သုမနမာလာကာရဝတ္ထု

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး ဗာလဝဂ်
by အရှင်ဓမ္မဿာမီဘိဝံသ
၉။ သုမနမာလာကာရဝတ္ထု
324825ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး ဗာလဝဂ် — ၉။ သုမနမာလာကာရဝတ္ထုအရှင်ဓမ္မဿာမီဘိဝံသ

၉။ သုမနပန်းသည်ဝတ္ထု

တဉ္စ ကမ္မံ ကတံ သာဓုအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းတော်၌ နေတော်မူစဉ် သုမနမည်သော ပန်းသည်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

အသက်မငဲ့ဘဲ စွန့်စားကာ လှူဒါန်းခြင်း

ထိုသုမနပန်းသည်သည် နေ့တိုင်းမပြတ် ရာဇဂြိုဟ်ပြည်ကြီးရှင် ဘုရင်ဗိမ္ဗိသာရမင်းမြတ်ကို နံနက်စောစော အချိန်၌သာ ရှစ်ကွမ်းစား ရှစ်စလယ်သော မြတ်လေးပန်းတို့ဖြင့် ခစားဆည်းကပ် ဆက်သသည်ရှိသော် ရှစ်ခုသော အသပြာတို့ကို ရလေသတတ်။ ထိုအခါ တစ်နေ့သ၌ ထိုပန်းသည်သည် ပန်းတို့ကိုယူ၍ မြို့သို့ဝင်ကာမျှ၌သာလျှင် မြတ်စွာဘုရားသည် များစွာသော ရဟန်းအပေါင်းခြံရံလျက် ခြောက်သွယ်သော အဆင်းရှိသော ရောင်ခြည်တော်တို့ကို လွှတ်တော်မူ၍ ကြီးကျယ်စွာသော မြတ်စွာဘုရား၏ အာနုဘော်တော်ဖြင့် ရာဇဂြိုဟ်ပြည်တွင်းသို့ ဆွမ်းအလို့ငှာ ကြွဝင်တော်မူလေ၏။ မြတ်စွာဘုရားသည် တစ်ရံတစ်ခါ ခြောက်သွယ်သော အဆင်းရှိသော ရောင်ခြည်တော်တို့ကို သင်္ကန်းတော်ဖြင့် ဖုံးလွှမ်း၍ ယူဇနာသုံးဆယ်ရှိသောခရီးကို အင်္ဂုလိမာလအား ခရီးဦးကြိုဆိုခြင်းငှာ ကြွသွားတော်မူသကဲ့သို့ မထင်မရှား ဆွမ်းခံကြွသွားသော ရဟန်းတစ်ပါးကဲ့သို့ လှည့်လည်ကြွသွားတော်မူ၏။ တစ်ရံတစ်ခါ၌ကား ခြောက်သွယ်သော အဆင်းရှိသော ရောင်ခြည်တော်တို့ကို လွှတ်တော်မူ၍ ကပိလဝတ်ပြည်သို့ ဝင်တော်မူခြင်းစသည်တို့ကဲ့သို့ လှည့်လည် ကြွသွားတော်မူ၏။ ထိုနေ့၌လည်း ကိုယ်တော်မှ ခြောက်သွယ်သော အဆင်းရှိသော ရောင်ခြည်တော်တို့ကို လွှတ်တော်မူလျက် ကြီးကျယ်စွာသော မြတ်စွာဘုရား၏ အာနုဘော်တော်ဖြင့်လည်းကောင်း၊ ကြီးကျယ်စွာသော ဘုရားရှင်၏ တင့်တယ်စံပယ်ခြင်းဖြင့်လည်းကောင်း ရာဇဂြိုဟ်ပြည်သို့ ကြွဝင်တော်မူလေ၏။

