုန်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာ အသင်းအဖွဲ့။
(တ) ဖွံ့ဖြိုးဆဲနိုင်ငံ ဆိုသည်မှာ ကုလသမဂ္ဂက သတ်မှတ်ထားသော ဖွံ့ဖြိုးဆဲနိုင်ငံများစာရင်းတွင် ပါဝင် သည့်နိုင်ငံကို ဆိုသည်။

အခန်း (၂) ရည်ရွယ်ချက်[edit]

၃။ ဤဥပဒေ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) ကုန်စည်တစ်မျိုး၏ သွင်းကုန်ပမာဏ မြင့်တက်ခြင်းကြောင့် ပြည်တွင်းကုန်စည်ထုတ်လုပ်သူ များကို ပြင်းထန်သောထိခိုက်နစ်နာမှု သို့မဟုတ် ယင်းသို့ ထိခိုက်နစ်နာစေရန် ခြိမ်းခြောက်မှုများ ဖြစ်ပေါ် လာပါက စနစ်တကျ စုံစမ်းစစ်ဆေးနိုင်ရန်၊
(ခ) အချိန်ကာလတစ်ခုအတွင်း ပြည်တွင်း ကုန်စည်ထုတ်လုပ်သူများ၏ ယှဉ်ပြိုင်နိုင်စွမ်းကို အထောက် အကူဖြစ်စေရန်၊
(ဂ) ဖြစ်ပေါ်လာသည့် ထိခိုက်နစ်နာမှု သို့မဟုတ် ယင်းသို့ ထိခိုက်နစ်နာစေရန် ခြိမ်းခြောက်မှုသည် သွင်းကုန်ပမာဏ မြင့်တက်မှုနှင့် ကျိုးကြောင်းဆက်စပ်မှုရှိပါက ယင်းထိခိုက်နစ်နာမှုကို ကာကွယ်ကုစား နိုင်ရန် ယင်းသွင်းကုန်အပေါ် လုံလောက်သော ကာကွယ်ပေးမှု အစီအမံကျင့်သုံးနိုင်စေရန်။

အခန်း (၃) သွင်းကုန်ပမာဏမြင့်တက်ခြင်းမှ ကာကွယ်ပေးမှု ကော်မတီဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ[edit]

၄။ ပြည်ထောင်စုအစိုးရအဖွဲ့သည်-

(က) သွင်းကုန်ပမာဏမြင့်တက်ခြင်းမှ ကာကွယ်ပေးမှု ကော်မတီကို ၁၅ ဦးထက်မပိုသော အောက်ပါ ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းရမည်-
(၁) ပြည်ထောင်စုဝန်ကြီး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဥက္ကဋ္ဌ
(၂) ဒုတိယဝန်ကြီး၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဥက္ကဋ္ဌ
(၃) သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများမှ ညွှန်ကြားရေးမှူးချုပ် ရာထူးအောက်မနိမ့်သော ပုဂ္ဂိုလ်များ အဖွဲ့ဝင်များ
(၄) သင့်လျော်သော နိုင်ငံတကာကုန်သွယ်မှုဆိုင်ရာ စီးပွားရေး ပညာရှင်တစ်ဦး အဖွဲ့ဝင်
(၅) သင့်လျော်သော နိုင်ငံတကာကုန်သွယ်မှုဆိုင်ရာ ဥပဒေပညာရှင်တစ်ဦး အဖွဲ့ဝင်
(၆) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ ဥက္ကဋ္ဌ အဖွဲ့ဝင်
(၇) ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် အတွင်းရေးမှူး


(ခ) ပုဒ်မခွဲ (က) အရ ကော်မတီဖွဲ့စည်းရာတွင် လိုအပ်ပါက တွဲဖက်အတွင်းရေးမှူးကို သတ်မှတ်တာဝန် ပေးအပ်နိုင်သည်။
(ဂ) ပုဒ်မခွဲ (က) အရ ဖွဲ့စည်းထားသော ကော်မတီကိုလိုအပ်ပါက ပြင်ဆင်ဖွဲ့စည်းနိုင်သည်။

၅။ ကော်မတီ၏ လုပ်ငန်းတာဝန်နှင့် လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) ကာကွယ်ပေးမှု အစီအမံကျင့်သုံးရန် လျှောက်ထားခြင်းနှင့်စပ်လျဉ်း၍ ဦးစီးဌာနက တင်ပြလာ သည့် ကနဦး စိစစ်ချက်များအပေါ် စုံစမ်းစစ်ဆေးရန် သင့် မသင့် ဆုံးဖြတ်ခြင်း၊
(ခ) စုံစမ်းစစ်ဆေးခြင်းနှင့် အကြံပြုသုံးသပ်ချက်များဆောင်ရွက်ရန် စုံစမ်းစစ်ဆေးရေး အဖွဲ့ကို ဖွဲ့စည်း တာဝန်ပေးအပ်ခြင်း၊
(ဂ) ဦးစီးဌာနမှတစ်ဆင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ကတင်ပြလာသည့် စုံစမ်းစစ်ဆေးချက်များနှင့် အကြံပြု သုံးသပ်ချက်များကို စိစစ်၍ သင့်လျော်သည့် ကာကွယ်ပေးမှု အစီအမံဆိုင်ရာ ဆုံးဖြတ်ချက်တစ်ရပ်ရပ်ကို ချမှတ်ခြင်း၊
(ဃ) ကာကွယ်ပေးမှု အစီအမံဆိုင်ရာ ဆုံးဖြတ်ချက်ကို ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက် ရယူဆောင်ရွက်ခြင်း၊
(င) ကာကွယ်ပေးမှု အစီအမံများကို နှောင့်နှေးကြန့်ကြာမှုမရှိစေဘဲ ဆောင်ရွက်ခြင်း၊
(စ) ဤဥပဒေကို ထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ဝန်ကြီးဌာနကို အကြံပြုခြင်း၊
(ဆ) ဤဥပဒေကို အကောင်အထည်ဖော်ရန် သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများထံမှဖြစ်စေ၊ အကျုံးဝင်ဆက်နွှယ်သူများထံမှဖြစ်စေ လိုအပ်သော စာရင်းဇယား၊ အချက်အလက်၊ သက်သေ အထောက် အထားများ တောင်းခံနိုင်ခြင်း၊
(ဇ) မိမိ၏ လုပ်ပိုင်ခွင့်တစ်ရပ်ရပ်ကို ဦးစီးဌာန သို့မဟုတ် စုံစမ်းစစ်ဆေးရေးအဖွဲ့အား တာဝန်ပေးဆောင် ရွက်စေခြင်း၊
(ဈ) လိုအပ်ပါက လုပ်ငန်းကော်မတီများကို ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း။

