သုသီမဇာတ် -၁

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၁၆၃။ သုသီမဇာတ် (၂-၂-၃)

ဒုကနိပါတ်-သန္ထဝဝဂ်

၃။ သုသီမဇာတ်

ပုဏ္ဏား နှင့် မင်္ဂလာဆင်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ကာဠာ မိဂါ သေတဒန္တာ တဝီမေ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသုသီမဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်း သုံးနေတော်မူစဉ် အလိုဆန္ဒကို ညှိညွတ်၍လှူခြင်း"ကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားကို ချဲ့ဦးအံ့၊ သာဝတ္ထိမြို့၌ ရံခါ တဦးသောအမျိုးသည်သာလျှင် ဘုရားအမှူးရှိသော ရဟန်းသံဃာအား အလှူကို လှူ၏။ ရံခါ သာသနာတော်မှ တပါးသော အယူရှိကုန်သောသူတို့အား လှူ၏။ ရံခါ ဂိုဏ်းဘွဲ့သောအားဖြင့် များစွာကုန်သောသူတို့သည် တပေါင်းတည်း ဖြစ်ကုန်၍ လူကုန်၏။ ရံခါ လမ်းအစဉ်အားဖြင့် လှူကုန်၏။ ရံခါ မြို့အလုံး၌ နေကုန်သောသူတို့သည် အလိုကို ညှိညွတ်၍ လှူကုန်၏။ ဤအခါ၌ကား မြို့အလုံး၌နေကုန်သော သူတို့သည် အလိုဆန္ဒကို ညှိညွတ်ကုန်၍ အလုံးစုံသော ပရိက္ခရာ အလှူ ဝတ္ထုကို စီရင်ကုန်၍ နှစ်စုတို့သည်ဖြစ်ကုန်၍ အချို့သောသူတို့သည် ဤ အလုံးစုံသော အလှူဝတ္ထုကို သာသနာတော်မှတပါးသော အယူရှိကုန်သောအရှင်တို့အား လှူကုန်အံ့ဟု ဆိုကုန်၏။ အချို့ကုန်သော သူတို့သည် ဘုရားအမှူးရှိသော ရဟန်းသံဃာတော်တို့အား လှူကုန်အံ့ဟု ဆိုကုန်၏။ ဤသို့စကားသည် အဖန်တလဲလဲ ဖြစ်လတ်သည်ရှိသော် သာသနာတော်မှ တပါးသော အယူရှိကုန်သောသူတို့၏တပည့်တို့သည် သာသနာတော်မှ တပါးသော အယူရှိကုန်သော အရှင်တို့အားသာလျှင် ငါတို့သည် လှူကုန်အံ့၊ ဘုရားတပည့်တို့သည်လည်း ဘုရားအမှူးရှိသော သံဃာတော်တို့အားသာလျှင် ငါတို့သည် လှူကုန်အံ့၊ ဤသို့ ဆိုအပ်ကုန်၏။ ထိုနှစ်ပါးကုန်သော စကားတို့တွင် အကြင်စကားကို များစွာဆိုကြကုန်၏။ များသည်၏အဖြစ်ကြောင့် ထိုစကားကို ငါတို့ လိုက်နာကုန်အံ့ဟု ပြည်သူအများဆိုလတ်သည်ရှိသော် ငါတို့သည် ဘုရားအမှူးရှိသော ရဟန်းသံဃာတော်အား လှူကုန်အံ့ဟုဆိုကုန်သော သူတို့သည်သာလျှင် များကုန်၏။ ထိုသူတို့၏ စကားသည်သာလျှင် တည်၏။ သာသနာတော်မှတပါးသော အယူရှိကုန်သောသူတို့၏ တပည့်တို့သည် ဘုရားအားလှူအပ်သောအလှူ၏ အန္တရာယ်ကိုပြုအံ့သောငှါ မတတ်နိုင်ကုန်၊ မြို့သူတို့သည် ဘုရားအမှူးရှိသော ရဟန်းသံဃာတို့ကို ပင့်ဘိတ်ကုန်၍ ခုနစ်ရက်ပတ်လုံး အလှူကြီး ဖြစ်စေကုန်၍ ခုနစ်ရက်မြောက်သောနေ့၌ အလုံးစုံကုန်သောပရိက္ခရာတို့ကို လှူကုန်၏။ မြတ်စွာဘုရားသည် အနုမောဒနာ ပြုတော်မူ၍ လူအများကို မဂ်ဖိုလ်တို့ဖြင့် မောဟတည်းဟူသော အိပ်ပျော်ခြင်းမှ နိုးစေတော်မူပြီးလျှင် ဇေတဝန် ကျောင်းတော်သို့သာလျှင် ကြွတော်မူ၍ ရဟန်းသံဃာသည် ဝတ်ပြုခြင်းကိုပြသည်ရှိသော် ဂန္ဓကုဋီဦး၌ရပ်တော်မူ၍ ဘုရားတို့၏ အဆုံးအမတော်ကို ပေးတော်မူ၍ ဂန္ဓကုဋီသို့ ဝင်တော်မူ၏။