သုမနပန်းသည်သည် မြတ်စွာဘုရား၏ ရတနာစေတီအထွတ်နှင့် တူလှစွာသော ကိုယ်တော်မြတ်၏ အတ္တဘောတော်ကို ဖူးမြင်ရလျှင် သုံးဆယ့်နှစ်ပါးသော ယောက်ျားမြတ်တို့၏ လက္ခဏာတော်ကြီး၊ ရှစ်ဆယ်သော လက္ခဏာတော်ငယ်တို့ဖြင့် တင့်တယ်ခြင်းအထွတ်အထိပ်သို့ရောက်သော ကိုယ်တော်ကို ကြည့်၍ ကြည်ညိုသောစိတ်ရှိသဖြင့် “မြတ်စွာဘုရားအား အဘယ်သို့သော လွန်ကဲသောပူဇော်ခြင်းအမှုကို ပြုရပါအံ့နည်း”ဟု ကြံစည်ပြီးလျှင် တစ်စုံတစ်ခုမျှသော တစ်ပါးသော ပစ္စည်းဝတ္ထုကို မမြင်သောကြောင့် “ဤမြတ်လေးပန်းတို့ဖြင့် မြတ်စွာဘုရားကို ပူဇော်အံ့”ဟု ကြံပြီးမှ တစ်ဖန်လည်း “ဤပန်းတို့သည်ကား မင်းကြီးအား နေ့တိုင်းမပြတ် ခစားဆည်းကပ် ဆက်သအပ်သောပန်းတို့ ဖြစ်ကုန်၏။ မင်းကြီးသည် ဤပန်းတို့ကို မရသည်ရှိသော် ငါ့ကို နှောင်ဖွဲ့မူလည်း နှောင်ဖွဲ့ ပေရာ၏။ သတ်မူလည်း သတ်ပေရာ၏၊ တိုင်းပြည်မှ နှင်ထုတ်မူလည်း နှင်ထုတ်ပေရာ၏။ အသို့လျှင် ပြုရပါအံ့နည်း”ဟု စဉ်းစားဆင်ခြင်၏။ ထိုအခါ သုမနပန်းသည်အားဤသို့သော အကြံသည် ဖြစ်လေ၏။ “ပြည်ကြီးသခင် ဘုရင်မင်းကြီးသည် ငါ့ကို သတ်လိုမှုလည်း သတ်စေတော့၊ နှောင်ဖွဲ့လိုမူလည်း နှောင်ဖွဲ့စေတော့၊ တိုင်းပြည်မှ နှင်ထုတ်လိုမူလည်း နှင်ထုတ်စေတော့၊ ထိုမင်းကြီးသည် ငါ့အားပေးသော်လည်း ဤခန္ဓာကိုယ် အတ္တဘော၌ အသက်မွေးလောက်ရုံမျှသော ပစ္စည်းဥစ္စာကိုသာ ပေးလေရာ၏၊ မြတ်စွာဘုရားကို ပူဇော်လှူဒါန်းရခြင်းသည်ကား ငါ့အား များစွာသော ကမ္ဘာကုဋေတို့၌ အစီးအပွားဖြစ်ခြင်းငှာလည်းကောင်း၊ ချမ်းသာခြင်းငှာလည်းကောင်း ထိုက်၏”ဟု အကြံဖြစ်ပြီးလျှင် မိမိ၏အသက်ကို မြတ်စွာဘုရားအား စွန့်လွှတ်လေ၏။ ထိုသုမနပန်းသည်သည် “အကြင်မျှလောက်သောကာလ၌ ငါ၏ ကြည်ညိုသောစိတ်သည် မတွန့်တို မဆုတ်နစ်၊ ထိုမျှလောက်သော ကာလ၌သာလျှင် ပူဇော်ခြင်းကို ပြုပေတော့အံ့”ဟု အလွန်ရွှင်လန်း ဝမ်းမြောက်ဝမ်းသာ အဖန်ဖန်တက်ကြွသော စိတ်ရှိသည်ဖြစ်၍ မြတ်စွာဘုရားကို လှူဒါန်းပူဇော်လေ၏။

ဘုရားရှင်တန်ခိုးတော်၏ အံ့ဩဖွယ်

အဘယ်သို့ လှူဒါန်းပူဇော်သနည်းဟူမူကား ရှေးဦးစွာ နှစ်ဆုပ်မျှသော ပန်းတို့ကို မြတ်စွာဘုရား၏ အထက်၌ ကြဲမြှောက်ပစ်လိုက်လေ၏။ ထိုပစ်အပ်သော ပန်းဆုပ်တို့သည် ဦးထိပ်မဏိတော်ထက်၌ ဗိတာန်မျက်နှာကြက်ဖြစ်၍ တည်ကုန်၏။ တစ်ပါးသော ပန်းနှစ်ဆုပ်တို့ကို ကြဲမြှောက်ပစ်လိုက်ပြန်လေသော် ထိုပန်းနှစ်ဆုပ်တို့သည် လက်ယာလက် နံပါးတော်ဖြင့် ပန်းအမိုးအကာအဖြစ်အားဖြင့် အောက်သို့ တွဲလျားကျဆင်းလျက် တည်ကုန်၏။ တစ်ပါးသော ပန်းနှစ်ဆုပ်တို့ကို ကြဲမြှောက်ကာ ပစ်လိုက်ပြန်လေသော် ထိုပန်းဆုပ်တို့သည် ကျောက်ကုန်းနံပါးတော်ဖြင့် အောက်သို့ တွဲလျားကျဆင်းလျက် ရှေးနည်းအတူသာလျှင် တည်ကုန်၏။ တစ်ပါးသော ပန်းနှစ်ဆုပ်တို့ကို ကြဲမြှောက်ကာ ပစ်လိုက်ပြန်လေသော် ထိုပန်းဆုပ်တို့သည် လက်ဝဲလက်နံပါးတော်ဖြင့် အောက်သို့ တွဲလျားကျဆင်းလျက် ရှေးနည်းအတူသာလျှင် တည်ကုန်၏။ ဤသို့လျှင် ရှစ်စလယ် ရှစ်ကွမ်းစား အတိုင်းအရှည်ရှိသော ပန်းတို့သည် ရှစ်ဆုပ်ဖြစ်၍ လေးပါးသောအရပ်တို့၌ မြတ်စွာဘုရားကို ခြံရံလျက် တည်ကြလေကုန်၏။ မြတ်စွာဘုရား၏ ရှေ့တည့်တည့်မှာကား ကြွသွားတော်မူစရာ တံခါးမကြီးတမျှသာလျှင် ဖြစ်လေ၏။ ပန်းတို့၏ အညှာတို့သည် အတွင်း၌ တည်ကုန်၏။ ပွင့်ရွက်ပွင့်ချပ်တို့သည်ကား အပသို့ရှေးရှူ မျက်နှာမူကြကုန်၏။ မြတ်စွာဘုရားသည် ငွေပြားချပ် ဝန်းရံအပ်သကဲ့သို့ဖြစ်၍ ကြွသွားတော်မူလေ၏။ ပန်းတို့သည် စိတ်စေတနာမရှိသော အဝိညာဏကပင် ဖြစ်ကုန်သော်လည်း စိတ်စေတနာရှိသော သဝိညာဏကဖြစ်သော မြတ်စွာဘုရားကိုမှီ၍ စိတ်စေတနာရှိဘိသကဲ့သို့ မပြိုမပျက် မပြုတ်မကျမူ၍ ဘုရားရှင်နှင့် အတူတကွသာလျှင် သွားကြကုန်၏။ ရပ်တော်မူရာ ရပ်တော်မူရာဌာန၌ ရပ်တည်ကြကုန်၏။

