သူကရပေါတိကာဝတ္ထု

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး တဏှာဝဂ် by အရှင်ဓမ္မဿာမီဘိဝံသ
၂။ သူကရပေါတိကာဝတ္ထု


၂။ ဝက်မငယ်ဝတ္ထု

ယထာပိ မူလေအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းတော်၌ နေတော်မူစဉ် မစင်စား ဝက်မငယ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ဗြဟ္မာသော်လည်း ဝက်ဖြစ်ရခြင်း

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည်သို့ ဆွမ်းအလို့ငှာ ဝင်တော်မူသည်ရှိသော် ဝက်မငယ်တစ်ကောင်ကို မြင်တော်မူ၍ ပြုံးခြင်းကို ထင်စွာပြုတော်မူသတတ်၊ ပြုံးခြင်းကို ပြုတော်မူသော ထိုမြတ်စွာဘုရား၏ ဖွင့်တော်မူသော ခံတွင်းတော်မှထွက်သော သွားတော်ရောင်ခြည် အဝန်းကိုမြင်ရလျှင် ရှင်အာနန္ဒာမထေရ်သည် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ပြုံးခြင်းကို ထင်စွာပြုတော်မူခြင်း၏ အကြောင်းကား အဘယ်ပါနည်းဘုရား”ဟု ပြုံးတော်မူခြင်း၏အကြောင်းကို မေးလျှောက်လေ၏။ ထိုအခါ ရှင်အာနန္ဒာကို မြတ်စွာဘုရားသည် “ချစ်သားအာနန္ဒာ- ထိုဝက်မငယ်ကိုမြင်၏လော”ဟု မိန့်တော်မူလေ၏။ “မြတ်စွာဘုရား- မြင်ပါသည်ဘုရား”ဟု လျှောက်လတ်သည်ရှိသော် “ထိုဝက်မငယ်သည် ကကုသန် မြတ်စွာဘုရား၏ သာသနာတော်ဝယ် တစ်ဆောင်သော ဆွမ်းစားဇရပ်၏အနီး၌ ကြက်မဖြစ်ဖူးလေ၏။ ထိုကြက်မသည် တစ်ဦးသော ကမ္မဋ္ဌာန်းစီးဖြန်းသော ရဟန်း၏ ဝိပဿနာကမ္မဋ္ဌာန်းကို သရဇ္ဈာယ်စဉ် တရားသံကို ကြားနာရ၍ ထိုကြက်မအဖြစ်မှ စုတေမနေ သေလွန်သည်ရှိသော် မင်းမျိုး၌ဖြစ်သဖြင့် ဥပရိအမည်ရှိသော မင်းသမီး ဖြစ်လေ၏။

ထိုမင်းသမီးသည် နောက်အဖို့၌ ကိုယ်လက်သုတ်သင်ရာဌာနသို့ ဝင်လတ်သည်ရှိသော် ပိုးလောက်အစုကို မြင်ရသဖြင့် ထိုနေရာ၌ ပိုးလောက်အစုဟူသော ပုဠုဝကသညာကို ဖြစ်စေလျက် ပထမဈာန်ကို ကောင်းစွာရရှိလေ၏။ ထိုဥပရိမင်းသမီးသည် မင်းမျိုး၌ အသက်ရှည်သမျှ ကာလပတ်လုံး တည်နေပြီးလျှင် ထိုကိုယ်၏အဖြစ်မှ စုတေပြန်သည်ရှိသော် ဗြဟ္မာပြည်၌ ဖြစ်လေ၏။ ထိုဗြဟ္မာပြည်မှ စုတေပြန်သည်ရှိသော် တစ်ဖန် လားရာဂတိအစွမ်းဖြင့် မွှေနှောက်ချောက်ချားလျက် ဤကိုယ်ဖြင့် ယခုအခါ ဝက်အမျိုး၌ဖြစ်ရရှာလေ၏၊ ဤအကြောင်းကိုမြင်တော်မူ၍ ငါဘုရားပြုံးခြင်းကို ထင်စွာပြုတော်မူ၏”ဟု မိန့်တော်မူလေ၏။ ထိုစကားကိုကြားရလျှင် အရှင်အာနန္ဒာ အမှူးရှိကုန်သော ရဟန်းတို့သည် ကြီးစွာသော ထိတ်လန့်ခြင်းကို ရကြလေကုန်၏။ မြတ်စွာဘုရားသည် ထိုရဟန်းတို့အား ထိတ်လန့်ခြင်းကိုဖြစ်စေ၍ ဘဝတဏှာ၏အပြစ်ကို ထင်ရှားပြတော်မူလျက် ခရီးလမ်းမ၌ ရပ်လျက်သာလျှင် ဤဂါထာတို့ကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