ညချမ်းအခါ ရဟန်းတို့သည် တရားသဘင်၌စည်းဝေးကုန်၍ ငါ့သျှင်တို့ သာသနာတော်မှတပါးသော အယူရှိကုန်သောသူတို့၏ တပည့်တို့သည် ဘုရားတို့အား လှူအပ်သောအလှူ၏ အန္တရာယ်ကိုပြုအံ့သောငှါ လုံ့လပြုကုန်သော်လည်း အန္တရာယ်ကိုပြုအံ့သောငှါ မတတ်နိုင်ကုန်၊ ထိုအလုံးစုံသော ပရိက္ခရာအလှူကို မြို့သူတို့သည် ဘုရားတို့၏ခြေတော်ရင်းသို့သာလျှင် ဆောင်အပ်ကုန်၏။ ဘုရားတို့၏ အစွမ်းတော်မည်သည်ကားအံ့ဘွယ်သရဲ ရှိပေ၏။ ကြီးလှပေ၏ဟု စကားကို ဖြစ်စေကုန်၏။ မြတ်စွာဘုရားသည် ကြွတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်မည်သောစကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူ၍ ဤမည်သော စကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ထိုသာသနာတော်မှတပါးသော အယူရှိကုန်သောသူတို့၏တပည့်တို့သည် ယခုအခါ၌သာလျှင် ငါ့အား လှူအပ်သောအလှူ၏ အန္တရာယ်ကိုပြုအံ့သောငှါ လုံ့လပြုသည်ကား မဟုတ်သေး၊ ရှေး၌လည်း လုံ့လပြုကုန်သလျှင်ကတည်း၊ ထိုပရိက္ခရာသည်ကား ခပ်သိမ်းသောကာလ၌လည်း ငါ၏ခြေရင်းသို့သာလျှင် ရောက်လာရ၏ဟုမိန့်တော်မူ၍ အတိတ်ကိုဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ သုသီမအမည်ရှိသောမင်းသည် မင်းပြု၏။ ထိုအခါ၌ ဘုရားလောင်းသည် ထိုသုသီမမင်း၏ ပုရောဟိတ်၏ ပုဏ္ဏေးမဝမ်း၌ ပဋိသန္ဓေကို ယူ၏။ ထိုဘုရားလောင်း၏ တဆယ့်ခြောက်နှစ်မြောက်သောကာလ၌ အဘသည် သေ၏။ ထိုပုရောဟိတ်ပုဏ္ဏားသည်ကား ထင်ရှားရှိစဉ်ကာလ၌ မင်း၏ဆင်မင်္ဂလာအမှုကို ပြုတတ်သောသူသည် ဖြစ်၏။ ဆင်တို့၏ မင်္ဂလာပြုရာအရပ်၌ရောက်လာသော အဆောက်အဦဘဏ္ဍာကို၎င်း ဆင်တို့ကို မင်္ဂလာပြုခြင်းကို၎င်း အလုံးစုံကို ထိုပုဏ္ဏားသည်သာလျှင် ရ၏။ ဤသို့ ထိုပုရောဟိတ်ပုဏ္ဏားအား တခုတခုသောမင်္ဂလာ၌ ကုဋအတိုင်း အရှည်ရှိသော ဥစ္စာသည် ဖြစ်၏။ ထိုအခါ၌ ထိုပုဏ္ဏားသည် သေလွန်သည်ရှိသော် မင်္ဂလာပွဲသည် ရောက်၏။ ကြွင်းကုန်သောပုဏ္ဏားတို့သည် မင်းသို့ကပ်ကုန်၍ မြတ်သောမင်းကြီး ဆင်မင်္ဂလာပွဲသည် ရောက်ပြီ၊ မင်္ဂလာကိုပြုခြင်းငှါ သင့်၏။ ပုရောဟိတ်ပုဏ္ဏား၏ သားသည်ကား အလွန်ငယ်သေး၏။ ဗေဒင်သုံးပုံတို့ကို မတတ်သေးသလျှင်ကတည်း၊ ဆင်၏ လက္ခဏာကို ပြသောကျမ်းကို မတတ်သေးသလျှင်ကတည်း၊ အကျွန်ုပ်တို့သည် ဆင်မင်္ဂလာအမှုကိုပြုကုန်အံ့ဟု လျှောက်ကုန်၏။ မင်းသည် ကောင်းပြီဟု ဝန်ခံ၏။ ပုဏ္ဏားတို့သည် ပုရောဟိတ်သားအား ဆင်မင်္ဂလာကို မပေးကုန်မူ၍ ဆင်မင်္ဂလာကိုပြုကုန်၍ ငါတို့သည် ဥစ္စာကိုယူကုန်အံ့ဟု ရွှင်လန်းနှစ်သက်ကုန်လျက် သွားကြကုန်၏။ ထိုအခါ လေးရက်မြောက်ဖြစ်သော နေ့၌ ဆင်မင်္ဂလာပွဲသည် ဖြစ်လတ္တံ့ဟုဆိုအပ်သောကာလ၌ ဘုရားလောင်း၏ အမိပုဏ္ဏေးမသည် ထိုအကြောင်းကိုကြား၍ ဆင်မင်္ဂလာမှုကို ပြုခြင်းမည်သည်ကား အမျိုးခုနစ်ဆက် လည်သည်တိုင်အောင် ငါတို့အနွယ်တည်း၊ ငါတို့၏အနွယ်သည် ပျက်စီးလတ္တံ့၊ ငါတို့သည် ဥစ္စာမှလည်း ဆုတ်ယုတ်လတ္တံ့ဟု စိုးရိမ်သည်ဖြစ်၍ ငို၏။