ဘုရားရှင်၏ကိုယ်တော်မှ တစ်သိန်းမျှလောက်သော လျှပ်စစ်နွယ်တို့ပမာ ရောင်ခြည်တော်များစွာတို့သည် ရစ်သန်းပြိုးပြက် ထွက်တော်မူကြလေကုန်၏။ ရှေ့တော်မှလည်းကောင်း, နောက်တော်မှလည်းကောင်း, လက်ယာတော်မှလည်းကောင်း, လက်ဝဲတော်မှလည်းကောင်း, ဦးခေါင်းတော်၏ အထက်တော်မှလည်းကောင်း မပြတ်မလပ်ထွက်သော ရောင်ခြည်တော်တို့သည် အထူးထူးအားဖြင့် ထွက်ခွာပြေးသန်း ကြွမြန်းတော်မူကြကုန်၏။ တစ်ခုသော ရောင်ခြည်တော်မျှလည်း ရှေးရှုရာ ရှေးရှုရာ အရပ်သို့သာလျှင် မပြေးသွားသေးမူ၍ ခပ်သိမ်းသော ရောင်ခြည်တော်တို့သည် မြတ်စွာဘုရားကို သုံးကြိမ်တိုင်တိုင် လက်ယာရစ် လှည့်လည်သည်ကိုပြု၍ ပျိုနုသော ထန်းပင်၏ ပင်စည်လုံးပတ် ပမာဏရှိကုန်လျက် ရှေ့တော်မှသာလျှင် ပြေးသွားကြကုန်၏။ အလုံးစုံသော ရာဇဂြိုဟ်ပြည်ကြီးသည် အုတ်အုတ်ကျက်ကျက် တုန်လှုပ်ချောက်ချားလေ၏။ ပြည်တွင်းကိုးကုဋေ ပြည်ပကိုးကုဋေအားဖြင့် တစ်ဆယ့်ရှစ်ကုဋေတို့တွင် တစ်ယောက်သော ယောက်ျားသည်လည်းကောင်း, တစ်ယောက်သော မိန်းမသည်လည်းကောင်း လှူဒါန်းဖွယ်ရာသော ဆွမ်းကိုယူ၍ အိမ်မှမထွက်သောသူမည်သည် မရှိ။ များစွာသော လူအပေါင်းသည် ရဲရင့်စွာသောအသံကို ကြွေးကြော်လျက် ပုဆိုးဦးရစ်မြှောက်ခြင်း,ပစ်ခြင်း တစ်ထောင်တို့ကို ပြုသည်ဖြစ်၍ မြတ်စွာဘုရား၏ ရှေ့တော်မှသာလျှင် သွားလေ၏။ မြတ်စွာဘုရားသည်လည်း သုမနပန်းသည်၏ ဂုဏ်ကျေးဇူးကို ထင်ရှားအောင်ပြုခြင်းငှာ သုံးဂါဝုတ် အတိုင်းအရှည်ရှိသော မြို့တွင်း၌ စည်လှည့်လည်သော ခရီးလမ်းဖြင့်သာ ကြွတော်မူလေ၏။ သုမနပန်းသည်၏ ကိုယ်အလုံးသည် ငါးပါးအပြားရှိသော ပီတိဖြင့် ထက်ဝန်းကျင် ပြည့်လေ၏။ ထိုပန်းသည်သည် အနည်းငယ်သာလျှင် မြတ်စွာဘုရားနှင့် အတူတကွ လှည့်လည်၍ ဆေးဒန်းမြင်းသီလာ အပြင်၌ငုပ်လျှိုးသကဲ့သို့ ဘုရားရောင်ခြည်တော်တို့၏ အတွင်းသို့ဝင်၍ မြတ်စွာဘုရားကို ချီးမွမ်းရှိခိုးပြီးလျှင် ပန်းမရှိသော အချည်းနှီးသော ခြင်းတောင်းကိုသာလျှင် ယူငင်၍ နေအိမ်သို့ ပြန်လေ၏။

