သုဇာတာသူဌေးကတော်အကြောင်း

From Wikisource
Jump to navigation Jump to search
မဟာဗုဒ္ဓဝင် by မင်းကွန်းဆရာတော်
(၁) သုဇာတာသူဌေးကတော်အကြောင်း

၂၃၈

ဥပါသိကာစရိတ

(၁) သုဇာတာသူဌေးကတော်အကြောင်း

(က) သူဌေးကတော်၏ ရှေးကောင်းမှု

     ဤသုဇာတာ သူဌေးကတော်လောင်း အမျိုးကောင်းသမီးသည် ပဒုမုတ္တရမြတ်စွာ လက်ထက်တော်အခါဝယ် ဟံသာဝတီ မင်းနေပြည်၌ အမျိုးကောင်းသမီး (=သူဌေးသမီး) ဖြစ်လတ်၍ နောက်အဖို့ဝယ် မြတ်စွာဘုရား၏ တရားစကားကို ကြားနာစဉ် မြတ်စွာဘုရားရှင်က ဥပါသိကာတယောက်ကို ရှေးဦးစွာ သရဏဂုံ ခံယူဆောက်တည်သော အရာဝယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူသည်ကို တွေ့မြင်ရ၍ အားကျကာ အဓိကာရကောင်းမှု ကုသိုလ်ကို ပြုပြီးလျှင် ထိုရာထူး = ဌာနန္တရကို ဆုတောင်းပတ္ထနာမှု ပြုလေသည်။ မြတ်စွာဘုရားရှင်ကလည်း ဗျာဒိတ်စကား မိန့်ကြားတော်မူခဲ့လေသည်။

(ခ) နောက်ဆုံးဘဝ သုဇာတာသူဌေးကတော် ဖြစ်ခြင်း

     ထိုအမျိုးကောင်းသမီး (=သူဌေးသမီး)သည် ကမ္ဘာတသိန်းပတ်လုံး နတ်ပြည်, လူ့ပြည်တို့၌ ကျင်လည်ကျက်စားခဲ့၍ အကျွန်ုပ်တို့၏ မြတ်စွာဘုရားရှင် ပွင့်ထွန်းတော်မမူမီကပင် ဥရုဝေလတောအုပ်အနီး သေနာနိဂုံးဝယ် သေနိယသူဌေးကြီး၏သမီး သုဇာတာဖြစ်လာ၍ အရွယ်သို့ ရောက်လတ်သော် ပညောင်ပင်တပင်၌ (ညောင်စောင့်နတ်ကို တိုင်တည်ကာ) “အကျွန်ုပ်သည် အကယ်၍ ဇာတ်တူအမျိုးအိမ်သို့ လိုက်ပါရ၍ ပဌမကိုယ်ဝန်၌ သားယောက်ျားကို ရရှိခဲ့ပါလျှင် နှစ်စဉ်နှစ်စဉ် ဗလိပူဇော်မှု ပြုပါမည်”ဟူ၍ ဆုတောင်းပတ္ထနာမှု ပြုခဲ့လေသည်။ ထိုသုဇာတာ သူဌေးသမီး၏ ထိုဆုတောင်းသည် ပြည့်ဝခဲ့လေသည်။

(သုဇာတာသည် အရွယ်ရောက်လတ်သော် ဗာရာဏသီ သူဌေးသားနှင့် အထိမ်းမြားခံရ၍ ပဌမကိုယ်ဝန်ဝယ် ယသ-သတို့သားကို ဖွားမြင်လေသည်။ ထိုအချိန်မှစ၍ မိမိဆုတောင်း ပြည့်ဝသည့်အတွက်



၂၃၉

နှစ်စဉ် နှစ်စဉ် ထိုဆုတောင်းရာ ပညောင်ပင်သို့ လာ၍ ညောင်စောင့်နတ်အား ဗလိပူဇော်မှု ပြုလေသည်။

