သုဝဏ္ဏသာမဇာတ်တော်ကြီး/အခန်း-၀၉

From Wikisource
Jump to navigation Jump to search
သုဝဏ္ဏသာမဇာတ်တော်ကြီး
by ဦးပညာတိက္ခ
၉။ ပီဠိယက္ခမင်းကြီးအား တရားဟောခန်း
322659သုဝဏ္ဏသာမဇာတ်တော်ကြီး — ၉။ ပီဠိယက္ခမင်းကြီးအား တရားဟောခန်းဦးပညာတိက္ခ

ထိုသို့ဆိုပြီးသောအခါ ဘုရားလောင်းသည် ပီဠိယက္ခမင်းကြီးကိုမြင်၍ ပဋိသန္ဓာရစကားတို့ကို ပြောဟောလိုသောကြောင့်-

“သွာဂတံ တေ မဟာရာဇ၊ အထော တေ အဒုရာဂတံ။

ဣဿရောသိ အနုပ္ပတ္တော၊ ယံ ဣဓတ္ထိ ပဝေဒယ။”

“တိန္ဒုကာနိ ပိယာလာနိ၊ မဓုကေ ကာသုမာရိယော။

ဖလာနိ ခုဒ္ဒကပ္ပါနိ၊ ဘုဉ္ဇ ရာဇ ဝရံဝရံ။”

“အတ္ထိ မေ ပါနီယံ သီတံ၊ အာဘတံ ဂိရိဂဗ္ဘရာ။

တတော ပိဝ မဟာရာဇ၊ သစေ တွံ အဘိကင်္ခသိ။”

ဟူသော ၃-ဂါထာကိုဆို၏။

အဓိပ္ပာယ်ကား-

“ကာသိကရာဇ် ပြည်ကြီးသခင် ဖြစ်တော်မူသော အရှင်မင်းကြီး။ အရှင်မင်းကြီး၏လာခြင်းကား ကောင်းသောလာခြင်းတည်း။ ထိုမြို့တုံ အရှင်မင်းကြီး၏လာခြင်းကား အပြစ်ကင်းသောလာခြင်းတည်း။ အစိုးရတော်မူသော အရှင်မင်းကြီးသည် အစဉ်ရောက်တော်မူ၏။ အရှင်မင်းကြီးသည် ဤအရပ်၌ အကြင်အလိုသည် ရှိ၏။ ထိုအလိုကို ဆိုတော်မူလော့။”

“ကာသိကရာဇ် ပြည်သူတို့၏နှလုံးကို ပွားစေတတ်သော အရှင်မင်းကြီး။ တည်သီး, လွန်သီး, သစ်မည်စည်သီး, ထောက်ရှာသီး, သရက်ဖြူသီးတို့သည် ပျားမွဲအရသာနှင့် တူကုန်၏။ ထိုမှတစ်ပါး သရက်, ပိန္နဲ, နရွဲ, မာလကာ, ဩဇာ, ရှောက်ချို, လိမ္မော်, ကျွဲကောတို့သည် ရှိကုန်၏။ အရှင်မင်းကြီး ချိုနိုးရာရာကို အလိုရှိတိုင်း စားတော်မူပါလော့။”

“ကာသိကရာဇ် ပြည်သူတို့၏ အစီးအပွားကို ဆောင်တော်မူတတ်သော အရှင်မင်းကြီး။ ဂိရိဂဗ္ဘရဟုဆိုအပ်သော တောင်, မြှောင်, ချောက်ကြားမှစီးသော မိဂသမ္မတာမြစ်မှဆောင်ခဲ့အပ်သော ဤရေသည်လည်း အလွန်ချမ်းအေး ကြည်လင်စွာ၏။ အကယ်၍ အလိုတော်ရှိအံ့။ ထိုရေအိုးစင်မှ သောက်တော်မူလော့”

ဤသို့လျှင် ဘုရားလောင်းသည် ပီဠိယက္ခမင်းကြီးအား သာယာနာပျော်ဖွယ် အသက်ထက်ဆုံး အောက်မေ့အပ်သောစကားကို ဆို၏။