လင်အလှူရဲခြင်းကြောင့် မယားစိတ်ပူပန်ခြင်း

ထိုအခါ သုမနပန်းသည်ကို မယားခင်ပွန်းမက “ပန်းတို့သည် အဘယ်မှာနည်း”ဟု မေး၏။ “မြတ်စွာဘုရားကိုသာ ငါလှူဒါန်းပူဇော်လိုက်ပြီ”ဟု ပြောဆိုလျှင် “ယခုအခါ၌ ဘုရင်မင်းမြတ်အတွက် အသို့ပြုပါအံ့နည်း”ဟု မေးပြန်လေ၏။ “မင်းကြီးသည် ငါ့ကို သတ်လိုလည်း သတ်စေ၊ တိုင်းပြည်မှ နှင်ထုတ်လိုမူလည်း နှင်ထုတ်စေ၊ ငါသည် အသက်ကိုစွန့်လွှတ်၍ မြတ်စွာဘုရားကို ပူဇော်လှူဒါန်း၏။ အလုံးစုံသော ပန်းတို့ကား ရှစ်ဆုပ်မျှတို့သည် ဖြစ်ကုန်၏။ ဤသို့သဘောရှိသည်မည်သော လှူဒါန်းပူဇော်ခြင်းသည် ဖြစ်၏၊ လူများအပေါင်းသည် တစ်ထောင်မျှလောက်ကုန်သော ကြွေးကြော်ခြင်း သာဓုခေါ်ခြင်းတို့ကိုပြုလျက် မြတ်စွာဘုရားနှင့်အတူတကွ လိုက်သွား၏။ ဤသို့ များစွာသောလူအပေါင်း ကြွေးကြော်သော ဤအသံသည် ထိုငါပန်းပူဇော်ရာအရပ်၌ အံ့ဖွယ်သရဲဖြစ်၍ ကြွေးကြော်ကြသော အသံပေတည်း”ဟု ပြောပြလေ၏။

ထိုအခါ သုမနပန်းသည်၏မယား ခင်ပွန်းမသည် မိုက်မဲ တွေဝေလှသည်ဖြစ်သောကြောင့် ဤသို့သဘောရှိသော အံ့ဩဖွယ်ရာ တန်ခိုးပြာဋိဟာ၌ ကြည်ညိုနှစ်သက်ခြင်းမည်သည်ကို မဖြစ်စေမူ၍ ထိုသုမနပန်းသည်ကို ဆဲရေး ရေရွတ်လျက် “ပြည့်ရှင်မင်းတို့မည်သည်ကား ရက်စက်ကြမ်းကြုတ်သော သဘောရှိကုန်၏၊ တစ်ကြိမ်မျှဖြစ်သော အမျက်ကြောင့် လက်ခြေစသည်တို့ကို ဖြတ်ခြင်းဖြင့် များစွာသော အကျိုးစီးပွားမဲ့ကိုသော်လည်း ပြုတတ်ကုန်၏။ အသင်ပြုအပ်သော ထိုပြစ်မှုကြောင့် ငါ့အားလည်း အကျိုးစီးပွားမဲ့သည် ဖြစ်ရာ၏”ဟု ပြောဆိုမြည်တမ်းကာ သားငယ်တို့ကိုယူ၍ မင်းနန်းတော်သို့သွားပြီးလျှင် မင်းကြီးအထံသို့ချဉ်းကပ်သဖြင့် မင်းကြီးက “ချဉ်းကပ်ခြင်းအကြောင်းကား အဘယ်နည်း”ဟု မေးတော်မူလတ်သော် ထိုမိန်းမက “အရှင်မင်းမြတ်- ကျွန်တော်မ၏ ခင်ပွန်းဖြစ်သော ဤသုမနပန်းသည်သည် အရှင်မင်းမြတ်တို့အား ဆက်သရန် ပန်းတို့ဖြင့် မြတ်စွာဘုရားကို လှူဒါန်းပူဇော်၍ အချည်းနှီးသော လက်ရှိသည်ဖြစ်၍ အိမ်သို့ ပြန်လာပါသဖြင့် ပန်းတို့သည် အဘယ်မှာနည်းဟု ကျွန်တော်မက မေးမြန်းသောအခါ ဤမည်သောစကားကို ပြောဆိုပါသည်၊ ကျွန်တော်မသည် ထိုသူကို ဆဲရေးရေရွတ်ခြိမ်းခြောက်လျက် ပြည့်ရှင်မင်းတို့မည်သည်ကား ရက်စက်ကြမ်းကြုတ်သော သဘောရှိကုန်၏၊ တစ်ကြိမ်မျှဖြစ်သော အမျက်ကြောင့် လက်ခြေစသည်တို့ကို ဖြတ်ခြင်းဖြင့် များစွာသောအကျိုးစီးပွားမဲ့ကိုသော်လည်း ပြုတတ်ကုန်၏၊ အသင်ပြုအပ်သော ပြစ်မှုကြောင့် ငါ့အားလည်း အကျိုးစီးပွားမဲ့သည် ဖြစ်ရာ၏ဟု ပြောဆို မြည်တမ်း၍ ထိုသုမနပန်းသည်ကို ပယ်စွန့်၍ ဤနန်းတော်သို့ ရောက်လာရပါသည်၊ ထိုသူပြုအပ်သောအမှုသည် ကောင်းသည်မူလည်းဖြစ်စေ၊ မကောင်းသည်မူလည်း ဖြစ်စေ၊ ထိုအမှုသည် ထိုသူအားသာလျှင် ဖြစ်ပါစေ၊ ကျွန်တော်မသည် ထိုသူကို အပြတ်အစဲ စွန့်ပစ်အပ်သည့်အဖြစ်ကို အရှင်မင်းမြတ် သိတော်မူပါဘုရား”ဟု လျှောက်တင်လေ၏။