ဘုရားလောင်းသည် မိခင် အဘယ့်ကြောင့် ငိုသနည်းဟုဆို၍ ထိုအကြောင်းကိုကြား၍ မိခင် အကျွန်ုပ်သည် မင်္ဂလာကိုပြုရအံ့သည် မဟုတ်လောဟု ဆို၏။ ချစ်သား သင်သည် ဗေဒင်သုံးပုံတို့ကို မတတ်သည်သာတည်း၊ ဆင်၏လက္ခဏာကိုပြသောကျမ်းကို မတတ်သည်သာတည်း၊ မင်္ဂလာကို အသို့ပြုလတ္တံ့နည်းဟုဆိုသည်ရှိသော် မိခင် အဘယ်အခါ၌ကား ဆင်မင်္ဂလာကိုပြုလတ္တံ့နည်းဟု ဆို၏။ ချစ်သား ဤနေ့မှ လေးရက်မြောက်သောနေ့၌ ပြုလတ္တံ့ ဟု ဆိုသည်ရှိသော် မိခင် ဗေဒင်သုံးပုံကို လေ့လာသည်တို့ကိုပြု၍ ဆင်၏လက္ခဏာကိုပြသောကျမ်းကို တတ်သောဆရာသည်ကား အဘယ်အရပ်၌နေသနည်းဟုဆို၏။ ချစ်သား ဤသို့သဘောရှိသော ပညာအားဖြင့် အရပ်မျက်နှာ၌နေသောသူတို့ထက် ကြီးမြတ်သောဆရာသည် ဤအရပ်မှ ယူဇနာတရာ့နှစ်ဆယ်ထက်၌ ဂန္ဓာရတိုင်း တက္ကသိုလ်ပြည်၌ နေ၏ဟု ဆိုသည်ရှိသော် မိခင် ငါတို့၏အနွယ်ကို မပျက်စေအံ့၊ ကျွန်ုပ်သည် နက်ဖြန်တနေခြင်းဖြင့်သာလျှင် တက္ကသိုလ်ပြည်သို့သွား၍ တညဉ့်ခြင်းဖြင့်သာလျှင် ဗေဒင်သုံးပုံတို့ကို၎င်း ဆင်၏လက္ခဏာကိုပြသောကျမ်းကို၎င်းသင်ခဲ့၍ နောက်တနေ့၌လာလတ်၍ လေးရက်မြောက်သောနေ့၌ ဆင်မင်္ဂလာကိုပြုအံ့၊ သင်မိခင် မငိုလင့်ဟု အမိကိုနှစ်သိမ့်စေ၍ နက်ဖြန်နေ့၌ ဘုရားလောင်းသည် နံနက်စောစောကသာလျှင် စား၍ တယောက်အထီးတည်းသာလျှင်ထွက်၍ ဘုရားလောင်း၏ အာနုဘော်အားဖြင့် နတ်တို့၏မြေကိုချုံ့ခြင်းကြောင့် တနေ့ခြင်းဖြင့်သာလျှင် တက္ကသိုလ်ပြည်သို့ရောက်၍ ဆရာကိုရှိခိုး၍ လျောက်ပတ်စွာနေ၏။