အခန်း (၄) ဦးစီးဌာန၏ တာဝန်နှင့် လုပ်ပိုင်ခွင့်[edit]

၆။ ဦးစီးဌာန၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) ကာကွယ်ပေးမှု အစီအမံကျင့်သုံးရန် လျှောက်ထားခြင်းအား သတ်မှတ်အထောက်အထား ပြည့်စုံမှု ရှိ မရှိ စိစစ်၍ကော်မတီသို့ တင်ပြခြင်း၊
(ခ) စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ကြီးကြပ်ကွပ်ကဲခြင်း၊
(ဂ) စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်များနှင့် အကြံပြုသုံးသပ်ချက်များကို ကော်မတီသို့ အစီရင်ခံတင်ပြခြင်း၊
(ဃ) စုံစမ်းစစ်ဆေးမှု ရလဒ်များကို အမြန်ဆုံး စိစစ်ဆုံးဖြတ်နိုင်ရန် ကော်မတီ အစည်းအဝေးကျင်းပ နိုင်ရေး စီစဉ်ဆောင်ရွက်ပေးခြင်း၊
(င) သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများထံမှဖြစ်စေ၊ အကျုံးဝင်ဆက်နွှယ်သူများထံမှဖြစ်စေ တောင်းခံထားသော စာရင်းဇယား၊ အချက်အလက်၊ သက်သေအထောက်အထားများကို ထိန်းသိမ်းခြင်း၊
(စ) ကော်မတီနှင့် စုံစမ်းစစ်ဆေးရေးအဖွဲ့၏ ရုံးလုပ်ငန်းကိစ္စအဝဝကို တာဝန်ယူဆောင်ရွက်ခြင်း၊
(ဆ) ကော်မတီက အခါအားလျော်စွာ ပေးအပ်သောလုပ်ငန်းတာဝန်များကို ဆောင်ရွက်ခြင်း။

အခန်း (၅) ကနဦးစိစစ်ခြင်း[edit]

၇။ သွင်းကုန်ပမာဏမြင့်တက်ခြင်းကြောင့် ပြင်းထန်သောထိခိုက်နစ်နာမှု သို့မဟုတ် ယင်းသို့ ထိခိုက် နစ်နာစေရန် ခြိမ်းခြောက်မှုခံရသော ပြည်တွင်း ကုန်စည်ထုတ်လုပ်သူ သို့မဟုတ် ယင်း၏ကိုယ်စားလှယ် သည်ကာကွယ်ကုစားနိုင်ရေးအတွက် စုံစမ်းစစ်ဆေးပေးရန် သတ်မှတ်ချက်များနှင့်အညီ ကော်မတီသို့ လျှောက်ထားရမည်။ ကော်မတီသည် ယင်းလျှောက်ထားချက်ကို ကနဦးစိစစ်ရန် ဦးစီးဌာနသို့ တာဝန် ပေးအပ်ရမည်။

၈။ ဦးစီးဌာနသည် လျှောက်လွှာလက်ခံရရှိသည့်နေ့မှစ၍ တရားဝင် ရုံးပိတ်ရက်မပါ ငါးရက်အတွင်း စုံစမ်းစစ်ဆေးရန် သတ်မှတ်အထောက်အထား ပြည့်စုံမှု ရှိ မရှိ ကနဦး စိစစ်၍ ကော်မတီသို့ တင်ပြရ မည်။

၉။ ကော်မတီသည် ပုဒ်မ ၈ အရ တင်ပြချက်အပေါ် အောက်ပါအတိုင်း ဆောင်ရွက်ရမည်-

(က) သတ်မှတ်အထောက်အထား ပြည့်စုံမှုမရှိကြောင်းတွေ့ရှိပါက ပြန်လည်ပြင်ဆင်တင်ပြစေရန် ညွှန်ကြားခြင်း သို့မဟုတ်
(ခ) စုံစမ်းစစ်ဆေးခြင်းပြုရန် သို့မဟုတ် မပြုရန်ဆုံးဖြတ်ခြင်း။

၁၀။ စုံစမ်းစစ်ဆေးပေးရန် လျှောက်ထားချက်နှင့်စပ်လျဉ်း၍ ပြင်ဆင်တင်ပြစေရန် ဦးစီးဌာနက ညွှန်ကြားလျှင် လျှောက်ထားသူသည် ပြည့်စုံစွာ ဆောင်ရွက်ပြီး သတ်မှတ်ကာလအတွင်း ပြန်လည်တင် ပြရမည်။

၁၁။ ကော်မတီက စုံစမ်းစစ်ဆေးခြင်းမပြုရန် ဆုံးဖြတ်ကြောင်း ညွှန်ကြားလျှင် ဦးစီးဌာနသည် လျှောက် ထားသူထံ ဆောလျင်စွာ စာဖြင့် အကြောင်းကြားရမည်။

အခန်း (၆) စုံစမ်းစစ်ဆေးခြင်း[edit]

၁၂။ ကော်မတီသည် စုံစမ်းစစ်ဆေးခြင်းပြုရန် ဆုံးဖြတ်ပါက ဦးစီးဌာနမှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင် သော အရာထမ်းများဖြင့်ဖြစ်စေ၊ ဦးစီးဌာနမှ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သော အရာထမ်းက ဦးဆောင် ၍ သက်ဆိုင်ရာအစိုးရဌာနများ၊ အစိုးရအဖွဲ့အစည်းများမှ ကျွမ်းကျင်သူများဖြင့်ဖြစ်စေ စုံစမ်းစစ်ဆေးရေး အဖွဲ့ကို ဖွဲ့စည်းတာဝန် ပေးအပ်ရမည်။

၁၃။ စုံစမ်းစစ်ဆေးရေးအဖွဲ့သည်-

(က) စုံစမ်းစစ်ဆေးခြင်းလုပ်ငန်းများကို တာဝန်ပေးအပ်သည့်နေ့မှစ၍ စတင်ဆောင်ရွက်ရမည်။
(ခ) ယင်းသို့ စုံစမ်းစစ်ဆေးမှုစတင်မည် ဖြစ်ကြောင်းကို လျှောက်ထားသူအပါအဝင် အကျုံးဝင်ဆက်နွှယ် သူများထံ အကြောင်းကြားရမည်။