ပီဠိယက္ခမင်းကြီးသည် အံ့ဖွယ်သရဲ သေလေပြီးသောသုဝဏ္ဏသာမ ပြန်ရှင်သည်ကိုမြင်လျှင် ဘုရားလောင်းအား မေးလိုသောကြောင့်-

“သမ္မုယှာမိ ပမုယှာမိ၊ သဗ္ဗာ မုယှန္တိ မေ ဒိသာ။

ပေတံ တံ သာမမဒ္ဒက္ခိံ၊ ကော နု တွံ သာမ ဇီဝသိ။”

ဟူသောဂါထာကို ဆို၏။

အဓိပ္ပာယ်ကား-

“အချင်း သုဝဏ္ဏသာမ။ ငါသည် ပြင်းစွာတွေဝေ၏။ အထူးထူးအပြားပြား တွေဝေ၏။ ငါ့အား အလုံးစုံသောအရပ်မျက်နှာတို့သည်လည်း တွေဝေကုန်၏။ သေလေပြီးသော သင်သုဝဏ္ဏသာမကို မြင်ပြန်ရ၏။ အချင်းသုဝဏ္ဏသာမ။ သင်ကား အဘယ်အကြောင်းကြောင့် အသက်ရှင်ပြန်သနည်း”ဟု မေး၏။

ထိုသို့ ပီဠိယက္ခမင်းကြီး ဆိုသောစကားကိုကြား၍ ဘုရားလောင်းသည် “ဤမင်းကြီးကား ငါ့ကိုသေလေပြီဟု မှတ်ဘိ၏။ ထိုမင်းကြီးအား မသေသောအဖြစ်ကို ပြအံ့”ဟု ကြံ၍-

“အပိ ဇီဝံ မဟာရာဇ၊ ပုရိသံ ဂါဠှဝေဒနံ။

ဥပနီတမနသင်္ကပ္ပံ၊ ဇီဝန္တံ မညတေ မတံ။”

“အပိ ဇီဝံ မဟာရာဇ၊ ပုရိသံ ဂါဠှဝေဒနံ။

တံ နိရောဓဂတံ သန္တံ၊ ဇီဝန္တံ မညတေ မတံ။”

ဟူသော ၂-ဂါထာကို ဘုရားလောင်းဆို၏။

အဓိပ္ပာယ်ကား-

“ကာသိကရာဇ်တိုင်းအလုံးကို အစိုးရတော်မူသော အရှင်မင်းကြီး။ အသက်ရှင်သေးလျက်လည်း ပြင်းစွာဝေဒနာနှိပ်စက်သည်ဖြစ်၍ ဘဝင်အနီးသို့ရောက်သောစိတ်ရှိသော အသက်ရှင်သောယောက်ျားကို သေလေပြီဟု အောက်မေ့တော်မူဘိ၏တကား။”

“ကာသိကရာဇ်ပြည်ကြီးကို ရွှေထီးဖြူဖြန့်မိုး၍ အစိုးရတော်မူသော အရှင်မင်းကြီး။ အသက်မသေဘဲလျက်လျှင် ပြင်းစွာဝေဒနာရှိသော ထွက်သက်ဝင်သက် ချုပ်ခြင်းသို့ ရောက်သောအားဖြင့် ထင်ရှားရှိသော အသက်ရှင်သော ထိုယောက်ျားကို သေလေသည်ဟူ၍ လူအများတို့သည် အောက်မေ့ဘိ၏တကား”

ထိုသို့ ဘုရားလောင်းသုဝဏ္ဏသာမသည် သာယာနာပျော်ဖွယ်ရှိသောစကားကို ပြောဆိုပြီးလျှင် ပီဠိယက္ခမင်းကြီးကို အကျိုးစီးပွားနှင့်ယှဉ်စေလိုသည်ဖြစ်၍ တစ်ဖန် တရားဟောတော်မူလိုသောကြောင့်-

“ယော မာတရံ ပိတရံ ဝါ၊ မစ္စော ဓမ္မေန ပေါသတိ။

ဒေဝါပိ နံ တိကိစ္ဆန္တိ၊ မာတာပေတ္တိဘရံ နရံ။”

