သုဝဏ္ဏသာမဇာတ်တော်ကြီး/ရတု

From Wikisource
Jump to navigation Jump to search
သုဝဏ္ဏသာမဇာတ်တော်ကြီး
by ဦးပညာတိက္ခ
ရတု
322662သုဝဏ္ဏသာမဇာတ်တော်ကြီး — ရတုဦးပညာတိက္ခ

အေးမြက်သီတာ၊ ဂန္ဓမာတွင်၊ နံ့သာဆူဆူ၊ မွှေးမတူသား၊ မဉ္ဇူသက၊ ပင်ရုက္ခဝယ်၊ အလှအဆန်း၊ ပွင့်သည့်ပန်းကို၊ လန်းလန်းသီရုံး၊ ဆွတ်ယူကုံး၍၊ သက်လုံးမြတ်လေး၊ ဆင်တော့ပေးသို့၊ ပျံ့အေးဂုဏ်အင်၊ သုံးလူ့ရှင်၏၊ သုံးခွင်ဒေသနာ၊ ပင်ရိပ်သာမှ၊ ဤစာသုဝဏ္ဏလျှံ၊ ဇာတ်တော်မွန်ကို၊ ဉာဏ်အမြင်နု၊ သူတို့ရှုကြောင်း၊ ဝတ္ထုသက်သေ၊ စကားပြေဖြင့်၊ အနေကျစွာ၊ ရေးစီပါဟု၊ မောင်သာတွင်ခြင်း၊ မိတ်ဆွေရင်းလျှင်၊ ဝပ်စင်းရိုသေ၊ တောင်းပန်ထွေကြောင့်၊ ပေကိုးကြောင်းစာ၊ သုံးအင်္ဂါဖြင့်၊ ပညာတိက္ခ၊ နာမခေါ်ဆို၊ ပဉ္စင်းပျိုးလျှင်၊ ကုသိုလ်မင်္ဂလာ၊ ပွားရာမှန်ဘိ၊ ဘူမိနက်သံ၊ ကြံကြံသမျှ၊ ကြွယ်ဝချမ်းသာ၊ ပြည်သာနိဗ္ဗူ၊ ဟူရာဌာန၊ သာယာလှသား၊ နာမတွင်လစ်၊ ပုဂံစစ်တွင်၊ စေတီပြင်ဝယ်၊ တင့်တယ်ထူးဆန်း၊ ကျောင်းသင်္ခမ်း၌၊ လေးပိုထ်ဣရိယာ၊ နေသောခါလျှင်၊ သိသာစေမှု၊ ဖော်ထုတ်ပြုရှင့်၊ ဗဟုသုတ၊ ကုံငလောက်စွာ၊ ပညဝါတို့၊ ဤမှာဤနှိုက်၊ ဤမထိုက်ဟု၊ အဆိုက်အသွား၊ စကားရှေ့နောက်၊ နှိုင်းညှိထောက်၍၊ ကျရောက်မြူသွင်၊ အပြစ်မြင်က၊ တင်၍နှုတ်သာ၊ ကဲ့ရဲ့ပါနှင့်၊ လျင်စွာလှောက်ကု၊ ပြင်တော်မူရှင့်၊ အယူဒွိဟ၊ မကျနမူ၊ မောဟဆို့ပိတ်၊ ကုသိုလ်ဟိတ်ဖြင့်။ ဉာဏ်စိတ် ထောက်ဆပါစေသောဝ်။

မွှေးညက်ဆီမှာ၊ ကျဂွမ်းဝါသို့၊ ရသာချိုဆိမ့်၊ နှလုံးအိမ့်၍၊ နှစ်သိမ့်စေမှု၊ ဤဝတ္ထုကို၊ ပြုရမငြို၊ ဤကုသိုလ်ကြောင့်၊ ထိုထိုနောင်ခါ၊ သံသရာ၌၊ ဝါနာမကုန်၊ လည်ရတုံလည်း၊ လုံးစုံပညာ၊ အင်ရှစ်ဖြာနှင့်၊ ဝိသာရဒ၊ တတ်ကုန်ငလျက်၊ ဗုဒ္ဓအလောင်း၊ သူတော်ကောင်းတို့၊ ကျင့်ဟောင်းထုံးနည်း၊ နိဿရည်းကို၊ ငါလည်းဤတူ၊ ရပါမူလော့၊ လူမလိမ္မာ၊ လူမိစ္ဆာနှင့်၊ ကြုံလာတော်မိ၊ တွေ့ရဘိလည်း၊ ဒိဋ္ဌိပယ်နွှေး၊ စင်စွာဆေး၍၊ နည်းပေးဆရာ၊ မြောက်လိုပါ၏။ ကြမ်းစွာဒေါသ၊ ဂုဏ်မာနနှင့်၊ ပပလွှားလွှား၊ သူတို့အားလည်း၊ တရားသဖြင့်၊ တစ်ခွန်းရင့်က၊ အသင့်နှလုံး၊ ယူသုံးကြည်ညို၊ ညွတ်စေလို၏။ ထိုထိုခဲစွာ၊ ခွင့်ရေးရာ၌၊ ပညာနေဝန်း၊ ကဲ့သို့ထွန်း၍၊ ငြိစွန်းမထင်၊ နှံ့သိမြင်လျက်၊ များဖြင်သတ္တ၊ ရှိသမျှကို၊ သုခတိုက်ကျွေး၊ ရန်ဘေးကင်းဖြို၊ လွှတ်ရလို၏၊ ကြည်ညိုမေတ္တာ၊ လူတကာလည်း၊ ကြင်နာနှစ်သက်၊ အဆက်ဆက်လျှင်၊ တိုးတက်လျှံဖိတ်၊ ဉာဏ်နိမိတ်ဖြင့်။ ပဏ္ဍိတ် မြောက်ရပါစေသောဝ်။