[၃၃၈] ယထာပိ မူလေ အနုပ္ပဒ္ဒဝေ ဒဠှေ၊
ဆိန္တောပိ ရုက္ခော ပုနဒေဝ ရူဟတိ။
ဧဝံပိ တဏှာနုသယေ အနုဟတေ။
နိဗ္ဗတ္တတိ ဒုက္ခမိဒံ ပုနပ္ပုနံ။

[၃၃၉] ယဿ ဆတ္တိံသတိ သောတာ၊ မနာပ သဝနာ ဘုသာ။
မဟာ ဝဟန္တိ ဒုဒ္ဒိဋ္ဌိံ၊ သင်္ကပ္ပ ရာဂနိဿိတာ။

[၃၄၀] သဝန္တိ သဗ္ဗဓိ သောတာ၊ လတာ ဥပ္ပဇ္ဇ တိဋ္ဌတိ။
တဉ္စ ဒိသွာ လတံ ဇာတံ၊ မူလံ ပညာယ ဆိန္ဒထ။

[၃၄၁] သရိတာနိ သိနေဟိတာနိ စ၊
သောမနဿာနိ ဟောန္တိ ဇန္တုနော။
တေ သာတသိတာ သုခေသိနော၊
တေ ဝေ ဇာတိဇရူပဂါ နရာ။

[၃၄၂] တသိနာယ ပုရက္ခတာ ပဇာ၊ ပရိသပ္ပန္တိ သသောဝ ဗန္ဓိတော။
သံယောဇန သင်္ဂသတ္တကာ၊ ဒုက္ခမုပေန္တိ ပုနပ္ပုနံ စိရာယ။

[၃၄၃] တသိနာယ ပုရက္ခတာ ပဇာ၊ ပရိသပ္ပန္တိ သသောဝ ဗန္ဓိတော။
တသ္မာ တသိဏံ ဝိနောဒယေ၊ အာကင်္ခန္တ ဝိရာဂမတ္တနော။

မူလေ၊ အမြစ်သည်။ အနုပဒ္ဒဝေ၊ ဘေးရန်ဥပဒ် မဖြစ်လတ်မူ၍။ ဒဠှေ၊ မြဲမြံခိုင်ခံ့သည်ရှိသော်။ ဆိန္နောပိ၊ အထက်၌ ဖြတ်အပ်သော်လည်း။ သော ရုက္ခော၊ ထိုသစ်ပင်သည်။ ပုနဒေဝ၊ တစ်ဖန်သာလျှင်။ ရူဟတိ ယထာ၊ ပေါက်ရောက်ကြီးပွား စည်ကားပြန်သကဲ့သို့။ ဧဝံပိ၊ ထို့အတူလည်း။ တဏှာနုသယေ၊ ခြောက်ဒွါရ၌ဖြစ်သော တဏှာအနုသယကို။ အနုဟတေ၊ အရဟတ္တမဂ်ဉာဏ်ဖြင့် မဖြတ်အပ်သေးသည်ရှိသော်။ ဣဒံ ဒုက္ခံ၊ ဤပဋိသန္ဓေနေခြင်းအစရှိသော ဒုက္ခအပေါင်းသည်။ ပုနပ္ပုနံ၊ အဖန်တလဲလဲ။ နိဗ္ဗတ္တတိ၊ ဖြစ်၏။

(အကြင်သစ်ပင်၏ အရပ်လေးမျက်နှာသို့ သွားသောအမြစ် အောက်သို့သွားသော အမြစ်အားဖြင့် ငါးခုသောအမြစ်သည် ဖြတ်ခွဲမီးရှို့ ထိုးဖေါက်ခြင်းစသော ဘေးရန်ဖြင့် ဘေးရန်ဥပဒ် မဖြစ်လတ်မူ၍ ခိုင်ခံ့ခြင်းသို့ ရောက်နေသည်ရှိသော် ထိုသစ်ပင်သည် အထက်၌ဖြတ်သော်လည်း အကိုင်းအခက်တို့၏အစွမ်းဖြင့် တစ်ဖန်ပေါက်ရောက် ပြန်သကဲ့သို့ ထို့အတူ ဒွါရခြောက်ပါး၌ကိန်းသော အနုသယ ကိလေသာကို အရဟတ္တမဂ်ဉာဏ်ဖြင့် မဖြတ်အပ်သေးသည်ရှိသော် ထိုဘဝ၌ ဇာတိစသည် အပြားရှိသော ဤဆင်းရဲသည် အဖန်ဖန် ဖြစ်တတ်သည်သာဟူလို။)