၁၄။ စုံစမ်းစစ်ဆေးရေးအဖွဲ့သည် စုံစမ်းစစ်ဆေးရာတွင် လိုအပ်သော စာရင်းဇယား၊ အချက်အလက်၊ သက်သေအထောက်အထားများကို သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများထံမှဖြစ်စေ၊ အကျုံးဝင်ဆက်နွှယ်သူများထံမှဖြစ်စေ ကော်မတီ၏ ခွင့်ပြုချက်ဖြင့် တောင်းခံနိုင်သည်။

၁၅။ စုံစမ်းစစ်ဆေးရေးအဖွဲ့သည် စုံစမ်းစစ်ဆေးမှုကိုဆောင်ရွက်ရာတွင် အကျုံးဝင်ဆက်နွှယ်သူများထံ မေးခွန်းများမေးမြန်းခြင်း၊ ကြားနာခြင်း သို့မဟုတ် အခြားသင့်လျော်သောနည်းများဖြင့် ဆောင်ရွက်ခြင်း ပြုနိုင်သည်။

၁၆။ စုံစမ်းစစ်ဆေးရေးအဖွဲ့သည် စုံစမ်းစစ်ဆေးမှုပြုနေစဉ် ပဏာမစိစစ်တင်ပြချက်ကိုလည်းကောင်း၊ စုံစမ်းစစ်ဆေးပြီးနောက် အပြီးသတ် စိစစ်တင်ပြချက်ကိုလည်းကောင်း ကော်မတီက သတ်မှတ်သည့် ကာလအတွင်း ဦးစီးဌာနမှတစ်ဆင့် ကော်မတီသို့ တင်ပြရမည်။

၁၇။ စုံစမ်းစစ်ဆေးရေးအဖွဲ့သည် စုံစမ်းစစ်ဆေးရေး လုပ်ငန်းစဉ်များဆောင်ရွက်ရာတွင် စီးပွားရေး လုပ်ငန်း၏ လျှို့ဝှက်ချက်၊ ယင်းလျှို့ဝှက်ချက်နှင့် သက်ဆိုင်သည့် စာရင်းဇယား၊ အချက်အလက်နှင့် သက်သေအထောက်အထားများကို လျှို့ဝှက်အဆင့် သတ်မှတ်ဆောင်ရွက်ရမည်။

၁၈။ ကော်မတီ၊ ဦးစီးဌာနနှင့် စုံစမ်းစစ်ဆေးရေးအဖွဲ့သည် လျှို့ဝှက်အဆင့် သတ်မှတ်ထားသော စာရင်းဇယား၊ အချက်အလက်နှင့် သက်သေအထောက်အထားများကို ဤဥပဒေပါ ရည်ရွယ်ချက်များ အကောင်အထည်ဖော်သည့် ကိစ္စရပ်များမှတစ်ပါး သက်ဆိုင်သူ၏ ခွင့်ပြုချက်မရှိဘဲ အခြားကိစ္စရပ်များ တွင် အသုံးမပြုရ။

၁၉။ သက်ဆိုင်သူက စာရင်းဇယား၊ အချက်အလက်နှင့် သက်သေအထောက်အထားများကို လျှို့ဝှက် အဆင့် ထားရှိပေးရန် တင်ပြလာပါက စုံစမ်းစစ်ဆေးရေးအဖွဲ့သည် အလုံးစုံခြုံငုံနားလည်စေနိုင်သည့် လျှို့ဝှက်မဟုတ်သော အနှစ်ချုပ်ကိုပါတင်ပြရန်နှင့် ထိုသို့ တင်ပြနိုင်ခြင်းမရှိပါက ခိုင်လုံသော အကြောင်း ပြချက်ကို ဖော်ပြရန် သက်ဆိုင်သူထံ တောင်းခံရမည်။

၂၀။ စုံစမ်းစစ်ဆေးရေးအဖွဲ့သည် စုံစမ်းစစ်ဆေးမှုပြုရာတွင် အောက်ပါစာရင်းဇယား၊ အချက်အလက်၊ သက်သေအထောက်အထား တစ်ရပ်ရပ်ကို ထည့်သွင်းစဉ်းစားခြင်းမပြုဘဲ နေနိုင်သည်-

(က) လျှို့ဝှက်အဆင့်ထားရှိပေးရန် ယုံကြည်ရန်အကြောင်းမရှိသော စာရင်းဇယား၊ အချက်အလက်၊ သက်သေအထောက်အထားများ၊
(ခ) အများပြည်သူသို့ အသိပေးဖြန့်ဝေရန် သက်ဆိုင်သူက ခွင့်ပြုခြင်းမရှိသော လျှို့ဝှက်မဟုတ်သည့် အနှစ်ချုပ်ပုံစံဖြင့် တင်ပြလာသည့် စာရင်းဇယား၊ အချက်အလက်၊ သက်သေအထောက်အထားများ။

အခန်း (၇) ပြင်းထန်သော ထိခိုက်နစ်နာမှုကို စိစစ်အကဲဖြတ်ခြင်းနှင့် ယာယီကာကွယ်ပေးမှု အကောက်ခွန်စည်းကြပ်ခြင်း[edit]

၂၁။ စုံစမ်းစစ်ဆေးရေးအဖွဲ့သည် သွင်းကုန်ပမာဏမြင့်တက်ခြင်းကြောင့် ပြည်တွင်းကုန်စည် ထုတ်လုပ် သူ၏ လုပ်ငန်းကို ပြင်းထန်သောထိခိုက်နစ်နာမှု သို့မဟုတ် ယင်းသို့ထိခိုက်နစ်နာစေရန် ခြိမ်းခြောက်မှု ရှိ မရှိ ဆုံးဖြတ်ရာတွင် အောက်ပါအချက်အလက်များအပါအဝင် ယင်းကုန်စည်ထုတ်လုပ်သူ၏ လုပ်ငန်းနှင့် စပ်လျဉ်းသည့် အခြားလိုအပ်သော အချက်အလက်များကိုပါ ထည့်သွင်းစိစစ်အကဲဖြတ်ရမည်-