“ယော မာတရံ ပိတရံ ဝါ။ မစ္စော ဓမ္မေန ပေါသတိ။

ဣဓေဝ နံ ပသံသန္တိ၊ ပေစ္စ သဂ္ဂေ ပမောဒတိ။”

ဟူသော ၂-ဂါထာကိုဆို၏။

မဟာရာဇ၊ မြတ်သောမင်းကြီး။ ယော မစ္စော၊ အကြင်သတ္တဝါသည်။ မာတရံဝါ၊ အမိကိုလည်းကောင်း။ ပိတရံဝါ၊ အဖကိုလည်းကောင်း။ ဓမ္မေန၊ တရားသဖြင့်။ ပေါသတိ၊ မွေးပေ၏။ မာတာပေတ္တိဘရံ၊ အမိ,အဖကို လုပ်ကျွေးပေသော။ နံ နရံ၊ ထိုသူကို။ ဒေဝါပိ၊ နတ်တို့သည်လည်း။ တိကိစ္ဆန္တိ၊ ဆေးကုကုန်၏။

မဟာရာဇ၊ မြတ်သောမင်းကြီး။ ယော မစ္စော၊ အကြင်သတ္တဝါသည်။ မာတရံဝါ၊ အမိကိုလည်းကောင်း။ ပိတရံဝါ၊ အဖကိုလည်းကောင်း။ ဓမ္မေန၊ တရားသဖြင့်။ ပေါသတိ၊ မွေးမြူ၏။ မာတာပတ္တိဘရံ၊ အမိ,အဖကိုမွေးမြူသော။ နံ နရံ၊ ထိုသူကို။ ဣဓေဝ၊ ဤပစ္စုပ္ပန်ဘဝ၌ပင်လျှင်။ ပသံသန္တိ၊ ချီးမွမ်းကုန်၏။ ပေစ္စ၊ တမလွန်ဘဝ၌။ သဂ္ဂေ၊ နတ်ပြည်၌။ ပမောဒတိ၊ မွေ့လျော်ပျော်စံရ၏။

အဓိပ္ပာယ်ကား-

“ကာသိကရာဇ်တိုင်းကြီး၌ ထီးဖြူရွှေနန်းသခင်ဖြစ်တော်မူသော အရှင်မင်းမြတ်။ မှတ်တော်မူလော့။ အကြင်သတ္တဝါသည် အမိကိုလည်းကောင်း, အဖကိုလည်းကောင်း တရားသဖြင့် လုပ်ကျွေးမွေးပေ၏။ ထိုအမိ, အဖတို့ကို လုပ်ကျွေးမွေးမြူသောသူကို နတ်တို့သည်လည်း ဆေးကုပေကုန်၏။”

“ကာသိကရာဇ်ပြည်ကြီးသခင် ဘုရင်တကာတို့၏အထွတ် ဖြစ်တော်မူသော အရှင်မင်းမြတ်။ တစ်ဖန် မှတ်ဦးလော့၊ အကြင်သတ္တဝါသည် အမိကိုလည်းကောင်း, အဖကိုလည်းကောင်း တရားသဖြင့် လုပ်ကျွေးမွေး၏။ ထိုသို့ အမိ, အဖကို မွေးပေသောသူကို ပစ္စုပ္ပန်လောက ဤဘဝ၌ပင်လျှင် ခပ်သိမ်းသောသူတို့သည် ချီးမွမ်းကုန်၏။ နောင်တမလွန်ဘဝ၌လည်း ဒေဝသမ္ပတ္တိနှင့်ပြည့်စုံလျက် နတ်သက်အတိုင်း မွေ့လျော်ပျော်ပါး စံစားရ၏”ဟု ပီဠိယက္ခမင်းကြီးအား တရားဓမ္မဒေသနာဖြင့် ဟောကြားညွှန်ပြ ဆုံးမတော်မူ၏။