ယဿ၊ အကြင်ပုဂ္ဂိုလ်အား။ ဆတ္တိံသတိသောတာ၊ သုံးဆယ့်ခြောက်ပါးသော အလျဉ်နှင့်ပြည်စုံသော။ မနာပသဝနာ၊ နှစ်သက်ဖွယ်သော အာရုံတို့၌ ဖြစ်တတ်သော။ တဏှာ၊ တဏှာသည်။ ဘုသာ၊ အားကြီးသည်။ ဟောတိ၊ ဖြစ်အံ့။

(အဇ္ဈတ္တိကာယတန ခြောက်ပါးကိုစွဲ၍ ကာမ, ဘဝ, ဝိဘဝအားဖြင့် တစ်ဆယ့်ရှစ်ပါး၊ ဗာဟိရာယတန ခြောက်ပါးကိုစွဲ၍ ကာမ, ဘဝ, ဝိဘဝအားဖြင့် တစ်ဆယ့်ရှစ်ပါး၊ ပေါင်း သုံးဆယ့်ခြောက်ပါးသော တဏှာဖြစ်၏။)

ဒုဒ္ဒိဋ္ဌိံ၊ ပျက်သော ဉာဏ်အမြင်ရှိသော။ တံ၊ ထိုပုဂ္ဂိုလ်ကို။ မဟာ၊ ကြီးစွာကုန်သော။ ရာဂနိဿိတာ၊ ရာဂကိုမှီကုန်သော။ သင်္ကပ္ပါ၊ သုံးပါးသော မိစ္ဆာဝိတက် တည်းဟူသော အကြံတို့သည်။ ဝဟန္တိ ၊ ဆောင်ယူကြကုန်၏။

(အဖန်တလဲလဲ ဖြစ်တတ်သောကြောင့် ကြီးသောအဖြစ်ဖြင့် ဖမ်းစားတတ်သော “ဂါဟ”တရားဖြစ်၍ ဈာန်ကိုလည်းကောင်း၊ ဝိပသနာကိုလည်းကောင်း၊ မမှီဘဲ ရာဂကိုသာမှီသော အကြံဆိုးတို့ကို ဆောင်ယူသွားကြကုန်၏ဟူလို။)

သောတာ၊ တဏှာတည်းဟူသော အလျဉ်တို့သည်။ သဗ္ဗဓိ၊ အလုံးစုံသော အာရုံတို့၌။ သဝန္တိ၊ စီးဝင်ကြကုန်၏။

(အလုံးစုံသော ဘဝတို့မှလည်း ယိုစီးလာကြကုန်၏ဟူလို။)

လတာ၊ ရစ်ပတ်တတ်သော သဘောကြောင့် နွယ်နှင့်တူသည်ဖြစ်၏။ ဥပ္ပဇ္ဇ၊ ဒွါရခြောက်ပါးတို့မှဖြစ်၍။ တိဋ္ဌတိ၊ အာရုံခြောက်ပါးတို့၌ တည်တတ်၏။ ဇာတံ၊ ဖြစ်ပွားလာသော။ တဉ္စ လတံ၊ ထိုတဏှာဟူသော နွယ်ကို။ ဒိသွာ၊ မြင်၍။ ပညာယ၊ အရဟတ္တမဂ်ဉာဏ်ဖြင့်။ မူလံ၊ အမြစ်ကို။ ဆိန္ဒထ၊ ဖြတ်ကြကုန်လော့။

(တဏှာဖြစ်လတ်သည်ရှိသော် ဤနေရာ၌ဖြစ်၏ဟု ဖြစ်ရာအရပ် အစွမ်းဖြင့် မြင်၍ ဓားဖြင့် တော၌ပေါက်သောနွယ်ကို ဖြတ်သကဲ့သို့ မဂ်ပညာဖြင့် အမြစ်ကို ဖြတ်ကြရမည် ဟူလို။)