လေးနက်ဤစာ၊ ပြီးသည်မှာကား၊ အဇာတသတ်၊ မင်းမြတ်ဖြိုနောက်၊ ဤနှစ်ရောက်အောင်၊ လျှံတောက်သာသနာ၊ ဒွယာတြိ၊ သဋ္ဌိနဝ၊ သင်္ချာရ၏။ ဒီဃသက္ကရာဇ်၊ ကောဇာနှစ်ကား၊ ဧက်နှင့်ဧက၊ အဋ္ဌအဋ္ဌာ၊ ခုသင်္ချာ၌၊ ရတနာပုရ၊ ရွှေပြည်မကို၊ နရထိပ်ပန်း၊ စိုးသိမ်းမြန်း၍၊ ရွှေနန်းတက်စံ၊ ဘိသိက်ခံလျက်၊ ဘုန်းလျှံတောက်ပ၊ ထွန်းသစ်စတွင်၊ လကားနယုန်၊ မေထုန်ရာသီ၊ ခါရောက်ပြီဟု၊ တိမ်နီတိမ်ဝါ၊ တိမ်ပြာတိမ်ပုပ်၊ မှိုင်းအုပ်ဆင်ကာ၊ မုန်တိုင်းလာ၍၊ ဧရာမြစ်ခွင်၊ နာဝါရှင်တို့၊ ရင်ကိုလက်တီး၊ ကြောက်အားကြီး၍၊ တုန်ရီးတုန်ရင်၊ လှေရှင်လှေသား၊ ဗျာပါများလျက်၊ လှေတက်ဆိုက်ကာ၊ နေသောအခါလျှင်၊ အာကာကောင်းကင်၊ ဝတိံပြင်က၊ နတ်ရှင်မာဃ၊ ဝါသဝလျှင်၊ ရွှင်ပျအုန်းအုန်း၊ ပဇ္ဇုန်ဘုန်းဖြင့်၊ ထစ်ချုန်းရိုက်မြည်၊ မိုးဖွဲစည်လျက်၊ စိုပြည်မြေပြင်၊ ပန်းသစ်ပင်လည်း၊ ညွန့်ရှင်ဆိုင်းဆိုင်း၊ ရိပ်ညိုမှိုင်းလျက်၊ ခက်ကျိုင်းလန်းလန်း၊ မြရည်သွန်းသို့၊ ထက်ဝန်းစုံညီ၊ တိထီပြည့်၍၊ ရှစ်ရက်နေ့တွင်၊ မစေ့ခင်၌၊ သိုက်မြိုက်သေချာ၊ အခါရောက်ပြီး၊ သုံးချက်တီးတွင်၊ ပြီးအောင်မြင်ရှင့်၊ သုံးခွင်သတ္တ၊ ရှိသမျှလည်း၊ တောင့်တရာရာ၊ လွယ်ကာမဆိတ်၊ ကောင်းကျိုးစိတ်ဖြင့်။ ရန်မြိတ် ပျောက်ကြပါစေသောဝ်။