ထိုသို့ဆုံးမသော ဘုရားလောင်း၏တရားစကားကို ကြားလျှင် ပီဠိယက္ခမင်းကြီးသည်- “အို၊ အချင်းတို့။ အံ့ဖွယ်သရဲ ရှိစွာ့တကား။ အမိအဖကို လုပ်ကျွေးမွေးပေသောသတ္တဝါအား ဖြစ်သောရောဂါဝေဒနာကို နတ်တို့သည် ဆေးကုစား ပေကုန်သတတ်။ အလွန်လျှင် သုဝဏ္ဏသာမသည် တင့်တယ်စွာ့တကား”ဟု ၅-ဖြာစုံညီလျက် လက်အုပ်ချီတောင်းပန်လိုသောကြောင့်-

“ဧသ ဘိယျော သံမုယှာမိ၊ သဗ္ဗာ မုယှန္တိ မေ ဒိသာ။

သရဏံ သာမ ဂစ္ဆာမိ၊ တွဉ္စ မေ သရဏံ ဘဝ။”

ဟူသော ဂါထာကိုဆို၏။

အဓိပ္ပာယ်ကား-

“အချင်း သုဝဏ္ဏသာမ။ အပြစ်မရှိသောသင့်အား ငါ ပြစ်မှားမိခြင်းသည် အလွန် မိုက်မဲတွေဝေ၏။ ငါသည် သင်သုဝဏ္ဏသာမကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။ သင်သုဝဏ္ဏသာမသည် ငါ၏ကိုးကွယ်ရာဖြစ်သော နတ်ပြည်သို့သွားသောခရီးကို ငါ့အား ကြားပါလော့”ဟု ဆို၏။

ထိုသို့ ပီဠိယက္ခမင်းကြီးဆိုသောအခါ ထိုပီဠိယက္ခမင်းကြီးကို ဘုရားလောင်းသည် ဤသို့ဆို၏။ “ကာသိကရာဇ်အရှင်မင်းမြတ်။ “ဒေဝလောက”ဟုဆိုအပ်သော နတ်ပြည်သို့ အကယ်၍ သွားလိုသည်ဖြစ်အံ့။ ကြီးကျယ်စွာသော နတ်တို့၏စည်းစိမ်ချမ်းသာကို အကယ်၍ ခံစားလိုသည်ဖြစ်အံ့။ ဒသရာဇဓမ္မဟုဆိုအပ်သော ၁၀-ပါးသော မင်းကျင့်တရားတို့၌ မမေ့မလျော့ ကျင့်တော်မူလော့”ဟု ထိုပီဠိယက္ခမင်းကြီးအား တရားဟောတော် မူလိုသောကြောင့်-

“ဓမ္မံ စရ မဟာရာဇ၊ မာတာပိတူသု ခတ္တိယ။

ဣဓ ဓမ္မံ စရိတွာန၊ ရာဇ သဂ္ဂံ ဂမိဿသိ။”

“ဓမ္မံ စရ မဟာရာဇ၊ ပုတ္တဒါရေသု ခတ္တိယ။

ဣဓ ဓမ္မံ စရိတွာန၊ ရာဇ သဂ္ဂံ ဂမိဿသိ။”

“ဓမ္မံ စရ မဟာရာဇ၊ မိတ္တာမစ္စေသု ခတ္တိယ။

ဣဓ ဓမ္မံ စရိတွာန၊ ရာဇ သဂ္ဂံ ဂမိဿသိ။”

“ဓမ္မံ စရ မဟာရာဇ၊ ဝါဟနေသု ဗလေသု စ။

ဣဓ ဓမ္မံ စရိတွာန၊ ရာဇ သဂ္ဂံ ဂမိဿသိ။”

“ဓမ္မံ စရ မဟာရာဇ၊ ဂါမေသု နိဂမေသု စ။

ဣဓ ဓမ္မံ စရိတွာန၊ ရာဇ သဂ္ဂံ ဂမိဿသိ။”

“ဓမ္မံ စရ မဟာရာဇ၊ ရဋ္ဌေသု ဇနပဒေသု စ။

ဣဓ ဓမ္မံ စရိတွာန၊ ရာဇ သဂ္ဂံ ဂမိဿသိ။”