ဗိမ္ဗိသာရမင်းကြီးသည် မြတ်စွာဘုရားကို ပထမ ရှေးဦး ဖူးမြင်ရခြင်းအားဖြင့်ပင်လျှင် သောတာပတ္တိဖိုလ်သို့ ရောက်ခဲ့လေရကား သဒ္ဓါတရားအားကြီးသော နှစ်သက်ကြည်ညိုခြင်းရှိသော အရိယာသာဝက ဖြစ်တော်မူသောကြောင့် ကြံဆင်ခြင်တော်မူသည်မှာ “ဪ- အံ့ဖွယ်ရှိလေစွတကား၊ ဤမိန်းမသည် အလွန်မိုက်မဲ တွေဝေလေစွတကား၊ ဤသို့သဘောရှိသော ဂုဏ်ကျေးဇူးတော်၌သော်လည်း နှစ်သက်ကြည်ညိုခြင်းကို မဖြစ်စေနိုင်”ဟု ကြံဆင်ခြင်တော်မူ၏။ ထိုဗိမ္ဗိသာရမင်းကြီးသည် ဒေါသအမျက် ခြောင်းခြောင်းထွက်သကဲ့သို့ဖြစ်၍ “မယ်မင်းမ- သင် အသို့ဆိုဘိသနည်း၊ ငါ့အား ဆက်သရန်ပန်းတို့ဖြင့် ထိုပန်းသည် သုမနသည် လှူဒါန်းပူဇော်ခြင်းကို ပြုလေသလော”ဟု မေးတော်မူသည်ရှိသော် “အရှင်မင်းမြတ်- ဟုတ်မှန်ပါသည်ဘုရား”ဟု လျှောက်တင်ပြန်လေ၏။ “ယခုအခါ ထိုပန်းသည်သုမနကို စွန့်ပစ်သဖြင့် ကောင်းသောအမှုကို သင်ပြုအပ်ပေ၏၊ ထိုသုမနသည် ငါဘုရင်မင်းမြတ်၏ပန်းတို့ဖြင့် လှူဒါန်းပူဇော်ခြင်းကို ပြုလေဘိသည်၊ ထိုပန်းသည်သုမနအား ပြုအပ်သောအမှုကို ငါသိအောင်ပြုရပေတော့အံ့”ဟု ပြောဆို၍ ထိုမိန်းမကို လွှတ်လိုက်ပြီးလျှင် လျင်မြန်စွာ မြတ်စွာဘုရား၏အထံတော်သို့ သွား၍ ရှိခိုးလျက် မြတ်စွာဘုရားနှင့် အတူတကွသာလျှင် လှည့်လည်လေ၏။