ထိုသို့ ဗလိပူဇော်မှု ပြု၍လာခဲ့ရာ မြတ်စွာဘုရား ပွင့်တော်မူမည့် မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၌ကား အကြိမ်ပေါင်း အနည်းဆုံး ၂၀-မျှ ဗလိပူဇော်မှု ပြုပြီးဖြစ်သည်ဟု မှတ်ယူခန့်မှန်းသင့်ပေ၏။ မှန်၏- မြတ်စွာဘုရား ဘုရားဖြစ်တော်မူမည့် ထိုမဟာသက္ကရာဇ် ၁၀၃-ခုနှစ်လောက် အချိန်၌ သုဇာတာ သူဌေးကတော်၏သား ယသ-သူဌေးသားသည်ပင် အိမ်ထောင်ကျ၍ ပြာသာဒ်သုံးဆောင်၌ အလှည့်အလည် အာရုံငါးပါး ခံစားသုံးစွဲ ရှိနေလေပြီ။ ။ဤသို့ အထူးမှာတမ်းခြင်းမှာ “မြတ်စွာဘုရား ဘုရားဖြစ်မည့်နေ့၌ ဃနာနို့ဆွမ်းကပ်လှူလာသော သုဇာတာကို အရွယ်ခပ်ငယ်ငယ် သူဌေးသမီးကလေးအနေဖြင့်” ခန့်မှန်းတတ်ကြသောကြောင့် ဖြစ်သည်)။

     သုဇာတာ သူဌေးကတော်သည် မြတ်စွာဘုရားအလောင်းတော် ဒုက္ကရစရိယာ ကျင့်တော်မူ၍ ခြောက်နှစ်ပြည့်မြောက်သော မဟာသက္ကရာဇ် (၁၀၃)ခုနှစ် ကဆုန်လပြည့်နေ့ဝယ် “စောစောပင် ဗလိပူဇော်မှု ငါပြုပေအံ့”ဟူ၍ သန်းခေါင်ကျော် မိုးသောက်အချိန် ရောက်လျှင်ပင် ထ၍ နို့စားနွားမတို့ကို မိမိ၏အစေခံတို့ကို နို့ညှစ်စေလေသည်။ ထိုနေ့၌ နွားငယ်တို့သည် အမိနွားမ၏ နို့တိုင်နားသို့ (အလိုက်သိကြသည့်အလား) မလာရောက်ကြကုန်။ နို့တိုင်အနီး၌ နို့ညှစ်ခွက်ကို ဆောင်အပ်လျှင်ပင် မညှစ်ရပဲ အလိုလို သူ့ဓမ္မတာဖြင့် နို့ရည်အယဉ်တို့ သွင်သွင်ယိုစီး၍ ကျလာကုန်၏။ သုဇာတာ သူဌေးကတော်သည် ထိုအံ့ဖွယ်ကို တွေ့မြင်ရ၍ ကိုယ်တိုင်ပင် နို့ရည်ကို ခံယူလျက် အိုးသစ်၌ ထည့်ပြီးလျှင် ကိုယ်တိုင်ပင် မီးမွေး၍ ဃနာနို့ဆွမ်းကို စတင် ကျိုချက်လေ၏။

     ထိုဃနာနို့ဆွမ်းကို ကျိုချက်အပ်သည်ရှိသော် အလွန့်အလွန် ကြီးကုန် ကြီးကုန်သော အမြှုပ်များ ထပေါ်၍ လက်ျာရစ်လှည့်ကြကာ အိုးအတွင်း၌သာ လည်၍နေကုန်၏၊ အမြှုပ်တပေါက်မျှ အပြင်သို့ မထွက်ကျချေ။ မဟာဗြဟ္မာကြီးသည် ဗြဟ္မာထီးဖြူကို ဆောင်းမိုးလျက်, လောကပါလနတ်မင်းကြီး လေးဦးတို့သည်



၂၄၀

သန်လျက်ကိုယ်စီ စွဲကိုင်ကြကာ စောင့်ရှောက်ကုန်လျက်, သိကြားမင်းသည် မီးစများကိုညှိကာ မီးကိုမှုတ် လျက်, နတ်တို့သည် လေးကျွန်းတို့၌ရှိသည့် ဩဇာကို စုယူကြကာ နို့ဃနာအိုးအတွင်း ထည့်ကြကုန်လျက် ဤဆိုအပ်ပြီး နည်းအတိုင်း ဝေယျာဝစ္စကို ရွက်ဆောင်ကြလေသည်။