“ဓမ္မံ စရ မဟာရာဇ၊ သမဏဗြာဟ္မဏေသု စ။

ဣဓ ဓမ္မံ စရိတွာန၊ ရာဇ သဂ္ဂံ ဂမိဿသိ။”

“ဓမ္မံ စရ မဟာရာဇ၊ မိဂပက္ခီသု ခတ္တိယ။

ဣဓ ဓမ္မံ စရိတွာန၊ ရာဇ သဂ္ဂံ ဂမိဿသိ။”

“ဓမ္မံ စရ မဟာရာဇ၊ ဓမ္မော စိဏ္ဏော သုခါဝဟော။

ဣဓ ဓမ္မံ စရိတွာန၊ ရာဇ သဂ္ဂံ မိဂဿသိ။”

“ဓမ္မံ စရ မဟာရာဇ၊ သဣန္ဒာ ဒေဝါ သဗြဟ္မကာ။

သုစိဏ္ဏေန ဒိဝံ ပတ္တာ၊ မာ ဓမ္မံ ရာဇ ပါမာဒေါ”

ဟူသော ၁၀-ဂါထာကို ဆို၏။

အဓိပ္ပာယ်ကား-

“ကာသိကရာဇ်တိုင်းတွင် မြေအပြင်ကို အစိုးရတော်မူသော, ခတ္တိယအစစ်ဖြစ်တော်မူသော အရှင်မင်းကြီး။ အမိ,အဖတို့၌ လုပ်ကျွေးမွေးမြူခြင်းကို ပြုတော်မူလော့။ ဤလူ့ပြည်၌ တရားကိုကျင့်တော်မူသည်ရှိသော် အရှင်မင်းကြီးသည် နတ်ပြည်သို့ သွားရလတ္တံ့သတည်း။”

“မြေကြီးသေဌ်နင်း မင်းဖြစ်တော်မူသော ကာသိကရာဇ်မင်းမြတ်။ သားမယားတို့၌ လုပ်ကျွေးမွေးမြူခြင်းတည်းဟူသော တရားကိုကျင့်လော့။ ဤပစ္စုပ္ပန်ဘဝ၌ ဓမ္မကိုကျင့်သည်ရှိသော် အရှင်မင်းကြီးသည် နတ်ပြည်သို့ ရောက်ရလတ္တံ့သတည်း။”

“အာဏာလက်ရုံး ဘုန်းတော်ကြောင့် မြေအပြင်ကိုအစိုးရတော်မူသော အရှင်မင်းကြီး။ အဆွေခင်ပွန်းဖြစ်ကုန်သော မှူးမတ်ဗိုလ်ပါ တိုင်းသားပြည်သူ လူအပေါင်းတို့၌ ပေးကမ်းစွန့်ကြဲခြင်း ဟုဆိုအပ်သော တရားကို ကျင့်တော်မူလော့။ ဤပစ္စုပ္ပန်လောက၌ တစ်စမယွင်းကျင့်သော အရှင်မင်းကြီးသည် နတ်ပြည်သို့ သွားရလတ္တံ့သတည်း။”

“မဟာပထဝီ မဟီတလ စိုးရခွင့်ပိုင်သော ကာသိကရာဇ်မင်းကြီး။ ဆင်၊ မြင်း၊ ဗိုလ်ပါတို့၌ တရားကိုကျင့်တော်မူလော့။ ဤလောက၌ တရားကိုကျင့်သည်ရှိသော် အရှင်မင်းမြတ်သည် နတ်ပြည်သို့ လားရလတ္တံ့သတည်း။”

“ကာသိကရာဇ်တိုင်းကြီးသခင် မြေအပြင်ကို အစိုးရတော်မူသော အရှင်မင်းမြတ်။ ရွာ, နိဂုံးတို့၌ တရားကို ကျင့်တော်မူလော့။ ဤလူ့ပြည်၌ တရားကိုကျင့်သော အရှင်မင်းမြတ်သည် နတ်ပြည်သို့ သွားရလတ္တံ့သတည်း။”