သရိတာနိ၊ အစဉ်မပြတ် စီးဝင်တတ် ကိန်းအောင်းတတ်ကုန်သော။ သိနေဟိတာနိစ၊ တဏှာဟူသော အစေးဖြင့် လိမ်းကျံအပ်ကုန်သော။ သောမနဿာနိ၊ ဝမ်းမြောက်ခြင်းတို့သည်။ ဇန္တုနော၊ တဏှာ၏အလိုသို့လိုက်သော ပုဂ္ဂိုလ်အား။ ဟောန္တိ၊ ဖြစ်ကုန်၏။ တေ၊ ထိုတဏှာ၏အလိုသို့လိုက်ကုန်သော ပုဂ္ဂိုလ်တို့ကို။ သာတသိတာ၊ ချမ်းသာသုခ အမှီရကုန်သည်ဖြစ်၍။ သုခေသိနော၊ လောကီသုခ ရှာမှီးကြကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ တေ နရာ၊ ထိုသတ္တဝါတို့သည်။ ဝေ၊ စင်စစ်။ ဇာတိဇရူပဂါ၊ ဇာတိ ဇရာ ဗျာဓိမရဏတို့သို့ ကပ်ရောက်ကြရကုန်သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။

ပဇာ၊ ဤသတ္တဝါတို့သည်။ တသိနာယ၊ ထိတ်လန့်ခြင်းကို ပြုတတ်သော တဏှာဖြင့်။ ပုရက္ခတာ၊ ခြံရံအပ်ကုန်သည်ဖြစ်၍။ ဗန္ဓိတာ၊ မုဆိုးတော၌ ဖမ်းဆီးအပ်သော။ သသောဝ၊ ယုန်ကဲ့သို့။ ပရိသပ္ပန္တိ၊ ကြောက်လန့်ကြကုန်၏။ သံယောဇနသင်္ဂသတ္တကာ၊ သံယောဇဉ်အစေး, ရာဂစသော အစေးတို့ဖြင့် ကပ်ငြိကုန်သည်ဖြစ်၏။ စိရာယ၊ မြင့်ရှည်စွာသော ကာလပတ်လုံး။ ပုနပ္ပုနံ၊ အဖန်တလဲလဲ။ ဒုက္ခံ၊ ဆင်းရဲသို့။ ဥပေန္တိ၊ ကပ်ရောက်ကြရကုန်၏။

ပဇာ၊ ဤသတ္တဝါတို့သည်။ တသိနာယ၊ ထိတ်လန့်ခြင်းကို ပြုတတ်သော တဏှာဖြင့်။ ပုရက္ခတာ၊ ခြံရံအပ်ကုန်သည်ဖြစ်၍။ ဗန္ဓိတော၊ မုဆိုးတော၌ ဖမ်းဆီးအပ်သော။ သသောဝ၊ ယုန်ကဲ့သို့။ ယသ္မာ၊ အကြင်ကြောင့်။ ပရိသပ္ပန္တိ၊ ရာဂ၏ကင်းရာ နိဗ္ဗာန်ကို။ အာကင်္ခန္တော၊ အလိုရှိသောရဟန်းသည်။ တသိဏံ၊ ထိတ်လန့်ခြင်းကိုပြုတတ်သော တဏှာကို။ ဝိနောဒယေ၊ ပယ်ဖျောက်ရာ၏။ ဝါ၊ နုတ်၍ ထုတ်ဆောင်၍ စွန့်ပစ်ရာ၏။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