သုမနပန်းသည် သဗ္ဗဋ္ဌကဆုရခြင်း

မြတ်စွာဘုရားသည် မင်းကြီး၏ စိတ်ကြည်ညိုခြင်းကို သိတော်မူ၍ စည်လှည့်လည်သော ခရီးလမ်းဖြင့် မြို့တွင်းသို့ လှည့်လည်ပြီးလျှင် မင်း၏အိမ်နန်းတော်တံခါးဝသို့ ကြွသွားတော်မူလေ၏။ မင်းသည် သပိတ်တော်ကိုယူ၍ နန်းတော်တွင်းသို့ သွင်းဆောင်ခြင်းငှာ အလိုရှိ၏။ မြတ်စွာဘုရားသည်ကား မင်းရင်ပြင်၌သာ နေတော်မူလိုသော အခြင်းအရာကို ပြတော်မူ၏။ မင်းကြီးသည် ထိုအကြောင်းကိုသိ၍ “လျင်စွာ မဏ္ဍပ်ကို ပြုကြကုန်လော့”ဟု မိန့်ခြင်းကြောင့် ထိုခဏ၌သာလျှင် မဏ္ဍပ်ကို ပြုစေလေ၏။ မြတ်စွာဘုရားသည် ရဟန်းသံဃာအပေါင်းနှင့်တကွ ထိုင်နေတော်မူလေ၏။

(မြတ်စွာဘုရားသည် အဘယ့်ကြောင့် မင်းအိမ်နန်းတော်သို့ ဝင်တော်မမူလေသနည်းဟူမူကား မြတ်စွာဘုရားအား ဤသို့သော အကြံတော်သည် ဖြစ်ပေသတတ်။ “ငါဘုရားသည် နန်းတော်တွင်းသို့ဝင်၍ ထိုင်နေတော်မူသည် အကယ်၍ ဖြစ်ခဲ့ငြားအံ့၊ လူများအပေါင်းသည် ငါဘုရားကို ဖူးမြင်ခြင်းငှာ မရပေလတ္တံ့၊ သုမနပန်းသည်၏ ဂုဏ်ကျေးဇူးသည် ထင်ထင်ရှားရှား မဖြစ်ပေလတ္တံ့၊ မင်းရင်ပြင်၌ ထိုင်နေတော်မူသော ငါဘုရားကိုမူကား လူများအပေါင်းသည် ဖူးမြင်ခြင်းငှာ ရပေလတ္တံ့၊ သုမနပန်းသည်၏ ဂုဏ်ကျေးဇူးသည်လည်း ထင်ထင်ရှားရှား ဖြစ်ပေလတ္တံ့”ဟု ဤသို့သော အကြံ ဖြစ်တော်မူလေ၏။ ဂုဏ်ရှိသောသူတို့၏ ဂုဏ်ကျေးဇူးကို မြတ်စွာဘုရားတို့သည်သာလျှင် ထင်ရှားသည်ကို ပြုခြင်းငှာ စွမ်းနိုင်ကြကုန်၏။ ကြွင်းသောလူများအပေါင်းသည် ဂုဏ်ရှိသောသူတို့၏ ဂုဏ်ကျေးဇူးကို ဆိုသည်ရှိသော် မထင်ရှားစေလို ဝန်တိုလျှို့ဝှက်တတ်၏။)