(က) မြင့်တက်လာသည့်သွင်းကုန်၏ ပမာဏနှင့် နှုန်းထား၊
(ခ) ပမာဏမြင့်တက်ဝင်ရောက်လာသည့် သွင်းကုန်၏ ပြည်တွင်းဈေးကွက်တွင် ရယူခဲ့သောဝေစု၊
(ဂ) ရောင်းချမှုအခြေအနေ ပြောင်းလဲလာမှု၊
(ဃ) ထုတ်လုပ်မှုအခြေအနေ ပြောင်းလဲလာမှု၊
(င) ထုတ်လုပ်နိုင်စွမ်းအခြေအနေ ပြောင်းလဲလာမှု၊
(စ) အမြတ်နှင့်အရှုံးအခြေအနေ ပြောင်းလဲလာမှု၊
(ဆ) အလုပ်သမားခန့်ထားမှုအခြေအနေ ပြောင်းလဲလာမှု။

၂၂။ စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ပြည်တွင်းကုန်စည်ထုတ်လုပ်သူ၏ လုပ်ငန်းများအပေါ် ပြင်းထန်သော ထိခိုက်နစ်နာမှု သို့မဟုတ် ယင်းသို့ထိခိုက်နစ်နာစေရန် ခြိမ်းခြောက်မှုနှင့် သွင်းကုန်ပမာဏမြင့်တက်ခြင်း တို့အကြား ဖြစ်ပေါ်သည့် အကျိုးအကြောင်းဆက်နွှယ်မှုအား ဖော်ပြနိုင်မှသာလျှင် ယင်းကုန်စည်ကြောင့် ပြင်းထန်သော ထိခိုက်နစ်နာမှုဖြစ်စေသည် သို့မဟုတ် ယင်းသို့ ထိခိုက်နစ်နာစေရန် ခြိမ်းခြောက်သည်ဟု သုံးသပ်တင်ပြရမည်။

၂၃။ စုံစမ်းစစ်ဆေးရေးအဖွဲ့သည် အခြားသော အကြောင်းတစ်ရပ်ရပ်ကြောင့် ပြည်တွင်း ကုန်စည်ထုတ် လုပ်သူ၏ လုပ်ငန်းကို ပြင်းထန်သော ထိခိုက်နစ်နာမှု သို့မဟုတ် ယင်းသို့ထိခိုက်နစ်နာစေရန် ခြိမ်းခြောက်မှု ဖြစ်ပေါ်စေသည်ဟု စိစစ်တွေ့ရှိပါက သွင်းကုန်ပမာဏ မြင့်တက်ခြင်းကြောင့် ထိခိုက်နစ် နာသည်ဟု သုံးသပ်တင်ပြခြင်းမပြုရ။

၂၄။ စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ပြည်တွင်း ကုန်စည်ထုတ်လုပ်သူ၏ လုပ်ငန်းထိခိုက်နစ်နာမှုသည် ပြန်လည်ရပ်တည်နိုင်ရန် ခက်ခဲသောအရေးပေါ်အခြေအနေပေါ်ပေါက်ကြောင်း ပဏာမ စိစစ်အကဲ ဖြတ်ချက်အရ စိစစ်တွေ့ရှိပါက စုံစမ်းစစ်ဆေးမှု ဆောင်ရွက်နေသည့်ကာလအတွင်း တင်သွင်းလာသည့် ကုန်စည်အပေါ်ယာယီကာကွယ်ပေးမှု အကောက်ခွန်စည်းကြပ်ခြင်းပြုနိုင်ရန် ဦးစီးဌာနမှတစ်ဆင့် ကော်မတီသို့ တင်ပြရမည်။

၂၅။ ကော်မတီသည်-

(က) အပြီးသတ်ဆုံးဖြတ်ချက်မတိုင်မီ ပုဒ်မ ၂၄ အရ ယာယီကာကွယ်ပေးမှု အကောက်ခွန် စည်းကြပ် ခြင်းပြုရန်ဆုံးဖြတ်နိုင်သည်။
(ခ) ယာယီကာကွယ်ပေးမှု အကောက်ခွန်စည်းကြပ်ခြင်းကို အများဆုံးရက်ပေါင်း ၂၀၀ အထိ ခွင့်ပြုနိုင် သည်။

အခန်း (၈) ကာကွယ်ပေးမှု အစီအမံဆုံးဖြတ်ခြင်းနှင့် ကျင့်သုံးအကောင်အထည်ဖော်ခြင်း[edit]

၂၆။ စုံစမ်းစစ်ဆေးရေးအဖွဲ့သည် သတ်မှတ်ထားသည့် အချိန်ကာလအတွင်း စုံစမ်းစစ်ဆေးမှုကို ဆောင်ရွက်ပြီးနောက် အပြီးသတ် စိစစ်တွေ့ရှိချက်ကို သုံးသပ်အကြံပြုချက်များနှင့်အတူ ဦးစီးဌာနမှ တစ်ဆင့်ကော်မတီသို့ တင်ပြရမည်။

၂၇။ ကော်မတီသည် သွင်းကုန်ပမာဏ မြင့်တက်ခြင်း၊ ပြင်းထန်သော ထိခိုက်နစ်နာခြင်း သို့မဟုတ် ယင်းသို့ ထိခိုက်နစ်နာစေရန် ခြိမ်းခြောက်ခြင်းမရှိကြောင်း အပြီးသတ်စိစစ်ချက်အရ တွေ့ရှိပါက ယာယီ ကာကွယ်ပေးမှု အကောက်ခွန် စည်းကြပ်ခြင်းကို ရပ်စဲရန် ဆုံးဖြတ်ရမည်။

၂၈။ ကော်မတီသည် သွင်းကုန်ပမာဏ မြင့်တက်ခြင်းနှင့် ယင်းကြောင့် ပြင်းထန်သော ထိခိုက်နစ်နာမှု သို့မဟုတ် ယင်းသို့ထိခိုက်နစ်နာစေရန် ခြိမ်းခြောက်မှုဖြစ်ပွားကြောင်း အပြီးသတ်စိစစ်ချက်အရ တွေ့ရှိ ပါက စုံစမ်းစစ်ဆေးခြင်းခံရသည့် ကုန်စည်အပေါ် အောက်ပါကာကွယ်ပေးမှု အစီအမံတစ်ခုဖြစ်စေ၊ တစ်ခုထက်ပို၍ဖြစ်စေ စည်းကြပ်ကျင့်သုံးရန် ဆုံးဖြတ်နိုင်သည်-