     သုဇာတာ သူဌေးကတော်သည် တနေ့တည်းမှာပင် ဤအံ့ဖွယ်တို့ကို တွေ့မြင်ရ၍ ပုဏ္ဏာကျွန်မကို ခေါ်ပြီးလျှင် “အမိပုဏ္ဏာ.. ယနေ့ ငါတို့၏ ညောင်စောင့်နတ်သည် အလွန်လျှင် စိတ်ကြည်ပုံရ၏၊ ငါသည် ဤမျှကာလကြာအောင် ဤသို့သော အံ့ဖွယ်များကို ရှေးအခါက တကြိမ်မျှ မမြင်အပ်စဘူးပါ၊ လျင်မြန်စွာသွား၍ နတ်မင်း၏နေရာ ညောင်ပင်ကို သုတ်သင်ပါလော့”ဟု ပြောဆိုလွှတ်လိုက်လေ၏။ ပုဏ္ဏာကျွန်မသည် “ကောင်းပါပြီ အရှင်မ..”ဟု သူဌေးကတော်၏ စကားကို ဝန်ခံ၍ ဆောဆောလျင်လျင် ပညောင်ပင်ရင်းသို့ သွားရောက်လေ၏။

     ဘုရားအလောင်းတော်သည်လည်း ဆွမ်းခံချိန်ကို ငံ့မြော်တော်မူကာ စောစောပင် သွားရောက်၍ ပညောင်ပင်ရင်း၌ ထိုင်နေတော်မူလေသည်။ ပညောင်ပင်ရင်းကို သုတ်သင်ရန်သွားသော ပုဏ္ဏာကျွန်မသည် အိမ်သို့တဖန် ပြန်လာပြီးလျှင် သုဇာတာ သူဌေးကတော်အား “အရှင်မ.. ပညောင်ပင်စောင့် နတ်မင်းသည် ကိုယ်တိုင်ဆင်း၍ ပညောင်ပင်ရင်း၌ ထိုင်နေပါသည်”ဟု တအံ့တဩ ပြောဆိုလေ၏။ သုဇာတာ သူဌေးကတော်သည် “ဟယ်ကျွန်မ.. အကယ်၍ သင်ပြောသည့်အတိုင်း မှန်ကန်လျှင် သင့်ကို ကျွန်မအဖြစ်မှ လွှတ်မည်”ဟု ပြော၍ အဆင်တန်းဆာအစုံကို ဝတ်ဆင်လျက် အဖိုးတသိန်းတန် ရွှေခွက်၌ နို့ဃနာဆွမ်းကို ခူးထည့်ပြီးနောက် အခြားရွှေခွက်တခုဖြင့် ဖုံးအုပ်ပြီးလျှင် အဝတ်ပိတ်ချောများဖြင့် ရစ်ပတ်လျက် ထက်ဝန်းကျင်မှ နံ့သာပန်းဆိုင်းများကို တွဲလျားချကာ ကိုယ်တိုင်ပင်ရွက်၍ သွားလေလျှင် ဘုရားအလောင်းတော်ကို မြင်ရ၍ အားကြီးသောပီတိကို ဖြစ်စေကာ မြင်ရာအရပ်မှစ၍ ကိုယ်ကို ညွတ်လျက်, ညွတ်လျက်



၂၄၁

သွားရောက်ပြီးလျှင် ဦးခေါင်းမှ ခွက်ကိုချ၍ ဖွင့်ပြီးသော် ရွှေခွက်နှင့်တကွ နို့ဃနာဆွမ်းကို အလောင်းတော်၏လက်၌ ဆက်ကပ်, ရှိခိုးပြီးလျှင် “အကျွန်ုပ်၏ စိတ်နှလုံးအလိုဆန္ဒ ပြည့်ဝသကဲ့သို့ အရှင်တို့၏ အလို ဆန္ဒလည်း ပြည့်ဝပါစေသတည်း”ဟု ဆုတောင်း မင်္ဂလာစကား ပြောကြား၍ ဖဲသွားလေ၏။