လေးခုကုန်သော ပုဆိုးအလား ပန်းအပြားတို့သည် လေးပါးကုန်သော အရပ်မျက်နှာအဖို့တို့၌ တည်နေကြကုန်၏။ လူများအပေါင်းသည် မြတ်စွာဘုရားကို ခြံရံ၏။ ဗိမ္ဗိသာရမင်းကြီးသည် မြတ်စွာဘုရားအမှူးရှိသော ရဟန်းသံဃာတော်အပေါင်းကို မွန်မြတ်သော ဆွမ်းခဲဖွယ် ဘောဇဉ်အာဟာရဖြင့် လုပ်ကျွေးဆက်ကပ် လှူဒါန်း၏။ မြတ်စွာဘုရားသည် ဆွမ်းဘုဉ်းပေးပြီးသောအခါ အနုမောဒနာ ပြုတော်မူ၍ ရှေးနည်းဖြင့်သာလျှင် လေးခုသော ပန်းအပြားတို့ဖြင့် ခြံရံအပ်လျက် မြတ်သော ရဲရင့်သောအသံကို ရွတ်ဆိုပြီးလျှင် များစွာသော လူအပေါင်းခြံရံကာ ကျောင်းတော်သို့ ကြွတော်မူလေ၏။ ဗိမ္ဗိသာရမင်းကြီးသည် မြတ်စွာဘုရားကို အစဉ်လိုက်၍ ပို့လိုက်ပြီးမှ ဆုတ်နစ်ပြန်လည်လာခဲ့ပြီးလျှင် သုမနပန်းသည်ကို ခေါ်စေတော်မူ၍ “ငါ့အား ဆက်သွင်းခြင်းငှာ ယူဆောင်၍လာခဲ့သော ရှစ်စလယ် ရှစ်ကွမ်းစားဖြစ်သော ပန်းတို့ဖြင့် အဘယ်သို့ နှလုံးသွင်းခြင်းကိုပြု၍ မြတ်စွာဘုရားကို လှူဒါန်းပူဇော်ဘိသနည်း”ဟု မေးမြန်းတော်မူ၏။ သုမနပန်းသည်က “အရှင်မင်းမြတ်- ပြည့်ရှင်မင်းကြီးသည် ငါ့အား သတ်လိုမူလည်း သတ်စေတော့၊ တိုင်းနိုင်ငံမှ နှင်ထုတ်လိုမူလည်း နှင်ထုတ်စေတော့ဟု ဆို၍ အသက်ကိုစွန့်လွှတ်ပြီးလျှင် လှူဒါန်းပူဇော်လိုက်ပါသည်ဘုရား”ဟု လျှောက်တင်လေ၏။ မင်းကြီးသည် “သင်ကား ယောက်ျားမြတ်မည်ပေသည်”ဟု မိန့်ဆိုတော်မူ၍ ဆင်ရှစ်စီးတို့ကိုလည်းကောင်း, မြင်းရှစ်စီးတို့ကိုလည်းကောင်း, ကျွန်မိန်းမ ရှစ်ယောက်တို့ကိုလည်းကောင်း, ကျွန်ယောက်ျား ရှစ်ယောက်တို့ကိုလည်းကောင်း, မြတ်သောတန်ဆာ ရှစ်ခုတို့ကိုလည်းကောင်း ပေးတော်မူပြီးလျှင် အသပြာရှစ်ထောင်တို့ကိုလည်း နန်းတော်တွင်းမှ ထုတ်ဆောင်၍ အလုံးစုံသော တန်ဆာတို့ဖြင့် တန်ဆာဆင်အပ်သော ရှစ်ယောက်သော သမီးကညာ မိန်းမတို့ကိုလည်းကောင်း, အခွန်ကျေးလက်ကောင်းစွာထွက်ကုန်သော ရှစ်ခုသော ရွာမြတ်တို့ကိုလည်းကောင်း ဤသို့ ဤအလုံးစုံ ရှစ်ခုစီရှိသော သဗ္ဗဋ္ဌက အမည်ရှိသော ပေးအပ်သော ဆုတော်လာဘ်တော်တို့ကို ပေးသနားတော်မူလေ၏။

ပစ္စေကဗောဓိဆု ဗျာဒိတ်ပေးခြင်း

အရှင်အာနန္ဒာ မထေရ်သည် ကြံဆင်ခြင်တော်မူသည်မှာ “ယနေ့နံနက်အခါမှစ၍ ရဲရင့်သော ကောင်းချီးပေးသံ တစ်ထောင်တို့သည်လည်းကောင်း၊ ပုဆိုးဦးရစ်တစ်ထောင် ပစ်မြှောက်ခြင်းတို့သည်လည်းကောင်း ဖြစ်စေကုန်၏၊ သုမန ပန်းသည်အား ခံစားရလတ္တံ့သော အကျိုးအာနိသံသကား အဘယ်သို့ ဖြစ်လတ္တံ့နည်း”ဟု ကြံဆင်ခြင်တော်မူပြီးလျှင် အရှင်အာနန္ဒာမထေရ်သည် မြတ်စွာဘုရားကို မေးလျှောက်လေ၏။ ထိုအခါ အရှင်အာနန္ဒာကို မြတ်စွာဘုရားသည် “ချစ်သားအာနန္ဒာ- ဤပန်းသည်သည် အနည်းငယ်မျှသာဖြစ်သော ကောင်းမှုကို ပြုအပ်ပြီဟု မမှတ်သားလေလင့်၊ ဤသူသည် ငါဘုရားအား အသက်ကိုစွန့်၍ ပူဇော်ခြင်းကို ပြုလေ၏၊ ထိုပန်းသည်သည် ဤသို့ ငါဘုရား၌ စိတ်ကို ကြည်ညိုစေရသောကြောင့် ဤသို့ဖြစ်လတ္တံ့”ဟု ဤဂါထာကို ဟောတော်မူလေ၏။

ကပ္ပါနံ သတသဟဿံ၊ ဒုဂ္ဂတိံ န ဂမိဿတိ။
ဌတွာ ဒေဝမနုဿေသု၊ ဖလံ ဧတဿ ကမ္မုနော။
ပစ္ဆာ ပစ္စေကသမ္ဗုဒ္ဓေါ၊ သုမနော နာမ ဘဝိဿတိ။