ဤစာရေးသား၊ အကျိုးအားကြောင့်၊ ပိုက်ဖြားလွယ်ဖူး၊ လက်ဦးဆရာ၊ မည်ထိုက်စွာသည်၊ ပုဗ္ဗာစရိယ၊ မိနှင့်ဖအား၊ ဝေငြားအမျှ၊ ရပါစေလေ၊ သုန္ဓရေအား၊ သက်သေထား၍၊ များသားထိုမှ၊ တေဘူမက၊ စစမကျန်၊ လှူဝေဖန်ဟု၊ တန်တန်ရွှန်းစို၊ ဤကိုယ်အတ္တ၊ မှကစ၍၊ ဘဝဆက်တိုင်း၊ မယိုင်းသာသနာ၊ ကောင်းမြတ်စွာ၌၊ ပညာဇဝန၊ ဂမ္ဘီရနှင့်၊ တိက္ခတွင်ဆို၊ ဟာသကိုလျှင်၊ မငြင်မငြို၊ ပြည့်ပါလိုသော၊ ဆုယူသြဟု၊ သဘောပန်နက်၊ သစ္စာရွက်၍၊ လေးချက်အတ္ထ၊ ဓမ္မသမ္ဘိဒါ၊ ပြားသည်မှာလည်း၊ မကွာကိုယ်နှင့်၊ မြဲသဖြင့်လျှင်၊ အသင့်ကြံထွေ၊ ပြည့်ပါစေဟု၊ အမှတ်ပြု၍၊ ဗဟုသုတ၊ အဋ္ဌာရသသိပ္ပေ၊ ဘဝေဘဝါ၊ သံသရာက၊ မကွာသမှု၊ တောင့်တပြု၍။ လျင်မှုမကြာ ပြည့်စေသောဝ်။

ဤစာရေးပြု၊ မြတ်ကောင်းမှုကြောင့်၊ ယခုသာသနာ၊ တော်မြတ်စွာ၌၊ မကွာစတေ၊ တိဟိတ်နေ၍၊ သန္ဓေစွဲမှန်၊ ဤကာယံကို၊ ဖောက်ပြန်မရှိ၊ မြင်သိအမြော်၊ သုံးဖော်ရပ်သူ၊ နတ်နှင့်လူတို့၊ ဆုယူတောင့်တ၊ များကုန်ကြသား၊ မှန်လှသမ္မာ၊ ငါးဖြာဉေယျ၊ ဓမ္မအယူ၊ နှလုံးဖြူ၍၊ လျင်မူမကြာ၊ သတ္တာဝါသ၊ ဘုံတို့မျှလည်း၊ လွဲရမရှိ၊ သတိပါရမီ၊ အစဉ်မှီသား၊ ဘုရားရှင်တော်၊ ဖြည့်သော်ပါရမီ၊ သုံးဆယ်စီလျှင်၊ ဖြည့်ညီအမှန်၊ စွန့်ဟန်ငါးပါး၊ တရားအကျင့်၊ အဆင့်ဆင့်ကို၊ ပွားမြင့်လေအောင်၊ ဆောင်သည့်ဘာဝနာ၊ ရှစ်ဖြာမဂ္ဂင်၊ အရှင်တို့အား၊ မြဲမှတ်သား၍၊ သုံးပါးထွတ်ချာ၊ မေတ္တေယျာဟု၊ မြတ်စွာဘုရား၊ ထင်ရှားကံ့ကော်၊ ဗောဓိကျော်ဝယ်၊ ပွင့်တော်မူခါ၊ လက်ဦးစွာက၊ စိန္တေယျလျှင်၊ ခေါ်ထ ဧဟိ ဘိက္ခု ဒုက္ခဿ အန္တကိရိယာယ၊ သံသာရင့်ကျူ၊ မိန့်တော်မူသား၊ ငါ့ကိုယ်အားကို။ သနားချွတ်တော်မူစေသောဝ်။

ပုဒိအာနှင့်၊ သုံးဖြာဉာဏ၊ စိန္တေယျအား၊ မှတ်သားသတိ၊ မြဲဘိစေအောင်၊ လုံ့လဆောင်သား၊ ဘုန်းခေါင်ဘုရား၊ တိုးတက်ပွား၍၊ ငါ့အားသတိ ရှိစေသောဝ်။

ဤစာရေးရ၊ ကုသလကြောင့်၊ တနသွန်သင်၊ ပဲ့ပြင်ဆရာ၊ ဉာတကာဆွေမျိုး၊ ဘိုးဘွားကစ၊ မိနှင့်ဖတို့၊ နန်းမဒေဝီ၊ မဟေသီက၊ မင်းညီမင်းသား၊ မင်းဖျားမှူးရာ၊ ပါသည်ခြွေရံ၊ မိဿံမပြား၊ မောင်းမများနှင့်၊ တိုင်ကြားသက်သေ၊ သုန္ဓရေက၊ သဗ္ဗေသတ္တာ၊ သတ္တဝါတို့၊ မချို့စုံအင်၊ နိဗ္ဗာန်ခွင်သို့၊ ကယ်တင်ပို့မည်။ ကျွန်ုပ်ရည်၍၊ တောင်းသည်သာပ၊ ဘုံနန်းမကို၊ စံရအောင်လျှင်၊ ဆုတောင်းဆင်သည်။ လူရှင်အူအူသောင်းသောင်း အပေါင်းသာဓု ခေါ်စေသောဝ်။

သုဝဏ္ဏသာမဇာတ်တော်ကြီး နိဂုံး

ဤတွင်ရွေ့ ပြီးပြီ။