(က) ကာကွယ်ပေးမှု အကောက်ခွန် စည်းကြပ်ခြင်း၊
(ခ) သွင်းကုန်ပမာဏ ကန့်သတ်ခြင်း။

၂၉။ ကော်မတီသည် ပုဒ်မ ၂၈ အရ ကာကွယ်ပေးမှု အစီအမံကိုဆုံးဖြတ်ရာတွင် ပြည်တွင်းကုန်စည် ထုတ်လုပ်သူများ၏ လုပ်ငန်းပြန်လည်တိုးတက်ရေး ပြင်ဆင်ဆောင်ရွက်နိုင်စေရန်နှင့် ယင်းတို့၏ ထိခိုက် နစ်နာမှုများကို ကာကွယ်ကုစားပေးရန် လိုအပ်သည့် အတိုင်းအတာအထိသာ သတ်မှတ်ရမည်။

၃၀။ ကော်မတီသည် ပုဒ်မ ၂၈၊ ပုဒ်မခွဲ (ခ) အရ သွင်းကုန်ပမာဏ ကန့်သတ်ရာတွင် စုံစမ်းစစ်ဆေးခြင်း ခံရသည့် ကုန်စည်နှင့်စပ်လျဉ်း၍ လွန်ခဲ့သည့် သုံးနှစ်အတွင်း တင်သွင်းခဲ့သောစာရင်းကို အခြေခံ၍ ယင်းကုန်စည်၏ ပျမ်းမျှ သွင်းကုန်ပမာဏအောက် လျော့နည်းသော ပမာဏကို သတ်မှတ်ခြင်းမပြုရ။ သို့ရာတွင် ပြင်းထန်သော ထိခိုက်နစ်နာမှု သို့မဟုတ် ယင်းသို့ ထိခိုက်စေရန် ခြိမ်းခြောက်မှုကို ကာကွယ် ကုစားပေးရန် လုံလောက်သော ကျိုးကြောင်းဖော်ပြချက်တွေ့ရှိပါက ပျမ်းမျှ သွင်းကုန်ပမာဏအောက် လျော့နည်းသောပမာဏကို သတ်မှတ်နိုင်သည်။

၃၁။ ကော်မတီသည်-

(က) စုံစမ်းစစ်ဆေးခြင်းခံရသည့် ကုန်စည်ကို တင်ပို့သော ပြည်ပနိုင်ငံတစ်နိုင်ငံထက်ပိုပါက ယင်းနိုင်ငံ အသီးသီးအတွက် သွင်းကုန်ပမာဏကို ခွဲဝေသတ်မှတ်ရမည်။
(ခ) ပုဒ်မခွဲ (က) အရ ခွဲဝေသတ်မှတ်ရာတွင် ယင်းကုန်စည်ကို ပြည်တွင်းသို့ တင်ပို့ရောင်းချခြင်းဖြင့် အကျိုးစီးပွား အမြောက်အမြားရရှိသည့် ယင်းနိုင်ငံများနှင့် ဆွေးနွေးညှိနှိုင်း သဘောတူညီချက် ရယူရ မည်။

၃၂။ ပုဒ်မ ၃၁ အရ သွင်းကုန်ပမာဏကို ခွဲဝေသတ်မှတ်ခြင်းနှင့်စပ်လျဉ်း၍ သဘောတူညီမှုမရရှိပါက ကော်မတီသည် ယင်းနိုင်ငံများက လွန်ခဲ့သော သုံးနှစ်အတွင်း ပြည်တွင်းသို့ ယင်းကုန်စည်ကို တင်သွင်းခဲ့ သည့် စုစုပေါင်းပမာဏ သို့မဟုတ် တန်ဖိုး၏အချိုးအပေါ်မူတည်၍ ပမာဏကို ကန့်သတ်ခွဲဝေသတ်မှတ် ရမည်။

၃၃။ စုံစမ်းစစ်ဆေးခြင်းခံရသည့် ကုန်စည်သည် ဖွံ့ဖြိုးဆဲနိုင်ငံများမှ ပြည်တွင်းသို့တင်သွင်းလာသည့် ကုန်စည်ဖြစ်ပြီး အောက်ပါအခြေအနေတစ်ရပ်ရပ်နှင့် ကိုက်ညီမှုရှိပါက ကော်မတီသည် ယင်းနိုင်ငံများ အပေါ် ကာကွယ်ပေးမှု အစီအမံကို ကျင့်သုံးခြင်းမပြုရ-

(က) ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံမှ တင်သွင်းလာသည့် ပမာဏသည် ပြည်တွင်းသို့ တင်သွင်းမှု စုစုပေါင်း ပမာဏ၏ သုံးရာခိုင်နှုန်းထက် မကျော်လွန်သည့် ဝေစုဖြစ်ခြင်း၊
(ခ) ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံချင်းစီ၏ သွင်းကုန်ဝေစုပမာဏသည် သုံးရာခိုင်နှုန်းအောက်လျော့နည်း၍ တင်သွင်းလာပြီး ယင်းဖွံ့ဖြိုးဆဲနိုင်ငံအားလုံး၏ စုပေါင်းတင်သွင်းမှုသည် ပြည်တွင်းသို့ တင်သွင်းမှု စုစုပေါင်းသွင်းကုန်ပမာဏ၏ ကိုးရာခိုင်နှုန်းထက် ကျော်လွန်ခြင်းမရှိသည့် ဝေစုဖြစ်ခြင်း။

၃၄။ ဤဥပဒေအရ ကောက်ခံထားသည့် ယာယီကာကွယ်ပေးမှု အကောက်ခွန်နှင့်စပ်လျဉ်း၍ ကော်မတီ က အောက်ပါဆုံးဖြတ်ချက်တစ်ရပ်ရပ်ကို ချမှတ်လျှင် သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းသည် နှောင့်နှေးကြန့်ကြာမှု မရှိဘဲ ဆောင်ရွက်ရမည်-