     ဘုရားအလောင်းတော်သည် နေရဉ္ဇရာမြစ်ကမ်းနားသို့ သွားရောက်၍ ရွှေခွက်ကို ကမ်းနား၌ ထားပြီးသော် ရေချိုးပြီး ကမ်းသို့တဖန် ပြန်တက်တော်မူ၍ လေးဆယ့်ကိုးလုပ် ပြုလုပ်ကာ နို့ဃနာဆွမ်းကို ဘုဉ်းပေးပြီးလျှင် ရွှေခွက်ကို နေရဉ္ဇရာမြစ်ကြော၌ မျှောပြီးနောက် အစဉ်သဖြင့် မဟာဗောဓိမဏ္ဍိုင်သို့ တက်ရောက် တော်မူကာ သမ္မာသမ္ဗုဒ္ဓ သုံးလောကထွတ်ထား သဗ္ဗညုဘုရားအဖြစ်သို့ ရောက်တော်မူပြီး၍ မဟာဗောဓိမဏ္ဍိုင်၏ အနီး၌ပင် သတ္တသတ္တာဟ စံနေတော်မူပြီးနောက် ဣသိပတန မိဂဒါဝုန်သို့ ကြွရောက်ပြီးလျှင် ဓမ္မစကြာတရားဦးကို ဟောတော်မူပြီးလျှင် သုဇာတာ သူဌေးကတော်၏သား ယသ-သတို့သား သူဌေးသား ၏ မဂ်ဖိုလ်ရကြောင်း ရှေးကောင်းမှု = ဥပနိဿယကို မြင်တော်မူသဖြင့် သစ်ပင်ရင်းတခုသို့ ကြွရောက်တော်မူကာ ထိုင်နေတော်မူလေ၏။

     ယသ-သူဌေးသားသည်လည်း ထိုညဉ့်၏အခြားမဲ့၌ မောင်းမဆောင်ကို မြင်ရ၍ သံဝေဂဖြစ်ရှိကာ “ဥပဒ္ဒုတံ ဝတ ဘော = အိုး.. သူရော,ကိုယ်ပါ ခပ်သိမ်းသော သတ္တဝါတို့၏ ခန္ဓာကိုယ်ဆိုး ဤဒုက္ခအိုးကြီးကို အမျိုးမျိုးသော ကိလေသာတရားတို့ ထိပါး နှိပ်စက်လှချည့်တကား၊ ဥပဿဋ္ဌံ ဝတ ဘော = အိုး.. သူရော,ကိုယ်ပါ ခပ်သိမ်းသော သတ္တဝါတို့၏ ခန္ဓာကိုယ်ဆိုး ဤဒုက္ခအိုးကြီးကို အမျိုးမျိုးသော ကိလေသာတရားတို့ ညှဉ်းပန်း နှိပ်စက်အပ်လှချည့်တကား”ဟု ညည်းတွားပြောဆိုကာ နေအိမ်မှ ထွက်ခဲ့၍ မြို့ပြင်ပ၌ မြတ်စွာဘုရားထံတော်သို့ သွားရောက်လျက် တရားဒေသနာကို ကြားနာရသောကြောင့် သောတာပတ္တိမဂ်ဖိုလ်ကို ထိုးထွင်းကာ သိမြင်ဆိုက်ရောက်လေ၏။ (အင်္ဂုတ္တရအဋ္ဌကထာ ၁၊



၂၄၂

မျက်နှာ ၃၁၀-အလို အောက်မဂ်အောက်ဖိုလ် သုံးပါးတို့ကို ထိုးထွင်းကာ သိမြင်ဆိုက်ရောက်လေ၏)။