ထိုအခါ၌ ထိုဘုရားလောင်းကို ဆရာသည် လုလင် သင်သည် အဘယ်အရပ်မှလာသနည်းဟု မေး၏။ ဆရာ ကျွန်ုပ်သည် ဗာရာဏသီမှလာ၏ဟု ဆိုသည်ရှိသော် အဘယ်ကိစ္စကြောင့် လာခဲ့သနည်းဟု မေး၏။ ဆရာ သင်တို့၏အထံ၌ ဗေဒင်သုံးပုံတို့ကို၎င်း ဆင်၏လက္ခဏာကို ပြသောကျမ်းကို၎င်း သင်အံ့သောငှါ လာ၏ဟုဆိုသည်ရှိသော်၊ လုလင် ကောင်းပြီ သင်လော့ဟု ဆို၏။ ဘုရားလောင်းသည် ဆရာ အကျွန်ုပ်၏အမှုသည် အလွန်လျှင် နီး၏ဟု အလုံးစုံသော အကြောင်းကိုကြား၍ ကျွန်ုပ်သည် တနေ့ခြင်းဖြင့်သာလျှင် ယူဇနာတရာ့နှစ်ဆယ်ရှိသော ခရီးကိုလာ၏။ ယနေ့ပင်လျှင် တညဉ့်ပတ်လုံး ကျွန်ုပ်အား အခွင့်ကို ပြုကုန်လော့၊ ဤနေ့မှ သုံးရက်မြောက်သောနေ့၌ ဆင်မင်္ဂလာအမှုသည် ဖြစ်လတ္တံ့၊ ကျွန်ုပ်သည် တကြိမ်တည်းသာလျှင်ဖြစ်သော ရွတ်ခြင်းအစဉ်ဖြင့် အလုံးစုံကိုသင်ပါအံ့ဟု ဆို၍ ဆရာကို အခွင့်ပြုစေ၍ ဆရာ၏စားစဉ်ကာလ၌ မိမိသည်စား၍ ဆရာ၏ခြေတို့ကို ဆေး၍ ဥစ္စာထောင်ထုပ်ကိုရှေ့မှထား၍ ရှိခိုး၍ လျောက်ပတ်စွာနေလျက် သင်ခြင်းကို ဖြစ်စေ၍ အရုဏ်တက်လတ်သော် ဗေဒင်သုံးပုံတို့ကို၎င်း ဆင်၏လက္ခဏာကိုပြသောကျမ်းကို၎င်း မိမိပညာအာနုဘော်အားဖြင့်ပြီးစေ၍ ဆရာ ဤမှတပါးသည်လည်း ရှိသေးသလောဟု မေး၍ လုလင် မရှိပြီ၊ အလုံးစုံသည် အဆုံးသို့ရောက်ပြီဟု ဆိုသည်ရှိသော် ဆရာ ဤကျမ်း၌ ပျက်သောပုဒ်သည် ဤမျှအတိုင်းအရှည် ရှိ၏။ သရဇ္ဈာယ်သည်၏ အစွမ်းအားဖြင့် တွေဝေရာဌာနသည် ဤမျှအတိုင်းအရှည်ရှိ၏။ ဤနေ့မှစ၍ တပည့်တို့ကို သင်သောကာလ ဤသို့ မသင်ကုန်လင့်ဟု ဆရာ၏အတတ်တို့ကိုသုတ်သင်ခဲ့၍ စောစောကလျှင်စား၍ ဆရာကိုရှိခိုး၍ တနေခြင်းဖြင့်သာလျှင် ဗာရာဏသီပြည်သို့ပြန်လာ၍ ချစ်သား သင်သည် အတတ်ကို သင်အပ်ပြီလောဟု မိခင်က မေးသည်ရှိသော် မိခင် သင်ခဲ့ပြီဟုဆို၍ အမိကို နှစ်သက်စေ၏။