(က) အပြီးသတ်စစ်ဆေးဆုံးဖြတ်ပြီးနောက် စည်းကြပ်သည့် ကာကွယ်ပေးမှု အကောက်ခွန်သည် စည်းကြပ်ကောက်ခံထားပြီးဖြစ်သည့် ယာယီကာကွယ်ပေးမှု အကောက်ခွန်အောက်လျော့နည်းပါက ကွာခြားမှုပမာဏကို ပြန်အမ်းရန်ဆုံးဖြတ်ခြင်း၊
(ခ) ပုဒ်မ ၂၇ အရ ယာယီကာကွယ်ပေးမှု အကောက်ခွန် စည်းကြပ်ခြင်းကို ရပ်စဲသည့် အခြေအနေတွင် ကောက်ခံထားသော ယာယီကာကွယ်ပေးမှု အကောက်ခွန်ကို ပြန်အမ်းရန်ဆုံးဖြတ်ခြင်း။

အခန်း (၉) အသိပေးအကြောင်းကြားခြင်းနှင့် သတင်းအချက်အလက်တောင်းခံခြင်း[edit]

၃၅။ ကော်မတီ၏ အောက်ပါဆုံးဖြတ်ချက်များကို ဦးစီးဌာနသည် သက်ဆိုင်သည့်အချက်အလက်များ ဖော်ပြ၍ လျှောက်ထားသူနှင့် အကျုံးဝင်ဆက်နွှယ်သူများထံ သတ်မှတ်သည့်ကာလအတွင်း အကြောင်း ကြားရမည့်အပြင် အများပြည်သူသိရှိရန် ထုတ်ပြန်ရမည်-

(က) စုံစမ်းစစ်ဆေးခြင်းပြုရန် သို့မဟုတ် မပြုရန် ဆုံးဖြတ်ခြင်းနှင့် အကယ်၍ စုံစမ်းစစ်ဆေးခြင်း ပြုရန် ဆုံးဖြတ်ပါက စတင်မည်ဖြစ်ကြောင်း ဆုံးဖြတ်ခြင်း၊
(ခ) စုံစမ်းစစ်ဆေးမှုကိုရပ်စဲခြင်း၊ ရပ်ဆိုင်းခြင်းဆိုင်ရာ ဆုံးဖြတ်ခြင်း၊
(ဂ) ပဏာမစိစစ်ဆုံးဖြတ်ခြင်း၊
(ဃ) ယာယီကာကွယ်ပေးမှု အကောက်ခွန်စည်းကြပ်ရန် ဆုံးဖြတ်ခြင်း၊
(င) ကာကွယ်ပေးမှု အစီအမံတစ်ခုကို ကျင့်သုံးခြင်း၊ သက်တမ်းတိုးခြင်း သို့မဟုတ် ရပ်စဲခြင်းတို့နှင့် စပ်လျဉ်းသည့် အပြီးသတ်ဆုံးဖြတ်ခြင်း၊
(စ) ပြန်လည်သုံးသပ်မှုရလဒ်များအပေါ် ဆုံးဖြတ်ခြင်း၊

၃၆။ ကော်မတီသည် စုံစမ်းစစ်ဆေးမှုစတင်ရန် ဆုံးဖြတ်ခြင်း၊ ကာကွယ်ပေးမှု အစီအမံတစ်ခုခုကို ကျင့်သုံးခြင်း၊ သက်တမ်းတိုးခြင်း သို့မဟုတ် ရပ်စဲခြင်းတို့နှင့်စပ်လျဉ်းသည့် အပြီးသတ်ဆုံးဖြတ်ချက်ကို နှောင့်နှေးကြန့်ကြာမှုမရှိဘဲ ဝန်ကြီးဌာနမှတစ်ဆင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သို့အကြောင်းကြား ပေးပို့ရ မည်။

၃၇။ ကော်မတီသည် လိုအပ်ပါက ပြည်ပမှတင်ပို့သူ၊ ထုတ်လုပ်သူ၊ အသင်းအဖွဲ့နှင့်သက်ဆိုင်ရာ နိုင်ငံ၏ အစိုးရထံမှ စုံစမ်းစစ်ဆေးမှုနှင့် သက်ဆိုင်သည့် အချက်အလက်၊ သက်သေအထောက်အထားများကို သက်ဆိုင်ရာနိုင်ငံ၏ သံရုံးမှတစ်ဆင့်ဖြစ်စေ၊ သက်ဆိုင်ရာ နိုင်ငံအချင်းချင်းအကြား သဘောတူညီ ထားသည့် အခြားသော နည်းလမ်းတစ်ခုခုအရဖြစ်စေ ဝန်ကြီးဌာနမှတစ်ဆင့် တောင်းခံနိုင်သည်။

၃၈။ ပြည်ပမှ တင်ပို့သူ၊ ထုတ်လုပ်သူနှင့် အကျုံးဝင်ဆက်နွှယ်သူများသည် ပုဒ်မ ၃၇ အရ တောင်းခံ လာသော အကြောင်းကြားစာရရှိသည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း သို့မဟုတ် ကော်မတီ၏ ခွင့်ပြု ထားသော သက်တမ်းတိုးကာလအတွင်း ကော်မတီသို့ ပံ့ပိုးပေးရမည်။

၃၉။ အကျုံးဝင်ဆက်နွှယ်သူများသည် စုံစမ်းစစ်ဆေးရေးအဖွဲ့က အနှစ်ချုပ်ပုံစံဖြင့် တင်ပြရန်တောင်းခံ သော လျှို့ဝှက်စာရင်းဇယား၊ အချက်အလက်နှင့် သက်သေအထောက်အထားများကို တင်ပြရမည်။ ထိုသို့ တင်ပြနိုင်ခြင်းမရှိပါက ခိုင်လုံသော အကြောင်းပြချက်ကို တင်ပြရမည်။

အခန်း (၁၀) ကာကွယ်ပေးမှုအစီအမံကျင့်သုံးသည့်ကာလ၊ ဖြေလျှော့ခြင်းနှင့် ပြန်လည်သုံးသပ်ခြင်း[edit]

၄၀။ ပုဒ်မ ၂၈ အရ ကာကွယ်ပေးမှု အစီအမံကျင့်သုံးသည့် ကာလသည် ပြည်တွင်းကုန်စည်ထုတ်လုပ် သော လုပ်ငန်း၏ ထိခိုက်နစ်နာမှုကို ကာကွယ်ကုစားပေးရန်နှင့် လုပ်ငန်းအခြေအနေ ပြန်လည်တိုး တက်ရန် လိုအပ်သော အချိန်ကာလအထိသာ ဖြစ်ရမည်။