     ထို့နောက် ယသ-၏ဖခင် သူဌေးကြီးသည် ဖဝါးခြေထပ် လိုက်ပါလတ်၍ မြတ်စွာဘုရားထံတော်သို့ သွားရောက်ပြီးလျှင် ယသသူဌေးသား၏ သတင်းကို မေးလေသည်။ မြတ်စွာဘုရားသည် ယသသူဌေးသားကို တန်ခိုးတော်ဖြင့် ဖုံးကွယ်ထား၍ ဖခင်သူဌေးကြီးအား တရားဟောတော်မူလေ၏။ ဒေသနာနိဂုံး ဆုံးလတ်သော အခါဖခင်သူဌေးကြီး သောတာပတ္တိဖိုလ်၌ တည်၍ ယသသူဌေးသား အရဟတ္တဖိုလ်သို့ ဆိုက်ရောက်လေ၏။ ထိုအခါ မြတ်စွာဘုရားသည် ယသသူဌေးသားကို ဧဟိဘိက္ခု ခေါ်တော်မူ၏။ ထိုခဏမှာပင် ယသသူဌေးသား၏အဖို့ရာ လူ၏အသွင် ကွယ်ပျောက်၍ ဣဒ္ဓိမယ သပိတ်သင်္ကန်း ပရိက္ခရာတို့ကို ဆင်မြန်းပြီးဖြစ်ကာ ယသသူဌေးသားသည် ဧဟိဘိက္ခု ရဟန်းဖြစ်လေ၏။ သူဌေးကြီးသည် မြတ်စွာဘုရားကို ဆွမ်းဘုဉ်းပေးကြွရန် ဖိတ်မန်လေသည်။ မြတ်စွာဘုရားသည် အရှင်ယသကို နောက်ပါရဟန်းပြု၍ သူဌေးကြီး၏အိမ်သို့ ကြွရောက်တော်မူလျက် ဆွမ်းဘုဉ်းပေးခြင်းကိစ္စ ပြီးစီးလတ်သော် တရားဟောတော်မူလေ၏။ ဒေသနာနိဂုံး ဆုံးလတ်သောအခါ အရှင်ယသ၏မယ်တော် သုဇာတာ သူဌေးကတော်ကြီးသည်၎င်း, အရှင်ယသ၏ လူဖြစ်စဉ်က ဇနီးဟောင်းသည်၎င်း သောတာပတ္တိဖိုလ်၌ တည်ကြလေကုန်၏။ ထိုနေ့မှာပင် သုဇာတာ သူဌေးကတော်ကြီးသည် ချွေးမနှင့် အတူတကွ တေဝါစိကသရဏဂုံ၌ တည်လေ၏။ (ဤကား အကျဉ်း သံခေပအကြောင်းအရာတည်း။ အကြောင်းအရာ အကျယ်ကို အောက် မဟာဗုဒ္ဓဝင် ဒုတိယတွဲ စာမျက်နှာ ၂၇၁-မှ ၂၇၇-တိုင်အောင်၎င်း, ၎င်း စာမျက်နှာ ၅၀၀-မှ ၅၂၇-တိုင်အောင်၎င်း ပြန်လည်ကြည့်ရှုကုန်ရာ၏)။



၂၄၃

(ဂ) ဧတဒဂ်ဘွဲ့ထူး ရရှိခြင်း

     မြတ်စွာဘုရားသည် နောက်အဖို့ဝယ် အစဉ်အတိုင်း ဥပါသိကာတို့ကို ဧတဒဂ်ရာထူး = ဌာနန္တရတို့၌ ထားတော်မူသည်ရှိသော် ဤသုဇာတာသူဌေးကတော် ဥပါသိကာကြီးကို-

“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝိကာနံ ဥပါသိကာနံ ပဌမံ သရဏံ ဂစ္ဆန္တီနံ ယဒိဒံ သုဇာတာ သေနိယဓီတာ = ရဟန်းတို့.. ရှေးဦးစွာ ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်ခြင်း = သရဏဂုံသို့ ရောက်ကြသည့် ငါဘုရား၏ တပည့်မ = သာဝိကာ ဥပါသိကာတို့တွင် သေနိယသူဌေး၏သမီး သုဇာတာသူဌေးမသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏”—

ဟု ချီးကျူး မိန့်မြွက်တော်မူကာ “ပဌမံ သရဏဂမန = ရှေးဦးစွာ သရဏဂုံခံယူသော အရာ”ဝယ် အသာဆုံး အမြတ်ဆုံး= ဧတဒဂ်ရာထူး၌ ထားတော်မူလေ၏။

ဤကား သုဇာတာသူဌေးကတော် အကြောင်းတည်း။

**********