သုမနဘုရားရှင်

From Wikisource
Jump to navigation Jump to search
364909နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓဝင် — (၇) သုမနဘုရားရှင် -သုမနဗုဒ္ဓဝင်ကို ကြည့်ရန်ဓမ္မရံသီဝတ်အသင်း

၇။ သုမနဗုဒ္ဓဝင်

[edit]

မင်္ဂလဘုရားရှင် ရှေးဦးစွာပွင့်တော်မူသည့် ဘုရားလေးဆူ ပွင့်တော်မူသော သာရမဏ္ဍကမ္ဘာတွင် မင်္ဂလဘုရား ရှင်ပွင့်တော်မူပြီးနောက် ဒုတိယမြောက် ဘုရားရှင်အဖြစ် သုမနဘုရားရှင် ပွင့်တော် မူခဲ့သည်။ မင်္ဂလဘုရားရှင်၏ ကိုယ်တော်မှ ထွက်တော်မူသော ရောင်ခြည်တော်တို့ဖြင့် စကြဝဠာ တိုက် တစ်သောင်း ထွန်းလင်းနေခဲ့ရာမှ မင်္ဂလ ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူသော အခါ လောကဓါတ် စကြဝဠာတိုက်တစ်သောင်း မှောင်အတိကျသကဲ့သို့ ဖြစ်ခဲ့သည်။

ထိုမင်္ဂလဘုရားရှင် ပရိနိဗ္ဗာန်စံ တော်မူရာ အသက်တမ်းနှစ် ကိုးသောင်းမှ ဆုတ်ယုတ်၍ အသက် ဆယ်နှစ်တမ်းသို့ ရောက်ခဲ့သည်။ တစ်ဖန်ထိုအသက်ဆယ်နှစ်တမ်းမှ တိုးတက်လာကာ အသင်္ချေယျတမ်းသို့ ရောက်ခဲ့ပြန်သည်။ ထိုအသေင်္ချေယျတမ်းမှ တစ်ဖန်ဆုတ်ယုတ်ပြန်၍ အနှစ် ကိုးသောင်းတမ်းသို့ ရောက်လေလျှင် သုမနဘုရားရှင် ပွင့်တော်မူခဲ့လေသည်။

သုမနဘုရားအလောင်း ဖွားမြင်တော်မူခြင်း

[edit]

သုမနဘုရား အလောင်းတော်သည် ပါရမီတော်တို့ကို ဖြည့်ကျင့်တော် မူပြီးသည့်အဆုံး၌ အလောင်းတော်တို့၏ ဓမ္မတာ အရ တုသိတာနတ်ပြည်၌ စံနေတော်မူခဲ့သည်။ နတ်ဗြဟ္မာတို့သည် အလောင်းတော် နတ်သားအား လောကတွင် ဘုရား ဖြစ်တော်မူရန် အချိန်တန်ပြီဖြစ်၍ လူ့ပြည် ဆင်းရန် တောင်းပန်တော်မူကြရာ အလောင်းတော်သည် နတ်ပြည်မှ နတ်သက်ချွေ၍ လူ့ပြည် မေခလနေပြည်တော် သုဒတ္တမင်းကြီး၏ အဂ္ဂမဟေသီ သိရိမာဒေဝီ မိဖုရားကြီး၏ ဝမ်းကြာ တိုက်၌ ပဋိသန္ဓေတည်နေတော်မူခဲ့သည်။ မင်းကြီးသည် မိဖုရားနှင့် သားတော် အလောင်းမင်းသားအတွက် ကြီးစွာသော အဆောင် အယောင် အစောင့်အရှောက်တို့ကို ပေးကာ ချီးမြှောက်ခဲ့သည်။ ဆယ်လ ပြည့်သောအခါ ဖွားမြင်တော်မူ၍ “သုမနမင်းသား”ဟု အမည် ပေးတော် မူခဲ့သည်။ အလောင်း တော်မင်းသား ပဋိသန္ဓေနေသောအခါ၊ ဖွားမြင်တော် မူသောအခါတို့၌ နိမိတ်ကြီးများ ထင်ခဲ့ သည့်အပြင် အလောင်းတော် ဟူသမျှ တို့၌ ဖြစ်ပေါ်ရသည့် ဓမ္မတာအတိုင်း အထူး အံ့ဩဖွယ်ရာများ ဖြစ်ပေါ်ခဲ့ ကြသည်။