၄၁။ ကာကွယ်ပေးမှု အစီအမံကျင့်သုံးရာတွင်-

(က) ကုန်စည်တစ်မျိုးအပေါ်တွင် စတင်ကျင့်သုံးမှုကာလသည် အများဆုံးလေးနှစ်အထိသာ ကျင့်သုံး နိုင်သည်။
(ခ) ယင်းကုန်စည်အပေါ်တွင် ပုဒ်မခွဲ (က) ပါ အစီအမံကာလနှင့် သက်တမ်းတိုးကာလ အပါအဝင် အများဆုံး ၁၀ နှစ် အထိသာ ကျင့်သုံးနိုင်သည်။
(ဂ) အစီအမံကျင့်သုံးထားပြီးသည့် ကုန်စည်အပေါ်တွင် နောက်တစ်ကြိမ် ကျင့်သုံးမည်ဆိုပါက မူလ သက်တမ်းကုန်ဆုံးပြီးနောက် အနည်းဆုံးနှစ်နှစ် ရပ်နားပြီးမှသာလျှင် ထပ်မံကျင့်သုံးရမည်။

၄၂။ ပြည်တွင်းကုန်စည် ထုတ်လုပ်သူသည်-

(က) ပုဒ်မ ၂၈ အရ ကျင့်သုံးသည့် ကာကွယ်ပေးမှု အစီအမံကို သက်တမ်းတိုးပေးရန် လျှောက်ထားလို ပါက မူလသက်တမ်းမကုန်ဆုံးမီ အနည်းဆုံး ခြောက်လကြိုတင်၍ ကော်မတီသို့ လျှောက်ထားရမည်။ လျှောက်လွှာမိတ္တူကို ဦးစီးဌာနသို့ ပေးပို့ရမည်။
(ခ) ပုဒ်မခွဲ (က) အရ လျှောက်ထားရာတွင် မိမိ၏လုပ်ငန်းပြန်လည်တိုးတက်ရန် ဆောင်ရွက်နေသော သက်သေအထောက်အထားများကို သတ်မှတ်ချက်များနှင့်အညီ တင်ပြရမည်။

၄၃။ သက်တမ်းတိုးရန် သင့် မသင့် ကိစ္စနှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ဤဥပဒေနှင့်အညီ စိစစ်သုံးသပ်၍ ကော်မတီသို့ တင်ပြရမည်။

၄၄။ ကော်မတီသည် ပုဒ်မ ၄၂ အရ လျှောက်ထားမှုနှင့်စပ်လျဉ်း၍ ကာကွယ်ပေးမှု အစီအမံကျင့်သုံးသည့် ကာလကို သက်တမ်းတိုးမြှင့်ပေးနိုင်သည်။ ယင်းသက်တမ်းတိုးကာလအတွင်း ကျင့်သုံးသည့် အစီအမံ သည် လက်ရှိကျင့်သုံးနေသည့် အစီအမံထက် ကျော်လွန်ခြင်းမပြုရ။

၄၅။ အောက်ပါအခြေအနေများပေါ်ပေါက်လာပါက ကော်မတီသည် သွင်းကုန်အပေါ် ကာကွယ်ပေးမှု အစီအမံကို အများဆုံးရက်ပေါင်း ၁၈၀ သို့မဟုတ် ယင်းအောက်လျော့နည်းသည့် ကာလသတ်မှတ်၍ ထပ်မံကျင့်သုံးနိုင်သည်-

(က) စုံစမ်းစစ်ဆေးခံရသည့် ကုန်စည်အပေါ် ကာကွယ်ပေးမှု အစီအမံစတင်ကျင့်သုံးသည့်နေ့မှ အနည်း ဆုံးတစ်နှစ်အထိ ကျင့်သုံးပြီးနောက် ရပ်ဆိုင်းသွားသည့်အခြေအနေ၊
(ခ) အစီအမံစတင်ကျင့်သုံးသည့်နေ့မှ ငါးနှစ်အတွင်း တူညီသည့် ကုန်စည်အပေါ်တွင် နှစ်ကြိမ်ထက်ပို၍ ကျင့်သုံးမှုမရှိသည့်အခြေအနေ။

၄၆။ ကော်မတီသည် ပုဒ်မ ၂၉ အရ ကျင့်သုံးသော ကာကွယ်ပေးမှု အစီအမံကာလသည် တစ်နှစ်ထက် ကျော်လွန်သည့်ကိစ္စရပ်တွင် ယင်းအစီအမံကျင့်သုံးမှုကို အဆင့်ဆင့်ဖြေလျှော့ သတ်မှတ်နိုင်သည်။

၄၇။ စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ကာကွယ်ပေးမှု အစီအမံနှင့်စပ်လျဉ်း၍ ဆက်လက်ကျင့်သုံးနိုင်ရန် အခါအားလျော်စွာ ပြန်လည်သုံးသပ်ခြင်း၊ သုံးနှစ်ထက်ကျော်လွန်ကျင့်သုံးသည့် ကိစ္စရပ်နှင့်စပ်လျဉ်း၍ ယင်းသက်တမ်းတစ်ဝက်ထက် နောက်မကျစေဘဲ ပြန်လည်သုံးသပ်၍ ဆက်လက်ကျင့်သုံးခြင်း၊ ဖြေလျှော့ခြင်း သို့မဟုတ် ရပ်စဲခြင်းတို့ ဆောင်ရွက်နိုင်ရန် ဦးစီးဌာနမှတစ်ဆင့်ကော်မတီသို့ အစီရင်ခံ တင်ပြရမည်။

၄၈။ ကော်မတီက ကာကွယ်ပေးမှုအစီအမံ ဆက်လက်ကျင့်သုံးမည်ဖြစ်ကြောင်း သို့မဟုတ် ဖြေလျှော့ မည်ဖြစ်ကြောင်း သို့မဟုတ် ကျင့်သုံးရန် ဆက်လက်လိုအပ်ခြင်းမရှိတော့ကြောင်း ဆုံးဖြတ်ပါက ဝန်ကြီး ဌာနသည် ယင်းဆုံးဖြတ်ချက်အား အမိန့်ကြော်ငြာစာ သို့မဟုတ် ညွှန်ကြားချက်ဖြင့် ဆောလျင်စွာ ထုတ်ပြန်ရမည်ဖြစ်ပြီး အကောက်ခွန်ဦးစီးဌာနအပါအဝင် အစိုးရအဖွဲ့အစည်းများ၊ အကျုံးဝင်ဆက်နွှယ် သူများကို အကြောင်းကြား အသိပေးရမည်။