နက်ဖြန်နေ့၌ ဆင်တို့၏မင်္ဂလာပွဲကို စီရင်အပ်၏။ တရာအတိုင်းအရှည် ရှိကုန်သော ဆင်တို့၏ နှာမောင်းတန်ဆာတို့ကို၎င်း ရွှေတံခွန်တို့ကို၎င်း ရွှေကွန်ယက်တို့ဖြင့် ဖုံးလွှမ်းသည်တို့ကိုပြုကုန်၍ ထားကုန်၏။ မင်းယင်ပြင်ကို တန်ဆာဆင်ကုန်၏။ တဖန်ပုဏ္ဏားတို့သည် ဆင်မင်္ဂလာကို ပြုရပေကုန်အံ့ဟု တန်ဆာတို့ဖြင့် ဆင်ယင်ကုန်လျှက် တည်ကုန်၏။ သုသီမမင်းသည်လည်း ခပ်သိမ်းကုန်သောတန်ဆာတို့ဖြင့် တန်ဆာဆင်လျှက် ဆင်အပေါင်းအား လျောက်ပတ်တင့်တယ်သော အဆောက်အဦဘဏ္ဍာတို့ကို ယူစေ၍ မင်္ဂလာပြုရာအရပ်သို့ သွား၏။ ဘုရားလောင်းသည်လည်း သူငယ်အခြံအရံဖြင့် တန်ဆာဆင်အပ်သည်ဖြစ်၍ မိမိ၏ပရိသတ်ဖြင့် ခြံရံအပ်သော အခြွေအရံရှိသည်ဖြစ်၍ မင်း၏အထံသို့သွား၍ မြတ်သောမင်းကြီး ရှင်မင်းကြီးတို့သည် အကျွန်ုပ်တို့၏၎င်း အရှင်မင်းကြီးတို့၏၎င်း အနွယ်ကိုဖျက်၍ တပါးကုန်သောပုဏ္ဏားတို့ကို ဆင်မင်္ဂလာကိုပြုစေ၍ ဆင်တို့၏ တန်ဆာတို့ကို၎င်း အဆောက် အဦတို့ကို၎င်း တပါးကုန်သောပုဏ္ဏားတို့အား ပေးအံ့ဟူ၍ ဆိုတော်မူကုန်သည်ဟု ကြားရသည်ကား မှန်သလောဟု ဆိုလို၍-