“ကာသိကရာဇ်ပြည်သူတို့၏နှလုံးကို ပွားစေတတ်သော အရှင်မင်းမြတ်။ ပြည်တိုင်းကားတို့၌လည်းကောင်း, ဇနပုဒ်တို့၌လည်းကောင်း တရားကို ကျင့်တော်မူလော့။ ဤလောက၌ တရားကိုကျင့်သည်ရှိသော် အရှင်မင်းမြတ်သည် နတ်ပြည်သို့ သွားရလတ္တံ့သတည်း။”

“ကာသိကရာဇ်ပြည်သူတို့၏ အစီးအပွားကို ဆောင်တော်မူတတ်သော အရှင်မင်းမြတ်။ ရဟန်းပုဏ္ဏားတို့၌လည်း တရားကို ကျင့်တော်မူလော့။ ဤလူ့ပြည်၌ တရားကိုကျင့်သည်ရှိသော် အရှင်မင်းမြတ်သည် နတ်ပြည်သို့ သွားရလတ္တံ့သတည်း။”

“ကာသိကရာဇ်တိုင်းခွင် မြေအပြင်ကို အစိုးရတော်မူသော အရှင်မင်းမြတ်။ သားငှက်တို့၌ တရားကိုကျင့်တော်မူလော့၊ ပစ္စုပ္ပန်လောက၌ တရားကိုကျင့်သော အရှင်မင်းမြတ်သည် နတ်ပြည်သို့ သွားရလတ္တံ့သတည်း။”

“ကာသိကရာဇ်ပြည်ကြီး၌ ရွှေထီးဖြန့်မိုး၍ အစိုးရတော်မူသော အရှင်မင်းမြတ်။ တရားကိုကျင့်တော်မူလော့။ ကောင်းစွာလေ့ကျက်အပ်သော တရားသည် ချမ်းသာကို ဆောင်ပေတတ်၏။ ဤလူ့ပြည်၌ တရားကိုကျင့်သော အရှင်မင်းမြတ်သည် နတ်ပြည်သို့ သွားရလတ္တံ့သတည်း။”

“ကာသိကရာဇ်ပြည်ကြီး၌ ထီးဖြူရွှေနန်းကို အစိုးရတော်မူသော အရှင်မင်းမြတ်။ တရားကိုကျင့်တော်မူလော့။ ဗြဟ္မာမင်းနှင့်တကွသော သိကြား, နတ်မင်းတို့သည် ကောင်းစွာ တရားကို ကျင့်သောကြောင့် နတ်ပြည်၊ ဗြဟ္မာပြည်သို့ ရောက်ကုန်၏။ အရှင်မင်းမြတ်။ ကျင့်ဝတ်တရားကို မမေ့မလျော့ ကျင့်တော်မူလော့”ဟု မင်းကျင့်တရား ၁၀-ပါးတို့ဖြင့် ဆုံးမ၏။

ဤသို့ ဘုရားလောင်းသည် ထိုပီဠိယက္ခမင်းကြီးအား ရာဇဓမ္မ ၁၀-ပါးကိုဟောပြီးလျှင် လွန်စွာ ဆုံးမတော်မူလို၍ ၅-ပါးသီလကို ပေး၏။

ပီဠိယက္ခမင်းကြီးသည် ဘုရားလောင်းသုဝဏ္ဏသာမ၏ အဆုံးအမကိုခံ၍ ဘုရားလောင်းကို ရိုသေစွာရှိခိုးပူဇော်ပြီး၍၊ ဗာရာဏသီပြည်သို့သွားပြီးလျှင် အလှူအစရှိသည်တို့ကိုပြု၍ အသက်၏အဆုံး၌ နတ်ပြည်သို့လားရလေ၏။

ဘုရားလောင်းလည်း မယ်တော်, ခမည်းတော်တို့နှင့်တကွ အဘိညာဉ် ၅-ပါးတို့ကိုလည်းကောင်း, သမာပတ် ၈-ပါးတို့ကိုလည်းကောင်း ဖြစ်စေ၍ အသက်၏အဆုံး၌ ဗြဟ္မာပြည်သို့ , လားရကုန်၏။