ထီးနန်းစိုးစံတော်မူခြင်း

[edit]

အလောင်းတော် သုမနမင်းသားသည် တရွေ့ရွေ့ကြီးမြောက် အရွယ်သို့ ရောက်သောအခါ ဝဋံသိကာ အမည်ရှိသော မင်းသမီးနှင့် ရွှေလက်ထပ်၍ နန်းရပ်ထီးဖြူ စိုးစံတော်မူခဲ့သည်။ နှစ်ပေါင်းကိုး သောင်းတို့ပတ်လုံး လွန်စွာမွေ့ လျော်ဖွယ်ကောင်းသော စန္ဒရွှေနန်းဆောင်၊ သုစန္ဒရွှေနန်း ဆောင်၊ ဝဋံသရွှေနန်းဆောင်ဟူသော နန်းမသုံး ဆောင်တို့၌ ဝဋံသိကာမိဖုရား အမှူးရှိသော ရံရွေတော် သုံးသန်းခြောက်သိန်းတို့နှင့်တကွ နတ်တို့တမျှ စည်းစိမ်ကို ခံစား စံစား တော်မူခဲ့သည်။ အလောင်းမင်းသား၏ သားတော်မှာ အနုပမမင်းသားဖြစ်ခဲ့၏။

တောထွက်တော်မူခြင်း

[edit]

အလောင်းတော်သည် ထိုသို့ထီးနန်းအုပ်ချုပ်မင်းလုပ်နေရာတွင် ဝဋံသိကာ မိဖုရားကြီးမှ အနုပမ မင်းသားကို ဖွားမြင် တော်မူသောအခါ နတ်တို့ ဖန်ဆင်းပြသည့် သူအို၊ သူနာ၊ သူသေ၊ ရဟန်း ဟူသော နိမိတ်ကြီး လေးပါးကို မြင်တော် မူပြီး အလောင်းတော်တို့၏ ဓမ္မတာအတိုင်း နတ်တို့ ဆင်ယင်ပေးအပ်သော အဝတ်တန်ဆာတို့ဖြင့် ဆင်ယာဉ် ကိုစီးကာ တောထွက်၍ ရဟန်းပြုတော် မူခဲ့သည်။ အလောင်းတော်သုမနမင်းသား တောထွက်၍ ရဟန်းပြုတော်မူ ကြောင်းကို တွေ့မြင် သိရှိကြားသိကြသော လူပေါင်းကုဋေသုံးဆယ်တို့သည် အလောင်းတော်ကို အတုလိုက်၍ ရဟန်းပြု ခဲ့ကြ၏။ အလောင်းတော်သည် ဆယ်လတို့ပတ်လုံး ဒုက္ကရစရိယာခေါ် ပြုနိုင်ခဲသော အကျင့်ကို ကျင့်တော်မူခဲ့၏။ ကဆုန်လပြည့် ဘုရားဖြစ်အံ့သော နေ့တွင် အနောမနိဂုံးသူ အနောမမည်သော သူဌေးသမီး လှူဒါန်းသော ဃနာနို့ဆွမ်းကို ဘုဉ်းပေးတော်မူပြီး ထိုအရပ်ရှိ အင်ကြင်းတောတွင်းပင် နေခိုတော် မူခဲ့သည်။

ဘုရားဖြစ်တော်မူခြင်း

[edit]