အာနန္ဒ၊ ချစ်သားအာနန္ဒာ။ ဧတဿ ကမ္မုနော၊ ထိုကောင်းမှုကံ၏။ ဖလံ၊ အကျိုးသည်။ ကပ္ပါနံ၊ ကမ္ဘာတို့၏။ သတသဟဿံ၊ တစ်သိန်းကာလပတ်လုံး။ ဒုဂ္ဂတိံ၊ ငရဲ တိရစ္ဆာန် ပြိတ္တာ အသုရကာယ် အပါယ်လေးပါး မကောင်းသောအလားသို့။ န ဂမိဿတိ၊ မသွားမလာရလတ္တံ့။ ဒေဝမနုဿေသု၊ နတ်ပြည် လူ့ပြည်တို့၌။ ဌတွာ၊ တည်၍။ ပစ္ဆာ၊ နောက်ကာလ၌။ သုမနော နာမ၊ သုမန အမည်ရှိသော။ ပစ္စေကသမ္ဗုဒ္ဓေါ၊ ပစ္စေကဗုဒ္ဓါသည်။ ဘဝိဿတိ၊ အမှန်စင်စစ် ဖြစ်ပေလတ္တံ့။

မြတ်စွာဘုရားသည် ကျောင်းတော်သို့ ကြွသွားတော်မူ၍ ဂန္ဓကုဋိသို့ ဝင်တော်မူသောအခါ ထိုမြတ်လေးပန်းတို့သည် တံခါးမုခ်၌ ကျလေကုန်၏။ ညချမ်းသောအခါ ရဟန်းတို့သည် တရားသဘင်၌ “သုမနပန်းသည်၏ ပြုအပ်သောကောင်းမှုကံသည် အံ့ဩဖွယ်ရှိလေစွတကား၊ သက်တော်ထင်ရှားရှိတော်မူသော မြတ်စွာဘုရားအား အသက်ကိုစွန့်လွှတ်၍ ပန်းလှူဒါန်းပူဇော်ခြင်းကို ပြုသဖြင့် ထိုခဏ၌ပင် သဗ္ဗဋ္ဌကမည်သော ဆုတော်လာဘ်တော်ကို ရလေပြီ”ဟူသောစကားကို ဖြစ်စေကြကုန်၏။ မြတ်စွာဘုရားသည် ဂန္ဓကုဋိတိုက်တော်မှ ထွက်တော်မူ၍ ကြွသွားခြင်းသုံးပါးတို့တွင် တစ်ပါးပါးသော ကြွသွားတော်မူခြင်းဖြင့် တရားသဘင်သို့ ကြွသွားတော်မူ၍ မြတ်စွာဘုရား နေရာတော်၌ ထိုင်နေသီတင်းသုံးတော်မူပြီးလျှင် “ချစ်သားရဟန်းတို့- ယခု ငါဘုရား ကြွလာတော်မူဆဲကာလ၌ အဘယ်စကားဖြင့် စည်းဝေးနေထိုင်ကြကုန်သနည်း”ဟု မေးတော်မူခြင်းကြောင့် “ဤမည်သောစကားဖြင့် စည်းဝေး နေထိုင်ကြပါသည်ဘုရား”ဟု နားတော်လျှောက်သော် “ချစ်သားရဟန်းတို့- ဪ.. ဟုတ်ပေ၏။ အကြင်သို့သော အမှုကို ပြုအပ်သည်၏အဖြစ်ကြောင့် နောင်တတစ်ဖန် စိုးရိမ်ပူပန်ခြင်းသည် မဖြစ်နိုင်၊ အောက်မေ့တိုင်း အောက်မေ့တိုင်းသော ခဏ၌ ဝမ်းမြောက်ခြင်းသည်သာလျှင် ဖြစ်၏။ ဤသို့သဘောရှိသော ကောင်းမှုကံကို ပြုအပ်သည်သာလျှင်တည်း”ဟု မိန့်တော်မူပြီးလျှင် အနုသန္ဓေကိုစပ်၍ တရားဟောတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

[၆၈] တဉ္စ ကမ္မံ ကတံ သာဓု၊ ယံ ကတွာ နာနုတပ္ပတိ။
ယဿ ပတီတော သုမနော၊ ဝိပါကံ ပဋိသေ၀တိ။

ယံ ကမ္မံ၊ အကြင်အမှုကို။ ကတွာ၊ ပြု၍။ နာနုတပ္ပတိ၊ နောင်တတစ်ဖန် မပူပန်ရပေ။ ယဿ ကမ္မဿ၊ အကြင်ကံ၏။ ဝိပါကံ၊ အကျိုးကို။ ပတီတော၊ ပီတိအဟုန်ဖြင့် နှစ်သက်သည်ဖြစ်၍။ သုမနော၊ သောမနဿအဟုန်ဖြင့် ဝမ်းမြောက်သည်ဖြစ်၍။ ပဋိသေဝတိ၊ မှီဝဲသုံးဆောင်ရ၏။ တဉ္စ ကမ္မံ၊ ထိုကောင်းမှုကံကိုသာလျှင်။ ကတံ၊ ပြုရခြင်းသည်။ သာဓု၊ ကောင်းလှပေ၏။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ ရှစ်သောင်းလေးထောင်သော သတ္တဝါတို့အား အကျွတ်တရားကိုရခြင်းသည် ဖြစ်လေ၏။

သုမနပန်းသည်ဝတ္ထု ပြီး၏။