၄၉။ ဖွံ့ဖြိုးဆဲနိုင်ငံများကို ပေးအပ်ထားသည့် အခွင့်အရေးမှအပ ပုဒ်မ ၂၅ သို့မဟုတ် ပုဒ်မ ၂၉ အရ ကာကွယ်ပေးမှုအစီအမံကို ကျင့်သုံးရာတွင် နိုင်ငံများအချင်းချင်းအကြားတွင် ခွဲခြားဆက်ဆံခြင်းမပြုဘဲ ယင်းကုန်စည်များတင်ပို့သည့် မည်သည့်ပင်ရင်းနိုင်ငံ၏ သွင်းကုန်ကိုမဆို အကျိုးသက်ရောက်မှု ရှိစေရ မည်။

အခန်း (၁၁) အထွေထွေ[edit]

၅၀။ ဤဥပဒေအရ အကျုံးဝင်ဆက်နွှယ်သူများသည် စုံစမ်းစစ်ဆေးနေသည့်ကိစ္စရပ်နှင့်စပ်လျဉ်း၍ အများပြည်သူအကျိုး ရှိ မရှိ ကို သက်ဆိုင်သည့် သက်သေအထောက်အထားများနှင့်တကွ ကော်မတီက သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ စုံစမ်းစစ်ဆေးနေသည့်ကာလအတွင်း တင်ပြခွင့်ရှိ သည်။

၅၁။ ကော်မတီသည် အကျုံးဝင်ဆက်နွှယ်သူများက ပေးပို့တင်ပြသည့် မှန်ကန်မှုမရှိသော၊ မှားယွင်းစွာ ဖော်ပြထားသော စာရင်းဇယား၊ အချက်အလက်၊ အထောက်အထားများကို ငြင်းပယ်ရမည်ဖြစ်ပြီး ယင်းကဲ့သို့ တင်ပြခြင်းအတွက် သင့်လျော်သည့် အရေးယူဆောင်ရွက်မှုများကို ပြုလုပ်နိုင်သည်။

၅၂။ ကာကွယ်ပေးမှု အစီအမံများ ကျင့်သုံးရာတွင် သွင်းကုန်အပေါ်ကောက်ခံသည့် ယာယီကာကွယ်ပေး မှု အကောက်ခွန်နှင့်စပ်လျဉ်း၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနသည်လည်းကောင်း၊ သွင်းကုန်ပမာဏ ကန့်သတ်ခြင်းနှင့်စပ်လျဉ်း၍ ဝန်ကြီးဌာနသည်လည်းကောင်း ဤဥပဒေအရ ထုတ်ပြန်သောနည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်။

၅၃။ စုံစမ်းစစ်ဆေးမှုတွင်ပါဝင်သော အကျုံးဝင်ဆက်နွှယ်သူသည် ယာယီကာကွယ်ပေးမှုအကောက်ခွန် နှင့် ကာကွယ်ပေးမှု အကောက်ခွန်စည်းကြပ်ခြင်းနှင့်စပ်လျဉ်း၍ အကြောင်းကြားစာ ထုတ်ပြန်သည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း အယူခံမှုကို ဥပဒေနှင့်အညီ ပြန်လည်သုံးသပ်ပေးနိုင်ရန် အခွန်အယူခံခုံအဖွဲ့သို့ တင်ပြလျှောက်ထားခွင့်ရှိသည်။

၅၄။ ကော်မတီသည် အခွန်အယူခံခုံအဖွဲ့၏ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာဌာနသို့ ညွှန်ကြားရမည်။

၅၅။ ပုဒ်မ ၂၅၊ ပုဒ်မခွဲ (က) နှင့် ပုဒ်မ ၂၈၊ ပုဒ်မခွဲ (က) တို့ပါ အကောက်ခွန်စည်းကြပ်ခြင်းတို့နှင့် ပုဒ်မ ၃၄ ပါ အခွန်ငွေပြန်အမ်းခြင်းတို့အား သက်ဆိုင်ရာအခွန်ဥပဒေနှင့် အကောက်ခွန်ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကျင့်သုံးဆောင်ရွက်ရမည်။

၅၆။ ဝန်ကြီးဌာနသည် ဤဥပဒေအကောင်အထည်ဖော်မည့်သူများက ဥပဒေဆိုင်ရာ အသိပညာ၊ အတတ်ပညာများကို လေ့လာဆည်းပူးနိုင်စေရန် စီမံဆောင်ရွက်ပေးရမည်။

၅၇။ ဝန်ကြီးဌာနသည် စုံစမ်းစစ်ဆေးခြင်း၊ ပြန်လည်သုံးသပ်ခြင်းလုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရန် အတွက် အမိန့်၊ ညွှန်ကြားချက်ထုတ်ပြန်၍ ကုန်ကျစရိတ် သို့မဟုတ် အခကြေးငွေတို့ကို လျှောက်ထား သူထံမှ သတ်မှတ်ကောက်ခံနိုင်သည်။

၅၈။ ဝန်ကြီးဌာနသည် ကော်မတီနှင့် စုံစမ်းစစ်ဆေးရေးအဖွဲ့၏ ရုံးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက် နိုင်ရန်ဦးစီးဌာနကို တာဝန်ပေးအပ်ရမည်။

၅၉။ ဝန်ကြီးဌာနသည် ကော်မတီနှင့် စုံစမ်းစစ်ဆေးရေးအဖွဲ့၏ ကုန်ကျစရိတ်များကို ဝန်ကြီးဌာန၏ အသုံးစရိတ်မှ ကျခံရမည်။

၆၀။ ဝန်ကြီးဌာနသည် နိုင်ငံ့ဝန်ထမ်းမဟုတ်သည့် ကော်မတီအဖွဲ့ဝင်များ၏ ချီးမြှင့်ငွေနှင့် စရိတ်များကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် သတ်မှတ်ပေးရမည်။

၆၁။ ဤဥပဒေပါပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်-

(က) ဝန်ကြီးဌာနသည် လိုအပ်သော နည်းဥပဒေ၊ စည်းမျဉ်းနှင့် စည်းကမ်းများကို ပြည်ထောင်စုအစိုးရ အဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။
(ခ) ဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနနှင့် ကော်မတီတို့သည် လိုအပ်သော အမိန့် ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။


(ပုံ) ဝင်းမြင့်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်