အလောင်းတော်သည် အင်ကြင်းတောတွင် နေခိုတော်မူပြီးနောက် ညနေချမ်းအချိန်သို့ ရောက်သောအခါ အခြွေအရံ ရဟန်းအပေါင်းတို့ကို စွန့်ခွါပြီး တစ်ပါးတည်း မဟာဗောဓိပင်ရှိရာ အရပ်သို့ ကြွတော်မူခဲ့သည်။ လမ်းခရီးအကြား၌ အနုပမမည်သော တက္ကတွန်းသည် လှူဒါန်း အပ်သော မြက်ရှစ်ဆုပ်တို့ကို ခံယူတော်မူခဲ့ပြီး ကံ့ကော်ဗောဓိပင်အရင်း၌ ဖြန့်ခင်းလိုက် သည်နှင့် တစ်ပြိုင်နက် အတောင်းသုံးဆယ် ပမာဏရှိသော အပရာဇိတ ပလ္လင်တော် ပေါ်ပေါက်တော်မူခဲ့ သည်။ အပရာဇိတပလ္လင်တော်ထက်၌ ထက်ဝယ်ဖွဲ့ခွေထိုင်နေတော်မူလျက် အင်္ဂါလေးပါး ရှိသော ဝီရိယကို ဆောက် တည်ကာ ကမ္မဋ္ဌာန်းတရား အားထုတ် တော်မူခဲ့၍ ထိုနေ့ နေမဝင်မီ မာရ်စစ်သည် ဗိုလ်ပါတို့ကို အောင်မြင် တော် မူခဲ့သည်။ အလောင်းတော်သည် တစ်ဆက တည်းပင် ညဉ့်ဦးယံ၌ ပုဗ္ဗေနိဝါသဉာဏ်၊ သန်းခေါင်ယံ၌ ဒိဗ္ဗစက္ခု ဉာဏ် တို့ကို ရတော်မူခဲ့သည်။ မိုးသောက်ယံ၌ ပဋိစ္စ သမုပ္ပါဒ် တရားကို အနုလုံ၊ ပဋိလုံ အစုန်အဆန်အားဖြင့် သုံးသပ် တော်မူပြီး ဝိပဿနာဉာဏ်ကို ပွားများတော် မူခဲ့၏။ နေအရုဏ် တက်သည်နှင့် တစ်ပြိုင်နက် အရဟတ္တမဂ်ဉာဏ်နှင့် တကွ အသာဓာရဏ ဉာဏ်တော်စသော ဘုရားဂုဏ်တော်တို့ကို ထိုးထွင်း သိမြင်တော်မူကာ လောကသုံးပါး အတုမရှိ သော ဘုရားအဖြစ်သို့ ရောက်တော် မူခဲ့သည်။

ဓမ္မစကြာတရားဦး ဟောတော်မူခြင်း

[edit]

သုမနဘုရားရှင်သည် ဘုရားဖြစ်တော်မူပြီးနောက် မဟာဗောဓိပင်၏ အနီးမှာပင် သတ္တသတ္တာဟ-လေးဆယ့်ကိုးရက် အရဟတ္တဖိုလ်ချမ်းသာဖြင့် စံနေတော်မူခဲ့၏။ အဋ္ဌမသတ္တာဟသို့ ရောက်သောအခါ တရားဟောရန် ဗြဟ္မာမင်း၏ တောင်းပန်ခြင်းကို လက်ခံတော်မူခဲ့ပြီး ဘုရားရှင်အလောင်း တော်ဘဝ တောထွက်စဉ်က လိုက်ပါတောထွက်ခဲ့ကြသော ရဟန်းတော် ကုဋေသုံးဆယ်တို့ရှိရာ မဟာဗောဓိပင်မှ တဆယ့် ရှစ်ယူဇနာကွာဝေးသော မေခလမြို့၊ မေခလဥယျာဉ်သို့ ကောင်းကင်ခရီးဖြင့် ခဏချင်း ကြွတော် မူခဲ့သည်။ ရဟန်းကုဋေသုံးဆယ်တို့သည် ဘုရားရှင်အား ခရီးဦးကြိုဆိုကြ ကုန်လျက် သင့်တင့်လျောက်ပတ်သော အရပ်၌ နေထိုင်ကြကာ ဘုရားရှင်ကို ဆည်းကပ်ခဲ့ကြသည်။ ထိုအခါ သုမန ဘုရားရှင်သည် ဥယျာဉ်မှူးကို စေခိုင်းကာ ကိုယ်တော်မြတ်နှင့် မိကွဲဖတူ ညီတော်သရဏ မင်းသားနှင့် ပုရော ဟိတ် ပုဏ္ဏား၏သား ဘာဝိတတ္ထလုလင်တို့ကို ခေါ်စေတော်မူပြီး ရဟန်းတော် ကုဋေသုံးဆယ် သရဏမင်းသား၊ ပုရောဟိတ် သား ပုဏ္ဏားလုလင် တို့နှင့်အတူ ကုဋေတစ်သိန်းသော လူနတ်ဗြဟ္မာတို့အား ဘုရားရှင်တို့ ဟောကြားတော် မူမြဲဖြစ် သည့် ဓမ္မစက္ကပဝတ္တနသုတ် ဒေသနာ တော်ကို ဟောကြားတော်မူခဲ့၏။ ဒေသနာတော်၏ အဆုံး၌ ကုဋေတစ်သိန်း သော လူနတ်ဗြဟ္မာ သတ္တဝါတို့သည် သစ္စာလေးပါးတရားကို သိမြင်တော်မူခဲ့ ကြသည်။