ဝက်မကလေး အမတ်ကတော်ဖြစ်ခြင်း

ထိုဝက်မငယ်သည်လည်း ထိုဝက်အဖြစ်မှ စုတေသည်ရှိသော် သုဝဏ္ဏဘူမိ အရပ်ဝယ် မင်းမျိုး၌ ဖြစ်လေ၏။ ထိုဘဝမှ စုတေပြန်သည်ရှိသော် ဗာရာဏသီပြည်၌ ဖြစ်၏။ ထိုဗာရာဏသီပြည်မှ စုတေပြန်သည်ရှိသော် သုပ္ပါဒက အမည်ရှိသော သင်္ဘောဆိပ်ဝယ် မြင်းကုန်သည်အိမ်၌ ဖြစ်လေ၏။ ထိုဘဝမှ စုတေပြန်သည်ရှိသော် ကာဝိရ အမည်ရှိသော သင်္ဘောဆိပ်ဝယ် သင်္ဘောသူကြီးအိမ်၌ ဖြစ်လေ၏။ ထိုဘဝမှ စုတေပြန်သည်ရှိသော် အနုရာဓပြည်ဝယ် ချမ်းသာကြွယ်ဝသော အစိုးရသော အမျိုးအိမ်၌ ဖြစ်လေ၏။ ထိုဘဝမှ စုတေပြန်သည်ရှိသော အနုရာဓပြည်ကြီး၏သာလျှင် တောင်မျက်နှာအရပ် ဘောက္ကန္တရွာတွင် သုမန အမည်ရှိသော သူကြွယ်၏သမီးဖြစ်၍ အမည်အားဖြင့် သုမနာ အမည်တွင်သည်သာလျှင် ဖြစ်လေ၏။ ထိုအခါ ထိုသုမနာ၏ဖခင်ဖြစ်သော သူကြွယ်သည် ထိုရွာကို စွန့်ပစ်ရသည်ရှိသော် ဒီဃဝါပီ အမည်ရှိသော တိုင်းသို့သွား၍ မဟာမုနိမည်သောရွာ၌ နေ၏။ ထိုမဟာမုနိရွာ၌ သူကြွယ်သမီး သုမနာကို ဒုဋ္ဌဂါမဏိမင်းကြီး၏ အမတ်ဖြစ်သော လကုဏ္ဍက အတိမ္ဗရ အမည်ရှိသောသူသည် တစ်စုံတစ်ခုသော ပြုဖွယ်ကိစ္စဖြင့် သွားလတ်သည်ဖြစ်၍ မြင်ရလျှင် ကြီးကျယ်ခမ်းနားသော မင်္ဂလာကိုပြု၍ ဆောင်ယူသဖြင့် မဟာပုဏ္ဏရွာသို့ ရောက်သွားလေ၏။

ရဟန်းပြု၍ ရဟန္တာဖြစ်ခြင်း

ထိုအခါ၌ သူကြွယ်သမီး အမတ်ကြီးကတော် သုမနာကို ကောဋိပဗ္ဗတအမည်ရှိသော ကျောင်းကြီး၌ သီတင်းသုံးတော်မူလေ့ရှိသော မဟာအနုရုဒ္ဓါ အမည်ရှိသော မထေရ်မြတ်သည် ထိုမဟာပုဏ္ဏရွာ၌ ဆွမ်းအလို့ငှာ လှည့်လည်တော်မူသဖြင့် ထိုသုမနာ၏ အိမ်တံခါး၌ ရပ်တော်မူလျက် မြင်ရသည်ရှိသော် ရဟန်းတို့နှင့်အတူတကွ “ငါ့ရှင်တို့- ဝက်မကလေးမည်သည်ဖြစ်လျက် လကုဏ္ဍက အတိမ္ဗရ အမည်ရှိသော အမတ်ကြီး၏ အမတ်ကတော်အဖြစ်သို့ ရောက်ရလေဘိ၏။ အလွန်အံ့သြဖွယ် ရှိပေစွတကား”ဟု ပြောဟော၏။ ထိုသူကြွယ်သမီး အမတ်ကြီးကတော် သုမနာသည် မထေရ်မိန့်ဆိုသော ထိုစကားကိုကြားရလျှင် လွန်လေပြီးသောဘဝတို့ကို စပ်စေလျက် ဇာတိသရဉာဏ်ကို ရလေ၏။ ထိုခဏ၌ပင်လျှင်ဖြစ်သော ထိတ်လန့်ခြင်းရှိသည်ဖြစ်ရကား လင်ယောက်ျားဖြစ်သော အမတ်ကြီးကို တောင်းပန်ပြီးလျှင် ကြီးစွာသော အစိုးရခြင်းဖြင့် ပဉ္စဗလကအမည်ရှိသော ထေရီမတို့၏အထံ၌ ရဟန်းပြု၍ တိဿအမည်ရှိသော ကျောင်းကြီး၌ မဟာသတိပဋ္ဌာနသုတ္တန် ဒေသနာတော်ကို ကြားနာရသဖြင့် သောတာပတ္တိဖိုလ်၌ တည်လေ၏။ နောက်အဖို့၌ ဒမိဠလူရိုင်းမျိုးကို နှိမ်နင်းခြင်းကိုပြုသည်ရှိသော် ဆွေမျိုးတို့နေရာအရပ်ဖြစ်သော ဘောက္ကန္တရွာသို့သာလျှင် သွား၍ ထိုဘောက္ကန္တရွာ၌နေလျက် ကလ္လကအမည်ရှိသော ကျောင်းကြီး၌ အာသီဝိသောပမသုတ္တန် ဒေသနာတော်ကို ကြားနာရသဖြင့် အရဟတ္တဖိုလ်သို့ ရောက်လေ၏။