၂၅။ ကာဠာ မိဂါ သေတဒန္တာ တဝီမေ၊
ပရောသတံ ဟေမဇာလာဘိဆန္နာ။
တေ တေ ဒဒါမီတိ သုသီမ ဗြူသိ၊
အနုဿရံ ပေတ္တိပိတာမဟာနံ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၂၅။ သုသီမ၊ မင်းမြတ်သုသီမ။ တဝ၊ အရှင်မင်းမြတ်၏။ သန္တိကေ၊ အထံတော်၌။ ကာဠာ၊ မည်းညိုကုန်ထသော။ မိဂါ၊ သားမျိုးဖြစ်ကုန်ထသော။ သေတဒန္တာ၊ ဖြူစွာသော အစွယ်ရှိကုန်ထသော။ ပရောသတံ၊ တရာထက် လွန်ကုန်ထသော။ ဟေမဇာလာဘိဆန္နာ၊ ရွှေကွန်ယက်ဖြင့် ဖုံးလွှမ်းအပ်ကုန်ထသော။ ဣမေ၊ ဤဆင်တော်တို့သည်။ သန္တိ၊ ရှိကုန်၏။ သုသီမ၊ မင်းမြတ်သုသီမ။ တွံ၊ အရှင်မင်းမြတ်သည်။ အမှာကဉ္စ၊ အကျွန်ုပ်တို့၏၎င်း။ အတ္တနောစ၊ ကိုယ်တော်၏၎င်း။ ဝံသေ၊ အနွယ်၌။ ပေတ္တိပိတာမဟာနံ၊ အဘ အဘိုးတို့၏။ အာစိဏ္ဏံ၊ အလေ့ အကျင့်ကို။ အနုဿရံ၊ အောက်မေ့တော်မူနိုင်လျက်။ အမှာကဉ္စ၊ အကျွန်ုပ်တို့၏၎င်း။ အတ္တနော စ၊ ကိုယ်တော်၏၎င်း။ ဝံသံ၊ အနွယ်ကို။ နာသေတွာ၊ ဖျက်ဆီး၍။ တေတေ- တေ ဧတေ၊ ထိုဆင်တော်တို့ကို။ မင်္ဂလကရဏတ္ထာယ၊ မင်္ဂလာပြုစိမ့်သောငှာ။ မယာ၊ အကျွန်ုပ်မှ။ အညသံ၊ တပါးကုန်သော။ ဗြာဟ္မဏာနံ၊ ပုဏ္ဏားတို့အား။ ဒဒါမီတိ၊ ပေးအံ့ဟူ၍။ ဗြူသိ ကိရ၊ ဆိုတော်မူသည်ဟု ကြားရသည်ကား။ သစ္စံ၊ မှန်သလော။

သုသီမမင်းသည် ဘုရားလောင်း၏ စကားကို ကြား၍-

၂၆။ ကာဠာ မိဂါ သေတဒန္တာ မမီမေ၊
ပရောသတံ ဟေမဇာလာဘိဆန္နာ။
တေ တေ ဒဒါမီတိ ဝဒါမိ မာဝဏ၊
အနုဿရံ ပေတ္တိပိတာမဟာနံ။

ဟူသော နှစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

၂၆။ မာဏဝ၊ လုလင်။ မမ၊ ငါ၏။ သန္တိကေ၊ အထံ၌။ ကာဠာ၊ မည်းညိုသော အဆင်းရှိကုန်ထသော။ မိဂါ၊ သားမျိုးဖြစ်ကုန်ထသော။ သေတဒန္တာ၊ ဖြူသောအစွယ်ရှိကုန်ထသော။ ပရောသတံ၊ တရာထက် လွန်ကုန်ထသော။ ဟေမဇာလာဘိဆန္နာ၊ ရွှေကွန်ယက်ဖြင့် ကောင်းစွာဖုံးလွှမ်းအပ်ကုန်ထသော။ ဣမေ၊ ဤဆင်တို့သည်။ သန္တိ၊ ရှိကုန်၏။ အဟံ၊ ငါသည်။ ပေတ္တိပိတာမဟာနံ၊ အဘအဘိုးတို့၏။ ကြိယံ၊ အမှုကို။ အနုဿရံ၊ အောက်မေ့လျက်။ တေတေ-တေ ဧတေ၊ ထိုဆင်တို့ကို။ တယာ၊ သင်မှ။ အညေသံ၊ တပါးကုန်သော။ ဗြာဟ္မဏာနံ၊ ပုဏ္ဏားတို့အား။ မင်္ဂလကရဏတ္ထာယ၊ မင်္ဂလာပြုစိမ့်သောငှါ။ ဒဒါမီတိ၊ ပေးအံ့ဟူ၍။ ဝဒါမိ၊ ဆိုသည်ကား။ သစ္စမေဝ၊ မှန်သလျှင်ကတည်း။