ဂေါတမဘုရား အလောင်းတော် ဗျာဒိတ်ခံခြင်း

[edit]

သုမနဘုရားရှင်၏ လက်ထက်တော်၌ ဂေါတမဘုရား အလောင်းတော်သည် တန်ခိုး အာနုဘော် ကြီးမားသော အတုလ နဂါးမင်းဖြစ်တော်မူ၍ “လောကသုံးပါး၌ ဘုရားပွင့်တော်မူပြီ”ဟု ကြားသိ ခဲ့သည်။ နဂါးမင်းသည် ဆွေမျိုးအပေါင်း ခြံရံလျက် ဘုရားရှင်ထံ ချဉ်းကပ်ကာ သုမနဘုရား ရှင်နှင့်တကွ အခြံအရံ ရဟန်းကုဋေ တစ်သိန်းတို့အား နတ်၌ဖြစ် သော တူရိယာမျိုးတို့ဖြင့် ပူဇော် သက္ကာရပြုခြင်း၊ ဆွမ်းအဖျော်တို့ကို လှူဒါန်းခြင်း၊ ရဟန်းတော် တစ်ပါးတစ်ပါးအား တစ်စုံစီသော သင်္ကန်းလျာ ပုဆိုးတို့ကို လှူဒါန်းခြင်းတို့ဖြင့် အသဒိသဒါန အလှူကြီးကို ပေးလှူတော်မူခဲ့သည်။ သုမနဘုရားရှင်သည် ထိုအတုလနဂါးမင်းကို “ဤနဂါးမင်းသည် နောင်လာမည့် ဘဒ္ဒကမ္ဘာတွင် ဂေါတမ မြတ်စွာ ဘုရားဖြစ်တော်မူလတံ့”ဟု ဗျာဒိတ်ခံစကား မိန့်ကြားတော်မူခဲ့သည်။ နဂါးမင်းသည် ဘုရားရှင်၏ ဗျာဒိတ်စကားကို ကြားရလေလျှင် အလွန့်အလွန်စိတ်ကို ကြည်လင်စေ၍ ပါရမီတော် တို့ကို တိုးတက်ဖြည့်ကျင့်တော်မူရန် မြဲမြံစွာ ဆောက်တည်ခဲ့ လေသည်။

သုမနဘုရားရှင်၏ တပည့်သာဝကများ

[edit]

သုမနဘုရားရှင်၏(အဂ္ဂသာဝက) မြတ်သောတပည့်အစုံတို့ကား အရှင် သရဏမထေရ်နှင့် အရှင် ဘာဝိတတ္ထမထေရ်တို့ ဖြစ်ခဲ့ကြကုန်၍ အလုပ် အကျွေးရဟန်းကား ဥဒေနမထေရ် ဖြစ်ခဲ့လေ သည်။ (အဂ္ဂသာဝိကာ) မြတ်သော တပည့်မ အစုံတို့သည် အရှင်မ သောဏာထေရီနှင့် အရှင်မ ဥပသောဏာ ထေရီတို့ ဖြစ်ခဲ့ကြကုန်၍ မဟာဗောဓိပင်ကား ကံ့ကော်ပင် ဖြစ်ခဲ့၏။ (အဂ္ဂဥပဋ္ဌာက) မြတ်သော အလုပ်အကျွေးဒါယကာတို့ကား ဝရုဏသူဌေးနှင့် သရဏသူဌေးတို့ ဖြစ်ခဲ့ကြကုန် ၍(အဂ္ဂဥပဋ္ဌိကာ) မြတ်သော အလုပ်အကျွေးဒါယိကာမတို့သည် စာလာနှင့် ဥပစာလာတို့ ဖြစ်ခဲ့ကြ ကုန်၏။ သုမနဘုရားရှင်၏ အရပ်တော်မှာ အတောင်ကိုးဆယ် မြင့်တော်မူခဲ့၏။ ရွှေတိုင်ကြီးနှင့် တူတော်မူ၍ စကြဝဠာ တိုက်တစ်သောင်းကို ထွန်းလင်း တောက်ပသော ကိုယ်တော် ရောင်ဖြင့် အထူးပင် တင့်တယ် သပ္ပါယ်တော် မူခဲ့သည်။