တစ်ဆယ့်သုံးဘဝ ဇာတ်ပေါင်း၍ နိဗ္ဗာန်ဝင်ရခြင်း

ထိုသုမနာ ရဟန္တာမသည် ပရိနိဗ္ဗာန်ပြုအံ့သောနေ့၌ ရဟန်းယောက်ျား, ရဟန်းမိန်းမတို့သည် မေးအပ်သည်ဖြစ်၍ ရဟန်းမိန်းမသံဃာအား အလုံးစုံသော ဖြစ်ပုံအကြောင်းအရာကို ကြားပြတ်မရှိ ပြောပြပြီးလျှင် စည်းဝေးရောက်လာသော ရဟန်းယောက်ျား သံဃာ၏အလယ်၌ မဏ္ဍလာရာမကျောင်း၌ နေလေ့ရှိသော ဓမ္မပဒကိုဆောင်သော မဟာတိဿမထေရ်နှင့်တကွ တိုင်ပင်နှီးနှောလျက် “တပည့်တော်မသည် ရှေးအခါ လူ၏အမျိုး၌ဖြစ်ပြီးလျှင် ထိုဘဝမှ စုတေသည်ရှိသော် ကြက်မဖြစ်၍ ထိုကြက်မဘဝ၌ စွန်အထံမှ ဦးခေါင်းပြတ်ခြင်းသို့ရောက်၍ ရာဇဂြိုဟ်ပြည်၌ ဖြစ်ရပါသည်။ ပရိဗိုဇ်မတို့အထံ၌ ရဟန်းပြု၍ ပထမဈာန်ဘုံ၌ ဖြစ်သဖြင့် ထိုပထမဈာန်ဘုံမှ စုတေသည်ရှိသော် သူဌေးမျိုး၌ဖြစ်ပြန်၍ မကြာမြင့်မီသာလျှင် စုတေပြန်သဖြင့် ဝက်အမျိုးသို့ရောက်ပြီးလျှင် ထိုဝက်မှ စုတေပြန်သည်ရှိသော် သုဝဏ္ဏဘူမိအရပ်၌၊ ထိုမှ စုတေပြန်သည်ရှိသော် ဗာရာဏသီပြည်၌၊ ထိုမှ စုတေပြန်သည်ရှိသော် သုပ္ပါဒက သင်္ဘောဆိပ်၌၊ ထိုမှ စုတေပြန်သည်ရှိသော် ကာဝိရသင်္ဘောဆိပ်၌၊ ထိုမှ စုတေပြန်သည်ရှိသော် အနုရာဓပြည်၌၊ ထိုမှ စုတေပြန်သည်ရှိသော် ဘောက္ကန္တရွာ၌ ဖြစ်လေ၏။”

“ဤသို့လျှင် ညီညွတ်, မညီမညွတ် ဖြစ်ကုန်သော တစ်ဆယ့်သုံးဘဝရှိသော အတ္တဘောတို့သို့ ရောက်ခဲ့ပြီး၍ ယခုအခါ ငြီးငွေ့သဖြင့် ရဟန်းပြုသည်ရှိသော် အရဟတ္တဖိုလ်သို့ ရောက်ရ၏။ အလုံးစုံသော အရှင်ကောင်းတို့သည်လည်း မမေ့မလျော့ခြင်းဖြင့် ပြည့်စုံစေတော်မူကြပါဘုရား”ဟု တိုက်တွန်း မြွက်ဆိုပြီးလျှင် ပရိသတ်လေးပါးတို့ကိုလည်း ထိတ်လန့်ခြင်းဉာဏ်ကိုဖြစ်စေ၍ ပရိနိဗ္ဗာန်စံဝင်တော်မူလေ၏။

ဝက်မငယ် ဝတ္ထုပြီး၏။