ထိုအခါ ထိုသုသီမမင်းကို ဘုရားလောင်းသည် မြတ်သောမင်းကြီး အကျွန်ုပ်တို့၏၎င်း ကိုယ်တော်၏၎င်း အနွယ်ကိုအောက်မေ့လျှက်သာလျှင် အဘယ့်ကြောင့် အကျွန်ုပ်ကိုထား၍ တပါးကုန်သောပုဏ္ဏားတို့ကို ဆင်မင်္ဂလာကို ပြုစေတော်မူကုန်အံ့နည်းဟု လျှောက်၏။ အမောင်လုလင် သင်သည် ဗေဒင်သုံးပုံတို့ကို၎င်း ဆင်၏လက္ခဏာကို ပြသောကျမ်းကို၎င်း မတတ်သေးဟု ပုဏ္ဏားတို့သည် ငါ့အားလျှောက်ကုန်၏။ ထို့ကြောင့် တပါးကုန်သောပုဏ္ဏားတို့ကို ပြုစေအံ့ဟုဆိုသည်ရှိသော် မြတ်သောမင်းကြီး ထိုသို့တပြီးကား ဤမျှ အတိုင်းအရှည်ရှိကုန်သော ပုဏ္ဏားတို့တွင် ဗေဒင် သုံးပုံတို့၌၎င်း ဆင်၏လက္ခဏာကိုပြသောကျမ်း၌၎င်း တစိတ်တဒေသကိုလည်း အကျွန်ုပ်နှင့်တကွ ပြောဆိုအံ့သောငှါစွမ်းနိုင်သော တယောက်သောပုဏ္ဏားသည် အကယ်၍ ရှိသည်ဖြစ်အံ့၊ ထပါစေလော့၊ မြတ်သော မင်းကြီး ဆင်မင်္ဂလာပြုခြင်းနှင့်တကွ ဗေဒင်သုံးပုံတို့ကို၎င်း ဆင်၏ လက္ခဏာကိုပြသော ကျမ်းကို၎င်း အကျွန်ုပ်ကိုထား၍ တပါးသော ဇမ္ဗူဒီပါကျွန်းအလုံး၌ တတ်သောသူမည်သည်ကားမရှိဟု ခြင်္သေ့ဟောက်သကဲ့သို့ ကြောက်ရွံ့မဲ့လျဉ်း ရဲတင်းသောစကားကို ဆို၏။ တယောက်သောပုဏ္ဏားသည်လည်း ထိဘုရားလောင်း၏ ဆန့်ကျင်ဘက်ရန်သူဖြစ်၍ ထအံ့သောငှါ မစွမ်းနိုင်၊ ဘုရားလောင်းသည် မိမိအမျိုးအနွယ်ကိုတည်စေ၍ ဆင်မင်္ဂလာကိုပြု၍ များစွာသောဥစ္စာကိုယူ၍ မိမိ၏အိမ်သို့ သွား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကိုပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာကိုပြတော်မူသည်၏ အဆုံး၌ အချို့ကုန်သော ရဟန်းတို့သည် သောတာပန် ဖြစ်ကုန်၏။ အချို့ကုန်သော ရဟန်းတို့သည် သကဒါဂါမ် ဖြစ်ကုန်၏။ အချို့ကုန်သော ရဟန်းတို့သည် အနာဂါမ် ဖြစ်ကုန်၏။ အချို့ကုန်သော ရဟန်းတို့သည် အရဟတ္တဖိုလ်သို့ ရောက်ကုန်၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်း ဟူမူကား ရဟန်းတို့ ယခုအခါ မယ်တော်မဟာမာယာသည် ထိုအခါ အမိပုဏ္ဏေးမ ဖြစ်ဘူးပြီ၊ ယခုအခါ ခမည်းတော်သုဒ္ဓေါဒနမင်းမြတ်သည် ထိုအခါ အဘပုဏ္ဏား ဖြစ်ဘူးပြီ၊ ယခုအခါ အာနန္ဒာသည် ထိုအခါ သုသီမမင်း ဖြစ်ဘူးပြီ၊ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ ဒိသာပါမောက္ခဆရာ ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ပုဏ္ဏားလုလင် ဖြစ်ဘူးပြီ၊ ဤသိုဇာတ်ကို ပေါင်းတော်မူ၏။

ဣဿာတရား၊ စိတ်ဝယ်ထား၊ စီးပွားမတတ်လှ

သုံးခုတို့၏ပြည့်ကြောင်းဖြစ်သော သုသီမဇာတ်သည် ပြီး၏။

*****