(ဓမ္မာဘိသမယ) တရားပွဲကြီးများ

[edit]

မေခလမြို့ မေခလဥယျာဉ်၌ ဓမ္မစက္ကပဝတ္တနသုတ်တော်ကို ဟောကြားတော် မူသော သုမန ဘုရားရှင်၏ တရားပွဲသည် ရှေးဦးစွာ ဓမ္မာဘိသမယ တရားပွဲကြီးဖြစ်တော်မူခဲ့သည်။ ထိုတရားပွဲ ကြီး၌ ကုဋေတစ်သိန်းသော လူနတ်ဗြဟ္မာ သတ္တဝါတို့ သစ္စာလေးပါးကို သိမြင်ကာ ကျွတ်တမ်းဝင်ခဲ့ ကြသည်။ တစ်ဖန် သုမနဘုရား၏ သုနန္ဒဝတီမြို့ သရက်ပင်၏ အနီး၌ တိတ္ထိတို့၏ မာန်ကို ချိုးနှိမ်တော်မူခြင်းငှာ လွန်စွာဆန်းကြယ် အံ့ဩဖွယ် ကောင်းသော ရေမီးအစုံစုံ တန်ခိုးပြာဋိဟာကို ပြတော်မူလျက် လူနတ်ဗြဟ္မာ သတ္တဝါတို့အား ဟောတော်မူသော တရားပွဲသည် ဒုတိယအကြိမ် မြောက် (ဓမ္မာဘိသမယ)တရားပွဲကြီး ဖြစ်ခဲ့သည်။ ထိုတရားပွဲကြီး၌ ကုဋေတစ်သိန်း ကုန်သော သတ္တဝါတို့ သစ္စာလေးပါး တရားထူးကို သိမြင်ကာ ကျွတ်တမ်းဝင် ခဲ့ကြသည်။ ထို့နောက်တစ်ဖန် စကြဝဠာ တိုက်တစ်သောင်းမှ လာခဲ့ကြကုန်သော နတ်ဗြဟ္မာတို့နှင့် ဤစကြဝဠာနေ နတ်လူဗြဟ္မာ တို့သည် စုဝေးမိကြပြီး ထိုအစုအဝေး၌ “နိရောဓသမာပတ်ကို အဘယ်သို့ဝင် စားသနည်း။ အဘယ်သို့ နိရောဓသမာပတ် ရောက်သူ ဖြစ်သနည်း။ နိရောဓသမာပတ်မှ အဘယ်သို့ ထသနည်း” စသည်ဖြင့် သံသယဝင်ကာ ပြဿနာဖြစ်ခဲ့ကြ ကုန်၏။ သမ္မုတိ နတ်ဖြစ်သော အရိန္ဒမမင်းနှင့်အတူ လောကသုံးပါး၏ ကိုးစားရာ သုမနဘုရားထံ ချဉ်းကပ်ကြကုန်၍ မေးလျှောက် ခဲ့ကြကုန်၏။ ထိုအခါ သုမနဘုရားရှင်က ထိုပြဿနာကို ဖြေရှင်း ဟောကြားတော်မူခဲ့သည်။ ထိုတရားပွဲသည် သုံးကြိမ်မြောက် (ဓမ္မာဘိသမယ) တရားပွဲကြီး ဖြစ်ခဲ့သည်။ ထိုတရားပွဲတွင် ကုဋေကိုးသောင်း ကုန်သော နတ်လူဗြဟ္မာသတ္တဝါတို့ သစ္စာလေးပါးကို သိကာ ကျွတ်တမ်းဝင်ခဲ့ကြ ကုန်၏။

သာဝက (သန္နိပါတ) အစည်းအဝေးများ

[edit]

သုမနဘုရားရှင်၏ သာဝက (သန္နိပါတ) အစည်းအဝေး သုံးကြိမ် ဖြစ်ခဲ့၏။ သုမနဘုရားရှင်သည် မေခလမြို့ကို အမှီပြု၍ ဝါကပ်တော်မူပြီးလျှင် ဝါကျွတ်သော သီတင်းကျွတ် လပြည့်နေ့၌ ရဟန္တာ ပေါင်း ကုဋေတစ်သိန်း တို့နှင့်အတူ ပဝါရဏာ ပြုတော်မူခဲ့သည်။ ဤကား ရှေးဦးစွာသော သာဝက (သန္နိပါတ) အစည်းအဝေးကြီး ဖြစ်ခဲ့သည်။ အခါ တစ်ပါးဝယ် သင်္ကဿမြို့၏ မနီးမဝေး သောအရပ် တစ်ယူဇနာ အတိုင်းအရှည်ရှိသော ရွှေတောင်ထက်၌ သီတင်း သုံးနေတော်မူ သော အခါ အရိန္ဒမမင်း ကို ခြံရံလျက် လာကြကုန်သော မင်းယောက်ျား ကုဋေကိုးသောင်းတို့ကို တရားဟောကြား ဆုံးမတော်မူကာ ဧဟိဘိက္ခု ရဟန်းတော်ချည်း ဖြစ်စေကုန်၍ ထိုနေ့၌ပင် ရဟန္တာများ ဖြစ်ခဲ့ကြကုန် သည်။ ထိုရဟန်းတို့ ခြံရံလျက် သုမနဘုရားရှင်သည် အင်္ဂါလေးပါးနှင့် ပြည့်စုံသော အစည်းအဝေး၌ ပါတိမောက်ကို ပြတော်မူခဲ့သည်။ ထိုအစည်းအဝေးကား ဒုတိယ အကြိမ်မြောက် သာဝက (သန္နိပါတ) အစည်းအဝေးကြီး ဖြစ်ခဲ့သည်။ တစ်ဖန်အခါတစ်ပါးဝယ် သိကြားမင်းသည် ဘုရားရှင်ကို ဖူးမြင်ခြင်းငှာ ဆည်းကပ်လာခဲ့၏။ ထိုအခါ၌ ကုဋေရှစ် သောင်း ရဟန္တာအပေါင်းတို့၏ အလယ်တွင် သီးတင်းသုံးကာ ပါတိမောက်ကို ပြတော်မူခဲ့သည်။ ထိုအစည်းအဝေးသည် တတိယ အကြိမ်မြောက် သာဝက (သန္နိပါတ) အစည်းအဝေးကြီး ဖြစ်ခဲ့သည်။

ပရိနိဗ္ဗာန်စံတော်မူခြင်း

[edit]

သုမနဘုရားရှင်သည် ကယ်တင်ထိုက်သူတို့ကို ကယ်တင်တော်မူ၍ သစ္စာလေးပါးတရားကို သိစေ ထိုက်သူတို့ကို သိစေတော်မူကာ လမင်းကြီးသည် ကွယ်ဝင်သွားသကဲ့သို့ ပရိနိဗ္ဗာန် ပြုတော် မူခဲ့လေသည်။ “သုမနဘုရားရှင်၏ အတူမရှိသော ဉာဏ်တော်သည်လည်းကောင်း၊ အတူမရှိသော ရတနာတို့သည်လည်းကောင်း ကွယ်ပျောက်ခဲ့လေပြီ။ အလုံးစုံသော သင်္ခါရတရား တို့သည် တည်မြဲသော အနှစ်မရှိ။ အချည်းနှီးသာ ဖြစ်ကုန်လေစွ”

စေတီတည်ထားကိုးကွယ်တော်မူခြင်း

[edit]

အခြံအရံအကျော်အစောကို ဆောင်တော်မူသော သုမနဘုရားရှင်သည် အင်္ဂါရာမကျောင်းတိုက်၌ ပရိနိဗ္ဗာန်စံတော်မူခဲ့၏။

ထိုကျောင်းတိုက်၌ပင် စေတီတော်ကို တည်ထားကိုးကွယ်တော်မူခဲ့ကြရာ စေတီတော်သည် လေးယူဇနာမြင့်တော်မူခဲ့၏။ သက်တော်ရှည်ကြာသောဘုရားရှင်တို့၏ ဓမ္မတာအရ အစိတ်စိတ်မကွဲ တစ်လုံးတစ်ခဲတည်းသော အသမ္ဘိန္န ဓာတ်တော် ကို ထိုစေတီတော်အတွင်း၌ ဌာပနာ သွင်းခဲ့ကြကုန်၏။ ဇမ္ဗူဒိပ်ကျွန်းနေ လူအပေါင်းတို့သည် ရတနာခုနစ်ပါးဖြင့် မွမ်းမံခြယ်လှယ်ကာ စေတီတော်ကို ပြီးဆုံးစေခဲ့ကြကုန်သတည်း။